ပိတ်ရက်တွေဆို နယူးယောက်တခွင် လမ်းလျှောက်ဖြစ်တဲ့ meet up အဖွဲ့ထဲမှာ ရွန်၊ ဂျွှန်၊ ဟန့်ခ်အဖွဲ့တွေက ကိုယ်အများဆုံး လမ်းလျှောက်ဖြစ်တဲ့ အဖွဲ့တွေပါ။ ရွန်အဖွဲ့က ၆ မိုင် အနည်းဆုံး လျှောက်ရပြီး ဟန့်ခ်နဲ့ဂျွှန်အဖွဲ့ကတော့ ၄ မိုင်လောက်ပဲ လျှောက်ရတယ်။ ဟန့်ခ်နဲ့ဂျွှန်က တိုးဂိုက်လုပ်ခဲ့သူတွေမို့ ကိုယ်မသိသေးတဲ့ နယူးယောက် သမိုင်းကြောင်းကို ရှင်းပြတာများ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ ရွန်ကတော့ လာသမျှလူတွေကို လက်ခံပြီး RSVP လုပ်ပြီး ပေါ်မလာလည်း ကိစ္စမရှိဘူး။ ဒီတော့ သူ့အဖွဲ့က အမြဲတမ်း ၃၀၊ ၄၀ လောက် ရှိတတ်လို့ ရွန်အဖွဲ့ ပြတိုက်သွားမယ်ဆိုရင် ကိုယ်တို့က မလိုက်ဘူး။ ဂျွှန်နဲ့ဟန့်ခ်အဖွဲ့ကတော့ ၃၀ လောက်ပဲ လက်ခံတယ် RSVP လုပ်တဲ့သူတိုင်းလည်း လာကြတယ်။ ရွန်က တခြားအဖွဲ့ရဲ့ အိုင်ဒီယာကို ကူးချတတ်ပြီး တခါတလေ ဘယ်လိုသွားရမှန်း မသိဘူး။ ဂျွှန်က ဟိုအစောကြီးကတည်းက ဘယ်နေရာတွေကို သွားမယ်ဆိုတာ ကြေငြာတယ်။ ဓာတ်ပုံတွေနဲ့တကွ သမိုင်းကြောင်းကို ရှင်းပြတယ် ၄ နာရီ စုရပ်ကို ပြန်ရောက်မယ်ဆိုရင် တကယ်ပြန်ရောက်တယ် တိကျသေချာစေ့စပ်တယ် ဆိုပါတော့။ အမေရိကန်မှာ နံပါတ်တစ် ခရစ်စမတ်မီးထွန်းကြတဲ့ ဘရွှတ်ကလင်းက ဒိုက်ကာဟိုက်ရပ်ကွက်ကို လမ်းလျှောက်အဖွဲ့တွေ သွားကြတော့ ဂျွှန်က ဟိုးအစောကြီးက စီစဉ်တယ်။ ရွန်က စနေနေ့ သွားမယ်ဆို ဗုဒ္ဓဟူးနေ့လောက်မှ ကြေငြာတယ် သွားတော့လည်း ဂျွှန်မတိုင်ခင် ပထမဆုံးဖြစ်အောင် သောကြာနေ့မှာ စီစဉ်တယ်။
ကိုယ်တွေကတော့ ရုံးသမားတွေမို့ မလိုက်နိုင်ပေမဲ့ ပင်စင်စားကြီးတွေကတော့ လိုက်ကြတယ်။ ဝိုင်းက ရွန့်စိတ်ဓာတ်ကို မကြိုက်ဘူး သူက ပထမဆုံးလုပ်တာ ဖြစ်ချင်တယ် နာမည်ကြီးချင်တယ် ပေါ်ပြူလာဖြစ်ချင်တယ် ရှင်းပြရင်လည်း ဆရာကြီးစတိုင်နဲ့ ဂျွှန်န့်အိုင်ဒီယာကူးတာ နှစ်ခါရှိပြီတဲ့။ ဝိုင်း ပြောတော့မှပဲ သတိထားမိတယ် ဟုတ်ပါ့။ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံကိုကြည့်ပြီး ကြာလာရင် လူ့သဘောမနော အတွင်းစိတ်ကို ခန့်မှန်းလို့ရတာမျိုးကိုး။အောက်မက်ဟန်တန်ဖက်ကို လမ်းလျှောက်ကြရင်း ဂျွှန်ရှင်းပြတဲ့ အမေရိကန်သမိုင်းကြောင်းတွေကို လမ်းလျှောက်ရင်း သိခဲ့တာလေးတွေ အပိုင်း ၂ အနေနဲ့ တင်လိုက်ပါတယ်။ ဂျွှန်ညွှန်ပြတဲ့ အဆောက်အဦးက ပထမဆုံးအမျိုးသမီးဆေးရုံနဲ့ ပထမဆုံးအမျိုးသမီးဆေးကောလိပ်ပါ။ တည်ထောင်တဲ့သူက အမေရိကန်မှာ ပထမဆုံး ဆေးပညာဘွဲ့ရရှိတဲ့ အဲလီဇဘက်ဘလက်ဝဲလ် Elizabeth Blackwell (၁၈၂၁ - ၁၉၁၀) ပါ။ အဲလီဇဘက်က ဗြိတိသျှလူမျိုး ဘရစ်စတယ် Bristol မြို့မှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ ဆယ်တစ်နှစ်သမီးအရွယ်မှာ ဘရစ်စတယ်မြို့က မငြိမ်မသက်ဖြစ်လာတော့ အမေရိကားကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ အယ်လီဇဘက်ဖခင် ဆင်မြူရယ်ဘလက်ဝဲလ်က လစ်ဘရယ်အမြင်ရှိတဲ့သူပါ။ ကောင်းကောင်းမွန်မွန် မပြုမူတဲ့ ကလေးတွေကို ရိုက်နှက်ဆုံးမတာထက် ဆံပင်ဖြတ်ပြီး စာအုပ်အနက်ထဲ ထည့်သိမ်းတာမျိုး၊ ညစာထမင်းစားပွဲကနေ နှင်ထုတ်တာမျိုးတွေ လုပ်ပါတယ်။ ကလေးတဦးချင်းစီမှာရှိတဲ့ မွေးရာပါ အရည်အချင်း၊ ပါရမီတွေကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးရှိတယ်လို့ ယုံကြည်ပါတယ်။
အဲလီဇဘက် ဆေးပညာလေ့လာဆည်းပူးလိုစိတ် ဖြစ်ပေါ်စေတဲ့ အကြောင်းအရာကတော့ သူ့သူငယ်ချင်းမ သားအိမ်ကင်ဆာဖြစ်တဲ့အခါ ကုသပေးတာက အမျိုးသားဆရာဝန်တွေဆိုတော့ အမျိုးသမီးဆရာဝန်တွေ ရှိစေချင်လိုက်တာလို့ တောင့်တပါတယ်။ အဲလီဇဘက် ဆေးပညာသင်မယ်ဆိုပြီး ဆေးကျောင်းလျှောက်တာ လျှောက်တဲ့ ၂၇ ကျောင်းလုံးက ပယ်ချပါတယ်။ နောက်ဆုံးမှာတော့ နယူးယောက်အထက်ဖက် upstate က ဂျီနီဗာဆေးကောလိပ်က လက်ခံလိုက်ပါတယ်။ ဝင်ခွင့်ကို အလွယ်တကူ ခွင့်ပြုလိုက်တာတော့ မဟုတ်ပါဘူး တခြားဆေးကျောင်းသား ၁၅၀ ထဲက တယောက်ယောက်က နိုးဆိုရင် ဝင်ခွင့်မပြုနိုင်ပါဘူးတဲ့။ ကျောင်းသားတွေကလည်း ပထမဆုံးအမျိုးသမီးဆိုတော့ နောက်ပြောင်ချင်ကြတာလား နောက်တော့မှ စိတ်ပျက်လက်ပျက် ထွက်ခွာသွားရင် လှောင်ပြောင်ချင်ကြလို့လားတော့မသိ အားလုံးက ရက်စ်တဲ့။ အမျိုးသမီးတယောက်ပါဝင်လာတော့ နောက်ပြောင်ဆူညံ ပွက်လောရိုက်နေတတ်တဲ့ ကျောင်းသားတွေသာ ဂျန်းတဲမန်းဆန်ဆန် သင်ယူလေ့လာကြပါတယ်။ လူနာကို ရောဂါရှာဖွေရင် အမျိုးသမီး ဆေးကျာင်းသူကို အထင်မကြီးလို့ ရောဂါရာဇဝင်ကို အကုန်အစင် မပြောပြတာမျိုး၊ လက်ထောက်လုပ်ကြတဲ့ ဆေးကျောင်းသားတွေက မကူညီတာမျိုးတွေ ကြံကြုံရပါတယ်။ အဲလီဇဘက်ရဲ့ ဆေးပညာသင်တဲ့ ခရီးက ချောမွေ့နေတာတော့ မဟုတ်ပါဘူး ဆေးကျောင်းသားတွေထက် အဆပေါင်းများစွာ ကြိုးစားရပါတယ်။ နောက်ဆုံးမှာတော့ ဆေးကျောင်းသား ၁၅၀ ကို ကျော်လို့ ပထမဆုရတဲ့အခါ ကျောင်းအုပ်ကြီးကိုယ်တိုင်က လက်ဆွဲနှုတ်ဆက်ပါတယ်။
ဆေးပညာ ထပ်သင်ဖို့ အင်္ဂလန်ကို ထွက်ခွာခဲ့ပါတယ်။ နောက်တော့ ဥရောပတခွင်မှာ တာဝန်ထမ်းဆောင်တော့ ဆရာဝန်မဟုတ်ဘဲ သူနာပြုအဆင့်လောက်သာ ပေးချင်တာမို့ အခက်အခဲတွေ အများကြီး ကြုံပါတယ်။ ကလေးကို ခွဲစိတ်ကုသနေတုန်း မတော်တဆမှုဖြစ်လို့ ဘယ်ဖက်မျက်စိ အလင်းကွယ်သွားပါတယ်။ အဲလီဇဘက် ဖြစ်ချင်တဲ့ ခွဲစိတ်ဆရာဝန် မဖြစ်နိုင်တော့တာမို့ ဆေးပညာ ဆက်လက်ဆည်းပူးပြီး အမေရိကန်ကို ပြန်လာပါတယ်။ ပြီးတော့ ပထမဆုံး အမျိုးသမီးဆေးရုံ၊ ပထမဆုံးအမျိုးသမီး ဆေးကောလိပ်ကို တည်ထောင်ပါတယ်။ အဲလီဇဘက်ရဲ့ ညီမ အီမလီက အမေရိကန်မှာ တတိယမြောက် ဆေးပညာဘွဲ့ရတဲ့ အမျိုးသမီးပါ။ ဂျွှန်က ဓာတ်ပုံတွေနဲ့တကွ ရှင်းပြတော့ အားလုံးက incredible story ၊ amazing and strong woman လို့ ပြောကြပါတယ်။ အရင်ခေတ်က မိန်းကလေးတွေဟာ မိသားစုထဲမှာ ယောကျာ်းလေးတွေလောက် ဦးစားပေးမခံရတော့ သူတို့ရဲ့ ရည်မှန်းချက်၊ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ပေါ်ဖို့ ယောက်ျားလေးတွေထက် ပိုကြိုးစားရတယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ အရင်ခေတ်တုန်းက မိန်းကလေးဆိုတာ ပညာတတ်ပြီး ဘာလုပ်မှာတုန်း ယောကျာ်းကောင်းရဖို့ပဲလိုတယ် သေစာရှင်စာတတ်ရင် တော်ပြီ အိမ်တွင်းမီးဖိုချောင်နိုင်ရင် တော်ပြီဆိုပြီး ကျောင်းနုတ်လိုက်ကြတာ များပါတယ်။ ယောကျာ်းလေးကျတော့ မိသားစုကို ရှာဖွေကျွှေးမွှေးရမဲ့သူမို့ ပညာတတ်ဖို့ အရေးကြီးတယ်။ အိုင်စီအက်၊ ဘီအေအောင်လို့ မြို့အုပ်၊ အရာရှိအရာခံဖြစ်မှ လစာကောင်းမှာကိုး။
ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ Colourful Myanmar စာအုပ်ထဲက Education of women အပိုင်းထဲမှာ "After putting up with class-room bullies' teasing and pigtail-pullings, and having her ribbon bows snatched and stolen, the only thing she could do as to beat the boys at lessons, beat them right and left." မိန်းကလေးတွေ စာတော်ပြန်ရင်လည်း နာသကွာ ယောကျာ်းလေးသာ ဖြစ်လိုက်စေချင်တော့တယ်လို့ ဆိုကြသေးတယ်။ "She is so clever, what a pity she's a girl ... if only she were a boy!" was the refrain played on with the most exasperating repetition. ကိုယ် ငယ်ငယ်တုန်းကလည်း စသလိုနောက်သလိုနဲ့ ကိုယ့်လွယ်အိတ် ဆွဲပြေးတဲ့ကျောင်းသား၊ ဆံပင်ဆွဲဆောင့်ပြေးတဲ့ ကျောင်းသားတွေဆို မှတ်ထားတယ်။ စာရတဲ့ကျောင်းသားတွေက ဆရာမဆီမှာ အရင်စာဆိုကြပြီး ကျန်တဲ့ကျောင်းသားတွေက အဲဒီကျောင်းသားတွေဆီမှာ စာဆိုရတယ်။ ကိုယ့်ကိုစနောက်တဲ့ ကျောင်းသားဆိုလို့ကတော့ ကိုယ်ဘယ်တော့မှ စာထောက်မပေးဘူး။ သူတို့အနိုင်ကျင့်သမျှကို ကိုယ်ပြန်လည်ချေပနိုင်တာဆိုလို့ စာမှာပဲရှိတယ်။ ကိုယ်တို့နှစ်တုန်းက ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်က ယောကျာ်းလေးတွေက ၃၅၀၊ မိန်းကလေးတွေက ၃၇၀ ငါးဘာသာခေတ်ပါ။ အမေရိကန်မှာတော့ အမျိုးသမီးတွေ မဲပေးနိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ အရင်တုန်းက အမျိုးသမီးတွေကို စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခွင့် မပြုဘဲ နောက်တန်းမှာပဲ တာဝန်ထမ်းဆောင်ရပါတယ်။ ခုဆိုရင်တော့ အမျိုးသမီးတွေ ရှေ့တန်းစစ်မျက်နှာပြင်မှာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နေကြပါပြီ။ combat မှာ အမျိုးသမီးတွေ တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်ပေမဲ့ တချို့နေရာတွေမှာတော့ တာဝန်ထမ်းဆောင်ခွင့် မပြုသေးပါဘူး။ အမျိုးသမီးတွေဟာ တန်းတူရပိုင်ခွင့်၊ စိတ်ကူးအိမ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် ခုထိတိုက်ပွဲဝင်နေရတုန်းပါပဲ။
ဟိုးအရင်ခေတ်တုန်းက အမေရိကန်အမျိုးသမီးတွေဟာ ဂါဝန်အထူကြီးအောက်မှာ ပစ်တီကုတ် အထပ်ထပ်ခံပြီး ဝတ်ဆင်ကြပါတယ်။ လေရူးသုန်သုန်ရုပ်ရှင်ထဲက စကားလက်အိုဟာရာတို့ ဝတ်သလိုမျိုးပေါ့။ ၁၉၁၅ ချီကာဂိုမြစ်ပေါ်မှာ Eastland သင်္ဘောနစ်မြှစ်တော့ သေဆုံးတဲ့ ၈၀၀ ကျော်မှာ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေပါ။ အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ဂါဝန်အထပ်ထပ် အလေးချိန်ကြောင့် နစ်မြှပ်သေဆုံးရတာပါတဲ့။ Amelia Bloomer (၁၈၁၈ - ၁၈၉၄) က အထပ်ထပ်ဝတ်ရတဲ့ဂါဝန်အစား တူရကီအမျိုးသမီးတွေစတိုင်ကို အတုယူပြီး ဘောင်းဘီပွပွစတိုင် တီထွင်ခဲ့ပေမဲ့ ခေတ်မစားပါဘူးတဲ့။ သမာရိုးကျ ဂါဝန်အထပ်ထပ် မဝတ်ဆင်ရင် အလုပ်မခန့်ချင်ကြတာလည်း ပါပါတယ်။ သူ ကွယ်လွန်ပြီး တစ်နှစ်အကြာမှ အဲဒီစတိုင်က ခေတ်စားလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်ဘီးပေါ်ပေါက်လာပြီး အမျိုးသမီးတွေ စက်ဘီးစီးတဲ့အခါ လဲပြိုကျရင် ဂါဝန်ထက် ဘောင်းဘီက အိန္ဒြေမပျက်ဘူးကိုး။ ကိုယ်လေးတန်း ကျောင်းသူတုန်းက စက်ဘီးစီးသင်မယ်ဆိုရင် အဖေက ဘောင်းဘီဝတ်ခိုင်းတယ်။ အဖေက ဂိုက်နိုင်တယ်ထင်ပြီး လွှတ်ပေးလိုက်ရင် ဂိုက်မနိုင်သေးတဲ့ကိုယ်က တာဘောင်ပေါ်ကနေ လယ်ကွင်းထဲ နင်းချသွားပြီး ပစ်ပစ်လဲတာ အကြိမ်ကြိမ်။ ကိုယ်တို့အရှိန်နဲ့ နင်းသမျှကို စက်ဘီးနောက်ကနေ ပြေးလိုက်ပြီး ထိန်းပေးရတာ အဖေ အတော်ပင်ပန်းမှာပဲလို့ ကိုယ်တို့ပြောကြရင် အဖေက ခုနေများဆိုရင်တော့ ဘယ်သင်ပေးနိုင်ပါ့မလဲ သမီးရယ်တဲ့။
အဲဒီတုန်းက အဖေက သန်တုန်မြန်တုန်း ခုတော့ အသက်ကလည်း စကားပြောလာပြီ ငယ်ငယ်တုန်းက ပင်ပန်းခဲ့တဲ့ဒဏ်တွေကြောင့် လမ်းများများလျှောက်တယ်ဆိုရင်ပဲ ဒူးနာပြီ။ ကိုယ်တို့မောင်နှမသုံးယောက်လုံး စက်ဘီး၊ ဆိုင်ကယ်စီးတတ်အောင် အဖေပဲ သင်ပေးခဲ့တာပါ။ အမေရိကန်မှာ တခေတ်တခါတုန်းက အမျိုးသားတွေ အလွန်အရက်သောက်ပါသတဲ့။ သူတို့ အလုပ်လုပ်လို့ ရတဲ့လစာက သူတို့သောက်နေတာနဲ့ပဲ ကုန်နေတော့ အမျိုးသမီးတွေက အရက်သောက်မှု ဆန့်ကျင်ရေးတွေ လုပ်ဆောင်ပါတယ်။ လူထုကို သတိပေးတဲ့အနေနဲ့ မြို့ကြီးတွေမှာ ရုပ်တုတွေနဲ့ ရေပန်းလေးတွေ တည်ဆောက်ပြီး ဆော်သြကြပါတယ်။ ကိုယ်တို့ရွာမှာလည်း စက်လှေလိုက်တဲ့ မော်တော်သမားတွေ အရက်သိပ်သောက်ကြတယ်။ သူတို့လစာက အရက်ဆိုင်ကို ပေးရတာနဲ့တင် သူတို့မိသားစုဆီ မရောက်ဘူး။ လစာထုတ်ပေးရင် မိန်းမတွေကိုယ်တိုင် လာထုတ်ရတယ် နိုမို့အရက်ဆိုင်ဆီ ရောက်သွားလို့။ ရခိုင်ပြည်မှာ ကျန်ခဲ့တဲ့ မိန်းမတွေကတော့ ကိုယ်တိုင်လိုက်ထုတ်လို့လည်းမရတော့ ယောကျာ်းက သိတတ်လိမ္မာစွာနဲ့ လူကြုံနဲ့ ထည့်ပေးတော့မှ ယောကျာ်းပိုက်ဆံကို သုံးရတာမျိုး။ မိသားစုကို မစောင့်ရှောက်တဲ့ ယောကျာ်းကို ရလို့ကတော့ မိန်းမတွေမှာ ကိုယ့်ဘာသာ ရှာဖွေစားသောက်ရတဲ့အပြင် မွေးတဲ့ကလေးကိုပါ ကိုယ့်ဘာသာ ကျွှေးမွေးစောင့်ရှောက်ရတာမျိုး။ တချို့ အသောက်အစားကင်း သိတတ်လိမ္မာတဲ့ ယောကျာ်းတွေကျတော့ ဆရာကြီးဆီမှာ အပ်ထားပါရစေဆိုပြီး အဖေ့ဆီမှာ ပိုက်ဆံစုကြတယ်။ သူတို့စုဆောင်းထားတဲ့ငွေနဲ့ သူတို့လိုချင်တဲ့ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေကို ပုသိမ်က မှာဝယ်ပေးရတာမျိုး၊ သားမယားကို ပိုက်ဆံပို့ချင်တယ် ဆိုရင်လည်း လူကြုံနဲ့ ထည့်ပေးရတာမျိုး လုပ်ပေးရတယ်။ အဲဒီလိုသိတတ်လိမ္မာတဲ့ယောကျာ်းက အင်မတန် ရှားပါတယ် အများစုက သောက်စားနေကြတာကိုး။
အဖေ့မှာ မူးရူးနေတဲ့ကောင်တွေကို အသောက်အစားလျှော့ဖို့၊ ပိုက်ဆံစုဖို့ ဆုံးမစည်းရုံးရတယ်။ "လေတဖြူးဖြူးနှင့် မောင်ပြူး စာရေးလိုက်သည်.... ကလေးတွေကို ကျောင်းမှန်မှန်ပို့ ....ဂရုစိုက် .... ကိုယ့်ဘာသာရှာစား .... ငါ့အတွက် ဘာမှစိတ်မပူလေနဲ့ " လို့ အဖေ ဟာသနှောပြီးပြောရင် ကိုယ်တွေမှာ ပြုံးစိစိကို ဖြစ်လို့။ တော်တော်ဟုတ်တဲ့ မောင်ပြူး သူ့အတွက် စိတ်မပူနဲ့ ကိုယ့်ဘာသာရှာစားတဲ့ ပိုက်ဆံတော့ မပို့ဘဲနဲ့။ အရက်သမား မောင်ပြူးမိန်းမကတော့ စာရေးဖော်ရတာကိုပဲ ဝမ်းသာရလေမလား၊ ငါ့ကို ရိုက်နှက်ပြီး အရက်ဖိုးမတောင်းနိုင်လို့ ဒင်း အဝေးမှာနေတာ ခပ်ကောင်းကောင်းလို့ပဲ တွေးလေမလားတော့ မသိပါ။ လင်ဆိုးမယား တဖားဖားဖြစ်ရတာ ကံမကောင်းလိုက်တာ။ ကိုယ်တို့ရွှေပြည်ကြီးမှာလည်း ပြည်တွင်းထုတ်တွေရော၊ နိုင်ငံခြားကနေ တင်သွင်းတာရောနဲ့ ဘီယာဆိုင်တွေ မှိုလိုပေါက်။ လက်ဖက်ရည်တခွက်ထက် ဘီယာတခွက်က ဈေးသက်သာနေတော့ ဘီယာသောက်ကြပေမပေါ့။ ကောင်လေးတွေ ဆုံကြတာလည်း ဘီယာဆိုင်မှာ။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ဆိုရင် သောက်စားပွဲတော်ကြီးကို ဖြစ်လို့။ သမ္မတကြီးက ဘီယာသောက်မဲ့အစား နွားနို့သောက်ကြပါလို့ ဆော်သြတော့ နွားနို့က ဘီယာထက် ဈေးကြီးနေတယ်လို့ ဟားကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ် ကိုယ်တို့ရွှေပြည်ကြီးမှာ နွားနို့က ဘီယာထက် ဈေးကြီးနေတာမျိုး။ နိုင်ငံခြားမှာတော့ အလုပ်ကို အချိန်မှီရောက်ဖို့၊ အလုပ်ပြီးဖို့လိုတော့ ပိတ်ရက်တွေမှ သောက်နိုင်တာမျိုး။ အရက်ဘီယာဝယ်မယ်ဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်မပြည့် အိုင်ဒီစစ်တယ်။ ကိုယ်က သူငယ်ချင်းတွေဆုံကြလို့ အထိမ်းအမှတ် တခုခုရှိမှ ဝိုင်တခွက်လောက် သောက်တတ်တာမျိုး။ ကိုယ်တို့ညီအစ်မတွေက နယူးရီးယားဆို ဘီယာတခွက်တဖလား၊ ဝိုင်တခွက်လောက် သောက်ကြပေမဲ့ မောင်မောင်က ဘာဆိုဘာမှ မသောက်။
ငါးဒိုင်ကလူတွေ စားသောက်ဆိုင်ကို သောက်မယ်စားမယ်သွားကြရင် မောင်မောင့်ကို ဝင်ခေါ်တတ်တယ်။ ဘေးချေ (ရခိုင်လို ဦးလေးလို့ ခေါ်တာပါ) တွေက စိတ်ပူတာပေါ့ အရက်သမားဖြစ်သွားမှာ စိုးတာကိုး။ သွားသောက်တဲ့သူတွေကို မေးမြန်းကြည့်တော့ ဘယ်လောက်အတင်းတိုက်တိုက် မောင်မောင်က တစက်ကလေးမှ မသောက်ဘူးတဲ့ အရက်သောက်ရင်တောင် တော်ဦးမယ် သူစားတဲ့အမြည်းဟင်းက အရက်ဖိုးထက်တောင် များနေသေးတယ်ဆိုတော့မှ စိတ်ချတော့တယ်။ ဒါပေမဲ့လည်း အရက်သမားတွေခေါ်တိုင်း မလိုက်ဖို့ အရက်မသောက်ဖို့ ဟန့်ရတာပါပဲ။ နွေရာသီကျောင်းပိတ်တုန်းက ခဏသွားနေဖူးတဲ့ ညီအစ်မလိုခင်တဲ့ အစ်မရဲ့ယောကျာ်း အရက်မူးပြီး အော်ဟစ်ဆဲဆိုတာကို မြင်တွေ့ဖူးတဲ့အခါ အရက်သမားတွေကို တကယ်လန့်တယ်။ ဂျီတီအိုင်တက်ပြီးမှ အရက်သမားလုံးလုံး ဖြစ်သွားတဲ့ ကလေး၊ အရက်မူးပြီး ရမ်းကားတဲ့ သူငယ်ချင်းမောင်လေးတွေ၊ သောက်လုံးကြီးလို့ ဆေးရုံရောက်ရတာတွေ မြင်ရကြားရတော့ အရက်မသောက်တဲ့ အဖေနဲ့မောင်မောင်ကို ကျေးဇူးတင်ရပါတယ်။ မကြီးဆယ်တန်းအောင်တဲ့နှစ်မှာ အရက်ဖြတ်လိုက်ပြီး တခါတလေ ဘီယာသောက်တတ်တယ်။ အဖေ ဘီယာသောက်လာရင် သိပ်သိသာတယ် ကိုယ်တို့ကို အနားမှာထိုင်ခိုင်ပြီး ငယ်ငယ်တုန်းက သူဘယ်လိုရုန်းကန်းခဲ့ရတဲ့ အကြောင်းတွေကို ပြောပြတတ်တာကိုး။ ဆူနမ်၊ ရာမား၊ အမ်းဒရူးတို့လည်း ဘီယာ၊ ဝိုင် ဖြတ်ထားတာ ကြာပြီ ဘီယာ၊ ဝိုင်က ဝိတ်တက်စေတယ်တဲ့။
Medieval ခေတ် ၅ ရာစုကနေ ၁၅ ရာစုထိ ရောမအင်ပါယာ ကျဆုံးခန်းကနေ ခေတ်ပြောင်းတော်လှန်ရေးအထိ အလယ်ခေတ်လို့ ခေါ်ကြတဲ့အချိန်တုန်းက ဥရောပမှာ အနုသုခုမလက်ရာတွေ ထွန်းကားပါတယ်။ ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ "ဥရောပအနုပညာမိတ်ဆက်" စာအုပ်ထဲမှာ ဥရောပအနုပညာတွေအကြောင်း ရေးထားတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆရာမကြီးဒေါ်ခင်မျိုးချစ်စာအုပ်တွေ ဘားမီးစ်ကလပ်စစ် စာအုပ်စင်ကနေ ဒေါင်းယူနိုင်ပါတယ်။ အမေရိကန် ဘုရားကျောင်းအများစုက မီဒီဘယ်ခေတ်က လက်ရာတွေကို မှီငြမ်းပြီး တည်ဆောက်ထားတာပါ။ ဂျွှန် တိုးဂိုက်လုပ်တုန်းက ဥရောပဖက်က ဧည့်သည်တွေကို လိုက်ပို့ပေးရရင် အင်မတန် သတိထားရတယ်တဲ့။ ဒီဘုရားကျောင်းက အီတလီက နာမည်ကျော်ဘုရားကျောင်း ပုံသဏန်ကိုယူပြီး တည်ဆောက်ထားတာပါလို့ ရှင်းပြရင် ဥရောပသားတွေက ငါတို့မှာ ရှိတာက တကယ့်အစစ်အမှန် မင်းတို့ဆီက ကော်ပီကြီးကို ဘယ်နှယ့် ငါတို့ကို လာပြနေရတာတုန်းလို့ ဘုတောကြသတဲ့။ ဟိုးအရင်တုန်းက အဆောက်အဦးတွေ မျက်နှာစာမှာ ဒီလိုအရုပ်ကြီးတွေ ရှိနေရင် မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူးလို့ ယူဆကြပါသတဲ့။ တရုတ်တွေကတော့ အိမ်ခေါင်မိုးအစွန်းတွေကို ကော့ချွှန်းထားရင် မကောင်းဆိုးဝါး မကပ်နိုင်လို့ ယူဆပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သရဲတွေက တည့်တည့်ပဲ သွားလို့ပါတဲ့။
ကိုယ်တို့ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ တရုတ်သရဲကားတွေမှာ သရဲဆိုတာကြီးက လက်နှစ်ဖက်ကို ဆန့်တန်းလို့ တန်းတန်းမတ်မတ် ခုန်ဆွခုန်ဆွ ပြေးတာကို မှတ်မိနေသေးတယ်။ အနောက်နိုင်ငံမှာတော့ စုန်းမကြီးက ကြောက်နက်ကလေးတစ်ကောင်၊ ဦးထုပ်ချွှန်ကြီးဆောင်း၊ တုပ်ကောက်ကြီးကိုင်၊ တံမြက်စည်းကို ခွစီးလို့ ပျံတယ်။ ကိုယ်ငယ်ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်ထဲမှာတော့ စုန်းဆိုတာ စကောနှစ်ချပ် အတောင်တပ်ပြီး ပျံတယ် ချီးစားစုန်း၊ မီးတောက်စုန်းဆိုတာ ရှိသေးတယ်။ အမေရိကန်တောင်ပိုင်းက အာဖရိကန်ကျွှန်အဆက်အနွှယ် The Gullah တွေက အိမ်အဝင်ဝကို အပြာရောင် ခြယ်ပါတယ်။ မကောင်းဆိုးဝါးတွေက ရေကို မဖြတ်ကျော်နိုင်ဘူးလို့ ယူဆတော့ ဒီအိမ်ဟာ ရေတွေ ပတ်လည်ဝိုင်းနေတယ်လို့ထင်အောင် အပြာရောင်ဆေးသုတ်ပြီး မကောင်းဆိုးဝါးတွေကို မျက်စိလှည့်လိုက်တာပါတဲ့။ မက်ဆီကန်တွေကတော့ အဝါရောင်တောက်တောက် သိပ်ကြိုက်ပါတယ် အိမ်ကို အဝါရောင်တောက်တောက် သုတ်ထားလို့ကတော့ မက်ဆီကန်အိမ်လို့သာ မှတ်လိုက်ပါတော့တဲ့။ ကိုယ်တို့မြန်မာတွေကတာ့ အိမ်စောင့်နတ်၊ လမ်းစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်ရှိတယ်လို့ ယူဆတယ်။ အိမ်မှာ ဘုရားကျောင်းရှိရင်၊ ပရိတ်အိုးရှိရင်၊ ပရိတ်တရားဖွင့်ထားရင် မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူးလို့ ယူဆတယ်လို့ပြောတော့ ဝိုင်းတို့ ဗီယက်နမ်မှာလည်း အတူတူပါပဲတဲ့။ ဗီယက်နမ်တွေဟာ ဘာသာမဲ့တွေဆိုပေမဲ့ ဘိုးဘွားစဉ်ဆက် ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာအယူအဆတွေက သူတို့သွေးကြောထဲ စီးဝင်နေတယ်။ တခါတုန်းက ဗီယက်နမ်စစ်ပွဲတွင်းမှာ သေဆုံးသွားတဲ့ သူ့ဦးလေးအလောင်းကို လေချွှန်နတ်အကူအညီနဲ့ ရှာဖွေတဲ့အကြာင်းတွေကို ပြောပြတုန်းက ကိုယ့်မှာ မြန်မာနဲ့ တူလိုက်တာလို့ တွေးမိသေးတယ်။
ဘာရယ်မဟုတ်ပါဘူး နယူးယောက်တခွင် လမ်းလျှောက်ရင်း သိခဲ့တာလေးတွေပါ။
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅။
Photos credit to Google.
ရေးခဲ့ပြီးတာတွေက
လမ်းလျှောက်ရင်း သိခဲ့တာလေးတွေ
3 comments:
ကိုယ်တို့ကသိလည်းမသိ..
စန်းထွန်း..
နေကောင်းတယ်မဟုတ်လား။
မမအိုင်အိုရာ
မီးမီးငယ် said...
စက်ဘီးစီးသင်ပေးတာအဖေ
ဆိုလို့ကိုယ်လည်းအဖေ့ကိုသတိရမိတယ်
နောက်ကနေကိုင်ကိုင်ပြီးပြေးလိုက်ရတာလေ..
စန်းထွန်းလေးနယူးယောက်သူလုံးလုံးဖြစ်နေပြီ..
နယူးယောက်အကြောင်းတော်တော်သိနေပြီ..
ကိုယ်တို့ကသိလည်းမသိ..
နေရာလည်းအနှံမရောက်ဖူးသေးဘူးဟာ..
February 18, 2015 at 6:55 PM
Anonymous said...
စန်းထွန်း..
တချို့ဟာတွေပြန်ဖတ်ချင်လို့ရှာတာအချိန်အရမ်းပေးရတယ်။
အဆင်ပြေရင် Search လေးထဲ့ပေးပါလား။ လွယ်လွယ်နဲ့ရှာနိုင်အောင်။
နေကောင်းတယ်မဟုတ်လား။
မမအိုင်အိုရာ
February 20, 2015 at 12:39 AM
Post a Comment