ကနေဒါသွား တောလား - ၁

၂၀၂၄ ဇူလှိုင် ၁၁ ကနေ ၁၆ ရက်အထိ ကနေဒါအရှေ့ဖက်ပိုင်းကို သွားလည်ဖြစ်တယ်။ မနက် ၁၀ နာရီလေယာဥ် အိမ်ကနေ ၇ နာရီလောက်ထွက်ပြီး ဂျက်ဆင်ဟိုက်ဘူတာကို ၁၀ မိနစ်လမ်းလျှောက်။ အဲ့ဒီကနေ လဂွားရီးရားလေဆိပ်ဆီ အခမဲ့ပြေးဆွဲတဲ့ ဘတ်စ်ကားကိုစောင့်တာ ၈ နာရီကျော်မှလာတယ်။ ဘတ်စ်ကားပေါ်မှာ လူအပြည့်ပဲ။ Check-in ဝင်တော့ ဟမ်းကယ်ရီ ၂ အိတ်ကိုကြည့်ပြီး အဲ့ထဲထည့်ကြည့် မဆန့်ရင် ချက်ကင်လုပ်ရမယ်။ ထည့်ကြည့်တော့ ၁လက်မကြီးနေလို့ မဆန့်ဘူး။ တအိတ် ၃၀ ပိုပေးရတော့မယ်ဆိုပြီး မျက်နှာမကောင်းဖြစ်သွားတော့ နင်တို့အိတ်က ပေါ့ပေါ့လေးမို့ အလကားလုပ်ပေးလိုက်မယ်တဲ့။ လေယာဥ်က လူအပြည့်မို့ လူ ၁၀ ယောက်ဟမ်းကယ်ရီ voluntary check-in လုပ်ဖို့အော်ပြောနေတယ်။ Air Canada စျေးသက်သာတဲ့လေယာဥ် ထိုင်ခုံမရွေးထားလို့ တယောက်တနေရာစီကျတယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုတော့ တော်သေးတာပေါ့။ လေယာဥ်ထွက်တာ နောက်ကျပေမဲ့ အမြန်မောင်းလို့ တနာရီကျော်လောက်နဲ့ တိုရွန်တိုရောက်တယ်။ အမေကတော့ အိပ်တောင်မအိပ်လိုက်ရဘူးတဲ့။ ဘက်ဂျက် Spirit Airline ထက်တော့သာတယ် မုန့်နဲ့ရေတိုက်တယ်။ လေယာဥ်မှာ အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကြေငြာတယ်။ သူတို့ပြင်သစ်စကားက ပြင်သစ်ကလို နားထောင်မကောင်းဘူး။ လေဆိပ်ကနေ Union Express ရထားကို ၃ ဘူတာစီး။ မြေပြင်တက်ပြီး မြေအောက်ရထားရှာတာ မတွေ့လို့မေးကြည့်တော့ ဟိုမှာလေ TTC။ လက်မှတ်ဝယ်တာ ဘူတာရုံဝန်ထမ်းက လာကူပေးတယ်။ One ride ၃ ကျပ် ၂ နာရီအတွင်း ၃ ခါဖြတ်လို့ရတယ်။ သူညွှန်တဲ့အတိုင်း East bound 2 ရထား ၅ ဘူတာစီး။ ပြီးတော့ ၁၅ မိနစ်လမ်းလျှောက်ရင် Air B&B အိမ်ရောက်ပြီ။ လေဆိပ်ကနေ အိမ်အထိ ၂ နာရီကြာတယ်။ Uber စီးလို့ရပေမဲ့ လူနေမှုပတ်ဝန်းကျင်ကို သိချင်လို့ မြေအောက်ရထားစီးချင်တာ။ လမ်းပေါ်မှာ လူတွေမတွေ့လို့ တို့ကွင်းရပ်ကွက်တောင် တိုရွန်တိုထက် စည်သေးတယ်။ ပင်ပန်းသွားကြလို့ ညနေအသိညီမလေးနဲ့ ညစာစားဖို့ချိန်းထားတာကို အဖေနဲ့အမေ မလိုက်နိုင်တော့ဘူး။ တရုတ်တန်းကဆိုင်ကို ၁၅ မိနစ်လောက် လမ်းလျှောက်ရတယ်။ ပုသိမ်မြို့လေးကို ရောက်နေရသလိုပဲ။မေရီလန်းကညီမလေးက မိတ်ဆက်ပေးလို့ နီပေါခရီးစဥ်မှာ လိုက်ပါမယ့် ညီမလေးနဲ့ ညစာစားရင်း တိုင်ပင်ဆွေးနွေးကြတယ်။ မြို့ထဲဖက်ကို လမ်းလျှောက်ရင်း ဓာတ်ပုံတွေရိုက်၊ စကားတွေပြော။ စိတ်ဝင်စားတာတွေတူတော့ ပြောစရာစကားတွေအများကြီးပဲ။ နောက်နေ့ နိုင်အာဂရာရေတံခွန်သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၂၆၊ ၂၀၂၄။

No comments: