၂၃ လမ်း ဗုံးပေါက်မှု ...

စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ
ပန်စတေရှင်မှာ သေနတ်ပစ်မှု ဖြစ်လို့ ပိတ်ထားတယ်လို့ သူငယ်ချင်းတစ်ယောက်က သတင်းပေးလာတယ် ဟယ်လီကော်ပတာသံ သတိထားမိလား။ ပန်စတေင်ရှင်ကနေ ရထားစီးမဲ့သူတွေပြင်ဆင်ကြဖို့ ဒါရိုက်တာလင်ဒါရေး သတိပေးလာတော့မှပဲ ဟယ်လီကော်ပတာသံ၊ ရဲကားသံကို သတိထားမိတော့တယ်။ ကျင်း နင် ပန်စတေရှင်ကနေ ရထားစီးပြန်မှာမလား အင်း ဒါပေမဲ့ ပန်စတေရှင် Apps  ကနေ ဘာ alert မှ မပို့ဘူး ဝက်ဆိုဒ်မှာ ဝင်ကြည့်လေ။ လင်ဒါနဲ့ကယ်လီ ပန်စတေရှင်ကနေ ရထားစီးပြန်မှာမလား ဘယ်လိုပြန်မလဲ ငါလည်းအဲဒါကို စဉ်းစားနေတာ ဘယ်လိုပြန်ရမလဲလို့။ တနာရီလောက် စောင့်ပြီးမှ ပြန်ရမလား၊ တခြားရထား၊ ဘတ်စ်ကားစီးပြီး ပြန်ရမလား မသိတော့ပါဘူးဟယ်။  ၃၃ လမ်းကို အမှတ်ငါးလမ်းမကြီးကနေ ပိတ်ထားတယ် ရဲကားတွေ၊ ရဲတွေ အများကြီး သတင်းထောက်တွေ သတင်းပို့နေတာတွေ့တယ်။

လူတယောက်က ဝက်သားခုတ်တဲ့ဓားကို ကိုင်ထားလို့ ရဲက ဓားကိုချဖို့ ဟန့်ထားတာ ရဲကိုဓားနဲ့ခုတ်လို့ ပစ်လိုက်တာတဲ့။ ဖြစ်တဲ့အချိန်က ညနေငါးနာရီခွဲ ရုံးဆင်းချိန် အရှုပ်ဆုံးအချိန်။ တခါတုန်းကလည်း လူတစ်ယောက် အပေါ်မှာလုယက်ပြီး မြေအောက်ရထားထဲ ဝင်ပြေးလို့ရဲတွေကလိုက်ဖမ်း။ ကိုယ်စီးနေတဲ့ရထားရှေ့မှာဖြစ်တာမို့ ရထားက စက်ကိုရပ်လိုက်ပြီး မီးပဲဖွင့်ထားတယ်။ အဲယားကွန်း ပိတ်လိုက်တော့ လေဝင်လေထွက်မကောင်း။ ခရီးသည်တွေက ပြတင်းပေါက်တွေကို တတ်နိုင်သလောက်ဖွင့် နေမကောင်းတဲ့သူဆို မေ့လဲသွားနိုင်တယ်။ မတ်တပ်ရပ်နေတဲ့ တချို့ကတော့ ကြမ်းပြင်မှာ ထိုင်ချလိုက်တော့တယ်။ ကိုယ်က ထိုင်ခုံမရတော့ ၁ နာရီမတ်တပ် ရပ်ရတယ် အလုပ်နောက်ကျတော့ ရထားတစီးလုံး မေတ္တာပို့လိုက်ကြတာ အဲဒီလုတဲ့အကောင်ကို


စက်တင်ဘာ ၁၇ ရက် စနေနေ့
နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်း ပန်းခြံက စနေနေ့မနက် ၁၀ နာရီထိ ဝင်ကြေးအခမဲ့။ နှင်းဆီတွေ အစွမ်းကုန်ပွင့်တဲ့အချိန် မကြီးလည်း မရောက်ဖူးသေးဘူးဆိုတော့ သွားလည်ဖို့ စိတ်ကူးတယ်။ ပန်းခြံက  subway ရထားဘူတာကနေ ဘတ်စ်ကားငါးမှတ်တိုင်လောက် စီးရတယ်။ ဂရမ်းစင်ထရယ်ကနေ Metro North ရထားစီးရင်တော့ ပန်းခြံရှေ့တည့်တည့်ရောက်တယ်။ ရုံးပိတ်ရက်တွေဆို အိမ်ကနေ ၃၃ လမ်းကို ရထားမရှိဘူး ဝေါထရိတ်စင်တာကနေ ရှယ်တယ်ဘတ်စ် ဆွဲပေးတယ်။ ဂရမ်းစင်ထရယ်ကို မနက် ၉  နာရီရောက်ဖို့ အိမ်ကနေ ၈ နာရီလောက် ထွက်ရမယ်။ အိမ်ကနေ မနက် ၈ နာရီထွက်ဖို့ မနက် ၇ နာရီလောက် အိပ်ယာထပြီး ပြင်ဆင်ရမှာဆိုတော့ အိပ်ယာစောစော မထချင်တာနဲ့ပဲ မသွားဖြစ်ဘူး။ နေ့လည်ထမင်းစား၊ ရေချိုး၊ ရထားပေါ်ရောက်တဲ့အထိ ဘယ်သွားလည်ရမလဲ မဆုံးဖြတ်ရသေးဘူး။ High Line မရောက်ဖူးသေးဘူး သွားလည်ကြမယ် ရှယ်တယ်ဘတ်စ်က ၂၃ လမ်းမှာရပ်ရင် ဆင်းပြီးအဲဒီကို လမ်းလျှောက်ကြမယ်။ ရှယ်တယ်ဘတ်စ်က ၂၃ လမ်းမှာ မရပ်ဘဲ ၂၉  လမ်းမှာရပ်လို့ အဲဒီကနေလမ်းလျှောက်။ High Line နားရောက်ခါနီးတော့မှ RunKeeper နဲ့မှတ်ဖို့ သတိရတော့တယ်။




RunKeeper ၊ Map my walk  ဆိုတဲ့ Apps တွေက ဘယ်နှစ်မိုင်၊ ဘယ်တွေကို၊ ဘယ်လောက်နှုန်းနဲ့လျှောက်တယ်၊ ကယ်လိုရီဘယ်လောက် လောင်ကျွှမ်းတွေဆိုတာ သိရတယ်။ ဟိုက်လိုင်းဆိုတာ အရင်တုန်းက ရထားသံလမ်း၊ ခုတော့ အထပ်မြင့်အဆောက်အဦးတွေကြားက သစ်ပင်ပန်းမန်တွေ စိမ်းစိမ်းစိုစိုနဲ့ လမ်းလျှောက်ချင်စရာ လမ်းကလေး။ ထိုင်ခုံလေးတွေ၊ မြက်ခင်းလေးတွေ၊ နေပူစာလှုံမဲ့နေရာလေးတွေနဲ့ သာယာတယ်။ အစအဆုံး ၃ မိုင်လောက်ပဲရှည်တယ်။ တရုတ်ဘုန်းကြီးတစ်ယောက် ဘုရားပုံတွေပေးရင် မယူဖို့၊ ပိုက်ဆံမပေးဖို့ နို့တစ်ဘုတ်လေး ထောင်ထားတယ်။ အမ်တီအေက ရထားတွေအများကြီး ရပ်ထားတယ်၊ ဟတ်ဆန်မြစ်နဲ့ ဟိုဘိုကန်၊ ယူနီယမ်စီးတီး နယူးဂျာဆီဖက်ကို မြင်ရတယ်။ ညောင်ပင်သေးသေးလေး တစ်ပင်တွေ့တယ်။ ဂျော့ကင်းအပြေးသမားတွေကို တခြားလမ်းကပြေးဖို့ လုံခြုံရေးအစောင့်က ပြောတယ်။ Hudson Yards ပရောဂျက်က အထပ်မြင့်အဆောက်အဦးတစ်ခုပဲ ပြီးသေးတယ်။ ဟက်ဆန်ရပ် ပျားအုံလိုအဆောက်အဦးက landmark ဖြစ်လာမှာလို့ အေဘီစီသတင်းမှာ တွေ့လိုက်တယ်။ mega bus  ဘတ်စ်ကားနဲ့ စီးဖို့စောင့်နေတဲ့ ခရီးသည်တွေ တွေ့တယ်။ ဘတ်စ်ကားခက $1 ကနေစတယ်လို့ ရေးထားတာပဲ။



Chipotle မှာ ညစာစား တိုင်းစကွဲဖက်ကိုလမ်းလျှောက် ဓာတ်ပုံရိုက်။ တိုင်းစကွဲက ညဖက်ရောက်မှ မီးရောင်တွေ ပြိုးပျက်ပျက်၊ ကြော်ငြာဘုတ်တွေ တလက်လက်နဲ့ အတော်စည်တာကိုး။ ခြေထောက်လည်း အတော်ညောင်းနေပြီ ည ၈ နာရီလည်း ထိုးနေပြီဆိုတော့ ရှယ်တယ်ဘတ်စ်စီးဖို့အမှတ် ၇ လမ်းမကြီးအတိုင်း ၂၈ လမ်းထိလျှောက်။ ည ၈ နာရီခွဲ ရှယ်တယ်ဘတ်စ်ပေါ်တက်ဖို့ တန်းစီနေတုန်း ရဲကားတစ်စီး ဖြတ်သွားတယ်။ ရဲကားသံတွေ ဆူညံနေပေမဲ့ နယူးယော်ကာတွေ အတွက်ကတော့ ရိုးနေပြီ။ ကောင်းကင်မှာ ဟယ်လီကော်ပတာတစီး အောက်ကိုမီးမောင်းထိုးပြီး ရှာနေတော့ အင်း ရှေ့မှာတခုခုတော့  ဖြစ်နေပြီ။ မကြီးက ဟယ်လီကော်ပတာကို ဓာတ်ပုံရိုက်တယ်။ ဟယ်လီကော်ပတာက အောက်ကိုမီးမောင်းထိုးရှာတာ မြင်ရပါ့မလား မြင်ရတယ် ဘော်စတွန်ဗုံးဖောက်တဲ့သူ ရွက်လှေထဲမှာ ပုန်းနေတော့ ဟယ်လီကော်ပတာကနေ လူ၊ သွေးထွက်နေတာတွေကို မြင်ရတယ်။ နည်းပညာတွေ သိပ်ကောင်းတယ် အေဘီစီသတင်းမှာ ဘော်စတွန်ဗုံးဖောက်ခွဲသူကို ဘယ်လိုရှာဖွေတယ်၊ ဘယ်လိုဖမ်းဆီးတာတွေကို တင်ဆက်သွားတာ သိပ်ကောင်းတာပဲ။ ကားလမ်းတွေပိတ်ပြီး နေရာကနေ မရွေ့တာ ဆယ့်ငါးမိနစ်လောက်ကြာလို့ နီးတဲ့ခရီးသည်တွေ ဆင်းပြီးလမ်းလျှောက်ကြတယ်။

တခါတလေ လမ်းလျှောက်တာက ကားစီးတာထက် ပိုမြန်တယ်။ ရှယ်တယ်မောင်းတဲ့သူက အမှတ် ၇ လမ်းမအတိုင်း မမောင်းတော့ဘဲ အမှတ် ၁၀ လမ်းမအတိုင်း မောင်းတော့မှ ကားကရွေ့တော့တယ်။ သတင်းတွေ ကြည့်တော့လည်း ဘာသတင်းမှ မတက်လာဘူး။ ဘေးမှာထိုင်တဲ့ အန်တီကြီးနဲ့ စကားတွေပြောရင်း မနေ့က ပန်စတေရှင်းမှာ ရဲကိုဓားနဲ့ခုတ်တဲ့အကြောင်း၊ နယူးဂျာဆီ Seaside Park မြို့မှာ ရေတပ်အတွက် Charity ပွဲမှာ အမှိုက်ပုံးမှာ ဗုံးပေါက်ပေမဲ့ လူထိခိုက်မှု မရှိတဲ့အကြောင်း ပြောဖြစ်ကြတယ်။ သူနေတာက ကိုယ်တို့နားမှာဆိုတော့ တရုတ်ကုန်စုံဆိုင် သိလား၊ ပတ်ဝန်းကျင်က safe ဖြစ်လား မေးကြည့်တယ်။ သူအဲဒီမှာနေတာ ၁၀ နှစ်ကျော်ပြီ အိုင်းရစ်၊ ပေါ်တူဂီတွေများတယ် ခုတော့ စပန်းနစ်တွေ များလာတယ်ဆိုပြီး နှာခေါင်းရှုံ့ပြတယ်။ ကားမရှိဘဲ ဘယ်လိုသွားလာလဲမေးတော့ ဘတ်စ်ကား ဘယ်နံပါတ်ကို စီးတယ်၊ သူ့အိမ်က ဘယ်နားမှာဆိုပြီး ပြောဆိုနေကြတာ ဝေါထရိတ်စင်တာရောက်မှ ရပ်တော့တယ်။ ကိုယ့်ကို ဘတ်စ်ကားမြေပုံ ပေးလိုက်သေးတယ် မကြီးက ရှယ်တယ်ဘတ်စ်က ၁ နာရီတောင်ကြာတယ်ဆိုပဲ။ ကိုယ်ကတော့ အိုင်းရစ်အန်တီကြီးနဲ့ စကားကောင်းနေတာ ကြာမှန်းမသိလိုက်ဘူး။


ရထားပေါ်ရောက်တော့ ၂၃ လမ်းမှာ ပေါက်ကွဲမှုဖြစ်လို့ ရှယ်တယ်ဘတ်စ် နောက်ကျမယ်လို့ ကြေငြာသံကြားလိုက်တယ်။ သတင်းတွေကြည့်လိုက်တော့ တက်လာပြီ ချယ်ဆီးမှာ ဗုံးပေါက်လို့တဲ့ အမ် အဲဒီနားက ဟိုက်လိုင်းမှာ ငါတို့ပတ်နေတာလေ။ ၂၃ လမ်း ငါတို့ရှယ်တယ်ဘတ်စ်စောင့်နေတာ ၂၈ လမ်း။ ဟယ်လီကော်ပတာဝဲ၊ ရဲကားတွေသွားတာ ငါတို့ရှေ့ ၅ ဘလောက်က လမ်းကိုပေါ့။ အောင်မယ်လေး ကံသီပေလို့ ရှယ်တယ်ဘတ်စ်သာ ၁၀ မိနစ်လောက်စောရင် အဲဒီနားမှာ ပိတ်မိနေမှာ။ အိမ်ရောက်တော့ ည ၁၁ နာရီ ပုံ့ပုံ့ကို ဖုန်းဆက်ပြီးပြောပြ။ မပေါက်ကွဲသေးတဲ့ ဗုံးတခုကို ၂၇ လမ်းမှာတွေ့တယ်တဲ့။ တနင်္လာနေ့ကျတော့ ဗုံးခွဲတဲ့သူကိုမိတယ် ကိုယ်အိမ်ရဲ့ မိနစ် ၄၀ အဝေးလောက်ကမြို့မှာ။ ဟယ်မလေး ဘယ်နေရာမှ safe မဖြစ်ပါလား။ ၂၀၁၃ ဒီစီမှာတုန်းက ကိုယ့်ရုံးက ကယ်ပီတယ်ဘေးနားမှာ ရဲကားသံတဝီဝီကြားလား ကယ်ပီတယ်နားမှာ သေနတ်ပစ်မှုဖြစ်လို့ shelter in place အမိန့်ထုတ်ထားတယ်လို့ မန်နေဂျာလာပြောလို့ သတင်းတွေကြည့်တော့ စိတ်မူမမှန်တဲ့ မိန်းမတယောက်က အိမ်ဖြ ူတော်နားကို ကားနဲ့ဝင်ဖို့ကြိုးစားပြီး ပန်ဆယ်ဗေးနီးယားလမ်းမအတိုင်း မောင်းပြေးတာ ကယ်ပီတယ်ဟေး နားရောက်တော့ ရဲကပစ်လိုက်တာ။ အဲဒီမိန်းမရဲ့ဘေးနားမှာ ကလေးငယ်လေးတစ်ယောက်ပါတယ်။ ကလေးကတော့ ဘာမှထိခိုက်ဒဏ်ရာမရဘူး။ အိမ်ဖြူတော်နဲ့ကယ်ပီတယ်ဆိုတာ ကမ္ဘာပေါ်မှာ လုံခြံခြုံရေးတင်းကျပ်ဆုံး နေရာတွေထဲမှာ ပါဝင်တယ်။

ဝါရှင်တန်ပြည်နယ် စီရေတယ်နားက လျှော့ပင်းမောလ်မှာ သေနတ်ပစ်လို့တဲ့၊ ဘယ်ကျောင်း၊ ဘယ်နေရာမှာ သေနတ်ပစ်လို့တဲ့  မြန်မာပြည်က လူတွေက တွေးကြမယ် အမေရိကန်မှာ နေရတာ ကြောက်စရာကြီး။ ရန်ကုန်မြို့လယ်ခေါင်မှာ တူက အဒေါ်ကိုရိုက်သတ်သွားလို့တဲ့၊ အလုံမှာ အနုကြမ်းစီးလို့တဲ့၊ ယောကျာ်းက မိန်းမကို ဓားနဲ့ထိုးလို့တဲ့၊ ကောင်မလေးက ရည်းစားဟောင်းကို ဓားနဲ့ထိုးလို့တဲ့၊ လေးလောင်းပြိုင် လူသတ်မှုတဲ့  အမေရိကန်က လူတွေက တွေးကြမယ် မြန်မာပြည်မှာ နေရတာ ကြောက်စရာကြီး။ အင်း ဘယ်မှာများ နေရမှာပါလိမ့်။

စန်းထွန်း
စက်တင်ဘာ ၂၅၊ ၂၀၁၆။

3 comments:

Lorem Ipsum said...


Anonymous said...

San Htun!
Wow! Finally I can Read it.
Ma Khine

San San Htun said...

ဆုမြတ်မိုး said...
စင်ကာပူမှာလာနေလေ...း) ပျင်းစရာကောင်းတာရယ်...FT တွေကို သိပ်မကြည်တာကလွဲရင် အတော် safe ဖြစ်တဲ့တိုင်းပြည်
September 26, 2016 at 1:48 AM