မိုးအုံ့သောနေ့ ...

photo credit - Google

ရုံးပိတ်ရက်သည် မိုးအုံ့သောနေ့ဖြစ်နေလျှင် အပြင်ကိုမသွားချင်တော့ဘဲ စောင်ပုံအောက်တွင် နစ်မြှပ်ကာ ပျင်းရိငြီးငွေ့၍သာ နေချင်တော့သည်။ ရုံးတက်ရက်များတွင် မနက် ၇ နာရီ နိုးစက်ပေးကာ မထချင်ထချင်ဖြင့် ရုံးတက်ဖို့ပြင်ဆင် အပြေးအလွှား ရုံးတက်ရသော်လည်း အကျင့်ဖြစ်နေသောကြောင့် ရုံးပိတ်ရက်တွင်လည်း နှိုးစက်မပေးရဘဲ မနက် ၇ နာရီခန့်တွင် နိုးလာခဲ့သည်။ စောစောအိပ်ယာထဖို့ မလိုတဲ့ ရုံးပိတ်ရက်ဆို မအိပ်ချင်ဘူး စောစောအိပ်ယာထဖို့လိုတဲ့ ရုံးတက်ရက်ဆို အိပ်ချင်တယ် ငါ့နှယ့်ဒုက္ခလို့ ရေရွတ်ကာ ဧည့်ခန်းထဲက စားပွဲပေါ်မှာ အသင့်ပြင်ဆင်ထားတဲ့ probiotics ဆေးကို ရေတခွက်နဲ့သောက်။ ရေချိုးခန်းထဲဝင် ရှူးပေါက်၊ မျက်နှာကို ရေနဲ့သစ်၊ ဘုရားမီးပူဇော်၊ သောက်တော်ရေကပ်။ အိပ်လို့မရတဲ့အတူတူ တရားထိုင်မှပါပဲဆိုကာ တရားထိုင်သောငြား စိတ်ကစုစည်းလို့မရ နှာသီးဝ၊ ဖောင်းပိန်၊ ထိတာ တခုမှမှတ်လို့မရ။ စိတ်တွေ လွင့်မျောနေလိုက်တာ ... ထရားထိုင်၊ စာဖတ်ပြီဆိုရင် အိပ်ချင်လာပြီ။ ဗိုက်ကတဂွီဂွီ မြည်လာပြီး ဗိုက်ဆာသလိုဖြစ်လာလို့ နာရီကြည့်လိုက်တော့ မနက် ၁၀ နာရီ။ အိပ်ယာထ မီးဖိုချောင်ထဲဝင်ပြီး ဘာတွေစားဖို့ရှိသလဲ ရှာဖွေတော့ ဘာဆိုဘာမှမရှိ။ ကောက်ညှင်းမှုန့်ကို ရေနည်းနည်းထည့်နယ် မုန့်လက်ကောက်လေးတွေ လုပ်ပြီးဆီထဲထည့်ကြော်။ တချိန်တည်းမှာပဲ ကြံသကာကို ရေနည်းနည်းထည့်ကြို။ ငါးမိနစ်လောက်ကြာတော့ မုန့်လက်ကောက်တွေကို အကျက်ညီအောင် တဖက်လှည့်ပေး။ ဆယ့်ငါးမိနစ်လောက်ဆို မုန့်လက်ကောက်တွေ စားဖို့ရယ်ဒီ။ မစားခင် ဓာတ်ပုံရိုက်ပြီး အဖေ၊ မကြီး၊ ချစ်အစ်မနှစ်ယောက်ကို မိုင်မုန့်လက်ကောက်ဆိုပြီး ဓာတ်ပုံပို့ပြီးကြွား လာရင်ကြော်ကြွေးမယ်လို့ ပြော။ သွားမတိုက်ဘဲ စားသောက်နေတာကို အမေသာမြင်လျှင် မျက်နှာမသစ် သွားမတိုက်ဘဲနဲ့ မစားနဲ့ ကျက်သရေမရှိဘူး သွား .... သွားတိုက်လို့ ဆူမှာ အသေအချာ။

ဘုရားစင်မှာ အိုင်ပတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်၊ တောင်တန်းသာသနာပြုဆရာတော်ရဲ့ ရေဆူပရိတ်တရားဖွင့်။ အိပ်ခန်းတံခါးပိတ်လိုက်ရင် ဧည့်ခန်းထဲက ပရိတ်ကြီး ၁၁ သုတ် တရားကို မကြားရတော့။ မနက် ရုံးမသွားခင် ဘုရားစင်မှာ အိုင်ပတ်နှင့် တရား အမြဲဖွင့်ခဲ့သည်။ ကိုယ်နာဖို့တော့မဟုတ် နတ်တွေနာဖို့အတွက် ဖြစ်သည်။  အိပ်ခန်းထဲက စောင်ပုံအောက်ကို နစ်ဝင်ကာ မနေ့က ဖတ်လက်စ ဂျူး၏ မရှိမဖြစ်မိုးဝထ္ထု ပြန်ဖတ်။ ပြီးတော့ ဖတ်လက်စ Hidden Figures စာအုပ်ကို အပြီးဖတ်သည်။ စာကြည့်တိုက်မှ ငှားထားသော The Handmaid's tale စာအုပ်နှင့် To kill a mocking bird စာအုပ် ရှာသောအခါ ရုံးမှာထားခဲ့သည်ကို သတိရသွားသည်။ မနေ့က ဖတ်ပြီးသွားသော ဆရာမဂျူး၏ မြစ်တို့၏မာယာဝထ္ထုကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ကြည့်ချင်သောကြောင့် ဘားမီးကလပ်စစ်၊ ယူကျူတွင် ရှာတာမတွေ့။ စာအုပ်ဖတ်လိုက်၊ အေဘီစီသတင်းနားထောင်လိုက်၊ ဖေ့ဘွတ်ကြည့်လိုက်။ ရာသီဥတုက အေးစိမ့်စိမ့် မိုးတဖွဲဖွဲ ကောင်းကင်တခုလုံး ပြိုကျတော့မလို မှုန်မှိုင်းဝေသီ။ weather forecast ကြည့်လိုက်သောအခါ ညနေပိုင်း တွင် မိုးမရွာ။ မိုးတိတ်တုန်း တရုတ်ကုန်စုံဆိုင်သွားပြီး ဈေးဝယ်ဦးမှပါပဲ။ ပြတင်းပေါက်ဘောင်တွင် ရှိနေသောယုဇနပန်းအိုးတွင် ပန်းပွင့်နေသည်ကို တွေ့ရသောကြောင့် ပန်းပွင့်အနားတွင် ရှူလိုက်သောအခါ အားပါး ... မွှေးလိုက်တာ ယုဇနပန်းနံ့ ရေမွှေးရှိရင် သိပ်ကောင်းမှာပဲ။ ကောင်းကင်တွင် လျှပ်စီးတလက်လက် မိုးထစ်ချုန်းသံကို ကြားရသောအခါ မီးရှုးမီးပန်းဖောက်သံ၊ မိုးခြိမ်းသံများကြားလျှင် ကိုယ့်ဘေးနား လာကပ်နေပြီး တဆတ်ဆတ်တုန်နေသောကြောင့် ကိုယ်ဖက်ထားလျှင်တောင် ခုတင်အောက်ကိုပြေးဝင် တအိမ်လုံးပြေးလွှားပြီး နေစရာနေရာမရှိအောင် ကြောက်တတ်သော နတ်ဆုကို သတိရမိသည်။ ခုလိုချိန်ဆို နတ်ဆု ဘယ်လိုများ နေမှာပါလိမ့်။

ရုံးပိတ်ရက်များတွင် ကိုယ့်ခုတင်ပေါ် ခပ်တည်တည်နှင့် တက်အိပ်နေတတ်သော၊ ကိုယ်နှင့်နတ်ဆု  အခန်းအောင်းနေကြလျှင် ဘာတွေများလုပ်နေကြသလဲဟု လာချောင်းတတ်သော၊ တံခါးကို လက်ဖြင့်ဖွင့်တတ်သော်ငြား ကိုယ့်ကိုကြည့်ပြီး တံခါးဖွင့်ပေးဖို့ ချွှဲတတ်သော၊ ဘုကြည့်ကြည့်တတ်သော မိုချီ။ ဖုန်စုပ်မယ်၊ အခန်းသန့်ရှင်းရေးလုပ်မယ်၊ စာရေးမယ်ဟု တွေးထားသည်များ တခုမှမလုပ်ဖြစ်။ ရုံးပိတ်ရက်တွင် အပြင်မထွက်ဘဲ အိမ်တွင်းအောင်းလျှင် ခေါင်းကိုက်တတ်သောကြောင့် မနေ့က ဒင်ဆမ်းသွားစားသည်။ ၁ နာရီခန့်စောင့်ရ၊ စားပြီးလျှင် ဘရွှတ်ကလင်းတံတားကို အသွားအပြန်လမ်းလျှောက်ထားသောကြောင့် ပင်ပန်းသည်နှင့်တူသည်။ ဘာမှမလုပ်ချင် စောင်ပုံအောက်မှာ အနားယူချင် ကွေး၍သာ နေချင်တော့သည်။ နွေရာသီဆိုလျှင် ပန်းခြံထဲ လမ်းလျှောက်ထွက်နိုင်သော်ငြား ဆောင်းရာသီဖြစ်သောကြောင့် အေးခဲနေသော ရာသီဥတုတွင် အပြင်သို့မထွက်ချင်။ တရုတ်ကုန်စုံဆိုင်တွင် ဈေးဝယ်ပြီးသောအခါ  ချက်ပြုတ်။ နေ့လည်စာကို အတော်နောက်ကျပြီးမှ စားဖြစ်သည်။ ရေချိုးလိုက်သောအခါမှ ငြီးစီစီဖြစ်နေသည်များ ပျောက်ကာ လန်းဆန်းသွားသလို ခံစားရသည်။ မနက်ဖြန် ထမင်းဘူးအတွက်ပြင်ဆင်၊ မနက်စာ၊ သစ်သီး၊ နေ့လည်စာထည့်သည့် ထမင်းဘူးအိတ်ကိုကြည့်ကာ ကိုယ်ဟာ ဘယ်တော့မှ အငတ်ခံမှာမဟုတ်ဘူး၊ စားလို့မကောင်း အရသာမရှိလည်း ဗိုက်ဝအောင်တော့ စားလိမ့်မယ်၊ ငတ်မှာကိုတော့ ပူစရာမလိုဘူးဆိုသည့် အမေ့စကားကို သတိရမိသည်။ အချက်အပြုတ်မကျွှမ်း၊ ချက်တာပြုတ်တာကိုလည်း ဝါသနာမပါသည့်  ကိုယ့်သူငယ်ချင်းက ကျောင်းစာမေးပွဲမှာ ရမှတ်ကောင်းကောင်းရဖို့၊ အလုပ်ထဲမှာ အောင်မြင်ဖို့က ပိုခက်တယ်ကွ။ ကိုယ်တို့က ခက်ခဲတာတွေကို လုပ်နိုင်ပြီးပြီ ဟင်းချက်တာများ လွယ်ပါတယ် ဟိုဟာပစ်ထည့် ဒီဟာပစ်ထည့်ဟု ပြောဖူးသည်ကို သတိရသွားသောအခါ ကိုယ့်ဖက်ကိုယ်ယက်တဲ့ လိပ်မဟု ရေရွတ်ကာ ပြုံးမိသည်။ gum disease ရေစီးကမ်းပြို သွားရောဂါကို ဂရုတစိုက် ကုသရမည်ဟု သွားဆရာဝန်က မှာကြားထားသောကြောင့် အိပ်ယာဝင်ခါနီးတိုင်း water floss ၊ electronic bursh ၊ mouth wash ကို မဖြစ်မနေလုပ်သည်။ မျက်နှာသစ်၊ eye cream လိမ်း၊ serum ၊ night cream လိမ်း၊ ဂျပန်အလှပညာရှင် Chizu Saeki စာအုပ်ထဲက နည်းအတိုင်း ငါးမိနစ်လောက် မျက်နှာကို နှိပ်နယ်ပေး၊ တပတ်တခါ sheet mask နဲ့ပေါင်းတင်ဖြစ်သည်။ ထိုကဲ့သို့ တခါတရံ တနေကုန် ညစ်ပတ်ပေတူးနေသော်ငြား ညဖက်တွင်တော့ သန့်ရှင်းလှပစွာဖြင့် အိပ်ယာဝင်တတ်လေသည်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၈။

No comments: