အခွန်ဆောင်ခြင်း အနုပညာ ...


စတိတ်မှာ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီလတွေဟာ အစိုးရကို အခွန်ဆောင်ရမယ့် အချိန်ကာလဆိုတော့ Tax Refund အများကြီးရအောင် လုပ်ပေးမယ်ဆိုတယ့် ဆော့ဝဲလ်၊ စာရင်းကိုင်တွေ တီဗွီ၊ သတင်းစာ၊ အင်တာနက်မှာ ပလူပျံနေအောင် ကြေငြာကြတယ့် အချိန်ဆိုပါတော့။ IRS Internal Revenue Service က ၂၀၁၇ အတွက် အခွန်ဆောင်တာတွေကို ဇန်နဝါရီ ၂၉  မှာ စတင်လက်ခံပြီး နောက်ဆုံးလက်ခံမယ့်ရက်က ဧပြီ ၁၅ ပါ။ ဧပြီ ၁၅ ကျော်မှ အခွန်ဆောင်မယ်ဆိုရင်တော့ ပင်နယ်တီဒဏ်ကြေး ဆောင်ရပါတယ်။ IRS က အခွန်ဆောင်တာကို လက်ခံလိုက်ပြီ၊ ပိုက်ဆံပြန်ပေးတယ်ဆိုတာတွေ IRS ဆိုဒ်မှာ Social Secuirty Number (SSN)၊ ပြန်အမ်းငွေပမာဏနဲ့ tracking လိုက်လို့ရပါတယ်။ ပုံမှန်က ၂၁ ရက်အတွင်း  အခွန်ပြန်အမ်းတတ်ပြီး မသင်္ကာလို့ စာရွက်စာတမ်းတွေ ထပ်တောင်းရင်တော့ ကြာတတ်ပါတယ်။ ကိုယ့် SSN နဲ့ တခြားသူက အခွန်ဆောင်ခဲ့ရင်၊ Identity Theft ဖြစ်ခဲ့ရင် IRS က SSN တခုကို တခါပဲအခွန်ဆောင်ခွင့်ပြ ုတာမို့ မြန်မြန်အခွန်ဆောင် မြန်မြန်အခွန်ပြန်အမ်းတာ စိတ်အချရဆုံးမို့လို့အမြန်ဆုံးအခွန်ဆောင်လုပ်ဖို့ ဆော်သြပါတယ်။ တကယ်လို့ IRS က စာရွှက်စာတမ်း ထပ်တောင်းတာ၊ ပြင်ခိုင်းတာတွေ လုပ်ခဲ့ရင် ပြင်ဆင်ဖို့ အချိန်ပိုရတာပေါ့။ ဇန်နဝါရီလလယ်လောက်မှာ ကိုယ့်အလုပ်ဟောင်းနဲ့ အလုပ်သစ်က W2 တွေ ရတာနဲ့ အခွန်ဆောင်ဖို့ ပြင်ဆင်ရပါတော့တယ်။ ရုံးကအမေရိကန်မလေးကို မေးကြည့်တော့ သူက စာရင်းကိုင်နဲ့ အခွန်ဆောင်တယ်၊ အစိုးရဆီမှာ deduction လုပ်နိုင်တာတွေ စာရင်းကိုင်က ပိုသိတယ်တဲ့။ ကိုယ်က တခါမှ စာရင်းကိုင်နဲ့ အခွန်မဆောင်ဖူးဘူး။ ၂၀၁၂ ကနေ ၂၀၁၄ အထိ Tarbo Tax ဆော့ဝဲလ်နဲ့ အခွန်ဆောင်ခဲ့တယ်။ ၂၀၁၂ ကန်တက်ကီပြည်နယ်မှာတုန်းက ဖက်ဒရယ်အစိုးရဆီက ပြန်အမ်းငွေရပေမယ့် ကန်တက်ကီပြည်နယ်အစိုးရကို ပြန်ပေးရတယ်။ အခွန်ပြန်အမ်းငွေနဲ့ မတ်ဘွတ်ကွန်ပျူတာ ဝယ်လိုက်တယ်။ ၂၀၁၃ ကျတော့ ကန်တက်ကီ၊ မေရီလန်း၊ နယူးယောက် အလုပ် ၃ ခုအတွက်ဆိုတော့ Tarbo Tax ဆော့ဝဲလ်ခတင် နှစ်ရာကျော်လောက် ပေးရတယ်။

၂၀၁၂၊ ၂၀၁၃ တုန်းက ကားမှတ်ပုံတင်တာ၊ လှုဒါန်းတာ၊ ကျောင်းလခအကြွေးရဲ့ အတိုးငွေတွေအတွက် deduction လုပ်လို့ရတယ်။ ၂၀၁၅ ကျတော့ ပီအေရုံးက တရုတ်မယန်းက နင်က အိမ်ထောင်မရှိဘူး၊ မှီခိုသူလည်း မရှိဘူး ၊ ပထမဆုံးအိမ်ပိုင်ဆိုပြီး  ကလိမ်းစရာလည်း မရှိဘူး။ ကျောင်းလခအကြွေး၊ နိုင်ငံခြားကနေဝင်ငွေ၊ အမွေရတာ၊ လောင်းကစားနိုင်တာ၊ ရှယ်ယာဆီကဝင်ငွေ၊ လှုဒါန်းငွေ ဘာဆိုဘာမှ ကလိမ်းစရာမရှိဘူး။ ဒီလောက်ရိုးရှင်းတာကို ပိုက်ဆံအကုန်အကျခံပြီး ဆော့ဝဲလ်နဲ့အခွန်ဆောင်တယ်။ ကိုယ့်ဘာသာ အခွန်ဆောင်ကြည့်ပါလား ဆော့ဝဲလ်နဲ့အခွန်ဆောင်ခ သက်သာတာပေါ့။ ယန်းပြောတာ မှန်နေတော့ အခွန်ဆောင်ခ သက်သာအောင် ကိုယ့်ဘာသာ အခွန်ဆောင်ကြည့်တယ်။ အမလေး ... ခေါင်းကိုမူးနောက်နေတာပဲ W2 boxes တွေထဲကဟာတွေထည့် ဒီပမာဏက ဘယ်ကနေရောက်လာတာလဲ မသိဘူး။ ၂ ရက်လောက် ခေါင်းတွေပူထူသွားပြီး ယန်းကိုမေးကြည့်တော့ အဲဒါ standard deduction amount ၊ IRS က standard deduction chart မှာ ကြည့်ရတယ်၊ ဝင်ငွေ ဘယ်လောက်ဆိုရင်၊ Single ၊ no dependent ဆိုရင်  standard deduction ဘယ်လောက်ဆိုတာ အဲ့ဒီ chart ကနေ ရတာ။ သြော် .. . ဒီလိုလား လိုအပ်တာတွေဖြည့် မနှစ်က အခွန်ဆောင်တယ့်စာရွက်ကိုပြန်ကြည့်၊ ဘယ်လောက်အခွန်ပြန်အမ်းငွေဆိုတာ သေသေချာချာတွက်ချက်၊ အခွန်ပြန်အမ်းငွေကို ကိုယ့် checking account ထဲထည့်ခိုင်းတော့ ဘဏ် Routing Number၊ Account Number မှန်အောင်စစ်။ တော်ကြာ သူများဘဏ်အကောင့်ထဲ ကိုယ့်ပိုက်ဆံတွေ ရောက်သွားမှဒုက္ခ သေသေချာချာ နှစ်ခေါက်ပြန်စစ်။ IRS ဆိုဒ်မှာ e filing လုပ်တော့ လက်မခံဘူး ပြန်စစ်ဆေး လိုတာတွေထပ်ဖြည့် accepted ဆိုမှ စိတ်အေးသွားတယ်။ နယူးယောက်ပြည်နယ်မှာ နေတာဆိုတော့ နယူးယောက်ပြည်နယ်အစိုးရကို အခွန်ဆောင်တော့ အခွန်ပြန်အမ်းငွေက ကိုယ်တောင်းတာထက် ငါးဆယ်ပိုပေးတယ်။ အလဲ့... ဒီလိုဆိုတော့လည်း မဆိုးပါလား။

၂၀၁၆ ကျတော့ ကိုယ့်ဘာသာကိုယ် အခွန်ဆောင်ပေမယ့်လည်း မနှစ်ကလို အခက်အခဲမရှိတော့ဘူး။  မနှစ်ကအတိုင်း ဘာမှမပြောင်းလဲတော့လေ။ ကိုယ်က စတိတ်မှာ အခွန်ဆောင်ရတာ အရမ်းများတယ်လို့ပြောရင် မကြီးက အစိုးရကို အခွန်များများပေးရမှ ကောင်းတယ်၊ ဥရောပမှာဆို အခွန်အများကြီး ဆောင်ရတာတဲ့။ ဥရောပမှာ အစိုးရက ပင်စင်၊ ကျန်းမာရေး၊ ပညာရေး ပြည့်စုံအောင် ဆောင်ရွက်ပေးတော့ အခွန်အများကြီး ပေးရတာတန်တယ်။ စတိတ်မှာက ပင်စင်ကမသေချာ၊ ကျန်းမာရေးအာမခံ၊ တက္ကသိုလ်ပညာသင်စရိတ် ဈေးအရမ်းကြီးတယ်။ စတိတ်ထက်စာရင် ကနေဒါက ပိုကောင်းတယ်လို့ထင်တယ်။ ကိုယ် စတိတ်ကို ရွေးမိတာမှားတယ် ကနေဒါ၊ ဂျာမဏီ၊ နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်တို့ကို ရွေးရမှာ။ ကိုယ့်အိမ်ရှင်အန်တီကြီးဆို အလုပ်က ငွေသားရတော့ အစိုးရကို အခွန်ဆောင်စရာမလို။ ဝင်ငွေနည်းမိသားစုဆိုတော့ Medicaid ၊ Medicare ကျန်းမာရေးအာမခံရတော့ ကျန်းမာရေးအာမခံအတွက် ပိုက်ဆံမကုန်။ Medicare ဆိုတာ အသက် ၆၅ ကျော်ရင်၊ မသန်မစွမ်းဖြစ်ရင် ဖယ်ဒရယ်အစိုးရကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ Medicaid က ဝင်ငွေနည်းတယ့်မိသားစုကို ဖယ်ဒရယ်၊ ပြည်နယ်အစိုးရကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ အရင်ရုံးက တရုတ်ကြီးဗင်းဆင့် အလုပ်ပြုတ်တော့ အစိုးရက မက်ဒီကိတ်ပေးတယ်။ အလုပ်အသစ်ရတော့ အလုပ်ကကျန်းမာရေးအာမခံ ယူမလားမေးတော့ ဗင်းဆင့်က သူ့မှာမက်ဒီကိတ်တစ်နှစ်ရထားတယ် အဲ့ဒါကုန်မှ ရုံးကကျန်းမာရေးအာမခံကို ယူမယ်တယ့်။ ဈေးအနည်းဆုံး ကျန်းမာရေးအာမခံက တလ ၆၀၀ ပေးရပြီး ရုံးက ၄၀၀၊ ကိုယ်က ၂၀၀ ပေးရတယ်။ ၂၀၁၃ ဒီစီရုံးမှာတုန်းက ကိုယ့်မှာကျောင်းက ကျန်းမာရေးအာမခံရှိတော့ ကျောင်းကကျန်းမာရေး အာမခံဆက်ယူရမလား၊ ရုံးကကျန်းမာရေး အာမခံဆက်ယူရမလား။ တရုတ်မကလဲယားကွမ်းက ကျောင်းကကျန်းမာရေး အာမခံက ပိုကောင်းတယ်၊ coverage ပိုကောင်းတယ်ပြောလို့ ကျောင်းကျန်းမာရေး အာမခံယူလိုက်တယ်

အလုပ်ပြ ုတ်ပြီး ပိုက်ဆံမရှိလို့ ကျန်းမာရေးအာမခံ မဝယ်နိုင်သူ ကျန်းမာရေးအာမခံမရှိလို့
ပင်နယ်တီဒဏ်ကြေး ၆၉၅ ကျပ် ဆောင်ရမည်ဟု သိလိုက်ရသောအခါ ဝမ်းနည်းပက်လက်ဖြစ်နေသူ

အသိအစ်မတစ်ယောက် အလုပ်လုပ်ရင် ဝင်ငွေနည်းမိသားစု မဟုတ်တော့လို့ မက်ဒီကိတ်မရတော့ဘူး။ ကျန်းမာရေးအာမခံအတွက် ကုန်ကျမယ့်ငွေကြောင့် အလုပ်လုပ်တာ တွက်ခြေမကိုက်ဘူးလို့ပြောဖူးတယ်။ ရုံးကဆူပါဗိုက်ဆာမက သူ့သူငယ်ချင်းစာရင်းကိုင်က အခွန်ဆောင်တာတွေ လုပ်ပေးတယ်၊ အခွန်ပြန်အမ်းငွေ အများကြီးရအောင် လုပ်ပေးတယ်လို့ ပြောတာနဲ့၊ တခါမှ စာရင်းကိုင်နဲ့ အခွန်မဆောင်ဖူးတော့ စာရင်းကိုင်နဲ့ အခွန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နယူးဂျာဆီပြည်နယ်မှာ အိမ်ခန်းငှားနေတာဆိုရင် ပြည်နယ်အစိုးရဆီက ကလိမ်းလို့ရတယ်။ ကိုယ်နေတာက အိမ်ရဲ့မြေအောက်ထပ်၊ အိမ်ရှင်က အိမ်ခန်းငှားခကို ငွေသားနဲ့ယူတာ၊ တရားဝင်ငှားခွင့်မရှိတယ့်နေရာ၊ အိမ်ရှင်က အိမ်ငှားခရငွေတွေကို IRS ဆီ တင်ပုံမရဘူး။ ကိုယ်တင်လိုက်ရင် IRS က အိမ်ရှင်ကို မေးခွန်းထုတ်နိုင်တယ်ဆိုတော့ အစိုးရဆီက ၃၅၀ မရလည်းနေပါစေ အိမ်ရှင်ကို ဒုက္ခမရောက်စေချင်ဘူး။ ကျန်းမာရေးအာမခံဖောင် 1095 မှာ သြဂုတ်ကနေ  ဒီဇင်ဘာအထိ ငါးလပဲ ကျန်းမာရေးအာမခံရှိတော့ ပင်နယ်တီဆောင်ရမယ်။ ပင်နယ်တီ ဘယ်လောက်ပေးရမှာလဲ ၆၉၅ ဘုရားရေ ... ၆၉၅ မဆောင်ချင်ရင် ဝင်ငွေရဲ့ ၂% ဆောင်လို့ရတယ်။ ၂ % က ပိုများတယ် ၆၉၅ ပဲဆောင်။ ကျန်းမာရေးအာမခံက ၃ လ မရှိလို့ရတယ် ၃ လထက်များရင် ပင်နယ်တီဆောင်ရတယ်။ ကျန်းမာရေးအာမခံ ၅ လလောက်မရှိတဲ့သူကို စတိတ်ပြင်ပမှာနေတာ ၃ လလောက်ဆိုပြီး ကြံဖန်ပေးဖူးတယ်။ ၇ လတောင် မရှိတယ့်သူကိုတော့ ကြံဖန်ပေးဖို့ခက်တယ် ပင်နယ်တီသာ ဆောင်လိုက်တော့။ ဒီ ၇ လအတွင်း ဈေးပေါတယ့် ကျန်းမာရေးအာမခံဝယ်ပြီး ဆေးတွေဝယ်ဖူးတယ်။ စာရင်းကိုင်က ပင်နယ်တီမပေးရအောင် တလ ၂၀၀ ကျော်ပေးရတယ့် ကျန်းမာရေးအာမခံ ဝယ်ထားရတယ်။ ကိုယ့်ကျန်းမာရေးအာမခံကို မေးကြည့်တော့ အဲ့ဒါကျန်းမာရေးအာမခံမဟုတ်ဘူး Wellness Program ပင်နယ်တီကို ကာဗာမဖြစ်ဘူးတယ့်။ အရင်အလုပ်ပြ ုတ်တော့ COBRA ဥပဒေအရ သူတို့ကျန်းမာရေးအာမခံမှာ ပါဝင်လို့ရတယ်။ ဒါပေမယ့် တလ ၆၀၀ ကျော် ကိုယ့်ဘာသာ ပေးရမယ်တယ့်။ အလုပ်ပြ ုတ်တယ့်အချိန် တလ ၆၀၀ အကုန်အကျခံပြီး ကျန်းမာရေးအာမခံ ဘယ်လိုလုပ် ဝယ်နိုင်ပါ့မလဲ။ အလုပ်အော်ဖာကို မတ်လမှာရပေမယ့် ရုံးအသစ်ပြင်ဆင်နေလို့ ဧပြီလမှ အလုပ်ဆင်းစေချင်တယ်။ ကိုယ်ကလည်း ဧပြီလလယ်မှ ရုံးတက်ချင်တယ် ဘာဖြစ်လို့လဲဆိုတော့ အီးအေဒီကဒ်ရပြီး ၃ လအကြာမှာ ဂရင်းကဒ်ရနိုင်တော့ ၃ လလောက်စောင့်ပါလားလို့ စီနီယာဗီယက်နမ်မလေးနား၊ ဆူနမ်တို့က အကြံပေးလို့။

ဧပြီလလယ်အထိ ဂရင်းကဒ်မှ ဘာမှမထူးခြားတော့ H1B transfer လုပ် မေလမှာအလုပ်ဆင်း ၃ လအကြာ သြဂုတ်လမှ ကျန်းမာရေးအာမခံရတယ်။ အောင်မလေးတော် ... အလုပ်ပြုတ်ပြီး ပိုက်ဆံမရှိလို့ ကျန်းမာရေးအာမခံ မဝယ်နိုင်ပါဘူးဆိုနေမှ ကျန်းမာရေးအာမခံမရှိလို့ ပင်နယ်တီဒဏ်ကြေး ဆောင်ရမယ်တယ့်။ ၂၀၁၈ ကျတော့ အစိုးရအသစ် ပေါ်လစီကြောင့် ကျန်းမာရေးအာမခံမရှိလည်း ပင်နယ်တီကြေး ဆောင်စရာမလိုတော့ဘူး။ နိုင်ငံခြားသားဆိုတော့ ပညာတွေသင် အလုပ်ကြိုးစားလုပ် အခွန်အများကြီးဆောင်ပေမယ့် ဘာအခွင့်အရေးမှမရှိဘူး။ ကိုယ့်ဆီကငွေတွေကို ညှစ်ထုတ်ဖို့ပဲ ကြံစည်နေတယ့်တိုင်းပြည်။ အခွန်မဆောင် ကျန်းမာရေးစရိတ်ကို အစိုးရဆီကနေ ညှစ်ထုတ်နေတာက သူ့နိုင်ငံသားတွေ၊ အလုပ်မလုပ် single mom လုပ် ကလေးတွေ အများကြီးမွေးပြီး အစိုးရဆီက ထောက်ပံ့ငွေ ညှစ်ထုတ်နေတယ့်သူတွေနဲ့ပဲ တန်တယ်။ စာရင်းကိုင်အလုပ်ရုံးခန်းရှိတဲ့ နယူးဂျာဆီ Fort Lee ကနေ  နယူးယောက်ကိုပြန်ဖို့ နယူးဂျာဆီပြည်နယ် ဂျော့ဝါရှင်တန်တံတားနားမှာ ဘတ်စ်ကားစောင့်နေတုန်း ကိုယ်ပိုင်ကားတွေ လာလာရပ်ပြီး ရပ်စောင့်နေတယ့်သူတွေ တင်နေတာတွေ့တယ်။ အငှားကားလည်းမဟုတ်၊ တကူးတက လမ်းကြုံတင်နေတဲ့ပုံ စပ်စုနေတုန်း ဘတ်စ်ကားရောက်လာလို့ အပြေးအလွှားပြေးတက်။ အဲ့ဒီနားမှာ နေခဲ့ဖူးတယ့် အသိအစ်မကို မေးကြည့်တော့ ကြိုပို့လုပ်တယ့် ဘတ်စ်ကားတွေများလား။ သေချာပါတယ် ဘတ်စ်ကားမဟုတ်ဘူး ကိုယ်ပိုင်ကားတွေ လူရိပ်လူကဲခတ်တဲ့နေရာမှာ အဖေ့ကို မမှီပေမယ့် အဖေ့ခြေရာ နည်းနည်းလေးတော့ နင်းနိုင်ပါတယ် (နီးနီးလေးကို အကဲခတ်တာ လုံးဝလွဲသွားတာကတော့ လွဲတယ့်အခါလည်း လွဲပေမပေါ့) ။ စိတ်ထဲမတင်မကျဖြစ်နေလို့ အသိအစ်ကိုကြီးကို မေးကြည့်တော့ လူ ၃ ယောက်ဆိုရင် တံတားဖြတ်ခ တဝက်သက်သာလို့နေမှာလို့ ပြောမှပဲ စိတ်ထဲရှင်းသွားတော့တယ်။ နယူးယောက်ကို ဂျော့ဝါရှင်တန်တံတားဖြတ်ခက ငွေသားဆိုရင် ၁၅ကျပ်၊ အီးဇီးပတ်စ်နဲ့ဆိုရင် ရုံးတက်ရုံးဆင်းချိန် ၁၂.၅၀၊ ရုံးတက်ရုံးဆင်းချိန် မဟုတ်ရင် ၁၀.၅၀၊ လူ ၃ ယောက်ဆိုရင် ၆.၅၀ တဲ့။ မေရီလန်း၊ ဗာဂျီးနီးယား ပြည်နယ်တွေမှာ လူ ၃ ယောက်ပါမှ HOV အမြန်လမ်းကနေ မောင်းခွင့်ရှိလို့ လူတွေစောင့်တင်လေ့ရှိတယ်လို့ ဝါရှင်တန်ဒီစီရုံးက တရုတ်မကလဲယားကွမ်း ပြောဖူးတယ်။ အင်း ... ဒီနှစ်တော့ အခွန်ပြန်မရတော့ပါဘူး ကိုယ်က ပြန်မပေးရဘူးဆိုရင်ဘဲ ဝမ်းသာရတော့မယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၈။

No comments: