အဖေက ကိုယ့်ကို ကျူတာဖြစ်စေချင်ခဲ့တာပါ နယ်တွေမှာ တာဝန်ကျရင် အမေက လိုက်နေပေးပြီး ချက်ပြုတ်ကျွှေး အဖေက ကိုယ်တာဝန်ကျတဲ့မြို့တွေဆီ လာလည်လိုက်လို့ စိတ်ကူးယဉ်ထားတာတဲ့။ စာသင်ရ၊ ရိုးကောခေါ်ရ၊ ယူူနီဖောင်းမဝတ်တဲ့ ကျောင်းသားတွေကို လိုက်ဖမ်းရနဲ့ အင်မတန်ပင်ပန်းတဲ့ ကျူတာဆရာမဘဝကို မျက်စိရှေ့မှာ မြင်တွေ့ထားတော့ ကိုယ်က ကျူတာမလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ မာစတာဝင်တော့ အဖေက ကိုယ့်ကို မာစတာ ဆက်တက်စေချင်တယ်။ ကျူတာမလုပ်ခိုင်းမှ မာစတာတက်မယ်လို့ပြောတော့ အဖေက ကျူတာမလုပ်ခိုင်းပါဘူး မာစတာဘွဲ့တော့ ရအောင်ယူပါ သမီးရယ်တဲ့။ အမ်ဝမ်းပြီးလို့ သီးစစ်လုပ်နေရင်း စင်္ကာပူကျောင်း ဝင်ခွင့်ရလို့ ကျောင်းသွားတက်တာနဲ့ မြန်မာပြည်က မာစတာ မပြီးခဲ့ဘူး။ ကိုယ့်သူငယ်ချင်းတွေ အလုပ်ရှာ၊ ကိုယ်တိုင်လည်း အလုပ်တွေ လျှောက်ခဲ့ဖူးတယ်။ မြန်မာပြည်မှာ အလုပ်ရဖို့ အင်မတန် ခက်တယ်။ အလုပ်ကရှား ဘွဲ့ရတွေကများတော့ အကပ်ကောင်းမှ အလုပ်ရတယ်။ စင်္ကာပူကျောင်းဝင်ခွင့်ရတာ ကိုယ့်ဘဝရဲ့ အလှည့်အပြောင်း တစ်ခုပါ။ မြန်မာပြည်ကကျောင်းနဲ့ စင်္ကာပူကကျောင်း ဘယ်လိုကွဲခြားတယ်၊ ဘယ်လိုသင်ကြားတယ်ဆိုတာလေး ပြောပြချင်ပါသေးတယ်။ မြန်မာပြည်က အမ်ဘီအေဘွဲ့ရတစ်ယောက် အမ်ဘီအေ၊ အမ်ဘီအေလို့ ပါးစပ်ကမချတာ နားကြားကပ်လာလို့ မကြီးရေ NUS (စင်္ကာပူအမျိုးသားတက္ကသိုလ်) က Business School မှာ အမ်ဘီအေတက်ပါလား ကျောင်းပြီးရင် လစာသောင်းချီရတယ်လို့ကြားတယ်လို့ နှက်လိုက်တော့မှ ကိုယ်ရှေ့မှာ အမ်ဘီအေလို့ မကြွားရဲတော့ဘူး။
အမြင်ကပ်ရင် အဲဒီလို နှက်လိုက်ချင်တဲ့စိတ်က အဖေ့အဖေ ဘိုးဘိုးနဲ့ သွားတူတာနေမှာ။ ကိုယ်တို့အဘိုးက လူ့ကန့်လန့် ဂွစွာငရွတ်ကြီး။ ဘိုးဘိုးသာ ကြားရင်တော့ ဟယ်မလေး ကောင်းတာကျတော့ သူ့မိဘတွေနဲ့ တူတာ မကောင်းတာဆိုရင် ငါနဲ့တူတာတဲ့ သောက်ကျိုးနည်းလို့ ဟစ်လေမလားမသိ။ ၁၉၇၀ နှစ်များတုန်းက အိန္ဒိယ၊ စင်္ကာပူ အနီးအနား ပတ်ဝန်းကျင်နိုင်ငံတွေက ကျောင်းသားတွေဟာ အင်္ဂလန်တက္ကသိုလ် ဝင်ခွင့်မမှီခဲ့ရင် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရဖို့က သူတို့ရည်မှန်းချက်ပါတဲ့။ ကိုယ့်ဆရာတွေ လက်ထက်ထိ မြန်မာပြည်ရဲ့ ပညာရေးစနစ်က ကောင်းသေးတယ်လို့ ဆိုရမယ်။ ကိုယ်တို့ခေတ်ကျတော့ ဘွဲ့ဆိုတာ ဧည့်ခန်းထဲမှာ အလှချိတ်ဖို့လောက်ပဲ ကျန်တော့တယ်။ ကိုယ်ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာ ဆရာဝန်ပါ။ ကိုယ်ဆယ်တန်းအောင်တဲ့နှစ်ကျမှ ဆေးဝင်ခွင့် အမှတ်ကမြှင့်၊ ဝိုင်အိုင်တီ မရှိ ဂျီတီအိုင်နှစ်နှစ်၊ ဘီတက်ချ်နှစ်နှစ်၊ ဘီအီးနှစ်နှစ် ဂျီတီစီကျောင်းတွေက နယ်မှာ၊ ဆေးဝါးကျွှမ်းကျင်၊ ဆေးဘက်ပညာသည်က ကျောင်းပြီးရင် အလုပ်ရှား၊ ကွန်ပျူတာက အီကိုထက် ဝင်ခွင့်မြှင့်လို့ ကွန်ပျူတာ ယူလိုက်တယ်။ ကိုယ်တို့နှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာလျှောက်ကြတယ်။ ကျောင်းမှာသင်တဲ့ စာအုပ်တွေ၊ ဆရာမတွေက တကယ်ကောင်းပါတယ်။ မကောင်းတာက သင်ပုံသင်နည်းစနစ်နဲ့ လက်တွေ့မရှိတာ။ Lab ထဲက ကွန်ပျူတာတွေက အစုတ်တွေ၊ မီးက မလာ။ Lab ခန်းကို တီဗွီလာရိုက်နေလို့ တီချယ်တွေက ပါဝါပိတ်ထားတဲ့ ကွန်ပျူတာတွေရှေ့မှာ ထိုင်နေပေးပါဆိုလို့ ထိုင်နေပေးဖူးသေးတယ်။
Team 12 SA 29 Presentation Day Institute of System Science (ISS), National University of Singapore (NUS) |
ပရိုဂရမ်းမင်း၊ ကုတ်တင်းတွေကို စာရွက်ပေါ်မှာပဲ ရေးခဲ့တာပါ။ ကျူတိုရီယမ်ဆိုလို့ကတော့ စာအုပ်အောက်ချပြီး ကူးတော့တာပဲ။ ဒါတောင် ဘာကူးရမှန်း မသိလို့ ဘေးက သူငယ်ချင်းတွေကို မေးရသေးတယ်။ တတိယနှစ်တုန်းက ပရောဂျက်လုပ်တော့ ဆယ်ယောက်မှာ တကယ်လုပ်တာက နှစ်ယောက်၊ သုံးယောက်။ Presentation မှာ ဘယ်သူ ဘာလုပ်တယ်ဆိုတာ တိုက်ထားရသေးတယ်။ အောင်ကြီးတို့အဖွဲ့ဆို ဒေတာ ( သတင်းအချက်အလက်) ကောက်တာ လေးယောက်ကြီးများတောင်ဆိုလို့ ဆရာမတွေ ဟယ်ခနဲ ဖြစ်သွားဖူးတယ်။ ကျောင်းပြီးလို့ အလုပ်ရှာတော့ အိုင်တီကုမ္ဗဏီတွေနည်း အလုပ်အကိုင်က ရှားတော့ အလုပ်ရဖို့ အင်မတန် ခက်တယ်။ ကိုယ်မာစတာတက်နေတဲ့အချိန်မှာ ကိုယ်တို့ကျောင်းက တော်တော်များများ စင်္ကာပူမှာ ကျောင်းသွားတက်ကြတယ်။ အဲဒီအချိန်တုန်းက ကိုယ်က တုပ်တုပ်မှမလှုပ် ကိုယ့်သူငယ်ချင်းက နင့်မိဘတွေ တတ်နိုင်တာပဲ နင်လည်း စာလိုက်နိုင်သားပဲ စင်္ကာပူမှာ ကျောင်းသွားတက်ပါလားလို့ အကြံပေးတယ်။ အဲဒီတုန်းက မကြီးက တိုဖယ်ဖြေပြီး နိုင်ငံခြားထွက်ဖို့ ကြိုးစားနေတာမို့ ကိုယ်မလျှောက်တာပါ။ ကိုယ့်မိဘတွေက တစ်ယောက်ကျောင်းတက်မှာကိုပဲ ထောက်ပံ့နိုင်တာကိုး။ မကြီး စင်္ကာပူရောက်တော့ ကိုယ့်သူငယ်ချင်းတွေ တက်နေတဲ့ကျောင်း၊ ဘာသာ၊ စာလိုက်နိုင်မနိုင်၊ ကျောင်းလခ၊ loan ၊ ကျောင်းတက်နေစဉ်မှာ တလဘယ်လောက် ကုန်သလဲ၊ ကျောင်းပြီးရင် အလုပ်ရနှုန်းတွေကို မေးမြန်းပြီးတော့ ကိုယ့်ကို လျှောက်ခိုင်းတယ်။
NTU (Nanyang Technological University) ဝင်ခွင့်က Grading ၊ Transcripts ၊ အက်ဆေးနှစ်ပုဒ် ရေးရတယ်၊ အွန်လိုင်းကနေ အက်ဆေးတစ်ပုဒ် ဖြေရတယ်။ NUS (National University of Singapore) ဝင်ခွင့်က Grading ၊ Transcripts ၊ ဝင်ခွင့်စာမေးပွဲ ဖြေရတယ်။ ကိုယ်ဖြေဖူးသမျှ စာမေးပွဲမှာ NUS ဝင်ခွင့်စာမေးပွဲက အခက်ဆုံး။ အေးလွန်းလို့ ရှူးရှူးတောင် ပေါက်ချင်တယ်လို့ ပြောကြတဲ့ MICT Park ခန်းမထဲမှာ ကိုယ်ကတော့ ချွှေးတွေ ပြိုက်ပြိုက်ကျအောင် ဖြေခဲ့ရတယ်။ နောက် ဖုန်းအင်တာဗျူး ဖြေရပြီးမှ ဝင်ခွင့်ရပါတယ်။ ကျောင်းအပ် လက်ခံတာဆိုရင်လည်း ဘာစာရွက်စာတမ်းတွေ လိုတယ် အတိအကျ ကြေငြာပြီး လုပ်တာကိုင်တာ အရမ်းမြန်တယ်။ ကျောင်းလခကိုလည်း ဘဏ်တွေနဲ့ ဆောင်ရွက်ထားတော့ မြန်မာပြည်မှာလို ကျောင်းလခသွင်းထားတဲ့ ချလံပျောက်သွားလို့ နှစ်ခါထပ်သွင်းရတာမျိုး၊ ပျောက်သွားလို့ ချလံပြန်တွေ့လို့ ကျောင်းသားရေးရာဋ္ဌာနမှာ သွားတောင်းတာ တစ်နှစ်လောက်ကြာတော့မှ ရတာမျိုးတွေ မရှိပါဘူး။ ကျောင်းစတက်တာနဲ့ ဘယ်အဖွဲ့၊ ဘယ်အခန်းဆိုတာ တခါတည်း သတ်မှတ်ထားတယ်။ မနက်ပိုင်းမှာ လက်ချာဟောခန်းကြီးမှာ စာသင်ရပြီး နေ့လည်ဆိုရင် Lab Assignment တွေလုပ်ဖို့ အုပ်စုအခန်းတွေမှာ တစုတဝေးတည်း စာလုပ်ကြတယ်။ ညနေ ၄ နာရီ အတန်းပြီးသွားပေမဲ့လည်း အများစုက ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားစီးပြီး အိမ်ပြန်ကြပါတယ်။ နောက်နေ့ မနက် ၉ နာရီဆို ကျောင်းကို ပြန်ရောက်နေပြီ အိမ်ကို ညအိပ်ဖို့လောက်ပဲ ပြန်တယ်။ ပိတ်ရက်တွေဆိုရင်လည်း ကျောင်းမှာ ပရောဂျက် စုလုပ်ကြတယ်။
ပိတ်ရက်ဆိုရင်လည်း ကျောင်းမှာ ပရောဂျက်စုလုပ်ကြတော့ ပိတ်ရက်မှာ ကျောင်းလာတက်ကြတဲ့ MTech မာစတာကျောင်းသားတွေနဲ့ အခန်းလုကြရသေးတယ်။ စာကြည့်တိုက်မှာ တိတ်ဆိတ်လွန်းလို့ ရုပ်ရှင်ကြည့်နေရင်၊ အိပ်နေရင် လုံခြုံရေးစောင့်က လာသတိပေးတယ်။ ISS ( Institute of System Science) က စာကြည့်တိုက်ထက် NUS စာကြည့်တိုက်က ပိုကြီးတယ် စာအုပ်တွေလည်း တကယ်စုံတယ်။ ကျောင်းတွင်းပြေးဆွဲနေတဲ့ ရှယ်တယ်တွေက ဖရီး၊ အားကစားခန်းမတွေ ရှိပေမဲ့ ကိုယ်တို့ တခါမှ သွားမကစားကြဘူး။ ကန်တင်းတွေဆိုရင်လည်း ဈေးသက်သာတယ် စားလို့ကောင်းတယ်။ Art & Science ကျောင်းကင်န်တင်းက Steamboat ဆိုရင် ငါးကျပ်ပဲ ပေးရတယ်။ ချွှေတာခြိုးခြံရတဲ့ ကျောင်းသားဆိုတော့ အဲဒီငါးကျပ်ကိုတောင် နှစ်ယောက်ရှယ်စားကြတဲ့ဘဝ။ Engineering School ကန်တင်းဆို နာမည်ကြီးပဲ အစားအသောက် စုံတယ်။ ကျောင်းမှာ printer က ကြိုက်သလောက်ထုတ် ကျောင်းသားကဒ်ပြလိုက်ရင် A4 တစ်ထုပ် ထုတ်ပေးတယ်။ Locker ထဲမှာ မုန့်၊ ဖိနပ်၊ စာအုပ်တွေ ရှိတယ်။ ကျောင်းမှာ ၂၄ နာရီ လုံခြုံရေးအပြည့် လက်ဖက်ရည်၊ ကော်ဖီစက်က အထပ်တိုင်းမှာ။ ရေခဲသေတ္တာထဲမှာ အစားအသောက်တွေ ထားနိုင်တယ်။ ဒါတွေကတော့ ကျောင်းသားတွေကိုပေးတဲ့ ဝန်ဆောင်မှုတွေပါ။ သင်ကြားတာတွေကလည်း အင်မတန် ကောင်းပါတယ် ဆရာက လွယ်တာတွေကိုသင် ခက်တာတွေကို တပည့်တွေကို လုပ်ခိုင်းတယ်။ မနက်ဖြန်သင်မဲ့ သင်ခန်းစာအတွက် ဖတ်ခိုင်းလိုက်တာတွေက အများကြီး။ ကျောင်းက အင်တာနက်က အိမ်က အင်တာနက်ထက် မြန်လို့၊ အိမ်မှာက အဲယားကွန်းကို ညဖက်အိပ်ချိန် ၉ ၊ ၁၀ နာရီလောက်မှ ဖွင့်ထားမို့အင်တာနက်မြန်၊ အဲယားကွန်းအေးတဲ့ ကျောင်းမှာနေပြီး စာလုပ်ကြတာ များပါတယ်။
သင်ကြားနည်းစနစ်က မြန်မာပြည်မှာလို ဆရာကသင် ကျောင်းသားကလိုက်မှတ် အလွတ်ကျက်ရတဲ့ နည်းမဟုတ်ဘဲ ဆရာက ကျောင်းသားတွေကို မေးခွန်းတွေမေး ဝိုင်းဆွေးနွေးတဲ့ သင်ကြားနည်းပါ။ စာမေးပွဲက open book ကြိုက်တဲ့စာအုပ် သယ်လာနိုင်တယ် အဲ့ဒီ open book က close book စာမေးပွဲထက် ပိုခက်တယ်။ တခါတုန်းက ကျောင်းသားတွေ ကော်ဖီခွက်ကို ခုံအောက်မှာ ထားခဲ့လို့ တီချယ်အက်စတာက နင်တို့အဲဒီလို စည်းကမ်းမရှိရင် ကြွက်တွေ လာမယ် ကြွက်တွေရှိရင် မြွေလာမယ် ကျောင်းကလည်း သစ်တောအုပ်ထဲမှာ အရင်က ကြွက်မရှိတဲ့ကျောင်းမှာ ကြွက်တွေ ရောက်လာတာ ဘယ်သူ့ကြောင့်လဲ လူတွေကြောင့်ပဲလို့ ဆုံးမတော့ ကျောင်းသားတွေ နောက်ကို ကော်ဖီခွက် မချရဲတော့ဘူး။ ပရောဂျက်တွေ လုပ်ရတော့ အချင်းချင်း ညိနှိုင်းရတယ်၊ ငြင်းခုန်ရတယ်၊ presentation လုပ်ရတယ်။ တကယ့်လုပ်ငန်းခွင်မှာလည်း အားလုံး team နဲ့ လုပ်ရပါတာပါ teamwork ကောင်းမှ ပရောဂျက် အောင်မြင်မှာမလား။ Presentation နေ့ဆို ရုံးဝတ်စုံလေးနဲ့ ကျောင်းသားအားလုံး ရှင်းသန့်နေတတ်ပါတယ်။ error တက်ပြီဆိုရင် အခန်းပေါက်စေ့ ကယ်ပါဦးလို့ သွားအော်ရင် တစ်ယောက်ယောက်က ကူညီဖြေရှင်းပေးလိုက်တာပါပဲ။ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါ အင်တာဗျူးတွေ ဖြေရမှာမို့ အင်တာဗျူးအတွက် နို့တစ်ဘုတ်မှာ အလုပ်ကြေငြာ တချို့ကျောင်းသားတွေက အင်တာဗျူးတဲ့သူလုပ်၊ တချို့ကျောင်းသားတွေက အင်တာဗျူးလာဖြေသူလုပ်ပြီး မေးဖြေကြတာကို တီချယ်တွေက အမှတ်ပေးပါတယ်။ အင်တာဗျူးတဲ့ ကျောင်းသားတစ်ယောက်က မင်းကိုတော့ ရီဂျက်၊ မင်းကိုတော့ လစာဘယ်လောက်၊ ဘောနပ်စ် ၆ လစာနဲ့ အော်ဖာကမ်းမယ်လို့ မစားရဝမခန်းပြောရင် မင်းထက် ပိုကောင်းတဲ့အော်ဖာကို လက်ခံလိုက်ပြီကွ ပြန်နောက်ကြတယ်။ Presentation ဆိုရင်လည်း intro က ဘယ်သူ၊ သူပြီးရင် ဘယ်သူက ဘယ်အပိုင်းဆိုပြီး ပေးထားတဲ့ မိနစ် ၂၀ အတွင်းမှာ team member တွေအားလုံး ကိုယ်လုပ်တဲ့အပိုင်းကို ရှင်းပြရပါတယ်။
နှစ်ဝက်ပြီးတော့ AD (Application Development) Project တလလုပ်ရပါတယ်။ ကလိုင်းရင့်ဆီမှာ requirement သွားတောင်း၊ ပရောဂျက်ကို ဒီဇိုင်းချ၊ database က ဘယ်သူ့တာဝန်၊ ဒီဇိုင်းက ဘယ်သူ၊ coding တော်တဲ့သူတွေက ခက်တဲ့အပိုင်းယူ၊ coding အားနည်းတဲ့သူတွေက လွယ်တဲ့အပိုင်းယူ၊ ဘယ်နေ့ဘယ်ရက်မှာ ဘယ်အပိုင်းတွေ အပြီး၊ Testing က ဘယ်အချိန်မှာ ဘယ်သူက ဘယ်အပိုင်းကို စစ်ဖို့ တာဝန်ယူ၊ အင်္ဂလိပ်စာကောင်းတဲ့သူတွေက documentation တာဝန်ယူနဲ့ တာဝန်တွေခွဲ။ requirement gathering လုပ်ရတုန်းက တီချယ်တွေကို ကလိုင်းရင့်လို့ သဘောထားပြီး လက်ရှိ system က ဘယ်လို၊ ဘယ်ဟာတွေ ထပ်ထည့်ချင်တာလဲ၊ လက်ရှိသုံးနေတဲ့ manual system ထဲမှာ ဘယ်ဟာတွေကို computerzied လုပ်နိုင်မလဲ မေးခွန်းတွေ မေးရတယ်။ မဟုတ်ကဟုတ်က မေးခွန်းတွေ မေးလို့ရတော့ တီချယ်မယ်ဂန်က နင်တို့အဓိပ္ဗာယ်မရှိတာတွေ လာမေးနေတယ် ငါရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို လာဖြ ုန်းနေတယ်လို့ အော်တော့တာပဲ။ အဲဒီတလလုံး မနက် ၉ နာရီကနေ ည ၅ နာရီထိ ရုံးဝတ်စုံဝတ်နဲ့ ရုံးမှာ အလုပ်လုပ်ရသလို လုပ်ရပါတယ်။ အင်တန်းမဆင်းခင် ကျောင်းသားတွေကို ထရိန်းနေတာပါ။ အပေါ်က ရုံးဝတ်စုံ အောက်က ဂျင်းဘောင်းဘီ ဝတ်ထားရင် ထိုင်နေတုန်း မသိသာဘူး။ အဲဒါကို တီချယ်မယ်ဂန်က သိတယ် ခုံအောက်ကို ငဲ့ကြည့်ပြီး ဂျင်းဘောင်းဘီ ဝတ်ထားမထား စစ်ဆေးတယ်။ ဂျင်းဘောင်းဘီ ဝတ်ထားရင်၊ အခန်းထဲမှာ အိပ်နေရင် team ကို အမှတ်လျော့တယ်။ ကျောင်းက coding ကုတ်တင်းမတတ်တဲ့သူတွေ ကုတ်တတ်သွားအောင် ရေရေလည်လည် ထရိန်းတာပါ။ ကျောင်းနဲ့ချိတ်ဆက်ထားတဲ့ ကုမ္ဗဏီတွေမှာ အင်တန်း ၆ လ ဆင်းပြီး ကုမ္ဗဏီက ပရောဂျက်တွေမှာ ပါဝင်ရပါတယ်။ ကုမ္ဗဏီက allowance ပေးပါတယ် ကုမ္ဗဏီက မပေးနိုင်ရင် ကျောင်းက အစားပေးပါတယ်။ အင်တန်းဆင်းနေတုန်း ဘယ်တွေလုပ်နေတယ်ဆိုတာ ကျောင်းကို အပတ်တိုင်း report တင်ရပါတယ်။
အင်တန်းဆင်းပြီးတော့ ဘယ်ပရောဂျက်တွေမှာ ဘာတွေလုပ်ရပါတယ်ဆိုတာ presentation ပေး၊ documentation လုပ်ရပါတယ်။ အင်တန်းပရောဂျက်တွေကိုလည်း Accenture ဆုပေးရာမှာ ကိုယ်တို့ပရောဂျက်တောင် ရွေးချယ်စာရင်းထဲပါပေမဲ့ ဆုတော့မရခဲ့ပါဘူး။ စာမေးပွဲရမှတ်တင်မဟုတ်ဘဲ ပရောဂျက်အမှတ်တွေပါ ထည့်တွက်တာပါ။ အမှတ်နည်းနေရင်၊ စာမေးပွဲကျရင် ကျောင်းကပရောဂျက်တွေမှာ ပါဝင်ခိုင်းပြီး ဘွဲ့ရလက်မှတ်မဟုတ်ဘဲ အတန်းပြီးဆုံးတဲ့ certificate ပေးပါတယ်။ ISS တက်တော့မှ teamwork ၊ presentation ၊ documentation ၊ ဘယ်လိုမေးခွန်းမေးရတယ်၊ ပရောဂျက်တစ်ခုကို အစကနေအဆုံး ဘယ်လိုလုပ်ရတယ်ဆိုတာ သိသွားတော့တယ်။ ISS မှာ တစ်နှစ်တက်တာက ကွန်ပျူတာတက္ကသိုလ်မှာ ၅ နှစ် တက်တာထက် အများကြီး ပညာရတယ်။ ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့ ရယ်ဒီဖြစ်နေပါပြီ။ ကိုယ်ကျောင်းလာတက်တဲ့ ၂၀၀၈ မှာ recession စီးပွားပျပ်ကပ်ဖြစ်ပြီး DBS ဘဏ်မှာ အလုပ်ဖြုတ်ခံထိတဲ့ ၉၀၀ ကျော်မှာ အများစုက အိုင်တီသမားတွေတဲ့ မင်းတို့ အရည်အချင်းကို ဖြည့်ထားကြ အရည်အချင်း မပြည့်ဝရင် အရင်ဖြုတ်ခံထိလိမ့်မယ်လို့ တီချယ်အယ်စတာက ကျောင်းစတက်တဲ့နေ့မှာပဲ သတိပေးစကားပြောပါတယ်။ ကျောင်းကောင်းမကောင်းကလည်း အလုပ်ရှာရမှာ အထောက်အကူပြုပါတယ်။ နာမည်ကြီးကျောင်းထွက်တွေက အလုပ်ရှာရလွယ်တယ် NUS က ကမ္ဘာ့အဆင့် ၂၄ ပါ။ ကျောင်းတောင် မပြီးသေးဘူး အလုပ်ရရင် ပီအာ (Permanent Residence) လျှောက်ဖို့ အော်ဖာလက်တာ ပေးပါတယ်။ ISS ကျောင်းထွက် တော်တော်များများ တလကနေ သုံးလအတွင်း အလုပ်ရကြတာ များပါတယ်။ တချို့ဆို အင်တန်းဆင်းတဲ့ ကုမ္ဗဏီမှာ အလုပ်ရတော့ အလုပ်ရှာဖို့တောင် မလိုဘူး။ တချို့ကြတော့လည်း အလုပ်မရလို့ ပြည်တော်ပြန်ရသူတွေ ရှိပါတယ်။
We fight, argue, negotiate, motivate, initiative, lazy and try our best for our team project. Yes. We are Team 12 SA 29 from ISS (Institute of System Science), NUS (National University of Singapore). |
ISS က ဘွဲ့လွန်ဒီလိုပမာဆိုပေမဲ့ NTU မာစတာထက် အလုပ်ရှာရလွယ်တာ ကျောင်းရဲ့ လေ့ကျင့်သင့်ကြားပုံကြောင့်ပါ။ NTU digital media ၊ information studies မာစတာတွေက စာတွေ့များပြီး လက်တွေ့နည်းတယ်။ ကိုယ်တို့ ISS ကတော့ လက်တွေ့များတယ် ကျောင်းတက်တုန်းက ပရောဂျက်တွေ လုပ်ရလွန်း ပင်ပန်းလွန်းလို့ ညည်းကြတယ်။ အဲဒီအကျိုးကို ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါမှ ခံစားရတယ်။ ဒါတောင် ကိုယ်ဘွဲ့က ကွန်ပျူတာဆိုတော့ အခက်အခဲ မရှိဘူး။ အီကို၊ သင်္ချာ တခြားမေဂျာကနေ လာတက်တဲ့သူတွေဆိုရင် i = 1 ဆိုတာတောင် မသိဘူး တကယ့်ကို အစိမ်းသက်သက်။ ဒါပေမဲ့လည်း သင်ယူတဲ့သူနဲ့ ဆိုင်တာပါ ဂေါရင်ဆိုတဲ့ တရုတ်မလေးဆို အီကိုဘွဲ့ရ ကျောင်းလာတက်တုန်းက ပရိုဂရမ်းမင်းဆိုတာ မသိဘူး။ ဟော နှစ်ဝက်လောက်ရောက်ရော ကိုယ်တို့တောင် မရေးနိုင်တဲ့ Search ကို ရေးသွားတာများ လက်ဖျားခါရတယ်။ ဘရူနိုင်းဘုရင် ပညာတော်သင်လွှတ်တဲ့ အစိုးရအရာရှိ ၁၀ ယောက်ဆို ကျောင်းဆရာတို့ဘာတို့ ကွန်ပျူတာဘွဲ့ရတွေ မဟုတ်ဘူး တချို့ဆို အသက် ၄၀ လောက် ရှိနေပြီ။ ဘရူနှိုင်းဘုရင်က ချမ်းသာတော့ ပညာတော်သင်တွေကို ကောင်းကောင်းထောက်ပံ့တယ်။ ဒါပေမဲ့ စာမေးပွဲကျရင်တော့ ပြစ်ဒဏ်ပေးခံရတယ်တဲ့။ တစ်ဦးတည်းသော ဗုဒ္ဓဘာသာ ပိန်ပိန်ညောင်ညောင် ဆံပင်ဖြူဖြူနဲ့ လီက အင်မတန် စာကြိုးစားတယ်။ အိမ်ကိုပြန်ဖို့ အချိန်ပေးရလို့ ကျောင်းဝင်းထဲက အဆောင်မှာနေတယ်။ ကျောင်းပြီးတော့ ကိုယ့်ထက်တောင် အမှတ်ကောင်းနေသေးတယ်။ တတန်းလုံးမှာ အမှတ်အများဆုံး Gold Metal ရတဲ့ ကောင်လေးက ကွန်ပျူတာတက္ကသိုလ်က ကိုယ်တို့ထက် အများကြီးငယ်တယ်။ စာကို တအားကြိုးစားတာလည်းမဟုတ် ဂိမ်းတွေဆော့ရင်း အိပ်ငိုက်ရင်းနဲ့ gold metal ရတဲ့ မာစတာဘရိန်း ဆိုပါတော့။
(ဆက်ပါဦးမယ်)
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅။
6 comments:
Thu said...
ပရိုဂရမ်းမင်းကို စာရွက်ပေါ်မှာချရေးပြီး runရတာ မြန်မာပြည်ကွန်ပျုတာတက္ကသိုလ်မှာပဲရှိတာနော့ မကြီးရာ :D
အခွင့်အရေးရရင်တော့ တကယ်တတ်အောင်သင်တဲ့ တက္ကသိုလ်ကြီးတွေမှာ တက်ချင်ပါသေးတယ်။:)
February 23, 2015 at 12:49 AM
ဆုမြတ်မိုး said...
digital media က စာလည်းများတယ် လက်တွေ့လည်းအရမ်းများတယ်အမရယ်...။ semester တစ်ခုမှာ subject တစ်ခုကို အဆိုင်းမင့် နှစ်ခုစီနဲ့ လက်တွေ့လည်းလုပ်ရတယ် စာတွေလည်းအရမ်းများတယ် ။ NUS က ဝင်ခွင့်ခက်တယ် စာတွေကောင်းတယ် ၊ NTU က ဝင်ခွင့်လွယ်တယ် စာခက်တယ် ။ digital media မှာရုန်းကန်တုန်း သချာၤတွေနဲ့ နပန်းလုံးတုန်း
February 24, 2015 at 7:55 PM
ဆုမြတ်မိုး said...
gold medal ဆိုတော့ LZW တို့နဲ့ တစ်နှစ်တည်းလား း)
February 24, 2015 at 7:58 PM
San San Htun said...
ဆုမြတ်မိုး း digital media အကြောင်း ပြောပြပေးတာ ကျေးဇူး...LZW တို့နဲ့ SA 29 အတူတူ တက်ခဲ့တာပါ...
February 24, 2015 at 8:40 PM
ဆုမြတ်မိုး said...
M tech တက်ချင်ခဲ့ပေမယ့် မကြောင်းမပါဘူးထင်တယ် ။ ပထမတစ်ခါ entrance ဖြေဖို့အကြောင်းကြားတော့ အလုပ်နဲ့ တခြားနိုင်ငံရောက်နေတယ် ။ နောက်တစ်ခါကျတော့ ဖျားနေတာကြောင့် မဖြေနိုင်ခဲ့ဘူး ။ ဒါနဲ့ပဲလက်လျော့လိုက်တာ :D ပြီးတော့ Mtech ရဲ့ dropout rate က တော်တော်မြင့်တယ်နော် ။ NUS မှာတက်ခွင့်ရတာ ကံကောင်းတာပေါ့ း)
February 24, 2015 at 11:07 PM
Post a Comment