02 September 2012

ရက်ကွက်ထဲမှာတော့ဗျာ - ၁၃

သူများတွေ လွယ်လွယ်ကူကူ ကားမှတ်တင်နိုင်ပေမဲ့ ပင်ပန်းမဲ့ဇာတာပါသူ စန်းထွန်းတယောက်ကတော့ Jefferson Country ရုံးကို ၆ခေါက်တိတိသွားပြီးမှ မှတ်ပုံတင်နိုင်ခဲ့လေတယ်။ ဆူနမ်နဲ့ မိုင်းဖန်ကို မနက်ဖြန် ငါ ကားမှတ်ပုံတင် သွားလုပ်မယ်ဆိုတော့ စာရွက်စာတမ်းတွေ စုံပြီလား မေးရာက ဇာတ်လမ်းစပါတယ်။ ငါ့မှာ ဘယ်သူကနေ ဘယ်သူ့ကို ရောင်းတယ်ဆိုတဲ့ စာချုပ်(စတိတ်မှာ Title တိုင်တယ်ဟု ခေါ်သည်) ရှိတယ်ဆိုတော့ အရင်ပိုင်ရှင်က လက်မှတ်ထိုး နိုတရီလုပ်ထားသလားတဲ့။ အမ်..ပိုင်ရှင်လက်မှတ်ပဲ ထိုးထားတယ်။ နိုတရီမလုပ်ထားဘူးဟ။

စန်းစန်း နင်မှတ်မိလား ကျောင်းမှာ နင်ကားဝယ်တုန်းက အရောင်းအဝယ်စာချုပ်မှာ ဂင်္ဂါက အရင်ပိုင်ရှင်။ ဂင်္ဂါကိုယ်တိုင်လိုက်ပြီး တိုင်တယ်မှာ လက်မှတ်ထိုးပေးရတာ။ ဂင်္ဂါမပါဘဲ နင့်ကို ရောင်းမယ်ဆိုရင် ဘဏ်ကို သွားပြီး ဂင်္ဂါက ငါ့ကို ရောင်းဖို့ တာဝန်လွှဲအပ်တယ်ဆိုတဲ့ စာချုပ်ကို လက်မှတ်ထိုးပြီး နိုတရီလုပ်ရတယ်။ စတိတ်မှာတော့ ဘဏ်ကိုသွားပြီး အိုင်ဒီပြ စာချုပ်ပေါ်က နာမည်နဲ့၊ အိုင်ဒီက နာမည်တူမတူ ဘဏ်ကစစ်၊ သူတို့ရှေ့မှာ လက်မှတ်တိုး၊ ဘဏ်က နိုတရီတံဆိပ်တုံးထုပေးပြီး နိုတရီလုပ်နိုင်ပါတယ်။ ကိုယ်အကောက်ဖွင့်ထားတဲ့ဘဏ်တွေဆိုရင် အခမဲ့ နိုတရီလုပ်ပေးပြီး တခြားဘဏ်ဆိုရင်တော့ ၂ဒေါ်လာ ပေးရပါတယ်။

အဲဒီတော့မှ ဂင်္ဂါမပါဘဲ ငါ နင့်ကို ရောင်းလို့ရပြီး တိုင်တယ်မှာ လက်မှတ်ထိုးလို့ရတယ်။ ပိုင်ရှင်ကိုယ်တိုင်ပါရင် နိုတရီမလုပ်ဘဲ မှတ်ပုံတင်လို့ရတယ်။ ပိုင်ရှင်မပါရင်တော့ နိုတရီလုပ်ရမယ်။ ကန်တက်ဂီပြည်နယ် ဂျက်ဖာဆန်ရုံးဆိုဒ်ကို ဝင်ကြည့်တော့ မှတ်ပုံတင်ဖို့ တိုင်တယ်ရယ်၊  ရောင်းသူ၊ ဝယ်သူ နှစ်ဖက်စလုံးက လက်မှတ်ထိုးပြီး နိုတရီလုပ်ထားတဲ့ Application For Kentucky Certificate of Title or Registration Form ရယ်၊ အာမခံရယ် လိုအပ်ပါတယ်။ ဒီတော့ တိုင်တယ်ကို အင်ဒီယားနားပြည်နယ်ကို ပြန်ပို ့။


သူ့နာမည်အမည်ပေါက်ဆိုရင် ချက်ချင်းလုပ်ပေးလို့ ရပေမဲ့ ကားဝယ်ပြီး တိုင်တယ်မချိန်းထားတော့ သူကိုယ်တိုင် သွားလုပ်ပေးလို့မရ။ အရင်ပိုင်ရှင်က လုပ်ပေးမှ ရမှာပါ။ ကံကောင်းတာက အရင်ပိုင်ရှင်က အဲဒီမြိ  ု့မှာပဲ ရှိနေသေးတာပါ။ အကယ်လို့များ တခြားပြည်နယ်ကို ပြောင်းသွားပြီး လိပ်စာမသိခဲ့ရင်...။ ကားဝယ်ပြီးတာနဲ့ ကိုယ့်အမည်ပေါက်လုပ်ထားတော့ ကိုယ့်ကြိ ုက်တဲ့အချိန် ရောင်း။ ရုံးဖွင့်ချိန်မှာ သွားပြီး တိုင်တယ်နိုတရီလုပ်ပေးဖို့ကို သူ့အလုပ်အားချိန်မတိုက်တော့ အဆင်မပြေပြန်ဘူး။

ရောင်းသူလက်မှတ်ထိုး၊ ဝယ်သူနေရာမှာ စန်းထွန်းရဲ့ အချက်အလက်တွေဖြည့်ပြီး နိုတရီထုပေးခွင့်ရှိတဲ့ ဘုန်းဘုန်းက တံဆိပ်တုံး ထုပေးလိုက်တယ်။ အမေရိကန်တွေဆီမှာ ဒီလိုလုပ်လို့ မရပါဘူး။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပေါ့။ နိုတရီတံဆိပ်တုံးထုပေးတဲ့သူက တာဝန်ကြီးပါတယ်။

ကိုင်း စာရွက်စာတမ်းတွေ ပြည့်စုံပြီဆိုတော့ မှတ်ပုံတင်ဖို့ ချီတက်စမ်းမယ်။ ရုံးနားက ဂျက်ဖာဆန်ရုံးခွဲလေးမှာ မှတ်ပုံတင်တော့ ကန်တက်ဂီပြည်နယ်က ကားမဟုတ်တဲ့အတွက် အင်စပက်တာဆီမှာ စစ်ဆေးပြီးမှ မှတ်ပုံတင်နိုင်ပါမယ်တဲ့။ အင်စပက်တာရှိတဲ့ ရုံးမှာ သွားအင်စပက်တော့ ဗင်နံပါတ်လို့ အတိုကောက်ခေါ်ကြတဲ့ Vechicle Indentification Number ကားရှေ့မှန်နောက်က ဒက်ရှ်ဘုတ်မှာ မရှိလို့ အင်စပက်လို့ မရပါဘူးတဲ့။ ဗင်နံပါတ်ကို ဘယ်လိုရအောင်လုပ်ရမလဲဆိုတော့ ကန်တက်ဂီပြည်နယ်ရဲ့ မြိ  ု့တော် ဖရန့်ဖွက်က ရုံးဆီကို တိုင်တယ်၊ ကန်တက်ဂီပြည်နယ်ဖောင်၊ အာမခံ ကော်ပီတွေနဲ့အတူ ဗင်နံပါတ်ဘာကြောင့်မရှိတော့ရတဲ့ အကြောင်း စာရေးပြီး နောက်ထပ် ဗင်နံပါတ်အသစ်ထုတ်ပေးဖို့ စာရေးတောင်းရတယ်။


ဗင်နံပါတ်မရှိတော့တာ အရေးကြီးတဲ့ကိစ္စဖြစ်ပါသတဲ့။ အခိုးခံရတဲ့ ကားတွေဆိုရင် ဗင်နံပါတ်ကို ဖျောက်ဖျက်လေ့ရှိတာကြောင့် Stolen Car ဖြစ်နိုင်ပါတယ်တဲ့။ ရုံးကလူတွေရယ်၊ အိမ်ကလူတွေရယ်၊ ဆူနမ်တို့ကို ပြောပြတော့ ကြားရတဲ့သူတိုင်း ခေါင်းကြိမ်းကြတယ်။ အခိုးခံရတဲ့ကား မဟုတ်တာ သေချာပါတယ်။

နှစ်ပတ်ကြာတဲ့အထိ ဘာသတင်းအစအနမှ မရတော့ ချီတက်ရပြန်တယ်။ ဖရန့်ဖွတ်ကရုံးကို ဂျက်ဖာဆန်က ဝန်ထမ်းတွေ ဖုန်းဆက်ပြီး မေးမြန်းရတယ်။ ဖုန်းခေါ်တာ ဆယ့်ငါးမိနစ်လောက် စောင့်ဆိုင်းပြီးမှ ဖရန့်ဖွတ်ရုံးက အကြောင်းပြန်လာပါတယ် ဗင်နံပါတ်အသစ်ကို မနေ့က စာတိုက်နဲ့ ပို့လိုက်ပါပြီ။ နောက်သုံးရက်ဆိုရင် စာတိုက်ပုံးကို စစ်ကြည့်ဖို့ မမေ့ပါနဲ့တဲ့။

စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ ဗင်နံပါတ်မတွေ့ရ။ ဂျက်ဖာဆန်ရုံးကို သွားမေးတော့ သူတို့မဆိုင် အင်စပက်တာကို မေးကြည့်ပါတဲ့။ အင်စပက်တာကို မေးကြည့်တော့ သူလည်းမသိဘူး ဂျက်ဖာဆန်ရုံးကို သွားမေးလိုက်ဦးမယ်တဲ့။ တော်သေးတယ် အင်စပက်တာရုံးခန်းလေးက ဂျက်ဖာဆန်ရုံးရှေ့မှာမို့လို့။ ဂျက်ဖာဆန်ရုံးက ပြန်လာတော့ ဗင်နံပါတ်ကို မြိ ု့လယ်ရုံးချုပ်ကြီးမှာ သွားထုတ်ပါတဲ့။ မြိ ု့လယ်..တလမ်းမောင်းလမ်းတွေနဲ့ ကားရပ်ဖို့နေရာရှာရခက်တဲ့၊ ရပြန်ရင်လည်း Parallel Parking ထိုးရတဲ့ မြိ ု့လယ်။

ဘားကုတ်နားက ဗင်နံပါတ်
ဆူနမ်နဲ့မိုင်းဖန်က တညီတညွှတ်တည်းဆိုတယ် ကားမောင်းမသွားပါနဲ့တဲ့။ တက္ကစီသာ စီးပါတဲ့။ အိမ်ရှင်ကို အကူအညီတောင်းတော့ လိုက်ပို့ပေးတယ်။ တလမ်းမောင်းလမ်းတွေနဲ့ အကြွေစေ့ထည့်ပြီး ပါကင်းခပေးရတဲ့ မြိ ု့လယ်ကို ချောချောမောမော ရောက်ပေမဲ့ လမ်းပြင်နေလို့ မြစ်ကိုကျော်ဖြတ်ပြီး တဖက်ကမ်းက အင်ဒီယားနားပြည်နယ်ထဲဝင်ပြီး ကွေ့ပတ်မောင်းခဲ့ရလေတယ်။ ဗင်နံပါတ်အသစ်ရပြန်တော့ နဂိုရှိတဲ့ အပေါက်နဲ့ မတော်လို့ အိမ်ရှင်ဆီက မူလီရယ်၊ ပလာရာတွေတောင်းပြီး တပ်ဆင်ရပြန်တယ်။ မှန်နောက်မှာဆိုတော့ ပလာရာတွေနဲ့မဆံ့ အသေးဆုံးပလာလေးကို အင်အားသုံးပြီး အပေါက်ဖောက်ရတာ တအားခက်တယ်။ ကလေးလက်ဆိုတော့ လူးကပ်လက်က ဆံ့ပေမဲ့ အားကမရှိ။ တနာရီလောက် ခွျှေးတပြိ ုက်ပြိ ုက်ကျ၊ အိမ်မှာရှိတဲ့ ကလေး၊ လူကြီး၊ တက္ကဆက်ကနေ အလည်ရောက်နေတဲ့ ကလေးတွေအဘွားပါ သူယူလာတဲ့ အပ်ချုပ်စက် ပလာယာတွေနဲ့ တော်လိုတော်ညား ရှာပေးနဲ့ အိမ်ရှိလူကုန် အလုပ်များကြလေတယ်။

နောက်တခေါက်သွားတော့ အင်စပက်တာကြီးက မှတ်မိနေတယ်။ မမှတ်မိဘဲနေမလား တပတ်တခေါက်ရောက်ပြီး ဗင်နံပါတ်မရှိတဲ့ ငတိမလေးပေကိုး။ ဗင်နံပါတ်က အိုကေပေမဲ့ ကားရှေ့မီး စင်ကနယ်က မှိန်နေလို့အင်စပက်လို့ မရပါဘူးတဲ့။ ရုံးကလူတွေ၊ အိမ်ကလူတွေ၊ ဆူနမ်တို့က စိတ်ဝင်စားကြတယ်။ ဒီလိုအဖြစ်မျိုး ဒီတခါပဲ ကြားဖူးလို့တဲ့။ ရုံးကလူတွေ၊ အိမ်ကလူတွေကို မေးကြည့်တော့ AutoZone မှာ မီးလုံးဝယ်ပြီး လဲခိုင်းလို့ ရပါတယ်တဲ့။ ကားအမျိုးအစား ပြောပြပြီး ညာဖက်စင်ကနယ် ရှေ့မီးပေးပါဆိုတော့ အူတူတူငတိမလေးကို ကြည့်ပြီး ရောင်းတဲ့အန်ကယ်ကြီးက သေချာအောင် ကားဆီလိုက်ပြခိုင်းတယ်။ ရှေ့နောက်စင်ကနယ်အကုန်ပြခိုင်းတယ်၊ စက်ဖုံးဖွင့်ခိုင်းတော့ ဟဲ..ဟဲ..ဒီကားက အသစ်ဗျ..မသိဘူးဆိုတော့ အန်ကယ်ကြီးမျက်နှာပေးက ငါထင်သားပဲတဲ့။ မီးလုံးရောင်းရင်လည်း ကိုယ့်ဘာသာ တပ်ဖို့ခက်လိမ့်မယ် ဝပ်ရှော့ဆီသာသွားပါတဲ့။ မီးလုံးမရောင်းလိုက်ဘူးဗျား။ ဝယ်ရှော့ဆိုင်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ ပေးလိုက်တယ်။ ရုံးချိန်နဲ့ တိုက်နေလို့ စနေ့နေ့မှ သွားပြင်လိုက်တယ်။ မီးလုံးက ၁၀ ပဲကျပြီး ပြင်ခက ၃၀ တဲ့ ဂစ်..ဂစ်..ဂစ်...။

အင်စပက်တာကြီးက စင်ကနယ်တွေ ပြခိုင်း၊ ဘရိတ်နင်းခိုင်း၊ ရှေ့မီးလင်းခိုင်း၊ ဟွန်းတီးခိုင်း၊ မိုင်တွေ မေးပြီး ပေး ငါးကျပ်... အောင်မြင်စွာ မှတ်ပုံတင်နိုင်ပါပြီတဲ့။ အိမ်လိပ်စာပြောင်းချင်ပြောင်းမှာမို့ မွေးလ နိုဝင်ဘာအထိပဲ မှတ်ပုံတင်ပါတယ်။ ဘာကြေး၊ ညာကြေး၊ အခွန်တွေနဲ့ ၁၅၀ကျော် ကျလေတယ်။ ဒါတောင် ဈေးအပေါဆုံး ပလိတ်နံပါတ်ပြားမို့လို့။ ဘတ်စကက်ဘောအသင်းတွေပါတဲ့၊ ရောင်စုံလှလှလေးတွေပါတဲ့ ပလိတ်ပြားဆို ဈေးကမသေး။ ဤသို့ဖြင့် ၆ ခေါက်တိတိ သွားပြီးသည့်နောက် အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့လေသည်။

ရှေ့က အပေါက်၂ပေါက်မှာ အသေအချာ မူလီနဲ့ တပ်ရမှာ..ကွျှနု်ပ်လက်ဖြစ် ဗင်နံပါတ်...
တခုကျန်သေးတယ်။ ကားမောင်းလိုင်စင်လဲဖို့။ ပြည်နယ်တခုမှာ တလနေပြီးရင် အဲဒီပြည်နယ်ရဲ့ လိုင်စင်ပြောင်းရမှာပါ။ မက်ဆာချူးဆက်ပြည်နယ်မှာတော့ လိုင်စင်ချိန်းတာ လွယ်တယ်။ အိုင်အိုဝါလိုင်စင်ပြ ရဲဌာနမှာ လက်ဗွေနှိပ်ပြီး မက်ဆာချူးဆက်ပြည်နယ်လိုင်စင် ထုတ်ပေးတယ်။ အိုဟိုင်းရိုးပြည်နယ်မှာတော့ ကားမှတ်ပုံတင်တာနဲ့ အိုဟိုင်းရိုးပြည်နယ်ကားမောင်လိုင်စင် မဟုတ်ရင် ရေးဖြေစာမေးပွဲပြန်ဖြေ။ အိုဟိုင်းရိုးကားမောင်းလိုင်စင်ရပြီးမှ ကားမှတ်ပုံတင်နိုင်တယ်။ ကန်တက်ဂီပြည်နယ်မှာတော့ ကားမှတ်ပုံတင်ဖို့ ကန်တက်ဂီပြည်နယ်ကားမောင်းလိုင်စင် ပြောင်းစရာမလို။ ကန်တက်ဂီပြည်နယ်လိုင်စင်ပြောင်းဖို့ ရေးဖြေ၊ ကားမောင်း ၂မျိုးလုံး ဖြေဆိုရသည်။ ကျောင်းမှာတုန်းက ကားမောင်းလိုင်စင်ရဖို့ ၆ကြိမ်အတိ မောင်းပြခဲ့ရသော စန်းထွန်းတယောက် မောင်းဖြေဖို့ ကြောက်လှလေသည်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ မိုင်၈၀မောင်းပြီး ကားမောင်းလိုင်စင်ဖြေဆိုရတယ်လို့ ကြားတယ်။

ရုံးမှာ ကားတစီးရောင်းဖို့ စာကပ်ထားတယ်။ အိမ်စီးကားဆိုတော့ သန့်သန့်လေး။ အေဂျင့်ဖိုးလည်း ပေးစရာမလို။ ဝယ်ချင်သူတွေကို သတင်းပေးလိုက်နော်ဆိုတော့ နိုး..နိုး..  စန်းထွန်းအဖြစ်ကိုကြည့်ပြီး ကန်တက်ဂီပြည်နယ်ဆိုရင် ဝှောင်ဝှောင်ရှေးပါတော့မယ်တဲ့။


ဘောစတွန်သွားတောလား ၄ ပို့စ်တုန်းက လွန်ခဲ့သော ၁၀နှစ်က အမေရိကန်တွေရဲ့ အိမ်မက်ကားကို ပဟေဋ္ဌိ လုပ်ပါတယ်။ ကိုအွတ်ထောင်က ကားကတော့ ကားဒီလက် ကားကြီး.. မီးခွက်ကြည့်ရတာတော့ ၁၉၈၅ နောက်ပိုင်း၊ Sedan de Ville ထဲကဖြစ်လောက်မယ်... အဲ.. နှာယောင်ကြီး ရှေ့ကို ချွန်ထွက်လာတော့ ၁၉၉၃ နောက်ပိုင်းလောက် ထင်တာပဲ.. မှန်ရင်တော့ တစ်ဆင့်တိတိ ဆုပေးပါ :P ဆိုပြီး ရမ်းတုတ်ပါတယ်။ သူ့အဖြေ မှန်ပါတယ်။ အဲဒီကားက CADILLAC (ကက်လက်) ပါတဲ့ ခင်ဗျား။ စနေနေ့ညမှာ ကက်လက်လေးစီးပြီး လျှောက်လည်ရရင် သေပျော်ပါပြီဆိုတဲ့ သီချင်းလေးတောင် ရှိတယ်တဲ့။ ဈေးကြီးသလို တသက်လုံး အမုန်းစီးရမယ်တဲ့။ ကိုင်း..ကိုအွတ်ထောင်ကို တဆင့်တိတိ ချီးမြှင့်လိုက်မယ်..:P ။


တက္ကဆက်က ကလေးတွေအဘွားကို မက္ကဆီကိုနဲ့ နီးနီးလေးဆိုတော့ တဂျိမ်းဂျိမ်း သွားလည်နေမှာပေါ့လို့ စပ်စုတော့ နယ်စပ်ကို နေ့လည်ဖက်အလည်သွားပြီး မက္ကဆီကိုဖက်ကို ခြေတလှမ်းတောင် မချပါဘူးတဲ့။ အမေရိကန်မှန်းသိရင် ပြန်ပေးဆွဲလို့ အန္တရာယ်အရမ်းများပါတယ်တဲ့။ တက္ကသိုလ်တခုဆိုရင် ခြံဝန်းခတ်ထားပြီး ကလေးတွေကို နယ်စပ်မသွားအောင် တင်းကျပ်ထားပါတယ်တဲ့။ တောင်ပိုင်း တက္ကဆက်ပြည်နယ်က ပူပြီး နှင်းမကျပါဘူး။ အဲ မုန်တိုင်းတော့ များတယ်။ လွန်ခဲ့တဲ့ ၇နှစ်က ကက်ထရီနာမုန်တိုင်းတိုက်လို့ နယူးအော်လင်းမှာ လူတွေအများကြီး သေခဲ့ပြီး ၇နှစ်ပြည့်ဖို့ ရက်ပိုင်းအလို အိုင်ဆက်မုန်တိုင်း ဝင်နေပြန်တယ်။ မုန်တိုင်းဆိုရင် နာဂစ်ကတည်းက မီးမီးကြောက်ကြောက်။

Issac မုန်တိုင်း လူဝီဇီနားပြည်နယ် နယူးအော်လင်းမြိ ု့ကို ဦးတည်နေစဉ်...
ဟိုလာ (မင်္ဂလာပါ)လို့ နှုတ်ဆက်တော့ ကောင်းသောနေ့လေး ဖြစ်ပါစေ စပိန်လို  ပြန်ပြောတယ်။ တက္ကဆက်မှာ မက်ဆီကန်တွေ အများကြီးမို့လို့ စပိန်လို ထမင်းစားရေသောက်တော့ ပြောတတ်တယ်တဲ့။ ဟီး..ကိုလံဘီယာ ကျောင်းနေဖက် ဒန်နီယံသင်ပေးထားလို့ ဟိုလာ၊ ဂရပ်ရှပ် (ကျေးဇူးတင်ပါတယ်)၊ သရက်ရှ် သရက်ရှ် (သုံးသုံး) ပဲ တတ်တယ်။ ကိုလံဘီယာလည်း မက္ကဆီကိုလို ဒိန်ဂျားတဲ့။ အမေရိကန်တွေကို ပြန်ပေးဆွဲတယ်။ ဆေးခြောက်ကို အလွယ်တကူဝယ်လို့ရတယ်။ အမ်..ဒန်နီယံက ကိုလံဘီယာကမ်းခြေတွေက ရေငုပ်ဖို့အရမ်းလှတယ်၊ လူတွေကလည်း ဖော်ရွေတယ်လို့ပဲ ပြောတယ်။ အဲဒါတွေ ပြောဘူး။  သူက ကိုလံဘီယမ်ကိုး ဒါမျိုးတွေ မကြံ ုဖူးလို ့နေမယ်တဲ့။

အိမ်ရှင်နဲ့ လူနီအင်ဒီးယန်းတွေအကြောင်း စပ်စုကြည့်တော့ ကယ်လီဖိုးနီးယားပြည်နယ်ရှေ့ဖက် နီဘားဒါး သဲကန္တာရဖက်မှာ နင့်မျက်နှာနဲ့ဆင်တဲ့ မျက်နှာပေါက်တွေ တွေ့ရင် လူနီအင်ဒီးယန်းတွေလို့ မှတ်လိုက်ပါတဲ့။ မက်ဆီကန်တွေလည်း မျက်လုံးနက်နက်၊ ဆံပင်နက်နက်တွေ အာရှတွေနဲ့ဆင်တယ်။ နိုဝင်ဘာလရဲ့ စတုတ္တမြောက် ကြသပတေးနေ့ကို လူနီအင်ဒီးယန်းတွေက ဘယ်လိုစိုက်ပျိုးစားသောက်တတ်အောင် သင်ပေးခဲ့တာ၊ ဆောင်းဦး ကောက်ရိတ်သိမ်းချိန်၊ အမေရိကားတိုက်ကို ရှာဖွေတွေ့ရှိခဲ့လို ဘုရားသခင်ကို ကျေးဇူးတင်တဲ့အထိမ်းအမှတ် ကျေးဇူးတော်နေ့ပွဲတော်ကို ကျင်းပကြပါတယ်။

ဒေသခံ လူနီအင်ဒီးယန်းများ...
ကလေးတွေဘွားဘွားက အသက်၆၀ပြည့်ပြီမို့ အငြိမ်းစားယူပါပြီ။ အလုပ်လုပ်စဉ်တုန်းက လစာထဲက ဖြတ်ပြီး ပင်စင်အတွက် အစိုးရက စုဆောင်းပေးတယ်။  စုဆောင်းငွေတွေကို စီးပွားရေးတွေမှာ အစိုးရက ရင်းနှီးမြ ုပ်နှံတယ်။ ၁၉၅၀-၁၉၆၀ Baby Boomer အချိန်တုန်းက ကလေးတွေ အများကြီးမွေးကြပေမဲ့ အခုတော့ အမေရိကန်မိသားစုတခုမှာ ကလေး၂ယောက်ပဲ ယူကြတာ များပါတယ်။  Baby Boomer အချိန်တုန်းက မွေးခဲ့တဲ့သူတွေ အခုအချိန်မှာ အငြိမ်းစားယူကြပြီမို့ အငြိမ်းစားယူကြတဲ့ အရေအတွက်ကများပြီး အလုပ်လုပ်နေတဲ့ လူငယ်လူလတ် အရေအတွက်က နည်းလို့ အစိုးရက အငြိမ်းစားတွေကို သူတို့စုဆောင်းထားသလောက် မထောက်ပံ့နိုင်ပါဘူးတဲ့။ အလုပ်လုပ်တုန်းက တလငါးထောင်ရရင် အငြိမ်းစားယူရင်လည်း တလငါးထောင်  ထောက်ပံ့ရမှာ ခုအစိုးရက လေးထောင်ပဲ ထောက်ပံ့နိုင်ပါတယ်တဲ့။ လူလတ်ပိုင်း အမေရိကန်တွေ သူတို့အငြိမ်းစားယူချိန် အစိုးရဘက်ဂျတ်နည်းနေမှာကို စိတ်ပူမိတယ်တဲ့။

နောက်ပြသနာတခုက နယ်စပ်ကနေ တရားမဝင်ခိုးဝင်လာသူတွေ။ မက္ကဆီကိုနိုင်ငံက ဆင်းရဲလွန်းလို့  စတိတ်ကိုလာပြီး အလုပ်လုပ်ဖို့က မက်ဆီကန်တွေရဲ့ရည်မှန်းချက်။ ရတဲ့လစာလေးကို နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တာပဲသုံးပြီး ပိုတာကို မက္ကဆီကို ပြန်ပို့ကြတယ်။ နိုင်ငံခြားကို ထွက်ငွေများတော့ နိုင်ငံအတွင်း ဝင်ငွေလည်ပတ်စီးဆင်းမှုကို ထိခိုက်စေတယ်။ အခြေအနေပေးရင် မိသားစုကို ခေါ်၊ ရိုမန်ကက်တလစ်ဘာသာဝင်တွေမို့ ကလေးတွေ အများကြီးမွေး။ တရားဝင်နေထိုင်တဲ့ဖြစ်ဖြစ်၊ တရားမဝင်နေထိုင်တဲ့သူဖြစ်ဖြစ် နိုင်ငံအတွင်း ကလေးမွေးရင် ကလေးဟာ အဲဒီနိုင်ငံသားအော်တိုဖြစ်တာ အမေရိကန်တနိုင်ငံတည်း ရှိပါတယ်။

အမေရိကန်နိုင်ငံသားကလေးတွေရဲ့ အုပ်ထိန်းသူကို အစိုးရထောက်ပံ့တာကြောင့် အမေရိကန်မှာ ကလေးမွေးဖို့က မက်ဆီကန်တွေရဲ့ မျှော်လင့်ချက်။ အရီဇိုးနား၊ တက္ကဆက်တို့လို မက္ကဆီကိုနဲ့ နယ်စပ်ချင်းထိဆက်နေတဲ့ ပြည်နယ်တွေမှာ တရားမဝင်ခိုးဝင်နေထိုင်သူတွေ များပါတယ်။ ကိုယ်ဝန်၈လနဲ့ မက်ဆီကန်မိန်းမတယောက် သေနတ်နဲ့အပစ်ခံရပြီး သေရမှာ မကြောက်မလန့် စတိတ်ကိုခိုးဝင်ဖို့ ကြိ ုးစားတာ အမေရိကန်အတွက်အတွက်တော့ မိုက်မဲရှုးသွပ်လိုက်တာလို့ မြင်ပါတယ်။ အသက်ရှင်သန်ဖို့အရေး မငတ်မွတ်အောင် ရုန်းကန်နေသူတွေအတွက်တော့ သေမထူးနေမထူး စွန့်စားမှုတရပ်ပေါ့။

မက်ဆီကန် ရိုးရာဝတ်စုံ...အိမ်ကို အဝါရောင်တောက်တောက် ဆေးသုတ်ထားရင် သေချာတယ် မက်ဆီကန်တဲ့ဗျား...
အစိုးရဆီက ထောက်ပံ့စာ စားပြီး အလုပ်မလုပ် ကလေးတပြွတ်ပြွတ်မွေးနေတဲ့  မက်ဆီကန်တွေ၊ လူမည်းတွေအတွက်  အလုပ်လုပ်ပြီး အခွန်ထမ်းနေတဲ့ အမေရိကန်တွေ မပြောနဲ့ ကိုယ်တွေတောင် မကျေနပ်ဘူး။ မက်ဆီကန်တွေဟာ နိုင်ငံသားဖြစ်သွားလည်း စပိန်စကားပြော၊ အမေရိကန်လို မကျင့်၊ မက်ဆီကန်အသိုင်းအဝန်းမှာ ကျင်လည်၊ အမေရိကန်နိုင်ငံအတွက် သစ္စာစောင့်သိမှုမရှိ၊ အရေးကြံ ုရင် မက္ကဆီကိုနိုင်ငံဖက်မှာ ရပ်တည်ကြမဲ့လူတွေလို့ မြင်ပါတယ်။

ကော်လိုရာဒိုရုပ်ရှင်ရုံမှာ သေနတ်ဝင်ပစ်လို့ လူတွေ သေသွားပါတယ်။ သေနတ်တွေ လက်ဝယ်ရှိလို့ သေနတ်ပစ်မှုတွေ ဖြစ်တာ။ သေနတ်တွေ သိမ်းလိုက်ရင် ဒီကိစ္စငြိမ်းသွားမယ်ထင်တယ်ဆိုတော့ အမေရိကန်တွေကို လက်နက်သိမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ သေနတ်ရှိမှ ကိုယ်ကိုကိုယ် ကာကွယ်နိုင်မှာလို့ အမေရိကန်တွေ ယူဆပါတယ်။ ကိုယ့်အိမ်ထဲဝင်ပြီး ဓားပြတိုက်တဲ့သူကို သေနတ်နဲ့ပစ်တာ ကိုယ့်ကိုကိုယ် ကာကွယ်ရာရောက်ပြီး ထောင်မကျပါဘူးတဲ့။ အဲ အဲဒီဓားပြ ကိုယ့်အိမ်ပိုင်နက်ထဲမှာ မရှိတော့ရင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်ရာ မရောက်တော့ဘူး။ ထောင်ကျနိုင်ပါတယ်တဲ့။ သူခိုးတယောက် ဝင်ခိုးရာက အိမ်ထဲ ၃ရက်လောက် ပိတ်မိနေလို့ အစာငတ်၊ ရေငတ်ဖြစ်နေတာ အိမ်ရှင်ကို သူခိုးက တရားပြန်ဆွဲနိုင်တာ အမေရိကန်နိုင်ငံမှာပဲ ရှိမယ်ထင်တယ်။ နိုင်ငံကို ကျူးကျော်လာသူတွေကို တိုက်ထုတ်ဖို့ သေနတ်ဆောင်ကိုဆောင်ရမယ်လို့ အမေရိကန်တွေ ယုံကြည်ထားတယ်။

အိမ်ရှင်က ပို့ကုန်သွင်းကုန် အေးဂျင့်ပါ။ သူ့ဖောက်သည်တယောက် ထောင်၃နှစ်ကျဖို့ သေချာသလောက် ရှိနေပါတယ်။ ဆေးလိပ်သောက်ရင် အခိုးအငွေ့တွေက ခန္ဓာကိုယ်ထဲရောက်တာက နည်းနည်း လေထဲလွှင့်ကုန်တာကများများ။ တရုတ်နိုင်ငံကထုတ်တဲ့ ပြောင်းတံကတော့ ခန္ဓာကိုယ်ထဲများများရောက်အောင် တီထွင်ထားပါတယ်။ ဆေးခြောက်ရှုပြီး ခန္ဓာကိုယ်မပါတော့ဘူးလို့ ဖီးလ်တက်နေအောင်လို့ပါတဲ့။ ကယ်လီဖိုးနီးယားမှာ တရားဝင်ပေမဲ့ ဒီပြည်နယ်မှာ တရားမဝင်ဘူးလို့ အိမ်ရှင်က ပြောတော့ သူများတွေလည်း ရောင်းနေတာပါပဲဆိုပြိး ရောင်းပါတယ်။ ခုတော့ တရားမဝင် ဆိုင်မှာတွေ့တာနဲ့တင် ထောင်ဒဏ်သုံးနှစ်ဆိုတော့ အစိုးရကို တရားဝင်တယ်ထင်လို့ သူရောင်းတဲ့အကြောင်း ထုချေပေးဖို့ အကူအညီတောင်းပါတယ်။ အိမ်ရှင်မကလည်း ငါနင့်ကိုပြောသားပဲ ရှေ့နေနဲ့တိုင်ပင်၊ ပစ္စည်းတွေ တရုတ်ပြည်ပြန်ပို့ဖို့ ကူညီနေပါတယ်။ သူ့ဖောက်သည်ရဲ့ အမျိုးသမီးက မွေးဖွားရင်း ကလေးသေသွားလို့ အိမ်မှာ နာရေးဖြစ်နေချိန်။ ဒီလိုကိစ္စဖြစ်တော့ ထောင်၃နှစ်လောက် ကျနိုင်တယ်တဲ့။


စကားစပ်မိပြီး ဘိန်းတွေအကြောင်းရောက်သွားတော့ အိမ်ရှင်မက ဘိန်းဟာ အရမ်းဆိုးရွား လူသတ်တဲ့ အရာပါတဲ့။ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး  မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပြီး ဘိန်းကို မြန်မာပြည်မှာ စိုက်ပျိုးခဲ့တယ်။ တရုတ်ပြည်နဲ့လည်း ဘိန်းစစ်ပွဲ ဆင်နွှဲခဲ့တယ်။ တောင်တန်းဒေသတွေဟာ ဘိန်းစိုက်ပျိုးလို့ အကောင်းဆုံး။ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး အာဖကန်နစ္စတန်ပြီးရင်  မြန်မာပြည်က ဒုတိယလိုက်တယ်။ ရွှေတိဂြံဒေသဟာ မူးယစ်ဆေးကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ စိုက်ပျိုးတဲ့တိုင်းရင်းသားတွေဟာ ဘိန်းရဲ့ ဆိုးရွားမှုကို မသိကြဘူး။ ဂျပန်က ပန်းဂျုံစိုက်ပျိုးဖို့ ကူညီပေမဲ့ ဝင်ငွေကွာတော့လည်း ဘိန်းပဲ စိုက်ကြတာပေါ့။ စိုက်ပျိုးတဲ့ တိုင်းရင်းသားတွေ နည်းနည်းပဲရပြီး ဘိန်းဖြ ူထုတ်တဲ့လူတွေကတော့ ချမ်းသာသွားကြတယ်။ အစိုးရက ဘိန်းဖြ ူထုတ်လုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကာကွယ်ပေးတယ်။ နှစ်စဉ် မူးယစ်ဆေးဝါးဖျက်ဆီးပွဲတွေကို နိုင်ငံတကာအသိုင်းအဝန်း သံတမန်တွေရှေ့မှာ ကျင်းပပေမဲ့ ဘိန်းဖြ ူထုတ်လုပ်မှုက တိုးလာဆဲပဲ။

အင်း..အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့လိုက်ရတယ်။ မြန်မာပြည်က ဘိန်းထုတ်လုပ်မှုမှာ နာမည်ကြီးပဲ။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဖက်မှာ။ နိုင်ငံက ကြီးသားပဲနော်တဲ့။ ထိုင်ဝမ် HTC ကုမ္ပဏီ စီအီးအိုက မြန်မာလူမျိုးဟုဆိုကာ တရုတ်တွေရှေ့ ကြွားခဲ့တုန်းက မြန်မာကွဟု မော့နေခဲ့တဲ့ မျက်နှာသည်  ဘိန်းကြောင့် အမေရိကန်တွေရှေ့တွင်  မျက်နှာငယ်နေရဖူးသည်။

စန်းထွန်း
စက်တင်ဘာ ၂၊ ၂၀၁၂။

26 August 2012

My Treasure (Tag)



သမီးစံက သတိတရ တဂ်လာတော့ ဒီပို့စ်လေး ဖြစ်လာပါတယ်။ နွေလရဲ့ ဘလော့ ပျောက်ဆုံးတော့မလို ဖြစ်ရာက ဒီပို့စ်လေး စတင်ဖြစ်ပေါ်လာတယ်လို့ သမီးစံ၊ ကန်ဒီခိုင်တို့ဆီက သတင်းရရှိပါတယ်။ မေးထားတဲ့ မေးခွန်းလေးတွေကတော့..

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?

၂၀၁၀ မေလရဲ့ တခုသော နေ့တရက်မှာ စပြီး ဖြစ်တည်ပါတယ်။ တခုသော နေ့တရက်လို့ ဆိုရတဲ့အကြောင်းက ဘယ်နေ့ဘယ်ရက်ဆိုတာ အတိအကျ မမှတ်တော့လို့ပါ။  မေလ ၁၆ရက်နေ့မှာ ပထမဆုံးပို့စ် တင်တာကို ဘလော့စပေါ့က မှတ်တမ်းတင်ထားပါတယ်။ သေချာတာကတော့ မေ၁၆ ထက်စောပြီး ဘလော့ တည်ဆောက်ခဲ့တယ်ဆိုတာပါပဲ။

ဘယ်လိုတည်ဆောက်လည်းဆိုတော့ ဂူဂယ်မှာ How to make blogspot လို့ ရိုက်ထည့်လိုက်တယ်။ အဲဒီမှာ ဘလော့တည်ဆောက်နည်း ရှင်းပြထားတဲ့ PDF တခုက တော်တော်ကောင်းတယ်။ အဲဒီအတိုင်း တည်ဆောက်လိုက်ပါတယ်။ စစချင်းဆိုတော့ အခက်အခဲတွေ ရှိတာပေါ့။ ဘလော့တွေဆီ သွားလည်ရင်း စီဘောက်၊ လာလည်သူတွေ၊ လာလည်တဲ့နေရာပြတာတွေ ထည့်ရမှန်း သိလာတယ်။ ဘယ်လိုထည့်ရမှန်း ဂူဂယ်ကနေ ရှာပါတယ်။

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

ရည်ရွယ်ချက်ကတော့ ကြီးမားပါပေတယ်။ ဗဟုသုတတွေ ရှယ်ဖို့မဟုတ်။ ကိုယ်ခရီးသွားခဲ့အကြောင်းတွေ မှတ်တမ်းတင်ထားဖို့ ရည်ရွယ်တယ်။ ကိုယ့်ရဲ့ဒိုင်ယာရီမို့လို့ ဘလော့နာမည်ကိုတောင် ဒိုင်ယာရီလို့ ပေးခဲ့တာပါ။ တွေးချင်တာတွေး ရေးချင်တာရေးမှာမို့လို့ Profile မှာတောင်" တွေးချင်တာတွေး၍ ရေးချင်တာရေးသည်။ ဝေဖန်လေကန်နိုင်ပါသည်။"လို့ ရေးထားသေးတယ်။ Profile ဖတ်ရတာနဲ့တင် ပိတ်ကန်ချင်စရာ ကောင်းလှပါဘိ။

ဘလော့ဆိုတာကြီးကို  ၂၀၀၉ ဖေဖေါ်ဝါရီလောက်မှာ အင်တန်းအတူတူဆင်းတဲ့ အေးပိုဆီက သိရတာပါ။ နေ့လည်စာပြီးရင် သူက နိုင်းနိုင်စနေ၊ မမ ဘလော့တွေ ဖတ်တယ်။ အဲဒီတုန်းက Kent Ridge Park ကနေ Mount Faber Park အထိ ပန်းခြံလေးခုကို ဖြတ်ကျော်ခရီးနှင်တဲ့အကြောင်းရေးထားတဲ့ ခြေလှမ်းပေါင်းငါးသောင်းဆိုတဲ့ပို့စ်ကို ဖတ်ပြီး အိအိနဲ့ဖလမ်းဖလမ်းထလိုက်သေးတယ်။

မြန်မာစာလည်း မရိုက်တတ် Burglish နဲ့ရိုက်ရတာဆိုတော့ ပို့စ်တပုဒ်ရေးပြီးတိုင်း ပလန်လက်တယ်။ တကယ်ရေးဖြစ်တာက၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်လာတဲ့အချိန်။ မြန်မာဆိုလို့ တယောက်တည်း စကားပြောဖေါ်မရှိ။ ဒီတော့ သူငယ်ချင်းတယောက်ကို ရင်ဖွင့်သလို ဘလော့မှာ ရင်ဖွင့်ဖြစ်တယ်။ ကျောင့်ဖွင့်ချိန်စောင့်ရင်း မြန်မာစာဘာသာပြန်ပေးရင် ဘာသာပြန်ခပေးမယ်ဆိုလို့ မြန်မာစာရိုက်တတ်အောင် လေ့ကျင့်လိုက်တာ တပတ်တောင် မကြာဘူးဗျား။ ဒီတော့ ၂၀၁၁ တနှစ်လုံး ဇော်ဂျီဖောင့်နဲ့ တဖြောင်းဖြောင်းရိုက်ပြီး မျက်စိနောက်အောင် ပို့စ်တွေတင်နိုင်ခဲ့လေတယ်။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ …
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲဆိုတော့ ရေးချင်တဲ့စိတ်လေးရယ်၊ ရေးချင်တဲ့အတွေးလေးရယ်၊ အချိန်ရယ် ရှိမယ်ဆိုရင်တော့ ရေးဖြစ်နေဦးမှာပါ။ ကိုယ်တိုင်ကိုယ်ကျ  ရေလောင်းပေါင်းသင် စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်လေးလို၊ ငယ်ငယ်ကလေးတည်းက ကျွှေးမွှေးစောင့်ရှောက်လာခဲ့ရတဲ့ ခွေးလေးတစ်ကောင်လို ကိုယ်တိုင်အချိန်ပေးတည်ဆောက်ခဲ့ရတဲ့ ဘလော့လေးကို မြတ်နိုးတန်ဖိုးထားပါတယ်။ ကိုယ့်ရဲ့ဘေဘီလေး ဖြစ်သလို ဝမ်းနည်းအားငယ်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ အထင်သေးတဲ့မျက်ဝန်းတွေကို ကြံ့ကြံခံ့နေချိန်တွေ၊ နောက်ထပ်ဆိုတာ မရှိတော့အောင် ကြိုးစားရင်း မောလျနေချိန်တွေ ကိုယ်နဲ့အတူ မျှဝေခံစားပေးတယ်။ ဘလော့စာမျက်နှာတိုင်းဟာ ကိုယ့်ဘဝရဲ့ စာမျက်နှာတိုင်းပါပဲ။

(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?

မပျောက်ဆုံးဖူးဘူး။ ဘလော့က ဂျီမေးလ်အကောက်နဲ့ဖွင့်ရတာဆိုတော့ ဂျီမေးလ်နဲ့ ဆိုင်မယ် ထင်ပါတယ်။ တလတခါလောက် Backup လုပ်ပေမဲ့ External  HardDisk ထဲ မသိမ်းဖြစ်တာက အချိန်တိုင်း။

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?

သေချာတာကတော့  Backup မလုပ်ထားမိလေခြင်းလို့ နောင်တကြီးစွာ ရနေမှာ သေချာတယ်။ နောက်တခါ ဒီလိုအဖြစ်မျိုး မဖြစ်စေရဘူးလို့ ကြံ ုးဝါးရင်းနဲ့ပေါ့။ Recover လုပ်လို့ရမဲ့ နည်းလမ်းရှိမယ်လို့ မျှော်လင့်ရင်း

မြတ်နိုးတန်ဖိုးထားရတဲ့ ဘလော့လေးတွေ ဘာအကြောင်းနဲ့မှ ပျောက်ဆုံးမသွားစေချင်မိဘူး။

မတဂ်ရသေးဘူးလို့ ထင်တဲ့ ဘလော့ဂါတွေကု တဂ်လိုက်ပါတယ်။ တဂ်ပြီးသား၊ ရေးပြီးသားဆိုရင်လည်း မမြင်ချင်ယောင် ဆောင်သွားပါနော်။ မရေးရသေးဘူးဆိုရင်လည်း အားရင် ရေးပေးပါဦးနော်။

မွန်မွန်ယိုကို
လွင်ပြင်လှိုင်းငယ်
ဂျက်
မမဝသုန်
မိုးငွေ့
မောင်မျိုး
ကျူတီ
မမီးငယ်
အိန်ဂျယ်လှိုင်
မမအိုင်အိုရာ

ဒီစာရင်းထဲ မပါလည်း ပို့စ်လာဖတ်တဲ့ မတဂ်ရသေးတဲ့ ဘလော့ဂါတွေကို တဂ်ပါတယ်နော်။

အခုလောလောဆယ် နားထောင်ဖြစ်တဲ့ သီချင်းလေးတွေကို အတူတူ နားဆင်သွားပါဦး။

ဖေ့ဘွတ်မှာ ရှယ်တဲ့ ဂျပန်သီချင်းကို ဂျပန်စကားပြော တလတက်ဖူးလို့ အိုဟိုင်းရိုးဂိုဆိုင်းမတ်၊ ခွန်နိချိဝ၊ ခွန်ဘန်းဝ၊ အာရီဂါတို ဂိုဆိုင်းမတ်၊ ဂိုမန်းနဲ့စိုက်၊ ဆာယိုနာရ၊ ဒိုးဆို၊ အိုဂျီးစံ၊ အိုကားစံ၊ အိုအိချိ သာသိတဲ့ စန်းထွန်းတယောက် နားမလည်ဘဲ နားထောင်နေပါတယ်။ သီချင်းလေးထဲက နွေရာသီကတော့ ပူနွေးတဲ့ နေရောင်ခြည်အောက်မှာ ပါတီပွဲတွေနွှဲပြီး အားလပ်ရပ်ကို ကုန်ဆုံးစေပေမဲ့ အပြင်က နွေရာသီကတော့  ၈၅၊ ၉၅ ဖာရင်ဟိုက် ၃၀၊ ၃၅  စဲစီးရပ် အပူချိန်။ ဒီသီချင်းလေးနဲ့ ကုန်ဆုံးတော့မဲ့ နွေရာသီကို နှုတ်ဆက်ပြီး သစ်ရွှက်တွေရောင်စုံခြယ်မဲ့  ဆောင်းဦးကို မျှော်နေမိတယ်။


တလောက ရေဒီယိုမှာ ဟစ်ဖြစ်နေတဲ့ သီချင်းလေးပါ။ Good Life လေး ပိုင်ဆိုင်ပါစေ။


ဒေါက်တာရန်နိုင်ရဲ့ အသစ်သီချင်းထဲက သက်ထား၊



YouTube မှာ မတင်သေးလို့ SoundCloud ကနေ နားဆင်ရအောင် ရှယ်လိုက်ပါတယ်။

ကြယ်ကြွေကောင်းကင်

 အိမ်မက်လှေ

 ကြယ်ကြွေညတိုင်း ဆုတောင်းမယ်

ပျော်ရွှင်သော နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေ။

စန်းထွန်း
သြဂုတ် ၂၆၊ ၂၀၁၂။

20 August 2012

No Air...

enjoying the beauty of nature from this chair.
ညသန်းခေါင်ယံ ရုတ်တရတ် လန့်နိုးလာခဲ့သည်။ အိမ်မက်ဆိုးမက်သောကြောင့် မဟုတ် အသက်ရှုမဝသောကြောင့် ဖြစ်သည်။ မြေအောက်ထပ်အလုံပိတ်အခန်းမို့လို့ လေတွေ ကုန်ခမ်းသွားတာလား။ နှာခေါင်းဝ လက်ကလေးတေ့တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် နွေးနေသော လေငွေ့ငွေ့လေးကို ခံစားမိသည်။ သို့သော် ရင်ထဲအသက်ရှုမဝ မွန်းကြပ်နေသည်။ လေဝင်ပေါက်များ ပိတ်ထား၍သလား။ လေဝင်ပေါက်ကို သွားစစ်ကြည့်တော့ တဟူးဟူး လေတိုးဝင်နေသံကြားရုံမက အေးစိမ့်သွားသည်။ ပြတင်းပေါက်များ ပိတ်ထား၍သလား။ ပြတင်းပေါက်ကို သွားဖွင့်တော့ လေနုအေးလေးကို တိုးဝှေ့သွားသည်။ ဒါဆို အဲဒီလေတွေ ဘယ်ရောက်သွားပါလိမ့်။

လေ..လေ..လေ..
အသည်းအသန်လိုအပ်နေသည်။ အသက်ရှုမဝလို့ သေသွားရင်..။  တကယ်ကြောက်မိသွားသည်။ ကိုယ့်ရည်မှန်းချက်တွေ၊ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ မပီပြင်သေးဘူး။ ကိုယ်တွေ့ချင်တဲ့သူတွေ၊ ကိုယ်ပြောချင်တဲ့စကားတွေ၊ ကိုယ်လုပ်ချင်တွေအရာတွေ..။ ဘုရားရေ...။


လေယာဉ်ပျံသံတွေ နားမခံနိုင်သည့်အဆုံး ပြတင်းပေါက်ပိတ်လိုက်သည်။ သေခြင်းတရားဆိုတာ ရှောင်လွဲလို့မှ မရတဲ့အတူ ရင်ဆိုင်လိုက်မည်။ နွေးထွေးစေတဲ့ ဆေးတွေလိမ်း နွေးနွေးထွေးထွေးဝတ် အိပ်ပျော်အောင် ကြိုးစားရင်း အိပ်ပျော်သွားသည်။ မနက်မိုးလင်းတော့ အိပ်ရေးဝလို့ လန်းဆန်းတက်ကြွနေသည်။ အခန်းထဲက လေသည် အရင်အတိုင်းဖြစ်သည်။ အရင်အတိုင်းမဖြစ်သည်က ကိုယ့်ရဲ့စိတ်။

အလုပ်ဝင်ကာစ မသိနည်းပညာတဲ့ဝေါဟာရတွေ၊ မရင်းနှီးသေးတဲ့ သူတွေ၊ မကျွှမ်းဝင်သေးတဲ့ အလုပ်တွေကို နားလည်သဘောပေါက်အောင် ကြိုးစားနေရချိန်။ ကိုယ့်ရှေ့ကတယောက်ကို တလနဲ့ ဖြုတ်ထားတယ်လို့ ကြားသိတဲ့အချိန်။ နေရာသစ်၊ အလုပ်သစ်၊ လူသစ်ဆိုတော့ စိတ်ဖိစီးတယ်နဲ့ တူပါရဲ့။

so called Lavendar...

ခန္ဓာကိုယ်ကျန်းမာအောင်စား၊ ကျန်းမာအောင်နေဖို့လိုသလို စိတ်ကျန်းမာဖို့လဲ လိုအပ်သည်။ ကဲ ဒါဆို စိတ်ကျန်းမာအောင် ဘယ်လိုနေရမလဲ။ အလုပ်မှာ ပျော်ရွှင်ဖို့ကလည်း အရေးကြီးသည်။ ကိုယ်တွေရဲ့ အချိန်တော်တော်များများသည် အလုပ်၌ ကုန်ဆုံးသည်။ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေ လုပ်ရတာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုတိုးသည်။ အလုပ်ပင်ပန်းလျှင် တွေးလိုက်ပါ အလုပ်သာ မရှိဘူးဆိုရင် တော်တော်ပျင်းဖို့ ကောင်းနေမှာလို့။

အီလက်ထရောနစ်ခေတ်ကြီးမှာ ကွန်ပျူတာနဲ့မျက်နှာချင်းဆိုင်ရသည့်အချိန်က များလေသည်။ ဒါ့ကြောင့်လဲ စိတ်ဖိစီးမှုများတယ် ထင်ပါ့။ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးတာ၊ စာအုပ်ဖတ်တာ၊ လမ်းလျှောက်တာ၊ အားကစားလေ့ကျင့်တာ၊ မိသားစု၊ သူငယ်ချင်း၊ ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ပေးတာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာတွေက စိတ်ဖိစီးမှု လျှော့ကျစေပါတယ်။ နာနာ မနာနာ ပရိတ်တရားဖွင့်ထားခြင်း၊ ပရိတ်တရားဖွင့်ရင်း အိပ်ခြင်းသည် ကိုယ့်အတွက်တော့ လုံခြုံစိတ်ချမှုပေးသည်။


မလေး နေ့လည်ထမင်းစားပြီးလျှင် လမ်းလျှောက်သည်ကို အားကျ၍ ကိုယ်လည်း နေ့လည်ထမင်းစားပြီးချိန်နဲ့ ရုံးဆင်းချိန် ရုံးကို တပတ်ပတ် လမ်းလျှောက်လေသည်။ ကိုယ်တို့ရုံးနားမှာတော့ စမ်းချောင်းလေး မရှိ။ ဘဲမကြီးနောက် မလိုက်သည့် ဘဲကလေးတွေကို စိတ်ပူစရာ မလိုဘေ ..:P။ လာဗင်ဒါဟု ကိုယ်နာမည်ပေးထားတဲ့ အလေ့ကျပေါက်ပင်တွေ၊ နီနီရဲရဲပွင့်အာနေတဲ့ နှင်းဆီးပန်းတွေ၊ ဆီးသီးနဲ့တူတဲ့ အသီးတွေ၊ ဆောင်းဦးကို ကြိုလင့်နေတဲ့ မြက်ရိုင်းတွေနဲ့။ မျက်နှာ ကွန်ပျူတာမှ ခွာလိုက်သောအခါ လှပသော သြကာသလောကကြီးကို တွေ့လိုက်ရလေသည်။

ကိုယ်တော့ အလုပ်မှာ ဘယ်လိုဖြေရှင်းမရတဲ့ အခက်အခဲတွေကြုံရင် မျက်စိလေးမှိတ်ပြီး လေဝင်လေထွက် မှတ်ရင်း စိတ်ကို ခဏအနားပေးလေ့ရှိသည်။ သူငယ်ချင်းတွေမောင်းသည့်ကားကို စီးရသည့်အခါ  လက်ကလေးကို လေတိုးဝှေ့သွားသည်ကို နှစ်သက်သဘောကျသည်။ မှန်အလုံပိတ်ကာ လေအေးပေးစက်ဖွင့်ရသည်ကို မနှစ်သက်ဘဲ ကားမှန်အကုန်ချကာ မောင်းလျှင် ကိုယ့်သူငယ်ချင်းများက ကောင်းချီးသြဘာပေးကြလေသည်။ ဆံနွယ်တွေ လေမှာဝေ့ကာ ခပ်ဖွဖွလေး အပြေးလေ့ကျင့်ရသည်ကို နှစ်သက်သဘောကျသလို စက်ဘီးစီးရင်း လေနဲ့အတူ  ရွှက်လွှင့်ရသည်ကို နှစ်သက်သဘောကျသည် ။

sweet fragrance with bees...
humble grass..but beautiful in my eyes...
ကန်ရေပြင်မြေညီနား ရပ်ရင်း ညင်သာစွာ တိုက်ခတ်နေသော လေနုအေးကို မျက်စိလေးမှိတ်ကာ ခံစားရင်း သိမ်မွေ့လွန်းသောအရာတခုကို ဖမ်းဆုပ်မိဖို့ ကြိုးစားနေခဲ့ဖူးသည်။ မျက်စိလေးမှိတ်ကာ အသက်ခပ်ပြင်းပြင်း ရှုပြီး လေနွေးနွေးလေး နှုတ်ဆက်ထွက်ခါသွားသည်ကို တခါတုန်းက ကိုယ်တကယ် ပျော်ရွှင်ခဲ့ဖူးသည်။

စန်းထွန်း
သြဂုတ် ၂၀၊ ၂၀၁၂။

10 August 2012

ဆဋ္ဌဂံ...


အောင်မြင်၍ မအောင်မြင်သော အနားသတ်မျဉ်း...

သော့ဖွင့်လိုက်သည်နှင့် မှောင်မည်း၍ တိတ်ဆိတ်နေသော အခန်းလေးက ရတီ့ကို ကြိုဆိုနေသည်။ အေးစက်တိတ်ဆိတ်ငြိမ်သက်မှုတွေနှင့် ရတီ ကျင့်သားရနှင့်နေသည်။ တခါတရံမှာတော့ ကလေးတွေနှင့် ပျော်ရွှင်စရာကောင်းသော မိသားစုဘဝကို လိုချင်မိသော စိတ်ကလေးမှာ အလုပ်တဖက်၊ ကျောင်းတဖက် ပင်ပန်းနွမ်းလျမူများကြား ကျပျောက်သွားခဲ့သည်။

ချစ်စရာကောင်းပြီး ထက်မြက်သော ရတီမှာ့ လက်တွဲဖော် မရှိသေးဘူးဟု ဆိုလိုက်လျှင် အားလုံးက အံ့အားသင့်ကြသည်။ ရတီ့ကို မြတ်နိုးရင်ခုန်သောသူများ ရှိသလို ရတီ မြတ်နိုးရင်ခုန်ဖူးသော သူများလည်း ရှိသည်။ ရိုးသားကြိုးစားပြီး သားသမီးအတွက် အရာရာပေးဆပ်နေသော ဖေဖေ၊ မေမေ၊ မောင်နှမတွေကို ချစ်သောရတီ့အမ ဝတီ၊ များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းသည့် ရတီ့မောင်လေး နဒီတို့နှင့် ရတီ့ဘဝလေးက အေးချမ်းလှသည်။

ညဏ်ရည်သာမာန်ပေမဲ့ ကြိုးစားသော ရတီသည် မကြိုးစားသော ကောင်လေးများ၊ မိဘပိုက်ဆံထိုင်ဖြုန်းနေသော သူဋ္ဌေး၏သားများ၊ ရုပ်ရည်ချောမောလွန်းသော၊ ရည်းစားများသော ကောင်လေးများ၊ အွန်လိုင်းမှ ကျူတတ်သော ကောင်လေးများကို နည်းနည်းလေးမှ အထင်မကြီး။ အပျိုကြီးဖြစ်မဲ့ဇာတာဟု သူငယ်ချင်းများက မှတ်ချက်ပေးသည်။ ကိုယ့်ကို တကယ်ချစ်မြတ်နိုးရင် စဉ်းစားနော်လို့ သူငယ်ချင်းတွေက  ပြောတိုင်း ရတီက ရည်းစားထားဖို့ အချိန်မရှိဘူးဟု ဆိုတတ်သည်။

တကယ်လည်း ပါရဂူဘွဲ့အတွက် ကျမ်းပြု၊ အလုပ်လုပ်သော ရတီ့အတွက် အချိန်ရှားပါးလှသည်။ သည်ကြားထဲ မိသားစု၊ သူငယ်ချင်းတွေနှင့် စကားပြောချိန် ပေးရသည်။ ရတီ့ဘဝထဲ ဝင်ရောက်ဖို့ ကြိုးစားသူတိုင်း လက်မြှောက်သွားကြလေသည်။ ရည်မှန်းချက်တခု အောင်မြင်ဖို့ အချိန်နှင့် ကြိုးစားအားထုတ်မှု ကြီးကြီးမားမား ပေးဆပ်ရသည်။ အလုပ်ထဲတွင် အောင်မြင်သလောက် အချစ်ရေးတွင်တော့ မအောင်မြင်။

ရတီ နှစ်သက်တဲ့ တောင်တက်၊ ခရီးထွက်၊ စာအုပ်၊ ဓာတ်ပုံပညာ၊ သစ်ပင်၊ တိရစ္ဆာန်လေးများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှုရေးလုပ်ငန်းများနှင့်  ပျော်မွေ့နေခဲ့သည်။ အချစ်ဆိုတာ မထင်မှတ်ထားတဲ့ နေရာ၊ မထင်မှတ်ထားတဲ့ အချိန်၊ မထင်မှတ်ထားတဲ့ သူကို ချစ်မိသွားနိုင်တယ်။ ဒါပေမဲ့ ပေါင်းဖက်ရဖို့ကတော့ ကံကြမ္မာ၊ အခွင့်အရေး၊ အချိန်အခါ တိုက်ဆိုင်ဖို့လိုတယ်။ ရတီ့ မေတ္တာပန်း  ခူးဆွတ်နိုင်မဲ့သူကို သူငယ်ချင်းအားလုံးက စိတ်ဝင်တစား ရှိလှသည်။ ရတီတယောက်ကတော့ အချစ်အကြောင်း မေ့ထားတယ်လို့ ခေါင်းလေးမော့ကာ မေ့ချင်ယောင် ဆောင်နေဆဲ...

လိုချင်တာကိုသိ၍ ရအောင်ယူတတ်သော အနားသတ်မျဉ်း...

အကိုတွေ မောင်တွေကြား ကြီးပြင်းခဲ့သည့် မီးငယ်အတွက် ကိုသက်သည်သာ ကမ္ဘာတခုဖြစ်ခဲ့တာ မီးငယ် နိုင်ငံခြား ကျောင်းသွားမတက်မှီ အထိ။ မီးငယ်သူငယ်ချင်း မိတ်ဆက်ပေးလို့ ကိုနိုင်နဲ့ မိတ်ဆွေဖြစ်ခဲ့သည်။ မီးငယ်တို့ထက် စီနီယာကျတဲ့ ကိုနိုင်က စာတွေရှင်းပြ၊ အခက်အခဲတွေ ကူညီရင်း သံယောဇဉ်တွယ်လာခဲ့သည်။ ကိုသက်က မီးငယ်ကို တကယ်ချစ်မြတ်နိုးပေမဲ့ ထမင်းရည်သောက်ကာ တဲအိုပျက်မှာ နေဖို့ မီးငယ် သတ္တိမရှိဘူးလို့ ဆိုလျှင် မီးငယ်ကို ဝေဖန်ကြမလား။ ဝေဖန်တဲ့ မျက်လုံးတွေကို အားတင်းရင်ဆိုင်ရင်း ကိုသက်နဲ့ ၈ နှစ်ကြာ သံယောဇဉ်ကို ဖြတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည်။ မိဘအသိုင်းအဝန်းတောင့်တဲ့ ကိုနိုင်သည် မီးငယ်ဘဝကို မြှင့်တင်ပေးနိုင်လေသည်။ မီးငယ် သစ္စာမရှိဘူးဟု ဆိုကြလျှင် မီးငယ်နေရာ့မှာဆိုလျှင် သူတို့လည်း မီးငယ်အတိုင်းပဲ ရွေးခြယ်ပါလိမ့်မည်။

တည်ငြိမ်ဦးဆောင်နိုင်သည့် ကိုနိုင့်လို ခင်ပွန်ကောင်း၊ ချစ်စရာကောင်းသည့် သားလေး၊ ကိုယ်ပိုင်အိမ်လေးနဲ့ မီးငယ်ဘဝက အေးချမ်းသာယာလှသည်။ ဆယ်တန်းအောင်ပြီးကတည်းက စာသင်ဂိုက်ဖြစ်သော မီးငယ် မီးဖိုချောင် ဝင်ခဲလှသည်။ အိမ်ထောင်ပြုပြီးတော့မှ အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးရလေတော့သည်။ နဂိုက ကျော့မော့ခဲ့သလောက် အိမ်ထောင်ပြုပြီးတော့မှ ဗြုတ်စဗျင်းတောင်း အခြယ်အသကင်းတဲ့ မီးငယ်ကို တွေ့တဲ့ သူငယ်ချင်းတွေက သနားကြလို့။ နင်တို့ ယောကျ်ားပဲယူ ကလေးမယူနဲ့လို့ မီးငယ်က ဟစ်ကြွေးဆဲ...


ကျေနပ်နေသော အနားသတ်မျဉ်း...

ကြွေက တဦးတည်းသော သမီး။ သူများမောင်နှမတွေမြင်တိုင်း အားကျမိသည်။  အိမ်ထောင်ပြုလို့ ကလေးမွေးရင်တော့ဖြင့် ဘယ်တော့မှ တဦးတည်းသော ကလေးမမွေးဘူးလို့ ကြုံးဝါးထားသည်။ ကြွေ့ထက်အသက်ကြီးတဲ့ အထက်မန်နေဂျာနဲ့ ကြိုက်တော့ အားလုံးက သဘောမတူဘူးလေ။ အချစ်ဆိုတာလည်း ထူးဆန်းတယ်။ ကိုလေးထက် ချောတဲ့သူ၊ ချမ်းသာသူတွေ တပုံကြီးကြားထဲမှာမှ ကိုလေးကိုပဲ ချစ်မိတာ။ ကြွေ့စိတ်ဒဏ်ရာတွေကို ကိုလေးက နားလည်ပေးသလို ကိုလေး စိတ်ဒဏ်ရာတွေကိုလည်း ကြွေ နားလည်ခဲ့တယ်။

မိဘအသိုင်းအဝန်း နှစ်ဖက်စလုံးက မတောင့်သူတွေဖို့စလုံးရေ စရသည်။ ကိုလေး နိုင်ငံခြားထွက်ပြီး သိပ်မကြာခင် ကြွေလိုက်ခဲ့သည်။ လက်ထဲစုမိဆောင်းမိ ရှိအောင် နှစ်ပေါက်အောင် စုခဲ့ကြရသည်။ ဦးလေးအိမ်မှာ အဒေါ့်မျက်နှာ ကြည့်နေခဲ့ရတဲ့ ကြွေ့ကိုယ့်အိမ်ကိုယ့်ယာလေးနဲ့ နေချင်ခဲ့တာပါ။ နေစရိတ်ကြီးမြှင့်တဲ့နိုင်ငံမို့ အိမ်ငှားတွေ တင်ရတိုင်း အိမ်သူကြီးဖြစ်သူက ခေါင်းရှုပ်ရစမြဲ။ ဟိုဟာကို ဟိုမှာ မထားပြန်ဘူး၊ အသီးအရွက်တွေ မကြည့်မိတာနဲ့ လွှင့်ပစ်ရတော့မယ်၊ လျှော်မဲ့အင်္ကျီတွေကို လျှော်မဲ့တောင်းထည့်ပါဆိုတာ ဘယ်တော့မှ မထည့်ဘူးနဲ့ အရင်ကထက် ဗျစ်တောက်ဗျစ်တောက် ဖြစ်လာရသည်။

သမီးလေး ဇူရီမွေးတော့ ကြွေ့ဘဝ အဓိပ္ပာယ်ပိုရှိလာခဲ့သည်။ အရာအားလုံးက သမီးလေးအတွက်။ သမီးလေးအတွက် အားမာန်တွေ ရှိလာသည်။ သမီးလေး ဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့အစွမ်းကုန် ကြိုးစားသည်။ ကိုယ်တိုင်မိဘဖြစ်လာတော့မှ မိဘမေတ္တာကို ပိုနားလည်လာတော့သည်။ အရင်တုန်းကတော့ သားသမီးသုံးယောက်လောက် လိုချင်ပေမဲ့ ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ကလေးတယောက် ကျွှေးမွှေးဖို့၊ ပညာသင်ပေးဖို့တောင် အတော့်ကို မလွှယ်။ ရတီ့ကို တွေ့တိုင်း အိမ်ထောင်ပြုပြီး ကလေးယူဖို့ နားချရသည်။

နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ယူခဲ့ကြတဲ့ ကြွေနဲ့ မီးငယ် သင်ယူခဲ့ကြသည့်ပညာနှင့် အသက်မွေးပြီး လစာကောင်းမွန်တာကို အားကျမိသည်။ သြော်... ကိုယ့်မှာ သူတို့လို အခွင့်အရေး မရှိခဲ့။ ဘွဲ့ယူခဲ့သည့် ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုရသည့် ဘဝကို စိတ်တိုင်းမကျဆုံး။ အခြေအနေပေးရင် သူတို့လို ကျောင်းတက်မယ်လို့ ကြုံးဝါးဆဲ..


ပြည့်စုံ၍ မပြည့်စုံသော အနားသတ်မျဉ်း...

အမြဲတမ်း ပြုံးနေကာ အေးချမ်းပြီး ချစ်စရာကောင်းသည့် ပြုံး။ ပြုံးဘဝက အားကျစရာ။  ပြုံးနဲ့ ပြုံးခင်ပွန်းက တက္ကသိုလ်မှာ အတူတူကျောင်းတက်ခဲ့ကြတဲ့ ကျောင်းနေဖက်တွေ။ ကိုတိုးက နိုင်ငံခြားတက္ကသိုလ်မှာ မဟာဘွဲ့ယူခဲ့ပြီး  ခုတော့ ရန်ကုန်က သင်တန်းကျောင်းမှာ စာသင်သည်။ တဦးတည်းသောသားဖြစ်သည်မို့ နည်းနည်းလေး အတ္တကြီးတာကလွဲရင် ပြုံးကို ချစ်လည်းချစ် ဂရုစိုက်ကြင်နာသည်။ ကောင်လေးတွေက ချစ်သူကောင်မလေးကို ဘာမဝတ်ရ၊ ညာမဝတ်ရလို့ ချုပ်ချယ်နေချိန်မှာ ကိုတိုးကတော့ ပြုံးကို အလန်းဖြစ်အောင် ဆင်သည်။ သူငယ်ချင်းတွေကတော့ ပြောကြတယ်။ ပြုံးတယောက် အိမ်ထောင်ပြုပြီးမှ ပိုဟော့ပိုလှလာတယ်ဆိုပဲ။

ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်က တိုက်အိမ်လေးမှာ ယောက္ခမတွေနဲ့ အတူနေသည်။ မချက်မပြုတ်တတ်ပေမဲ့ အိမ်တော်ထိန်းရှိတော့ အဆင်ပြေလေသည်။ ပြုံးကတော့ ယောက္ခမကြီးခိုင်းတဲ့ နေရာတွေသွား၊ ပိုက်ဆံသိမ်း၊ စာရင်းလုပ်ပေးရုံ၊ ကြီးကြပ်ပေးရုံလောက်ပဲ အလုပ်ရှိတာပါ။ အလုပ်အကိုင် မရှိတော့ ပုံမှန်ဝင်ငွေမရှိ။ ယောက္ခမကြီး သုံးဖို့စွဲဖို့ ပေးတဲ့ငွေလောက်ပဲ ဝင်ငွေရှိတယ်။ ဒီတော့လည်း အိမ်ကို အမြဲမထောက်နိုင်ဘူးပေါ့။

ပြုံးတို့မိဘတွေက သိပ်အဆင်ပြေလှကြီး မဟုတ်ပါဘူး။ မောင်လေး၊ ညီမလေးတွေ ကျောင်းစရိတ်တွေ ရှိတယ်။ ပြုံးအလုပ်လုပ်တုန်းကဆိုရင် အသုံးစရိတ်နှုတ်ပြီး ပိုသမျှ မေမေ့ပေးရတာ သိပ်ကြည်နူးဖို့ ကောင်းတာပဲ။ ရုံးပိတ်ရက် ပြန်ပြီဆိုရင် ဖေဖေ၊ မေမေ၊ မောင်နှမတွေအတွက် လက်ဆောင်ဝယ်ပြီး ပြန်ရတာ သိပ်ပျော်ဖို့ကောင်းတာ။ ခုတော့ အရင်လို မေမေ့အိမ် မပြန်နိုင်တော့ဘူး။ ကိုတိုး အလုပ်အားမှကိုး။ ယောက္ခမကြီးနဲ့ ကိုတိုးကတော့ သိတတ်ပါတယ်။ အိမ်ကို ကြုံရင်ကြုံသလို လက်ဆောင်တွေ လူကြုံပါးတယ်။ ဒါပေမဲ့လည်း ယောကျ်ားဆီမှာ လက်ဖြန့် တောင်းရတာထက် ကိုယ့်ဝင်ငွေကို ကိုယ့်လက်ထဲမှာ ကိုင်သုံးရတာက ပိုကောင်းတာပေါ့နော့။ ပြုံးကတော့ ယောကျ်ားယူပြီး ဇိမ်နဲ့နှပ်ဖို့ ကြံစည်နေတဲ့ သူငယ်ချင်းတွေ့ရင် အလုပ်လုပ်ဖို့ တိုက်တွန်းဆဲ...



မစွန့်စားရဲသော အနားသတ်မျဉ်း

သွယ်က တက္ကသိုလ်စာသင်နှစ်တွေတိုင်း ဂုဏ်ထူးတွေနဲ့ ထူးချွှန်စွာ အောင်မြင်ခဲ့တာပါ။ မဟာဘွဲ့ယူပြီးတော့ ကျောင်းမှာ ကျူတာ မလုပ်ဖြစ်ပါဘူး။ သွယ်တို့တက္ကသိုလ်ကြီးက ဆရာ၊ ဆရာမတွေ ဘယ်လောက်ပင်ပန်းလဲဆိုတာ သွယ်သိတယ်။ စာသင်တဲ့အလုပ်အပြင် ကျောင်းခေါ်ချိန်ကောက်၊ လုံခြုံရေး ဂိတ်ပေါက်စောင့်၊ ယူနီဖောင်းမဝတ်တဲ့ ကျောင်းသားတွေကို လိုက်ဖမ်း၊ စာသင်ချိန်မှာ အခန်းထဲမှာ မရှိတဲ့ကျောင်းသားတွေကို အခန်းထဲမောင်းရတာ တကယ်ပင်ပန်းလှတယ်။ တက္ကသိုလ်စတက်တုန်းက ကျူတာဖြစ်ချင်စိတ်တွေ အတန်းကြီးလာလေ နည်းလာလေ ဟော..ကျောင်းလည်းပြီးရော လုံးဝကိုပျောက်သွားရော။

သွယ့် အမအဆက်အသွယ်နဲ့ ပုဂ္ဂလိကဘဏ်တခုရဲ့ ကွန်ပျူတာဌာနမှာ အလုပ်လေးတခုရတယ်။ လစာကတော့ လောက်ငှတယ်ဆိုရုံ ပိုလျှံတယ်လို့ မရှိဘူး။ ဒါတောင် ဦးလေးအိမ်မှာ နေလို့ အိမ်လခပေးစရာ မလိုလို့။ ကိုယ့်ဘာသာ အိမ်ငှားရမယ်ဆိုရတော့ ဟင်း..လစာနဲ့ လောက်ငှမယ်မထင်။ သွယ့်ချစ်သူ အောင် က သွယ်နဲ့ တက္ကသိုလ် အတူတူတက်ရင်း သူငယ်ချင်းကနေ ချစ်သူဖြစ်လာခဲ့သူပါ။ အောင်က စိတ်သဘောထားကောင်းမွန်ပြီး ရည်မွန်တယ်။  သွယ်တို့ရည်ငံနေတာ နှစ်ဖက်မိဘတွေက သိကြတယ်။ အောင့်ဇာတိက သွယ်တို့နဲ့ တနယ်တည်း။ ရန်ကုန်မှာ အောင့်အမဝမ်းကွဲတွေအိမ်မှာ နေတာပါ။

နှစ်ယောက်သား လက်ထဲစုမိဆောင်းမိဆိုတာလည်း မရှိ ရသမျှကုန်ဆိုတော့ လက်ထပ်ဖို့က အဝေးကြီး။ နှစ်ဖက်မိဘတွေကလည်း နယ်မှာဆိုရင် အိမ်ဘေးက မြေကွက်ကို အိမ်ဆောက်ပြီး လက်ဖွဲ့ပေးနိုင်ပေမဲ့ ရန်ကုန်မြို့ကြီးမှာ တိုက်ခန်းဝယ်ပေးနိုင်လောက်အောင်တော့ မတတ်နိုင်ဘူး။ သူများတွေ နိုင်ငံခြားထွက်ကြပေမဲ့ အောင်က နိုင်ငံခြားမှာ နေရတဲ့ဘဝကို နည်းနည်းလေးမှ မကြိုက်။

ရတီနဲ့ မီးငယ်ကတော့ ကျောင်းလာတက်ဖို့ ခေါ်ပေမဲ့ ကျောင်းလခ၊ ကျောင်းတက်နေချိန် လစဉ် ကုန်ကျငွေ၊ ကျောင်းပြီးလို့ အလုပ်ရှာနေချိန် ကုန်ကျမဲ့ငွေတွေ။ ကျောင်းပြီးလို့ အလုပ်ရရင် အဲဒီပိုက်ဆံတွေ ကျေတယ်ဆိုပေမဲ့ အဲဒီလောက်များတဲ့ ပိုက်ဆံကို ထောက်ပံ့ရအောင် မိဘကိုလည်း အပူမကပ်ချင်။ သွယ့်လောက် စာမတော်တဲ့ ရတီက သွယ့်ကို နှမြောလို့မဆုံး။  တချို့ကျတော့လည်း မိဘက ထောက်ပံ့နိုင်ပေမဲ့ သားသမီးက မလိုက်နိုင်။ တချို့ကျတော့လည်း သားသမီးက တော်ပေမဲ့ မိဘက မထောက်ပံ့နိုင်။ ရတီ၊ မီးငယ်တို့လို မိဘကလည်း ထောက်ပံ့နိုင်၊ သားသမီးကလည်း ကြိုးစားမှ အောင်မြင်တာပါ။ ဒီခေတ်ကြီးကလည်း ပညာဆိုတာ ပိုက်ဆံနဲ့မှ သင်နိုင်တာ။ ပိုက်ဆံမရှိရင် ပညာမတတ်ဘူးလေ။

သီတင်းကျွှတ်တိုင်း ဘယ်တော့စားရမလဲလို့ မေးလာတိုင်း ဟန်လုပ်ပြုံးလေးနဲ့ လာမယ်ကြာမယ်လို့ ပြောရတိုင်း ရင်ထဲနာကျင်ရတယ်။ မိဘကလည်း သဘောတူ၊ ကိုယ်ကလည်း ချစ်ပေမဲ့ လိုနေတာက ပိုက်ဆံ။ ယောက္ခမတွေက မင်္ဂလာဆောင်ပေး၊ လက်ဖွဲ့တဲ့ တိုက်မှာ နေ၊ သွားချင်တာ ကိုယ်ပိုင်ကားစီးနေရတဲ့ ပြုံးဘဝလေးကို အားကျမိတယ်။ အိမ်ထောင်ပြုပြီးရင် ယောကျ်ားလေးတွေက ပိုလှလာတတ်တယ်။ မိန်းမ လျှော်ဖွတ်ပေးတဲ့ ကော့ပျံနေတဲ့ အင်္ကျီဝတ်၊ စားချိန်အိပ်ချိန်မှန်လို့ မိန်းမဖြစ်သူက ဂရုစိုက်လို့လေ။ အိမ်ထောင်ပြုပြီးရင် မိန်းမတွေကတော့ အရွယ်ကျတယ်။ အိမ်မှုကိစ္စ၊ အလုပ်တွေနဲ့ ပတ်ချာလည်ရိုက်နေလို့။ ပြုံးကတော့  ခြားနားစွာ အိမ်ထောင်ကျပြီးတော့မှ ပိုလှလာလေရဲ့။ သွယ့်ရဲ့ ဒသနက အချစ်ထက် အရေးကြီးတဲ့ အရာတွေ ဘဝမှာ ရှိတယ်။


တွေးလွန်းသော အနားသတ်မျဉ်း

လှိုင်ကတော့ စိတ်သဘောထားကောင်းမွန်ပြီး ချောမောလှပသူလေးပါ။ စာသင်ဂိုက်ဆရာမမို့လို့ စိတ်ရှည်သည်းခံတယ်။ လှိုင့်ကို ချစ်ခွင့်ပန်သူ ဝိုင်းဝိုင်းလည်ပေမဲ့ အသည်းလည်း ကွဲဖူးတာလည်းမဟုတ်၊ စိတ်ဝင်စားသလိုလို ရှိခဲ့ဖူးတဲ့ ကောင်လေးတွေရှိခဲ့ပေမဲ့ ရည်းစားရယ်လို့ဖြစ်ဖြစ်မြောက်မြောက် တယောက်မှ မရှိခဲ့။ ဖေဖေ့လုပ်ငန်းတွေကို တာဝန်ခွဲယူရသလို ကျန်းမာရေးသိပ်မကောင်းတဲ့ မေမေ့ရဲ့ အိမ်မှုကိစ္စတွေလည်း ဝင်ပါရတယ်။ ညီမငယ်ကြိုင်ရဲ့ အချစ်ရေးပြသနာတွေလည်း ကူဖြေရှင်းရသေးတယ်။ အရွယ်တော်တဆိတ်ဟိုင်းလို့ ရွေးချယ်ရမဲ့သူက နည်းလာ၊ လူလတ်ပိုင်းအရွယ်ရောက်လာလို့ ဆယ်ကျော်သက်အရွယ်တုန်းလို  ရင်လည်း တဒိတ်ဒိတ်မခုန်တော့။ ခုချိန်မှာ ချစ်ခွင့်ပန်လာရင်တော့ ဦးနှောက်ပဲ ရွေးတော့တယ်။

သူငယ်ချင်းတွေထဲမှာ ရည်းစားလက်မဲ့ဆိုလို့ ရတီနဲ့ လှိုင် နှစ်ယောက်ပဲ ကျန်တယ်။ မီးငယ်ကတော့ တွေ့တိုင်း နင်တို့နှစ်ကောင် ဘာလုပ်နေတာလဲ။ အသက်က ငယ်တော့တာ မဟုတ်ဘူး ရည်းစားမြန်မြန်ရှာလို့ အချွှန်နဲ့မရင် နှစ်ယောက်သား တလေသံတည်း ထွက်တယ်။ အံမယ် ငါတယောက်တည်း မဟုတ်ဘူးနော် ရတီလည်း ကျန်သေးတယ်လို့ လှိုင်ကဆိုရင် ရတီကလည်း အားကျမခံ ငါတယောက်တည်းမဟုတ်ဘူးနော် လှိုင်လည်း ကျန်သေးတယ်လို့ ဆိုတယ်။

အိမ်ထောင်ပြုပြီး အဆင်မပြေတာတွေ မြင်တော့ အိမ်ထောင်ပြုရမှာလည်း ကြောက်မိတယ်။ ဒီအတိုင်းလေး အေးအေးချမ်းချမ်းနေလာရာက အပူတွေ မလိုချင်တော့ဘူး။ အိမ်ထောင်ပြုတယ်ဆိုတာကလည်း မိသားစုအသိုင်းအဝိုင်းနှစ်ခုပေါင်းစည်းတာဆိုတော့ အဖုအထစ်၊ အဆင်မပြေတာလေးတွေ ရှိတာပဲလေ။ ယောင်နောက်ဆံထုံပါလို့မဖြစ်ဘူးလေ။ အိမ်မှာက လှိုင်က အခရာ မရှိမဖြစ်။ ဆံထုံးနောက် ယောင်ပါဦးမှ။ လက်ခံနိုင်လောက်တဲ့ အရည်အချင်းရှိဦးမှ။ လူမှာအမျိုး ကြက်မှာအရိုးဆိုသလို မိဘအသိုင်းအဝိုင်း၊ အဆင့်အတန်းကိုလည်း ကြည့်ရဦးမယ်။ စိတ်နေစိတ်ထားပြည့်ဝဖို့လည်း လိုသေးတယ်။  အသက်အရွယ်ရလာတော့ စဉ်းစားလွန်းသွားတယ်နဲ့ တူပါရဲ့။ စဉ်းစားတာတွေ နည်းနည်းလျှော့မှပါပဲ။

*******************************************************


မတူညီသော စိတ်ဓာတ်အတွေးအခေါ်၊ အမူအကျင့်၊ ခံယူချက်၊  မိသားစု၊ ပတ်ဝန်းကျင်မှ မတူညီသော အနားသတ်မျဉ်းခြောက်ခုကို သူငယ်ချင်းဆိုသောအရာဖြင့် ချိတ်ဆက်လိုက်သောအခါ ဆဋ္ဌဂံလေး ဖြစ်လာလေသည်။ များမြောင်လှသော ကိစ္စများဖြင့် ထိုအနားသတ်မျဉ်းလေးများ အွန်လိုင်းမှာ မတွေ့ဖြစ်၊ ဖုန်းမဆက်၊ တမြို့တည်းနေလို့ မတွေ့ဖြစ်ကြပေမဲ့ သူတို့၏ နှလုံးသားတထောင့်တနေရာတွင် ထိုဆဋ္ဌဂံလေးရှိနေခဲ့လေသည်။

စန်းထွန်း
သြဂုတ် ၁၀၊ ၂၀၁၂။

02 August 2012

ဘော့စတွန်သွား ‌တောလား - ၄

ဇူလှိုင် ၃ ၊ ၂၀၁၂။ အင်္ဂါနေ့။

မနေ့က  ဟားဗတ်နဲ့ အမ်အိုင်တီတခွင် အလည်ကောင်းတဲ့ အကျိုးတွေ ဒီနေ့တော့ ရေရေလည်လည် ခံနေရပါပြီ။ Duck Tour စီးချင်တာလို့ ထပ်တောင်းဆိုတော့ ဘော့စတွန်မြို့တော်ကြီးဆီကို ၁ နာရီခွဲလောက် သွားရမှာ၊ ကိုယ်လက်တွေ ညောင်းညာနေလို့ နီးနီးနားနား ပင်လယ်ကိုပဲ သွားရအောင်နော်။ ပင်ပန်းနွမ်းနယ်နေတဲ့ ရုပ်ကလေး၊ လေသံပျော့လေးနဲ့ ဆူနမ်က ပယ်ချလိုက်ပါတယ်။ ကိုယ်က သွားချင်ပေမဲ့ သူက လိုက်ပို့ပေးမှ ရောက်မှာကိုး။ ကိုယ်တိုင်ကလည်း ဟိုသွားဒီသွားချင်တဲ့ စိတ်သာရှိသာ ဖလက်ပြနေပြီ။

ပင်လယ်ဆီတောင် မရောက်လိုက်ပါဘူး။ နှစ်ကောင်သား တညီတညွှတ်တည်း ရေကန်ဘေးထိုင် ပန်လန်လက်ပြီး ပင်လယ်ကြီးကို ငေးကြတော့တာဗျား။ ဆူနမ်က ထုံးစံအတိုင်း သူ့Gurung မျိုးနွယ်ကို မကြိုက်တဲ့အကြောင်း ဓာတ်ပြားဖွင့်ပါတော့တယ်။ သူတို့မိသားစု အိန္ဒိယမှာ နေတုန်းက သူ့မိဘတွေက ခေတ်မှီပွင့်လင်းပါတယ်။ နီပေါလည်း ပြန်ရောက်ရော သူတို့ဓလေ့ထုံးစံအတိုင်း ပြန်ဖြစ်သွားရော။

နီပေါ၊ အိန္ဒိယမှာက ဇာတ်ခွဲခြားမှု ပြင်းထန်ပါတယ်။ မျိုးနွယ်စု မတူတဲ့သူတွေနဲ့ ယူတယ်လို့ကြားတိုင်း မျိုးနွယ်စုတူတာကို ယူဖို့ ဆူနမ့်ဘာဘာ(အဖေ)က  ဓာတ်ပြားဖွင့်လေတိုင်း  သူ့ကို မယုံဘူးဆိုပြီး ဆူနမ်က ဒေါသပုန်ထ။ ဆူနမ့်ဘာဘာက ဆူနမ့်ကို ယုံကြည်ပေမဲ့ တခုခုဖြစ်သွားမှာကို စိုးရိမ်နေတာပါ။ ဖေ၊ မေ၊ မကြီးကလည်း တကောင်ကြွက်ဖြစ်နေတဲ့ စန်းထွန်းကို စိတ်အမြဲပူနေကြတာ။ စင်္ကာပူလောက် လုံခြုံမှုမရှိတဲ့ စတိတ်မှာ သူငယ်ချင်း၊ မိဘဆွေမျိုး၊ ကိုယ့်လူမျိုးမရှိတဲ့ အရပ်ဒေသမှာ တယောက်တည်း ရပ်တည်ရတဲ့ ဘဝက ခက်ခဲပင်ပန်းတယ်။


ရေကန်စိမ်းလဲ့လဲ့မှာ  ကူးခတ်နေတဲ့ စင်ရော်ငှက်ကလေးတွေရယ်၊ အဆုံးမရှိတဲ့ ပင်လယ်ပြာပြာကြီးရယ်၊ ပင်လယ်နဲ့ ရေကန်ကို ခြားနားပေးထားတဲ့ သစ်တောအုပ်လေးရယ်၊ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေရယ်။ လုံခြုံစိတ်ချမှုမရှိတဲ့ နေ့ရက်တွေ၊ မောပန်းလွန်းတဲ့ နေ့ရက်တွေ၊ အထီးကျန်တဲ့ နေ့ရက်တွေ၊ ဓားမတုံးစေဖို့ သွေးနေရတဲ့ နေ့ရက်တွေကို ခဏမေ့ထားလို့။

ဂင်္ဂါက မွေးနေ့ကိတ်မုန့်မှာထားပြီးပြီလို့ ရာမားပြောလို့ နှပ်နေကြတာ ဂင်္ဂါကို မေးကြည့်တော့မှ မမှာပါဘူးတဲ့။ မွေးနေ့ကိတ် မလှီးချင်တဲ့ ရာမားအကြံတွေကို ရာမားထက် လည်တဲ့ ဆူနမ် မိသွားပြီ။ မွေးနေ့ကိတ် ဝင်ယူ၊ မွေးနေ့ကိတ်ကို အလှဆင်ဖို့ ဘောလုံးတွေ၊ ဖယောင်းတိုင်တွေ ဝယ်။ အုပ်စုထဲမှာ အသေးဆုံး ရာမားတောင် ဘောလုံး၃လုံး ရအောင် မှုတ်နိုင်တယ်။ အဖြစ်မရှိတဲ့ စန်းထွန်းကတော့ တလုံးမှ မမှုတ်နှိုင်။ ကြိုးစားပန်းစား မှုတ်ပေမဲ့ လက်သီးဆုပ်သာသာ ဘောလုံးကို ကြည့်ပြီး သူတို့ မှုတ်ပြီးသား ဘောလုံးတွေကို နံရံမှာ ချိတ်ခိုင်းတဲ့ တာဝန်ကြီး ပေးလိုက်တယ်။


ညနေစောင်းမှာ Independence Day Parade ကို သွားမော့ကြတယ်။ အိမ်ရှေ့ခုံချပြီး လူအကုန်ထွက်ကာ အားပေးကြတာပါ။ ရဲကားသုံးစီးလောက်က တဝီဝီ၊ မီးသတ်ကားတွေ တပွမ်ပွမ် ဥသြဆွဲပြီး ရှေ့ဆုံးက ချီတက်ပါတယ်။ နောက်မှာ သစ်တောဌာနက ကား၊ စစ်တွင်းခေတ်က ကား၊ ယူနီဖောင်းဝတ်တွေ ချီတက်တာကို လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ ကြိုဆိုကြပါတယ်။ ကားတွေပေါ်ကလည်း သကြားလုံးတွေ၊ ဆွဲကြိုးတွေ၊ တီရှပ်တွေ၊ ကူပွန်တွေ ကြဲပါတယ်။ တို့များ အလှုပွဲတွေမှာ သကြားလုံးတွေ၊ ပိုက်ဆံတွေ ကြဲသလိုပေါ့။



ဒီလောက်လှတဲ့ မွေးနေ့ကိတ်ကိုတော့ တခြားဘယ်မှာမှ မြင်ဖူးမယ် မထင်။ မိုက်တီး.. အဲ ဆူနမ့်ရဲ့ ရိုက်ချက်။


လွတ်လပ်ရေးနေ့ည  ၉နာရီခွဲ မှာ မြို့ကြီးတွေသာမက  မြို့သေးသေးလေးပါမကျန် တနိုင်ငံလုံး မီးရှုးမီးပန်း ဖောက်ပါတယ်။ မကြီးက အဲဒါ ငါတို့ပေးထားတဲ့အခွန်တွေနဲ့ မီးပန်းဖောက်နေတာလို့ဆိုပေမဲ့လည်း အဲဒါကို သွားမော့ရတာပါပဲ။ ကားလမ်းတွေ ရှင်းသွားတဲ့ ည ၁၀ နာရီလောက်မှ  ဘော့စတွန်ဆီ ရာမာ မွေးနေ့ဝါးတီးဖို့ ချီတက်ကြပါတယ်။ နှပ်နေတဲ့ စန်းထွန်းကို မျက်လုံးအတင်းဖွင့်ခိုင်းပြီး  ဘော့စတွန်ညအလှကို ရှုစားခိုင်းတယ်။ နီယွန်မီးရောင်တွေနဲ့ ဘော့စတွန်မြို့က ပြိုးပျက်လှပနေတယ်။

North Station နားက Zakim ကြိုးတံတားကြီးက မီးစလိုက်တွေနဲ့ လှပလို့။ ဟားဗတ်ကို သွားတုန်းက ရထားနဲ့ ကားသွားနိုင်တဲ့ Longfellow တံတားကြီးကတော့ ခန့်ညားတယ်။

Zakim Bridge
Longfellow Bridge
မြို့လယ်ကောင်မှာ စိတ်ညစ်ဖို့ အကောင်းဆုံးက ကားပါကင်နေရာကို ရှာရတာရယ်၊ တလမ်းမောင်းလမ်းတွေမို့ ဂျီပီအက်စ်က ညာကွေ့လို့ အော်ရင် ကွေ့ရမဲ့နေရာ မရောက်ခင် ကွေ့ထည့်လို က်လို့ နာရီဝက်ဆိုရင် မိနစ်၅၀ လောက် မောင်းရတယ်။ ကံကောင်းထောက်မစွာ တွေ့တဲ့ တနေရာလေးကို ဆူနမ် ပါကင်ထိုးတာ အဆင်မပြေလို့ အင်ဒိုနီးရှားမလေး နေတီက နှစ်ကြိမ် ဝင်ထိုးရတယ်။ နောက်က ကားတွေက ဟွန်းမတီးတာဘဲ အံ့သြစရာ။ စတိတ်မှာက ဟွန်းသိပ်ကြိုက်ကြသကိုး။

ကျောင်းမှာတုန်းက မိုင်းဖန်နဲ့ ကားမောင်းလေ့ကျင့်ရင်း လေပေးဖြောင့်ကြတာ မီးပွိုင့်မှာ မီးစိမ်းတာ မမြင်လိုက်လို့ ဟွန်းတီးခံရတာ တနေ့တည်း လေးကြိမ်။ ၃ လမ်းမောင်းဆိုရင် ညာဖက်အကျဆုံးက အနှေးလိမ်း၊ ဘယ်ဖက်အကျဆုံးက အမြန်လိမ်း။ တနာရီ ၆၅ မိုင် ဆိုရင် အလယ်လိမ်းက ၇၀၊ အမြန်လိမ်းက ၇၅၊ ၈၀။ အမြန်လိမ်းမှာနေပြီး နှေးနှေးမောင်းလို့ကတော့ လာထား ဟွန်း။ ပွတ်ကာသီကာလေး ဖြတ်ကာ ရှေ့မှာ ခပ်တည်တည် ဝင်ယူလိုက်ရင် လာထား ဟွန်း။ မိန်းလမ်းမက ကားတွေကို အကြာကြီး စောင့်ရင် လာထား ဟွန်း။ ဒီနေ့တော့ ဟွန်းဒေးပဲလို့ ပြောလိုက်မိတာ ဟွားနဲ့ မိုင်းဖန် ဗီယက်နမ်နှစ်ကောင် မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ကြတာ။ ဟွန်း ဆိုတာ ဗီယက်နမ်လို ကစ်စ် အနမ်းလို့ အဓိပ္ပာယ်ရပါသတဲ့။ ဒီနေ့တော့ ဟွန်းဒေးဆိုတော့ အေး.. ကစ်စ်ဒေးပေါ့ဟာတဲ့။


စားသောက်ပြီး ပြန်တော့ မနက်၂နာရီ တီးနေပြီ။ စန်းထွန်းနဲ့ ရာမားကတော့ ကားပေါ်မှာ စက်တော်ခေါ်နေပြီ။ မနက်ငါးနာရီမှာ ဆူနမ့်ကို နိုး၊ အိမ်တံခါးဖွင့်တော့ တက္ကစီက ရောက်နင့်နေပြီ။ အမေရိကန်တွေက အချိန်တိကျတယ်။ အချိန်နောက်ကျမှ ရောက်တာဟာ ချိန်းဆိုထားသူကို မလေးစားရာ ရောက်ပါတယ်တဲ့။ ရာမားနဲ့ နေတီ့ကိုတောင် မနှုတ်ဆက်ခဲ့ရ။

လေဆိပ်ရောက်တော့ စက်မှာ ကိုယ့်ဘာသာ ချက်ကင်း ဝင်ရတယ်။ ဘော့စတွန်ကနေ ချီကာဂိုကို မနက် ၇ ၁၅ မှာ ထွက်ပါတယ်။ ချီကာဂိုရောက်တော့ ၉ နာရီ ခွဲနေပြီ။ လေယာဉ်က ၁၀ ၁၅ ထွက်မှာ။ အသည်းအသန် အူယားဖားရား ပြေးကာ ဘုတ်ဒင်းပတ်စ်ပေါ်က ဂိတ် စီ ၂၅ ကို သွားမေးတော့ စီ ၂၈ ပါတဲ့။ မမအိုင်အိုရာ ပြောတာ မှန်ပါတယ် ခင်ည။ ဘုတ်ဒင်းပတ်စ်နဲ့ မစစ်နဲ့။ Screen ပေါ်ကဟာနဲ့စစ်တဲ့။

၁၀ နာရီတောင် ထိုးတော့တယ်။ ဂိတ်မှာလည်း လူးဝစ်ဗီဆိုတာသာ ပေါ်နေပြီး တုပ်တုပ်မှ မလှုပ်။ လေယာဉ်များ နောက်ကျနေတာလား။ ဘုတ်အကြီးကြီးမှာ သွားကြည့်တော့လည်း ၁၀ ၁၅ Confirmed။ တခြားဂိတ်တွေမှာ သွားကြည့်တော့လည်း လူးဝစ်ဗီဆိုလို့ ဒီဘုတ်တခုတည်း။ ဘီလိုလုပ်ရမှာပါလိမ့်။


ကယောက်ကယက်ဖြစ်နေတဲ့စိတ်တွေ ငြိမ်အောင် မျက်မှန်လေးထုတ်ကာ ဆရာတော် ဦးဇောတိကရဲ့ လွတ်လပ်သောစိတ် စာအုပ်ထုတ်ဖတ်။ ဘုတ်ကို ကြည့်လိုက်တော့မှ လား..လား ..။ Central Time Zone မှာ ရှိတဲ့ ချီကာဂိုက Eastern Time Zone မှာ ရှိတဲ့ ဘော့စတွန်ထက် ၁ နာရီ နောက်ကျတာကို သတိမထားမိတဲ့ စန်းထွန်းတယောက် နောက်ကျနေပြီဆိုပြီး ပျာယာခတ်နေတာ။ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ၉ ၁၅။ ဖုန်းက ဒေသစံတော်ချိန်ကိုလိုက်ပြီး အချိန်ပြောင်းပေးတာကို မသိတဲ့ စန်းထွန်း။ ဘုတ်ပေါ်က အချိန်ကို မျက်မှန်မတပ်လို့ မမြင်တဲ့ စန်းထွန်း။ အဲဒီတော့မှ စိတ်အေးလက်အေး စာဖတ်နိုင်တော့တယ်။

၉ ၅၀ မှာ ဂိတ်ဖွင့်ပါပြီ။ ချီကာဂိုကနေ ၁ နာရီစီးပြီးတော့ လေယာဉ်မယ်လေးက

Happy 4th. Welcome to Louisville

လို့နှုတ်ခွန်းဆက်ပါတယ်။

လေဆိပ်ကထွက်လို့ ကားပါကင်ဝင်းကြီးကို တွေ့ပေမဲ့ ဘယ်လိုသွားရမှန်း မသိ။ ဂိတ်ကို သွားမေးတော့ ကားပါကင်ကို သွားချင်ရင် အပြာရောင် ပါကင်းလော့ဆိုတဲ့ နေရာမှာ စောင့်နေ။ ပါကင်းဝင်းက Shuttle က လာခေါ်လိမ့်မယ်တဲ့။ သိပ်မကြာပါဘူး ကားလေးရောက်လာတော့ ကားကို ဘာနေရာမှာ ပါကင်းထားလဲ။ ဂျီ ။ ဘာကားအမျိုးအစား ဘာအရောင်လဲ။ ဗောက်ဝါဂွန် ခဲရောင်။ ကားနားမှာ ရပ်ပေးပါတယ်။ စက္ကူဘူးခွံမှာ ပိုက်ဆံတွေတွေ့တော့ ဒါတစ်ပ်ပေးထားတာနေမှာ။ ပေးဖို့ရှာတော့ အနုတ်သေးမရှိတော့ ဆောရီးလိုက်ရတယ်။ အထွက်ကို အသေအချာ ညွှန်လိုက်သေးတယ်။

လွန်ခဲ့သောဆယ်နှစ်တုန်းက အမေရိကန်တွေရဲ့ အိမ်မက်ကား..
အိမ်ရှင်က ပြောတယ် အသားတွေ မည်းသွားတယ်တဲ့။ အမြဲတမ်းဝန်ထမ်းဖြစ်တဲ့ ဆူနမ်က ခွင့်၄ရက်ယူပြီး တနင်္ဂနွေမှ ပြန်လာမှာပါ။ စန်းထွန်းမရှိတဲ့ စနေနေ့မှ သင်္ဘောသွားစီးကြမယ်တဲ့။ ကွန်ထရက်သမားလေး စန်းထွန်းခမျာ ခွင့်၂ရက်သာ ယူနိုင်ရှာလေသည်။ Delayမ သွားရာ Delay တတ်တဲ့ Delayမလေး ဆူနမ်တကောင် အပြန်ခရီးစဉ် Delay မဖြစ်စေဖို့ ဆုတောင်းရလေသည်။

ရုံးတက်ပြီး တစ်ရက်အကြာ ကားရှေ့မှန်မှာ စာတစောင် လာတင်ထားလေသည်။ ရည်းစားစာတော့ မဟုတ်။ သင့်ကား၏ ညာဖက်ထောင့်တွင် ရှိသော ကျွန်ုပ်ကားအရောင်နှင့် ကျွန်ုပ်ကားတွင် ရှိသော သင့်ကားအရောင်၊ သင့်ကား၏ အရာအတိုင်း ကျွန်ုပ်ကားတွင် ရှိသည်။ အဆိုပါ အချက်များကြောင့် သင်သည် ကျွနု်ပ်ကားကို ဝင်ဆောင့်သွားသည်။ ဆက်သွယ်ရန်ဖုန်း .... ။ ဂျရတ်ကို မေးတော့ ကန်တက်ကို တွေ့ဖို့လိုက်ပို့ပေးတယ်။ စန်းထွန်း၏ မျက်နှာချင်းဆိုင် ၂ နေရာမြောက်က ကန်တက်ရဲ့ အလုပ်နေရာ။ တွေ့တိုင်း ရယ်ပြနှုတ်ဆက်တတ်တဲ့ ရုံးနီးနားချင်း အမေရိကန်မလေး။

အဲဒီကား ဘာကားလဲလို့ မှန်အောင် ဖြေနိုင်သူကို တဆင့်တိတိ ဆုချပါ့မယ် ခင်ညာ..
ကားတိုက်ပြီး ဘာမှအသိမပေးဘဲ ထွက်သွားတာ ပြစ်မှုမြောက်တယ်။ တိုက်မိလို့ လူမရှိရင် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေ ရေးပြီး စာကပ်ထားခဲ့လို့ ပီတာက ပြောတယ်။ အိမ်ရှင်က ၃၀၀ လောက်ဆိုရင် အာမခံ မသုံးနဲ့။ ကိုယ့်ဘာသာ ပေးလိုက်။ အာမခံသုံးရင် လစဉ်အာမခံကြေးတွေ တက်လိမ့်မယ်။ ဆူနမ့်အာမခံက ၆ လကို ၃၅၀။ ငါ အာမခံရှာတာ ၆၀၀ ကနေ ၉၀၀ ပဲတွေ့တယ်။ ၃၅၀ ဆိုတာ မတွေ့ဘူး ဆိုတော့ မိုင်းဖန်နဲ့ ဆူနမ် နှစ်ကောင်  Team Viewer သုံးပြီး စန်းထွန်း ကွန်ပြူတာကနေ ဝင်နှောက်ရှာဖွေပြီး စန်းထွန်းပြောတာ အမှန်မှန်း သိသွားကြတယ်။ ကန်တက်ကီပြည်နယ်ရဲ့ အကြီးဆုံးမြို့ လူးဝစ်ဗီက ဈေးကိုကြီးတာပါ။

ခန့်မှန်းတွက်ချက်ငွေ ၆၀၀ ကနေ ၁၃၀၀ ကြားကျမယ်ဆိုတော့ စန်းထွန်းတယောက် ဂစ်သွားရှာသည်။ တိုယိုတာ နောက်ဆုံးပေါ် ဈေးကြီးတဲ့ကားကိုမှ သွားတိုက်မိလေခြင်း။ အဲဒီကတည်းကစလို့ နောင်များ ကားလန်းလန်းတွေ တွေ့တိုင်း လိုချင်လိုက်တာလို့ မတွေးဘဲ ဝှောင်ဝှောင်ရှေးရမယ့်ဟာလေးတွေလို့ တွေးတယ်။ သူများတကာတွေ ရုံးနဲ့နီးနိုင်သမျှ နီးအောင် ပါကင်းဖို့ ကြိုးစားနေချိန်မှာ စန်းထွန်းတယောက်ကတော့ဖြင့် ဟိုးအဝေး ...အဝေးဆုံးမှာ တစီးတည်း ထီးထီးကြီး ပါကင်းနိုင်ဖို့ ကြိုးစားနေပါကြောင်း။

ဘော့စတွန်တောလား ဤတွင် ပြီး၏။

စန်းထွန်း
သြဂုတ်  ၁၊ ၂၀၁၂။