၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၆

၂၀၂၄ ဇွန် ၂၀ ကြသပတေးနေ့ မနက် ၉ နာရီ ဗာဂျီးနီးယားပြည်နယ် Rosslyn ဘူတာမှာ စောင့်နေတယ်။ ၂၀၀၉ NUS ISS မှာကျောင်းပြီးကတည်းက အိဝေနဲ့ မတွေ့တာ ၁၅ နှစ်ရှိပြီ။ သူက အရင်အတိုင်း မပြောင်းမလဲ။ ဧပြီလ ချယ်ရီပွင့်ချိန်လာတုန်းက တွေ့ဖို့ချိန်းသေးတယ်။ သူက ခရီးကပြန်ရောက်ခါစ ပင်ပန်းနေ့လို့ မတွေ့ဖြစ်တာ။ ဒီတခေါက်တော့ ပထမတခေါက်က မတွေ့ဖြစ်တဲ့သူတွေ အားလုံးတွေ့ဖြစ်တယ်။ အားလုံးက ၁၂ နှစ်၊ ၁၅ နှစ်မတွေ့ဖြစ်တဲ့သူတွေ။ သူနယူးယောက်မှာ နေတုန်းက တွေ့ဖို့ချိန်းကြတာ ကိုယ်ကအိမ်ပြောင်းနေလို့မအား ကိုယ်အားလို့တွေ့မဲ့အချိန် သူကသူ့အမျိုးတွေရှိတဲ့ဒေသတွေဆီမှာလည်။ ဒီဇင်ဘာဆူနမ်နဲ့သူ့သူငယ်ချင်း လာလည်ပြီးလို့ တွေ့ဖို့ချိန်းတော့ သူကဒီစီပြောင်းတော့မယ်။ အဲ့လိုတွေ တမြို့တည်း ၂ ဘူတာအဝေးမှာနေပေမဲ့လည်း မတွေ့ဖြစ်။ ခုမှပဲ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ဖြစ်တော့တယ်။ သူက တိုးဂိုက် သွားချင်တဲ့ ဂျော့တောင်းတက္ကသိုလ်ကို လိုက်ပို့တယ်။ ဗာဂျီးနီးယားပြည်နယ်ဘော်ဒါမှာ အမှတ်တရဓာတ်ပုံရိုက်ပြီး ပတ်တိုးမတ်မြစ်ကို ဖြစ်ကျော်ကာ ဒီစီကိုလမ်းလျှောက်တယ်။ ၂၀၁၃ ရုံးကတရုတ်မနဲ့ နေရှင်နယ်မောလ်ကနေ ပတ်တိုးမတ်မြစ်အတိုင်းလမ်းလျှောက်ပြီး ဂျော့တောင်းတက္ကသိုလ်အထိ လမ်းလျှောက်ဖူးတယ်။ ထင်ရှားတဲ့နိုင်ငံရေးသမားအများစုက နာမည်ကြီးဂျော့တောင်းတက္ကသိုလ်ကနေ ဥပဒေပညာနဲ့ ဘွဲ့ရခဲ့ကြတာတဲ့။ ကျောင်းကြီးက ကျောက်တုန်းတွေနဲ့ ဆောက်ထားတာ တကယ်ခမ်းနားတယ်။ သစ်ပင်ပန်းမန်တွေနဲ့ တကယ်သာယာတယ်။ မင်းတုန်းမင်း၊ သီပေါမင်းတို့ခေတ် ပလ္လင်လုနေကြချိန်မှာ အမေရိကားမှာတော့ တက္ကသိုလ်တွေနဲ့ တိုးတက်နေပြီ။

သူကပန်းတွေအကြောင်းလည်း အတော်သိတယ် ဗဟုသုတအတော်စုံလင်တယ်။ အတော်စိတ်ရှည်လက်ရှည် ရှင်းပြတယ် ဓာတ်ပုံတွေလည်း အများကြီးရိုက်ပေးတယ်။ ပန်းတွေကို နေရောင်ချိန်၊ မိုးရေချိန်ပေါ်မူတည်ပြီး ငှက်ကလေးတွေ၊ ပိုးမွှားလေးတွေအတွက် အစာရအောင် စိုက်ပေးတာတဲ့။ ဆောင်းတွင်းဆို အစာရှားပါးလို့ အကောင်လေးအတွက် သစ်ရွက်ကလေးတွေ တမင်ထားပေးတာပါတဲ့။ ငှက်ကလေးတွေလည်း စည်းရှိတယ် သူ့တနိုင်ယူပြီး တခြားကိုင်းမှာသွားစားတယ်။ တခြားငှက်ကလေးတွေ စားရအောင် နေရာဖယ်ပေးတယ်။ သူ့အုပ်စုနဲ့သူ သူ့စည်းနဲ့သူနေတယ်။ ကျီးကန်း၊ ခိုတွေက အမြင်ကပ်ဖို့ကောင်းတယ် အစာလုစားတယ်။ သိမ်းငှက်လာရင်တော့ ငှက်ကလေးရော၊ ငှက်ကြီးရော အကုန်ပြေးကြတယ်။ ကိုစကာရီကာသွားလည်တုန်းက ငှက်ကြည့်တဲ့တိုးပါတယ်။ အဲ့ဒီခရီးအပြန်ကတည်းက ငှက်စာဝယ်ပြီး ငှက်တွေအစားကျွှေးတယ်။ ကျွှေးလိုက် ခိုတွေက လာစားလိုက်။ နောက်ဆုံး အစာထည့်တဲ့ငှက်အိမ်လေး ဝယ်လိုက်တော့မှ ငှက်ကလေးတွေ စားရတော့တယ်။ ဒါတောင် ခိုတွေက ကုပ်ကပ်တွယ်ကပ်ပြီး လုစားတယ်။ နွေရာသီဆို ရေခွက်ကြီး ၂ ခွက်ချပေးထားတယ်။ ငှက်တွေ ရေသောက်ကြ၊ ရေချိုးကြ ဆူညံနေတာပဲ။ မနက်တိုင်း ကိုယ်အစာကျွှေးတာကို စောင့်နေကြတယ်။ ကိုယ့်တံခါးနားမှာ အသိုက်ဆောက်တဲ့ ငှက်မောင်နှံကတော့ အမှတ်တရအဖြစ်ဆုံး။ ခုတော့ တိုက်ခန်းမှာမို့ ငှက်စာကျွှေးလို့မရဘူး။ လုံးခြင်းအိမ်နဲ့ နေရရင် မှန်တံခါးမှာ အကြည်ရောင်ငှက်စာအိမ်လေးတပ်ပြီး အစာလာစားတဲ့ ငှက်ကလေးတွေကို ကြည့်မယ်။ သစ်ပင်တွေပတ်လည်ဝိုင်းနေတဲ့အရပ်မှာ မှန်တံခါးအမြင့်ကြီးတွေနဲ့ နေဝင်နေထွက် ကြည့်ချင်တယ်။ ပင်လယ်ပြာပြာ လှိုင်းဖွေးဖွေးကိုမြင်ရပြီး တောတွေတောင်တွေထဲလည်း လမ်းလျှောက်ချင်တယ်။

Happy July 4th!

စန်းထွန်း

ဇူလှိုင် ၃၊ ၂၀၂၄။

ပတ်တိုးမတ်မြစ်ကိုဖြတ်ပြီး ဒီစီမရောက်ခင်လေး
ပတ်တိုးမတ်မြစ် အမိုးချွှန်ချွှန်က နာမည်ကျော်ဂျော့တောင်းတက္ကသိုလ်
အရုပ်တွေဖယ်ခိုင်းပေမဲ့ အိမ်ရှင်က မဖယ်ပေးဘူးတဲ့..သူကြိုက်လို့ ထားတာကို
ဒီစီမှာ တောင်ကုန်းတွေ ဟိုက်နေအောင် တက်ရတယ်
သမ္မတဂျိုးဘိုင်ဒန်တက်တဲ့ ကက်သလစ်ဘုရားကျောင်း

No comments: