နွေဦးတော်လှန်ရေး - ၄၃

၂၀၂၄ ဖေဖေါ်ဝါရီ ၅ အာဏာသိမ်းတာ ၃ နှစ်ပြည့် တိုင်းစကွဲမှာ ဆုံကြတယ်။ ကိုရီးယားဘာဘီကျူစား စကားပြောတာ မဝသေးလို့ ကော်ဖီဆိုင်သွားထိုင်ကြတယ်။ ည ၁၀ နာရီခွဲ ကော်ဖီဆိုင်ပိတ်တော့မယ်လို့ လာပြောတော့မှထွက်။ ဂျပန်ဆိုင်ဝင်ပြီး စျေးဝယ်ကြတယ်။ အိမ်ကို ညသန်းခေါင်ကျော်မှရောက်တယ်။

စန်းထွန်း

ဇွန် ၁၄၊ ၂၀၂၄။

လူစုံတက်စုံ
ဆူစွာကြိတ် စွာစိလန်
ကိုရီးယားဘာဘီကျူ
စကားပြောတာ မဝသေးလို့ ကော်ဖီဆိုင် ချီတက်ကြ..ကော်ဖီဆိုင် ည ၁၀ နာရီခွဲ
ဆိုင်ပိတ်မယ်လို့ လာပြောမှဆိုင်ကခွာတဲ့ မနိုင်စိန်တွေ

Mero Yatra နီပေါသွား တောလား - ၂၂

အပြန်လမ်းမှာ ဆွဲကြိုးဝယ် ပိုက်ဆံလဲဖို့လိုလို့ money exchange ရှာလဲ။ နေ့လည်စာစား ၁၅ မိနစ်လောက် စောင့်ရတယ်။ ဒါတောင် လေဆိပ်သွားတော့မှာမို့လို့ မြန်မြန်လုပ်ပေးပါပြောလို့။ ဟိုတယ်ပြန် ဆင်းကဒ်ကို ပြန်သုံးလို့ရအောင် ဆိုဖီ့ယာ့အတွက်ဆိုပြီး ဟိုတယ်မှာထားခဲ့တယ်။ လက်ကေ့အိတ်ယူ ဟိုတယ်က တက္ကစီဘွတ်ပေးတယ်။ လေဆိပ်က မြို့ထဲနဲ့သိပ်မဝေးဘူး။ ချက်ကင်ဝင်တော့ လက်ကေ့အိတ်တွေ ဝင်သွားပြီဆိုတာ သေချာမှ သွားခိုင်းတယ်။ လေယာဥ်လက်မှတ်မှာ ဂိတ်နံပါတ်လဲမပါ သူများတွေတန်းစီနေလို့ မေးကြည့်တော့ ဒူဘိုင်းကို မကြာခင်ထွက်မဲ့လေယာဥ်။ နိုင်ငံခြားသွားအလုပ်လုပ်မဲ့ လူငယ်တွေအများကြီးပဲ။ လေ့လာကြည့်လိုက်တော့ ဘယ်ဂိတ်ဆိုတာကို နာရီဝက်အလိုမှ ထွက်တော့မဲ့လေယာဥ်နံပါတ်နဲ့ ဆိုင်းဘုတ်မှာ ကြေငြာပေးတယ်။ ဆင်းကဒ်ထည့်ဖို့ ဖုန်းကိုလုပ်တာ အပ်မရှိလို့အဆင်မပြေဘူး။ တရုတ်မလေးတယောက်ကို မေးကြည့်တော့ သူ့နားကွင်းနဲ့ ကော်ထုတ်ပေးတယ်။ ရွှေညဏ်တော်စူးတာ မြန်မာအတိုင်းပဲ။ လေယာဥ်က နာရီဝက်လောက် နောက်ကျတယ်။ ဘတ်စ်ကားစီးပြီး လှေကားနဲ့တက်ရတယ်။ အထုပ်ကြီးတွေဆိုရင် အဆင်မပြေဘူး။ မြန်မာနိုင်ငံမှာ အရင်တုန်းက လေယာဥ်ပျံဆင်းရသလိုပဲ။ ခက်မန်ထူ၊ ဒိုဟာ၊ နယူးယောက် ၁၈ နာရီ စီးရတယ် အပြန်က ပိုကြာတယ်။

အသွားတုန်းက လက်ကေ့တအိတ်၊ ကျောပိုးအိတ်၊ ဆူနမ့်လက်ကေ့အိတ် အကြီးကြီး။ အပြန်ကျတော့ လက်ဆောင်တွေ ထည့်လာတဲ့ duffle အိတ် ပိုလာတယ်။ သွားသမျှခရီးထဲမှာ နီပေါခရီးကတော့ လက်ဆောင်အဝယ်ဆုံးပဲ။ လက်ဆောင်ဝယ်လာတာ များလှပြီထင်နေတာ ခွဲတမ်းချလိုက်ရော လောက်တောင်မလောက်ဘူး။ အရေးထဲ နီပေါကနေ တကူးတကဝယ်လာတဲ့ မလိုင်လုံးကို မစားရက်လို့ တနေ့တလုံးစားနေတာ။ အရမ်းချိုတယ်ဆိုပြီး အဖေတို့က သူတို့အသိကို ပေးလိုက်လို့ ပြန်တောင်းရသေးတယ်။ တခြားဟာတော့ ပေးနိုင်တယ် မလိုင်လုံးတော့ မပေးနိုင်ဘူး။ ဆူနမ်က နီပေါသွားရင်လိုက်ခဲ့ သူ့ဇာတိ ပိုခရာ၊ ဂူရုန်းရွာကို လိုက်ပို့မယ်တဲ့။ နီပေါခရီးမှာ ချစ်ဖို့ကောင်းတဲ့ ညီအမတွေနဲ့ သိကျွှမ်းခွင့်ရခဲ့တယ်။ ခုမှစတွေ့တာဆိုပေမဲ့ တကယ့်ကိုခင်မင်ရင်းနှီးချစ်ခင်။ မသိရင် နှစ်ရှည်လများ ခင်ခဲ့ကြတဲ့သူတွေလို့ ထင်ရတယ်။ မသိတဲ့သူဆို စကားမပြောတဲ့ကိုယ်တောင် စကားတွေပြော ညီအစ်မတွေနဲ့ အရမ်းကိုပျော်နေခဲ့တာ။ နီပေါကို ထပ်သွားချင်သေးတယ် Annapurna base camp trekking လုပ်ဖို့နဲ့ Mount Kailash ကေလာသတောင် (သို့) မြင့်မိုရ်တောင်ကို သွားချင်လို့။

Happy Traveling!

စန်းထွန်း

ဇွန် ၇၊ ၂၀၂၅။

အနီရောင်က ကိုယ့်အိတ် အမည်းရောင်က ဆူနမ့်အိတ်
ခဲရောင်အိတ်က လက်ဆောင်အိတ်..များလှပြီထင်နေတာ
လက်ဆောင်ခွဲတမ်းချလိုက်တော့ လောက်တောင်မလောက်
ပြန်လိုက်တောင်းရတဲ့ မလိုင်လုံး
လေယာဥ်ပေါ်ကနေ နေထွက်လာတာကို မြင်ရတာ အင်မတန်လှတယ်
ဘတ်စ်ကားစီးပြီး လှေကားလေးနဲ့ တက်ရတယ်..အထုပ်ကြီးရင် အဆင်မပြေ

Mero Yatra နီပေါသွား တောလား - ၂၁

ကုမာရီကျောင်း

၂၀၂၄ နိုဝင်ဘာ ၂၅ မနက်စောစော ရေထချိုးတော့လည်း ရေပူမရဘူး။ ရေအေးအေးနဲ့ချိုး ချက်အောက်လုပ် လက်ကေ့တွေအပ်။ တော်သေးတာပေါ့ ချက်ကောက်မလုပ်ခင် သတိရလို့။ ဓာတ်ပုံဆရာက ဥုံဆွဲကြိုးလေးပေးလို့ နန်းနွယ်၊ မွှေး၊ ကိုယ်တို့ကို နှိပ်တဲ့ဘောပန်လေးလိုဟာလေး လက်ဆောင်ပေးတာ အရင်တည်းခဲ့တဲ့ဟိုတယ်မှာ ထားခဲ့တာ မနေ့ကလက်ကေ့အိတ်ပဲယူပြီး မေ့ကျန်ခဲ့လို့ သွားယူတယ်။ မနက် ၇ နာရီခွဲ Durbar Square ကိုလမ်းလျှောက်ရင် နာရီဝက်လောက်ပဲ လမ်းပဲလျှောက်လိုက်တော့တယ်။ သီရိကို လိုက်မလားမေးတော့ အိပ်ယာထဲမှာကွေးနေတုန်း မလိုက်တော့ဘူးတဲ့။ ဗိုက်ဆာလို့ မနက်စာစားဖို့ဆိုင်ကြည့်တာ မဖွင့်ကြသေးဘူး။ အကြော်ဆိုင်လေးဖွင့်လို့စားတာ ကောင်းတယ်။ အကြော်ကို ဗလာစာအုပ်ကစက္ကူနဲ့ပေးလို့ ဓာတ်ပုံရိုက်ပြီး အိမ်ကိုပြလိုက်သေးတယ်။ အီကြာကွေးသေးသေးလေး လက်ဆောင်ပေးတယ် စားကောင်းတယ်။ နီပေါတွေ တကယ် slow living နဲ့နေတာ။ အားလုံးအေးအေးဆေးဆေးပဲ နွေရာသီဆို ရုံးချိန်က ၉ - ၅၊ ဆောင်းရာသီဆို ၁၀ - ၅။ မီးပွို့င်ရှိပေမဲ့ မသုံးဘူး ယဥ်ထိန်းရဲက လက်ပြပေးတယ်။ ဝင်ကြေးမေးတော့ တထောင် ဘယ်ကလဲ မြန်မာ ဟုတ်လို့လား တရုတ်နဲ့တူလို့တဲ့။ ဒီလောက်အသားညို မျက်စိပြူးတာကို တရုတ်လို့ထင်နေသေးတယ်။ သူ့အဘိုးက ရန်ကုန်မှာနေဖေးတယ်ဆိုပြီး ဝင်ကြေး ၅၀၀ ပဲယူတယ်။ ပြီးတော့ လည်ပတ်သင့်တဲ့နေရာတွေကို ပြပေးတယ်။ အရင်လို ဓာတ်ပုံရိုက်ပေးမဲ့တိုးဂိုက်မရှိတော့ ဓာတ်ပုံရိုက်ပေးမယ်ထင်တဲ့သူကို ဓာတ်ပုံရိုက်ဖို့ အကူအညီတောင်းတယ်။

ပြတိုက်ပြီးတော့ ကုမာရီကျောင်းဆောင်ထဲဝင်တယ်။ ဘယ်နှစ်နာရီလောက်ဖွင့်မလဲမေးတော့ ၁၀ နာရီခွဲလောက်တဲ့။ အခုတော့ နီပေါလူမျိုးတွေနဲ့တွေ့ပြီး blessing ပေးနေတယ်။ အပြင်စျေးတန်းကို လိုက်ကြည့်တော့ နားကပ်လေးတခုလှလို့ ဘယ်လောက်လဲမေးတာ သက်လတ်ပိုင်းအရွယ်ယောကျာ်းတယောက်က စျေးလျော့ပေးမယ်၊ စျေးမေးပြီး မဝယ်လို့ စျေးဦးမပေါက်ဘူးနဲ့ အတင်းလိုက်ရောင်းနေတာ မပြီးဆုံးနိုင်တော့ဘူး။ ဟေ့ ဒီမှာ  နင့်ကိုစျေးပဲမေးကြည့်တာလေ ဝယ်ဖို့စျေးစစ်တာမှ မဟုတ်တာ။ ဘာလဲ မဝယ်ရင် မမေးရတော့ဘူးလား။ ဒီနေ့က ငါ့နောက်ဆုံးနေ့ နေ့လည်ပြန်တော့မှာ ပိုက်ဆံမရှိတော့ဘူး။ ပိုက်ဆံမရှိတာ နင့်နားကပ်ကို ဘယ်ကပိုက်ဆံနဲ့ ဝယ်ရမှာလဲလို့ အသံစွာစွာနဲ့ ပြန်အော်တော့မှပဲ နောက်ကမလိုက်တော့ဘူး။ ပြုံးပြ ကောင်းကောင်းမွန်မွန်ပြောနေလို့  သဘောကောင်းလိမ့်မယ်မထင်နဲ့။ တို့က လိုအပ်လာရင် စွာစိလန်တယ်။ နေ့လည် ၁၁ နာရီ ကုမာရီကျောင်းဆောင်ထဲ ပြန်ဝင်တော့ လူတွေအများကြီးပဲ။ ကုမာရီဆိုတာ living godness အသက် ၄ နှစ်လောက်ကလေးကို ကုမာရီအဖြစ် ရွေးချယ်တယ်။ အသက် ၁၂ နှစ် ရာသီသွေးလာတဲ့နဲ့ ကုမာရီနောက်တယောက်ကို ရွေးချယ်တယ်။ ဆူနမ့်သူငယ်ချင်းတယောက်ဆို ကုမာရီဟောင်း။ ဆူနမ်ရဲ့ middle name က ကုမာရီ.. ဆူနမ် ကုမာရီ ဂူရုန်း။ ကုမာရီကို သာကီဝင်မျိုးနွယ်တွေထဲကသာ ရွေးချယ်ပြီး ရုပ်ရည်ချောမောရမယ်၊ မကြောက်ရဘူး စသည်ဖြင့် ကန့်သတ်ချက်တွေ ရှိပါတယ်။

ခက်မန်ထူကုမာရီ၊ ပန်ဒန်ကုမာရီ စသည်ဖြင့် မြို့တွေမှာကုမာရီရှိပေမဲ့ ခက်မန်ထူကုမာရီက နာမည်အကြီးဆုံး။ကုမာရီရဲ့ blessing မရလို့ ဘုရင်သေသွားတယ်။ ကုမာရီထမ်းစင်ကနေပြုတ်ကြလို့ ရေကြီးတယ်စသည်ဖြင့် ယုံကြည်ကြပါတယ်။ ၂၀၂၅ မှာလည်း ကုမာရီက အော်ငိုတယ်တဲ့ နမိတ်မကောင်းဘူးပေါ့။ သိတဲ့အတိုင်း ၂၀၂၅ အစကတည်းက တခုပြီးတခုဖြစ်နေတာ။ ကုမာရီကို ဓာတ်ပုံရိုက်ခွင့်မရှိဘူး ဖုန်းကိုင်ထားရင် အစောင့်ကအော်ပြီး ဖုန်းသိမ်းခိုင်းတယ်။ လေသာပြတင်းပေါက်ကနေ ကုမာရီကလေးမလေး ထွက်ကြည့်တယ်။ လက်အုပ်ချီပြီး နာမတ်စတေးလုပ်ခိုင်းတယ်။ ကုမာရီကလေးက ငယ်လိုက်တာ၊ ချောလိုက်တာလို့ တွေးနေတုန်း အထဲပြန်ဝင်သွားတယ်။ အစောင့်က ကုမာရီကိုတွေ့ခွင့်ရဖို့ အရမ်းခက်တယ် နင်တို့ ကံကောင်းတယ်တဲ့။ ဆူနမ့်ကို ကုမာရီတွေ့ခဲ့တယ်လို့ပြောတော့ ဆုမတောင်းလိုက်ဘူးလားတဲ့။ ဆုတောင်းဖို့နေနေသာသာ ငေးနေတုန်း အထဲကိုပြန်ဝင်သွားတယ်။ နေ့လည် ၁၂ နာရီကျော်နေပြီမို့လို့ ဟိုတယ်ဆီပြန်တာ ဘယ်လိုဖြစ်ပြီး durbar square နားပြန်ရောက်သွားတယ်။ လမ်းကကျဥ်း ဆိုင်ကယ်တွေက ကိုယ့်ကိုဝင်တိုက်တော့မလိုဘဲ။ ဖုန်ထူလို့ mask တပ်ရတယ်။ လမ်းဆုံလမ်းခွတွေမှာ ဂူဂယ်မတ်နဲ့ရှာတာ လမ်းတွေမှားလို့ ဒေသခံတွေမေးရတယ်။ လမ်းကူးရတာ အင်မတန်ခက်တယ်။ လမ်းရှင်းတာစောင့်လို့မရဘူး ဟိုကြည့်ဒီကြည့်ကူးပဲ။

Happy Traveling!

စန်းထွန်း

မေ ၃၁၊ ၂၀၂၅။

ပြတိုက်
အကြော်ကို ဗလာစာရွက်လေးနဲ့ပေးတာ မြန်မာပြည်လိုပဲ
သဘောကောင်းတဲ့ အကြော်သည်

Mero Yatra နီပေါသွား တောလား - ၂၀

၂၀၂၄ နိုဝင်ဘာ ၂၄ နေ့လည့စာ ဖက်ထုပ်စွပ်ပြုတ်စားပြီးတော့ Patan (Lalitpur) ဆီသွားလည်တယ်။ နီပေါစရောက်တုန်းက တည်းတဲ့နေရာ။ ရှေးဟောင်းစေတီပုထိုး၊ သစ်သားပန်းပုလက်ရာတွေ အင်မတန်လက်ရာမြောက်တယ်။ Durbar Square စည်တယ်။ နီပေါအမျိုးသမီးတွေဆွဲတဲ့ ပုတီးလုပ်တာ ဝင်ကြည့်တယ်။ နီပေါလူမျိုးတွေ ဖော်ရွေတယ် မြန်မာနဲ့တူတယ်။ တိုင်းရင်းသားဆေးဆိုင်ကို လိုက်ပြတယ်။ ဒေါင်းမြီးတွေ့လို့ ဘာလုပ်တာလဲမေးတော့ Shiva နတ်ကို ပူဖော်ဖို့တဲ့။ ခြင်းတောင်းခေါင်းပေါ်မှာထမ်းပြီး စျေးရောင်းတဲ့သူတွေ့တယ်။ မြန်မာပြည်လိုပဲ လမ်းကူးချင်တဲ့နေရာ ကူးတယ်။ ညနေ ၃ နာရီခွဲလောက်ကျတော့ ဆူနမ်ညွှန်းတဲ့ spa ဆီသွားတယ်။ ညနေ ၄ နာရီ ဘွတ်ကင်လုပ်ထားတာ ၂ နာရီအနှိပ်ခံတယ်။ နှိပ်တာအရမ်းကောင်းတယ် အိပ်ပျော်သွားပြီး ပေါ့ပါးသွားတယ်။ Spa ကို တက္ကစီငှားခိုင်းပြီး ပထမဟိုတယ်မှာ လက်ကေ့အိတ်ဝင်ယူ ဒုတိယဟိုတယ်ဆီသွားတယ်။ Tamal တိုးရစ်နေရာဆိုတော့ ဆူညံပွက်လောရိုက်နေတာပဲ။ ဆူနမ်က live music ရှိတဲ့ ဘားကိုညွှန်ပေမဲ့ ကိုယ်က ည ၁၀ နာရီဆို အိပ်ယာထဲ ပစ်လှဲချင်နေပြီ။ ကာရာအိုကေဆိုသံတွေ ဆူညံနေလို့ noise cancelling headphone တပ်အိပ်ရတယ်။ စျေးပေါတဲ့ဟိုတယ်မို့လို့ ရေပူရတယ်ပြောပေမဲ့ ရေပူမရဘူး။

Happy Traveling!

စန်းထွန်း

မေ ၂၄၊ ၂၀၂၅။

တိဗက်ဗုဒ္ဓဘာသာ ဘုရားဆင်းတုတော်
သစ်သားတွေ ထွင်းထုထားတာ အင်မတန်လက်ရာမြောက်တယ်
ဒေါင်းအတောင်က Shiva နတ်ကို ပူဇော်ပသဖို့
ခြင်းထောင်းခေါင်းထမ်းပြီး စျေးရောင်းတယ်
နီပေါအမျိုးသမီးတွေဝတ်တဲ့ ပုတီး

Mero Yatra နီပေါသွား တောလား - ၁၉

၂၀၂၄ နိုဝင်ဘာ ၂၃ အစတုန်းကတော့ Pokhara ကနေ Kathmandu ကို ကားနဲ့ပဲပြန်မလို့။ လမ်းကမကောင်း အကြာကြီးမောင်းရတော့ လေယာဥ်နဲ့ပြန်ပြီး စျေးဝယ်ထွက်ကြမယ်လို့ အစီအစဥ်ပြောင်းလိုက်တယ်။ လေယာဥ်ခက ဒေါ်လာ ၁၀၀ ကျော်ကျတယ်။ ပိုခရာလေဆိပ်ကြီးက အသစ်ကြီး။ လေယာဥ်ကသေးလို့ ကျောပိုးအိတ်၊ ဟမ်းကမ်ရီအသေးလေးလောက်ပဲယူပြီး အိတ်အကြီးတွေကို ကားနဲ့ပို့လိုက်တယ်။ စီးရတာ နာရီဝက်လောက်ပဲ ကြာသလိုပဲ။ လေယာဥ်ပေါ်တက်ပြီး အိပ်တောင်မအိပ်လိုက်ရဘူး ခက်မန်ထူကို ရောက်ပြီတဲ့။ လမ်းမကောင်းလို့ ကားအသေးနဲ့ ကား ၂ စီးနဲ့ ခရီးထွက်ဖို့ အကြံပေးပေမဲ့ တစုတစည်းတည်းသွားချင်လို့ ကားကြီးနဲ့သွားရအောင် စီစဥ်ရတာမလွယ်ဘူး။ ဆိုဖီယာ၊ သူ့အမျိုးသား၊ တစ်နှစ်အရွယ် သားလေး၊ ၆ နှစ်အရွယ်သားလေး၊ အကိုဆရာ၊ ဓာတ်ပုံဆရာ လိုလေးသေးမရှိ စောင့်ရှောက်ကူညီပေးတယ်။ ဟိုတယ်က Thamel မှာဆိုတော့ စျေးဝယ်ထွက်ဖို့ အဆင်ပြေတယ်။ လက်ကေ့အိတ်တွေကို ဟိုတယ်မှာအပ် ဂါဝန်လဲဖို့ ၇ ထပ်က အိမ်သာသွားတော့ မျက်မှန်ပျောက်သွားတယ်။ lobby ကိုဆင်းလာတော့ မစန်းမျက်မှန်ဆိုပြီး မချောဆီမှာ အပ်ထားတယ်။ သွားခါနီး ဖုန်းပျောက် ကောင်တာမှာရှာတာမတွေ့။ ဟိုတယ်ချက်ကင်ဝင်လို့ရတဲ့ ညီမတယောက်အခန်းမှာ အထုပ်တွေသွားထားရင်း ကျန်ခဲ့တာ။ လက်ဖက်၊ ကော်ဖီ၊ ဆေးခြောက်ရိုးနဲ့လုပ်ထားတဲ့အိတ်၊ မုန့်တွေဝယ်တယ်။ ဆိုဖီယာရဲ့ ယောဂဆရာက လိုက်စောင့်ရှောက်ပေးတယ်။ အမျိုးဆိုင်၊ အသိဆိုင်၊ စျေးမှန်တဲ့ဆိုင်တွေပဲ ခေါ်သွားတယ်။ ဒေါင်းဂျက်ကက်က ၁၀ လောက်ပဲကျလို့ မေထန့်ဆို မိသားစုအတွက် ၁၀ လောက်ဝယ်တယ်။ ခရီးသွားရင် မက်ဂနက်လောက်ပဲဝယ်တဲ့ကိုယ်တောင် ဝယ်တာအိတ်တလုံးဖြစ်သွားတယ်။ ညီအမတွေ စျေးဝယ်ထွက်ကြတာ ပျော်ဖို့ကောင်းတယ်။ မချောက ဒိန်ချဥ်ဝယ်တိုက်တာ ကိုယ်မသောက်လိုက်ရလို့ ညကျ မသောက်လိုက်ရတဲ့သူတွေ တအိုးပြန်တိုက်တယ်။

ညနေ ၂၀ ထပ်ပေးပြီး sound healing ထပ်သွားကြတယ်။ ပြီးတော့ နေမာမျိုးနွယ်စုရဲ့ အစားအသောက်နဲ့ ညနေစာစားကြတယ်။ အရသာက နည်းနည်းစိမ်းတော့ မစားနိုင်ဘူး။ ဟိုတယ်ပြန်ရောက်တော့ ဗိုက်ထဲကနေ လေတွေတဘွတ်ဘွတ်ထွက်တာ အိမ်သာထဲဝင်တော့လည်း လေပဲထွက်တယ်။ အခန်းဖော်မွှေးလည်း sound healing က အပြန်ကတည်းက လေတွေ တဘွတ်ဘွတ်ထွက်နေတာတဲ့။ မနက်ဖြန်ပြန်ကြမှာဆိုတော့ အထုပ်တွေသိမ်း။ မှာထားတဲ့ singing bowl ၊ ပုတီးတွေ၊ လက်ကောက်တွေ၊ ခေါင်းလောင်းတွေကို မှာတဲ့စာရင်းအတိုင်း ပစ္စည်း၊ အရေအတွက်၊ ပိုက်ဆံစစ်။ lobby ကိုအပိုင်စီးပြီး ညသန်းခေါင်အထိ စျေးအရောင်းအဝယ်ကြတယ်။ အမွှေးက management အရမ်းကျွှမ်းတယ်။ သူလုပ်သွားတာ ဒေါင့်ကိုစေ့နေတာပဲ။ ညသန်းခေါင်ကျမှ အထုပ်မသိမ်းရသေးဘူးဆိုပြီး အခန်းထဲပြန် အထုပ်သိမ်း။ ၂၀၂၄ နိုဝင်ဘာ ၂၄ ကိုယ့်မွေးနေ့ ခရီးစဥ်ပြီးဆုံးတဲ့နေ့ အများစုကပြန်ကြမှာ။ ကိုယ်နဲ့သီရိကတော့ ဆက်နေဦးမယ်။ မနက်စာစားပြီး ၉ နာရီလောက် ဆိုဖီယာစီစဥ်ပေးတဲ့တိုးကားက လာခေါ်တယ်။ သီရိကမလိုက်တော့ ကိုယ်တယောက်တည်းပဲ။ အမွှေးက ကိုယ့်အထုပ်တွေ လိုက်ချပေးတယ်။ ကိုယ်နဲ့ energy တူလို့ မချောက တခန်းတည်းချပေးတဲ့ အမွှေး။ နှစ်ရက်ပဲ တခန်းတည်းနေရပေမဲ့ ညီအစ်မလို ခင်သွားတယ်။ ခွဲခွာရတော့မယ်ဆိုတော့ ကိုယ်ကမျက်ရည်ဝဲပေမဲ့ အမွှေးကတော့ ညီအစ်မတွေ ပြန်ဆုံဦးမယ်ဆိုတာသိလို့ အေးဆေးပဲ။

English tour guide နဲ့ ဒရိုင်ဘာက သဘောကောင်းတယ်။ ဆူနမ့်သူငယ်ချင်းက မတ်ဆေ့ပို့လာတယ် လိုက်ပို့ပေးရမလားတဲ့။ တိုးဂိုက်နဲ့ လည်နေပြီ မနက်ဖြန်တော့ တယောက်တည်းလည်မှာ လိုက်ပို့မလားမေးတော့ တနင်္လာနေ့မို့ သူလိုက်ပို့လို့မရဘူးတဲ့။ ခက်မန်ထူကနေ တနာရီလောက်ဝေးတဲ့ Bhaktapur ကိုသွားလည်တယ်။ ၂၀၁၅ ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့တိုက်တွေ အခုထိမဆောက်နိုင်သေးဘူး။ အုတ်ကလေးတွေ စီထားတယ် နယ်ကလယ်ကွက်ကိုရောင်းပြီး တဖြည်းဖြည်း ပြန်ဆောက်ရတာတဲ့။ တိုးဂိုက်ရှင်းပြလို့ ဟိန္ဒဘုရားကျောင်းနဲ့ တိဘက်ဗုဒ္ဓဘာသာဘုရားကျောင်းကို ခွဲတတ်သွားတယ်။ မြန်မာပြည်မှာဆို စေတီဆိုရင် လူမနေပေမဲ့ နီပေါမှာတော့ တိုက်ခန်းပတ်ပတ်လည်ကြားထဲမှာ စေတီ။ အဲ့ဒီစေတီကို ထိန်းသိမ်းစောင့်ရှောင့်တဲ့ မိသားစုရှိတယ်။ နီပေါတွေ ဘာသာရေး ကိုင်းရှိုင်းတယ်။ လမ်းထောင့်တိုင်း စေတီ၊ ဘုရားကျောင်းရှိတယ်။ မြေအိုးတွေ ခုထိသုံးနေတုန်းပဲ။ ပန်းချီကားတွေ အင်မတန်လက်ရာမြောက်တယ် ဒေါ်လာ ၈၀၀၀ ကနေ ၁၀,၀၀၀ ကျော်အထိရှိတယ်။ ခေါ်ရခါးဓားတွေ အင်မတန်လှတယ်။ သစ်သားကိုထွင်းထားတဲ့ ပန်းပုလက်ရာတွေ အင်မတန်လက်ရာမြောက်တယ်။ ကြေးလင်ပန်း၊ ကြေးဆီမီးပူဇော်တဲ့ဟာတွေလည်း အင်မတန်လက်ရာမြောက်တယ်။ တိဘက်လည်ဆွဲ ၂ ခု၊ ခေါင်းလောင်းတခု ဝယ်တယ်။

Happy Traveling!

စန်းထွန်း

မေ ၁၇၊ ၂၀၂၅။

ဆိုဖီယာ့အမျိုးသားအမျိုးဆိုင်က မုန့်တွေ..အင်မတန်စားကောင်းတယ်
အရမ်းကောင်းတဲ့ ဒိန်ချဥ်
ဒီအိမ်ကြီးက အပေါက်ကြီး..လူတွေလာနား စကားတွေစုပြောကြတဲ့ ဇရပ်ပါတဲ့ rest house
ဖက်နဲ့လုပ်ထားတဲ့ ခွက်ကလေးတွေ..sustainable eco friendly 
သစ်သားကို ထွင်းထုတားတဲ့ ပန်းပုလက်ရာ အင်မတန်အနုစိတ် အင်မတန်လှ
ဆိုင်ကယ်မှာ ပစ္စည်းအပြည့်တင်တာ မြန်မာပြည်လိုပဲ
Pottery Square
ခေါ်ရခါးဓား အင်မတန်လှ လက်ရာမြောက်တယ်
ပန်းချီကားတွေ အင်မတန်လက်ရာမြောက်..ဒေါ်လာရှစ်ထောင်ကနေ တသောင်းကျော်အထိ ရှိတယ်
တိဘက်ဗုဒ္ဓဘာသာစေတီ
mo mo soup