ပီရူးသွား ‌‌တောလား - ၆

၂၀၁၉ နိုဝင်ဘာ ၄ တနင်္လာ‌နေ့ Peru ပီရူးနိုင်ငံ Puno ပူနိုမြို့ကနေ Bolivia ဘိုလီးဘီးယားနိုင်ငံ La Paz လာပါ့ဇ်မြို့အထိ ခရီး။ လမ်းမှာ ဘိုလီးဘီးယားနိုင်ငံ Copacabana ကိုပါကဘာနာမြို့နဲ့ Sun Island (Isla del Sol) ကို ဝင်လည်မှာပါ။ ပူနိုဘတ်စ်ကားဂိတ်ကနေ မနက် ၇ နာရီ ထွက်မှာဆိုတော့ ဟိုတယ်ကနေ မနက် ၆ နာရီခွဲ ချက်‌‌ကောက်လုပ်။ ဘတ်စ်ကားဂိတ်ကို ငါးမိနစ်လောက်ပဲ ‌မောင်းရတယ်။ တက္ကစီက ဘတ်စ်ကားဂိတ်ဝင်းထဲကို  ဝင်ခွင့်မရှိတော့ အဝမှာချပေးခဲ့တယ်။ ဒါပေမဲ့ ကားဂိတ်ထဲကို ဝင်သွားဖို့ အသေအချာ လမ်းညွှန်‌‌ပေးတယ်။ ကိုယ်တို့စီးမဲ့ Titicaca တီတီကာကာဘတ်စ်ကားဂိတ်ကို မ‌တွေ့လို့ ‌မေးမြန်းရတယ်။ ‌တော်တော်များများ အင်္ဂလိပ်လိုမပြာနိုင်ဘူး စပိန်စကား‌‌‌ပြောတတ်မှ အဆင်‌ပြောတယ်။ ဝိုင်းက စပိန်စကားသင်နေပြီး နေ့စဥ်သုံးစကား‌‌တွေကို စပိန်လို‌ပြောတတ်လို့ တော်သေးတယ်။တိုးရစ်တွေအများကြီးလာတဲ့ ပီရူးမှာတောင် အင်္ဂလိပ်လို သိပ်မရဘူး။ ကျူးဘားနဲ့ ဘိုလီးဘီးယားမှာတော့ စပိန်စကား‌‌ပြောတတ်မှ အဆင်‌ပြေတယ်။ ကိုစကာရီကာ၊ ပနားမား၊ ချီလီမှာတော့ အင်္ဂလိပ်လို ပြောနိုင်ကြတယ်။ ဂိတ်တခုမှာ တိုးရစ်တေတွေ တန်းစီနေကြတာတွေ့တယ် အခွန်‌ဆောင်တာတဲ့။ တီတီကာကာဘတ်စ်ကားဂိတ်မှာ လက်မှတ်ပြတော့ မသိဘူး တယောက်ကိုတယောက် မေးမြန်းနေကြတယ်။ ဖုန်းဆက်‌မေးကြည့်ပြီး အိုကေတဲ့ ကိုယ်တို့ကို မလုပ်‌‌ပေးဘဲ နောက်မှ‌ရောက်လာတဲ့သူ‌တွေကို လုပ်‌ပေးနေတာ ဆယ့်ငါးမိနစ်‌ကျော်ကြာတယ်။ စိတ်မရှည်နိုင်တော့ဘူး ကိုယ်ကစိတ်တိုတဲ့လေသံနဲ့ ‌ပြောတာကို သူက‌အေးဆေးပဲ မကြားသလို ဘာမှမဖြစ်သလို ဘယ်လိုမှမနေသလိုပဲ။ ကိုယ်ကသာ ‌‌‌‌ဒေါသထွက် စိတ်တို‌နေတာ သူတို့က ‌အေးဆေးပဲ ကျွှဲပါး‌စောင်းတီးနေတာပဲ။ အင်္ဂလိပ်လိုမှ နားမလည်တာကိုး။ ဝိုင်းက စပိန်လို ကွန်ပလိမ်းတော့လည်း ခပ်‌အေးအေး ဖာသိဖာသာ မကြားသလို။ အယ်မလေး ... အတော်ကောင်းတဲ့ ဝန်ဆောင်မှု။ အင်္ဂလို‌‌ပြောတတ်တဲ့ ကောင်မ‌လေးက  လာပါ့ဇ်သွားမှာ ဘိုလီးဘီးယားနယ်စပ် ပိတ်ထားတယ်။ ဘတ်စ်ကား‌တွေ ဘိုလီးဘီးယားကို သွားလို့မရဘူးတဲ့။ ဘယ်လိုလုပ်ကြမလဲ ... သွားကြည့်မယ် ဟိုကျမှ အခြေအနေကြည့် စီစဥ်ကြတာပေါ့။  နောက်ဆုံးကျတော့မှ ဘတ်စ်ကားလက်မှတ်ရတယ် ၇ နာရီကျော်နေပြီ။ အခွန်‌ဆောင် ဂိတ်နံပါတ် ၇ တဲ့ လိုက်ပြပေးတယ်။ တီတီကာကာဘတ်စ်ကားကို‌  မေးကြည်‌‌တော့ မနက် ၇ နာရီခွဲ ကိုပါကဘာနာဆီသွားမှာ လာပါ့ဇ်မရောက်ဘူးတဲ့။ တယောက်ကိုမေးကြည့်တော့ ဒီနားမှာ‌စောင့်နေတဲ့။ ဝိုင်းတို့အိမ်သာသွားနေတုန်း ကိုယ်က လက်‌ကေ့အိတ်စောင့်။ ကိုယ့်ကိုလာမေးတဲ့ အဖြူစုံတွဲနဲ့ စကား‌‌‌ပြောကြည့်တော့ သူတို့လည်း လာပါ့ဇ်သွားမှာ ဘိုလီးဘီးယားနယ်စပ် ပိတ်ထားတယ်။ ဘတ်စ်ကား‌တွေ ဘိုလီးဘီးယားကို မသွားဘူးတဲ့။ ခဏကြာတော့ အန်ကယ်ကြီးတယောက်က အင်္ဂလိပ်လိုလာမေးတယ် နာမည်‌ပြောလိုက်‌တော့ ကိုဘာကပါနာဘတ်စ်ကားဆီ ခေါ်သွားတယ်။

ဘတ်စ်ကားကနှစ်ထပ်ဆိုတော့ အပေါ်ထပ်က မြင်ကွင်း‌ကောင်းတယ် အပေါ်ထပ်မှာထိုင်မယ်လို့ ‌တွေးထားတာ။ ‌ေ အောက်ထပ်‌နောက်ဖက်မှာ နေရာချချပေးတယ်။ သုံးနာရီခွဲလောက်ကြာတော့ Kasani မှာ ကားပေါ်ကဆင်းရတယ်။ စပိန်လိုပဲ‌ပြော‌နေလို အင်္ဂလိပ်လို‌ပြောပါလို့ ပြောတာကို မ‌ပြောဘူး။ တိုးရစ်‌တွေကို ‌မေးကြည့်တော့ ကားပေါ်ကဆင်း ပီရူးဘော်ဒါမှာ  ပတ်စ်ပို့စ်ကို တံဆိပ်တုံးထုရမှာတဲ့။ တံဆိပ်တုံးထုပြီးတော့ စောင့်နေတုန်း ‌ခွေးတွေ့လို့ ကိုယ်က နှုတ်ဆက်တော့ တချို့ခွေးတွေက အမြီးနှံ့ပြ ပြန်နှုတ်ဆက်တယ်။ ခွေးတကောင်က အသားလွတ်ကြီး ဟောင်နေလို့ ကိုယ့်ကို ဝိုင်းကြည့်ကြတယ်။ ခွေးနဲ့ဝေးဝေးပြေးတော့ ဝိုင်းကဆူတယ် နင် ခွေးတွေကို သွားနှုတ်ဆက်နေပြန်ပြီလား။ တခြားတကောင်ကို နှုတ်ဆက်တာ အဲ့ဒီအကောင်က အသားလွတ်ကြီး ဟောင်တာ။ နောက်ဆို ခွေးတွေ့တိုင်း မနှုတ်ဆက်တော့ဘူး။ ဒါပေမဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေမြင်တိုင်း ကိုယ့်ကို ပြုံးစေတယ်။ ဘိုလီးဘီးယားနယ်စပ်ကို လမ်းလျှောက်ရတယ်။ ဘိုလီးဘီးယားဘော်ဒါ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ပတ်စ်ပို့စ်ကို တံဆိပ်တုံးထု။ ဆိုက်ရောက်ဗီဇာ လျှောက်နေတဲ့သူတွေ တွေ့တယ်။ ဗီဇာကြေး ဒေါ်လာ ၁၃၀၊ ဓာတ်ပုံ ၂ ပုံ၊ စာရွက်စာတမ်းတွေ လိုတယ်။ အမေရိကန်နိုင်ငံသားတွေ တောင်အမေရိကမှာ ဗီဇာလိုတဲ့တခုတည်းသောနိုင်ငံက ဘိုလီးဘီးယား။ ဘိုလီးဘီးယားမလာခင် ဗီဇာကိုကြိုလျှောက်ရင် အခမဲ့ ဆိုက်ရောက်ဗီဇာဆိုရင် ဒေါ်လာ ၁၃၀ ပေးရတယ်။ မြန်မာပတ်စ်ပို့စ် ကိုင်ထားတဲ့ကိုယ်ကတော့ ဘယ်သွားသွား ဗီဇာလိုတယ်။ မြန်မာပတ်စ်ပို့စ်ကိုင်ရတာ မျက်နှာငယ်တယ် တောင်အမေရိကမှာ မြန်မာဆိုတာ ကြားတောင်မကြားဖူးကြဘူး။ ဗီယက်နမ်ကျတော့ သိကြတယ် စိတ်မကောင်းလိုက်တာ။ တိုးရစ်တွေ နှုတ်ဆက်ကြရင် ဘယ်နှစ်ရက်ခရီးထွက်တာလဲ၊ ဘယ်နိုင်ငံ ဘယ်မြို့ရောက်သလဲ၊ ဘယ်နေရာတွေ သွားလည်သလဲ မေးမြန်းကြတယ်။ ဘိုလီးဘီးယားနိုင်ငံထဲကို ဝင်တာနဲ့ ပီရူးနိုင်ငံလောက် လမ်းတွေမကောင်းတာ သတိထားမိတယ်။ နေ့လည် ၁၂ ခွဲမှာ ဘိုလီးဘီးယားနိုင်ငံ ကိုပါကဘာနာကို ရောက်ပါတယ်။ ဘတ်စ်ကားက ကိုပါကပါနာမှာဆုံးပြီး လာပါ့ဇ်ဆီကို နောက်ဘတ်စ်ကားပြောင်းစီးရမယ်။ ဘတ်စ်ကားဂိတ်မှာ ကိုယ်တို့ကို စန်းစန်းလားလို့ တိုးဂိုက်ကလာမေးတော့ အတော်ဝမ်းသာသွားတယ်။ တော်ပါသေးရဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်တို့ကို ဘေးမသီရန်မခ လိုရာခရီးရောက်အောင် ပို့ပေးမဲ့သူရှိတယ်ဆိုပြီး စိတ်ချမ်းသာသွားတယ်။ အစတုန်းကဆို ဘာလုပ်ရမှန်းမသိ ဘာဖြစ်မယ်မှန်းမသိ စမ်းတဝါးဝါး သူများအရိပ်အ‌‌ခြေကြည့် မျက်စိဖွင့်နားစွင့် ရင်တမမနဲ့ စိတ်ပူနေရတာလေ။


Basilica of Copacabana, Bolivia
တံခါး‌ပေါက်က ရုပ်ထု‌တွေ လက်ရာ‌မြောက်တယ်
ပုဂံ အာနန္ဒာဘုရားက တံခါးကြီးကို သတိရမိတယ်
ဘိုလီးဘီးယားနိုင်ငံ ကိုပါကပါနာမြို့

ဘတ်စ်ကားဂိတ်မှာ လက်ကေ့အိတ်တွေကိုအပ်တော့ ဝိုင်းတို့ပါမလာလို့ ပတ်ရှာတော့ သူတို့တခြားဖက်မှာ တန်းစီနေတယ်။ Basilica of Copacabana ဘုရားကျောင်းကို သွားလည်ကြတယ်။ Virgin of Copacabana ပန်းပုဆရာ Tito Yupanqui ရဲ့လက်ရာ ပန်းပုရုပ်တွေအကြောင်း ရှင်းပြတယ်။ ဘုရားကျောင်းက ခမ်းနားတယ် လက်ရာတွေက အံ့မခန်းပဲ။ အဲ့ဒီလိုရှေးလက်ရာ အဆောက်အဦးတွေကို အရမ်းသဘောကျတယ်။ တီတီကာကာရေအိုင်စပ်နားက စားသောက်ဆိုင်မှာ နေ့လည်စာသွားစားကြတယ်။ နေ့လည်စာက တိုးမှာပါပြီးသား။ ဘတ်စ်ကားနောက်ဖက်မှာ ကိုယ်တို့နဲ့အတူတူထိုင်တဲ့ ကောင်လေးတယောက်ကို ဘုရားကျောင်းကအပြန် ဘတ်စ်ကားဂိတ်မှာဆုံတယ်။ တခြာ’အဖွဲ့တွေနဲ့ ပါသွားလို့တဲ့ အမှန်က ကိုယ်တို့နဲ့ တိုးအတူတူပဲ။ နေ့လည်စာစားတော့ အဲ့ဒီကောင်လေးက ကိုယ်တို့နဲ့အတူတူထိုင်တယ်။ ပိန်ပိန်ရှည်ရှည် ပြာလဲ့နေတဲ့မျက်လုံးနဲ့ ဆွဇ်ဇာလန်နိုင်ငံက ပြင်သစ်စကားပြောတဲ့ အသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့ကောင်လေး။ တောင်အမေရိကကို နှစ်လခရီးထွက်နေတာ မက်ချူးပီချူးကိုတက်တာ မိနစ် ၄၀ အဆင်း နာရီဝက်တဲ့။ ကိုယ်တို့က ဟယ် … နင် ပျံများပျံနေတာလား။ အတက်မှာတော့ တကိုယ်လုံး ချွှေးတောက်တောက် ကျတယ်တဲ့။ အင်ကာဟိုက်ကင်းထရေးလမ်းကို လေးရက်တက်ခဲ့တာတဲ့။ တောင်အမေရိကမှာ စျေးအရမ်းသက်သာတယ်။ ဆွဇ်ဇာလန်တွေက ဘိုလီးဘီးယားကို ဗီဇာမလိုဘူးတဲ့။ အဖြူတွေက ဆယ်ကျော်သက်အရွယ်လေးနဲ့ ကမ္ဘာပတ်ကြတယ်။ အလုပ်လုပ် ပိုက်ဆံစု ခရီးထွက် ဗီဇာလည်းမလို ငယ်ငယ်ကတည်းက ကိုယ့်‌‌ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လေ့ကျင့်သင်ကြားထားတဲ့သူတွေဆိုတော့ အခက်အခဲမရှိဘူး။ ကိုယ်တွေကျတော့ ခရီးထွက်ဖို့ ပိုက်ဆံမရှိ ဗီဇာလို အဲ့ဒါတွေအဆင်ပြေရင်လည်း တယောက်တည်းခရီးထွက်ဖို့ဆိုတာ အတော့်ကိုစွန့်စားရမဲ့အလုပ်။ ဟိုတယ်မှာ ဘိုကလေးတွေ လူကြီးလေးလို ကိုယ့်ဘာသာစားသောက် နေထိုင်တာတွေ့ရင် ဟန်ကအမြဲ‌‌ပြောတယ်။ ဘိုကလေးတွေနဲ့ အာရှကလေးတွေ အရမ်းကွာတယ် အာရှကလေးတွေဆိုရင် ဒီအသက်အရွယ်အထိ မိဘကလိုက်ခွံ့ကျွှေးနေရတုန်း။ အာရှကလေးတွေ အဲ့ဒီလိုဖြစ်ရတာလည်း အမေတွေသင်ကြားဆုံးမတာ နည်းလမ်းမကျလို့။ နေ့လည်စာစားပြီးတော့ ဘုတ်နဲ့ Sun Island (Isla del Sol) နေကျွှန်းကို သွားလည်ကြတယ်။ အများစုက လာပါ့ဇ်ကိုသွား လာပါ့ဇ်ကနေ နေကျွှန်းကို တနေ့ခရီးသွားကြတယ်။ ကိုယ်တို့က လာပါ့ဇ်အသွားမှာ ဝင်လည်လိုက်တော့ အချိန်တရက် ပိုထွက်လာတယ်။ နေကျွှန်းကို တနာရီခွဲလောက် မောင်းရတယ် တီတီကာကာရေအိုင်က ပီရူးနဲ့ဘိုလီးဘီးယားကြားမှာရှိပြီး တော်တော်ကျယ်တယ်။ တောင်ပေါ်တက်ရမှာမို ့ မလိုတာတွေ ဘုတ်ပေါ်မှာထားခဲ့ဖို့ တိုးဂိုက်ကမှာတယ်။

ဟမ်မလေး … ဟိုက်နေအောင် တက်ရတယ် နားလိုက် တက်လိုက် ရေနည်းနည်းသောက်လိုက် တက်လိုက် နားလိုက်နဲ့။ high altitude sickness ကြောင့် လမ်းဖြေးဖြေးလျှောက်ရင်တောင် မောနေတာ။ ဒီလိုတောင်အမြင့်ကို တက်ရတော့ ဟိုက်နေတာပဲ။ လေထဲ အောက်ဆီဂျင်နည်းတော့ အသက်ရှူမဝ နှလုံးက အလုပ်အရမ်းလုပ်ရတယ်။ အိပ်ချိန်မှာတောင် နှလုံးခုန်နှုန်းက ၈၀ bpm ရှိတယ်။ မြင်ရတဲ့ရှုခင်းက အတော်လှတယ်။ ပီရူးနဲ့ ဘိုလီးဘီးယား ရုပ်တူသလို အဝတ်အစား တူကြတယ်။ လူမျိုးစုဘာသာစကားတွေရှိပေမဲ့ ဘရာဇီးကလွဲရင် တောင်အမေရိကတတိုက်လုံး စပိန်စကားပြောကြတယ်။ ဘရာဇီးက ပေါ်တူဂီစကားပြောတယ်။ ခရီးထွက်တာ တပတ်ပြည့်ပြီဆိုတော့ အဝတ်အစား တပတ်ပြန်လည်တယ်။ ကိုယ်တို့က ၁၄ ရက်ခရီးအတွက် ၁၀ ပေါင် ဟမ်းကမ်ရီနဲ့ ခရီးထွက်တာ။ ဒီတော့ အဝတ်အစားတွေက ပေါ့ပါးအခြောက်မြန် တွဲဖက်ဝတ်လို့ရတဲ့အရောင် ရာသီဥတုနဲ့ ကိုက်ညီတာတွေ ရွေးခြယ်ရတယ်။ ရာမားဆို ဥရောပလေးနိုင်ငံ (ပြင်သစ်၊ ဂရိ၊ စပိန်၊ ဆွဇ်ဇာလန်) ၁၄ ရက်ခရီးထွက်တာ အဝတ်အစား ၂၀ ထည်၊ ဖိနပ်သုံးရံ လက်ကေ့အိတ်အကြီးကြီးနဲ့ ခရီးထွက်တယ်။ လက်ကေ့အိတ်ကို သူ့ယောက်ျားကသယ်ပေး လေယာဥ◌်ကလည်း ချက်ကင်အိတ်ရတော့ အဆင်ပြေတာပေါ့။ ကိုယ်တို့က စတိတ်အသွားအပြန် ချက်ကင်အိတ်ရပေမဲ့ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီနိုင်ငံအတွင်း သွားတဲ့အခါ ဘတ်စ်ကားနဲ့သွားတော့ ဟမ်းကယ်ရီအိတ် ပေါ့ပေါ့ပါးပါးနဲ့မှ အဆင်ပြေတယ်။ ဖက်ရှင်အလှအပထက် ခရီးသွားအတွေ့အကြုံက အဓိက။ ဓာတ်ပုံထဲမှာလှအောင် မကြီးပြောတဲ့အတိုင်း မျက်ခုံးမွှေးထူထူဆွဲ၊ နှုတ်ခမ်းနီနီရဲရဲ ဆိုးလိုက်တယ်။ အဖြူမတွေဆို ကျောပိုးအိတ်ကြီးနဲ့ နှစ်လခရီးထွက်နေကြတာ။ တောင်စောင်းလေးမှာ ဆောက်ထားတဲ့ အဆောက်အဦးတွေရယ်၊ တောင်တန်းတွေရယ်၊ ရေပြာပြာနဲ့ သိပ်လှတာပဲ။ အီတလီမှာ ၇ နှစ်နေခဲ့တဲ့ဝိုင်းက အီတလီတောင်ပိုင်းက ရှုခင်းတွေနဲ့ တူတယ်တဲ့။ ပီရူးနိုင်ငံ တီတီကာကာရေအိုင်ထဲက Taquile တာကွေလီကျွှန်းပေါ်က ရှုခင်းထက် ဘိုလီးဘီးယားနိုင်ငံ တီတီကာကာရေအိုင် နေကျွှန်းပေါ်ကရှုခင်းက ပိုလှတယ် ဝိုင်းလည်း ထောက်ခံတယ်။ ဘိုလီးဘီးယားနိုင်ငံအလံထဲကအတိုင်း အနီ၊ အစိမ်း၊ အဝါရောင်ရှိတဲ့ပန်းပင်က ဘိုလီးဘီးယားအမျိုးသားပန်း။ ကိုပါကဘာနာဆီအပြန် ဘုတ်ပေါ်မှာ အိပ်ပျော်သွားတယ်။ ည ၅ နာရီခွဲမှာ ကိုပါကဘာနာ ပြန်ရောက်တယ်။ လာပါ့ဇ်ဆီသွားတဲ့ ဘတ်စ်ကားပေါ်တက် တိုးဂိုက်က ကိုယ်တို့နဲ့အတူတူ လာပါ့ဇ်အထိလိုက်မှာတဲ့။ ကားမထွက်ခင် အနီးအနားက အိပ်သာဆီသွားကြတယ်။


တီတီကာကာ‌ကာရေအိုင် ဘိုလီးဘီးယားနိုင်ငံ
Sun Island (Isla del Sol)  နေကျွှန်း
Apacha ‌တွေ

လမ်းတဝက်ရောက်တော့ လူတွေက ဘုတ်နဲ့ ကားတွေက ဖယ်ရီနဲ့ ကန်ကိုဖြတ်ကူးရတယ်။ မှောင်မှောင်မည်းမည်း ဘုတ်ကပေါ့ပေါ့လေးဆိုတော့ လူးလူးလိမ့်လိမ့်နဲ့ ဟိုင်းကြီးကျွှန်းသူ ကိုယ်တောင်ကြောက်တယ်။ သဘေင်္ာမစီးဘူးတဲ့ ဝိုင်းတို့ဆို ဘယ်လောက်ကြောက်နေကြမလဲ။ အင်း … သဘေင်္ာ မှောက်ရင်တော့လား အသက်ရှင်ဖို့လမ်းမမြင်။ ဆင်းရဲတဲ့တိုင်းပြည်ဆိုတော့ အသက်ကယ်ဘော၊ အသက်ကယ်အင်္ကီျလည်း ရှိပုံမပေါ်ဘူး။ ကိုယ်က ရေနည်းနည်းကူးတတ်ပေမဲ့ ဟိုဖက်ကမ်းအထိရောက်အောင် မကူးနိုင်ဘူး။ အိုး … ဒေသခံတွေတောင် စီးနေတာပဲ ဘာမှမဖြစ်ပါဘူး အဆင်ပြေမှာပါလို့ အားတင်ရတယ်။ ဘုရားစာရွတ်ပြီး သရဏဂုံတင်ထားလိုက်တယ်။ မဖြစ်သေးတာတွေ တွေးပူနေတာ မတင်သေးတဲ့ အကြွေးအတွက် ပူနေသလိုပဲ။ ပစ္စုပ္ပန်တည့်တည့်ကြည့် ဖြစ်လာမှကြည့်ရှင်း။ ဝိုင်းက ဘုတ်စီးရမှန်းမသိဘူးတဲ့ ကိုယ်ကသိတယ် ဒါပေမဲ့ ဒီလိုဘုတ်သေးသေးလို့ မထင်ထားဘူး။ ကိုယ်မြင်ဖူးထားတာက ကားတွေတင်တဲ့ ဖယ်ရီအကြီး။ ဟိုဖက်ကမ်းရောက်တော့ တိုးဂိုက်ကိုရှာတာမတွေ့ဘူး။ တိုးတအုပ်တွေ့လို့ သွားကြည့်တော့ ကိုယ်တို့တိုးဂိုက်မဟုတ်ဘူး။ ဟယ် … တိုးဂိုက်ဘယ်မှာ ကျန်ခဲ့ပါလိမ့် လာ သဘေင်္ာဆိပ်မှာ သွားကြည့်မယ်ဆိုပြီး သွားကြည့်တော့ ဘုတ်တစီးကပ်လာတဉ် အဲ့ဒီဘုတ်မှာ တိုးဂိုက်ပါတယ်။ ဘတ်စ်ကားကို ၁၅ မိနစ်လောက် စောင့်ရတယ်။ ဗိုက်ဆာလာတော့ ဆိုင်ကဝယ်စားမလားလို့ ဝိုင်းကမေးပေမဲ့ ဘိုလီးဘီးယားက အစားအသောက်တွေကို စိတ်မချတာနဲ့ ကားပေါ်ရောက်မှာ ပါလာတဲ့အစေ့အနှံတွေ စားတော့မယ်။ လာပါ့ဇ်ကို ည ၉ နာရီမှာ ရောက်ပါတယ် လမ်းတလျှောက် ဆန္ဒပြတာမတွေ့ဘူး။ မိုးကရွာ ကားတွေက ဆူညံပွက်လောရိုက်နေတယ်။ ဘိုလီးဘီးယားနိုင်ငံမှာ လာပါ့ဇ်က အကြီးဆုံးမြို့။ တိုးဂိုက်က ကိုယ်တို့ဟိုတယ်က မြို့လယ်ကောင်ဆန္ဒပြတဲ့နေရာမှာဆိုတော့ လမ်းပိတ်ထားတယ်။ ဟိုတယ်နဲ့တဘလောက်အဝေးမှာပဲ ချပေးလို့ရတယ်။ စိတ်မပူနဲ့ ကားဆရာက ဟိုတယ်ရောက်အောင် ပို့ပေးလိမ့်မယ် ဝဲကမ်းတူဘိုလီးဘီးယားဆိုပြီး စောင့်နေတဲ့တက္ကစီပေါ် တင်ပေးလိုက်တယ်။ ကားဆရာကို မေးကြည့်တော့ အခြေအနေဆိုးတယ်တဲ့။ ဟိုတယ်ရှိတဲ့လမ်းအဝကို ပိတ်ထားပြီး သေနတ်တွေလွယ်ထားတဲ့ စစ်သားတွေစောင့်နေတယ်။ ဂိတ်ကိုဖြတ်ကျော်ပြီး ဟိုတယ်ထဲရောက်မှ စိတ်အေးတယ်။ ကိုယ်တို့အခန်းက သုံးထပ်မှာ ဓာတ်လှေကားမရှိဘူး ဟိုက်နေအောင် တက်ရတယ်။ ရေသန့်မရှိလို့ ဟိုတယ်ကောင်တာက ကောင်မလေးညွှန်လိုက်တဲ့ လေးဘလောက်အဝေးကစတိုးမှာ ရေသန့်၊ yogurt၊ အသီးအနှံတွေ သွားဝယ်ကြတယ်။ လမ်းတိုင်းကိုပိတ်ထားပြီး နေရာတိုင်းမှာ သေနတ်ကိုင်ထားတဲ့စစ်သားတွေ ဒင်းကြမ်းပြည့်ပဲ။ စိတ်ထဲလုံခြုံစိတ်ချမှုမရှိဘူး အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးပေါ်တက်ထိုင်နေရသလိုပဲ။ အချိန်မရွေးတခုခုဖြစ်နိုင်တယ် သတိ …. သတိ… မျက်စိဖွင့် နားစွင့်။ ဟိုတယ်ပြန်ရောက်မှ လုံခြုံစိတ်ချမှု ခံစားရတယ်။ အေးလိုက်တာ … အပူပေးစက်လည်း ရှိပုံမပေါ်ဘူး။ ဝိုင်းက စန်းစန်း ဒါ တတိယနိုင်ငံ ဒီလိုသန့်ရှင်း မီးမပြတ် ရေမပြတ်တာကိုက အတော်ဟုတ်နေပြီ။ ဝိုင်းက အာဖရိကနိုင်ငံတွေကို အလုပ်အတွက်သွားရတော့ ဒီထက်ဆိုးတဲ့နိုင်ငံတွေကို ကြုံဖူးတယ်။ ချမ်းတော့ ပါတဲ့ခြေအိတ်၊ အနွေးထည်တွေ ထပ်ဝတ်။ ပီရူးနဲ့ ဘိုလီးဘီးယားက တောင်ပေါ်နိုင်ငံတွေဆိုတော့ အေးတယ်။ ရာသီဥတုအပြောင်းအလဲမြန်တယ် မိုးကာအင်္ကီျ၊ ဒေါင်းဂျက်ကက်၊ အတွင်းမှာ layer အထပ်ထပ်၊ ခြေအိတ်ကောင်းကောင်းလိုတယ်။ ခုကိုယ်ဝတ်တဲ့ Mamot နဲ့ Helly Hansen ဘရန်းတွေကောင်းတယ်။ ချီလီကပူတယ် မြန်မာပြည်လိုပဲ။ ဒိုင်းနမိုက်တွေဖောက်ကြတာ တဒိုင်းဒိုင်း ခန္ဓာကိုယ်တောင် လန့်တုန်တယ် ကြောက်စရာကြီး။ မနက်ဖြန်အတွက် တိုးဘွတ်ရတော့ အဆင်ပြေတယ်။ သတင်းတွေကြည့်တော့ ထိတ်လန့်စရာ သွေးသံရဲရဲတွေ။ သွေးသံရဲရဲတွေ မမြင်ရသေးပေမဲ့ ဒိုင်းနမိုက်တဒိုင်းဒိုင်း ဖောက်ခွဲသံကြောင့် လုံခြုံစိတ်ချမှုမရှိဘူး အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်လို့ တွေးနေမိတယ်။ ဘာဆိုဘာမှ မကြောက်တတ်တဲ့ကိုယ်တောင် ကြောက်တယ်ဆိုတော့ စဥ◌်းစားသာကြည့်လိုက်တော့။ အသည်းတအေးအေးနဲ့ မနက်ဖြန်ကျရင် လာပါ့ဇ်မှာ ဘယ်လိုများလည်ပတ်သလဲဆိုတာကတော့ နောက်ပို့စ်မှပဲတင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဖေဖေါ်ဝါရီ ၇၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး
https://boliviatravelsite.com/tours/la-paz/puno-copacabana-sun-island

ဘိုလီးဘီးယားနိုင်ငံအလံအတိုင်း အနီ၊ အဝါ၊ အစိမ်းပွင့်တဲ့ ဘိုလီးဘီးယား အမျိုးသားပန်း
ရှုခင်း အင်မတန် လှတယ်
လာပါ့ဇ်ကို  ရောက်ခါနီး  အဲ့ဒီဘုတ်နဲ့ကန်ကို ဖြတ်ကူးရတယ်... ဟိုင်းကြီးကျွှန်းသူ ကိုယ်တောင် ကြောက်တယ်

No comments: