တူတော်မောင် - ၄

ဂိမ်းဆိုဘာဂိမ်းမှ မဆော့တဲ့ကြီးတော်တွေ တူတော်မောင်ဆော့တဲ့ မိုင်းခရက်စ်ဂိမ်း နားမထောင်ချင်လည်း နားထောင်နေရပြီ။ ဒင်းကလေးက ဂိမ်းကြေငြာသူလုပ်သေးတာ။ မင်္ဂလာပါ ကျွှန်တော့်က အဲလက်စ်ပါ ယူနိုက်တက်စတိတ်အော့ထီလာစီးတီးကနေ ကြိုဆိုပါတယ်။ အခုဆောက်နေတာကတော့ စတေကျူးဟောက်စ်ပါ တယ်ရာကော်တာတွေနဲ့ ဆောက်ပါတယ်။ အပြင်ဖက်က ဆိုင်ယမ်အရောင်ပါ။ တခါတလေ ဖျက်တာများလို့ အိမ်ပါပျက်သွားတယ်။ အလံက မြန်မာနိုင်ငံအလံ ဂလိုးစတုန်းတွေနဲ့ ဆောက်ထားလို့ သိပ်လှတယ်။ ဇွမ်ဘီတွေကို ဖမ်းပြီးထောင်ထဲထည့်ဖို့ ထောင်ဆောက်နေတယ်ဆိုပဲ။ ပုံပြောပြရင် နားထောင်တယ် စိတ်ကဂိမ်းဖက်ပဲရောက်နေလို့ ကြားတော့ကြားတယ် မမှတ်မိဘူးတဲ့။ ဂိမ်းဆော့ချင်လို့ ကြီးတော်တွေကို ဖုန်းခေါ်တာ သူ့အမေက ဖုန်းကိုအချိန်နဲ့ပဲ ကိုင်ရတယ်။ ကိုယ်ပြောချင်တာ သင်ချင်တာတွေလေးတွေ သူစကားပြောတာရပ်တဲ့အချိန်မှာ မနည်းလုပြောရတယ်။ တနာရီ၊ နှစ်နာရီ ဘာတွေပြောနေမှန်းကို မသိဘူး ကိုယ်တွေပြောရတာနည်းနည်း သူပြောတာကို နားထောင်ရတာများများ။ သူပြောနေတုန်း တခုခုလုပ်လို့လည်းမရဘူး အသံတိတ်နေရင် ကြီးကြီးရေ ဘာလုပ်နေတာလဲ checking လိုက်သေးတာ။ BelAZ 75710 က ကမ္ဘာပေါ်မှာအကြီးဆုံး ဘူဒိုဇာတဲ့။ ကြီးကြီးတို့ကို ချစ်လားမေးတော့ ချစ်တယ်လို့ပြောတာပဲ။ ကျောင်းပိတ်ရင် ဘိုးဘိုးတို့ဆီ သွားလည်ပါလား ကျောင်းမှမပိတ်တာတဲ့။ သင်တန်းတခုပြီးတဲ့အချိန်သွားလေဆိုတော့ အကြံပေးတာ ကျေးဇူးတင်ပါတယ်တဲ့ သဘောတွေကျပြီး ရယ်လိုက်ကြတာ။ မကြီးက သူ့အတွက် ဂါဝန်၂ခုထဲက ကြီးကြီးနဲ့လှတာလေး ရွေးပေးပါလားပြောတော့ ရွေးပေးတယ်။ ရွေးပေးတာ ကျေးဇူးတင်ပါတယ်လို့ပြေတာကို မှတ်ထားပြီး လိုက်ပြောတာ။ သားသားပြောတာကို ကြီးကြီးက ဘာလို့လက်မခံရတာလဲတဲ့ ဘုရားရေ… မကြီးစကားလုံးတွေ။ ကြီးကြီး ပရောဂျက်ဆုရတာ သားသိတယ်မလား ကြီးကြီးတော်တာ သားသားနဲ့တူလို့နေမှာ ဟုတ်တယ်တဲ့။ သားပုံဆွဲတာ စိတ်မရှည်ဘူးထင်တယ် အရောင်တွေမညီဘူး မသေသပ်ဘူး။ ကြီးကြီးတို့က သားသားဆွဲတဲ့ပုံလေးတွေ သိပ်သဘောကျတာ သိပ်ကြိုက်တယ်။ ကြီးကြီးသူငယ်ချင်းတွေကိုပြတော့ သိပ်တော်တာပဲတဲ့။ ကိုယ်တွေငယ်ငယ်တုန်းကဆို ဆော့နေပြန်ပြီ၊ စာမကျက်ဘူးလား၊ အိမ်စာမလုပ်ဘူးလားနဲ့ အဆူခံထိတယ်။ ဆုရတော့လည်း တခါမှချီးကျူးမခံရဘူး။ ခုခေတ်ကလေးတွေကိုများ တော်ချက်လည်ချက် ဆူဖို့နေနေသာသာ ကိုယ်ကတောင် လေသံအေးအေးလေးနဲ့ ပြန်ချော့နေရတယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၂။

No comments: