၂၀၂၅ ဇန်နဝါရီ ၂ Giza Pyramid တိုးဘွတ်ထားတယ်။ ဇန်နဝါရီ ၁ ညနေစောင်းအထိ ဘာမှအကြောင်းမပြန်လို့ တိုးကုမ္ပဏီကို ဖုန်းဆက်တော့ ညကျရင် ဒရိုင်ဘာနဲ့တိုးဂိုက်ဖုန်းနံပါတယ် ပေးမယ်တဲ့။ ည ၈ နာရီခွဲအထိ ဘာမတ်ဆေ့မှမရလို့ viator customer service ကိုလှမ်းပြော။ cancel လုပ်နေတုန်း မတ်ဆေ့ရတယ်။ မနက် ၃ နာရီ ဒရိုင်ဘာဆီက မတ်ဆေ့ပို့တယ် အိမ်လိပ်စာပေးပါတဲ့။ မနက် ၇ နာရီခွဲ ကားမလာသေးလို့ တိုးကုမ္ပဏီကိုဖုန်းဆက်တော့ ဒရိုင်ဘာရောက်နေပြီတဲ့။ ရှာတော့လည်းမတွေ့ နောက်နာရီဝက်လောက်မှ ရောက်လာတယ်။ အိမ်ရှေ့မဟုတ်ဘူး တခြားလမ်းဖက်မှာ ဝိုင်းထွက်ရှာတော့မှ ကားကိုတွေ့တယ်။ အီဂျစ်တွေ ဟိုင်းဝေးလမ်းမကြီးလည်း ဖြတ်ကူးတယ်။ အရှိန်ပြင်းပြင်းနဲ့ white lane လဲကျော်ဖြတ် မောင်းချင်သလိုမောင်းတယ်။ ဖုန်းပြောရင်း ကားမောင်းတယ် မတ်ဆေ့ရိုက်တယ်။ ဘုရားတပြီး စီးရတယ်။ ဒရိုင်ဘာက ကားလမ်းမှားပြီး ၂ ခါလောက်မှားနေလို့ တိုးဂိုက်ဆီကို နာရီဝက်လောက် နောက်ကျပြီးမှရောက်တယ်။ မနက် ၉ နာရီ Giza ရောက်တော့ တိုးရစ်တွေအများကြီး ရောက်နေပြီ။ တိုးဂိုက်က လက်မှတ်ဝယ်ပေးတယ်။ တဒေါ်လာနဲ့ လာရောင်းတဲ့စျေးသည်တွေဆီက ဘာမှမဝယ်တဲ့ တရာလောက်ဖြစ်သွားမယ်တဲ့။ အီဂျစ်သွားဖို့ youTube မှာကြည့်တော့ scammer အကြောင်းသိတယ်။ ခရစ်တော်မပေါ်မှီ လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်မှာ တည်ဆောက်ခဲ့တဲ့ ပိရမစ်။ တီဗွီထဲမှာမြင်ရတဲ့ ပိရမစ်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့မှ ပိုကြီးကျယ်ခမ်းနားတယ်။ ကျောက်တုံးအကြီးကြီးနဲ့ စနစ်တကျတည်ဆောက်ထားတဲ့ လူသားတို့ရဲ့ ညဏ်စွမ်းကို အံ့သြမိတယ်။ ပိရမစ်က အပြင်မှာပိုကြီးတယ်။ ဘုရင့်အုတ်ဂူထဲဝင်ဖို့ တနာရီလောက်ကြာမှာ ဖြစ်တဲ့အပြင် ပိုက်ဆံလဲပေးရမှာမို့ တိုးရစ်က မဝင်နဲ့တဲ့။
အီဂျစ်တွေက နောက်ဘဝကို ယုံကြည်တယ်။ သေပြီး နောက်ဘဝမှာ ရှင်သန်ထမြောက်ဖို့ အလောင်းကို အသေအချာထုတ်ပိုးတယ် မံမီလုပ်တယ်ပေါ့။ အတွင်းကအူကလီစာတွေနှုတ်ပြီး နှလုံးတခုထဲပြန်ထည့်တယ်။ ပိရမစ်မှာ စတိုခန်း၊ ယစ်ပူဇော်ခန်းတွေပါတယ်။ ပန်းချီပန်းပုလက်ရာတွေ အင်မတန်ဆန်းကြယ်တယ်။ ပိုချမ်းသာတဲ့သူက ပိရမစ်ပိုကြီးကြီး လက်ရာအမြောက်ဆုံး ပန်းချီပန်းပုတွေနဲ့ အလှဆင်တယ်။ တိုးထဲမှာ သစ်ကုလားအုတ်စီးတာပါပေမဲ့ တိရစ္ဆာန်တွေကို နှိက်စက်နေတာမြင်ရတော့ မစီးတော့ဘူး။ ဝိုင်းတို့ရုံးကတယောက် သစ်ကုလားအုတ်စီးတာ ဒေါ်လာ ၁၀၀ - ၂၀၀ ပေးလိုက်ရတယ်။ တိုးထဲမှာ>all-terrain vehicle (ATV) စီးရတာပါပေမဲ့ မစီးတော့ဘူး။ခြေင်္သတပိုင်း၊ လူတပိုင်း Sphinx ကိုနတ်ထင်နေတာ မဟုတ်ဘူး။ Sphinxကို အနမ်းပေးတဲ့ပုံရိုက်ကြတယ်။ ဓာတ်ပုံရိုက်ပေးခ ပိုက်ဆံတောင်းတယ်။ အိမ်သာထဲမှာ သန့်ရှင်းရေးအမျိုးသမီးက တစ်ရှူးလက်ပေးရင်း ပိုက်ဆံတောင်းတယ်။ ဝန်ဆောင်မှုလို့တောင် မသတ်မှတ်တဲ့အရာကို ဝန်ဆောင်မှုတောင်းတယ်။ တယောက်တည်းဆိုတော့ စျေးရောင်းတဲ့သူတွေက ဝိုင်းလာရင် တိုးဂိုက်က တားတယ်။ နေ့လည်စာ မစားနိုင်ဘူး။ နှမ်းပျစ်ချည်နဲ့တူတဲ့ဟာ၊ ခရမ်းသီးကို ခရမ်းချည်သီးနဲ့ ချက်တာတာ၊ ပေါင်မုန့်တော့ မဆိုးဘူး။ ရေနွေးတခွက်မှာသောက်တာ အီဂျစ်ပေါင် ၁၀၀ (၂ ဒေါ်လာ) တောင်းတယ်။ papyrus အပင်ကို အပြားလေးတွေခြစ် ရေစိမ်၊ ပြီးရင် စက်နဲ့ကြိတ် အရေညှစ်။ အဲ့ဒီအပြားလေးတွေနဲ့ ပန်းကားချပ်လုပ် ပန်းချီဆွဲထားတာ အင်မတန်လှတယ်။ တချို့ပန်းချီကားတွေကို မီးပိတ်လိုက်ရင် တမျိုးမြင်ရတယ်။ ဆိုင်က hibiscus ဖျော်ရည်တိုက်တယ် ချဥ်ပြုံးပြုံးလေး သောက်လို့ကောင်းတယ်။ ဒေသခံတွေ သဘောကောင်းကြတယ်။ အမွှေးနံ့သာ၊ ရတနာလုပ်တဲ့ဆိုင်တွေ လိုက်ပြတယ်။ ကော်ဇောလုပ်တာ အင်မတန်လက်ရာမြောက်တယ်။ ချည်မှားမှာစိုးလို့ တနေ့ ၃ နာရီပဲလုပ်ရတယ်။ အီဂျစ်လူငယ်လေးတွေ အသားဖြူဖြူ မျက်ခုံးမျက်လုံးလှလှလေးတွေနဲ့ အင်မတန်ချောကြတယ်။ တိုးဂိုက်က အရင်ဆင်းသွားလို့ နှစ်ယောက်စာတစ်ဖ်ပေးလိုက်တယ်။ အိမ်နားဆင်းခါနီးကြတော့ သူ့ကိုတစ်ဖ်မပေးဘူးလားတဲ့။ နှစ်ယောက်စာအတွက် ပေးထားတယ်လို့ ပြောတာလဲ အင်္ဂလိပ်လိုနားမလည်။ google translate နဲ့ ရိုက်ပြီးပြော၊ တိုးကုမ္ပဏီကိုလှမ်းပြော။ နောက်တခါကျရင် တယောက်ချင်းစီ သပ်သပ်စီပေးရတယ်။ အီဂျစ်စံတော်ချိန် အချိန်မတိကျ၊ တစ်ဖ်တောင်းတာ အမေရိကန်တွေထက်ဆိုးတယ်။
Happy Traveling!
စန်းထွန်း
သြဂုတ် ၈၊ ၂၀၂၅။
papyrus အပင်နဲ့ ပန်းချီကားဖန်တီးတယ် |
![]() |
နေ့လည်စာ |
![]() |
ကော်ဇောတွေ အင်မတန်လက်ရာမြောက်တယ် |