07 August 2015

Graduation ...

၂၀၁၅ မေ ၂၄ မှာ အိုင်အိုဝါပြည်နယ် ကျွန်မ ခုလက်ရှိတက်နေတဲ့ တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် ရှိပါတယ်။ ဘွဲ့နှင်းကို သွားမတက်တော့ပါဘူး နယူးယော့ခ်ကနေ အိုင်အိုဝါပြည်နယ် မြို့တော် ဒက်စ်မွိုင်း (သို့) အိုင်အိုဝါစီးတီးမြို့အထိ လေယာဉ်ခက ၄၀၀၊ အဲဒီမြို့တွေကနေ ၁ နာရီခွဲလောက်ဝေးတဲ့ ကျောင်းအထိ ကားငှားခ၊ ဟိုတယ်ခ၊ စားစရိတ် အနည်းဆုံး ရှစ်ရာ၊ တစ်ထောင်လောက် ကုန်မယ်။ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး အဖေ၊ အမေလည်း ပါဦးမှာ။ ၃ ယောက်ဆို နှစ်ထောင့်ငါးရာလောက် ကုန်မှာ။ ဘွဲ့နှင်းတက်မယ့်အစား ခရီးတွေ သွားမှာပေါ့လို့ပြောတော့ အဖေက ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရရင် ကျေနပ်ပါပြီတဲ့။ အသိမိတ်ဆွေတစ်ယောက်ညွှန်တဲ့ မြို့ထဲက ဖိုတိုစတူဒီယိုမှာ သွားရိုက်တယ်။ အဲဒီစတူဒီယိုက ဘွဲ့သမားတွေကို အဓိကထားတဲ့ဆိုင်ဆိုတော့ ဘွဲ့ဝတ်ရုံ ရှိတယ်။ ဖလပ်ရှင်းက ဖိုတိုစတူဒီယိုက မင်္ဂလာဆောင် wedding ကို အဓိကထားတဲ့ဆိုင်ဆိုတော့ ဘွဲ့ဝတ်ရုံ မရှိဘူး။ အဲ... မိတ်ကပ်တော့ ပြင်ပေးတယ် ပြင်ပေးခ ၈၀ တဲ့။ မြို့ထဲက ဆိုင်ကကျတော့ မိတ်ကပ်မပြင်ပေးဘူး ကိုယ့်ဘာသာ လိမ်းသွားရတယ်။ ခေါင်းလျှော်ပြီးခါစဖို့ ဆံပင်တွေက ဖွာလန်ကြဲ၊ မိတ်ကပ်မပြင်တတ်တော့ မိတ်ကပ်ကမညီ။ ဆိုင်က အဖေ့ကို နက်ကတိုင်တပ်၊ ကုတ်အင်္ကျီဝတ်ပေးတယ်။ ဟိုလိုနေ၊ ဒီလိုနေနဲ့ ဓာတ်ပုံရိုက်ရတာ ပင်ပန်းလိုက်တာ။ ဒါတောင် ဓာတ်ပုံဆရာက သိပ်စိတ်ရှည်တာ။ ၂၆၀ ဖိုး ရိုက်မှ စီဒီရမှာဆိုတော့ စီဒီရချင်လို့ ၃၀၀ ဖိုး ရိုက်လိုက်တယ်။



၃ ပတ်ကြာမှရမယ်ဆိုတော့ ဘော့စတွန်ခရီးက ပြန်လာပြီးချိန်မှာ ရွေးလို့ရပေမဲ့ မနက် ၉  နာရီကနေ ညနေ ၅ နာရီအထိ တနင်္လာနေ့ကနေ သောကြာနေ့ပဲ ဖွင့်တယ်ဆိုတော့ မနက် ၈ နာရီခွဲ ရုံးတက်၊ ညနေ ၅ နာရီခွဲ ရုံးဆင်းတဲ့သူမို့ သွားယူဖို့ အခွင့်မကြုံဘူး။ ၃၄ လမ်း မြို့ထဲရုံးဆိုရင် နေ့လည်ထမင်းစားချိန်မှာ သွားယူလို့ရပေမယ့် နယူးဂျာဆီပြည်နယ် နူဝါ့ခ် Newark မြို့က ကလိုင်းရင့်ရုံးကို ရုံးတက်ရတော့ အဖေတို့ ပြန်သွားတဲ့ ဇူလှိုင် ၁၉  အထိ ဓာတ်ပုံက မရသေးဘူး။ ဇူလှိုင် ၃၁ မှာ ဝေါထရိတ်စင်တာ တဖက်ကမ်း နယူးဂျာဆီပြည်နယ် Exchange Place ကို ပြောင်းတဲ့နေ့မို့ ကွန်ပျူတာကို ညနေ ၃ နာရီ မတိုင်ခင်ပိတ်၊ Mover သမားတွေက ပစ္စည်းလာသိမ်းတာမို့ ရုံးစောစောဆင်းပြီးတော့ ဓာတ်ပုံသွားရွေးဖြစ်တယ်။ နှစ်ပုံလောက်ပဲ ကြိုက်တယ် ၃၀၀ ပလုံ : (  ။ အဖေက ရယ်နေတာနဲ့မတူဘဲ သွားဖြဲပြနေတာနဲ့တူတယ်။ ဟမ်မလေး.... ခုမှ သေသေချာချာ ကြည့်မိတယ် အမေ့မျက်ခုံးမွှေးက မည်းလှချည်လား။ အမေက မည်းမည်းကြီးဖြစ်အောင် ဆွဲတာလား၊ ဓာတ်ပုံဆရာကပဲ ဆွဲထည့်လိုက်တာလား ဘယ်သူ့လက်ချက်လဲ မသိတော့ဘူး။ ကျွန်မနှုတ်ခမ်းကိုလည်း နီညိုရောင် ဆွဲပေးထားတယ်။ ဝက်ခြံဖုတွေရှိနေတဲ့ မျက်နှာကိုတော့ ညက်နေအောင် ပြင်ပေးထားတယ်။ ပါးကို သွယ်လျနေအောင် bronze လုပ်ထားတယ်။ ကိုယ့်ဘာသာ ရိုက်ရင်တောင်မှ ဒီထက် လှမယ်ထင်တယ်။ ၂၀၀၉  စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းက ဘာလို့စတူဒီယိုမှာ သွားရိုက်ဖို့ အိုင်ဒီယာမရခဲ့ပါလိမ့်။


Graduation 2015, Master of Computer Science
Maharishi University of Management, Iowa
Credit to Craig Shaw
Credit to Craig Shaw

ကမ္ဘာ့အဆင့် ၂၄ရှိတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်လို ကျွန်မ ဂုဏ်ယူတဲ့ တက္ကသိုလ်မဟုတ်ပေမယ့် ၃ နှစ်ခွဲ ၄ နှစ်လောက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှ ဒီကွန်ပျူတာသိပ္ဗံ မဟာဘွဲ့ရတာကို ကျွန်မ ဂုဏ်ယူမိပါတယ်။ သူများတွေက ၂ နှစ်ခွဲ ၃ နှစ်လောက်နဲ့ ဘွဲ့ရပေမဲ့ ကျွန်မက ဗီဇာအဆင်မပြေလို့ ၄ ဘာသာထပ်ယူပြီး ၁ နှစ်ထပ်တက်တာ ၃ နှစ်ခွဲ ၄ နှစ်လောက်မှ မဟာဘွဲ့ရတယ်။ ဒီဘွဲ့ကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ ကျောင်းက အမေရိကန်စာတွေ မစားနိုင်လို့ ခေါက်ဆွဲပြုတ်စား၊ ပိုက်ဆံမရှိ ဘူဖေး စားချင်တိုင်း မစားနိုင်လို့ မက်ဒေါနယ်ဆိုင်က မက်ချစ်ကင်းစား၊ နေ့တိုင်း မနက် ၁ နာရီအထိ Homework ၊ Assignment  တွေလုပ်၊ ကျောင်းတက်နေတဲ့ တစ်နှစ်က အင်မတန် ပင်ပန်းဆင်းရဲတာ။ ၂၀၁၁၊ ၂၀၁၂ တုန်းက ရေးခဲ့တဲ့ပို့စ်တွေကို ဖတ်ခဲ့ဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်။ အင်တန်းရှစ်အတွက် အလုပ်ရှာတော့ အိုဟိုင်းရိုး၊ မေရီလန်းပြည်နယ်တွေကိုပြောင်း၊ လေးအော့ဖ်ဖြစ်ရင် စိတ်ဓာတ်ကျ၊ ဒါတောင် အဖေနဲ့မကြီးက ပိုက်ဆံကိစ္စ လုံးဝစိတ်မပူနဲ့တဲ့၊ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့လို သူငယ်ချင်းကောင်းတွေ ရှိလို့ ခံသာတာပါ။ အလုပ်အချိန်ပြည့်လုပ် တပတ်တခါ အဆိုင်းမင့်တင်၊ တလခွဲတခါ စာမေးပွဲရက် နီးလာရင် စိတ်ဖိစီး၊ အလုပ်ပင်ပန်းလို့ စာမကြည့်နိုင်ရင် စိတ်ဖိစီး၊ လေးအော့ဖ်ဖြစ်ရင် စိတ်ဖိစီးနဲ့ အတော်ဖိစီးတယ်။


Post Graduate Dip in System Analysis, SA 29
National University of Management
Credit to ISS
SA 29 Graduation 09/02/2009
Institute of System Science, NUS
Credit to ISS
credit to ISS

ကျွန်မက မိုင်းဖန်လို အေရတဲ့ကျောင်းသား၊ စာတော်တဲ့ကျောင်းသားတော့ မဟုတ်ပါဘူး။ တချို့ဘာသာတွေမှာ အေ၊ တချို့ဘာသာတွေမှာ ဘီပလပ်၊ တချို့ဘာသာတွေမှာ ဘီမိုင်းနပ်၊ တချို့ဘာသာတွေမှာ NC လို့ခေါ်တဲ့ ဘာခရက်စ်ဒစ်မှ မရတာ ရှိသေးတယ်။ ညဏ်မကောင်းလို့ သူများထက် နှစ်ဆကြိုးစားရတယ်။ အဖေ၊ မကြီးတို့ ခင်းပေးတဲ့လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်လာတဲ့သူ ယူအက်စ်ရောက်မှ ကိုယ့်လမ်းကိုယ်ဖောက်ရတာ ပင်ပန်းလိုက်တာ။ မြန်မာဆိုတာ တစ်ယောက်မှမရှိတဲ့ အရပ်မှာနေရတာ အပေါင်းအသင်း သူငယ်ချင်းမရှိ၊ မချက်မပြုတ်တတ်တော့ အစားအသောက်ဆင်းရဲနဲ့ ယူအက်စ်မှာ ကြုံရတဲ့ဒုက္ခတွေက အများသား။ စင်္ကာပူမှာနေတုန်းက ဘာအခက်အခဲမှ မရှိဘူး ရန်ကုန်လို့တောင် ခံစားမိတယ်။ စင်္ကာပူကျောင်းတုန်းက ကျောင်းပြီးတာနဲ့ ချက်ချင်းဘွဲ့ယူ ကျောင်းအကြွေးကို တဖြည်းဖြည်းခြင်းဆပ် အတိုးနှုန်းကလည်း အင်မတန် နည်းတယ်။ ယူအက်စ်ကျောင်းက ပရိုက်ဗိတ်ကျောင်းမို့လို့ သတ်မှတ်ထားတဲ့ ခရက်ဒစ်မပြည့်ရင်၊ ကျောင်းအကြွေးကို အပြီးမဆပ်နိုင်သေးရင် ဘွဲ့ယူလို့ မရဘူး။ ကျောင်းအကြွေး အတိုးနှုန်းက များတယ်။

SA 29 Graduation
National University of Singapore


ကျောင်းရဲ့ တကယ့်ဘွဲ့ဝတ်စုံက အရောင်က အဖြူရောင် အဖေက မလှဘူး အနက်ရောင်နဲ့ရိုက်တဲ့။ အသိအစ်မတစ်ယောက်က ကျွန်မကို သူ့လိုပဲ ပီအိတ်ချ်ဒီဒေါက်တာဘွဲ့ ရစေချင်တယ်တဲ့။ နိုး...နိုး...နိုး  ကျောင်း ၃ နှစ်ခွဲ တက်ခဲ့ရလို့ ကျောင်းကို တော်တော်လေး စိတ်ကုန်နေပြီ။ ပီအိတ်ချ်ဒီတက်လို့ လစာပိုကောင်းတယ် ဆိုရင်တော့ တက်ဖြစ်မလားဘဲ။ လူးပက်စ်ဖြစ်နေတော့ စိတ်ဖိစီးလို့ မဖြစ်ပေဘူး။ ကျောင်းတက်တယ်ဆိုတာ အနည်းနဲ့အများတော့ စိတ်ဖိစီးတာကိုး။ ပီအိတ်ချ်ဒီကတော့ တက်ဖြစ်ချင်လည်း တက်ဖြစ်မယ် လုံးဝမတက်တာလည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ ခုလောလောဆယ် break လိုနေတယ်။ ၂၀၀၉  စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းက ဓာတ်ပုံတွေရယ်၊ ၂၀၀၅ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ဂုဏ်ထူးတန်းဘွဲ့ယူတုန်းက ဓာတ်ပုံတွေကိုပါ အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ အဲဒီတက္ကသိုလ်နှစ်ခုမှာ ကျောင်းတက်တုန်းက အချိန်တွေ၊ သူငယ်ချင်းတွေကို သတိရမိတယ်။

စန်းထွန်း
သြဂုတ် ၇၊ ၂၀၁၅။

Master of Computer Science (Hons)
University of Computer Studies, Yangon 05/05/2005

01 August 2015

ယူအက်စ်သွား တောလား - ၂

ဇွန် ၁၈ ကနေ ၂၀ ထိ  ဖီလာဒဲဖီးယား၊ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန် ၂ ညအိပ် ၃ ရက်ခရီး စတင်ပါတယ်။ မနက် ၇ နာရီ ဖလပ်ရှင်းစုရပ်မှာ သွားစောင့်၊ တရုတ်တန်းဆီ ကြိုပို့လုပ်ပေးတဲ့ ဖယ်ရီကားကိုစီး၊ မနက် ၈ နာရီသာသာမှာ တရုတ်တန်းကနေ စထွက်ပါတယ်။ ကျွန်မဘေးနားမှာ ထိုင်ရတာက အိန္ဒိယအစ်မကြီး၊ ကျွန်မတို့နောက်မှာက သူ့အမျိုးသားနဲ့ ဆယ်ကျော်သက်အရွယ် သူ့သမီး။ မက်ဟက်တန်ကနေ ဟော်လန်တန်နယ် မြေအောက်လှိုဏ်ခေါင်းကို ဖြတ်ပြီးရင် ဂျာစီစီးတီး နယူးဂျာဆီပြည်နယ်ကို ရောက်ပါတယ်။ ဟော်လန်တန်နယ်ဟာ ဟတ်ဆန်မြစ်အောက်ကနေ ကားတွေအတွက် ဖောက်လုပ်ထားတဲ့ အစောဆုံး မြေအောက်လှိုဏ်ခေါင်း နှစ်ခုထဲက တစ်ခုဖြစ်ပြီး နောက်တစ်ခုက လင်ကွန်းတန်နယ်ပါ။ ဟော်လန်တန်နယ်ဆိုလို့ နယ်သာလန်၊ ဟော်လန်နိုင်ငံကို အစွဲပြုပြီး အမည်ပေးထားလို့ ထင်ရင် မှားပါတယ်တဲ့။ ပရောဂျက်ရဲ့ အင်ဂျင်နီယာချုပ် ကလစ်ဖို့ဟော်လန်ကို အစွဲပြုပြီး အမည်ပေးထားတာပါတဲ့။  ၁၉၂၀ မှာ စတင်ပြီး ၁၉၂၇ မှာ တန်နယ် ဆောက်လုပ်ပြီးစီးခဲ့ပေမဲ့ အင်ဂျင်နီယာချုပ် ကလစ်ဖို့ဟော်လန်က တန်နယ်မပြီးဆုံးခင်မှာ သေဆုံးသွားတာမို့ တန်နယ်ဒီဇိုင်နာ အိုလေးစင်စတဒ်က အဆုံးသတ်ခဲ့ရတယ်။ အဆောက်အဦး ၄ ခုကနေ ပန်ကာ ၈၄ ခုနဲ့လေဝင်လေထွက်ကောင်းအောင် တည်ဆောက်ထားတာမို့ လှိုဏ်ခေါင်းထဲမှာပေမဲ့ လေဝင်လေထွက်ကောင်းတယ်။ တန်နယ်တွေမှာ လေဝင်လေထွက်က အရေးကြီးပါတယ် ကားတွေဆီကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ရှုရှိုက်ပြီး အသက်ဆုံးရှုံးနိုင်တာကိုး။

Philadephia Independence Hall 

နယူးဂျာဆီပြည်နယ်ရဲ့ နာမည်ပြောင်က Garden State ၊ နယူးယောက်ပြည်နယ်ရဲ့ နာမည်ပြောင်က အင်ပါယာစတိတ်တဲ့။ နယူးဂျာဆီပြည်နယ်ရဲ့ ထူးခြားချက်က ဓာတ်ဆီဈေး အင်မတန် သက်သာတယ်။ ဒါကြောင့် ဟော်လန်တန်နယ်ကအထွက်မှာ ဓာတ်ဆီဆိုင်မှ အများကြီးပဲ။ အိမ်ငှားခလည်း သက်သာတယ်၊ တက်စ်လည်း နယူးယောက်ထက် နည်းတယ်။ အစက နယူးဂျာဆီမှာ နေမလား စဉ်းစားသေးတယ် ဟော်လန်တန်နယ်၊ လင်ကွန်းတန်နယ်၊ မြေအောက်လှိုက်ခေါင်းမှာ တခုခုဖြစ်ရင်၊ ဂျော့ဝါရှင်တန်တံတားမှာ တစ်ခုခုဖြစ်ရင် စောင့်ပေတော့ တမေ့တမော ထိုင်ငိုချင်လောက်တယ်။ နှင်းမုန်တိုင်းတိုက်လို့ နယူးဂျာဆီပြည်နယ်မှာ ရထား၊ ကားမထွက်ပေမဲ့ နယူးယောက်မှာတော့ မြေအောက်ရထားတွေ ထွက်တယ် ဒီလေးနောက်ကျတာတော့ ဖြစ်တာပေါ့။ နယူးယောက်က မြေအောက်ရထားတွေက ၂၄ နာရီ ရှိတယ်။ နယူးဂျာဆီမှာ ခရီးသည်တွေ တက်ကြပြီးတဲ့အခါမှာ တိုးဂိုက်က မိတ်ဆက်ပါတယ်။ တိုးဂိုက်နာမည်က ဟယ်လင်တဲ့ ပိန်ပိန်ရှည်ရှည် တရုတ်မ၊ နောက်တိုးဂိုက်နာမည်ကို မမှတ်မိတော့ဘူး ပုပုသေးသေး ပြုံးပြနှုတ်ဆက်ပြီး သဘောမနောကောင်းတဲ့ တရုတ်မလေး။ ထုံးစံအတိုင်း တရုတ်များတယ်၊ အိန္ဒိယတွေက ၁၀ ယောက်လောက် ရှိတယ်။ နယူးယောက်ကနေ တောင်ဖက်စူးစူး ၂ နာရီ မိုင် ၁၀၀ မောင်းပြီးတော့ ဖီလာဒဲဖီးယားကို ရောက်ပါတယ်။ ရာသီဥတုက ကောင်းကင်တခုလုံး မှောင်မည်းနေပြီး မိုးတဖြောက်ဖြောက် ရွာနေတယ်။

US Capitol

ဟိုဟာက လွတ်လပ်ရေးအဆောက်အဦး၊ ဟိုဟာက လွတ်လပ်ရေးခေါင်းလောင်း ဓာတ်ပုံရိုက်ကြနော်၊ နေ့လည်စာစားထား၊ နောက်တနာရီခွဲကြရင် ခုရပ်တဲ့နေရာမှာ ပြန်ဆုံမယ်တဲ့။ ခေါင်းလောင်းကိုဝင်ကြည့်ဖို့က လက်မှတ်ဝယ်ရမှာ ကြည့် ကျူတန်းကြီးက အရှည်ကြီးတဲ့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်။ မိုးရွာနေလို့ ဓာတ်ပုံရိုက်ပြီးတာနဲ့ food court ဆီ ပြေးကြတော့တယ်။ ဘူဖေးစတိုင် ကြိုက်တာယူ အလေးချိန်နဲ့ ကျသလောက်ရှင်းတဲ့ တရုတ်ဘူဖေးဆိုင်မှာပဲ စားဖြစ်တယ်။ မနှစ်က ဖီလာဒဲဖီးယား နေ့ချင်းပြန်ခရီး သွားလည်တုန်းကလည်း စားတာ အဲဒီဆိုင်ပဲ။ ရုံးက ပတ်ထရီရှာက ဖီလီချီစ်စတိတ် Philly Cheese Steak စားဖြစ်အောင်စားခဲ့လို့ မှာပေမဲ့ အေးရှန်းစာ ပိုကြိုက်တော့ တရုတ်စာပဲ စားဖြစ်တယ်။ ဖီလာဒဲဖီးယားဆိုတာ ဂရိဘာသာစကားနဲ့ Brotherly Love လို့ အဓိပ္ဗာယ်ရပါသတဲ့။ ဖီလာဒဲဖီးယားမှာ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးကြေငြာစာတမ်းကို လက်မှတ်ရေးထိုးတဲ့မြို့မို့လို့အမေရိကန်သမိုင်းမှာ အရေးပါတဲ့မြို့၊ လွတ်လပ်ရေးမြို့ ဆိုပါတော့။ လွတ်လပ်ရေးကြေငြာစာတမ်း ဖတ်ပြီးတော့ တီးခတ်ကြတဲ့ ခေါင်းလောင်းတွေထဲက တစ်ခုကို လွတ်လပ်ရေးခေါင်းလောင်းအဖြစ် ပြတိုက်မှာ ပြသထားပါတယ်။ မနှစ်က ဖီလာဒဲဖီးယား တောလားတုန်းက ပထမဆုံး အမေရိကန်အလံ ပြုလုပ်ခဲ့တဲ့အိမ်ကို ရောက်ခဲ့သေးတယ်။ ပထမဆုံး အမေရိကန်အလံမှာ ဗြိတိသျှတွေက ခွဲထွက်ပြီး လွတ်လပ်ရေးကြေငြာတဲ့ ပြည်နယ် ၁၃ ကို ကိုယ်စားပြုတဲ့ ကြယ် ၁၃ လုံး၊  အဖြူအနီ ၁၃ လိုင်း ရှိပါတယ်။


National Museum of the American Indian

အခုလက်ရှိ အမေရိကန်အလံမှာ ပြည်နယ် ၅၀ ကို ကိုယ်စားပြုပြီး ကြယ်အလုံး ၅၀ ရှိတယ်။ ဒီနေ့ပဲ  Rocky ၊ Rambo ရုပ်ရှင်တွေရဲ့ သရုပ်ဆောင် စတာလုန်း အကြောင်း ကျွန်မ နှစ်သက်တဲ့ အေဘီစီသတင်းဋ္ဌာရဲ့ GMA (Good Morning America) အစီအစဉ်မှာ တွေ့လိုက်ရတယ်။ စတားလုံးဟာ အသက် ၇၀ ရှိပါပြီတဲ့။ ဖီလာဒဲဖီးယား အနုပညာပြတိုက်ရှေ့က လှေကားထစ် ၄၇ ထပ်ကို ပြေးတက်ပြီး လက်နှစ်ဖက်ကို ကာယဗလမောင်တွေလို မြှောက်ပြတဲ့ စတားလုန်းရဲ့ ရော့ကီစတိုင်နဲ့ဖီလာဒဲဖီးယား အနုပညာပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်လေ့ ရှိကြတယ်။ ဖီလာဒဲဖီးယား အနုပညာပြတိုက်ဘေးနားမှာ စတားလုန်းရဲ့ ရော့ကီရုပ်ထု ရှိပါတယ်။ ဖီလာဒဲဖီးယားမှာ Elfreth's Alley လို့ အမည်တွင်တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ပြီဖြစ်တဲ့ ယူအက်စ်မှာ သက်တမ်းအရှည်ဆုံးလမ်းလေး ရှိပါတယ်။ ဗြိတိသျှက ပြောင်းရွှေ့လာတဲ့သူတွေ နေထိုင်ခဲ့ကြတဲ့အိမ်တွေမို့လို့ လန်ဒန်က အိမ်တွေနဲ့ တပုံစံတည်း လန်ဒန်ကို ရောက်နေတယ်လို့ ထင်ရတယ်။ ထုံးစံအတိုင်း တိုးရစ်တွေ လာကြည့်ကြတဲ့ လမ်းဆိုပါတော့။ ဖီလာဒဲဖီးယားရဲ့ တဖက်ကမ်း ကမ်ဒန်မြို့ Camden နယူးဂျာဆီပြည်နယ်က Adventure ရေသတ္တဝါပြတိုက်မှာ ဝေလငါး ရှိတယ် အတော်စုံတဲ့ ရေသတ္တဝါပြတိုက်လေး။ ဖီလာဒဲဖီးယားကနေ တောင်ဖက်စူးစူး ၂ နာရီခွဲ မိုင် ၁၄၀ လောက်မောင်းရင် ဝါရှင်တန်ဒီစီကို ရောက်ပါတယ်။ ဒီစီကိုရောက်တော့ နေက ခြစ်ခြစ်တောက် ပူနေတယ်။

National Air & Space Museum
National Air & Space Museum

နယူးယောက်ကို မြို့တော်လုပ်ဖို့ စဉ်းစားခဲ့ကြပေမဲ့ ဗြိတိသျှရေတပ်မတော်ကို ကြောက်လို့ မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယား ပြည်နယ်တွေကနေ မြေတွေနည်းနည်းစီဖဲ့ပြီး ဝါရှင်တန်ဒီစီမြို့တော် တည်ဆောက်ခဲ့ပါတယ်။ ဟိုမှာ ကယ်ပီတယ်၊ ဒီမှာက အာကာသပြတိုက်ဆိုပြီး အချိန် ၂ နာရီ လည်ဖို့ ပေးပါတယ်။ အရင်တုန်းက ကယ်ပီတယ် အမိုးခုံးခုံးကြီးကို အိမ်ဖြူတော်လို့ ထင်နေတာ နောက်မှ ကယ်ပီတယ်မှန်း သိသွားတယ်။ ဆီးနိတ်၊ ဟောက်စ်၊ လွှတ်တော်အမတ်တွေ ငြင်းကြခုန်ကြ အဲလေ ဥပဒေတွေ ပြဋ္ဌာန်းတဲ့နေရာ ဆိုပါတော့။ ဒီစီမှာ ကျွန်မအကြိုက်ဆုံးနေရာ တစ်ခု။ ဒီစီရုံးက ကယ်ပီတယ်ဘေးမှာ နေ့လည်ထမင်းသွားစားရင် ကယ်ပီတယ်နားက ဖြတ်ရတယ်၊ တခါတလေ ကယ်ပီတယ်နားက ပန်းခြံမှာ နေ့လည်စာစား၊ ကလဲယားက ခေါက်လို့ရတဲ့ စက်ဘီးယူလာရင် ကယ်ပီတယ်နောက်မှာ စက်ဘီးသွားစီးတယ်။ တော်တော်လှတဲ့ အဆောက်အဦး အပြင်တင်လှတာ မဟုတ်ဘူး အထဲမှာလည်း တော်တော်လှတယ်။ အထဲကိုဝင်ဖို့ နာရီဝက်လောက် တန်းစီရတယ် ရေဘူး၊ မုန့် အကုန်လွှင့်ပစ်တယ်။ အထဲရောက်တော့လည်း နာရီဝက်လောက် တန်းစီရတယ်။ နံရံပြည့် ပန်းချီကားချပ်တွေ၊ အသက်ဝင် ပြောင်မြောက်တဲ့ ပန်းပုရုပ်တွေအကြောင်း ကယ်ပီတယ်တိုးဂိုက်က ရှင်းပြတယ်။ ၁ နာရီလောက် တန်းစီရကျိုးနပ်တယ်။ လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံနိုင်ပါတယ်တဲ့။ ကယ်ပီတယ်က ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်နေလို့ငြမ်းတွေဆင်ထားတော့ မလှဘူး။ ကယ်ပီတယ်ကနေ မိုးနှုးမတ်ကျောက်တိုင်၊ လင်ကွန်းမန်မိုရီယမ်၊ ပတ်တိုးမတ်မြစ်အထိ နေရှင်နယ်မောလ်လို့ ခေါ်ပါတယ်။

White House

နေရှင်နယ်မောလ်တလျှောက် ဘေးတဖက်တချက်စီမှာ  ပြတိုက်တွေချည်းပဲ။ ပြတိုက်တွေက ဝင်ကြေးအခမဲ့။ ကျွန်မအကြိုက်ဆုံးကတော့ National Air & Space Museum ၊ National Museum of American History၊ National Gallery of Art ပြတိုက်တွေပါ။ ပြတိုက်တခုလုံးရဲ့ အထပ်တိုင်း အခန်းတိုင်းကို နှံ့ဖို့ဆိုရင် ၄ ၊ ၅ နာရီလောက် အချိန်ပေးရမယ်။ နေရှင်နယ်မောလ်ကိုလည်း ပြုပြင်ထိန်းသိမ်းရေး လုပ်နေတယ်။ အမေ ကယ်ပီတယ်ကို  သိလားမေးတော့ သိတယ် အမေရိကန်ဗီဇာမှာ အဲဒီ့ပုံပါတယ် သတင်းမှာလည်း အမြဲတွေ့တယ်တဲ့။ သမ္မတကျမ်းကျိန်ပွဲ၊ မာတင်လူသာကင်း ချီတက်ပွဲတွေလုပ်တာ နေရှင်နယ်မောလ်မှာပေါ့။ သမ္မတရွေးချယ်ပွဲဆိုလို့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးချယ်ပွဲကတော့ တကယ့်ကို အကျိတ်အနယ်ပဲ။ ရီဘာပလင်ကန်ဖက်က ဂျက်ဘုရှ်၊ ရွန်ပေါ၊ ခရစ်စတီး၊ Cruz ၊ Trump .... ၁၆ ယောက် ဘောလုံးတသင်းစာထက်တောင် များနေသေးတယ်။ ဒီမိုကရက်ဖက်က ဟီလာရီကလင်တန်၊ ဆန်ဒါ တကယ့်ကို ပွဲကြီးပွဲကောင်းပဲ။ ကယ်ပီတယ်ပေါ်မှာ လက်နက်ကိုင် အစောင့်တွေရှိတယ်။ ကမ္ဘာပေါ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး နေရာထဲမှာ ကယ်ပီတယ်နဲ့ အိမ်ဖြူတော်ပါတယ်။ အမေရိကန်အင်ဒီးယန်းပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်ကြတယ် အဲဒီပြတိုက်ကို မရောက်ဖူးသေးဘူး။ နောက်တော့ အာကာသပြတိုက်ကို သွားလည်ကြတယ်။

The Monument 

၁၉၆၉  ဂျူလှိုင် အမေရိကန်အာသာယာဉ်မှုး နေးလ်အမ်းစထရောင်း လကမ္ဘာပေါ်မှာ ခြေချနိုင်တာကို အမေရိကန်တွေ သိပ်ဂုဏ်ယူတယ်။ အာကာသယာဉ်မှုးတွေ ဝတ်တဲ့ဝတ်စုံ၊ အာကာသယာဉ်တွေ၊ ဒစ်ကာဘာအာကာသယာဉ်၊ အာကာသစခန်းအကြောင်း၊ ဝှိုက်ညီနောင်ရဲ့ ပထမဆုံးလေယာဉ်ကနေ ဒုတိယကမ္ဘာစစ်အတွင်းမှာ သုံးခဲ့တဲ့လေယာဉ်တွေနဲ့ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ညနေ ၄ နာရီ ထိုးခါနီးပြီမို့ ပြတိုက်ရှေ့မှာ တိုးကားကို သွားစောင့်တော့ မတွေ့ဘူး။ ဟိုနားရှာကြည့်လိုက်၊ ဒီနားရှာကြည့်လိုက်နဲ့ တိုးကား အစအနကို မမြင်ရဘူး တိုးကားများ နောက်ကျနေတာလား။ တိုးဂိုက်ဟယ်လင်က ဖုန်းဆက်လာတယ် ဘယ်မှာလဲ ပြတိုက်ရှေ့မှာ တိုးကားကို စောင့်နေတာ သူတို့လည်း ပြတိုက်ရှေ့မှာပဲတဲ့ ချပေးခဲ့တဲ့ နေရာမှာလေ ပြတိုက်ရှေ့နားမှာပဲ ချပေးခဲ့တာ ဒါပေမဲ့ ဒီနေရာတော့ မဟုတ်ဘူး။ ငါးမိနစ်လောက် စောင့်ပေးလို့ရမလား မရဘူး တက္ကစီငှားပြီး နောက်တနေရာကို လိုက်ခဲ့တော့။ တက္ကစီပေါ် ရောက်နေပြီ လိပ်စာကို မက်ဆေ့စ်ပို့ပေးပါ။ ကားဆရာကိုပြတော့ ခရူသင်္ဘောတွေ ရှိတဲ့နေရာ နှစ်ခုရှိတယ် သူသိတယ်တဲ့။ သူလည်း တိုးဂိုက်လုပ်ဖူးပါတယ် ဧည့်သည်တွေကို စောင့်ရမှာပေါ့တဲ့ ကားဆရာက အမည်း။ ဂူဂယ်မတ်မှာ ကားက သွားရမဲ့နေရာနဲ့ ပြောင်းပြန်ကြီး သွားနေလို့ ကားဆရာကိုမေးတော့ ကလေးမ ငါသိပါတယ်တဲ့ နေရာလည်းရောက်ရော သင်္ဘောနဲ့တူတာတောင် မတွေ့ဘူး။ ဂူဂယ်မတ်အတိုင်း မောင်းပေးလို့ မရဘူးလား ငါသိတယ် ကလေးမ ငါ ပင်ပန်းနေတယ် သင်္ဘောထွက်ချိန်က ဘယ်အချိန်လဲ ၄ နာရီခွဲ။ မှီအောင် မောင်းပေးမယ် တိုးဂိုက်က မရောက်သေးဘူးလားလို့ ဖုန်းဆက်လာတယ်။

Lincoln Memorial
ဒီပုံကတော့ wide angle lens နဲ့ ရိုက်ထားတာပါ... ဒါကြောင့် မြင်ကွင်းကျယ်ကျယ် မြင်ရတယ်..
Lincoln Memorial
ဒီပုံကတော့ အိုင်ပတ်နဲ့ ရိုက်ထားတာ
ဟိုမှာ ကျွန်မတို့ တိုးအဖွဲ့ မြင်ရပေမဲ့ တဖက်လမ်းမှာ ဒီလမ်းက တလမ်းမောင်းလမ်း ဟိုဖက်ကို တမျှော်တခေါ်ကြီး မောင်းပြီးမှ ရောက်မှာ စိတ်မပူနဲ့ ကလေးမ မှီအောင် မောင်းပေးမယ်။ ၄ နာရီ မိနစ် ၂၀ ရှိနေပြီ မှီပါ့မလား ကားဆရာက သူလည်း မသေချာဘဲနဲ့ ဂူဂယ်မတ်အတိုင်း မောင်းပေးပါဆိုတော့လည်း ပင်ပန်းနေတယ်လေး ဘာလေးနဲ့ တော်တော်ဆိုးတဲ့ ကားဆရာ။ ၄ နာရီခွဲ အတိမှာပဲ သင်္ဘောဆိပ်ကို ရောက်တယ် တိုးဂိုက်ဆီက လက်မှတ်ယူ သင်္ဘောပေါ်တက်တာနဲ့ စထွက်တယ် ကျွန်မတို့ကို စောင့်နေတာကိုး။ သင်္ဘောအပြင်ဖက်တန်းမှာ ထိုင်နေရာကနေ မိုးဖွဲဖွဲလေး ရွာလာလို့အထဲကို ဝင်ထိုင်တာ မှန်သွားတယ်။ နောက် မိုးသည်းလာလို့ လူတွေအားလုံး အတွင်းထဲ ဝင်လာတယ်။ ရာသီဥတုသာ ကောင်းမယ်ဆိုရင် ပတ်တိုးမတ်မြစ်အတိုင်း စုန်ဆင်းတဲ့ ခရူစ်သင်္ဘောခရီးစဉ်က အင်မတန် သာယာမှာ ခုတော့ မိုးက သည်းသည်းမည်းမည်း ရွာနေလို့ ဘာမှမမြင်ရဘူး။ ဟိုဟာက ပတ်တဂွန်၊ ဟိုဟာက ရိုနယ်ရီဂွန်လေဆိပ်လို့ပဲ အဖေတို့ကို ပြလိုက်တယ်။ ပြီးတော့ အိမ်ဖြူတော်ရှေ့သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ အိမ်ဖြူတော်ဆိုလို့ အကြီးကြီးထင်နေတာ ကိုယ်တို့အိမ်ထက်တောင် သေးလှချည်လားလို့ တချို့တရုတ်တွေက ပြောကြတယ်တဲ့။ ကိုရီးယားမှာတော့ အိမ်ပြာတော်တဲ့။ နောက်တော့ လင်ကွန်းမန်မိုရီယမ်ဆီ သွားကြတယ် ဒီတခါတော့ ကားရပ်ပေးတဲ့နေရာကို အသေအချာ မှတ်ထားတယ်။ အမေက သမီး တိုးဂိုက်က မစောင့်တာလား မဟုတ်ဘူးအမေ သမီးက ကားရပ်ထားတဲ့နေရာကို မမှတ်မိတာ တိုးဂိုက်အမှားမဟုတ်ဘူး သမီးအမှား။

မိုးနှုမတ်ကျောက်တိုင်နဲ့ ကယ်ပီတယ်ကို လင်ကွန်းမန်မိုရီယမ်ရှေ့မှ မြင်ရစဉ်

လင်ကွန်းမန်မိုရီယမ်ရောက်တော့ မတက်တော့ဘူး အောက်ကနေပဲ ဓာတ်ပုံရိုက်တော့တယ်။ လူမည်းတွေ မဲပေးခွင့်ရအောင် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းရဲ့ နာမည်ကျော် I have a dream မိန့်ခွန့်ကို လင်ကွန်းမန်မိုရီယမ်ကနေ နေရှင်နယ်မောလ်အပြည့်ဖြစ်နေတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။ "I have a dream" လို့ ကျောက်ပြားမှာ ထွင်းထားတယ်။ လင်ကွန်းမန်မိုရီယမ်ကနေကြည့်ရင် မိုးနှုးမတ်ကျောက်တိုင်၊ ကယ်ပီတယ်ကို လှမ်းမြင်ရတယ်။ တိုးဂိုက်က ဒီစီမှာ သူ့အကြိုက်ဆုံးနေရာက လင်ကွန်းမန်မိုရီယမ်၊ ဆူနမ်က ဒုတိယကမ္ဘာစစ်မန်မိုရီယမ်တဲ့ ကျွန်မကတော့ ကယ်ပီတယ်လို့ ရွေးမိမှာ အသေအချာပဲ။ တနာရီလောက် မောင်းပြီးတော့ ညနေစာစားဖို့ တရုတ်ဘူဖေးဆိုင်ကို သွားတယ်။ ဒီလမ်းတွေ ငါသိပါတယ်လို့ တွေးနေတာ ဆူနမ်တို့အိမ်နားက ကျွန်မတို့ သွားစားနေကျ ဘူဖေးဆိုင် ဖြစ်နေတယ်။ ည ၉  နာရီလောက်မှာ ဟိုတယ်ကို ရောက်ပါတယ်။ Standard Zoon EF - S - 18 - 135 mm Lens က လေးလို့  Wide Angle Lens EF -S - 10 - 18 mm pancake Lens နဲ့ပဲ ရိုက်ဖြစ်တယ်။ wide angle lens  နဲ့ ရိုက်တဲ့ဓာတ်ပုံတွေမှာ မြင်ကွင်းကျယ်ကျယ် မြင်ရတယ်။ ကော်နင်းမှန်ပြတိုက်၊ ဝတ်ကင်ဂလမ်းအမျိုးသားဥယျာဉ်ကို သွားရောက်လည်ပတ်တဲ့အကြောင်းကတော့ အပိုင်း ၃ အနေနဲ့ ရေးတင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁ ၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
ဖီလာဒဲပီးယားသွား တောလား 
All About DC - 1
All About DC - 2

29 July 2015

ယူအက်စ်သွား တောလား - ၁

ဇွန် ၁၅ ညသန်းခေါင် ရန်ကုန်နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ ၃ နာရီ ကြာပြီးတဲ့အခါမှာတော့ ဟောင်ကောင်လေဆိပ်ကို ဆိုက်ပါတယ်။ လမ်းမလျှောက်နိုင်လို့ မဟုတ်ဘဲ တာမင်နယ်တွေမှာ ဂိတ်ပြောင်းရတဲ့အခါ အခက်အခဲဖြစ်မှာစိုးလို့ ဝှီးချဲဆားဗစ် ယူထားတာ ဝှီးချဲသမားက ရောက်မလာသေးဘူး။ လေယာဉ်ပေါ်က မြန်မာတွေကို ဘယ်သွားမှာလဲလို့ မေးကြည့်တော့ နယူးယောက်ဆိုတာနဲ့ သူတို့နောက် လိုက်ခဲ့ကြတယ်။ နောက်တော့ နယူးယောက်ကိုသွားမယ့် သင်္ဘောသားအန်ကယ်ကြီးနဲ့ အသိမိတ်ဆွေဖြစ် သူကပဲ ဝိုင်ဖိုင်ချိတ်ပေးတော့ ဗိုင်ဘာကနေတဆင့် စကားပြောပြီးမှပဲ စိတ်အေးသွားတော့တယ်။ အဖေက နိုင်ငံခြားတိုင်းပြည်တွေကို သွားနေတာပဲ သမီးရယ် စိတ်မပူပါနဲ့တဲ့။ အရှေ့တောင်အာရှဖက်က နိုင်ငံတွေကို အဖေတို့က ကျွန်မထက်တောင် ရောက်ဖူးသေးတယ်။ ကျွန်မက ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှား ဘာတန်ပဲ ရောက်ဖူးတယ်။ အဖေတို့က စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရောက်ဖူးတယ်။ စိတ်မပူနဲ့ ပြောပေမယ့် စိတ်ပူရတာပါပဲ။ ထမင်းနဲ့ ကြက်သားပေးပါ၊ ကျေးဇူးပြု၍ ဝိုင်ဖိုင်ချိတ်ပေးပါ၊ ရေတစ်ခွက် ပေးပါ၊ ဖောင်ဖြည့်ပေးပါ အင်္ဂလိပ်လိုတကြောင်း၊ မြန်မာလိုတကြောင်း ရေးပေးထားတဲ့ စာရွက်လေးက တော်တော်အသုံးဝင်တယ်။

ဟောင်ကောင်လေဆိပ်မှာ နယူးယောက်လေယာဉ် စောင့်ဆိုင်းနေစဉ်

ဟောင်ကောင်ကနေ နယူးယောက်ကို ၁၉  နာရီနီးပါးလောက် စီးရပါတယ်။ ကျွန်မ ယူအက်စ်ကို လာတုန်းက အိပ်လိုက်၊ သယ်လာတဲ့ စာအုပ်တွေဖတ်လိုက်၊ ဟိုဖက်လှည့်အိပ်လိုက်၊ ဒီဖက်လှည့်အိပ်လိုက်နဲ့ တင်ပါးတစ်ခြမ်းတောင် ပိန်သွားသလား မှတ်ရတယ်။ အဖေတို့ ဘယ်လိုနေလဲ မေးကြည့်တော့ ဒီလိုပဲ လမ်းလျှောက်လိုက်၊ အိပ်လိုက်၊ နိုးလိုက်ပေါ့တဲ့။ ဘေးနားက အာဖရိကန်အမေရိကန် (ဘလက်ဆိုတဲ့ စကားလုံးကို တခါတလေ သုံးနှုန်းပေမဲ့ နီးဂရိုးလို့တော့ လုံးဝမပြောရပါဘူး။ discrimination အဆင့်အတန်း ခွဲခြားရာရောက်လို့ အာဖရိကန်အမေရိကန်လို့ ခေါ်ဝေါ်ရပါတယ်) တစ်ယောက်ကို ဖောင်ဖြည့်ခိုင်းတော့ တနေရာမှာ မဖြည့်တတ်လို့ သဘော်သားအစ်ကိုကြီးကို သွားဖြည့်ခိုင်းရတယ်။ လူဝင်မှုကြီးကြပ်ရေးကောင်တာဝင်တော့ ကျွန်မရေးပေးလိုက်တဲ့ စာရွက်လေးကို ပေးလိုက်တယ်။ သမီး ဘွဲ့နှင်းသဘင်တက်ဖို့ လာတာပါ သုံးလလောက်နေချင်ပါတယ်ဆိုတဲ့ စာကြောင်းကို တွေ့လို့နဲ့ တူပါရဲ့ဘာမှမမေးဘူး ဒုန်းဆိုပြီး ၆ လ ဗီဇာ ထုပေးလိုက်တယ်။ ကျွန်မအသိမိတ်ဆွေတစ်ယောက်မှာတော့ သူ့မင်္ဂလာပွဲတက်ဖို့ သူ့မိဘတွေ ရန်ကုန်ကနေ နယူးယောက်ကိုလာတာ  ကာတာမှာလား၊ ဒိုဟာမှာလား မသိ POE ဗီဇာထုပေးတာ အမေရိကန်ဗီဇာထဲကအတိုင်း ထုပေးလိုက်လို့ ၁ လပဲ ရတယ်။ အမေရိကန်မြေပေါ်မှာ မဟုတ်ဘဲ အမေရိကန်ဗီဇာ ထုတ်ပေးတဲ့နေရာ ၆ နေရာလောက် ရှိပါတယ်တဲ့။ POE ဗီဇာထုတ်ပေးပြီးပြီဆိုတော့ အမေရိကန်မြေပေါ်ရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်စရာမလိုတော့ဘူးတဲ့။

အဆင်ပြေပြေ ချောချောမွေ့မွေ့ နယူးယောက် JFK လေဆိပ်ကို ရောက်လာချိန်

ပုံမှန်ဆို အလည်ဗီဇာကို ၆ လ ထုပေးရမှာ အဲဒီလူဝင်မှုကြီးကြပ်ရေး အရာရှိက ဂဂျိုးဂကြောင်လုပ်လို့ တလပဲ ထုပေးလိုက်တယ်။ ဗီဇာရတာက ၁ လ၊ နေမှာက ၁ လခွဲဆိုတော့ အိုဗာစတေးဖြစ်မှာ စိတ်ပူပြီး အဲဒီသူငယ်ချင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ဗီဇာဆားဗစ်ရုံးကို ဖုန်းတွေဆက်၊ အီးမေးလ်တွေပို့တော့ အမေရိကန်မြေပေါ်မှာ ဗီဇာကုန်သွားလို့ ထက်တိုးထားတဲ့အချိန်မှာ ဆက်နေလို့ရပါတယ် စိတ်မပူပါနဲ့တဲ့။ စင်္ကာပူမှာနေခဲ့သူဆိုတော့ ကြိမ်ဒဏ်ပေးတဲ့ အိုဗာစတေးတော့ ကြောက်တယ်။ သူ ဝယ်တဲ့လေကြောင်းလိုင်းက Etihad တဲ့။ အဲဒီလေကြောင်းလိုင်းကို မဝယ်နဲ့တဲ့ ရီကွန်မန်း ပေးရှာတယ်။ အဲဒီသူငယ်ချင်း ပြောပြတော့မှပဲ POE ဆိုတာ ကြားဖူးသွားတော့တယ်။ အွန်လိုင်းကနေရှာတော့ ကိုရီးယန်းအဲလ် Korean Air ၊ ကသေးပစိဖိတ် Cathay Pacific တွေက ထရန်စစ်တစ်ခုတည်း ၂၀၀၀ ကျော်လောက် ပေးရတယ်။ Sun Far ကုမ္ဗဏီကို မေးကြည့်တော့ ဟောင်ကောင်ထရန်စစ် ကသေးပစိဖိတ် ၁၁၂၂  တဲ့။ ကျွန်မတို့ရှာသမျှထဲမှာ အဲဒါအသက်သာဆုံးပဲ ဇွန် ၁၅ ရက် နောက်ပိုင်းဆို လေယာဉ်လက်မှတ် သက်သာတယ်ဆိုလို့ ဇွန် ၁၅ ရက်ကို ဘွတ်ထားလို့ ဇွန် ၁၆ ရက်ကို ပြန်ပြောင်းရတယ်။ ဇွန် ၁၅ ရက် တနင်္လာနေ့က အိမ်ရှင်တွေ နားရက်ဆိုတော့ အနှောင့်အယှက် မဖြစ်စေချင်လို့။ ကျွန်မ လာတုန်းကဆို ယူနိုက်တက်အဲယားလိုင်း ၁၅၀၀ တောင် ပေးရတယ် ကျောင်းတွေဖွင့်ချိန်မို့ ဈေးကြီးတယ်။


ရော်ခါဖယ်လာစင်တာ
ရော်ခါဖယ်လာ အော့ဖ်စာဗေးရှင်းဒက်ခ်က ကြည့်ရင် အဲဒါတွေ မြင်ရတယ်

မတွေ့တာ ငါးနှစ်တောင်ရှိပြီဆိုတော့ ဝမ်းသာအားရ မျက်ရည်ဝဲမိတယ် ဝမ်းသာလို့ကျတဲ့ မျက်ရည်ဆိုပါတော့။ ပတ်စ်ပို့ကို ကြည့်လိုက်တော့ ဗီဇာ ၆ လ ရတယ်။ အိမ်ရောက်တာနဲ့ နေ့လည်စာစား၊ ဧည့်ခန်းထဲမှာ အိပ်ယာပြင်၊ အဖေတို့က အနားယူ ကျွန်မက ဆေးခန်းပြေးရတယ်။ ရေချိုးပြီးခါစ ပုဝါနဲ့ အတိုက်ကြမ်းသွားရင် ပွန်းပဲ့သွားသလိုမျိုး အနီကွက်တွေ လက်မှာပေါ်လာ၊ ညာဖက်မျက်ခုံးမွှေးမှာ အနာဖြစ်၊ ညဖက်နဖူးထောင့်နားမှာ အသားအရေတွေခြောက်ပြီး အဖတ်ဖတ်ကွာလို့ လူးပက်စ်ဆရာဝန်နဲ့ သွားပြတာ လူးပက်စ်နဲ့ မဆိုင်ဘူးတဲ့ အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ အရေပြားဆရာဝန်မက လူးပက်စ်ကြောင့် ဖြစ်တာတဲ့ လိမ်းဆေးပေးလိုက်တယ်။ ပေါင်မှာ အရေကြည်ဖုလေးတွေက chicken pox တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတဲ့။ နောက်နေ့ကျတော့ မီးလောင်ဖုလိုမျိုး ဒူးနားမှာ ပျံ့လာတယ်။ အရည်ကြည်ဖုတွေပေါက်ရင် အတော်နာမှာ။ ပိန်သွားတဲ့ ကျွန်မကိုကြည့်ပြီး အဖေတို့က စိတ်မကောင်းဖြစ်တယ်။ အရင်တုန်းက ဝဝတုတ်တုတ်လေး၊ သွက်လိုက်တာမှ ပျံနေသလားတောင် ထင်ရတယ်၊ လုပ်မယ်ကိုင်မယ် ဆိုတာချည်းပဲ၊ အကုန်စားတယ်၊ ဈေးသွားရင် ဆွဲခြင်းတောင်း၊ အလေးအပင်မှန်သမျှ ကျွန်မ အကုန်သယ်တယ်။ ခုတော့ တခြားစီ ဖြစ်သွားပြီး လူကလည်း ပိန်ညောင်နေတာပဲ အရင်တုန်းကထက် တခြမ်းသာသာ၊ လမ်းလျှောက်တာနှေးနှေး၊ အလေးအပင် မ,မနိုင်၊ ဟိုဟာမစားချင်၊ ဒီဟာမစားချင်နဲ့။


တိုင်းစကွဲယား...
တိုင်းစကွဲယား...အဲဒီတိုင်ခုံအောက်က ဘုလေးမှာ ဘရော့ဝေးလက်မှတ်တွေ ရောင်းပါတယ်

အစကတော့ ခေါက်လို့ရတဲ့မွေ့ယာ၊ လေမွေ့ယာ ဝယ်မလားမှတ်တယ်။ အဖေတို့က ဖျာနဲ့ပဲ အိပ်နေကျလူတွေဆိုတော့ မွေ့ယာနဲ့ အိပ်ပါ့မလား၊ မွေ့ယာမဝယ်နဲ့၊ comforter နဲ့ အရင်အိပ်ကြည့်ဦး၊ ကျောနာတယ်ဆိုမှ မွေ့ယာဝယ်ဆိုတဲ့ မကြီးပြောတာ မှန်တယ်။ comforter နဲ့တင် လုံလောက်ပါသတဲ့ ပထမဆုံးစရောက်တဲ့နေ့က အဖေ၊ အမေတို့ကြားမှာ ဝင်အိပ်ပြီး စကားတွေပြော၊ အတူတူအိပ်မယ်လို့ စိတ်ကူးထားတာ ကျောကနာလာတာနဲ့ ကျွန်မအခန်းထဲက ကုတင်ကို ပြန်ပြေးရတယ်။ နောက်နေ့မှာ အဖေတို့ကို ရော်ခါဖယ်လာစင်တာကို ခေါ်သွားတယ်။ ခရစ်စမတ်ချိန်ဆို ခရစ်စမတ်သစ်ပင်ကြီးရှိပြီး အမြဲကြိတ်ကြိတ် တိုးနေတတ်တဲ့ နေရာတစ်ခုပေါ့။ အခုလည်း ကြိတ်ကြိတ်တိုးနေတာပါပဲ။ ၃၄ လမ်းက Skechers မှာ အဖေ့အတွက် ဖိနပ်ဝယ်၊ အင်ပါယာစတိတ်အဆောက်အဦးနဲ့ ဓာတ်ပုံရိုက်။ မြို့လယ်ခေါင်ဆိုတော့ လူတွေများလွန်းလို့ လူမကွဲအောင် တယောက်နဲ့တယောက် ကပ်ထားလို့ မှာထားရတယ်။ စတားဘာ့ခ်ကော်ဖီဆိုင်ကိုတွေ့တော့ အဖေက စင်္ကာပူက အဲဒီဆိုင်မှာ သောက်တဲ့ဘာဘယ်တီးက သိပ်ကောင်းတာပဲဆိုလို့ စတားဘာ့ခ်မှာ ဘာဘယ်တီး မရှိပါဘူး။ ကျွန်မများ မသိတာလားဆိုပြီး ရှာကြည့်ပြီး အိုက်စ်ကော်ဖီနဲ့ လီမွန်နိတ် မှာလိုက်တယ်။ လီမွန်နိတ်က မဆိုးပေမဲ့ အိုက်စ်ကော်ဖီက ခါးလွန်းလို့ ဝဲပစ်လိုက်ရတယ်။ ကျွန်မက ခါးလွန်းတဲ့ကော်ဖီကို မကြိုက်ဘူး အက်စ်ဖရက်ဆိုသောက်ပြီးရင် ရင်တုန်တတ်လို့ ကော်ဖီခါးခါးဆို ဝေးဝေးကရှောင်ရတယ်။

တိုင်းစကွဲယား

စတားဘာ့ခ်မှာ ကျွန်မသောက်နိုင်တာက ဗီနီလာလက်တေးနဲ့ မိုကာ။ မကြီးကို မေးကြည့်တော့ စင်္ကာပူမှာ Share Tea ဆိုတာ ရှိတယ် အဖေ သိပ်ကြိုက်တာပဲတဲ့။ တိုင်းစကွဲမှာ အရုပ်တွေ ဝတ်ထားတဲ့သူတွေကို သွားမကြည့်နဲ့နော်၊ သူတို့က အတင်းလာပြီး ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရတယ်။ အပေါ်ဗလာကျင်းထားပြီး အမေရိကန်အလံ ခြယ်ထားတဲ့ ကောင်မလေးတွေတွေ့တော့ အဖေ သူတို့နဲ့ ဓာတ်ပုံရိုက်မလားမေးတော့ မရိုက်ပါဘူးတဲ့။ အဖေတို့မှာ အံ့တွေသြလို့ ဒီလိုမျိုးနဲ့ ပိုက်ဆံရှာလို့ရပါလားပေါ့။ တိုင်းစကွဲယားမှာ စုစုရုံးရုံး ကြိတ်ကြိတ်တိုးနေတဲ့ တနေရာရှိတယ်။ တီဗွီမှန်သားပြင်ကြီးရှေ့မှာ ရပ်နေတဲ့လူတွေကို တီဗွီမှာ မြင်ရတယ် အားလုံးက လက်ပြနှုတ်ဆက်ကြပြီး တီဗွီဖန်သားပြင်မှာ ကိုယ့်ပုံကိုယ်ရှာကြတယ်။ ရယ်ဒီဆိုရင် ကစ်ပေးကြ အဲဒီပုံတွေကို တီဗွီဖန်သားပြင်မှာ မြင်ရတော့ တဝါးဝါး တဟားဟားနဲ့ပေါ့။ ကျွန်မတို့တောင် ဝင်ပြီး တဝါးဝါး တဟားဟားကြသေးတယ်။ ဘရော့ဝေးစ် လက်မှတ်တွေရောင်းတဲ့ ခုံအမြင့်မှာ အနားယူပြီး တိုင်းစကွဲယားကို ငေးကြတယ်။ လူတွေတန်းစီနေကြတာ ဘာအတွက်လဲလို့မေးတော့ ဘရော့ဝေးပြဇာတ်အကြောင်း ရှင်းပြရသေးတယ်။ ဘရော့ဝေးပြဇာတ်ဆိုတာ တကယ်ဆိုတီး အင်မတန် ကြည့်လို့ကောင်း၊ နာမည်ကြီး၊ နယူးယောက်မှာပဲရှိတဲ့ အရာတစ်ခုပေါ့။ ဝိုင်းတို့ရုံးက ဒစ်စကောင့်နဲ့ The longest running broadway show in history လို့ တင်စားခံရတဲ့ The Phamton of the Opera ဘရော့ဝေးပြဇာတ် ကြည့်ဖူးတယ်။


အင်ပါယာစတိတ်အဆောက်အဦး

နေရာကတော့ မကောင်းဘူးပေါ့ အပေါ်ဆုံးထပ် နောက်ဆုံးနားမှာ။ ဝိုင်းရေ မှန်ပြောင်းတို့၊ မှန်ဘီလူးတို့ ယူလာရမယ်ထင်တာ မြင်ရသားပဲ။ ဘရော့ဝေးပြဇာတ် ကောင်းလွန်းလို့ ဒစ်စကောင့်ရရင် ဘရော့ဝေးပြဇာတ် ကြည့်ချင်တယ် ဖြစ်သွားရော။ The lion king ဆိုတာ အင်မတန် နာမည်ကြီးတယ် ဘယ်တော့မှ ဒစ်စကောင့် မချဘူး။ မိုးမျှော်တိုက်တွေကို မော်ကြည့်လိုက်၊ ဓာတ်ပုံရိုက်လိုက်၊ လူတွေကြားထဲ ကြိတ်ကြိတ်တိုးလိုက်နဲ့ နယူးယောက် ပထမဆုံး အတွေ့အကြုံက မိုးမျှော်တိုက်တွေများတယ်၊ လူတွေများတယ်၊ ရထားတွေများတယ်၊ အဲ လမ်းလည်းအတော် လျှောက်ရတယ်။ လူးပက်စ်ကြောင့် ခြေထောက်နာနေလို့ ဓာတ်ပုံရိုက်ဖို့ စိတ်မပါ၊ ကျွန်မက ကင်မရာမန်းဆိုတော့ ကျွန်မပုံတွေ သိပ်မရှိဘူး။ မကြီးက ဆဲလ်ဖီစတစ် ဝယ်ပြီးရိုက်ခိုင်းပေမဲ့ ဝယ်လာတဲ့ ဆဲလ်ဖီစတစ်က မကောင်း၊ ကျွန်မကလည်း ဆဲလ်ဖီသိပ်မကြိုက်တော့ မရိုက်ဖြစ်ဘူး။ အဖေက ခုမှအိုင်ပတ်နဲ့ ရိုက်တတ်ခါစဆိုတော့ ဓာတ်ပုံတွေက သိပ်မကောင်း။ ရှုခင်းပုံတွေရိုက်တာ နည်းသွားလို့ အဖေ၊ အမေတို့ပါတဲ့ ဓာတ်ပုံတွေပဲ တင်လိုက်ပါတယ်။ ကျွန်မမိဘတွေပုံကိုဖျောက်ပြီး နောက်ကရှုခင်းကို ကြည့်ပါနော်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝါရှင်တန်ဒီစီ၊ ဖီလာဒဲပီးယား၊ နိုင်အာဂရာသွားတောလားတွေကို ရေးတင်ခဲ့ဖူးပါတယ်။ ကျွန်မမိဘတွေနဲ့ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲပီးယား၊ နိုင်အာဂရာရေတံခွန်ဆီ သွားလည်တဲ့အကြောင်းကတော့ အပိုင်း ၂ အနေနဲ့ ရေးတင်ပါဦးမယ်။

စန်းထွန်း
ဇူလှိုင် ၂၉ ၊ ၂၀၁၅။

25 July 2015

Living with lupus - 2

ကျွန်မအတွက်တော့ လူးပက်စ်နဲ့ နေထိုင်ရတဲ့ ဘဝဟာ အင်မတန် ခက်ခဲပင်ပန်းတယ်။ ဟိုနားကကိုက် ၊ ဒီနားကနာ၊ မော,မော နေတတ်တယ်။ ည ၁၀ နာရီခွဲလောက် အိပ်မှ အိပ်ရေးဝတယ်။ လည်ချောင်းနာလို့ စားမဝင်၊ သွားဖုံးနာ၊ နှာခေါင်းပိတ်၊ မျက်ခုံးအထက်နား၊ ညာဖက်နဖူးထောင့်မှာ အသားအရေခြောက်လို့ အဖတ်အဖတ်ကွာ၊ ညဖက်ဆို အပူနည်းနည်းတက် အိုး ... ဝေဒနာတွေက စုံပလုံစိနေတာပဲ။ လက်နဲ့လည်ပင်းမှာ အနီကွက်တွေ ပေါ်လာလို့ လူးပက်စ်ဆရာဝန်နဲ့ သွားပြတာ အဲဒါ လူးပက်စ်ကြောင့် မဟုတ်ဘူး အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ တသက်လုံး မဖြစ်ဘဲနဲ့ လူးပက်စ်ဖြစ်တော့မှ ပေါ်လာတဲ့ဟာကို လူးပက်စ်ကြောင့် မဟုတ်ဘူးတဲ့။ ဆရာဝန်နဲ့ ပြိ ုင်မငြင်းချင်တော့ပါဘူး။ ရေချိုးပြီးခါစ ပုဝါနဲ့အတိုက်ကြမ်းသွားရင် အရေပြားပွန်းပဲ့သွားပြီး အနီကွက်တွေ ဖြစ်သလိုမျိုး ဖြစ်တာ။ နောက် အနီအဖုလေးတွေ လက်မှာပေါ်လာတယ်။ အသက်ကြီးကြီး ကြက်တွေရဲ့ လည်ပင်းနဲ့ တူတယ်လို့ ထင်တယ်။ အရေပြားဆရာဝန်မကို သွားပြတော့ လူးပစ်ကြောင့် ဖြစ်တာတဲ့ လိမ်းဆေးတွေ ပေးလိုက်တယ်။ ပေါင်မှာ အရေကြည်ဖုလေး ပေါက်နေတယ်လို့ ပြတော့ chicken pox တဲ့။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတဲ့။ နောက်နေ့ကျတော့ အရေကြည်ဖုတွေ အများကြီး ဒူးနားမှာလည်း ပေါ်လာတယ် ပျံ့လာတာနေမှာ။ အရေကြည်ဖုတွေက မီးလောင်ဖုတွေလိုမျိုး ကြောက်စရာကြီး တော်သေးတာပေါ့ ဆရာဝန် သွားပြလို့။



chicken pox ဆိုတာကို ဟိုတလောက အင်ဂျလီနာဂျိုလီ ရုပ်ရှင်သစ်မိတ်ဆက်ပွဲ မတက်ရောက်နိုင်တာ chicken pox ကြောင့်ဆိုပြီး ပရိတ်သတ်တွေကို တောင်းပန်တဲ့အကြောင်း သတင်းမှာ တွေ့လိုက်ဖူးတယ်။  မိဘတွေနဲ့ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲဖီးယား၊ နိုင်အာဂရာရေတံခွန်၊ ကယ်လီဖိုးနီးယားဖက်ကို ၉  ရက် သုံးပတ်လောက် ခရီးထွက်တော့ ပင်ပန်းတယ်။ ခရီးသွားနေတုန်း အစားအသောက်က ဆင်းရဲ၊ ပင်ပန်းဆိုတော့ မစားမသောက်နိုင်။ အမေက သူ့လက်တောင် ပိန်သွားတယ်လို့ပြောလို့ ကျွန်မတို့မှာ ရယ်ရလိုက်တာ။ နယူးယောက်ကို ပြန်ရောက်တော့ ပိတ်ရက်တွေဆို မက်ဟန်တန်တခွင် လိုက်ပြ၊ အလုပ်ထဲမှာလည်း ပရောဂျက်က အရေးကြီးတဲ့အပိုင်းကို ရောက်နေပြီဆိုတော့ ပင်ပန်း။ ဒါတောင် ကျွန်မမိဘတွေက အရမ်းအလိုက်သိ၊ ဘာမှပြောစရာ မလိုတဲ့သူတွေ။ ခရီးသွားတုန်းကလည်း အဖေက လက်ကေ့စ်အိတ်ထဲကို ပစ္စည်းတွေထည့် သိမ်းဆည်း၊ အမေက အထုပ်တွေသယ် အလေးမသယ်နိုင်တဲ့ ကျွန်မကို ဘာမှမသယ်ခိုင်းဘူး။ ဘော့စတွန်ဟာဘားခရူစီးတော့ နေပူထဲမှာ နာရီဝက်လောက် စောင့်ရတယ်။ အပေါ်ဆုံးထပ်မှာ ၁ နာရီလောက် ခြစ်ခြစ်တောက် နေပူထဲမှာ ထိုင်စီးတယ်။ အဖေက နေပူတယ် အောက်ထပ်ကကို ဆင်းမယ်လို့ပြောတော့ နေလား အမြဲပူနေတာ ဘယ်တုန်းက နေမပူတာ ရှိလို့လဲ အပေါ်ထပ်က ရှုခင်းလှတယ်နဲ့ ဘုတောလိုက်သေးတယ်။ ဒါတောင် လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ နေကာမျက်မှန်၊ sun screen တွေ လိမ်းထားတာ။ အမေက သမီးမျက်နှာတွေ နီနေတာပဲတဲ့။ အိမ်ကိုပြန်ရောက်ပြီး မျက်နှာသစ်လိုက်တော့ မျက်နှာတစ်ခုလုံး တွတ်တွတ်ရဲနေတာပဲ။ ရုံးက လူတွေက ခရီးသွားတုန်းက နေလောင်တာလားလို့ မေးကြတယ်။ လူးပက်စ်ကြောင့်လို့ ရှင်းပြရင် အရှည်ကြီး ရှင်းပြရမှာမို့လို့ ဟုတ်တယ် နေလောင်တာလို့ ဖြေလိုက်တော့တယ်။  




တပတ်လောက် ကြာတော့မှ အရေပြားဆရာဝန်မနဲ့ သွားပြတော့ လူးပက်စ်ကြောင့် ဖြစ်တာတဲ့။ butterfly rash လို့ ခေါ်ပါသတဲ့။ sun screen လိမ်း၊ လက်ရှည်ဝတ်၊ ဦးထုပ်၊ နေကာမျက်မှန်တပ် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အပြင်သွားတာတွေ ရှောင်ပါတဲ့။ တပတ်လောက် ဆေးသောက်၊ ဆေးလိမ်းတော့ နီတာတွေ သက်သာသွားပေမဲ့ မျက်နှာမှာ မည်းမည်းတွေ ကျန်ခဲ့တယ်။ အင်း ... အားလုံးကောင်းသွားဖို့ကတော့ တလလောက် ကြာမယ်နဲ့တူတယ်။ အီတလီနိုင်ငံဘေးက အယ်ဘေးနီးယားမှာ သုံးပတ်တာဝန် ထမ်းဆောင်ပြီးလို့ ပြန်လာတဲ့ဝိုင်းက ခွင့် ၂ ရက် ယူပြီး ဂရိတ်စမုတ်ကီတောင် သွားမယ် လိုက်မလားတဲ့။ တွတ်တွတ်ရဲနေတဲ့ ကျွန်မဓာတ်ပုံ ပြလိုက်တော့ ပိတ်ရက် ဂျော့ရေကန် သွားမယ်လေတဲ့။ ဟဲ့ ... ငါ့ လူးပက်စ် ဒီလောက်ဆိုးနေတာ ခရီးသွားမယ် သြဂုတ် လကုန်အထိ ဘယ်ခရီးမှ မသွားဘူးလို့။ ၃ လ နေမယ်ဆိုတဲ့ အဖေနဲ့အမေ ၁ လလောက်ပဲနေပြီး ဇူလှိုင် ၁၉  မှာ ပြန်သွားတော့ ဟာတာတာ ဖြစ်ကျန်ခဲ့တယ်။ လူတိုင်းက ကျွန်မမျက်နှာကို ကြည့်ကြပြီး ဘာဖြစ်တာလဲလို့ သိချင်ကြတယ်။ ခြေထောက်တွေ ယောင်ပြီးရင် မည်းပြီးကျန်ခဲ့တယ်။ လက်နဲ့လည်ပင်းမှာလည်း မည်းမည်းကွက်တွေနဲ့ အတော်ရုပ်ဆိုးတယ်။ ပိန်သွားတယ် ၆ ပေါင် ကျသွားတယ်။ ရထားတွေပြောင်းလို့ လှေကားအတက်အဆင်းတွေလုပ်ရင် မောလို့ ရေဘူးဆောင်ရတယ်။ မိန်းကလေးပီပီ ပြစ်မျိုးမှဲ့မထင် လှချင်ပေမဲ့ လူးပက်စ်ကြောင့် မလှနိုင်တော့တာ စိတ်မကောင်းစရာပဲ။ လမ်းလျှောက်နိုင်သေးတယ်၊ သဘာဝလောက အလှတွေကို ခံစားနိုင်သေးတယ်၊ ဂီတသံတွေကို နားဆင်နိုင်သေးတယ်၊ စားနိုင်သောက်နိုင်သေးတယ်၊ ဦးနှောက်က ကောင်းကောင်း အလုပ်နိုင်သေးတာကပဲ  ဝမ်းသာစရာ။



ကျန်းမာရွှင်လန်းကြပါစေ
စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၁၅။

16 June 2015

Summer Break...

ကိုယ့်မိဘတွေ ဂျွှန် ၁၆ ရက်နေ့မှာ မိုင်သောင်းချီ ခရီးနှင်လို့ ကိုယ့်ဆီကို လာပါတော့မယ်။  စတိတ်ကိုသွားမယ်လို့ ဆုံးဖြတ်လိုက်ပြီး ၂၀၁၀ ဒီဇင်ဘာမှာ ရန်ကုန်ကိုပြန်ပြီး မိဘ၊ သူငယ်ချင်းတွေကို နောက်ဆုံးနှုတ်ဆက်ခဲ့တာဆိုတော့ ကိုယ်အိမ်မပြန်တာ၊ ကိုယ်မိဘတွေနဲ့ မတွေ့ရတာ ငါးနှစ်ရှိပြီ။ ‌ချွှေတာရတဲ့ ကျောင်းသားဘဝဆိုတော့ လေယာဉ်ခ ပိုက်ဆံမတတ်နိုင်တာရော၊ မြန်မာပြည်ကိုပြန်ရင် ပြန်ဝင်ဖို့ ဗီဇာပြန်လျှောက်ရမှာရော၊ ကိုယ့်အလုပ် အဆင်မပြေတာတွေရောနဲ့ မပြန်ဖြစ်ဘူး။ ဗိုင်ဘာ၊ စကိုက် အင်တာနက်နဲ့ကျေးဇူးနဲ့ကြောင့် အဆက်အသွယ်မပြတ် ရှိနေခဲ့တာ။ နိုင်ငံခြားခရီးတွေ သွားဖူးနေတာတောင် စတိတ်ကို ပထမဆုံးအကြိမ် လာတဲ့ခရီးကတော့ စိတ်လှုပ်ရှားပြီး မှတ်မှတ်ရရ ရှိနေခဲ့တော့ မိဘတွေကို စိတ်ပူမိသား။ သုံးပတ်ခွင့်ယူပြီး အရှေ့ဖက်ခြမ်းက နိုင်အာဂရာရေတံခွန်၊ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲပီးယား၊ ဘော်စတွန်၊ အနောက်ဖက်ခြမ်းက ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ အိုင်ဒါဟို၊ ဝိုင်အိုမင်၊ ယူတာ့၊ အရီဇိုးနား ပြည်နယ်တွေကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ ဘလော့ပိတ်လို့ သုံးပတ်၊ တလလောက် summer break ယူဖို့ စိတ်ကူးထားပါတယ်။ ဒီကြားထဲမှာ ပို့အသစ်တွေ ရေးတင်ဖြစ်မှာ မဟုတ်ပါဘူး။ ခရီးကနေ ပြန်လာမှပဲ ကိုယ်သွားခဲ့တဲ့ တောလားတွေအကြောင်း၊ ကိုယ်မြင်တွေ့ခဲ့တာတွေ အကြောင်း ရေးတင်ပါဦးမယ်။ လာမယ် ကြာမယ် ဆိုပါတော့။

Happy Holidays ! Happy July 4th !

စန်းထွန်း
ဂျွှန် ၁၆၊ ၂၀၁၅။

My parents are waiting flight to NYC at Hong Kong International Airport.