ကနေဒါသွား တောလား - ၂

၂၀၂၄ ဇှုလှိုင် ၁၂ သောကြာနေ့ တိုရွန်တိုမြို့ Ripley Aquarium ရှေ့မှာ မနက် ၇ နာရီခွဲစုရပ်။ မနက် ၈ နာရီ ကားထွက်တော့ ကားပေါ်မှာလူအပြည့်။ တချို့က ရေတံခွန်ဆီပဲသွားတာ ခရူဘုတ်မစီးကြဘူး၊ ကိုယ်တို့က စီးတယ်၊ တချို့ဆို တာဝါတိုင်တောင် တက်ကြတယ်။ နိုင်အာဂရာရေတံခွန်ဆီ ၂ နာရီလောက်မောင်းရတယ်။ အကြီးဆုံးနာရီမှာ ခဏရပ်ပေးတယ်။ တောတောင်ရေမြေကောင်းလို့ စိမ်းလန်းနေတာပဲ။ နောက်မှာထိုင်တဲ့ တယောက်တည်းလာတဲ့ ဘယ်လဂျီယမ်လူငယ်လေးနဲ့ တက္ကဆက်ကဦးလေးကြီး စကားတွေပြောလိုက်ကြတာ။ View Point တွေမှာရပ်ပေးတာ အဖေက ညောင်းလို့ဆိုပြီး လိုက်မကြည့်ဘူး။ ဒီလောက်လှတဲ့မြင်ကွင်းကို သွားမကြည့်ဘူး။ ဒီလောက် အချိန်ကုန်၊ ပိုက်ဆံကုန် အဝေးကြီးဆီလာတာ မကြည့်ဘူးဆိုတော့ ခရီးဘာလို့ထွက်တော့မှာလဲ အိမ်မှာပဲနေပေါ့။ နောက်တခါ ခရီးသွားရင် မခေါ်တော့ဘူးပြောမှ အပြေးသွားကြည့်တယ်။ တနေရာဝင်ပြီး Maple syrup မြည်းတယ်။ ပီဇာနဲ့ ဆန်းဒွတ် နေ့လည်စားစားဖို့ ဝယ်တယ်။ လက်ဆောင်ပေးဖို့ Magnet တွေ့ပေမဲ့ ရေတံခွန်မှာ အများကြီးရှိမှာဆိုပြီး မဝယ်ခဲ့ဘူး။ ကနေဒါဖက်က ရေတံခွန် ၂ ခုလုံးမြင်ရလို့ မြင်ကွင်းက ရပ်သပ်ရှုမောဖွယ်ပဲ။ ဘုတ်စီးဖို့ ကေဘယ်ကားနဲ့ဆင်း အနီရောင်မိုးကာလေးတွေပေးတယ်။ ရေတွေတဝေါဝေါ ဖြာဆင်းနေတာ ထူးခြားဆန်းကြယ်တယ်။ နိုင်အာဂရာရေတံခွန်ကို ယူအက်စ်ဖက်ကနေ လေးခေါက်ရောက်ဖူးတယ်။ ကနေဒါဖက်က အများကြီးပိုလှတယ် ရေတံခွန်ကိုမြင်ရတာ ကြည့်မဝဘူး။ ဘေးက Sheraton ဟိုတယ်မှာအခန်းခ တထောင်ကျော်တဲ့။ တခါလောက်တော့ တည်းချင်လိုက်တာ။ လေးနာရီပေးထားတဲ့အချိန်အတွင်းမှာ ရေတံခွန်ပတ်ပတ်လည် လျှောက်ကြည့်တယ်။ zip line စီးချင်လိုက်တာ။ Gift Shop မှာ Magnet ရှာတော့ ကြိုက်တာမတွေ့ဘူး။ စောစောက ဝယ်ခဲ့ရင်အကောင်းသား နောက်ဆုံးနေ့ တိုရွန်တိုမှာလည်မှာ။ တိုရွန်တိုတရုတ်တန်းမှာ အများကြီးဝယ်လို့ရတယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၃၁၊ ၂၀၂၄။

ကနေဒါသွား တောလား - ၁

၂၀၂၄ ဇူလှိုင် ၁၁ ကနေ ၁၆ ရက်အထိ ကနေဒါအရှေ့ဖက်ပိုင်းကို သွားလည်ဖြစ်တယ်။ မနက် ၁၀ နာရီလေယာဥ် အိမ်ကနေ ၇ နာရီလောက်ထွက်ပြီး ဂျက်ဆင်ဟိုက်ဘူတာကို ၁၀ မိနစ်လမ်းလျှောက်။ အဲ့ဒီကနေ လဂွားရီးရားလေဆိပ်ဆီ အခမဲ့ပြေးဆွဲတဲ့ ဘတ်စ်ကားကိုစောင့်တာ ၈ နာရီကျော်မှလာတယ်။ ဘတ်စ်ကားပေါ်မှာ လူအပြည့်ပဲ။ Check-in ဝင်တော့ ဟမ်းကယ်ရီ ၂ အိတ်ကိုကြည့်ပြီး အဲ့ထဲထည့်ကြည့် မဆန့်ရင် ချက်ကင်လုပ်ရမယ်။ ထည့်ကြည့်တော့ ၁လက်မကြီးနေလို့ မဆန့်ဘူး။ တအိတ် ၃၀ ပိုပေးရတော့မယ်ဆိုပြီး မျက်နှာမကောင်းဖြစ်သွားတော့ နင်တို့အိတ်က ပေါ့ပေါ့လေးမို့ အလကားလုပ်ပေးလိုက်မယ်တဲ့။ လေယာဥ်က လူအပြည့်မို့ လူ ၁၀ ယောက်ဟမ်းကယ်ရီ voluntary check-in လုပ်ဖို့အော်ပြောနေတယ်။ Air Canada စျေးသက်သာတဲ့လေယာဥ် ထိုင်ခုံမရွေးထားလို့ တယောက်တနေရာစီကျတယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုတော့ တော်သေးတာပေါ့။ လေယာဥ်ထွက်တာ နောက်ကျပေမဲ့ အမြန်မောင်းလို့ တနာရီကျော်လောက်နဲ့ တိုရွန်တိုရောက်တယ်။ အမေကတော့ အိပ်တောင်မအိပ်လိုက်ရဘူးတဲ့။ ဘက်ဂျက် Spirit Airline ထက်တော့သာတယ် မုန့်နဲ့ရေတိုက်တယ်။ လေယာဥ်မှာ အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကြေငြာတယ်။ သူတို့ပြင်သစ်စကားက ပြင်သစ်ကလို နားထောင်မကောင်းဘူး။ လေဆိပ်ကနေ Union Express ရထားကို ၃ ဘူတာစီး။ မြေပြင်တက်ပြီး မြေအောက်ရထားရှာတာ မတွေ့လို့မေးကြည့်တော့ ဟိုမှာလေ TTC။ လက်မှတ်ဝယ်တာ ဘူတာရုံဝန်ထမ်းက လာကူပေးတယ်။ One ride ၃ ကျပ် ၂ နာရီအတွင်း ၃ ခါဖြတ်လို့ရတယ်။ သူညွှန်တဲ့အတိုင်း East bound 2 ရထား ၅ ဘူတာစီး။ ပြီးတော့ ၁၅ မိနစ်လမ်းလျှောက်ရင် Air B&B အိမ်ရောက်ပြီ။ လေဆိပ်ကနေ အိမ်အထိ ၂ နာရီကြာတယ်။ Uber စီးလို့ရပေမဲ့ လူနေမှုပတ်ဝန်းကျင်ကို သိချင်လို့ မြေအောက်ရထားစီးချင်တာ။ လမ်းပေါ်မှာ လူတွေမတွေ့လို့ တို့ကွင်းရပ်ကွက်တောင် တိုရွန်တိုထက် စည်သေးတယ်။ ပင်ပန်းသွားကြလို့ ညနေအသိညီမလေးနဲ့ ညစာစားဖို့ချိန်းထားတာကို အဖေနဲ့အမေ မလိုက်နိုင်တော့ဘူး။ တရုတ်တန်းကဆိုင်ကို ၁၅ မိနစ်လောက် လမ်းလျှောက်ရတယ်။ ပုသိမ်မြို့လေးကို ရောက်နေရသလိုပဲ။မေရီလန်းကညီမလေးက မိတ်ဆက်ပေးလို့ နီပေါခရီးစဥ်မှာ လိုက်ပါမယ့် ညီမလေးနဲ့ ညစာစားရင်း တိုင်ပင်ဆွေးနွေးကြတယ်။ မြို့ထဲဖက်ကို လမ်းလျှောက်ရင်း ဓာတ်ပုံတွေရိုက်၊ စကားတွေပြော။ စိတ်ဝင်စားတာတွေတူတော့ ပြောစရာစကားတွေအများကြီးပဲ။ နောက်နေ့ နိုင်အာဂရာရေတံခွန်သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၂၆၊ ၂၀၂၄။

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၂၀

၂၀၂၄ ဇှုလှိုင် ၇ တနင်္ဂနွေနေ့ မက်ဟန်တန်အပေါ်ပိုင်းမှာရှိတဲ့ Inwood Hill Park မှာလမ်းသွားလျှောက်သွားတယ်။ မြို့ထဲကနေ A ရထားစီး ဂိတ်ဆုံးမရောက်ခင်တဘူတာအလို Dyckman St ဘူတာမှာဆင်း။ အမတယောက်နဲ့ ညီမတယောက်ပါ လာလမ်းလျှောက်တယ်။ ဟက်ဆန်မြစ်ဘေးအတိုင်းလျှောက် နယူးယောက်နဲ့နယူးဂျာစီပြည်နယ်ကို ဆက်ထားတဲ့ ဂျော့ဝါရှင်တန်တံတားကို မြင်ရတယ်။ စန်ထရယ်ပါ့ခ်လို လူမရှုပ်ဘူး။ ရထားလမ်းဂုံးကျော်တံတားကိုတက် တောင်ပေါ်ရောက်တော့ တောအုပ်လေးထဲရောက်သွားသလိုပဲ။ သစ်ပင်တွေ ထူထပ်နေတာများ နေပျောက်မထိုးနိုင်းဘူး။ သစ်ပင်ကြီးတွေတွေ့ရင် ပြေးဖက်ပြီး energy တွေကူးယူ။ ဘယ်တောင်တွေ သွားတက်မယ်နဲ့ တိုင်ပင်ကြတယ်။ စကားတွေပြောချင်သေးလို့ ပန်းခြံထဲထိုင်ပြီး စကားတွေပြော။ ကလေးတွေနဲ့အပြိုင် ဒန်းလုပြီးစီး။ ညနေ ၄ နာရီခွဲလောက် အိမ်ပြန်တာ ည ၆ နာရီအိမ်ပြန်ရောက်တယ်။ တောင်တက်တာ ၂ မိုင်ခွဲလောက်ပဲ ရထားကတော့ ၃ နာရီကျော်လောက် စီးရတယ်။ ပင်ပန်းလို့ အဲ့ဒီညက အိပ်ပျော်တယ်။ တောင်တက်တိုင်း ဝိုင်းကိုသတိရ။

စန်းထွန်း

ဇှုလှိုင် ၂၄၊ ၂၀၂၄။

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၉

၂၀၂၄ ဇှုလှိုင် ၄ ကြသပတေးနေ့ အမေရိကန်လွတ်လပ်ရေးနေ့။ မေစီမီးရှူးမီးပန်းက နယူးဂျာစီပြည်နယ်နဲ့ နယူးယောက်ပြည်နယ်ကြားထဲက ဟက်ဆန်မြစ်ထဲမှာဖောက်မှာ။ လက်မှတ်တသောင်း အလကားပေးလို့ ဝက်ဆိုဒ်ဝင်တာ ဝင်မရ။ ဝင်လို့ရတော့ ကုန်သွားပြီတဲ့။ ဒါဆိုလည်း လူသွားတိုးပြီးကြည့်မလားမေးတော့ လူမတိုးနိုင်ဘူး ခေါင်းမူးတယ်။ ဒါဆိုကိုနီအိုင်လန်သွားမလားမေးတော့ မရောက်ဘူးတော့ သွားမယ်တဲ့။ နေ့လည် ၁၁ နာရီအိမ်ကထွက်တာ ၁၂ ခွဲမှကမ်းခြေရောက်တယ်။ Ocean Parkway ဘူတာနားမှာကကမ်းခြေမှာ လူတွေအများကြီးပဲ။ ကမ်းခြေတလျှောက်ပတ်လျှောက်။ အဖေက ဂုန်းတွေလိုက်ပြတယ် အသိညီမလေးက ရေထဲဆင်းပြီး ဂုန်းခွာမလို့။ ရေတက်နေပြီ ထိခိုက်ဒဏ်ရာရနေဦးမယ် အတင်းတားရတယ်။ ညနေ ၄ နာရီကစားကွင်းနားမှာ လူများလို့တိုးမပေါက်ဘူး။ အစက တံတားအထိသွားမလို့ လူတိုးရတာ အမေကခေါင်းမူးလာလို့ အိမ်ပြန်ခဲ့တယ်။
Happy July 4th!
စန်းထွန်း
ဇှုလှိုင် ၂၀၊ ၂၀၂၄။

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၈

၂၀၂၄ ဇွန် ၃၀ တနင်္ဂနွေနေ့ Long Island ဗုဒ္ဓဒီပန်ကျောင်းမှာ ဥပုသ်သည်တယောက်ရဲ့သား မင်္ဂလာပွဲသွားကြတယ်။ နယူးယောက်ကနေ တနာရီကျော်လောက်မောင်းရတယ် ကြိုပို့ကားစီစဥ်ပေးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပေါက်နေတဲ့ တီကျွှတ်ပင်တွေကိုနုတ်တော့ အားလုံးကဘယ်လိုချက်ရမလဲ မေးကြတယ်။ လယ်သမားစျေးမှာ တီကျွှတ်ပင်တွေရောင်းတယ်။ မက်ဆီကန်တွေ ဝယ်တယ်။ ၂၀၂၃ ဇွန်လ Liberty သွားတော့ Ellis Island မှာ တီကျွှတ်ပင်တွေ့တော့ ဝမ်းသာအားရနုတ်ခဲ့ကြတယ်။ သူတို့ဥပုသ်သည်တွေက တပတ်တခါဆုံကြပြီး ချစ်ခင်ကြတယ်။ အမေက မခိုင်ပေးတဲ့ဝတ်စုံလေးနဲ့လှ။ အဖေနဲ့အမေ့ကို မြင်ရတာ ပြုံးမိတယ် ချစ်စရာလေးတွေ။ ပြောစကားနားထောင်ပြီး ပြောဆိုနေတတ်ထိုင်တတ်တယ်။ အသက်ကြီးလာတဲ့အခါ သူတို့လိုနေထိုင်စားသောက်တတ်အောင် သင်ယူရမယ်။

စန်းထွန်း

ဇှုလှိုင် ၁၇၊ ၂၀၂၄။

သခွားသီးခြစ်ခြင်း အနုပညာ..

အိမ်မှာရှိတဲ့ သခွားခြစ်တံကိုမကြိုက်လို့ အဖေက တူဝါးခြမ်းကိုခွဲ တူနားသံဗူးအခွံကို အပြားလေးတွေလုပ်ပြီး သခွားခြစ်တံလုပ်တယ်။ သခွားသီးခြစ်ပြီး ငါးပိစိမ်းစား၊ သံပုရာသီးနဲ့ သုပ်စားတာ အရမ်းစားကောင်းတယ်။

စန်းထွန်း

ဇူလှိုင် ၁၃၊ ၂၀၂၄။

နွေဦးတော်လှန်ရေး - ၄၁

၂၀၂၄ ဇွန် ၂၂ စနေနေ့ နယူးဂျာစီဘုန်းကြီးကျောင်းမှာ စျေးရောင်းပွဲတော်ရှိလို့ ကိုမင်းကိုနိုင်စာအုပ်ရောင်း၊ ထောက်ပို့ငွေ သွားကောက်တယ်။ အကိုရေ အကိုကြီးမင်းကိုနိုင်စာအုပ် အားပေးပါဦးလို့ပြောတော့ မြန်မာစာ မဖတ်တတ်ဘူးတဲ့။ စာဖတ်တတ်ဖို့မလိုဘူး ဝယ်ဖို့ပဲလိုတာ..ဝယ်ပြီး ဧည့်ခန်းထဲမှာအလှပြထား အဲ့လိုဇွတ်ရောင်းကြတာ။ အဲ့ဒီနေ့က နေတအားပူလို့ သတိပေးချက်ရှိလို့ လူသိပ်မလာဘူး။ ပူလွန်းလို့ ယပ်ခပ်နေရတယ် ချွှေးပြိုက်ပြိုက်ကျ။ ရေ ၃ ပုလင်းသောက်တာ ရှူးမပေါက်ချင်ဘူး ချွှေးထွက်လွန်းလို့။ ညနေစောင်း မိုးခဏရွာပြီးတော့ လမ်းကအငွေ့တွေပြန်နေတယ်။ မိုးရွာပြီးတော့ ပိုပူတယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

ဇူလှိုင် ၁၀၊ ၂၀၂၄။

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၇

နေ့လည်ထမင်းစားပြီးတော့ Dumbarton Oaks ပြတိုက်နဲ့ပန်းခြံဆီသွားတယ်။ ပြတိုက်မှာ ခရစ်တော်မပေါ်မှီ ၅-၆ရာစုက အကြွေစေ့တွေ၊ ရှားပါးပစ္စည်းတွေ ပြထားတယ်။ သူဌေးကြီးဘလစ်က ရှေးဟောင်းပစ္စည်းတွေ ရှာဖွေတာ ဝါသနာပါပြီး ချမ်းသာတော့ ရှားပါးပစ္စည်းတွေ စုဆောင်းတယ်။ ပြတိုက်တွေကတောင် art exhibition အတွက်လိုလို့ သူ့ဆီက ငှားရတယ်။ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ယူအန်အဖွဲ့အစည်းထောင်ဖို့  သူ့အိမ်ဧည့်ခန်းမှာ ဆွေးနွေးခဲ့ကြတယ်။ သူ့ခြံဧက ၅၀ ကျော်ကိုလည်း နိုင်ငံကိုလှူထားတယ်။ သစ်ပင်ပန်းမန်တွေ၊ ရေကန်တွေ၊ တောင်တက်တောင်ဆင်း၊ နားနေဆောင်လေးတွေနဲ့ အင်မတန်သာယာတယ်။ ဂျော့တောင်းက တူးမြောင်းက ဘာဖဲလိုးမြို့နားအထိပေါက်တယ်။ ပတ်တိုးမြစ်နားအထိလျှောက်ပြီး ညနေ ၄ နာရီ TJMax ဝင်ပြီး ရေဝင်ဝယ်။ Circular bus စီးပြီး DuPont Circle ဘူတာမှာဆင်း။ အနီရောင်လိုင်းစီးပြီး Union Station ဘူတာမှာဆင်းတော့ ညနေ ၅ နာရီကျော်။ Chipotle လေးမှာ taco ဝယ်ပြီး ဘတ်စ်ကားဂိတ်မှာစောင့်။ ဓာတ်ပုံတွေကို airdrop ကနေပို့ ကားပေါ်အမြန်တက်ပြေးရတာ ကျေးဇူးတင်စကားမပြောလိုက်ရလို့ ဖုန်းခေါ်ပြီးပြော။ ည ၉ နာရီ ၄၅ နယူးယောက်ကိုရောက်တယ်။ မြေအောက်ရထားစီးပြီး အိမ်ကို ည ၁၀ ခွဲပြန်ရောက်တယ်။ ပင်ပန်းပေမဲ့ သူငယ်ချင်းတွေနဲ့တွေ့ရလို့ ပျော်ပါတယ်။

Happy Traveling!

စန်းထွန်း

ဇူလှိုင် ၆၊ ၂၀၂၄။

သစ်ပင်တွေဖက်ပြီး energy စွမ်းအင်ယူ

ညာဖက်က ပန်းရောင် အလယ်မှာအရောင်ပြေးလေး ဘယ်ဖက်မှာအပြာရောင်