၂၀၂၂ အောက်တိုဘာ ၁၀ မနက် ၈ နာရီ စုရပ်ဟိုတယ်ကို မိနစ် ၂၀ လောက် လျှောက်ရတယ်။ ဟိုတယ်နဲ့လည်း မတူပါဘူးဆိုပြီး သေချာကြည့်တော့မှ လိပ်စာမှားကြည့်နေတာ။ စုရပ်ဟိုတယ်နဲ့ သိပ်မဝေးလို့ တော်ပါသေးရဲ့။ နောက်ကျနေလို့ ဖုန်းဆက်ကြည့်တော့ ၁၅ မိနစ်လောက်ဆို ရောက်လာလိမ့်မယ်တဲ့။ ကိုယ့်ဖုန်းက အမြဲအသံပိတ်ထားလို့ ပထမနေ့ကလို တိုးဂိုက်ဖုန်းခေါ်ရင် မကြားမှာစိုးလို့ အသံပြန်ဖွင့်ထားရတယ်။ ဗန်ကားလေး တိုးရစ်တွေနဲ့ အပြည့်ပဲ အဖြူများတယ်။ ဆီရေတယ်မြို့က တောတောင်တွေနဲ့ စိမ်းလန်းတယ်။ ပင်လယ်ကမ်းစပ်ဘေးမှာဆိုတော့ နေချင့်စဖွယ်မြို့လေး။ တက်စ်ကတော့ နယူးယောက်မြို့နီးပါး စျေးကြီးတယ်။ တနာရီကျော်လောက်မောင်းပြီးတော့ နေ့လည်စာဝယ်ဖို့ စျေးဆိုင်ကြီးတခုမှာ ရပ်ပေးတယ်။ ဆူရှီနဲ့ ပန်းသီးဝယ်တယ်။ တောင်ထိပ်ကို မြင်ရတဲ့တနေရာမှာ ရပ်ပေးပြီး ဟိုက်ကင်းတမိုင် လျှောက်ကြတယ်။ loop ဆိုတော့ လမ်းမှားမှာစိုးလို့ လူတွေနောက်ကပ်လိုက်။ အန်ကယ်အန်တီ အသက် ၆၀၊ ၇၀ hiking pole နဲ့ အင်မတန်မြန် ကိုယ်တွေကို ကျော်တက်သွားတာ မနည်းနောက်က လိုက်ယူရတယ်။ ဟိုက်ကင်းထွက်နေကြ တကယ့် hiker တွေ ကိုယ်တွေလို ဓာတ်ပုံရိုက်တာများများ ဟိုက်ကင်းတာနည်းတဲ့ so called hiker တွေ မဟုတ်ဘူး။ ကတုံးဆံပင်ပေါက်ကလေးနဲ့ အသက် ၂၀ ကျော် အာရှသူလေးက အရီးဇိုးနားက တယောက်တည်းလာတာ။ စပိန်စကားပြောတဲ့ ကောင်လေးလည်း တယောက်တည်း။ အသက် ၆၀ ကျော်အန်တီလည်း တယောက်တည်း။ ကတုံးလေးဆံပင်လေးနဲ့ ကောင်မလေးက ကင်ဆာဖြစ်ပြီးတော့ မသေခင် လုပ်ချင်တာတွေ လုပ်မယ်ဆိုပြီး ခရီးထွက်လာတာနေမှာတဲ့ ဝိုင်းက။ အသက် ၆၀ ကျော် မလေးတရုတ်မပုံပေါက်တဲ့ အန်တီက ပို့စ်တွေပေးတတ်လို့ မေးကြည့်တော့ သူ့သမီးက မော်ဒယ် နယူးဂျာစီပြည်နယ်မှာ နေတာတဲ့။ တို့တွေက နယူးယောက်ကဆိုတော့ အိမ်နီးနားချင်းတွေပေါ့။ ရေတံခွန်လေးနား ရပ်ပေးတယ် သာယာတယ်။ recreation center မှာ အိမ်သာအတွက် ရပ်ပေးတယ်။ magnet လေးဝယ်တယ်။ What is difference between tourist and hitchhiker. 5 minutes တဲ့။ ငါးမိနစ်နောက်ကျရင် တိုးရစ်ဘဝကနေ ကားကြုံတားစီးရသူ ဖြစ်သွားမယ်နော်လို့ တိုးဂိုက်က နောက်တယ်။
ထင်းရှူးပင်တွေ ထူထပ်စွာပေါက်နေတဲ့ ရေကန်နားကနေ ရေခဲတွေဖုံးနေတဲ တောင်ထိပ်ကို မြင်ရတာ အင်မတန်လှတယ်။ တောင်ထိပ်ကားပါကင်ကိုရောက်တော့ နေ့လည် တနာရီခွဲ လေးနာရီအချိန်ပေးတယ်။ မြန်မြန်သွားနိုင်တဲ့သူတွေက glacier ကနေ တောင်ထိပ်ကိုမြင်ရမယ်။ ကိုယ်တို့ကတော့ အေးဆေး ၁ နာရီခွဲအလို ရောက်တဲ့နေရာကနေ ပြန်ဆင်းမယ်။ လေတဟူးဟူးတိုက် အေးလို့ နေပူတဲ့နေရာရှာပြီး ဆူရှီကို လွှင့်ထွက်မသွားအောင် မနည်းထိန်းစားရတယ်။ ထမင်းစားတာ ၁၀ မိနစ်တောင် မကြာဘူး။ ပြီးတာနဲ့ တောင်စတက်တော့တာပဲ။ တောင်တက်တဲ့သူ၊ ဆင်းတဲ့သူနဲ့ အတော်စည်ကားတယ်။ နေရာတိုင်း လှလွန်းလို့ ဓာတ်ပုံရိုက်လို့မဝဘူး။ တောင်ပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ အလာစကာပြီးရင် ဒုတိယအလှဆုံးတောင်ပဲ။ ကော်လိုရာဒိုပြည်နယ်က ရော့ကီးတောင်က ဒီတောင်လောက် မလှဘူး။ တော်တော်သဘောကျလို့ အခြေအနေပေးရင် သွားဖြစ်အောင်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ညနေ ၄ နာရီ အမှီပြေးရတယ်။ ကိုယ်က ၅ မိနစ်လောက်ပဲ နောက်ကျတာ။ ကိုယ့်ထက်နောက်ကျတဲ့သူတွေရှိတယ်။ တိုးဂိုက်က နောက်ဆုံးမှရောက်လာတဲ့သူကို လက်ခုပ်တီးပြီး ကြိုဆိုတယ်။ ကိုယ့်ဘေးကစုံတွဲကို သားအဖထင်နေတာ ကောင်မလေးက ဆယ်ကျော်သက်။ ကောင်လေး အဲလေ ကောင်ကြီးက ခေါင်းဖြူဖြူဆိုတော့ အသက် ၆၀ လောက် ထင်နေတာ။ သေချာကြည့်တော့ အသက် ၄၀ ကျော်လောက်ပါပဲ။ လေတအားတိုက်လို့ ကိုယ်တို့တွေ မှန်ကိုပိတ်တာ မရဘူး။ အဲ့ဒီလူက သဘောကောင်းတယ် လာပိတ်ပေးတယ် အတော်ဗလတောင့်တယ်။ ဆီရေတယ်မြို့နားအဝင် skywalk ဂုံးကျော်တံတားနားမှာ ကိုယ်တို့ကိုချပေးတယ်။ တံတားပေါ်ကနေ လေယာဥ်ကွင်းဆီ တဆက်တည်းပဲ။ ၄ ရက်ခရီး ကျောပိုးအိတ်တလုံးပဲဆိုတော့ ပေါ့ပေါ့ပါးပါးပဲ။ တက်ရဆင်းရ ချက်ကင်ချက်အောက်လည်းမြန်။ ၂၀၂၃ ဇန်နဝါရီ ၁ တောင်ဖက် လူဝီဇီယားနားပြည်နယ် နယူးအော်လင်းမြို့ကို သွားလည်တဲ့အကြောင်းကတော့ နောင်အပတ်မှပဲ တင်ပါတော့မယ်။ ဓာတ်ပုံတွေ များသွားတယ် ဆောတီး။
Happy Traveling!
စန်းထွန်း
ဧပြီ ၁၆၊ ၂၀၂၃။
https://www.viator.com/tours/Seattle/Mt-Rainier-Day-Trip-from-Seattle/d704-3657RAINIER
No comments:
Post a Comment