အလာစကာသွား တောလား- ၅

ဂျူလှိုင် ၇ စနေနေ့ မနက် ၁၁ ၂၀ တာကီတီနာမြို့ကနေ ထွက်ခွာလာတဲ့ ရထားဟာ ဖဲဘန့်ကို ည ၈ နာရီကျော်မှ ရောက်ပါတယ်။ ဖဲဘန့်မြို့အဝင်က အလာစကာတက္ကသိုလ်၊ ဘော်တနစ်ကယ်ဂါးဒင်း၊ ရှားပါးတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း အကြောင်းတွေ ရှင်းပြပါတယ်။ ဖဲဘန့်မြို့ဟာ အလာစကာပြည်နယ် အတွင်းပိုင်းမှာ တည်ရှိပြီး အမ့်ကာ့ရေ့မြို့ပြီးရင် ဒုတိယအကြီးဆုံးမြို့ စစ်တပ်မြို့ပါ။ ဆောင်းရာသီမှာ Northern Lights ကို ကြည့်ချင်ရင် ဖဲဘန့်ကို မဖြစ်မနေ လာရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖဲဘန့်ကနေမှ မြောက်အလင်းတန်းကို မြင်ရမှာမို့လို့ပါပဲ။ ရထားဘူတာကနေ မြို့ထဲဟိုတယ်ကို မိနစ်နှစ်ဆယ်လောက်ပဲ ဝေးတယ်။ ည ၈ နာရီခွဲဆိုပေမယ့် အလာစကာနွေရာသီဆိုတော့ လင်းထိန်နေတာများ နေ့လည်ခင်းကျနေတာပဲ။ နွေရာသီဆို အလာစကာမှာ ည ၁၂ ခွဲမှ နေဝင်ပြီး မနက်သုံးနာရီခွဲမှာ နေထွက်တယ်။ တက္ကစီသမားက မလေးရှန်းတရုတ် နယူးယောက်မှာ သူ့အမျိုးသမီးနဲ့တွေ့ပြီး အလာစကာကို ပြောင်းလာခဲ့တာ။ ဟိုတယ်ပိုင်ရှင်ကို မတွေ့လို့ တက္ကစီသမားက ရပ်စောင့်ပေးတယ်။ ဟိုတယ်ပိုင်ရှင် တံခါးလာဖွင့်ပေး ကိုယ်တို့အဆင်ပြေပြီဆိုတာ သေချာပြီဆိုမှ ထွက်သွားတယ်။ နယ်မြို့လေးကလူတွေက ဖော်ရွေပျူငှာ ကူညီတတ်ကြတယ်။ ဟိုတယ်ပိုင်ရှင်က အသက် ၇၀ ကျော်အဘိုးအို သဘောကောင်းတယ်။ လက်ကေ့အိတ်တွေကို အပေါ်ထပ်က အိပ်ခန်းကျဉ်းကျဉ်းလေးထဲ ကိုယ့်ဘာသာသယ်ရတယ်။ ချက်ကင်ဝင် ဝိုင်းခရက်ဒစ်ကဒ်နဲ့ ဟိုတယ်ခပေး။ မနက်စာမစားခဲ့ရတော့ ဗိုက်ကတဂွီဂွီဆာနေပြီ။ ဘာစားသောက်ဆိုင်တွေ ရှိလဲမေးကြည့်တော့ ယိုးဒယားဆိုင်တွေရှိတယ်။ ဒါပေမယ့် ဖဲဘန့်ကဆိုင်တွေက ည ၉  နာရီဆို အကုန်ပိတ်တော့ မြန်မြန်သွားမှဖြစ်မယ်။ ဟိုတယ်ပိုင်ရှင်ပေးလိုက်တဲ့ မြေပုံကိုင်ပြီး ငါးဘလောက်အဝေးက ယိုးဒယားဆိုင်ကိုရောက်တော့ ပိတ်တော့မယ်။ ထိုင်မစားဘူး အိမ်သယ်သွားမယ် take out လုပ်ပေးလို့ရမလား မေးကြည့်တော့ စားဖိုဆောင်မှာ အကုန်သိမ်းပြီးနေပြီ။ ဘယ်မှာစားစရာတွေ ရနိုင်မလဲမေးတော့ ဟိုဖက်လမ်းက ဟေတန်ဟိုတယ်မှာတော့ ရနိုင်တယ်။ ဘားဆိုတော့ ညဉ့်နက်တဲ့အထိဖွင့်တယ်။ နှစ်ဘလောက်အဝေးက ယိုးဒယားဆိုင်ရောက်တော့ ပိတ်နေပြီ။ ဘယ်မှာများစားစရာတွေ ရနိုင်မလဲမေးတော့ ဝေါမတ်၊ ကုန်စုံဆိုင်တွေမှာ ရနိုင်တယ်။ ဝေးလားမေးတော့ မဝေးဘူး ငါးမိနစ်ပဲ ကားနဲ့လား လမ်းလျှောက်တာလားမေးတော့ ကားနဲ့တဲ့။

ယိုးဒယားဆိုင်က ရေးပေးလိုက်တဲ့ လိပ်စာကို ဂူဂယ်မတ်ထဲ ရိုက်ထည့်လိုက်တော့ မြစ်ခြားနေတဲ့ ဟိုဖက်ကမ်းမှာ ကားနဲ့ငါးမိနစ် လမ်းလျှောက်ရင် အနည်းဆုံးနာရီဝက်ပဲ။ convenient store မှာ ခေါက်ဆွဲပြုတ်ဝယ်စားမလားလို့ ဘေးဘီကိုကြည့်လိုက်တော့ ဆိုင်တွေအကုန်ပိတ်နေပြီ။ ရွေးချယ်စရာမရှိတော့ ဟေတန်ဟိုတယ်ဆီ ချီတက်ရတယ်။ ဟိုတယ်တွေက ဈေးကြီးပြီး စားလို့မကောင်းဘူး။ Cuban Bristol ဆိုတဲ့ဆိုင်းဘုတ်လေး မီးလင်းနေတော့ ဝိုင်းက ဝင်ကြည့်ရအောင် Bristol ဆိုတာ စားသောက်ဆိုင်။ မေးကြည့်တော့ ဖွင့်သေးတယ်တဲ့ ဘုရား ဘုရား ... ကံကောင်းလို့ ညစာငတ်တော့မလို့။ လက်တင်သီချင်းတွေ တီးခတ်ဖျော်ဖြေတယ် လက်တင်သီချင်းတွေက မြူးကြွတယ်။ ကိုယ့်မှာတာက ဝက်သား လက်တင်အစားအစာ ထုံးစံအတိုင်း ထမင်း၊ ပဲ ပါတယ်။ ဝက်သားမှာ အချဉ်အရသာပါလို့ စားကောင်းတယ်။ ဝိုင်းနဲ့ ဟန်မှာတာတွေကို မြည်းကြည့်တော့ အရသာအတူတူပဲ အသားပဲကွဲတယ်။ Cuban Sandwich က နာမည်ကြီးတယ်။ မြို့ငယ်လေးဆိုတော့ လူတိတ်ဆိတ် ကားလမ်းအင်မတန်ရှင်းတယ်။ အိုင်အိုဝါပြည်နယ်က ကိုယ့်ကျောင်းမြို့လေးနဲ့တူတယ်။ လမ်းဘေးဝဲယာတလျှောက် အလေ့ကျပေါက်တဲ့ ပန်းပင်တွေ၊ အိမ်ဆိုင်တွေမှာ စိုက်ပျိုးထားတဲ့ ပန်းပင်တွေ အရောင်အသွေးစုံပြီး အင်မတန်လှတယ်။ ကိုယ်တွေ့ဖူးတဲ့ ပန်းပင်တွေထဲမှာ အလာစကာက ပန်းပင်တွေက အလှဆုံးပဲ။ ဝိုင်းကလည်း ထောက်ခံတယ် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုနည်းပါးလို့ ဖြစ်ရမယ်။ သူခိုးမရှိလို့ ဟိုတယ်ပိုင်ရှင်က အိမ်ရှေ့တံခါးမကို သော့မခတ်ဘူး အတွင်းတံခါးပဲခတ်တယ်။ တနေကုန်ရထားစီးရလို့ ပင်ပန်းနေပြီ ဗိုက်ကားအောင် စားသောက်ပြီးပြီဆိုတော့ ရေချိုးပြီးတာနဲ့ တန်းအိပ်တော့တယ်။ မနက်မိုးလင်းတော့ ဟိုတယ်ပိုင်ရှင် တည်ခင်းတဲ့မနက်စာစားကြတယ်။ နွားနို့၊ ကြက်ဥကြော်၊ ပေါင်မုန့်မီးကင်သုတ်၊ အသီးအနှံ။ အသက် ၂၅ နှစ်လောက်ပဲရှိမယ့် ကနေဒါသူလို့ထင်ရတဲ့ မိန်းကလေး တယောက်တည်းရောက်လာတယ်။ Article Circle ဖက်မှာ တယောက်တည်း တပတ်လောက် တောင်တက်မလို့။ ဟိုတယ်ပိုင်ရှင်က တောင်တက်ဖူးလား၊ လမ်းပျောက်ရင် ဘယ်လိုလုပ်ရမယ်၊ moose ၊ ဝက်ဝံနဲ့တွေ့ရင် ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာတွေ သိလားမေးတယ်။


လေတိုက်လို့ ဥ◌ီးထုပ်‌လေးလွှင့်သွားမှာစိုးလို့ ဆွဲတင်‌နေတာကို ကင်မရာမန်းဟန်က အမိအရရိုက်တယ်
ဟာဝိုင်အီမှာလည်း ဒါမျိုးရုပ်‌တွေရှိတယ်
ဝိုင်းရဲ့ လုပ်‌ဖော်ကိုင်ဖက်တယောက် အလာစကာတက္ကသိုလ်တက်‌တော့ ဘာလို့ အလာစကာတက္ကသိုလ်ကို ‌ရွေးတာလဲလို့မေးတော့ သူယူတဲ့ဘာသာရပ် (လေထုသန့်စင်‌ရေး) က အလာစကာတက္ကသိုလ်မှာပဲ သင်လို့ရပါသတဲ့
Fairbanks + Bikes = Fairbikes

သူက အကုန်သိတယ်၊ ပြင်ဆင်ထားတယ်တဲ့။ အလာစကာလို ဖုန်းလိုင်းအင်တာနက် သိပ်မကောင်းတဲ့ ပြည်နယ်မပြောနဲ့။ ယူတာ့၊ မြောက်ဒကိုတာ၊ တောင်ဒကိုတာ၊ အိုင်ဒါဟို၊ မွန်တာနာ၊ ဝါရှင်တန်ပြည်နယ်တွေမှာတောင် တောင်တက်တဲ့သူတွေ လမ်းပျောက်သွားလို့ ကယ်ဆယ်ရေး ရှာဖွေနေရတဲ့သတင်းတွေ တီဗွီသတင်းမှာ တွေ့နေရတယ်။ တောနက်ထဲရောက်သွားရင် ဆတယ်လိုက်ကွန်နက်ရှင်မမိတော့ တောင်တက်သမားတွေက GPS tracker လေးတွေ ဆောင်ရတယ်။ ၂၀၀ လောက်ပဲပေးရတယ် လမ်းပျောက်နေလို့ ထိခိုက်ဒဏ်ရာရနေလို့ အကူအညီလိုပြီဆိုရင် စက်မှာပါတဲ့ SOS button ကိုနှိပ်လိုက်ရင် ဆက်သွယ်ရေးအော်ပရေတာက ဘယ်နေရာမှာဆိုတာ ဂြိုလ်တုနဲ့ချိတ်ဆက်ရှာဖွေ အရေးပေါ်ကယ်ဆယ်ရေးကို အကြောင်းကြားပြီး ကယ်ဆယ်ခိုင်းလို့ ပြန်တွေ့တဲ့သူတွေရှိတယ်လို့ သတင်းမှာတွေ့လိုက်တယ်။ အလာစကာမှာ ဖုန်းလိုင်းမမိတော့ ကားထဲမှာရေဒီယို၊ emergency kit တွေ ပါရတယ်။ ကားပျက်ရင် တခုခုဖြစ်ရင် ဘယ်မိုင်တိုင် ဘယ်နားမှာဖြစ်တယ်ဆိုတာ ရေဒီယိုနဲ့ အကြောင်းကြားရတယ်။ ဆောင်းရာသီက ကြာရှည်ပြီး နှင်းတအားကျ ရာသီဥတု အင်မတန်ကြမ်းတော့ အလာစကာသားတွေကတော့ ဘယ်လိုရှင်သန်ရမယ်ဆိုတာ သိကြတယ်။ အဲ့ဒီကလေးမလေးက သတ္တိရှိလိုက်တာ တယောက်တည်း တောနက်ထဲမှာ ၇ရက်။ အယ်မလေး ကိုယ်တို့တော့ ဘယ်လိုမှအဲ့ဒီလိုလုပ်ဖို့ သတ္တိမရှိဘူး။ အုပ်စုနဲ့ဆိုရင်တော့ လိုက်ရဲတယ် ၇ရက်တောင်ဆိုတော့ နည်းနည်းပင်ပန်းတယ် ၂ ရက်၊ ၃ ရက်လောက်ပဲ တောင်တက်နိုင်မယ်ထင်တယ်။ ဂျူလှိုင် ၈ တနင်္ဂနွေမနက် ဖဲဘန့်မှာ ပထမဆုံးသွားလည်မယ့်နေရာက အလာစကာတ္ကသိုလ်ဝင်းထဲက Museum of the North ။ ဟိုတယ်ကနေ ပြတိုက်ဆီ ယူဘာနဲ့ မိနစ် ၂၀ လောက်ဝေးတယ်။ အလာစကာတက္ကသိုလ်ထဲရောက်တော့ ပြတိုက်က မဖွင့်သေးဘူး။ တက္ကသိုလ်ဝင်းထဲ ဓာတ်ပုံလျှောက်ရိုက်တော့ ပိန်ပိန်ညောင်ညောင် ဆေးမင်ကြောင်တွေနဲ့ စကိတ်ဘုတ်စီးတဲ့ တက္ကသိုလ်ကျောင်းသားတယောက်နဲ့ဆုံတယ်။ ကင်မရာကြီးတွေနဲ့ဆိုတော့ တိုးရစ်တွေထင်တယ်။ လူတွေကို ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ ဝိုင်းက ပြံ ုးပြနှုတ်ဆက်တော့ လက်ဆွဲနှုတ်ဆက်တယ်။ ကိုယ်က လေသံကိုနားထောင်ရတာနဲ့ ပုံမှန်မဟုတ်ဘူးဆိုတာသိလို့ နှုတ်မဆက် နောက်မှာခပ်လျှိုလျှို ကင်မရာနဲ့အလုပ်များနေဟန်ဆောင်တယ်။ သူစတိတ်စီးတာကို ဓာတ်ပုံရိုက်ခိုင်းတယ် သဘောကောင်းတဲ့ ဝိုင်းကဓာတ်ပုံရိုက်ပေးတယ်။

ဘာမေဂျာတက်နေတာလဲမေးတော့ ဘာတွေပြောမှန်းမသိ။ မဖြစ်တော့ဘူးဆိုပြီး ပြတိုက်ဖွင့်တော့မယ်ဆိုပြီး ဝိုင်းနဲ့ဟန်ကိုခေါ် လှည့်မကြည့်နဲ့ စကားသွားမပြောနဲ့ မြန်မြန်လေးလျှောက်လို့ ခပ်အုပ်အုပ်ပြောပြီး  ပြတိုက်ဆီကို အပြေးတပိုင်းလမ်းလျှောက်။ ပြတိုက်ထဲထိ လိုက်လာတယ် ကိုယ်တို့နောက်ကနေ ဘာတွေပြောမှန်းမသိ မသိချင်ဟန်ဆောင် ပြတိုက်ထဲကပြထားတာတွေကို အရမ်းစိတ်ဝင်တစား ကြည့်နေဟန်ဆောင်။ သုံးယောက်မကွဲမကွာအတူနေ။ ကိုယ်တို့ခပ်တည်တည်နေတော့ ငနဲကဆက်မလိုက်တော့ဘူး ဒီထက်ဆိုးလာရင် ကိုယ်ပြောမယ်ဆိုပြီး ကြိမ်းနေတာ ငနဲကဆက်မလိုက်တော့ဘူး သီချင်းတွေအော်ဟစ်ဆို။ ခရေဇီပဲ အဲ့ဒီလိုဘာရယ်မဟုတ် အနှောင့်အယှက်ပေးချင်တဲ့သူက ရှိသေးတယ်။ သူ့ဂုဏ်သိက္ခာလည်း မထိခိုက်ရအောင် ပါးပါးနပ်နပ်လေး ရှောင်ရတယ်။ ပေါ်ပေါ်တင်တင် သွားပြောရင်လည်း အနှောင့်အယှက်ပေး နောက်ကတကောက်ကောက် လိုက်နေမှာ စိုးရိမ်ရသေးတယ်။ ပြတိုက်က သိပ်မကြီးဘူး နှစ်ထပ် ခင်းကျင်းပြသထားတာတွေ အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ အလာစကာပြည်နယ်ဟာ ရုရှနဲ့ မိုင် ၈၀ ပဲဝေးတယ်။ ရုရှအဆက်အနွှယ်တွေ အခြေချနေထိုင်တယ်။ ရွှေတွေ့ရှိလို့ ရွှေရှာဖွေတဲ့သူတွေနဲ့ စည်ကားဖူးတယ်။ ခုတော့ ရေနံ၊ သဘာဝဓာတ်ငွေ့ထွက်တယ်။ သဘာဝတောတောင်ရေမြေတွေက တခြားပြည်နယ်တွေနဲ့ မတူဘဲ အင်မတန်လှပတယ်။ အနုတ် ၄၀ အထက် အအေးဒဏ်ကို ကြံကြံခံရှင်သန်နေထိုင်ကြတဲ့ အက်စကီးမိုးလူမျိုးစုတွေ ဓလေ့စရိုက်၊ သယ်ယူပို့ဆောင်ရေးမှာသုံးတဲ့ စွပ်ဖွားခွေးတွေအကြောင်း အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ Extreme  Winter အကြောင်း မိနစ် ၂၀ ဗွီဒီယိုကို ၅ကျပ်ပေးပြီး ဝင်ကြည့်ကြတယ်။ ကြည့်လို့အင်မတန်ကောင်းတယ် လူအပြည့်ပဲ။ Northern Lights Aurora အကြောင်း ဗွီဒီယိုထပ်ကြည့်တယ်။ ပြတိုက်ထဲက လက်ဆောင်ပစ္စည်းဆိုင် ဝင်ကြည့်တယ်။ တာကီတီနာမှာတုန်းက ၃ ကျပ်နဲ့ ဝယ်လာတဲ့ lip balm က ဒီမှာ ၂ ကျပ်ပဲပေးရတော့ ဈေးကြီးမိသဟဆိုပြီး ဟိုက်ခနဲဖြစ်သွားကြတယ်။ ရုရှ doll အရုပ်ကလေးက ချစ်ဖို့ကောင်းလွန်းလို့ ဝယ်ရမလား၊ မဝယ်ရကောင်းမလား ချီတုံချတုံစဉ်းစား။ ဝယ်လည်းဝယ်ချင်တယ် အိမ်ခန်းက ကျဉ်းကျဉ်းလေး ထားဖို့နေရာမရှိဘူး ဒါပေမယ့် လိုချင်တယ်။ ဟန်က သူ့မှာအကြီးဆိုဒ်ရှိတယ် သူ့လုပ်ဖော်ကိုင်ဖက် ရုရှသွားလို့ လက်ဆောင်ပေးတာ။ ဝိုင်းက မင်းလိုချင်ရင် အသေးဝယ်လေ ရုံးမှာထားလို့ရတာပဲ။ ဝိုင်းရွေးပေးတဲ့ အစိမ်းရောင်လေး ယူလိုက်တယ်။


ဘော်တနစ်ပန်းခြံက အဲ့ဒီဟိုင်း‌ဝေးလမ်း‌ဘေးမှာ ရှိတာ
အလစကာတက္ကသိုလ် ‌မြောက်ဝင်ရိုးစွန်းပြတိုက်ဆိုတဲ့ ဆိုင်းဘုတ်ကို အမိအရရုရိုက်တာ
ဝတ်ထားတာကလည်း တကိုယ်လံလုံးအနက်ရောင် မိုးအုံ့ ကောင်းကင်ကလည်း ‌မှောင်မည်း‌နေ‌တော့ ဘာမှကိုမမြင်ရ‌တော့ဘူး  နောက်ဆိုခရီးသွားရင် အရောက်‌တောက်‌တောက်ဝတ်ပါ ဓာတ်ပုံထဲမှာ‌ပေါ်အောင် :D
လမ်း‌ဘေးအလေ့ကျ‌ပေါက် အိမ်မှာစိုက်ပျိုးထားတဲ့ ပန်းပင်‌လေး‌တွေ အရောင်အ‌သွေးစုံပြီး အင်မတန်လှတယ် ကိုယ်‌တွေ့ဖူးတဲ့ ပန်းပွင့်တွေထဲမှာ အလာစကာကပန်းပင်‌တွေက အလှဆုံးပဲ

အနက်ရောင်ပေါ် ပန်းကနုတ်လေးတွေ ထိုးထားတဲ့ ကလစ်လေး သဘောကျနေလို့ ဝိုင်းကို ရွေးခိုင်းတယ်။  ဝိုင်းက အဝတ်အစား၊ မိတ်ကပ်၊ ဖက်ရှင်မှာ ခေတ်မမှီပေမယ့် အလှအပတော့ ရွေးတတ်တယ်။ အံမယ်... သူက ဖက်ရှင်ကျတယ်လို့ သူ့ဘာသာထင်နေတာ။ အီတလီမှာတုန်းကဆို ရှပ်အင်္ကျ အစိမ်းဆို၊ ပုဝါအစိမ်း၊ အိတ်အစိမ်း စတိုင်အပြည့်ဆိုပဲ။ တန်ဇနီးယားက ဝယ်လာတဲ့ ကြောင်ကြောင်ကြားကြား လည်ဆွဲကို တောင်တက်ရင် ဆွဲလာတတ်တဲ့၊ မျက်နှာမှာဘာမှမလိမ်းမခြယ်သတဲ့၊ အပေါ်တရောင် အောက်တရောင် ဝတ်တတ်တဲ့ဝိုင်းကို ကိုယ်က ဖက်ရှင်ကျတယ်လို့မမြင်။ ကောင်တာကကောင်လေးက ရုရှရုပ် ကိုယ့်ကျောင်းနေဖက် ရုရှကနေ ခွဲထွက်လာတဲ့ ယူကရိန်းနိုင်ငံအောက်ဖက်က Moldova မော်ဒိုဗာနိုင်ငံက ဗလာဒီမာနဲ့ ချွှပ်စွပ်တူတယ်။ အံမယ်လေး ... ရုပ်တင်တူတာမဟုတ်ဘူး လေသံကလည်း တပုံစံတလေသံတည်း။ ရုရှ doll ရုပ်ကလေးက နည်းနည်းပဲ့နေလို့ အသစ်လဲပေးလို့ရမလားမေးကြည့်တော့ ရှာကြည့်ပေးတယ်။ လဲပေးစရာမရှိဘူး ဘာမှမဖြစ်ပါဘူးလို့ ဈေးဝယ်သူကို နှစ်သိမ့်တဲ့လေသံနဲ့ ပြောတယ်။ လဲပေးစရာမရှိတော့လည်း တတ်နိုင်ဘူးလေ ကိုယ်ကလိုချင်နေမှကိုး။ အရုပ်ထဲမှာ အရုပ်လေးငါးခုပါတယ်။ သေသေချာချာ အနုစိတ်ဆေးခြယ်ထားတယ် မြင်လိုက်တာနဲ့ ရုရှ doll ဆိုတာ လူတိုင်းသိတယ်။ ကိုယ့်ရုံးကွန်ပျူတာအောက်မှာ ထားတယ်။ ဒုတိယသွားရောက်မယ့် နေရာကတော့ အလာစကာတက္ကသိုလ်ကနေ လမ်းလျှောက်ရင် ၂၅ မိနစ်လောက်ဝေးတဲ့ ဘော်တနစ်ဂါးဒင်းပါ။ ယူဘာခေါ်ဖို့အဆင်မပြေ တက္ကသိုလ်တည်ရှိတဲ့ ကုန်းမြင့်အောက်ဖက် ဟိုင်းဝေးလမ်းဖက်မှာ ရှိနေတယ်။ ဂူဂယ်မတ်အတိုင်း မလိုက်ဘဲ တခြားလမ်းအတိုင်း သွားမိလို့ မှားသဟဆိုပြီး ဂူဂယ်မတ်အတိုင်းပြန်လျှောက်။ ဝိုင်းနဲ့ကိုယ်နဲ့က ဂူဂယ်မတ်ကြည့်ပြီး လမ်းကြောင်းရှာဖွေ ဟန်က ဓာတ်ပုံရိုက်။ မြေပုံကျွှမ်းကျင်တယ်ဆိုပြီး ကိုယ့်ကိုဒီအတိုင်း လွှတ်ထားလို့မရဘူး။ လမ်းကြောင်းမှန်ရဲ့လား ဘယ်ကိုရောက်နေပြီလဲ ဘယ်လောက်လိုသေးလဲဆိုတာ ဝိုင်းက ခဏခဏစစ်ပေးရတယ်။ ခရီးသွားမှ တယောက်ရဲ့အားသာချက်၊ အားနည်းချက်တွေနဲ့ စေ့စပ်ညှိနှိုင်း တကူတကွဆောင်ရွက်တတ်ပြီး ပိုပြီးခင်မင်ရင်နှီးလာတယ်။ အဲ .. အခန့်မသင့်လို့ သဘောထားမတိုက်ဆိုင်ရင်တော့ မခေါ်မပြောနိုင် ကွဲကြပြဲကြ။ ကော်စရာရီကာခရီးကအပြန် စိတ်ဆိုးသွားတဲ့ဆူနမ် ကိုယ့်ကိုခုထိ ဘလော့ထားတုန်း၊ မခေါ်မပြော စိတ်ဆိုးနေတုန်း။ ဘော်တနစ်ဂါးဒင်း၊ ကားပြတိုက်အကြောင်းကတော့ နောက်ပို့စ်မှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၇၊ ၂၀၁၈။

ကျူးဘားအစားအစာ
ည ၁၀ နာရီခွဲ ဟိုတယ်ကိုပြန်ချိန် ညသန်းခေါင်မှနေဝင်တာ ခုနေမဝင်‌သေးဘူး ဖဲဘန့်မြို့လယ်‌ကောင်
Dall's sheep
အလင်းအ‌မှောင် ယူထားတာ အင်မတန်လှတယ်
အက်စကီးမိုး‌တွေနဲ့ အတူနေပြီး အလာစကာ သဘာဝအလှ‌တွေ ဓာတ်ပုံရိုက်တဲ့ ဂျပန်ဓာတ်ပုံဆရာ သူ့ဓာတ်ပုံတွေ အင်မတန်လက်‌ရာမြောက်တယ်
Museum of North ပြတိုက်ထဲက ဝက်ဝံနဲ့
အလာစကာမှာ ‌ရွှေတွေ့တယ်
‌ရွှေတွေ့တဲ့ သမိုင်း‌ကြောင်း
အရမ်းလက်ရာမြောက်တဲ့ လက်ထည်‌တွေ ‌‌စေ◌ျးအရမ်းကြီးတယ်
အက်စကီးမိုး‌တွေ ဒီလိုဝတ်တယ်
အလာစကာဟာ ရုရှကုန်းမြေနဲ့ မိုင် ၈၀ ပဲ ဝေးတယ်
အဲ့ဒီပန်းချီကား အရမ်းလက်ရာမြောက်တယ်
ငါးအရေခွံနဲ့ လုပ်တဲ့ပုံး
လက်ထည်ပစ္စည်း‌‌လေးတွေ အင်မတန်အနုစိတ်တယ်
ဆောင်းရာသီ ‌အော်ရိုရာ‌မြောက်အလင်းတန်း သွားကြည့်ဖို့ အဲ့လိုဝတ်ရမယ် :P
‌ဝေလငါးအရိုးနဲ့လုပ်ထားတဲ့ လက်ထည်ပစ္စည်း‌လေး‌တွေ

‌‌ခေါင်း‌ဆောင်‌ခွေးရဲ့ မဖြစ်မ‌နေ‌ရှေ့ကိုချီမယ်ဆိုတဲ့ စိတ်ဓာတ်ကို‌ပေါ်လွင်‌စေတဲ့ အဲ့ဒီပန်းချီကားကို သဘောကျတယ်
ရုရှလုပ်ကလစ်
ကိုယ်ယ့်အလုပ်စားပွဲမှာ ထားတဲ့ ရုရှအရုပ်မ အထဲက အကြီးကနေအသေး ငါးရုပ်ပါတယ်
အရုပ်မ‌လေး‌တွေ တန်းစီ :)

3 comments:

Lorem Ipsum said...


ဆုမြတ်

Anonymous said...

It is amazing!
Ma Ma Iora

San San Htun said...

ဆုမြတ်မိုး said...
Russian Doll လေးတွေကို သိပ်ချစ်တာပဲ.. ညီမဆီမှာလည်း အကြီးတစ်ခု အသေးတစ်ခုရှိတယ် ။ သိပ်ချစ်စရာကောင်းတယ် ။ နောက်ပိုစ့်တွေမျှော်နေတယ်နော် အမစန်းထွန်း

ဆုမြတ်
September 9, 2018 at 9:27 PM