16 February 2019

အင်္ဂလန်သွား တောလား - ၃

မနက်မိုးလင်းခါနီး အိမ်မက်မက်တယ် မှောင်မဲအလုံပိတ်ထားတဲ့ အခန်းထဲမှာ အသက်ရှူမဝဖြစ်နေတယ်။ အခန်းအပြင်ထွက်မှဆိုပြီး ထွက်လိုက်တော့ နဖူးနဲ့ကုတင်ဘောင်နံရံ ဆောင့်မိလို့ အောင်မလေး ... သေပါပြီ။ အဖေက သမီး ဘာဖြစ်တာလဲ ကိုယ်ကုတင်ပေါ်က ပြုတ်ကျပြီထင်နေတာ။ မနေ့က Tower of London  နှိပ်စက်ဆောင်ကို ဝင်ကြည့်ပြီးတော့ မှောင်မဲအလုံပိတ်အခန်းထဲ ရောက်နေသလိုမျိုး အိမ်မက်မက်တာ။ မနှစ်က အိပ်မပျော်လို့ Melatonin သောက်တာ မှောင်မဲအလုံပိတ်အခန်းထဲမှာ အပြင်ကို ဘယ်လိုထွက်ရမှန်းမသိ ဖြစ်နေတဲ့အိမ်မက် မက်တယ်။ နောက်နေ့ ဆက်သောက်တော့ မှောင်မဲအလုံပိတ်အခန်းထဲမှာ အခန်းထဲကနေ ထွက်ဖို့ကြိုးစားရင်း အိပ်ခန်းတံခါးကို ဝင်ဆောင့်တော့မှ အိမ်မက်မက်ပြီး လမ်းလျှောက်နေမှန်းသိတယ်။ အဲ့ဒီကတည်းက မက်လာတိုနီမသောက်တော့ဘူး အိပ်မပျော်ရင် မက်ဂနီဆီယမ်သောက်တယ်။ ၂၀၁၈ အောက်တိုဘာ ၂ အင်္ဂါနေ့ မနက် ၆ နာရီလောက်နိုး ရေချိုး မနက်စာအဖြစ် မနေ့ကဝယ်လာတဲ့ ထမင်းကို အဖေတို့သယ်လာတဲ့ ငါးကျီးကြော်၊ ငံပြာရည်ကြော်တို့နဲ့ စားတယ်။ ထမင်းက ကောက်ညှင်းလို စီးစီးပိုင်ပိုင် ထွေးထွေးအိအိလေး။ ဘိုစာတွေထက် အဲဒီလိုလေးစားရမှ ဗိုက်ဝသလို နေသာထိုင်သာရှိတယ်။ ဘူဖေးခန်းထဲက ရေနွေး ၂ ခွက်တောင်းပြီး လက်ဖက်ရည်ဖျော်သောက်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာကို အဖေတို့ကိုပြတယ်။ ကင်းခရော့ခ်ဘူတာကနေ ချယ်ဆီးကွင်းရှိတဲ့ Fulham Broadway ဘူတာကို မိနစ် ၄၀ လောက်ဝေးတယ်။ ချယ်ဆီးကွင်းက ဘူတာကနေ ဆယ်မိနစ်လောက်ပဲ ဝေးတယ်။ အဝင်ဂိတ်နားကနံရံမှာ ချယ်ဆီးဘောလုံးသမားပုံတွေ တွေ့ရတဲ့အခါ အဖေက သူ့ဘော်ဒါတွေကို တွေ့ရသလိုမျိုး။ ကိုယ်တို့ကို နာမည်၊ နိုင်ငံပြောပြတယ်။ လန်ဒန်ပတ်စ်ပြလိုက်တော့  နေ့လည် ၁၂ နာရီမှာ တိုးရှိတယ်။ ထိုင်ခုံမှာထိုင်ပြီး စောင့်လို့ရသလို ပြတိုက်ထဲသွားလည်ပြီးမှ ပြန်လာလို့ရတယ်။ ပြတိုက်ထဲ သွားလည်ကြတယ် ဆုတံဆိပ်တွေ၊ အားကစားသမားအကြောင်းတွေ၊ ဗွီဒီယိုတွေနဲ့ ရှင်းပြတယ်။ ချယ်ဆီးကွင်းတိုးစတော့ တိုးဂိုက်က ကွင်းထဲကထိုင်ခုံမှာ ထိုင်ခိုင်းပြီး ဘယ်နိုင်ငံလာတာလဲမေးတယ်။ ချယ်ဆီးအသင်းသမိုင်းကြောင်း၊ မန်နေဂျာသတင်းစာ ရှင်းလင်းခန်း၊ ဘောလုံးသမားတွေ အဝတ်လဲခန်းအကြောင်းတွေ ပြောပြတယ်။ ချယ်ဆီးအားပေးတဲ့သူကတသင်း၊ အားမပေးသူကတသင်း နှစ်သင်းတန်းစီပြီး ကွင်းထဲကိုသွားတဲ့အခါ ချယ်ဆီးကလပ်အသင်း သီချင်းဖွင့်ပေးထားတယ်။

ကိုယ်တို့တွေ တနေရာကနေ တနေရာကူးတိုင်း ဝန်ထမ်းတယောက်က လူစေ့မစေ့ ရေတွက်တယ်။ တိုးက ၄၅ မိနစ်လောက်ကြာတယ်။ ချယ်ဆီးအသင်း တံဆိပ်ပါတဲ့ဟာတွေ ဝယ်ချင်ပေမဲ့ ဈေးကြီးလို့မဝယ်တော့ဘူး။ လန်ဒန်ပတ်စ်နဲ့ ချယ်ဆီကွင်း၊ အာစင်နယ်ကွင်းတွေ သွားလည်လို့ရတယ် ဘယ်ကွင်းသွားလည်ချင်လဲလို့ အဖေ့ကိုမေးတော့ ချယ်ဆီကွင်းတဲ့။ ဘူတာရုံနားက လျှော့ပင်းမောလ်မှာ အိမ်သာရှာကြတော့ အောက်ထပ်မှာ ပိတ်ထားတယ်။ လန်ဒန်မှာ အိမ်သာတခါဝင် ၂၅ ဆင့်ပေးရတယ်။ အဝင်ဝမှာ အကြွေစေ့လဲပေးတဲ့ စက်ရှိတယ်။ ဝက်စ်မင်စတာအမ်ဘီ ဘူတာရောက်တော့ နေ့လည် ၂ နာရီ။ ဗိုက်ဆာရင် ကိုယ်သယ်လာတဲ့ အစေ့အနှံ nuts တွေစားကြတယ်။  မနက်က ဗိုက်ကားအောင် စားခဲ့ကြတော့ တအားကြီးတော့ မဆာဘူး။ ဝက်စ်မင်စတာအမ်ဘီ ဘုရားရှိခိုးကျောင်း အဝင်ဝမှာ တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီး။ အထဲမှာ အတော်ခမ်းနားတယ် ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ ကိုယ်ရောက်ဖူးသမျှ ဘုရားရှိခိုးကျောင်းတွေထဲမှာ အခမ်းနားဆုံး အလှပဆုံးပဲ။ အဖေနဲ့အမေက ညောင်းလို့ထိုင်ကြတယ် ကိုယ်တို့ညီအစ်မနှစ်ယောက်က audio guide နဲ့ အနှံ့လျှောက်ကြည့်တယ်။ အထွက်မှာ အိမ်သာတွေ့တော့ ပိုက်ဆံမပေးရတဲ့ အိမ်သာတွေ့တုန်း ဝင်ထားမှဆိုပြီး ဝင်ကြတယ်။ ဝက်စ်မင်စတာအမ်ဘီကနေ Churchill War Rooms ကို ၁၀ မိနစ်လောက်ပဲဝေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြေအောက်အခန်းတွေထဲမှာ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာ ပြသထားတယ်။ ဗြိတိသျှဝန်ကြီးချုပ်ချာချေးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ ဗြိတိသျှတွေနိုင်အောင် ဦးဆောင်ခဲ့တဲ့သူ။ တလောကကြည့်ဖူးတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံ Dunkirk ကမ်းခြေကနေ ဆုတ်ခွာဖို့ စောင့်နေတဲ့ ဗြိတိသျှ၊ ပြင်သစ်၊ ဘယ်ဂျီယမ်၊ ဒတ်ချ်စစ်သားတွေပေါ် ဂျာမန်လေယာဉ်တွေက ဗုံးကြဲတော့ အသက်ဘေးအတွက် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရုန်းကန်ခဲ့ရသလဲဆိုတာ ရိုက်ကူးထားတဲ့ Dunkirk ရုပ်ရှင်အဆုံးမှာ ချာချေးရဲ့ သမိုင်းဝင်မိန့်ခွန်းနဲ့ အဆုံးသတ်ထားတယ်။

"We shall fight on the seas and oceans,
we shall fight on the beaches,
we shall fight on the landing grounds,
we shall fight in the fields and int the streets,
we shall fight on the landing grounds,
we shall fight in the fields and in the streets,
we shall fight in the hills"

လန်ဒန်မြေအောက်ရထား underground 
သူ့ဘော်ဒါတွေကို တွေ့ရသလိုမျိုးပဲ ဘောလုံးသမားနာမည်၊ ဘယ်နိုင်ငံကဆိုတာ အကုန်သိတယ်

လန်ဒန်ပတ်စ်နဲ့ ဝင်လို့ရလို့ ဘာမင်ကမ်နန်းတော် သွားတဲ့လမ်းမှာရှိလို့ လမ်းကြံကြုံလို့သာ ဝင်ကြည့်တာ။ Churchill War Rooms ကို သိပ်မကြိုက်လှဘူး။ St James စိန့်ဂျိန်းပန်းခြံကိုဖြတ်ကျော်ပြီး ဘာမင်ကမ်းနန်းတော်ဆီ သွားတဲ့လမ်းလေးက အင်မတန်သာယာတယ်။ စိန့်ဂျိန်းရေကန်မှာ ငှက်တွေ၊ ဘဲတွေ အေးအေးလူလူ ကူးခတ်ဆော့ကစား နေကြတယ်။ ဘာမင်ကမ်နန်းတော်ဆီကို ၁၅ မိနစ်လောက် လျှောက်ရတယ်။ နန်းတော်ရှေ့က တံခါးနားမှာ လူတွေကြိတ်ကြိတ်တိုး။ တံခါးဝရှေ့မှာ အလှည့်ကျဓာတ်ပုံရိုက်ရတယ်။ စိန့်ပေါလ်ဘုရားကျောင်းကို သွားနိုင်သေးလားမေးတော့ မသွားနိုင်တော့ဘူး အတော်ညောင်းနေပြီတဲ့။ ကဲ ... ဒီနေ့တာ့ လန်ဒန်ပတ်စ်နဲ့ လေးနေရာလည်ပြီးပြီ မနေ့ကလည်း လေးနေရာလည်တယ်။ တခုကိုဝင်ခွင့် အနည်းဆုံး ၂၀ လေးနေရာဆိုတော့ ၁၀၀ တွက်ချေကိုက်တယ်။ အမလေး ... တွက်ခြေကိုက်အောင် တန်အောင် အသည်းအသန်လည်ရတာများ လူတွေမှာ ဖပ်ဖပ်ကိုမောလို့ အဖေကပြောတော့ ရယ်လိုက်ရတာ။ Green ပန်းခြံကို ဖြတ်ကျော်ပြီး Green Park ဘူတာရောက်တော့ ကိုသက်ထွေးအဖေက အိမ်သာသွားချင်တယ်။ ကိုယ်နဲ့အမေက ဘူတာမှာ ထိုင်ပြီးစောင့်။ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ ကိုယ်တို့ကို လန်ဒန်သူလန်ဒန်သားတွေ မသိမသာ ကြည့်သွားကြတယ်။ ကြည့်ပါစေ ပင်ပန်းလွန်းညောင်းလွန်းလို့ ဘာကိုမှဂရုမစိုက်နိုင်တော့ဘူး။ အိမ်သာအထွက်တံခါးဝက လော့ခ်ကျနေလို့ မကြီးက ဘူတာရုံဝန်ထမ်းကို သွားခေါ်ပြီးဖွင့်ခိုင်းရတာတဲ့။ အဲ့ဒါကြောင့် ကြာပါတယ်ထင်နေတာ။ ဒီနေ့လည်း နေ့လည်စာနဲ့ ညနေစာကို ကင်းခရော့ခ်ဘူတာနားက စားနေကျ ယိုးဒယားဆိုင်မှာပဲ စားကြတယ်။ မနက်ဖြန်မနက်စာအတွက် ထမင်းကြော်နှစ်ဘူး ဝယ်လိုက်တယ်။ နောက်နေ့ စကော့တလန် အက်ဒင်ဘာ့ခ်မြို့ကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၉ ။

မန်နေဂျာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ နေရာ manager's press room 
ဗွီအိုင်ပီထိုင်ခုံ
ဝက်မင်စတာအမ်ဘီ Westminister Abbey ဘုရားရှိဦးကျောင်း ကိုယ်ရောက်ဖူးသမျှ ဘုရားကျောင်းထဲမှာ
အလှဆုံးအခမ်းနားဆုံးပဲ အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိဘူး
ညာဖက်အောက်နား အမိုးလေးက Churchill War Rooms 
စိန့်ဂျိန်း St. James ပန်းခြံ ဘာကင်ဟမ်နန်းတော်ဆီ သွားတဲ့လမ်း
အေးအေးလူလူပဲ

ဘာကင်ဟမ်နန်းတော်

09 February 2019

အင်္ဂလန်သွား တောလား - ၂

၂၀၁၈ အောက်တိုဘာ ၁ တနင်္လာနေ့ မနက် ၆ နာရီကျော် နိုးလာတော့ ရေချိုး။ ဘူဖေး‌ကျွှေးတဲ့နေရာမှာ ရေနွေး ၂ ခွက်တောင်းပြီး Old Town Milk Tea ဖျော်။ မုန့်ဖက်ထုပ်စား မုန့်ဖက်ထုပ်က နည်းနည်းမာချင်နေပြီ။ ကင်းခရော့ခ်ကနေ တရုတ်တန်းသွား ရထားခသက်သာအောင်လို့ အဖေတို့ကို ကဒ်မဖြတ်ခိုင်းဘဲ ဘူတာမှာစောင့်ခိုင်းတယ်။ လန်ဒန်ပတ်စ်သွားထုတ်တာ ဝန်ထမ်းက မှတ်မိနေတယ်။ လန်ဒန်မြေအောက်ရထားက ကျဉ်းကျဉ်းလေး ရထားလမ်းတွေကလည်း များလိုက်တာ။ နယူးယောက်ရထားလမ်း များတယ်ဆိုတာ လန်ဒန်ကို ဘယ်မှီပါ့မလဲ။ လန်ဒန်သူတွေ ချောကြတယ် မိတ်ကပ်သိပ်မပြင်ဘူးလို့ထင်တာ မကြီးက ဘယ်ကသာ natural look လိမ်းထားကြတာ တော်တော်များများ မျက်တောင်စိုက်ထားကြတယ်တဲ့။ အမေရိကန်တွေလို ဝတုတ်ကြီးတွေ မတွေ့ဘူး ဝတ်တာလည်း စမတ်ကျကျ ဝတ်ကြတယ်။ လန်ဒန်မြို့လယ်ခေါင်ဆိုတယ် ရှေးဟောင်းတိုက်အိမ်လေးတွေချည်းပဲ ဆူးလေနား ရောက်နေသလိုပဲ။ ဝက်မင်စတာအမ်ဘီ ဘယ်မှာမှန်းမသိလို့ မေးကြည့်တော့ ဟိုမှာလေတဲ့။ ရောက်ခဲ့တယ်ဆိုတာသိအောင် ဆိုင်းဘုတ်ကြီးနဲ့ ဓာတ်ပုံရိုက်တယ်။ လူတွေကြိတ်ကြိတ်တိုးတဲ့နေရာ သွားတိုးပြီး မေးကြည့်လိုက်တော့ ဒီနေ့ဘုရားကျောင်းမှာ အခမ်းအနားပွဲတခုရှိလို့ ပိတ်တယ်။ နေ့လည် ၂ ခွဲကနေ ၃ ခွဲအထိပဲ ဖွင့်တယ်တဲ့။ ရှေးခေတ်ကလို နားရွက်နားမှာ အလိပ်အခွေ ဆံပင်ဖြူအတု စွပ်ထားတဲ့သူတွေကို တွေ့ခဲ့တယ်။ ဘာလို့စွပ်တာလည်း သိချင်မိတယ်။ လန်ဒန် sightseeing နှစ်ထပ်ဘတ်စ်ကားစီးပြီး ၃ နာရီလောက် တမြို့လုံးလည် လန်ဒန်တာဝါမှာ ဆင်းရမယ်။ နှစ်ထပ်ဘတ်စ်က ဘယ်နားမှာ ရပ်တာလည်းမသိ အဝိုင်းကိုပတ်နေပြီး သိမ်းစ်မြစ်နား မောင်းသွားတာတွေ့တယ်။ သိမ်းစ်မြစ်နားသွားတော့ နှစ်ထပ်ဘတ်စ်ကားဂိတ်တွေ့တယ်။ ချက်ကင်ဝင်တော့ ဒီနေ့တနေ့လုံး နှစ်ထပ်ဘတ်စ်ကားစီးခွင့်ရှိတယ် ဘောက်ချာကို သိမ်းထားပါတဲ့။ ၁၅ မိနစ်တစီးလာတယ် အနီလိုင်း၊ အပြာလိုင်း ကြိုက်တဲ့နေရာကတက်စီး အထင်ကရနေရာတွေမှာရပ်ပြီး တမြို့လုံးပတ်နေတာ။ အဲဒီနေ့က နေ့သာပြီး ရာသီဥတုကောင်းတယ်။ လန်ဒန်ဟာ ပုံမှန်ဆိုရင် မိုးအုံ့ပြီးမှုန်မှိုင်းနေတတ်တာ။ လန်ဒန် eye၊ အနီရောင်တယ်လီဖုန်း booth နဲ့ ဓာတ်ပုံရိုက်။ Big Ben နာရီစင်ဘယ်မှာလဲလို့မေးတော့ ရှေ့တည့်တည့်မှာလေတဲ့။ နာရီစင်ကို ပြင်ဆင်ဖို့ငြမ်းဆင်တာတော့ မမှတ်မိဘူး။ နှစ်ထပ်ကား ရောက်လာတော့ အပေါ်ထပ်နောက်ဆုံးမှာထိုင်။ လန်ဒန်တံတား၊ ပါလီမန်ကိုဖြတ် လေတအားတိုက်လာပြီး အေးလာလို့ အမိုးပါတဲ့ရှေ့ခန်းကို ပြန်ပြေးရတယ်။ ဘာကင်ဟမ်နန်းတော်နားမှာ လူတွေအတော်စည်တယ်၊ နာမည်ကြီးတံဆိပ် ဆိုင်ခန်းတွေရှိတဲ့နေရာတွေ ဖြတ်သွားတယ်။

တနာရီခွဲလောက်စီးပြီးတော့ နောက်ဘတ်စ်ကားတစီး ပြောင်းရတယ်။ ဘတ်စ်မြေပုံကြည့်၊ မကြီးဝယ်လာတဲ့ ဆင်းကဒ်ထည့်ထားလို့ ဖုန်းမှာဂူဂယ်မတ်ရတယ်။ လန်ဒန်တာဝါကို နေ့လည် ၁ နာရီခွဲလောက်မှာ ရောက်သွားတော့ ဗိုက်ဆာနေကြပြီ။ လမ်းဘေးဆိုင်ကနေ ဟော့ဒေါ့၊ ခရိုဆွန်၊ ကော်ဖီဝယ်သောက်ကြတယ်။ လန်ဒန်ပတ်စ်နဲ့ဆို တန်းစီစရာမလိုဘူး။ လန်ဒန်တာဝါမှာ White Tower နဲ့ Jewels of The Crowns တွေကို မဖြစ်မနေ လည်ရမယ်တဲ့။ လူတွေကြိတ်ကြိတ်တိုးနေတဲ့ Execution Tower ကို ဝင်လည်တယ်။ မှောင်မည်းကြပ်ညှပ်နေတဲ့ အခန်းတွေထဲမှာ ဘယ်လိုနှိပ်စက်ညှင်းပန်းတယ်ဆိုတာ သရုပ်ပြထားတယ်။ White Tower က လှေကားထစ် ၄၀၀ တက်ရမယ်ဆိုတော့ အဖေတို့က မတက်တော့ဘူး အောက်မှာစောင့်နေမယ်တဲ့။ အဖေတို့ မလိုက်သာမှန်သွားတယ် ကိုယ်တောင် ဟိုက်နေအောင် တက်ရတာ။ ရှေးတုန်းကသုံးတဲ့ သံချပ်ကာ၊ ဓားတွေကို မြင်ရတဲ့အခါ အဖေတို့ကို မြင်ဖူးစေချင်တယ်။ ဒီလိုသံချပ်ကာတွေကို ရုပ်ရှင်ထဲမှာသာ မြင်ဖူးတာ ခုအပြင်မှာ ပထမဆုံးမြင်ဖူးတာပဲ။ ကလေးအတွက် သံချပ်ကာလည်းရှိတယ်။ အတော်လေးမှာပဲ သံချပ်ကာဝတ်ဖို့ဆိုရင် ဘော်ဒီတောင့်မှဖြစ်မယ်။ စောင့်နေမယ်လို့ပြောထားတဲ့နေရာမှာ အဖေတို့ကိုမတွေ့လို့ စိတ်ပူသွားတယ်။ ပတ်ရှာကြည့်လိုက်တော့ လေကွယ်တဲ့နေရာနားမှာ ထိုင်နေကြတယ်။ Jewels of The Crowns မှာတော့ ဘုရင်အဆက်ဆက် ဆောင်းခဲ့ကြတဲ့ သရဖူတွေပြထားတယ်။ လမ်းလျှောက်ဖို့ မလိုဘူး အလိုအလျောက် ရွေ့နေတဲ့ပေါ်မှာ ရပ်ရတယ်။ ပတ္တမြားငမောက်ကို ဘယ်မှာများ ထားတာပါလိမ့်။ အိမ်သာတွေ့တုန်းလေး အိမ်သာဝင် ထိုင်ခုံနားမှာ အမြောက်တွေတွေ့တယ်။ ဝန်ထမ်းတွေ ဝတ်ထားတဲ့ ရှေးဟောင်းဝတ်စုံလေးတွေက အင်မတန်လှတယ်။ ခံတပ်အုတ်တံတိုင်းပေါ်တက်ပြီး ဓာတ်ပုံရိုက်မလို့ဟာ တာဝါပိတ်တော့မယ်။ အုတ်တံတိုင်းကလည်း တလမ်းပဲသွားလို့ရတယ်။ ကိုယ်တို့သွားလို့ရတဲ့ဖက်က သစ်ပင်တွေနဲ့ ကွယ်နေလို့ Tower of Bridge ကို မမြင်ရဘူး။ လန်ဒန်တာဝါကနေ သိမ်းစ်မြစ်ဖက်ကိုလမ်းလျှောက် Tower of Bridge နဲ့ဓာတ်ပုံရိုက်။ မိသားစုပုံရိုက်ချင်ပေမဲ့ လူတွေကလည်း သူတို့ဘာသာ ဓာတ်ပုံရိုက်ဖို့ အလုပ်ရှုပ်နေကြတာနဲ့ အကူအညီမတောင်းတော့ဘူး။ မကြီးက လန်ဒန်မလာခင်နေ့ကမှ သွားဝယ်ထားတဲ့ tripod ထောင်ပြီး ဓာတ်ပုံရိုက်တယ်။ Tower of Bridge တံတားဟာ အင်မတန်ခန့်ညားလှပတယ်။

ဝက်မင်စတာအမ်ဘီ ဆိုင်းဘုတ်နဲ့ 
ဝက်မင်စတာအမ်ဘီ ပိတ်ထားလို့ လူရှင်းနေတာ 
ဝက်မင်စတာအမ်ဘီ  
ဝက်မင်စတာအမ်ဘီ ခမ်းနားလှပတဲ့ ဘုရားကျောင်း 
ဝက်မင်စတာအမ်ဘီရှေ့

လန်ဒန်ပတ်စ်နဲ့ Tower of Bridge တံတားအပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်ရတယ်။ ဦးစပ်စု အဖေက ဝန်ထမ်းကောင်လေးရဲ့ အနွေးထည်ကနေ အပူတွေလွှတ်နေတယ်တဲ့။ အဲ့ဒါ လျှပ်စစ်နဲ့အပူပေးထားတာ အဖေတော့ အဲ့ဒါမျိုးနဲ့မှ ရမယ်ထင်တယ်။ အမေက မချမ်းတတ်ဘူး ကိုယ်တို့သားအဖတွေ စောင်ကိုယ်စီ ခြုံရတဲ့အချိန်မှာ အမေက လက်ပြတ်အင်္ကီျနဲ့။ Tower of Bridge သမိုင်း၊ တံတားတည်ဆောက်တဲ့အကြောင်းတွေကို ဓာတ်ပုံတွေနဲ့ ရှင်းပြထားတယ်။ မှန်သားကနေ အောက်မှာသွားနေတဲ့ ကားတွေမြင်ရတာ အသည်းယားစရာ။ ကြောက်တတ်တဲ့သူတွေက မှန်ကွဲပြီးပြုတ်ကျမှာ စိုးရိမ်ဘိအလား မရဲတရဲနင်းလို့၊ မကြောက်တတ်တဲ့သူတွေက ရဲရဲတင်းတင်းလျှောက်နင်းလို့။ ကလေးတယောက်ဆို ပက်လက်လှန်ပြီး ဆော့နေတာ အဲ့ဒီကနေ မခွာချင်ဘူး ဖြစ်နေတယ်။ မကြီးက ကြောက်တတ်တယ် မရဲတရဲနင်းပြီး ဓာတ်ပုံတွေရိုက်တယ်။ ကိုယ်က ဘာဆိုဘာမှ သိပ်မကြောက်တတ်ဘူး။ ကြောက်တတ်တဲ့အမေ့ကို လက်တွဲပြီး မှန်သားပေါ်ကနေ လျှောက်ခိုင်းတယ်။ အဖေက ညောင်းလွန်းလို့ ခုံပေါ်မှာ ပက်လက်လှဲအိပ်တယ်။တဖက်လည်းရောက်ရော အောက်ထပ်ဆင်းဖို့ ဓာတ်လှေကားရှာနေတုန်း အရေးပေါ်ခေါင်းလောင်း မြည်လာပြီး တိုးရစ်တွေ လှေကားကနေ အမြန်ထွက်ခွာကြပါတဲ့။ Tower of Bridge ဖြတ်နေတုန်း တဖက်ကမ်းက Shard View ကို ညွှန်ပြပြီး အဲ့ဒါလန်ဒန်မှာအမြင့်ဆုံး အဆောက်အဦး လန်ဒန်နေဝင်ချိန်ကို အဲ့ဒီကနေ သွားကြည့်မှာ။ လန်ဒန်တာဝါကို ဖြတ်ကျော်ပြီး သိမ်းမြစ်ခရူသင်္ဘောဆိပ်နဲ့နီးလေ Tower of Bridge ကို မြင်ရတဲ့ရှုခင်းက ပိုလှလေ ဒီတော့ ဓာတ်ပုံထပ်ရိုက်ကြတယ်။ လန်ဒန်ပတ်စ်နဲ့ သိမ်းမြစ်ခရူသင်္ဘောဆိပ်မှာ ချက်ကင်ဝင်တော့ ဝန်ထမ်းက ဒစ်စကောင့်ပေးမယ်ဆိုပြီး လန်ဒန် eye လက်မှတ်ရောင်းတယ်။ လန်ဒန်ပတ်စ်ထဲမှာ လန်ဒန် eye မပါဘူး စီးချင်ရင် သပ်သပ်ထပ်ဝယ်ရမယ်။ အမေနဲ့မကြီးက အမြင့်ကြောက်တဲ့သူတွေ၊ လည်ဖို့အချိန်လည်း မရှိတော့ဘူးဆိုတော့ မဝယ်တော့ဘူး။ သိမ်းမြစ်ခရူသင်္ဘောက အတော်ကြီးတယ် သိမ်းစ်မြစ်တလျှောက်က အထင်ကရနေရာတွေကို ရှင်းပြတယ်။ သိမ်းစ်မြစ်တလျှောက် တံတားတွေမှ အများကြီးပဲ။ တံတားတွေထဲမှာ လန်ဒန်တံတားက သတင်းတွေမှာ ခဏခဏပါတယ်။ လန်ဒန် eye ရှေ့ဖက်ကမ်း ကိုယ်တို့နှစ်ထပ်ဘတ်စ်ကားစစီးတဲ့ ဝက်မင်စတာအမ်ဘီမှာပဲ ရပ်တယ်။

အဲ့ဒီကနေ Shard View ကို ရထားစီး ရောက်တော့ အဖေက အပေါ်မတက်တော့ဘူး ညောင်းလို့တဲ့။ အောက်ပဲရောက်နေပြီ အပေါ်မတက်ချင်လို့ ဖြစ်မလားလို့ အမေကပြောတော့မှ တက်မယ်တဲ့။ Shard View ပေါ်ကနေ နေဝင်ချိန် လန်ဒန်တမြို့လုံး ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်ရတဲ့ရှုခင်းကလှတယ်။ ညောင်းလွန်းလို့ ခြေပစ်လက်ပစ်ကို ကြမ်းပြင်ပေါ် ထိုင်နေကြတာ။ ၁၅ မိနစ်လောက် ထိုင်ပြီးတဲ့အချိန် နေဝင်ဆည်းဆာကို ကြည့်ဖို့လာတဲ့သူတွေ များလာတော့ ဝန်ထမ်းကလာပြီး လူတွေများလာလို့ ထကြည့်ပါလားလို့ ပြောလာတယ်။ ဘိုတွေကတော့ ဘီယာ၊ ဝိုင်၊ ကော်ဖီခွက်လေးကိုင်ပြီး နေဝင်ဆည်းဆာကို တစိမ့်စိမ့်ကြည့်ရှုခံစားကြတယ်။ ကိုယ်တွေကတော့ လူတွေကြားထဲ တိုးဝှေ့ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်။ ဆိုင်ကဟာတွေ ဝယ်စားမှ ထိုင်ခုံမှာထိုင်ခွင့်ရှိတယ်။ အပေါ်ဆုံးထပ်ကို တက်ကြည့်တော့ အမိုးဖွင့်ထားလို့ လေကောင်းလေသန့်ရပေမဲ့ အေးလို့ပြန်ဆင်းပြေးရတယ်။ Shard View ကနေ လုပ်ပေးတဲ့ ဓာတ်ပုံစာအုပ်လေးက လှပေမဲ့ဈေးကြီးလို့ မဝယ်တော့ဘူး။ ဒီနေ့ လန်ဒန်ပတ်စ်နဲ့လည်ရမဲ့ဟာတွေ လည်ပြီးပြီ ဗိုက်ကလည်း အတော်ဆာနေပြီဆိုတော့ ကင်းခရော့ခ်ကိုပြန်။ ယိုးဒယားထမင်းဆိုင်မှာ မနက်စာနဲ့ညစာ ပေါင်းစားကြတယ်။ နောက်နေ့မနက်စားဖို့ ထမင်း ၂ ဘူးဝယ်တယ်။ ဟိုစတယ်ကို ပြန်ရောက်တဲ့အချိန်က ည ၁၀ နာရီ တချိုးတည်း တန်းအိပ်တော့တာပဲ။ နောက်နေ့ လန်ဒန်ဘယ်နေရာတွေ သွားလည်သလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၉ ၊ ၂၀၁၉ ။

လန်ဒန်အိုင်း London Eye
London Eye
လန်ဒန်မှာပဲ တွေ့ရလေ့ရှိတဲ့ တယ်လီဖုန်းရုံ
နှစ်ထပ်ဘတ်စ်ကားပေါ်ကနေ မြင်ရတဲ့ သိမ်းမြစ်နဲ့ ပါလီမန်
ညာဖက်က အမည်းရောင် ငြမ်းဆင်ထားတာ နာမည်ကျော် Big Ben နာရီစင်
Tower of London
White Tower
Jewels of Crowns အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိ 
Tower of Bridge
Tower of Bridge
အမြင့်ကြောက်တတ်တဲ့သူ မကြောက်အောင် လေ့ကျင့်နေတာ 
Tower of Bridge ကနေ မြင်ရတဲ့ Shard View
Tower of London ကနေ မြင်ရတဲ့ Shard View
Tower of Bridge ကနေ မြင်ရတဲ့ Tower of London
Shard View ကနေ မြင်ရတဲ့ Tower of Bridge
Shard View ကနေ မြင်ရတဲ့ သိမ်းစ်မြစ်
Shard View ကနေ မြင်ရတဲ့ လန်ဒန်ညနေဆည်းဆာ
အမျိုးသမီးနဲ့ ကလေး သံချပ်ကာဝတ်စုံ
အမျိုးသား သံချပ်ကာဝတ်စုံ
စစ်မြင်းမှာလည်း သံချပ်ကာဝတ်စုံနဲ့