နှမတစ်နေ့ မေ့ရစ်မည် ...

Fall foliage hiking, Bear Mountain State Park, New York. Oct 21,2017.


လောကမှာ ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးထက်၊ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကိုရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးက ပို၍ စိတ်မောပင်ပန်းရလိမ့်မည်ကို တင်တင်ဇော် ရိပ်မိပါသည်။ သို့သော် ကိုယ့်ဘာသာကိုယ် ဘာကိုလိုချင်မှန်း တိကျစွာ မသိသော တင်တင်ဇော်လို လူစားမျိုးကိုတော့ မည်သူမျှ ကိုယ်ချင်းစာလိမ့်မည် မဟုတ်ပါ။

ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ တက္ကသိုလ်မှာ တွဲခဲ့သော သူငယ်ချင်းအုပ်စုထဲက သူငယ်ချင်းတစ်ယောက်သည် နန္ဒလိုလူစားမျိုးဖြစ်သည်။ ရည်းစားရှိသော အစ်ကိုကြီးကို သူ့ရည်းစားဖြစ်လာအောင် စွမ်းဆောင်နိုင်သည်။ ကျောင်းတုန်းက တတွဲတွဲ သူလိုချင်တာတွေကို အစ်ကိုကြီးက အစွမ်းကုန် ဖြည့်ဆည်းပေးတာကို သိနေသူမို့ သူတို့ကွဲသွားရင် အစ်ကိုကြီး အနစ်နာခံပေးဆပ်ထားတာတွေ နှမြောစရာကြီးနော်လို့ သူငယ်ချင်းတယောက်ပြောတုန်းက ကိုယ်က သူတို့နှစ်ယောက် ကွဲသွားလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့။ အခက်အခဲအများကြီးကို ကျော်ဖြတ်ကာ အရူးအမူး ချစ်ခဲ့ကြသော၊ တကျောင်းလုံးသိကြသော သူတို့နှစ်ယောက် ပျော်ရွှင်စွာပေါင်းဖက်ကြလိမ့်မည်ဟုသာ တွေးခဲ့ဖူးသည်။ နိုင်ငံခြားသို့ ကျောင်းတက်ဖို့ ထွက်ခွှာသွားသောအခါ  အစ်ကိုကြီးက သူ့နောက်သို့ လိုက်မှဖြစ်မယ် မလိုက်ရင် ထားခဲ့လိမ့်မယ်ဆိုပြီး အတင်းကြိုးစားကာ လိုက်သော်ငြား  ထိုသူငယ်ချင်းက သူ့လိုနိုင်ငံခြားမှာ ကျောင်းလာတက်ပြီး မိဘအသိုင်းအဝိုင်း တောင့်သောသူကို လက်ထပ်သွားခဲ့သည်။ ထိုသူငယ်ချင်းနှင့် နှစ်ခေါက်ဆုံတွေ့ခဲ့သော်လည်း အလိုက်တသိ အစ်ကိုကြီးအကြောင်း မမေးမြန်းခဲ့။ မြန်မာများဆုံလေ့ရှိသောနေရာတွင် အစ်ကိုကြီးနှင့် အမှတ်မထင် ဆုံသောအခါ ရထားမှာ ဖျပ်ခနဲတွေ့လိုက်တော့ ကျောင်းများလာတက်သလားလို့ တွေးမိသေးတယ် နေကောင်းလား အဆင်ပြေလားဟု အရင်အတိုင်း ရယ်ရယ်မောမော ဖော်ရွေပျူငှာစွာ နှုတ်ဆက်တော့ အဆင်ပြေပါတယ်ဆိုသည့် အလွန်ရိုးစင်းသည့် စကားကိုတောင် အဆင်မပြေ ထစ်ငေါ့စွာဖြေဆိုရင်း မဆီမဆိုင် အားတွေနာ မျက်နှာတွေပူနေခဲ့ဖူးသည်။

ကိုယ်ကတော့ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးဖြစ်သောကြောင့် စိတ်မောပင်ပန်းရလေသည်။ လွန်ခဲ့သော နှစ်နှစ်တုန်းက အမှတ်မထင် မြင်ခဲ့ရသော မျက်ဝန်းလက်လက်များကြောင့် ယောကျ်ားတစ်ယောက်၏  ဖြစ်တည်မှုကို သတိထားမိသွားသည်။ တခြားယောကျ်ားလေးများနှင့် ဆုံတွေ့တုန်းက  ရင်မခုန်ခဲ့သော်လည်း သူနှင့်အလုပ်အကြောင်း ပြောဆိုကြသောအခါ ရင်ခုန်နေခဲ့သည်။ ထိုမျက်ဝန်းလက်လက်များကို ရက်ပေါင်းများစွာ ကြာသည်အထိ သတိရနေခဲ့သည်။ နှစ်ဦးနှစ်ဖက်မိတ်ဆွေတွေကြောင့် ဖေ့ဘွှတ်တွင် တွေ့သော်ငြား တယောက်ကိုတယောက် မအပ်ဘဲ မိတ်ဆွေတွေ တင်တဲ့ပို့စ်တွေကတဆင့် သူဘာလုပ်သလဲဆိုတာ စောင့်ကြည့်နေခဲ့သည်။ မင်းအကြောင်းတွေ ပြောလိုက်တာများ ရွှန်းရွှန်းကိုဝေလို့ မင်းကိုသဘောကျနေသလားမသိဘူးဆိုသော အသိမိတ်ဆွေ စကားကြောင့် ကိုယ့်ခန့်မှန်းထားတာ မှန်ကန်သည်ဟု ယုံကြည်ခဲ့သည်။ ဖေ့ဘွှတ်မှာများ အပ်လာမလား၊ မတ်ဆေ့၊ အီးမေးလ်များ ရမလားလို့ စောင့်ဆိုင်းခဲ့သော်ငြား ဘာတခုမှမရခဲ့။ မင်း ဖေ့ဘွှတ်ကနေ စောင့်ကြည့်မနေနဲ့ အပ်ချင်လည်းအပ်လိုက် ကွဲကွဲပြားပြား သိရတာပေါ့၊ အသိမိတ်ဆွေတယောက် တိုးတာပေါ့။ မြှောက်ပေးသူတွေကလည်း မြှောက်ပေးကြသည့်အပြင် ကိုယ်ကလည်း ဖေ့ဘွှတ်မိတ်ဆွေ ဖြစ်ချင်သောကြောင့် ကိုယ်ကစပြီး အပ်လိုက်သောအခါ မိတ်ဆွေဖြစ်လာခဲ့သည်။ နှစ်ယောက်စလုံးက ဖေ့ဘွှတ်သိပ်မသုံး ဖော်ရွေပျူငှာသည့်သူတွေ မဟုတ်သောကြောင့် ရင်းနှီးကျွှမ်းဝင်မလာခဲ့။ ကိုယ်က စမေးသည့်အခါမှသာ စကားပြောလေ့ရှိပြီး ပြောလိုက်ရင်လည်း အလုပ်အကြောင်း။

ကိုယ်တို့နှစ်ယောက်ကြား အလုပ်အကြောင်းမှလွှဲ၍ တခြားပြောစရာမရှိဘူး ထင်ပါရဲ့။ ကိုယ်ကိုတိုင် ပြောပြဖူးသောကြောင့် ကိုယ့်ရုံးလိပ်စာကို သူသိသည်မှာ သေချာပါသည်။ ကြုံကြိုက်တဲ့သဘောနဲ့ ကိုယ့်ရုံးရှေ့ သူလာမှာလားလို့ မျှော်လင့်ခဲ့သော်ငြား မျှော်လင့်ချက်များ ဘယ်သောအခါမှ ပြည့်ဝမလာခဲ့။ ဖေ့ဘွှတ်မှ ဒေါင်းလုပ်ချထားသော သူ့ဓာတ်ပုံတွေထဲမှ အလှဆုံးပုံဟု ကိုယ်ထင်သည့် သူ့ဓာတ်ပုံကို အလွမ်းဖြေကြည့်ရင်း သူ ကိုယ့်ကိုသတိရနေမလား၊ ဘာတွေလုပ်နေသလဲဟု မေးသောအခါ RL တံဆိပ် ကာကီဖျော့ရောင် ပိုလိုအင်္ကီျ၊ လက်ပတ်နာရီအကြီးကြီး ဝတ်ဆင်ထားသောသူက ခပ်တည်တည် မျက်နှာပေးနဲ့ မပြုံးမရယ် ကြည့်နေခဲ့သည်။ သူ မင်းကို မချစ်ပါဘူး ရင်ခုန်တာပါ သူ မင်းကို တကယ်ချစ်ရင် မင်းအနား မရောက်ရောက်အောင် လာမှာပေါ့ဟု  ပြောခဲ့ဖူးသော သူငယ်ချင်း၏စကား အချိန်ကြာလာသည်နှင့်အမျှ မှန်ကန်လာခဲ့သည်။ ရင်ခုန်တာကို အချစ်ဟု ထင်မိသောကိုယ် သူကိုယ့်ကိုမချစ်ဘူးဆိုတာ ရင်နာနာနှင့် လက်ခံလိုက်ရတော့သည်။ ဘဝဆိုတာ ဒီလိုပါပဲ ကိုယ်မျှော်လင့်ထားသလို ကိုယ်ဖြစ်ချင်သလို ဖြစ်ချင်မှဖြစ်လာမှာ။ သူ မင်းကို မချစ်လို့ မင်းဘာမှဖြစ်မသွားဘူး မင်းဟာ ထက်မြက်တဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတယောက် မင်းကိုမချစ်တဲ့သူတယောက်အတွက် မင်းတန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ဝမ်းဂိုး တူးကမ်း တယောက်သွားရင် နှစ်ယောက်လာမှာပေါ့။ ရွေးချယ်ခွင့် သိပ်နည်းတဲ့ မိန်းမသားတွေရဲ့ ဘဝမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ခဲ့သော်ငြား ဆုံစည်းဖို့ကံကြမ္မာ၊ ရေစက်မှ မရှိတာဟု ကံကိုသာ ပုံချလေရမလား။ တနေ့နေ့ တချိန်ချိန်မှာ ကိုယ်ရင်ခုန်ဖူးတဲ့ကောင်လေးဆိုပြီး ရယ်ရယ်မောမော ပြောဆိုနေမလား။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာဝထ္ထုထဲက ကဗျာလေးအတိုင်း နှမတစ်နေ့ မေ့ရစ်မည်မှာ အသေအချာ။

နေရှိန်ဝင်းဝင်း၊ နေ့ကြည်လင်းမူ
ဖန်ဆင်းလိုက်သော၊ နှင်းဆီတော၌
မက်မောရိပ်သာ
မောင်လာချင်လဲ၊ လာခက်ခဲ၏။
လက်တွဲသိမ်းပွေ့၊ ကြင်မွေ့ခေါ်ငင်
မက်မောခင်မည်၊ မထင်ဝံ့စား
စကားမသွက်၊ ဖွင့်ဟခက်ခဲ့
မြေအက်ကြားမှ၊ မြက်ပွင့်မျှသာ
နှမတစ်နေ့၊ မေ့ရစ်မည်။

စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၁၈။

(ကိုးကား - ဂျူး - ကြာတော့သည်လည်း မောင့်စကား၊ မြစ်တို့၏ မာယာ)
ဘာမီးကလပ်စစ် ဒီနေရာ ကနေ ကြာတော့သည်လည်း မောင့်စကား၊ ဒီနေရာ ကနေ မြစ်တို့၏မာယာ တို့ကို ဒေါင်းဖတ်လို့ရပါတယ်။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာ ဝထ္ထုဖတ်ချင်လို့ အွန်လိုင်းကနေ ဖတ်လို့ရမယ့်နေရာရှိရင် လမ်းညွှန်ပေးကြပါဦး။

ထူးဆန်းသော တံခါးခေါက်သံ - ၂

ဟယ် ... မနက် ၃ နာရီခွဲ အရူးမကြီး နောက်ဖေးတံခါးကို လာထုပြန်ပြီလား။ ဟင့်အင်း ... အဲ့ဒါရဲ့ နောက်ဆက်တွဲ ဆူနမ်က ၂၀၁၇ ဒီဇင်ဘာလ အစောပိုင်းကနေ ၂၀၁၈ ဇန်နဝါရီလလယ်အထိ တစ်လခွဲလောက် လန်ဒန်ကသူ့အစ်မအရင်းဆီ သွားလည်နေတော့ စကားမပြောဖြစ်ကြဘူး။ အိမ်ပြောင်းတော့မယ်လို့ပြောရော ဘယ်ကိုပြောင်းမှာလဲ နယူးဂျာဆီကနေ နယူးယောက်ကို။ ဟိုတလောတုန်းက ငါလာလည်တုန်းကတောင် နင် ဒီအိမ်မှာနေရတာ အဆင်ပြေတယ်ဆို ဘာလို့ပြောင်းတာလဲ။ ဒီဇင်ဘာ ၁၃ ရက် ပထမဆုံးနှင်းတွေကျတဲ့နေ့ မနက် ၃ နာရီခွဲ နောက်ဖေးတံခါးကို လာထုပြီး I ammmm sooooo hungryyyyy sooooo colddddd pleaseeeee giveeeee meeeee foodddddd လို့ ခြောက်ခြားစရာ အသံကျယ်ကျယ်လောင်လောင် ဆွဲဆွဲငင်ငင်နဲ့ အော်တော့ ကြောင်တွေ ရန်ဖြစ်ကြတယ် ထင်နေတာ။ နောက်တော့မှ လူသံမှန်းသိလို့ နောက်ဖေးတံခါးဝနောက်မှာ သွားရပ်ပြီး တံခါးလက်ကိုင်ဖုနား လက်ပြင်ထားတယ် တံခါးကို တွန်းဖွင့်ခဲ့ရင် အထဲကနေ တွန်းခံထားမလို့။ နောက်ထပ် ၃ မိနစ်လောက်ဆို ၉၁၁ ကို ဖုန်းခေါ်တော့မလို့။ တမိနစ်လောက်ကြာတော့ ထွက်သွားတယ် အဲဒီတုန်းက မကြောက်ဘဲ ပြီးမှကြောက်ပြီး အိပ်လို့မရတော့ဘူး။ လုံခြုံမှုမရှိဘူးလို့ ခံစားရလို့ ပြောင်းတော့မယ်။ ဆူနမ်တို့ မေရီလန်းအိမ်နားတဝိုက်မှာလည်း မက်ဆီကန်တွေ များလာတယ်။ ညဉ့်နက်သန်းခေါင် အရက်တွေမူး သူ့ရည်းစားတိုက်ခန်းနဲ့မှားပြီး တံခါးလာထုတယ်။ ရာမားက ကြောက်လို့ အသံတောင်မထွက်ရဲဘူး။ ဆူနမ်က တံခါးဖွင့်ပြီး အိမ်မှားနေတယ်လို့ ပြောလိုက်တော့မှ ဆောရီးဆိုပြီး ထွက်သွားတယ်။ အောင်မလေး... ဆူနမ် တံခါးဖွင့်ပေးတယ် ဟုတ်လား ... သူ့မှာ ဓား၊ သေနတ်တွေပါရင် ဘယ်လိုလုပ်မလဲ တံခါးကို ဘယ်တော့မှ မဖွင့်ပေးရဘူး။ တံခါးမဖွင့်ပေးရင် မဖွင့်ပေးမချင်း ထုနေမှာ ဖွင့်ပြီးပြောလိုက်တော့မှ ပြီးတော့တယ်။

ဟယ် ... သတ္တိကောင်းလိုက်တာ ဆူနမ်ရယ် (အေးလေ ... သူ့ပေါင် ၂၀၀ ခန္ဓာကိုယ်ကို လန့်တာလည်း ပါမှာပေါ့) ကိုယ်သာဆို ဘယ်တော့မှ တံခါးဖွင့်ပေးမှာမဟုတ်ဘူး ၉၁၁ ကို ခေါ်လိုက်မှာ။ ၉၁၁ ဆိုလို့ ၂၀၁၃ ဗာဂျီးနီးယား outlet မောလ်ကို ရုံးကတရုတ်မကလဲယားကွမ်းနဲ့ သွားတုန်းက I95 လမ်းမှာ ကားတွေပိတ်လို့ စောင့်နေတုန်း နောက်ကားက ဝင်တိုက်လို့ ၉၁၁ ခေါ်ဖူးတယ်။ I95 ဆိုတာ ဟိုးမြောက်ပိုင်းမိန်းပြည်နယ်ကနေ တောင်ပိုင်းဖလော်ရီဒါပြည်နယ်အထိ အရှေ့ဖက်ကမ်းခြေက ပြည်နယ်တွေကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ ဟိုင်းဝေးလမ်းမ။ ၉၁၁ ခေါ်ချင်ပေမဲ့ မခေါ်သင့်လို့ မခေါ်ခဲ့တဲ့ အချိန်ရှိခဲ့ဖူးတယ်။ ကျောင်းနောက်အတန်းဖွင့်မှာကို စောင့်နေတုန်း ခဏသွားနေတဲ့အိမ်က အစ်မယောကျာ်း အရက်မူးပြီး အော်ကြီးဟစ်ကျယ် ရမ်းကားနေတာ။ ဧည့်သည်မို့လို့ မကောင်းတတ်လို့ ရဲမခေါ်တာ အိမ်နီးနားချင်းဆိုရင်  ရဲခေါ်မိမလားမသိ။ ညဉ့်နက်သန်းခေါင် အသံအကျယ်ကြီးနဲ့ အော်ဟစ်နေတာ အိမ်နီးနားချင်း ပတ်ဝန်းကျင်က ကြားမှာပဲ။ ရဲခေါ်ပြီး တိုင်ရကောင်းမှန်း မသိတာလား၊ သဘောကောင်းတဲ့ ပတ်ဝန်းကျင်မို့လား။ ကိုယ်တို့အိမ်မှာ မောင်မောင်က ဆိုးတယ် (အရက်မသောက်၊ ဆေးလိပ်မသောက်၊ ရန်မဖြစ်၊ မကြိုးစားလို့ သိုးမည်းဖြစ်နေရှာတဲ့) ဆိုပေမဲ့ တခါမှရုံးရောက်ဂတ်ရောက် ရဲကားလာရတယ်ဆိုတာ မရှိဘူး။ အိမ်မှာ အဖေ၊ အမေ၊ မောင်မောင်မရှိတုန်း အမျိုးတော်တဲ့အစ်ကိုတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အရက်သောက်၊ လမ်းထဲက ခပ်ဆိုးဆိုးကောင်လေးနဲ့ ရန်ဖြစ်ကြလို့ အိမ်နီးနားချင်းတွေက ရဲတိုင်လိုက်လို့လား ရဲကားကင်းလှည့်တာနဲ့ တိုးလို့လားမသိ ရဲကားရောက်လာတယ်။
ဆိုဖာခုံဘေးနားမှာ ထောင်ထားတဲ့ ဖုန်သုတ်တံ

ရက်ကွက်လူကြီးက နယ်မှာရောက်နေတဲ့ အဖေတို့ကို ဖုန်းဆက်အကြောင်းကြားတော့မှ သိရတယ်။ အဲဒီအစ်ကိုနဲ့ ရန်ဖြစ်တာမဟုတ်ဘူး သူ့သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာဆိုပေမဲ့ ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေတွေက ကိုယ်ဘယ်လိုလူစားဆိုတာ ပြနေတယ်။ စကားပုံတောင်ရှိတယ် သင့်မိတ်ဆွေတွေက ဘယ်လိုလူစားလဲဆိုတာ ပြောပြပါ သင်ဘယ်လိုလူစားဆိုတာ ပြောပြပါမယ်တဲ့။ ကြီးသူကို ရိုသေလေးစားဆိုပေမဲ့ အဲဒီလို မူးရစ်ရမ်းကားတဲ့ လူကြီးတွေကို ဘယ်လိုလုပ် လေးစားနိုင်မလဲနော်။ ရိုသေလေးစားစေချင်ရင် ရိုသေလေးစားခံရအောင် နေထိုင်ပြုမူကြပါလို့။ ဆူနမ့်တိုက်ခန်းတံခါးကို အခန်းမှားပြီး တံခါးလာခေါက်တာ ကိုယ့်အိမ်နားဖေးတံခါးကို ဘာလို့လာခေါက်သလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ အစ်မတွေက အကြံပေးလို့ နောက်ဖေးတံခါးကို ဆိုဖာခုံနဲ့ အဲဒီလိုပိတ်ထားတယ်။ ဝင်လာခဲ့ရင် ဖုန်သုတ်တံနဲ့ ရိုက်မလို့ ဆိုဖာခုံဘေးမှာ ထောင်ထားတယ်သိလားလို့ ဆူနမ့်ကို ဓာတ်ပုံပြတော့ ဟား .... ဟား .... ဟား ....။ ဟင် ... ဘာရယ်တာလဲ ထူးဆန်းတဲ့ တံခါးခေါက်သံအကြောင်း ပြောပြလိုက်ရင် အားလုံးက ဟမ် ... ဟင် ... အယ်မလေး .... လန့်စရာကြီး ... ကြောက်စရာကြီးလို့ ပြောကြတာ နင့်ကျမှ ဘယ့်နှယ့်ရယ်ရတာလဲ။ ဆောရီး ... ဆောရီး ဖုန်သုတ်တံကိုင်ပြီး ယီး..ယား...ကွိ...ကွ ဆိုပြီး ဟန်ရေးပြနေမဲ့ နင့်ပုံစံကို မြင်ယောင်ပြီး ရယ်ချင်လို့။ သူပြောတာနဲ့ စိတ်တိုဘုတောမလို့ လုပ်နေတဲ့ ကိုယ်ပါ ရောယောင်ပြီး တဟားဟား ရယ်တော့တာပဲ။ ကြောက်လန့်စရာထဲမှာတောင် ရယ်စရာရှာကြံတတ်တဲ့ သူ့ဇဝနညဏ်ကြောင့် ကိုယ်ပါ တဟားဟား ရယ်မောလို့။ ဆူနမ် နင်သာဆိုရင် ဖုန်သုတ်တံကို ဟိုဖက်ဒီဖက် ဝှေ့ယမ်းပြီး ဟောဒီလို ... ဟောဒီလို ဟန်ရေးပြနေမှာ သိလား။ အံမယ် ခုနေများ တဟားဟားနဲ့ တကယ်အရေးကြုံလာခဲ့ရင် ဖုန်သုတ်တံကို ဝှေ့ယမ်းဖို့ နေနေသာသာ ကြောက်လို့ လှုပ်တောင်လှုပ်ပါ့မလားမသိ။

စန်းထွန်း
ဇန်နဝါရီ ၂၈၊ ၂၀၁၈။

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၄

တတိယနေ့က မသွားလိုက်ရတဲ့ တန်နက်ဆီပြည်နယ် Knoxville တိရစ္ဆာန်ရုံကို ခရီးစဉ်နောက်ဆုံးနေ့မှပဲ သွားဖြစ်ပါတယ်။ တိရစ္ဆာန်ရုံကို တကူးတက ဘယ်တော့မှ မသွားဖြစ်ဘဲ တိုးခရီးစဉ်တွေနဲ့မှပဲ ရောက်ဖြစ်တော့မယ်။ ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပေးတာ မှတ်မိတယ်။ စင်္ကာပူမှာ ၃ နှစ်လောက်နေခဲ့တာ စင်္ကာပူတိရစ္ဆာန်ဥယျာဉ်ကို မရောက်ခဲ့ဘူး။ တိရစ္ဆာန်ရုံမှာ ဆင်၊ ကျား၊ သစ်ကုလားအုတ်၊ ငှက်၊ မျောက် တိရစ္ဆာန်မျိုးစုံပြထားတော့ မိဘတွေက ကလေးတွန်းလှည်းတွေတွန်းလို့၊ ကလေးတွေက တိရစ္ဆာန်တွေငေး၊ ကလေးတွေကို ပုခုံးပေါ်မှာချီပိုး၊ မိဘတွေက ကလေးတွေကိုရှင်းပြနဲ့ အတော်လေး စည်ကားတယ်။ အဖေနဲ့အမေက သူ့မြေး မောင်မောင့်သား ဖုန်းသန့်ခေါင်ကို သတိရနေကြတယ်။ ဖုန်းသန့်ခေါင်ဆိုရင် ဘယ်လောက်ပျော်လိုက်မလဲ မြေးဖြစ်သူကလည်း အဘိုးဖြစ်သူက တိရစ္ဆာန်ရုံကို လိုက်ပို့ပေးလို့ အဘိုးမှအဘိုး သည်းသည်းလှုပ်ကြတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ပန်ဒါအနီရောင် ထိန်းသိမ်းထားတဲ့ နေရာပါတဲ့။ ပန်ဒါအနီရောင်ဆိုလို့ ပန်ဒေါင်အဖြူရောင်လို အကြီးကြီး မှတ်နေတာ။ သေးသေးလေးပဲ။ ဂျပန်အိမ်ကကြောင် မိုချီနှစ်ဆ ရှီဘာအီနူးခွေး နတ်ဆုတဝက်လောက်ပဲ ရှိမယ်။ ကြောင်၊ ခွေးတွေမြင်တိုင်း မိုချီနဲ့နတ်ဆုကို သတိရတယ်။ အိမ်ပြန်လာတိုင်း အပြေးလေး ကြိုတတ်တဲ့၊ မနာလိုတတ်တဲ့၊ လူတိုင်းကိုချစ်တဲ့၊ မီးရှုးမီးပန်းဖောက်သံကို အရမ်းကြောက်တဲ့ နတ်ဆု။ တံခါးကို ကုတ်ခြစ်ပြီး တံခါးဖွင့်ခိုင်းတဲ့၊ ခါးပေါ်တက်အိပ်တတ်တဲ့၊ သူ့ဘာသာ တံခါးဖွင့်တတ်ပေးမဲ့ ချွှဲနွှဲ့ပြီး တံခါးဖွင့်ခိုင်းတတ်တဲ့၊ ခေါင်းပုတ်လိုက်ရင် ဘုကြည့်ကြည့်တတ်တဲ့ မိုချီ။ တခါတုန်းက ပန်ဒါအနီတကောင် တိရစ္ဆာန်ရုံကနေ ပျောက်သွားလို့ တွေ့ရင်အကြောင်းကြားပါလို့ မြို့သူမြို့သားတွေကို အသိပေးတယ်။

အိမ်တအိမ်ရဲ့နောက်မှာတွေ့တယ်လို့ သတင်းပို့လို့ တိရစ္ဆာန်ထိန်းသိမ်းရေးက လာဖမ်းပြီး တိရစ္ဆာန်ရုံ ပို့လိုက်တယ်။ ကလေးကသိတာ ပန်ဒါအနီမှန်း တိရစ္ဆာန်ရုံကို သွားတုန်းက သိခဲ့တာတဲ့။ တိရစ္ဆာန်ရုံအဝင်ဝက အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ကြည့်နေတုန်း ကလေးတွန်းလှည်းလေးနဲ့ ကရင်တရုတ်ပုံစံပေါက်တဲ့ အစ်မကြီးက မြန်မာလားတဲ့ လာမေးတယ်။ ဟမ် ... မြန်မာမှန်း ဘယ်လိုသိတာလဲလို့ အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းကိုမေးတော့ မြန်မာစကားပြောနေလို့တဲ့။ နယူးယောက်ကလာတာ ဂရိတ်စမုတ်ကီတောင်ဖက် တိုးကားနဲ့လည်တာ ဒီနေ့ နယူးယောက် ပြန်တော့မယ်။ ဒီမှာ မြန်မာတွေရှိလား ရှိတယ် အများကြီးပဲ နယူးယောက်ကို လာလည်လေအစ်မ။ မြန်မာမှန်းသိလို့ ဝမ်းသာအားရ နှုတ်ဆက်တာ နယ်ဖက်ကမို့လို့ နယူးယောက်၊ နယူးဂျာဆီဖက်က မြန်မာတွေက ဟိတ်ဟန်ကြီးတယ်။ နယူးယောက်ကို ၃၃၆ မိုင်ဝေးပြီး အပြန်လမ်းမှာ ဗာဂျီးနီးယားပြည်နယ်က Natural Bridge အမျိုးသားဥယျာဉ်ကို ဝင်လည်တယ်။ သမိုင်းဝင်နေရာတခုဖြစ်ပြီး Ceder စမ်းချောင်းလေးပေါ်မှာ ပေ ၉၀ ရှည်တဲ့ ကျောက်သားတံတားလေး ပေ ၂၀၀ အမြင့်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတယ်။ သစ်ပင်တွေ နေပြောက်မထိုးနေအောင် စိမ်းညှို့နေပြီး ကျေးငှက်အော်သံတွေလည်း ကြားရပြီး စမ်းရေစီးသံ တသွင်သွင်နဲ့ စီဒါစမ်းချောင်းဘေးမှာ လမ်းလျှောက်ရတာ အင်မတန် စိတ်အေးချမ်းစရာပဲ။ ကိုယ်သာ မေရီလန်းမှာနေခဲ့ရင် အပတ်တိုင်း ဒီကိုလာပြီး လမ်းလျှောက်မှာ (ပြောတာပဲ) ။ တိုးဂိုက်က ဟိုဘက်ကျောက်တောင်ကို လက်ညှိုးထိုးပြပြီး စတုရန်းပုံထွင်းထားတာ မြင်လား။ အဲဒါ အမေရိကန်နိုင်ငံရဲ့ဖခင်ကြီး ဂျော့ဝါရှင်တန် သူ့နာမည်အတိုကောက်ကို ထွင်းထားတဲ့နေရာ။ အဲဒီ့မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။

ရှားပါးတဲ့ ပန်ဒါအနီရောင်

ဟင် .. ဟုတ်လား အဲ့ဒါဆို ကိုယ်ဆုတောင်းရင် ပြည့်မှာလား။ ဆုတောင်းပြည့်မှာ အသေအချာပဲ ဆုတောင်းလေ။ အဲဒီအချိန်တုန်းက ကိုယ်အလိုချင်ဆုံး ဆုတစ်ခုကို သေသေချာချာ လေးလေးနက်နက် ဆုတောင်းခဲ့တယ်။ ကိုယ် ဘာဆုတောင်းခဲ့တယ်လို့ ထင်လဲ ...  ခန့်မှန်းကြည့်ပါလား မှန်ရင် တစ်ဆင့်ကြီးများတောင် ဆုချမယ် :P ။ လမ်းလျှောက်လို့ကောင်းကောင်းနဲ့ လျှောက်နေတာ အဆုံးထိလျှောက်လို့ မဖြစ်သေးဘူး။ ပေးထားတဲ့အချိန်နဲ့ လမ်းပြန်လျှောက်ရမဲ့အချိန်နဲ့ တွက်ချက်ပြီး ပြန်ခဲ့ရတယ်။ တကယ်လို့သာ အချိန်ရှိမယ်ဆိုရင် အေးအေးလူလူ လမ်းလျှောက်လိုက် နားလိုက် ဓာတ်ပုံတွေရိုက်လိုက်နဲ့တနေကုန် အေးအေးဆေးဆေး အနားယူအပန်းဖြေချင်တာ။ တောင်ကုန်းကို ပြန်တက်တော့ အယ်မလေး ဟိုက်နေအောင် တက်ရတယ်။ တောင်ကုန်းမတက်နိုင်တဲ့သူတွေအတွက် ဂေါက်ကွင်းတွေမှာတွေ့ရတဲ့ ကားလေးနဲ့ သယ်ပေးတယ်။ ကားနဲ့သယ်ပေးမှာကို မစောင့်နိုင့်တော့ဘူး လမ်းလျှောက်တက်တော့မယ်။ အဖေနဲ့အမေလည်း နားလိုက်တက်လိုက် လူငယ်တွေတောင် ဟိုက်နေအောင် တက်ရတယ်။ မြန်မာအုပ်စုထဲက ကောင်လေးက ပေးထားတဲ့အချိန်စေ့နေပြီမို့လို့ အပြေးတက်လာတယ် ဟောဟဲနဲ့။ အချိန်စေ့နေပေမဲ့ လူမည်းအန်တီ ၃ ယောက် မရောက်သေးလို့ စောင့်နေရသေးတယ်။ တောင်ကုန်းထိပ်ကို မတက်နိုင်လို့ ဖယ်ရီကားစောင့်နေတာတဲ့။ ကိုယ်သွားဖူးသမျှ တိုးဂိုက်တွေထဲမှာ ဒီတိုးဂိုက်က စိတ်အရှည်ဆုံး၊ အင်္ဂလိပ်လို၊ တရုတ်လို အတူတူ ရှင်းပြနိုင်ဆုံး။ တိုးဂိုက်ခ၊ ကားဒရိုင်ဘာခ တနေ့ ၈ ကျပ်၊ ၄ ရက်ဆိုတော့ တယောက် ၃၂ ကျပ် မဖြစ်မနေ ပေးရတယ်။ တိုးဂိုက်တွေရဲ့  ဝန်ဆောင်မူကို သိပ်မကြိုက်လို့ သတ်မှတ်ထားတာထက် ဘယ်တော့မှပိုမပေး တစ်ဖ်မပေးတဲ့ကိုယ် ဒီတခါတော့ တိုးဂိုက်ကို သဘောကျလို့ တစ်ဖ်ပေးလိုက်တယ်။

ဒီလိုနဲ့ မရည်ရွယ်ဘဲ သွားဖြစ်တဲ့ ဂျူလှိုင် ၄ လေးရက်ခရီး ပြီးပါပြီ။ ကိုယ်ရဲ့ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ဓာတ်ပုံတွေကို မြင်ဖူးလို့ အဖေက ချယ်ရီပွဲတော်ချိန် စတိတ်ကို လာလည်ချင်တယ်။ ချယ်ရီပွဲတော် ကျင်းပတဲ့ ဧပြီလက အဖေ အလုပ်များတဲ့အချိန်ဆိုတော့ စတိတ်ကို ဇွှန်၊ ဂျူလှိုင်မှာပဲ လာဖြစ်တယ်။ အဖေနဲ့အမေ ဝါရှင်တန်ဒီစီက ကယ်ပီတယ်အဆောက်အဦးကို အဝေးကနေပဲ မြင်ဖူးပြီး အထဲကိုမရောက်ဖူးလို့ ရောက်ဖူးအောင် တကူးတက လိုက်ပို့ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီခရီးကတော့ တိုးကားနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာစီစဉ်ပြီး သွားတာပါ။ အဲ့ဒီအကြောင့်း နောက်ပို့စ်မှပဲ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၂၄၊ ၂၀၁၈။

ဂျော့ဝါရှင်တန် သူ့နာမည်အတိုကောက်ကို ထွင်းထားတဲ့နေရာ စတုရန်းပုံလေးနဲ့ ပြထားတယ်

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၃

တတိယနေ့ သွားရောက်လည်ပတ်မဲ့ နေရာကတော့ တန်နက်ဆီပြည်နယ် ချန်တန်နူကာ Chattanooga မြို့နားမှာရှိတဲ့ Rully Falls ၊ Lookout Mountain ၊ Lookout Mountain Incline Railway ၊ Knoxville တိရစ္ဆာန်ရုံ။ ရူဘီရေတံခွန်က မနက် ၇ နာရီလောက်မှ ဖွင့်ပေမဲ့ တန်းစီတာကို မစောင့်ရလေအောင် တိုးဂိုက်က အမျိုးသားဥယျာဉ်ဝန်ထမ်းကို အကူအညီတောင်းပြီး မနက် ၆ နာရီခွဲ ဖွင့်ခိုင်းတယ်။ မြေအောက်ကို အတော်နက်နက်ကြီးအထိ ဓာတ်လှေကားနဲ့ဆင်းပြီး မြေအောက်လှိုဏ်ခေါင်းကနေ ၁၅၊ ၂၀ မိနစ်လောက် လျှောက်ရတယ်။ မြေကြီးထဲဆိုတော့ အေးစိမ့်နေတာပဲ မီးတွေထွန်းထားလို့ လင်းထိန်နေတယ်။ လှိုဏ်ခေါင်းထဲမှာ အမိုးလွတ်ပေမဲ့ စိတ်ထဲမလွတ်ဘူးထင်ပြီး ခေါင်းကိုထိမိမှာ စိုးရိမ်လို့ ခေါင်းကိုငုံ့ပြီး လမ်းလျှောက်တယ်။ ၁၉၂၀ ရထားလမ်းအတွက် ရှာဖွေရာကနေ ဒီမြေအောက်ရေတံခွန်ကို ရှာဖွေတွေ့ရှိသွားတယ်။ ပတ္တမြားတွေတွေ့လို့ ရူဘီရေတံခွန်လို့ နာမည်ပေးတာမဟုတ်ပါဘူး။ ရှာဖွေတွေ့ရှိသူက သူ့မိန်းမကို ခေါ်ပြပြီး ဒီရေတံခွန်ကို သူ့မိန်းမနာမည်ပေးမယ်လို့ ပြောရာကနေ ရူဘီရေတံခွန် အမည်တွင်ခဲ့ပါတယ်။ ၁၄၅ ပေအမြင့်ရှိတဲ့ ရေတံခွန်ကရေတွေဟာ ဘယ်မှာမြစ်ဖျားခံပြီး ဘယ်ကိုစီးဆင်းသွားမှန်း ဘယ်သူမှမသိဘူး။ Are you ready လားလို့ အမျိုးသားဥယျာဉ်ဝန်ထမ်းကမေးတော့ အားလုံးက ရယ်ဒီလို့ ပြန်ဖြေကြတယ်။ အမျိုးသားဥယျာဉ်ဝန်ထမ်းက မီးခလုတ်ကို နှိပ်လိုက်တဲ့အခါ မီးရောင်စုံစလိုက်တွေ လင်းထိန်လာပြီး အင်မတန်လှတဲ့ ရူဘီရေတံခွန်ကြီးကို တွေ့လိုက်ရတော့တာပဲ။ ၁၅ မိနစ်လောက် ဓာတ်ပုံတွေ ရိုက်ပြီးတော့ ပြန်ကြတဲ့အခါ နောက်မှရောက်လာတဲ့ တိုးကားကလူတွေက လှိုဏ်ခေါင်းကျဉ်းကျဉ်းလမ်းလေးမှာ ဘေးကိုကပ်ပြီး ကိုယ်တို့ကို လမ်းဖယ်ပေးကာ စောင့်ရတယ်။ တိုးဂိုက်က တွေ့လား တခြားတိုးကားကလူတွေ စောင့်ရတယ် အဲဒီလိုမစောင့်ရအောင်လို့ မနက်အစောကြီး ပထမဆုံးရောက်အောင် လာတာ။

တရုတ်တိုးဂိုက်အများစုက အင်္ဂလိပ်လို နည်းနည်းပဲပြောပြီး တရုတ်လို များများပြောတယ်။ ဒီတိုးဂိုက်ကတော့ အင်္ဂလိပ်လို၊ တရုတ်လို အတူတူပြောတယ်။ ခရီးသည်တွေကို ဂရုစိုက်တယ် စိတ်ရင်းနဲ့ကူညီဆောင်ရွက်ပေးတယ်လို့ ခံစားမိတယ်။ အမျိုးသားဥယျာဉ်ဝန်ထမ်းကို တစ်ဖ် ၁ ကျပ် ၂ ကျပ် ပေးပါလို့ မှာကြားတယ်။ မြန်မာကောင်မလေးတွေက အစ်မ အဖေနဲ့အမေ ခရီးသွားရင် အိမ်သာအဆင်ပြေလား။ တိုးဘတ်စ်ကားတွေက ၂ နာရီခွဲ၊  ၃ နာရီတခါ rest area တွေမှာ အိမ်သာအတွက် ရပ်ပေးတော့ အဆင်ပြေပါတယ်။ ရေနည်းနည်းလျှော့သောက်၊ အောင့်ထားရတာတို့တော့ ရှိတာပေါ့။ သူတို့မိဘတွေကို ခရီးသွားဖို့ခေါ်ချင်တာ အိမ်သာကိစ္စ အဆင်မပြေလို့ မခေါ်ဘူးတဲ့။ ခရီးသွားဖို့ဆိုတာ အစားအသောက် အခက်အခဲအပြင် အိမ်သာအခက်အခဲကလည်း ရှိသေးတယ်။ ဆူနမ်ဆို ရောက်တဲ့နေရာ ရှုးပေါက်တယ် သူ့အတွက် အိမ်သာအမြဲ ရှာပေးရတယ်။ ၂၀၁၄ ဘွဲ့ယူဖို့ ဆူနမ့်မိဘတွေလာတော့ Grand Canyon ဖက်ကို တရုတ်တိုးကားနဲ့ လိုက်ပို့တယ်။ rest area ရောက်ဖို့ ၃ နာရီလောက် ကြာသွားတော့ ဆူနမ်ခမျာ ရှုးပေါက်ချင်တာကို အတင်းအောင့်အင်း rest area ရောက်တော့ သူကနောက်ဆုံးခုံမှာ။ ရှေ့ကခုံတွေ အရင်ထွက်ပြီးမှ ထွက်ရတာမို့ နောက်ဆုံးခုံဆိုတော့ နောက်ဆုံးမှထွက်ရမယ်။ အဲဒီအချိန်လောက်ထိ မစောင့်နိုင်ဘူး မဖြစ်ချေဘူး Excuse me ဆိုပြီး အတင်းကျော်ခွထွက်ကာ အိမ်သာပြေးရတယ်လို့ပြောတော့ ရယ်လိုက်ရတာ။ ကိုယ်သာ သူ့နေရာမှာဆိုရင် ရယ်နိုင်မယ်မထင်။ တရုတ်တိုးဂိုက် ပြောနေတာတွေ နားမလည်ဘူး အတော့်ကိုကြိုးစား နားထောင်ရတယ်။ အင်္ဂလိပ်လိုပြောတာနည်းနည်း တရုတ်လိုပြောတာများများ နောက်နောင်တရုတ်တိုးကား မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်တဲ့။ ကိုယ်က ကားမမောင်းချင်တဲ့သူ ဝိုင်းက ကားမမောင်းတတ်တဲ့သူဆိုတော့ တရုတ်တိုးကားနဲ့မှ ခရီးမထွက်ရင် ခရီးထွက်ဖို့ဆိုတာ မလွယ်ကူတော့ တရုတ်တိုးကားတွေနဲ့ပဲ ခရီးထွက်ဖြစ်တယ်။



နောက်သွားရောက်တဲ့နေရာကတော့ တန်နက်ဆီပြည်နယ်နဲ့ ဂျော်ဂျာပြည်နယ်ကြားက lookout တောင်။ ဂျော်ဂျာပြည်နယ် အတက်လန်တာမြို့ဆိုတာနဲ့ လေရူးသုန်သုန်ဝထ္ထုထဲက စကားလက်အိုဟာရာရဲ့ မြိုင်သာယာစံအိမ်ရှိတဲ့နေရာကို ပြေးမြင်မိတယ်။ သူများတွေက စကားလက်ကို မကောင်းတဲ့မိန်းမလို့ မြင်ပေမဲ့ ကိုယ်ကတော့ ထက်မြက်တဲ့၊ တကိုယ်ကောင်းဆန်တဲ့၊ မိသားစုကိုချစ်တဲ့၊ အားမာန်ရှိတဲ့ မိန်းမလို့မြင်တယ်။ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်တုန်းက ဘရဲ့အင်္ဂလိပ်နာမည်က ဂျူလီယာ။ တရုတ်နာမည် ခေါ်ရခက်လို့ တရုတ်တွေလည်း အင်္ဂလိပ်နာမည် မှည့်ကြတယ်။ ကိုယ်လည်း အားကျမခံ ခပ်တည်တည်နဲ့ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်နာမည်ပေးထားတယ် စကားလက်။ အစ်ကိုကြီးတယောက်က ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟက်ဆန်လားတဲ့ ဟင့်အင်း စကားလက်အိုဟာရာလို့ဖြေတော့ ဘေးမှာရပ်နေတဲ့ ညီမလေးက အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ လေရူးသုန်သုန်ထဲက စကားလက်အိုဟာရာလားတဲ့။ နောက်တော့ စကားလည်း မလက်ရလိုက်ပါဘူး အသံထွက်ရလွယ် မှတ်မိလွယ်တဲ့ စန်းစန်းလို့ပဲ ခေါ်ကြတော့တာပဲ။ lookout တောင်က အမေရိကန်ပြည်တွင်းစစ်တုန်းက ထင်ရှားတဲ့နေရာတခု။ ကျောက်ဆောင်အမြင့်ကြီးတွေကြား ကြိုးတံတားလေးတွေပေါ်မှာ လမ်းလျှောက်ရတာ အသည်းယားစရာ။ ဘေးနားကသစ်ပင်တွေပေါ်မှာ၊ ကျောက်သားလမ်းတွေမှာ ခြယ်ထားတဲ့ အဝါရောင် trail လမ်း အမှတ်အသားအတိုင်း လျှောက်ရတယ်။ အမေရိကန်တွေက အမျိုးသားဥယျာဉ်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်တော်တယ်။ ကျောက်ဆောင်ဘေးကနေ ရေတံခွန်ဖြာကျနေတာ အင်မတန်လှတာပဲ။ တောင်ပေါ်ကနေကြည့်ရင် တိမ်တွေအပေါ် ရောက်နေသလို ခံစားရတယ်။ စိမ်းညှို့နေတဲ့ သစ်ပင်စိမ်းစိမ်းတွေပေါ်ကနေ တိမ်ဖြူဖြူလွလွလေးတွေ ပြေးလွှားနေကြတာ လှလိုက်တာ။ ကျိုက်ထီးရိုးတောင်ပေါ် ရောက်နေသလို။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒီလိုမြင်ကွင်းမျိုး မြင်ခဲ့ဖူးပါတယ်။

၂၀၀၂ ကျောင်းလေ့လာရေးခရီးစဉ် ပုဂံ၊ ပုပ္ဗားဖက်ကို ခရီးထွက်တော့ ပုပ္ဗားတောင်မကြီး တက်မလား၊ တောင်ကလပ်တက်မလား။ တောင်ကလပ်က နောင်တခါလာရင် တက်လို့ရတယ် တောင်မကြီးက တက်ဖို့ခက်တယ်ဆိုပြီး တောင်မကြီးတက်ဖို့ ရွေးလိုက်တယ်။ မနက်အစောကြီးကတည်းက တက်လိုက်တာ ညနေစောင်းမှ ပြန်ရောက်တယ်။ အတက်ကို ၄ နာရီကြာပြီး အဆင်း ၁ နာရီကြာတယ်။ တောင်တက်နေတုန်း တဝက်လောက်ရောက်တော့ တိမ်တွေက ကိုယ်တို့ကို ပွတ်တိုက်သွားတယ်။ တောင်ထိပ်ကို လေးဖက်ထောက်တက်ရပြီး တောင်ထိပ်ရောက်တော့ တိမ်တွေက ကိုယ်တို့အောက်မှာ။ စိမ်းညှို့နေတဲ့ သစ်ပင်တွေပေါ်မှာ ခြုံသိုင်းနေတဲ့ တိမ်ဖြူဖြူလွလွလေးတွေ လှလိုက်တာ။ တိမ်တွေ ရွေ့လျားနေတာကိုကြည့်ပြီး ကိုယ်ပါယိမ်းနွဲ့လိုက်ပါသွားချင်သလို။ အမြင့်ဆုံးတောင်ထိပ်ကနေ မြင်လိုက်ရတဲ့ရှုခင်းကြောင့် ပင်ပန်းနွမ်းနယ်တာတွေ ပျောက်သွားသလို ခံစားရတယ်။ ကိုယ်၊ ဝေ၊ အိကေ ကိုယ်တို့သုံးယောက် တောင်မကြီးကို ပထမဆုံးရောက်တဲ့ မိန်းကလေးအဖွဲ့။ ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီတောင် တက်မယ်လို့ မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အသင်းက ကြေငြာတော့ စိတ်ဝင်စားလို့ စုံစမ်းကြည့်လိုက်တော့  ကိုယ့်အထုပ်ကိုယ်ထမ်းရမယ်ဆိုတာနဲ့ လက်လျှော့လိုက်တော့တယ်။ lookout တောင်ကနေ ပြည်နယ် ၇ ခုကို မြင်ရတယ်တဲ့။ အပင်မျိုးစုံ သေသေချာချာ စိုက်ပျိုးထားတယ်။ တနေရာမှာ လူတွေရပ်နေတော့ ဘာလဲလို့မေးကြည့်တော့ မြွေသေးသေးလေးတဲ့။ လှိုက်ဂူထဲမှာ ကလေးတွေအတွက် အရုပ်တွေကို မီးထွန်းပေးထားတယ်။ Lookout Mountain Incline Railway နဲ့က သိပ်မဝေးဘူး။ တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီး ပထမတစီးမှာ လူ ၅ ယောက်ဝင်စီးလို့ရပေမဲ့ တိုးဂိုက်က ခရီးသည်အကုန်လုံးပါအောင် နောက်တစီးစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် မိနစ် ၃၀ စောင့်ရတယ်။ ၁၈၉၅ ကတည်းက ပြေးဆွဲခဲ့တဲ့ရထား ၁၉၁၁ မှာ အင်ဂျင်နည်းနည်းပြင်တာကလွဲရင် ဘာဆိုဘာမှ မပြောင်းလဲတဲ့ရထား။ ၇၂.၇ ရာခိုင်နှုန်းလောက် မတ်စောက်ပြီး ၁ မိုင်ရှည်တယ်။ ကမ္ဘာမှာအမတ်စောက်ဆုံးထရမ်ဆိုလို့ အမေ့ကို ပြတင်းပေါက်နားထိုင်ခိုင်း ကိုယ်က လူသွားလမ်းဖက်ထိုင်တယ်။


တအားကြီး မတ်စောက်တယ်လို့ မထင်ရဘူး ရင်တောင်သိမ့်ခနဲ  မတုန်သွားဘူး အဆင်းမို့လို့နဲ့ တူပါရဲ့။ ၂၀၁၀ မတ်လ ဟောင်ကောင်မှာ ဗစ်တိုးရီးယားတောင်ထိပ်ကို Peak ထရမ်စီးတုန်းကမှ တော်တော်မတ်မတ်ကြီးလို့ ခံစားရပြီး ရင်တွေတောင် သိမ့်ခနဲတုန်တယ်။ ဗစ်တိုးရီးယားတောင်ထိပ်ကို ကားနဲ့လည်းတက်လို့ရတယ် ထရမ်နဲ့တာ အတွေ့အကြုံတမျိုး။ ဗစ်တိုးရီးယားတောင်ထိပ်ကနေ ဟောင်ကောင်ကျွှန်းမကြီး၊ ကုန်လုန်ကျွှန်းတွေ မြင်ရတဲ့ရှုခင်း အင်မတန်လှတယ်။ နောက်ဆုံးသွားရောက်လည်မယ်လို့ မှန်းထားတဲ့ တိရစ္ဆာန်ရုံက ငါးနာရီဆိုပိတ်ပြီ ခု လေးနာရီ။ သွားလည်း အကျိုးမရှိဘူး နောက်နေ့မှသွားမယ်လို့ တိုးဂိုက်က ဆုံးဖြတ်လိုက်တယ်။ တိုးခရီးစဉ်နောက်ဆုံးနေ့ ဘယ်ကိုသွားလည်ကြသလဲဆိုတာ နောက်ဆုံးအပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇန်နဝါရီ ၂၁၊ ၂၀၁၈။

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၂

ပထမနေ့ ဗာဂျီးနီးယားပြည်နယ်ကနေ တန်နက်ဆီပြည်နယ်ကိုရောက်လို့ rest area မှာ အိမ်သာအတွက် ကားရပ်နားလို့ ကားပေါ်ကဆင်းလိုက်တာနဲ့ ကြီးမားတဲ့ဂီတာကြီးကို တွေ့လိုက်ရတယ်။ သြော် ... တန်နက်ဆီပြည်နယ်ဆိုတာ ကျေးလက်ဂီတ ထွန်းကားတဲ့ပြည်နယ်ပဲ။ တန်နက်ဆီပြည်နယ် Nashville  မြို့လေးက ကျေးလက်အဆိုတော်တွေ မွေးထုတ်ပေးတဲ့မြို့လေး။ ဒုတိယနေ့ သွားရောက်တဲ့နေရာကတော့ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီအမျိုးသားဥယျာဉ်။ ဧကငါးသိန်းကျော် ကျယ်ဝန်းပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် သတ်မှတ်ထားတဲ့နေရာ၊ အမေရိကန်မှာ လာရောက်လည်ပတ်သူ အများဆုံးရှိတဲ့ အမျိုးသားဥယျာဉ်။ ၂၀၁၃ မေ ၂၇ မန်မိုရီယမ်ဒေးပိတ်ရက် ဆူနမ်တို့နဲ့ ဂရိတ်စမုတ်ကီတောင်ဖက် ကမ့်ပင်းထွက်ပြီး မြင်းစီးဖူးတယ်။ ပထမဆုံးကမ့်ပင်းထွက်တာ မိုးရွာနေလို့ မီးဖိုလို့မရတော့ စာရွက်နဲ့ယပ်တောင်လုပ် ပါးစပ်နဲ့ဖူးဖူးမှုတ်ပြီး မီးဖိုကာ ကြက်တောင်ပံကိုကင်။ စားဖူးသမျှထဲမှာ အရသာအရှိဆုံး smoky မီးခိုးနံ့အသင်းဆုံးကြက်ကင် ရေနွေးတွေကပါ မီးခိုးနံ့စွဲလို့ ကော်ဖီမှာတာင် မီးခိုးနံ့ရတယ်။ အင်္ကီျတွေမှာလည်း မီးခိုးနံ့စွဲလို့ စမုတ်ကီတောင်မှာ စမုတ်ကီကြက်ကင်စာပြီး စမုတ်ကီကော်ဖီသောက် လူတွေလည်း စမုတ်ကီကိုဖြစ်လို့ဆိုပြီး ရယ်လိုက်ရတာ။ တသက်နဲ့တကိုယ် ပထမဆုံးအကြိမ်အဖြစ် စမုတ်ကီတောင်မှာ မြင်းစီးဖူးတယ် အင်မတန် ပျော်စရာကောင်းတာပဲ။ ပြီးတော့ ကိုယ်လက်တွေ နာလိုက်တာ။ စမုတ်ကီအမျိုးသားဥယျာဉ်မှာ သစ်တောသစ်အုပ်တွေ စိမ်းညှို့နေပြီး ကမ့်ပင်းထွက်တဲ့သူ၊ တောင်တက်တဲ့သူ၊ ဆိုင်ကယ်အကြီးကြီးတွေ စီးလည်တဲ့သူနဲ့ အင်မတန်စည်ကားတယ်။ Gatlinburg မြို့လေးဆို ဂရိတ်စမုတ်ကီတောင်တွေ ကြားထဲမှာရှိနေတဲ့ မြို့သေးသေးလေး။ ဒါပေမဲ့ ဆိုင်ခန်းမျိုးစုံ တိုးရစ်တွေနဲ့ အင်မတန်စည်ကားတယ်။

ဆောင်းဦးရာသီဆိုရင် ဂရိတ်စမုတ်ကီတတောတတောင်လုံး သစ်ရွက်တွေ အရောင်ပြောင်းပြီး အင်မတန်လှမှာ။ ဆောင်းဦးရွက်ကြွေချိန် ဂရိတ်စမုတ်ကီတောင်ဖက် သွားလည်ချင်သေးတယ်။ Gatlinburg မြို့က ထရမ်စီးဖို့ အချိန် ၂ နာရီပေးတယ်။ မိနစ် ၂၀ မှ တစီးရှိတော့ တိုးဂိုက်က တောင်ပေါ်ကိုအရင်တက် တောင်ပေါ်ကဆိုင်တွေမှာ ပေါ့ပါ့ပါးပါး နေ့လည်စာစား ညနေ Dixie Stampede ပွဲမှာ တောင်ပိုင်းစတိုင် အဝတီးရမှာ တိုးကားဆီအချိန်မှီလာရောက်ဖို့ မှာကြားတယ်။ ထရမ်စီးဖို့ တန်းစီနေတဲ့ လူတန်းကအရှည်ကြီး အသွားတစီး အပြန်တစီးဆိုပေမဲ့လည်း စောင့်ရတာပါပဲ။ ထရမ်တစီး လူအယောက် ၅၀ လောက်ဆန့်တယ်။ တောင်ပေါ်ကို မတ်မတ်ကြီးတပ်သွားတာ အင်မတန်အသည်းယားစရာကောင်းတယ်။ ထရမ်စီးရင်း မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ် အဲ့ဒီတောင်က အမြင့်ဆုံးတဲ့။ တောမီးလောင်ထားတာတွေ မြင်ရတယ် တောင်စောင်းလေးမှာ ဆောက်ထားတဲ့ အိမ်လှလှလေးတွေ မြင်ရတော့ အငြိမ်းစားယူရင် အဲ့ဒီလိုနေရာမျိုးမှာ နေချင်တယ်လို့ပြောရင် ဝိုင်းကပြောမှာ တောင်ပေါ်မှာ ဘာမှလုပ်စရာမရှိဘူး ပျင်းစရာကြီး အသက်ကြီးရင် မြို့ထဲမှာနေရမှာလို့။ စီးဖူးသမျှ ထရမ်၊ ကေဘယ်ကားထဲမှာ (၄ ခုလောက်ပဲ စီးဖူးတာပါ) ၂၀၁၀ မတ်လ ဟောင်ကောင်လေဆိပ်နားကနေ giant buddha ရှိတဲ့ lantau လန်ထောင်ကျွှန်းဆီ ကောင်းကင်ကေဘယ်စီးရတာကို အမှတ်တရအဖြစ်ဆုံးပဲ။ ပင်လယ်ပြာပြာ၊ စိမ်းညှို့ညှို့တောင်တွေကို ဖြတ်ကျော်လို့ အောက်ခြေက  တောလမ်းလေးမှာ လူတွေသွားလာနေတာကို မြင်ရပြီး ကျွှန်းတွေကို ဖြတ်ကျော်သွားတာ အင်မတန်လှတာပဲ။ ဟောင်ကောင်ရောက်ရင် လန်ထောင်အိုင်လန် ကောင်းကင်ကေဘယ်ကား စီးဖြစ်အောင်စီးကြည့်ပါ။

အဲဒီကေဘယ်ကားလေး စီးချင်တာ တနာရီအချိန်ပေးရမယ်ဆိုလို့ မစီးခဲ့ရဘူး ...

တောင်ထိပ်ရောက်တော့ စားသောက်ဆိုင်၊ စကိတ်ကွင်း၊ ကေဘယ်ကားလေးတွေ တွေ့တယ်။ နေ့လည်စာစားဖို့ တပတ်ပတ်ကြည့်တော့ မက်ဆီကန်ဆိုင်နဲ့ ပီဇာဆိုင်တွေ့တယ် ပီဇာစားဖို့ရွေးလိုက်တယ်။အဖေနဲ့အမေက ပီဇာမကြိုက်ဘူး တောင်ပေါ်ကို တပတ်ပတ်ကြည့် ကေဘယ်ကားစီးဖို့ မေးကြည့်တော့ တနာရီလောက် အချိန်ပေးရမှာဆိုတော့ မစီးဖြစ်တော့ဘူး။ တောင်အောက်ကိုဆင်းဖို့ တန်းစီကြတော့ ရှေ့ကမိသားစုက ယောကျာ်းက အမေရိကန်၊ မိန်းမက မီးသွေးခဲလို နက်မှောင်နေတဲ့ အသားအရည်ကိုကြည့်ပြီး ခပ်ချောချော အိန္ဒိယတောင်ပိုင်းသူလို့ ခန့်မှန်းတယ်။ တန်းစီတဲ့နေရာကို ဘားတန်းလေးတွေချထားပြီး ကွေ့ကွေ့ကောက်ကောက် လုပ်ထားတာကို ကုလားမရဲ့မိဘတွေက အတန်းအလိုက်မလိုက်ဘဲ တန်းအောက်ကနေ ဝင်ပြီးကျော်ဖြတ်နေတာကို အမေရိကန်ယောကျာ်းရဲ့အဖေက နောက်မှာတန်းစီနေတဲ့ ကိုယ်တို့ကို ကလေးတွေ လုပ်သမျိုးနော်ဆိုပြီး အရှက်ပြေပြောနေလို့ ကိုယ့်တို့မှာ ပြုံးနေရသေးတယ်။ သူ့ခမည်းခမက်တွေ ကျော်ခွနေလို့ သူက ရှက်နေတာလို့ အဖေတို့ကို ရှင်းပြတော့ အဖေက ဒီအမေရိကန်ကောင် ကုလားမကိုယူတာ ညံ့တာပေါ့။ ကုလားမက အဖြူကောင်ကို ယူနိုင်တာ တော်တာပေါ့ အဖေရဲ့ဆိုပြီးပြန်ပြောတော့ ရယ်နေလေရဲ့။ အဲဒီကုလားမရဲ့ မောင်လား၊ ယောက်ဖလားမသိ ထိုင်ခုံနေရာရတဲ့ ကုလားလေးက အမေဒူးနာနေတာကို ရိပ်မိတော့ ထိုင်မလားလို့မေးလို့ အမေက ဘာသာပြန်ပေးတော့ ခေါင်းခါပြီးငြင်းတယ်။ ရတယ်တဲ့ ကျေးဇူးတင်ပါတယ် အမေက ကုလားတွေနဲ့မထိုင်ချင်ပါဘူးတဲ့။ တောင်အောင်မှာ ဘတ်စ်ကားစောင့်နေတုန်း မြန်မာအုပ်စုနဲ့ဆုံတော့ တိုးဂိုက်က မြန်မာမှန်း ဘယ်လိုသိတာလဲမသိဘူးလို့ပြောတော့ သူ့အချစ်ဆုံးသူငယ်ချင်းက မြန်မာတဲ့။

ကုလား ၃ ယောက် ထိုင်ခုံလတ်မှတ်ကို taketour ဆိုဒ်မှာဝယ်တာ ဘယ်လိုဖြစ်သွားလဲမသိဘူး ခုံနံပါတ်ထပ်နေလို့ တိုးဂိုက်က သူ့နေရာရှေ့ဆုံးခုံကို ပေးလိုက်ပြီး နောက်ဆုံးမှာ လာထိုင်ရတယ်။ အဲဒီကုလား ၃ ယောက် ဘယ်သွားသွား ပဲလှော်ထုပ်လေးကိုင်လို့။ သူတို့ပြောမှပဲ သတိထားကြည့်မိတယ် ဟုတ်ပါ့ ဘယ်သွားသွား ပဲလှော်ထုပ်ထည့်ထားတဲ့ ကျွပ်ကျွပ်အိပ်လေး တကိုင်ကိုင်နဲ့။ ကိုယ် ဓာတ်ပုံလျှောက်ရိုက်ပြီး ပြန်လာတော့ အဖေက မြန်မာအုပ်စုကို အသက်မေး၊ စတိတ်ရောက်တာ ကြာပြီလား၊ ဘာလုပ်နေလဲမေးနေလို့ အဖေ စတိတ်မှာ အသက်၊ အိမ်ထောင်ရှိမရှိ၊ လစာ မမေးရဘူး ရိုင်းတယ်လို့ ပြောထားတယ်လေ စပ်စုနေပြန်ပြီ။ အိုး ကိုယ့်မြန်မာအချင်းချင်းတွေပဲ ကိစ္စမရှိပါဘူး မြန်မာအချင်းချင်းလည်း မမေးရဘူး။ Gatlinburg ကနေ Pigeon Forge မြို့က သိပ်မဝေးဘူး နာရီဝက်လောက်တောင် မမောင်းရဘူး။ အဲ့ဒီမြို့လေးလည်း amusement park တွေနဲ့ အတော်စည်တယ်။ ဂေါ်ဇီလာဝက်ဝံပုံ ဓာတ်ပုံအကြီးကြီး ချိတ်ထားတဲ ဟိုတယ်တွေ့တော့ တကားလုံး ဓာတ်ပုံတွေရိုက်လိုက်ကြတာ။ နာမည်ကြီးကျေးလက်အဆိုတော် Dolly Parton ရဲ့ Dixie Stampede ပွဲမစခင် ကျေးလက်တေးဂီတနဲ့ ဖျော်ဖြေတယ်။ အမေရိကန်ဘင်ဂျိုပြိုင်ပွဲမှာ ပထမဆုရထားတဲ့သူ၊ တယော၊ ဆယ်လိုတီးပြီး တင်ဆက်တာ အင်မတန်နားထောင်ကောင်းတယ်။ Dolly Parton ကို ကိုယ်သိသွားတာ ၂၀၀၉၊ ၂၀၁၀ အမေရိကန်အိုင်ဒေါကြည့်တော့ ပြိ ုင်တဲ့သူတချို့ ဒေါ်လီပတ်တန်ရဲ့ Jolene သီချင်းဆိုလို့ ဂန္တဝင်ကျေးလက်အဆိုတော် ဒေါ်လီပတ်တန်ကို သိသွားတာ။ ဝိတ်တာမလေးတွေက ဟိုးရှေးခေတ်တုန်းက ဂါဝန်လေးတွေဝတ်ထားတယ်။ အဖေ ဘီယာသောက်မလားမေးတော့ ဟင့်အင်းတဲ့။ ပွဲစတော့ လတ်မှတ်ပြ သူတို့ညွှန်တဲ့နေရာကိုသွား Arena ခန်းမကြီးက အကျယ်ကြီး။ ကိုသက်ထွေးအဖေက ရှူးပေါက်ချင်လို့ အိမ်သာဘယ်မှာလဲတဲ့။


                                                


မီးကခပ်မှိန်မှိန်ဆိုတော့ အိမ်သာဘယ်မှာမှန်းမသိ လတ်မှတ်ပေါ်မှာ restroom လို့ ရေးပေးလိုက်ပြီး ဝိတ်တာကောင်လေးကို အဲဒီစာရွက်ပြလိုက် ညွန်ပေးလိမ့်မယ်။ ခုံနံပါတ်ဘယ်လောက်နော် အဖေ ခေါင်းညိတ်ပြီး ထွက်သွားတယ် ဝိတ်တာလေးကို မေးနေတာတွေ့တယ်။ အဖေက ခုံနံပါတ်မှတ်မိပါတယ် မသိရင် ဝိတ်တာကောင်လေးတွေကို မေးလိမ့်မယ်။ မတွေ့ရင် ဖုန်းဆက်လိမ့်မယ် စိတ်မပူပါဘူး။ ခဏနေတော့  သူ့အမှတ်အသားနဲ့အတူ အဖေ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတယ်။ အဖေက မှတ်သားထားတတ်တော့ လမ်းပျောက်သွားမှာတို့ နေရာမတွေ့မှာတို့ စိတ်ပူစရာမလိုဘူး။ အာလူးဖုတ်၊ ပြောင်းဖူး၊ ကြက်ကြော် တခုပြီးတခုလာချတယ်။ ခန်းမကြီးက အကြီးကြီး လူတထောင်လောက်ဆန့်တယ် နာမည်ကြီးပွဲမို့လို့ လတ်မှတ်တွေက sold out တဲ့။ မြင်း ၂ ကောင်ကို တပြိုင်တည်း စီးပြတယ်၊ မီးကွင်းတွေ ကျော်ပြတယ်၊ မြင်းကို အောက်ကနေ ဖက်တွယ်ပြီး စီးပြတယ်။ ပရိတ်သတ်ထဲက ကလေး ၂ ယောက်ကိုခေါ်ပြီး ကြက်တွေကို မောင်းခိုင်းတယ်။ ဝက်ဖြူလေးတွေ အပြေးပြိ င်တာ တကယ့်အပြေးသမားတွေ ပြေးကြသလိုပဲ အောင်မလေး ရယ်လိုက်ရတာ။ ရှေးတုန်းက မြင်းတွေနဲ့ ခရီးသွားကြတဲ့ပုံတွေ၊ တောင်ဖက်အသင်းနဲ့မြောက်ဖက်အသင်း ယှဉ်ပြိုင်ကြတာတွေ အင်မတန်ကြည့်လို့ကောင်းတယ်။ ကိုယ်တို့အခြမ်းကတောင်၊ ဟိုဖက်ခြမ်းကမြောက်ဆိုပြီး မြင်းစီးပြိုင်၊ ကြမ်းပြင်ကို ခြေထောက်တွေနဲ့ခပ်ပြင်းပြင်းနင်း၊ အလံကို ဘယ်ဖက်အစွန်ဆုံးကနေ ညာဖက်အစွန်ဆုံးအထိ ဘယ်ဖက်က မြန်မြန်လွှဲနိုင်သလဲ ပြိုင်ကြတယ်။

 နောက်ဆုံးမှာတော့ မြောက်၊ တောင်ဆိုတာမရှိပါဘူး၊ အားလုံးက အမေရိကန်တွေပါဆိုပြီး အမေရိကန်အလံတွေကိုင်ပြီး ဒေါ်လီပတ်တန်ရဲ့ သီချင်းကို ပိတ်သားပြင်မှာ တင်ဆက်ပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ် ဂျိုးငှက်ကလေးက ပျံဝဲသွားတာ အင်မတန်ကောင်းတာပဲ။ ပွဲချိန် ၁ နာရီခွဲ တချက်ကလေးမှ ပျင်းစရာမကောင်းဘူး။ ဈေးကြီးပေမဲ့ ညစာ၊ တင်ဆက်တာ ကောင်းမွန်တော့ တန်ပါပေတယ်၊ ဒါကြောင့်လည်း နာမည်ကြီးပါပေတယ်။ အစားအသောက်တွေ မကုန်ရင်ထည့်ဖို့အိတ်ကလေးတွေ လိုက်ပေးတော့ ပြန်သယ်တယ်။ ကိုယ့်ဘေးက အမေရိကန်ဆယ်ကျော်သက်လေး ကြက်ကင်တကောင်လုံးကုန်လို့ အဖေတို့မှာ အံ့သြလို့။ အဖေနဲ့အမေ ဘိုစာတွေကို မကြိုက်ပေမဲ့ ဗိုက်ပြည့်အောင်တော့ ကြိုးစားပြီးစားကြတယ်။ ခရီးသွားရင် အဖေက လက်ကေ့အိတ်၊ ပစ္စည်းတွေ သိမ်းဆည်းတဲ့တာဝန်ယူတယ်။ ပစ္စည်းတွေ ကျန်ခဲ့တာ ဘယ်တော့မှမရှိဘူး အဖေက စည်းစနစ်ရှိတယ် အချိန်တိကျတယ်။ ဗာမွန်ပြည်နယ်မှာနေတဲ့ မိုင်းဖန် ဗီယက်နမ်ကလွဲပြီး ဘယ်မှခရီးမသွားဘူး။ သူ့ယောကျ်ား မိသားစု၊ အမျိုးတွေက အပြင်စာမစားနိုင် အိမ်မှာပဲချက်ပြုတ်စားတဲ့သူတွေ။ မိုင်းဖန်က သူ့သမီးမွေးနေ့ကိုတောင် မကျင်းပဘူး။ ကျင်းပရင် သူ့ယောကျ်ားဖက်က မိသားစု၊ အမျိုးတွေ စားကြသောက်ကြ၊ ချက်ကြပြ ုတ်ကြ၊ ဆေးကြကြောကြ ပင်ပန်းလို့တဲ့။ ဒါဆို ဗီယက်နမ်ဆိုင်က ဝယ်‌ကျွှေးလိုက်ပေါ့လို့ အကြံပေးတော့ သူတို့တွေက ဆိုင်ကဟာကို မစားနိုင်ဘူး အိမ်ထမင်းအိမ်ဟင်းမှတဲ့။  အပြင်စာမစားနိုင်လို့ ခရီးဘယ်တော့မှ မထွက်ဘူး ဗီယက်နမ်ဆိုရင်တော့ အမြဲတမ်း yes တဲ့။ ကိုယ် ခရီးသွားတဲ့ဓာတ်ပုံတွေတွေ့ရင် အားကျတယ်၊ ခရီးသွားဖို့ကြိုးစားပေမဲ့ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။ ဘိုစာတွေ မကြိုက်ပေမဲ့ ဖြစ်ညှစ်ပြီးစား ကိုယ်လိုက်ပို့တဲ့ခရီးတွေကို ဘယ်တော့မှမငြင်း ခရီးသွားဖို့အမြဲတက်ကြွနေတဲ့ ခရီးတွေသွားချင်တဲ့ စိတ်တူကိုယ်တူ မိဘတွေရထားတာ ကိုယ် တကယ်ကံကောင်းတယ်။ တတိယနေ့မှာတော့ Ruby Falls ၊ တန်နက်စီ ၊ ဂျော်ဂျီယာပြည်နယ် အစပ်နားမှာရှိတဲ့ Lookout တောင်ကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇန်နဝါရီ ၁၇၊ ၂၀၁၈။

ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလား - ၁


အဖေနဲ့အမေက စတိတ်မှာ အရှေ့ဖက်၊ အနောက်ဖက်ကမ်းခြေ နေရာတော်တော်များများကို လည်ပြီးပြီ။ ၂၀၁၇ ဇွန် ၁၀ အဖေနဲ့အမေ စတိတ်ကို လာလည်တဲ့အချိန် ကိုယ်က အလုပ်ပြုတ်လို့ ၄ လခွဲလောက် ထိုင်စားထားလို့ ဘိုင်ကျနေတဲ့အချိန်။ အဖေနဲ့အမေကို အရင်နှစ်တွေတုန်းကလို လိုက်ပို့နိုင်မှာတော့ မဟုတ်ဘူးနော်လို့ပြောတော့ လိုက်မပို့လည်းရပါတယ် နယူးယောက်ကို သွားလည်မှာပေါ့ နယူးယောက်မှာ လည်စရာတွေမှ အများကြီး။ ဂျူလှိုင် ၃ ရက်နေ့က တနင်္လာနေ့၊ ဂျူလှိုင် ၄ ရက်နေ့က အင်္ဂါနေ့ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ဆိုတော့ ၁ ရက်ခွင့်ယူလိုက်ရုံနဲ့ ရုံးပိတ်ရက် ၄ ရက်ရတော့ ခရီးတွေသွားကြတဲ့အချိန်။ probation ကာလက ၆ လ အလုပ်ဝင်တာ ၃ လပဲရှိသေးတော့ ခွင့်ယူလို့မရသေးဘူး။ စီအီးအိုက သဘောကောင်းစွာနဲ့ ဂျူလှိုင် ၃ ရက်ကို ရုံးပိတ်ရက်အဖြစ် ရုံးပိတ်ပေးလိုက်တော့ yayyyyy .... ခရီး ၄ ရက် သွားလို့ရပြီ။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်၊ ဘားဟာဘားဖက်ကို သွားရမလား၊ တန်နက်ဆီပြည်နယ်ဖက်ကို သွားရမလား။ ဝိုင်းက နင် မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်ကို ၂ ခေါက်တောင် ရောက်ပြီးပြီ။ တန်နက်ဆီပြည်နယ်ဖက်ကို သွားပါလားလို့အကြံပေးတာနဲ့ ဗာဂျီးနီးယား၊ တန်နက်ဆီသွား တောလားပို့စ်လေး ဖြစ်လာပါတယ်။ အိမ်ကနေ မိနစ် ၂၀ ရထားစီးပြီး ဝေါထရိတ်စင်တာ၊ ဝေါထရိတ်စင်တာကနေ တရုတ်တန်းကို ၂ ဘူတာထပ်စီး။ တရုတ်တန်းရောက်တော့ ဘယ်ဖက်သွားရမှန်းမသိ ဖြစ်နေတာနဲ့ google maps နဲ့ ရှာနေတုန်း တရုတ်လို့ထင်ရတဲ့ မြန်မာအန်ကယ်ကြီးက ညာဖက်ကိုသွား ဘဏ်ဘေးနားမှာ ဘတ်စ်ကားစုရပ်တဲ့။

နယူးဂျာစီပြည်နယ် အက်ဒီဆင်မြို့ကနေ စောင့်စီးတဲ့မခိုင်တို့က ကနေဒါကိုသွားမလို့ တရုတ်တန်းရောက်နေပြီ ဘတ်စ်ကားစောင့်နေတယ်တဲ့။ ဘတ်စ်ကားစောင့်နေတုန်း မြန်မာကောင်မလေး ၂ ယောက်၊ ကောင်လေး ၁ ယောက် ရောက်လာတယ် တန်နက်ဆီဖက်သွားမလို့တဲ့ တကားတည်းများ ကျမလားမသိ။ ခရီးတွေသွားကြမဲ့လူတွေနဲ့ ဒင်းကြမ်းပြည့် ကြိတ်ကြိတ်တိုး စည်ကားနေတယ်။ တိုးဂိုက်ဆီမှာ ချက်ကင်ဝင်တော့ မြန်မာလားလို့မေးတော့ အံ့သြသွားတယ်။ ဟမ် ... မြန်မာမှန်း ဘယ်လိုသိပါလိမ့် တိုးဂိုက်က အသက် ၄၅ နဲ့ ၅၀ ကြားလို့ ခန့်မှန်းတယ်။ ကိုယ်နဲ့ဆုံဖူးတဲ့တိုးဂိုက်တွေထဲမှာ ဒီတိုးဂိုက်က အသက်အကြီးဆုံးပဲ။ ခုံနံပါတ်၊ အုပ်စုနံပါတ်ရပြီးလို့ ဘတ်စ်ကားစောင့်နေတုန်း အမေက ဟိုမှာ မခိုင်တို့တဲ့။ မထင်မှတ်ဘဲ တွေ့လိုက်တော့ အံ့သြပြီး ဝမ်းသာအားရပြေးဖက် သူတို့လည်း ဘတ်စ်ကားဆီ သွားရမှာဆိုတော့ ခဏလေးပဲ တွေ့လိုက်ရတယ်။ ဟော်လန်တန်နယ်ကိုဖြတ်တော့  တိုးဂိုက်က နယူးယောက်ပြည်နယ်ရဲ့ nick name က ဘာလဲ အင်ပါယာ။ ဘာလို့ အင်ပါယာလို့ အမည်တွင်တာလဲ အဲ...အဲဒါတော့ မသိဘူး။ ကွင်းကောင်တီနဲ့ကင်းကောင်တီရှိလို့ အင်ပါယာလို့ အမည်တွင်တာတဲ့။ ကောင်တီ county ဆိုလို့ ပြောရဦးမယ် ကိုယ်စတိတ်ကိုရောက်ပြီး တစ်နှစ်ကျော်တဲ့အထိ ကောင်တီဆိုတာ ဘာမှန်းမသိသေးဘူး။ ကန်တက်ကီအလုပ်မှာတုန်းက အစည်းအဝေးမှာ စီအီးအိုက ဘာတွေလုပ်နေတယ်၊ ဘာတွေဆုံးရှုံးတယ်၊ ဘာတွေဆက်လုပ်မယ်ဆိုတာတွေ ရှင်းပြတယ်။ အစည်းအဝေးပြီးတော့ စီနီယာဝီလီယမ်ဂရင်းက အစည်းအဝေးမှာ ပြောတာတွေနားလည်လား ဘာမသိတာရှိလဲလို့မေးတော့ အကုန်လုံးနီးပါး နားလည်တယ်။

ဒါပေမဲ့ နားမလည်တာတစ်ခုရှိတယ် ဘရောင်းကောင်တီဆိုတာ ဘာမှန်းမသိဘူးဆိုတော့ ကွန်ပျူတာမှာ မြေပုံနဲ့ပြပြီး စတိတ်မှာ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ကန်တက်ကီပြည်နယ်မှာ ကောင်တီတွေနဲ့ ဖွဲ့စည်းထားတယ် ဘရောင်းကောင်တီဆိုတာ ဘယ်ဒေသကိုညွှန်းတယ်ဆိုတာ ရှင်းပြတယ်။ မြို့နယ်လို့ဆိုလိုတာလားလို့မေးတော့ မြို့နယ်ထက်ကြီးတယ် အမေရိကန်အကြောင်းသိချင်ရင် သတင်းတွေ နားထောင်ပေးတဲ့။ အဲဒီကတည်းက ကောင်တီဆိုတာကို သေသေချာချာ သိသွားတော့တယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ မိုင်းဖန်အိမ်မှာရှိနေတုန်း လေဆင်နှာမောင်းသတိပေးချက် siren သံမြည်လာတော့ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ရေဗူး၊ မုန့်ကို ကျောပိုးအိတ်ထဲထည့်။ နွေးနွေးထွေးထွေးဝတ်၊ အနွှေးထည်ဝတ်၊ ဘွတ်ဖိနပ်စီး၊ လေဆင်နှာမောင်းသတင်းကြည့်တော့ ဘယ်ကောင်တီမှာတော့ လေဆင်နှာမောင်းတိုက်နေပြီ။ အဲဒီကောင်တီမှာ နေတဲ့သူတွေ အမြန်ဆုံးမြေအောက်ထပ် ဆင်းပါလို့ ကြေငြာတော့ ကောင်တီဆိုတာ နားလည်နေပြီ။ နယူးဂျာဆီပြည်နယ်ကတော့ Garden State လို့ နာမည်ရတယ်။ နယူးဂျာဆီပြည်နယ်မှာ ဓာတ်ဆီဈေးပေါတယ် နယူးယောက်ဆိုရင် လစ်ဘာတီရုပ်တုရှိတဲ့နေရာလို့ ပြေးမြင်ကြပေမဲ့ လစ်ဘာတီရုပ်တုက နယူးဂျာဆီပြည်နယ်မှာရှိတာ။ လစ်ဘာတီကျွှန်းကို နယူးယောက်ဖက်ကလည်း သွားလို့ရတယ် နယူးဂျာဆီဖက်ကလည်း သွားလို့ရတယ်။  နယူးယောက်ဖက်က လက်မှတ်ဝယ်ဖို့ အခက်အခဲရှိရင် နယူးဂျာဆီဖက်ကနေ ဝယ်လို့ရတယ်။ တိုးဘတ်စ်ကားက ၃ ယောက်သွားရင် ၂ ယောက်ခပဲပေးရပြီး တတိယမြောက်လူက ဖရီး။


တိုးခမှာ ဘတ်စ်ကားခ၊ ဟိုတယ်ခပါဝင်ပြီး ဝင်လည်မဲ့နေရာတွေရဲ့ ဝင်ကြေး၊ တိုးဂိုက်၊ ဒရိုင်ဘာခက တနေ့ ၈ ကျပ်နဲ့ ၄ ရက်စာ ၃၂ ကျပ် ၃ ယောက်ဆိုတော့ ၉၆ ကျပ်၊ အစားအသောက်က ကိုယ့်ဘာသာပေးရတယ်။ တန်နက်ဆီပြည်နယ်က Dixie Stampede ဆိုတဲ့ရှိုးပွဲက တယောက် ၆၇ ကျပ်ဆိုတော့ ဈေးကြီးတယ် အဖေတို့ကလည်း အင်္ဂလိပ်လိုနားမလည်တော့ ပိုက်ဆံအလကားမှာဖြစ်မှာစိုးလို့ မကြည့်ဘူးလုပ်နေတာ တိုးဂိုက်က တန်နက်စီပြည်နယ်မှာ နာမည်အကြီးဆုံးရှိုးပွဲ။ နာမည်ကြီးကျေးလက်အဆိုတော် Dolly Porton နာမည်ယူထားတဲ့ပွဲဆိုတော့ မကောင်းမှာမပူနဲ့၊ အင်္ဂလိပ်စကားနားမလည်လဲ မပူနဲ့ ဒီမှာပါတဲ့တရုတ်ခရီးသည်တွေလည်း အင်္ဂလိပ်လိုကောင်းကောင်း နားလည်တာမဟုတ်ဘူး၊ သရုပ်ဖော်တင်ဆက်သွားတာ၊ အဲဒီမြို့မှာ အဲဒီပွဲမှမကြည့်ရင် ဘာမှလည်ပတ်စရာမရှိဘူး ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းတာနဲ့ ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဘူဖေး ၃ ခါစားမှာ ပါမလား အုပ်စုဒစ်စကောင့်နဲ့ဆိုတော့ သက်သာတယ် စားကောင်းတယ် အိုကေ။ ပထမဆုံးလည်ပတ်မဲ့နေရာ နယူးဂျာဆီ၊ ဖီလာဒဲဖီးယား၊ မေရီလန်းပြည်နယ်တွေကို ဖြတ်ကျော်ပြီး ၃၁၈ မိုင်ဝေးတဲ့ ဗာဂျီးနီးယားပြည်နယ် Page ကောင်တီ Luray မြို့က Luray Caverns ကျောက်ဂူကို ညနေစောင်းလောက်မှ ရောက်တယ်။ ၁၉၉၉  မှာ သာမညဆရာတော်ဖူးရင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်က ဆန္ဒန်ဂူထဲ ဝင်လည်ဖူးတယ်။ အထဲမှာမှောင်မည်းနေပြီး ဒီအချိန်ငလျင်လှုပ်ရင် ငါတော့သေပြီလို့တွေးကြောက်ပြီး ခဏလေးပဲဝင်ပြီး လှည့်ပြန်ဖူးတယ်။ ၂၀၀၃ ကျောင်းလေ့လာရေးခရီးစဉ် တောင်ကြီး၊ အင်းလေးဖက်သွားတုန်းက ပင်းတယဂူ ဝင်လည်ဖူးတယ်။

လူရေကရဗင်မှာ ပိတ်ရက်ဆိုတော့ စောင့်နေတဲ့လူတန်းကြီးက အရှည်ကြီး။ တိုးကားတွေစောင့်တဲ့အတန်းက သိပ်ကြာကြာမစောင့်ရဘူး။ တိုးဂိုက်က အချိန် ၂ နာရီပေးတယ်။ လူရေကရဗင်ကျောက်ဂူက ထူးဆန်းတယ် အံ့သြဆန်းကြယ်လှပတယ်။ ကျောက်ဆိုင်ကျောက်ထု တစ်လက်မတက်ဖို့ကို နှစ်သန်းပေါင်းများစွာ ကြာတယ်။ လက်နဲ့မထိမကိုင်ဖို့နောက်မျိုးဆက်သစ်တွေအတွက် အမွေထားရစ်ဖို့ မှာကြားတယ်။ မှောင်မည်းနေတော့ အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်ရင် ဖလပ်ရှပ်ဝင်နေလို့ ပုံထွက်မကောင်းဘူး။ ကင်မရာကြီးက ဒီနေရာမှာသာသွားပြီ အလင်းဝင်ဖို့ အချိန်ယူပြီး ပုံထွက်ကောင်းတယ်။ စီနီယာဒီနာ လူရေကရဗင်ကို  သွားလည်တဲ့ဓာတ်ပုံကို ဖေ့ဘွတ်မှာတွေ့တုန်းက ဒီလောက်လှမယ်လို့ မထင်မိဘူး။ ကိုယ်တိုင်ရောက်တော့မှ တကယ်လှ တကယ်ထူးဆန်း တကယ်အံ့သြဖို့ကောင်းတယ်။ ခရီးသွားရင်ရတဲ့ ခံစားမှုက အင်္ကီျအသစ်၊ ပစ္စည်းအသစ်ရတဲ့ ခံစားမှုနဲ့မတူဘူး။ ပိုက်ဆံတွေ အများကြီးမကုန်ဘဲ ဟိုတယ်အကောင်းစား မတည်းဘဲ အစားအသောက်ကောင်းတွေ  မစားဘဲ ဘတ်ဂျက်နဲ့ခရီးသွားလို့ရတယ်။ ခရီးသွားရာသီမဟုတ်တဲ့အချိန်  တိုးရစ်တွေ သိပ်မများတဲ့အချိန် လေယာဉ်ခတွေ ဈေးသက်သာတဲ့အချိန်မှာ လေယာဉ်လတ်မှတ်ကိုဘွတ်ကင်းလုပ် ဈေးသက်သာတဲ့ဟိုတယ်ရှာ ဘယ်ကိုသွားလည်မယ်ဆိုတာ ရှာဖွေတတ်ရင် ခရီးသွားလို့ရတယ်။ ကျန်းမာရေးကောင်း၊ ပုံမှန်ဝင်ငွေရှိ၊ ခရီးသွားဖော်ကောင်းကောင်း၊ ခရီးသွားချင်စိတ် ရှိဖို့ပဲလိုတယ်။ ဒုတိယနေ့ သွားလည်တဲ့ တန်နက်ဆီပြည်နယ်က ဂရိတ်စမုတ်ကီတောင်အကြောင်းကိုတော့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇန်နဝါရီ ၁၄၊ ၂၀၁၈။

ရေထဲကို အကြွေတပြားစေ့တွေ ပစ်ချပြီး ဆုတောင်းကြတယ်

ဝေးနေလျက်နှင့် နီးနေခြင်း ...

Lookout Mountain, Georgia state.

ပါးလျလျ မျက်ခုံးအောက်က ကြည်လင်အေးချမ်းတဲ့ မျက်ဝန်းဆီမှာ၊ ပါးချိုင့်နှစ်ခုပေါ်အောင် ပြုံးပြတတ်တဲ့ အပြုံးဆီမှာ၊ ကူညီဖေးမတတ်တဲ့ လက်တစုံဆီမှာ ခင်မင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်းများကို ခံစားသိရှိနိုင်သည်။ အလုပ်ရှာဖွေနေမှန်း သိလျှင်တော့ စိတ်ပူစွာဖြင့် သတင်းစကားမေးသော်ငြား အလုပ်ရပြီးသည်နှင့် မဆက်သွယ်ကြသူတွေ။ အီးမေးလ်၊ ဖေ့ဘွတ်၊ ဘိုင်ဘာ၊ ဖုန်းနံပါတ်တွေ ရှိကြသော်ငြား အင်တာနက်ခေတ်ကြီးတွင် အဆက်အသွယ်မရှိကြသူတွေ။ တစ်နှစ်မှ တစ်ခါလောက်သာ စကားပြောဆိုဖြစ်ကြသော်ငြား ပြောဆိုပြန်လျှင်လည်း ပြောစရာစကားတွေ မကုန်ခမ်းနိုင်တဲ့သူတွေ။ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပေမဲ့ ရည်းစားမရှိ၊ အိမ်ထောင်ပြုချင်တဲ့သူ မတွေ့သေးလို့ အခက်ကြုံနေကြသူတွေ။ နင် နေ့လည်ထမင်းစားပြီးချိန်ဆို ဝေါစတိလမ်းဖက် လမ်းလျှောက်ထွက်တယ်ဆို။ အဲဒီမှာ အမေရိကန်ကောင်လေး ချောချောလေးတွေ မတွေ့ဘူးလား။ ဟ ... တွေ့တာပေါ့ အများကြီး အဲဒါနဲ့ပဲ ရည်းစားရရောလား ဒီလောက်လွယ်သလား။ နင် ဘုန်းကြီးကျောင်းတွေ ဒီလောက်သွားနေတာ ကောင်လေးတွေ မတွေ့ဘူးလား။ ဘုန်းကြီးကျောင်းကို လာကြတာ အသက် ၆၀၊ ၇၀ အရွယ်တွေ ကောင်လေးတွေ ဘုန်းကြီးကျောင်း မလာဘူး။ အဲ့ဒီ အသက် ၇၀ ကျော်တွေမှာ အသက် ၃၀ ကျော်အရွယ် သားတွေ မရှိဘူးလား။ ဟေ ... ဘုန်းကြီးကျောင်းသွားတာ ယောကျ်ားရှာဖို့၊ ဆက်ဟပ်ကြဖို့ သွားတာမှ မဟုတ်တာ။ ယောက်ျားလိုချင်မှတော့ ဘုန်းကြီးကျောင်းမသွားဘဲ ဘားတို့၊ နိုက်ကလပ်တို့ သွားမှာပေါ့။ အသက် ၃၀ မှ ရည်းစားမရှိသေးရင် ရည်းစားရဖို့ခက်တယ် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ မိန်းမတွေက ပိုခက်တယ်ထင်တယ်။

crush တွေတော့ ရှိတာပေါ့ဟယ် နီးနေရက်နဲ့ ဝေးနေတဲ့သူတွေ။ နီးနေရက်နဲ့ ဝေးနေတာမျိုး၊ ဆုံနေလျက်နဲ့ လွမ်းနေတာမျိုး မဖြစ်ရအောင် အိုပါး ဆာရားငှဲ (အစ်ကို ချစ်တယ် ကိုရီးယားလို) လို့သွားပြောပေါ့။ သိပ်မြှောက်ပေးမနေနဲ့ ဒီက သိပ်လုပ်ချင်ရှာတာ မဟုတ်ဘူး ဟိုက ဘီယာနယ် (ဆောရီး ကိုရီးယားလို) ပြောမှ ဟုတ်ပေ့ဖြစ်နေဦးမယ်ဆိုပြီး တဟားဟားရယ်နေကြလေရဲ့။ နေပါဦး သူများကိုသာပြောနေ နင်ကျတော့ရော ဒီလောက်ငါးမျှားသွားနေတာ ငါးမျှားတဲ့ကောင်မလေးတွေ မတွေ့ဘူးလား။ နွေရာသီတုန်းက တွေ့သေးတယ် ဆောင်းတွင်းတော့ တယောက်မှမတွေ့ဘူး။ ခုရာသီက trout ဆိုတဲ့ငါးတွေ အင်မတန်ပေါတာ နင် trout ငါး သိလား။ ငါက ပင်လယ်နားမှာ ကြီးခဲ့တာ ငါးတွေကို အကုန်သိတယ် နာမည်နဲ့ငါးနဲ့ မတွဲမိလို့သာ။ ဝိုင်အိုမင်းပြည်နယ် Yellow Stone အမျိုးသားဥယျာဉ်မှာ ငါးတွေဖမ်းမိရင် အိမ်သယ်သွားခွင့် မရှိဘူး ငါးနဲ့ဓာတ်ပုံရိုက်လို့ရတယ် မြစ်ထဲပြန်လွှတ်ရတယ် မလွှတ်ရင် ဒဏ်ရိုက်တယ်။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်မှာလည်း လော့စတာတွေမိလို့ ၆ လက်မ မပြည့်ရင်၊ ဥတွေရှိနေရင် ပြန်လွှတ်ရတယ်။ ငါးတွေသေးနေရင်တော့ ပြန်လွှတ်တယ် ရေခဲအောက်မှာ ငါးမျှားတာ မြင်ဖူးလား တီဗွီမှာ မြင်ဖူးတယ်။ အိမ်ကို မိန်းမယူတော့မယ်လို့ ပြောလိုက်ပြီး အိမ်ကရှာပေးတဲ့မိန်းကလေးကို ယူလိုက်မယ်။ ငါတို့တွေ အသက် ၃၀ ကျော်အထိ တစ်ယောက်တည်းနေရတာကြာလို့ single life ကို enjoy နေကြတာထင်တယ်။ အယ်မလေး ... တကယ်ချစ်တဲ့သူ မတွေ့သေးလို့ချစ်တဲ့သူတွေ့လို့ အိမ်ထောင်ပြ ုချင်လာရင် မိဘတွေ သူငယ်ချင်းတွေက တားတာတောင် ရမှာမဟုတ်ဘူး။

သိကြားမင်းဆင်းတားတာတောင် ရမှာမဟုတ်ဘူး ဟား .... ဟား အမှန်ပဲ။ နင် ဆောင်းတွင်းရောက်တိုင်း ဂစ်တာတီးသင်ဖို့ ကြိုးစားတာ အောင်မြင်ပြီလား။ မအောင်မြင်သေးပါဘူးဟာ ကီး ၃ ခု ကျင့်ပြီးရင် ကီးတခုကနေ ကီးတခုကို အမြန်ပြောင်းနိုင်အောင် လေ့ကျင့်ရမဲ့ နေရာကနေ မတတ်နိုင်သေးဘူး။ ဟင်းချက်တာ တိုးတက်လာပြီလား တိုးတက်နေပြီ နင်လာရင် ချက်‌ကျွှေးမယ် ငါ့လက်ရာတွေ အစွမ်းပြမယ်။ အစွမ်းတော့ မပြပါနဲ့ဟယ် တရုတ်တန်းမှာ လိုက်ကွျှေးရင် ရပါပြီ။ စကားတွေ မပြောဖြစ်ပေမဲ့ ပြောပြန်ရင်လည်း သူငယ်ချင်းတွေ၊ မိတ်တွေတွေအကြောင်း၊ သွားချင်တဲ့ခရီးတွေ၊ စိတ်ကူးအိမ်မက်တွေအကြောင်းနဲ့ ပြောစရာတွေ အများအပြား။ အင်တာနက်သုံးကြပေမဲ့ စကားတွေမပြောဖြစ်၊ တခါတလေမှ စကားတွေပြောကြပေမဲ့ ပြောလိုက်ရင်လည်း စိတ်ထဲရင်းရင်းနှီးနှီး ခင်မင်နေဆဲဖြစ်နေတဲ့ သူငယ်ချင်းတွေရှိတယ်။ ကိုယ်နေတဲ့မြို့ကိုရောက်ခဲ့ရင် တွေ့ရအောင်လို့ပြောပေမဲ့ ဘယ်တော့မှ မတွေ့ဖြစ်သူတွေ၊ ကိုယ်သွားမှတွေ့လို့ရမဲ့သူတွေ၊ ကိုယ်ကလည်း သူတို့ရှိရာမသွားဖြစ်တော့ မဆုံဖြစ်သူတွေ၊ မိုင်ပေါင်းရာထောင်ချီဝေးပေမဲ့ စကားပြောလိုက်တိုင်း စိတ်ထဲခင်မင်နေဆဲ ရင်ဘတ်ချင်းနီးနေဆဲလို့ ခံစားမိသူတွေ၊ ကိုယ်နဲ့ ဝေးနေလျက်နဲ့နီးနေသူတွေ။

စန်းထွန်း
ဇန်နဝါရီ ၁၀၊ ၂၀၁၈။

ထူးဆန်းသော တံခါးခေါက်သံ ...

၂၀၁၃ နိုဝင်ဘာလလယ် နယူးယောက်အလုပ် အော်ဖာကိုလက်ခံပြီး ၂ ပတ်အတွင်း နယူးယောက်ကိုပြောင်းတော့ အသိအစ်မက ကွင်းဖက်မှာ အိမ်ခန်းရှာပေးထားတယ်။ အိမ်ရှင်တွေက သဘောကောင်းပေမဲ့ အိမ်ရှင်သမီး ဆယ်ကျော်သက်မလေးက ညဉ့်နက်သန်းခေါင်အထိ ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်တော့ အိပ်လို့မရ။ မြို့အသစ်၊ အိမ်အသစ်၊ လူအသစ်၊ အလုပ်အသစ်ဆိုတော့  တအားပင်ပန်းတယ်။ အိပ်ရေးမဝတော့ ခေါင်းကိုက်တယ် ခေါင်းကိုက်တော့ အလုပ်ထဲမှာ အနှောင့်အယှက်ဖြစ်တယ်။ ၂ လနဲ့ ဂျပန်အိမ်ကိုပြောင်း ဂျပန်အိမ်မှာ ၂ နှစ်ကျော်နေခဲ့တယ်။ ကျန်းမာရေးတအားဆိုးလာတော့ မြန်မာအိမ်ကိုထပ်ပြောင်း အဲ့ဒီအိမ်မှာ ၄ လနေခဲ့တယ်။ အိမ်ရှင်လင်မယား၊ သမီး ၂ ယောက်ကတခန်း၊ ကိုယ်ကတခန်း။ ကျန်တာအဆင်ပြေပေမဲ့ ရေချိုးခန်းအိမ်သာ အဆင်မပြေတော့ ကျန်းမာလာရင် ပြောင်းမယ်လို့ စဉ်းစားထားတာ မကြီးရောက်လာတော့ အိမ်ရှင်က ပိုက်ဆံ ၃၀၀ ထပ်ပေးရင် မကြီး ကိုယ့်အခန်းထဲမှာ ဆက်နေလို့ရတယ်လို့ပြောပေမဲ့ ကိုယ်က ပြောင်းချင်နေတာဆိုတော့ အေးဂျင့်နဲ့ချိတ်ပြီး အိမ်ခန်းတွေလိုက်ကြည့်တယ်။ ကွင်းဖက်မှာ အာရှသားများတော့ တယောက်အိပ်ခန်းကို ၁၃၀၀ ကနေ ၁၅၀၀ ကြား၊ ၂ ယောက်အိပ်ခန်းဆို ၁၆၀၀ - ၁၈၀၀ ကြားရှိတယ်။ ဂရင်းကဒ်ရ ပီအေရုံးမှာ အမြဲတမ်းဝန်ထမ်းဖြစ်သွားတဲ့ တရုတ်မယန်းက ကွန်ဒိုတိုက်ခန်းဝယ်လိုက်တော့ သူ ၅ နှစ်နေခဲ့တဲ့တိုက်ခန်းကို ဆက်ယူမလားမေးတယ်။ သွားကြည့်တော့ ကြိုက်တာနဲ့ နယူးဂျာစီပြည်နယ်ကို ပြောင်းလာတာ ခုဆို ၁ နှစ်ခွဲရှိပြီ။ ယန်းက မွေ့ယာ၊ ကုလားထိုင်ဆိုဖာ၊ စာကြည့်စားပွဲ၊ စာအုပ်စင်၊ မိုက်ခရိုဝေ့စ်၊ ဘလန်ဒါ၊ slow cooker၊ အကင်စက်၊ အဝတ်လျှော်စက်၊ ဖိနပ်စင်၊ ဘီဘီကျူအိုးတွေကို ၂၅၀ နဲ့ ပုတ်ပြတ်ရောင်းသွားတယ်။

Thanksgiving ဈေးချတုန်း တီဗွီအကြီး၊ ပရင့်တာဝယ်။ အပင်စိုက်တာ ဝါသနာပါတော့ အပင်တွေစိုက်။ အိမ်က ၃ ထပ်အိမ် ကိုယ်ကအောက်ထပ်၊ ဒုတိယထပ်မှာ တရုတ် ၃ ယောက်၊ တတိယထပ်မှာ တရုတ် ၄ ယောက်နေတယ်။ အိမ်ဘေးမှာ နောက်ဖေးခြံကိုသွားဖို့ လမ်းကြားလေးတွေရှိတယ်။ အိမ်ရှေ့ကနေဝင်ရင် အောက်ထပ်ကို နည်းနည်းဆင်း ဘွိုင်လာအိုးတွေထားတဲ့အခန်းကို ကျော်ပြီးမှ ကိုယ့်အခန်းကိုရောက်တယ်။ အဆင်းလမ်းမှာ ပစ္စည်းတွေရှိပြီး နည်းနည်းမှောင် မွန်းကျပ်သလို ခံစားရလို့ အရှေ့တံခါးကို သုံးလေ့မရှိဘူး။ နောက်တံခါးကို သုံးလေ့ရှိတယ် ကိုယ့်အိပ်ခန်းက နောက်တံခါးနဲ့ ကပ်နေတာကိုး။ အဲ့ဒီဒေသက ပေါ်တူဂီ၊ အိုင်းရစ်များပြီး ခုမက်ဆီကန်နည်းနည်း များလာတယ်။ Newark နဲ့နီးလို့ safe မဖြစ်ဘူးထင်ပေမဲ့ ရထားဘူတာကနေ မြို့ထဲအထိ  safe ဖြစ်တယ် အိမ်က safe ဖြစ်တဲ့ဇုန်ထဲပါတယ်။ တရုတ်ဆိုင်သေးသေးလေး တခုပဲရှိတော့ အစားအသောက် သိပ်အဆင်မပြေဘူး။ အမေရိကန်အစားအစာတွေကို မစားနိုင်တော့ မချက်ရင် ငတ်ပြီ။ ကွင်းမှာဆို အာရှအစားအသောက် အရမ်းပေါတော့ ချက်ပြုတ်စရာ မလိုဘူး။ ဒီရောက်မှ မဖြစ်မနေချက်ပြုတ်ရတော့ ဟင်းချက်တာ နည်းနည်းတိုးတက်လာတယ် (ကိုယ့်ဘာသာထင်တာ)။ ဝေါထရိတ်စင်တာကို မိနစ် ၂၀၊ midtown ၃၄ လမ်းကို ၄၅ မိနစ်ဆိုတော့ ကိုယ့်ရုံးကို မိနစ် ၅၀ အတွင်းရောက်တယ်။ ဒီတော့ သွားရေးလာရေး လွယ်ကူပေမဲ့ အစားအသောက် နည်းနည်းအခက်အခဲရှိတယ်။ မကြီးပြန်သွားတော့ တစ်ယောက်တည်းနေရတာ ကြောက်လားလို့ ဆူနမ်က မေးဖူးတယ်။ ဟင့်အင်း ... ကိုယ်က အကြောက်အလန့်နည်းတဲ့သူ။

ဒီဇင်ဘာ ၁၃ ပထမဆုံးနှင်းတွေကျတဲ့နေ့ မနက် ၃ နာရီခွဲ
ဘမ်း....ဘမ်း...ဘမ်း (နောက်ဖက်တံခါးကို ခပ်ပြင်းပြင်းထုသံ)
အိပ်မောကျနေရာကနေ လန့်နိုးသွားပြီး ဘုရားရေ ... ဘာသံပါလိမ့်...ကြောင်တွေ ရန်ဖြစ်ကြတာလား...
Pleaseeee helppppp meeeee. I ammmmm soooo hungryyyyyy. Soooo colddddd.....
အသံက ရှည်ရှည်လျားလျား ဆွဲဆွဲငင်ငင် မပြီမပြင် တဆက်တည်းအသံ ကြောင်အော်သံများလား ...

နောက်ထပ် အသေအချာ နားထောင်ကြည့်လိုက်တော့ မိန်းမတစ်ယောက်အသံ ဘုရားရေ ... ကျယ်လိုက်တာ ကိုယ့်ဘေးနား ကပ်အော်နေသလိုပဲ။ အိပ်ယာကနေ ဆတ်ခနဲထ ဖုန်းကိုယူ အခန်းတံခါးကို အသာလေးဖွင့် ခြေဖျားထောက်ကာ အိပ်ခန်းဘေးမှာရှိတဲ့ တံခါးနားသွားရပ်နေလိုက်တယ်။ တံခါးဖုနား အဆင်သင့်လက်ရွယ်ထားလိုက်ပြီး တံခါးအတင်းတွန်းဖွင့်ခဲ့ရင် ကိုယ့်ခွန်အားနဲ့ အထဲကနေ တွန်းခံထားရင် တံခါးပွင့်မှာမဟုတ်ဘူး။ ခရေဇီမိန်းမကြီးနဲ့ ကိုယ်နဲ့ကြားမှာ တံခါးလေးပဲခြားတယ်။ အပြင်ကနေ အော်နေသံကို အတိုင်းသားကြားရတယ်။ ကျယ်ကျယ်လောင်လောင် ဆွဲဆွဲငင်ငင် ငိုကြီးချက်မနဲ့ စိတ်ခြောက်ခြားစရာ။ နောက် ၃ မိနစ်လောက် ဆက်အော်နေရင်တော့ ၉၁၁ ခေါ်မယ်။ ၂ မိနစ်လောက်အကြာမှာ အော်ဟစ်မြည်တမ်းရင်း ခေါင်းရင်းဖက်ကနေ ပြန်ထွက်သွားတယ်။ မနက်မိုးလင်းတဲ့အထိ တရေးမှအိပ်လို့မရတော့ဘူး အဲဒီတုန်းကသာ မကြောက်သာ ပြီးမှတွေးကြောက်နေတော့တာ။ ဘေးအိမ်တွေမှာလည်း နောက်ဖေးတံခါးရှိရဲ့သားနဲ့ ဘာလို့ကိုယ့်အိမ်ကိုမှ တံခါးလာခေါက်တာလဲ မနက် ၃ နာရီခွဲအချိန်။ အဲဒီလိုတောင်းတော့ တံခါးဖွင့်ပေးမှာလား နောက်ဖက်ခြံထဲကို ဝင်လာတာကိုက ပိုင်နက်နယ်မြေ ကျူးကျော်မှုနဲ့ ရဲတိုင်လို့ရတယ်။ တရုတ်မယန်းနဲ့ ဝိုင်းကို မတ်ဆေ့ပို့တော့ သူတို့က အယ်မလေး ကြောက်စရာကြီး။ တရုတ်မယန်းက ဒီနေရာက safe မဖြစ်တော့ဘူး သူ့အိမ်နီးနားချင်းရဲ့ကားတွေ အခွဲခံရတယ်။  သူ့ package delivery တွေလည်း ဖောက်ထားတာတွေ့တယ်။ ဒါတောင် သူနေတာ ကွန်ဒိုတိုက်ခန်းအသစ်။

နယူးဂျာစီအိမ် ညာဖက်ဘေးလမ်းကနေ နောက်ဖက်တံခါးဆီ သွားရတယ်၊ရှေ့မှာ ကားဂိုဒေါင်၊
ဘွိုင်လာခန်းကို ကျော်ပြီးမှ ကိုယ့်အခန်းရောက်တယ်၊ နောက်ဖေးတံခါးကဝင်ရင် ပိုနီးတယ်။
မကြီးကို ပြောပြတော့ မိန်းမအသံနဲ့ အိမ်ခြေမဲ့ယောကျာ်းဖြစ်မယ် နင် တယောက်တည်းနေတာ နောက်ဖက်တံခါးကိုသုံးတာကို သိလို့။ နင့်ကို စောင့်ကြည့်နေတဲ့သူ ရှိလိမ့်မယ် သတိထားနေ ဆောင်းရာသီ ညနေ ၄ နာရီခွဲဆို မှောင်နေပြီ နောက်ဖက်တံခါးကို မသုံးနဲ့တော့ အိမ်ရှေ့တံခါးကဝင်။ မှောင်နေတော့ နောက်ဖက်မှာ စောင့်နေရင် ဘယ်လိုမှသိမှာမဟုတ်ဘူး အန္တရာယ်ရှိတယ်။ ရှိတဲ့အလေးပစ္စည်းတွေနဲ့ နောက်ဖက်တံခါးကိုပိတ်ထား။ ကိုယ့်မှာကြီးကြီးမားမား ရှိတာဆိုလို့ လက်ကေ့အိတ်တွေပဲရှိတယ်။ လက်ကေ့အိတ်တွေနဲ့ နောက်ဖက်တံခါးကို ပိတ်လိုက်တယ်။ ချစ်အစ်မကြီးမခိုင် အကြံပေးလို့ အရမ်းလေးတဲ့ ဧည့်ခန်းထိုင်ခုံနဲ့ ပိတ်ထားလိုက်တယ်။ တရုတ်မယန်းကို အဲ့ဒီဓာတ်ပုံပို့တော့ နင် အရမ်းကြောက်နေရင် ပြောင်းလေတဲ့။ ဆောင်းတွင်းကြီး အိမ်ပြောင်းရတာ ပင်ပန်းတယ် ခုတော့ safe ဖြစ်ပါတယ် နောက်ထပ်ဖြစ်ရင်တော့ ပြောင်းမယ်။ အိမ်ရှင်ကို မတ်ဆေ့ပို့တော့ နောက်နေ့ညနေမှ ဖုန်းနဲ့လှမ်းမေးတယ်။ လူသံဆိုတာ သေချာရဲ့လား ငါလည်း အစက ကြောင်အော်သံလားလို့ လူသံမှလူသံစစ်စစ်။ နောက်ဖက်အိမ်တွေက ပါတီလုပ်တာများလား (come on .... မနက် ၃ နာရီခွဲ နှင်းကျနေတဲ့အချိန် ဘယ်သူကပါတီလုပ်မှာလဲ) ပါတီမဟုတ်တာ သိပ်သေချာတယ်။ နောက်ဖက်တံခါးကို လုံးဝမသုံးနဲ့ ရှေ့ဖက်တံခါးကိုပဲသုံး ဘယ်သူလာလာ တံခါးလုံးဝမဖွင့်ပေးနဲ့။ နောက်ဖေးမီးကို တညလုံးဖွင့်ထားရင် မီတာအရမ်းတက်မယ် လူလာရင် အလိုလို မီးလင်းတဲ့ sensor မီးလုံးတပ်ဖို့ လုပ်ပေးမယ်။ ဟွန်း ... ဘယ်တော့များမှ တပ်ပေးမလဲမသိ ကိုယ် အိမ်ပြောင်းတော့မှ တပ်ပေးမယ်ထင်ပါ့။

ဝိုင်းကို ပြောပြတော့ နင့်အိမ်ရှင်ကတော့ တကတည်းမှပဲ သတိဝီရိယနဲ့နေ အိမ်ပြန်ရင် ဘယ်ကိုမှမကြည့်ဘဲ မနေနဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်။ ကိုယ့်နောက်က ဘယ်သူလိုက်လာတယ် ဘယ်နားမှာလူရှိတယ်ဆိုတာ သတိထား။ တခါတလေ အဲဒီမိန်းမအသံကြီးကို ကြားယောင်ပြီး လန့်နေတတ်တယ်။ ဘယ်တော့များ နောက်ဖေးတံခါးကို လာခေါက်မလဲ ညကြီးအချိန်မတော် စိတ်နှလုံးတုန်လှုပ်ခြောက်ခြားဖွယ် အသံကြီးကိုကြားရမလဲ။ ဇန်နဝါရီ ၁ ရက် ၁၀ ရက် တရားစခန်းက ပြန်ရောက်လို့ အိမ်ကိုကြည့်လိုက်တော့ ခြေရာလက်ရာမပျက်။ အိမ်မှာလည်း Canon 7D ကင်မရာ၊ Macbook ကွန်ပျူတာကလွဲရင် ဘာမှတန်ဖိုးကြီးပစ္စည်း မရှိပါဘူး။ အရေးကြီးတဲ့ ပတ်စပို့၊ SSN ကဒ်၊ ဂျီစီကဒ်၊ ဘဏ်ချက်စာအုပ်တွေကို တရားစခန်းဆီ သယ်သွားတယ်။ ည ၇ နာရီခွဲလောက် နောက်ဖေးတံခါးကို ဖွဖွလေးလာခေါက်နေသလို စိတ်ထဲထင်လို့ နောက်ဖေးတံခါးကို လှည့်လှည့်ကြည့်နေတာ။ တံခါးများ တဖြည်းဖြည်းပွင့်လာပြီး ခရေဇီမိန်းမကြီးကို တွေ့ရမလား။ နားကိုအသားကုန်စွင့်ပြီး သတိဝီရိယရှိနေတာ ဧည့်ခန်းကပြတင်းပေါက်ကို ဒေါက်... ဒေါက်လို့ ခေါက်သံကြားတော့ လန့်ဖျန့်သွားတယ်။ ပိန်းပန်းပင်၊ snake plant ပန်းအိုး ၂ အိုးကြားက မျက်နှာဖြ ူဖြ ူကို မြင်လိုက်ရတော့ ဟယ် ဒီမိန်းမကြီး အတင့်ရဲလိုက်တာ ည ၇ နာရီခွဲပဲ ရှိသေးတယ်။ ကြောက်မနေနဲ့ ကိုယ်ကအထဲမှာ သူဘာလုပ်လို့ရမှာလဲ ဘယ်သူလဲဆိုတာ အသေအချာကြည့်ထားမယ် ရဲကိုပြောပြလို့ရအောင်။ ရှေ့ဖက်တံခါးကိုလာဖို့ အမူအယာလုပ်ပြနေတော့ အိမ်ရှေ့တံခါးဆီသွား တံခါးမဖွင့်ပေးသေးဘဲ ရပ်နေတုန်း သူကတံခါးဖွင့်ဝင်လာတယ်။ အပေါ်ထပ်က ကက်သရင်းဟူတဲ့ သြော် ကိုယ့်အိပ်ခန်းအပေါ်ထပ်မှာနေတဲ့တယောက်။

ခြေသံပြင်းလို့ အိမ်ရှင်ကိုပြောပြတော့ ကက်သရင်းဟူနေတာတဲ့ ကိုယ်က ခြေသံပြင်းလွန်းလို့ ယောကျ်ားလေးထင်နေတာ။ တံခါးမကြီးကနေ အိပ်ခန်းဆီလမ်းလျှောက်လာတဲ့အသံ ကြားရပြီဆိုရင် သူ အိမ်ပြန်ရောက်ပြီမှန်း ကိုယ်သိတယ်။ ပထမထပ်ကလူတွေ ဂိမ်းကစားကြလို့ အင်တာနက်က မကောင်းဘူး ကိုယ့်အင်တာနက်ကို ရှယ်လို့ရမလားတဲ့။ မနှစ်က ကက်သရင်းဟူ၊ အမ်မာတို့ ဒုတိယထပ်ကို ပြောင်းလာတုန်းက ကိုယ့်အင်တာနက်ကို ရှယ်သုံးမလို့ လာတောင်းဖူးတယ်။ တလ တယောက် ၁၀၊ ၄ ယောက်ဆိုတော့ ၄၀ နဲ့ အင်တာနက် ရှယ်ပေးဖူးတယ်။ အင်တာနက် ၁၀နဲ့ ရှယ်မယ်ဆိုလို့ ဝမ်းသားအားရဖြစ်။ မေးရဦးမယ် ဒီဇင်ဘာ ၁၃ ရက် ပထမဆုံးနှင်းကျတဲ့နေ့ မနက် ၃ နာရီခွဲ ခရေဇီမိန်းမတယောက် ကိုယ့်နောက်ဖေးတံခါးကို လာခေါက်ပြီး အစားအစာတောင်းတယ်။ တော်တော့်ကို ကျယ်ကျယ်လောင်လောင် အသံနဲ့ နင် ကြားမိသလား။ ဟယ် ... လန့်စရာကြီး ဒီဇင်ဘာတလလုံး ဗာဂျီးနီးယားပြည်နယ်မှာ ကျောင်းတက်နေတာ သူ့ဖုန်းက ကယ်လီဖိုးနီးယားဖုန်း။ ငါ အရင်တုန်းက ဝါရှင်တန်ဒီစီမှာ အလုပ်လုပ်ပြီး မေရီလန်းမှာနေခဲ့တာ ငါ့ဖုန်းက မေရီလန်းကုတ်နံပါတ်။ သူ့ကျောင်းက Fairfax မှာ သိတာပေါ့ ကိုယ့်လုပ်ဖော်ကိုင်ဖက် တရုတ်မကလဲယားကွမ်းက Falls church ၊ ရာမားက Sterling ၊ Tyson နားမှာနေတာ။ ကိုယ်နေခဲ့တာ မေရီလန်း Rockville နားမှာ မေရီးလန်း၊ ဗာဂျီးနီးယား၊ ဒီစီဆိုတာ ဆက်နေတာပဲ။ သူ့အခန်းဖော်ကို ဒုတိယထပ်ကောင်လေးက ညဉ့်နက်သန်းခေါင် မိန်းမတယောက်အော်သံကြားတယ် အဲဒီမိန်းမက ခရေဇီ ၂ အိမ်၊ ၃ အိမ်ကျော်ကတဲ့။ ငါ့မှာ  အထိတ်တလန့်ဖြစ်လို့ နောက်ဖေးတံခါးကို ဆိုဖာကုလားထိုင်နဲ့ ပိတ်ထားတယ် ဒီမှာကြည့်။

ဒီလို ပိတ်ထားတယ် ဝင်လာရင် ဖုန်သုတ်တံတုတ်နဲ့ရိုက်မလို့

ပြတင်းပေါက်တံခါးခေါက်သံနဲ့အတူ နင့်မျက်နှာကြီး ဘွားကနဲပေါ်လာတော့ ငါ့မှာလန့်လိုက်တာ ခရေဇီမိန်းမကြီး လာပြန်ပြီလားလို့။ နင် သိပ်မကြောက်နဲ့နော် ငါတို့တွေရှိတယ် တခုခုဆို ဖုန်းဆက်လိုက် ငါတို့အားလုံးအတူတူသွားပြီး ရဲတိုင်ကြမယ်။ (ဟမ် .... ဘယ်နှယ့်အတူတူသွားပြီး ရဲတိုင်ရမှာလဲ ရဲတိုင်ချင်မှတော့ ၉၁၁၊ မြို့ရဲကို ဖုန်းဆက်လိုက်ရင် ၅ မိနစ်အတွင်းရောက်လာမှာကို) ခုလိုအားပေးစကားပြောတာ ကျေးဇူးတင်ပါတယ် ကိုယ့်ကိုကူညီမဲ့သူတွေရှိတယ်ဆိုတော့ မကြောက်တော့ဘူး တခုခုဆို အပေါ်ထပ်ကို ပြေးလာခဲ့မယ်။ တရားစခန်းမှာသိတဲ့ ဒေါက်တာအစ်မက သတင်းပေးလို့ ကွင်းဖက်မှာ လုံးခြင်းအိမ်အောက်ဖက် ကားဂိုဒေါင်ကို ပြင်ထားတဲ့ studio အခန်းကို သွားကြည့်တယ်။ အခန်းက ကျဉ်းကျဉ်းလေး အိပ်ခန်း၊ မီးဖိုချောင်၊ bath tub မဟုတ် ရေပန်းနဲ့ချိုးတဲ့ဟာ ၄၀၀ - ၄၅၀ square foot လောက်ပဲကျယ်တယ်။ အပေါ်ထပ်မှာ ဘယ်သူမှမနေဘူး ဘူတာရုံနဲ့ ၁၅ မိနစ် ကိုယ်အရင်နေခဲ့ဖူးတဲ့နေရာနားမှာ အစားအသောက်ပေါတယ်။ မကြီးသူငယ်ချင်းအစ်မတွေနဲ့ နီးတယ်။ ရုံးကို ရထား ၁ နာရီ လမ်းလျှောက်တာ နာရီဝက် ၁ နာရီခွဲ အချိန်ပေးရတယ်။ commute time ၁ နာရီ၊ ၁ နာရီခွဲဆိုတာ ကြာတယ်လို့မဆိုနိုင်ဘူး။ ဈေးလည်းသက်သာတယ် တယောက်တည်း သူများနဲ့ရှယ်နေစရာမလို။ အမေက ကျဉ်းလည်းကိစ္စမရှိဘူး အဲ့ဒီနေရာက safe ဖြစ်တယ် နေထိုင်မကောင်းရင် အသိအစ်မတွေနဲ့ ၁၀ မိနစ်ပဲဝေးတော့ လာကြည့်ပေးနိုင်တယ်။ သူများတွေနဲ့ ရှယ်နေတုန်းကလည်း ကိုယ့်အိပ်ခန်းထဲမှာပဲ နေတာပါပဲ ဧည့်ခန်းမှာတောင် မထိုင်ဖြစ်ဘူး တခါတလေမှ။ ဝိုင်းကိုပြောပြတော့ နင် mediumlism ကနေ minimalism ဖြစ်ရတော့မယ် ကောင်းတယ်ဟေ့။

ဝိုင်းက မန်ဟက်တန် တယောက်အိပ်ခန်းရဲ့ဧည့်ခန်းမှာ အခန်းဖွဲ့နေတဲ့သူ တလ ၁၂၀၀ ပေးရတယ်။ သူ့ရုံးနဲ့ လမ်းလျှောက်ရင် ၁၀ မိနစ်၊  gym ၊ broadway ပြဇာတ်တွေနဲ့ နီးနီးနားနား နေချင်သူ၊ သွားရေးလာရေးအတွက် အချိန်ကုန်မခံချင်သူ၊ အိမ်မှာမနေဘဲ ခရီးအမြဲထွက်ရသူ၊ အိမ်မှာနေလည်း အိမ်မကပ်သူ။ ကိုယ်က မီးဖိုချောင်ကျယ်ကျယ်၊ စာကြည့်ခန်း၊ ဝရန်တာ၊ စိုက်ပျိုးဖို့မြေလေးပါတဲ့အိမ်၊ ဆိတ်ငြိမ်တဲ့ရပ်ကွက်၊ ပန်းခြံ၊ trail လမ်းတွေ လမ်းလျှောက်ထွက်ချင်သူ။ ဗာဂျီနီးယားမှာ ရာမားရဲ့ town house အိမ်လေးက သိပ်လှတာပဲ။ New Year Sale တွေနဲ့ ဝယ်ချင်နေတာတွေကို ဘရိတ်အုပ်ထားရတယ် ထားစရာနေရာမရှိတော့မှာမို့လို့။ စတိတ်ရောက်ကတည်းက ပြောင်းလိုက်ရတဲ့ပြည်နယ်၊ ပြောင်းလိုက်ရတဲ့အိမ်ဆိုတာ ခုတော့ ဘယ်ကိုပြောင်းရမလဲ လာထားပဲ။ နေရာကျဉ်းကျဉ်းလေးမှာ minimalism ဖြစ်အောင် ကြိုးစားရဦးမယ်။ ထူးဆန်းသော တံခါးခေါက်သံကြောင့် ဖေဖေါ်ဝါရီလကုန်မှာ ကွင်းဖက်ကို ပြောင်းရပြန်ဦးမယ်။

စန်းထွန်း
ဇန်နဝါရီ ၇၊ ၂၀၁၈။

ဘာမှတ်နေလဲ ...

စတိတ်ကို စရောက်တာနဲ့ ကျောင်းမှာ ပထမဆုံး သင်ရတဲ့ဘာသာက အမေရိကန်ယဉ်ကျေးမှုသင်ခန်းစာ။ စတိတ်မှာ အသက်၊ အိမ်ထောင်ရှိမရှိ၊ လစာမေးတာ အင်မတန်ရိုင်းပါသတဲ့။ ကန်တက်ကီ၊ ဝါရှင်တန်ဒီစီ၊ နယူးယောက် ပြည်နယ်တွေပြောင်းပြီး အလုပ်လုပ်လာတာ ၆ နှစ်ရှိပြီ။ ကန်တက်ကီအလုပ်တုန်းက Microsoft .Net migration လုပ်တာတွေ ဆက်လုပ်နေလို့ ဆူပါဗိုက်ဆာ ဂျရတ်က ကွန်ပျူတာမှာ ဖွင့်ထားတဲ့ application ကို ပိတ်လိုက်လို့ စိတ်ဆိုးတာများ မန်နေဂျာကို သွားတိုင်တဲ့အထိ။ အင်ဂျင်နီယာဌာနမှာ စီနီယာကြီးဖြစ်တဲ့ တရုတ်ပီတာကို ပြောပြတော့ ဂျရတ်လုပ်တာ ရိုင်းတယ်တဲ့။ နယူးယောက်တရုတ်ကုမ္ဗဏီသူဋ္ဌေးက အလုပ်လုပ်တာ မကောင်းလို့ ပီအေရုံးက မခေါ်တာလို့ ပြောတုန်းက စိတ်ဆိုးလိုက်တာ။ ဂရင်းကဒ်လျှောက်နေတုန်းမို့ ပြန်ပြောလို့မဖြစ် အံကြိတ်နေရတယ် ခံပြင်းလိုက်တာ။ ခု ဒီရုံးမှာ လုပ်လာတာ ၆ လလောက်ရှိပြီ အားလုံးအဆင်ပြေတယ်လို့ ထင်နေတာ။ ဖြစ်ရပုံက အိုင်တီဌာနရဲ့ Network Engineer က ဂျမေကာအမည်း လူကအသက် ၃၀ တောင်ပြည့်ပုံ မရဘူး ပေါင် ၂၀၀၊ ၇ နှစ်အရွှယ် ကလေးတယောက်အဖေ။ ကိုယ့်နေရာနားက ဖြတ်သွားတိုင်း စန်းစန်းလို့ ခေါ်တယ်။ နဂါးမောက်သီးစားတာတွေ့တာ ဘာတွေစားလဲ၊ ဖန်ပုလင်းထဲက စားနေတာဘာလဲ၊ ဂျမေကာမှာ စန်းစန်းကမ်းခြေရှိတယ်ဆိုပြီး စန်းစန်းကမ်းခြေလို့ ခေါ်တတ်တယ်။ ကိုယ် ဖုန်းကြည့်နေရင် boyfriend ဟဟ ဆိုပြီး စတယ်။ ကိုယ်က ခင်တဲ့သူတွေနဲ့ဆိုရင် စကားတွေ နားညည်းအောင်ပြောပေမဲ့ ကိုယ်မခင်တဲ့သူဆိုရင် မေးထူးခေါ်ပြော ဖာသိဖာသာ ခပ်တည်တည် နေတာ။

လှလှပပ ဝတ်စားထားရင် boyfriend နဲ့ ဒိတ်ရှိတယ်ထင်တယ်လို့ စတတ်တယ်။ ကိုယ် ဘာမှပြန်မပြောပေမဲ့ မနှစ်မြို့တဲ့အမူအယာကို တွေ့မှာပါ။ ကိုယ့်အလုပ်နေရာနား ပစ္စည်းတွေလာထားရင်း သောကြာနေ့ဆိုတော့ ပါတီတက်မှာလား ကလေးရှိလား ရည်းစားရှိလား မရှိဘူး။ ဒါဆို နင်က သိပ်ရွေးလွန်းလို့ဖြစ်မှာပေါ့ ငါ single life ကို enjoy နေတာ ငါ သင့်တော်တဲ့သူ မတွေ့သေးဘူး။ လေသံတိုးတိုးလေးနဲ့ အသက် ၃၀ ရှိပြီလား အေး အသက် ၃၀ ကျော်ပြီ။ အချိန်တွေ waste နေတာပဲ ငါတို့တိုင်းပြည်မှာ အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုကြတယ်။ နောက်နေ့ သူ ကိုယ့်ဘေးနားက ဖြတ်သွားလို့ ကိုယ်ဖုန်းကြည့်နေရင် boyfriend ဟဲ ဟဲ ဆိုပြီး တချိန်လုံးစတော့တာပဲ။ အိုင်တီဌာနာမှာ လူအယောက် ၂၀ လောက်ရှိတဲ့အထဲ ကိုယ့်ကိုတချိန်လုံး လာစနေတော့ လူက သိပ်မကြည်တော့ဘူး တင်းလာပြီ။ တခုခုလုပ်မှဖြစ်တော့မယ် မန်နေဂျာသွားတိုင်ရမလား ဦးနှောက်ကို ပူထူနေအောင် စဉ်းစားလိုက်တော့ warning ပေးတာ အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်တယ်။ ခပ်ထန်ထန်မျက်နှာနဲ့ နင် အချိန် ၁ မိနစ်ရှိလား (နည်းနည်းလန့်သွားတဲ့ပုံ) ရှိတယ်။ အပြင်မှာစကားပြောရအောင် စတိုခန်းထဲဝင်ပြောမလား တံခါးအပြင် လူအများဖြတ်သန်းနေကြတဲ့ ဓာတ်လှေကားနားမှာ ပြောတယ်။ နင် friendly ဖြစ်ပေမဲ့ boyfriend ဆိုတာ ငါ့ personal ကိစ္စ အလုပ်ထဲမှာ professional ဆန်စေချင်တယ်။ နင့်ကို offended အနှောင့်အယှက်ဖြစ်သွားရင် ခွှင့်လွှတ်ပါ။ ရတယ် ကိစ္စမရှိဘူး နောက်မဖြစ်စေနဲ့။ သူက အားလုံးနဲ့ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် နေချင်တာ မသိတော့ဘူး မပြောတတ်တော့ဘူးတဲ့။ ကိုယ် ဘာမှပြန်မပြောလိုက်တော့ဘူး ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လေးလေးစားစား ဆက်ဆံတယ်ဆိုတာ နောက်ပြောင်စနောက်နေတာမဟုတ်ဘူး။

အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေကနေ သူငယ်ချင်းတွေ ဖြစ်သွားတာလည်းရှိတယ်။ ကန်တက်ကီအလုပ်မှာတုန်းက စီနီယာဝီလီယမ်ဂရင်းဆို ကားအကြောင်း၊ အာမခံ အကြောင်းတွေ မေးရတယ်။ ကိုယ်မသိတဲ့ programming တွေ သင်ပေးတယ်။ ဂျရတ်နဲ့ ပြသနာတက်ပေမဲ့ နောက်တော့ခင်ခင်မင်မင်ပါပဲ ကိုယ်က အမှတ်ကြီးတဲ့သူမဟုတ် မေ့ပျောက်လွယ်တဲ့သူ။ ဝါရှင်တန်ဒီစီအလုပ်မှာတုန်းကခင်တဲ့ တရုတ်မကလဲယားကွမ်းနဲ့ဆို ခုထိခင်မင်နေတုန်း။ ဒီစီသွားရင် လာကြိုပေးမယ်၊ သူအိမ်မှာလာတည်း စိတ်ရင်းနဲ့ ဖိတ်ခေါ်နေတုန်း။ ဂျီစီရပြီဆိုတော့ မေရီလန်းကိုပြောင်းလာမလား စီဗွီပို့ပေးမယ်တဲ့။ တရုတ်မယန်းဆိုလည်း အလုပ်ထဲမှာခင်တာဆိုပေမဲ့ မသိတာတွေသင်ပေး ကူညီစောင့်ရှောက်ပေးတဲ့ သူငယ်ချင်းကောင်း။ ပီအေရုံးက ဝမ်ချန်၊ ဂျမားဆိုရင် အင်မတန်ခင်ဖို့ကောင်းတာ။ သူတို့နဲ့ပြောဆိုဆွေးနွေးရတာ အင်မတန်စိတ်ဝင်စားစရာကောင်းလွန်းလို့ lunch buddies တွေဖြစ်လို့။ ကိုယ့်ကိုချစ်တဲ့အစ်မတွေ ညီမတွေက boyfriend ထားဖို့ လက်တွဲဖော်ရှာဖို့ စနောက်ကြတာတွေရှိပေမဲ့ ကောင်းစေချင်တဲ့စေတနာနဲ့ ပြောမှန်းသိတော့ စိတ်မဆိုးဘူး။ မြန်မာပြည်မှာ မိန်းကလေးတယောက်တည်းသွားရင် ရိသဲ့သဲ့စနောက်တဲ့စရိုက်ကို လုံးဝမကြိုက်။ အလုပ်ထဲမှာ ဒီလိုရိသဲ့သဲ့စနောက်တာမျိုးတော့ လုံးဝသည်းခံလိမ့်မယ် မထင်နဲ့။ မဟုတ်မခံ ဆတ်ဆတ်ကြဲ စန်းထွန်းကို လာမစမ်းလေနဲ့ မီးပွင့်သွားမယ် ဘာမှတ်နေလဲ။ ဝိုင်းကိုပြောပြတော့ ကောင်းတယ် မျက်နှာကြော လုံးဝတင်းထားတဲ့။ ခု ဂွတ်မောနင်းလောက်ပဲ နှုတ်ဆက်တယ် ခပ်တန်းတန်း လာမစတော့ဘူး ကောင်းလိုက်တာ။ နောက်တခါ boyfriend ဘာဖြစ်တယ် ညာဖြစ်တယ် လာစလို့ကတော့ marital status နဲ့ discrimation လုပ်ပါတယ်ဆိုပြီး သွားတိုင်မယ်။ အလုပ်ပြုတ်မှာ သနားပါတယ်ဆိုပြီး သနားလိမ့်မယ်မထင်နဲ့ $#@%။ တရားစခန်းမှာတုန်းက ဒင်းကို မေတ္တာပို့ဖို့ ကြိုးစားသေးတယ် ဘယ်လိုမှပို့လို့မရ။ အရင်တုန်းက မျက်နှာကိုလုံးဝမကြည့်ချင်ရာကနေ ခုတော့နည်းနည်း ကြည့်လို့ရပြီ ဒါပေမဲ့ စိတ်ထဲတင်းနေတုန်းပဲ။

စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၁၈။