Lupus - ၁

မနှစ်က ခရစ်စမတ်ချိန်လောက်မှာ လက်ဆစ်တွေ သိသိသာသာ ဖူးယောင်လာလို့ မေးမြန်းကြည့်တော့ ယူရစ်အက်ဆစ်များတာလား၊ လေးဖက်နာလား တခုခုလို့ ထင်ကြေးပေးကြတယ်။ ဘာတွေစားလဲလို့ စစ်ဆေးကြည့်တော့ လား...လား အဲဒီမတိုင်ခင်က မျှစ်ချဉ်တစ်ဘူးဝယ်ပြီး ဝက်နံရိုးနဲ့ချက်စားနေတာကိုး ယူရစ်အက်စစ် များတာဖြစ်ရမယ်။ Wallgreens က ဆေးဆိုင်ကို သွားမေးတော့ ဂျူတီကုတ်ဝတ် ဆေးဝါးကျွှမ်းကျင်သူကောင်လေးက ယူရစ်အက်ဆစ် များတာလား၊ လက်တွေကို တအားသုံးတာလား တခုခုပဲ။ ဖြစ်နိုင်တယ် ကိုယ်က ပရိုဂရမ်မာဆိုတော့ တချိန်လုံး ကွန်ပျူတာကီးဘုတ်တွေကို တဖျောင်းဖျောင်း ရိုက်ရတာကိုး။ ဂေါက်လည်း ဖြစ်နိုင်တယ် ဂေါက် ဟုတ်တယ် g-o-u-r-t ။ ဂေါက်ဖြစ်နေတဲ့ အဘိုးကြီး အဘွားကြီးတွေရဲ့ ခြေမတွေ ကွေးကောက်နေတာ မြင်ဖူးတယ်။ ဂေါက်က အသက်ကြီးမှ ဖြစ်တာ အကောင်းဆုံးကတော့ သွေးစစ်တာ။ ဘယ်မှာ သွေးသွားစစ်ရမှာတုန်း နီးစပ်ရာ ဆေးခန်းတွေမှာ သွေးသွားစစ်လို့ရတယ်။ သွေးစစ်ဖို့ ဘယ်ဆေးခန်းမှာ သွားစစ်ရမှန်းမသိ။ မကြီးငယ်သူငယ်ချင်းရဲ့ သူငယ်ချင်း အစ်မနန်းစံကို မေးကြည့်တော့ မြန်မာဆရာဝန် ဆေးခန်းနှစ်ခုရဲ့လိပ်စာ၊ ဖုန်းနံပါတ်ရတယ်။ အပွိုင့်မန့်လုပ်တော့ စနေနေ့မနက်ရတယ်။

ကိုယ့်ကျန်းမာရေး အာမခံကဒ်ကုမ္ဗဏီ United Healthcare ကို ဆေးခန်းက လက်ခံလား မေးရတယ်။ ကိုယ့်ကျန်းမာရေးအာမခံကုမ္ဗဏီရဲ့ network မှာ မပါဘူးဆိုရင် ကျသင့်ငွေကို အာမခံကုမ္ဗဏီက မပေးဘဲ ကိုယ်က ပေးရမှာမို့ ကိုယ့်ကျန်းမာရေးအာမခံကုမ္ဗဏီရဲ့ network တွင်းမှာပါဝင်တဲ့ ဆေးခန်းတွေကို ရှာရမှာပါ။ ဆေးခန်းစုံစမ်းနေတဲ့ အချိန်အတွင်း ယူရစ်အက်စစ်များစေတဲ့ အစားအစာတွေကိုရှောင်။ ယူရစ်အက်ဆစ်များစေတဲ့ အစားအစာတွေက ပင်လယ်စာ၊ မြေကြီးက တိုက်ရိုက်ထွက်တဲ့ အပင်တွေလို့ အိုမားကပြောတော့ အိုမားသမီးအငယ်ဆုံး ငယ်လေးက မေးခွန်းထုတ်မယ် ဟန်ပြင်ရော အိုမားက နေဦး အပင်တွေအကုန်လုံးက မြေကြီးထဲက ထွက်တာ မဟုတ်ဘူးလားလို့ မေးမလို့မလား။ မြေကြီးကနေ တိုက်ရိုက်ထွက်တဲ့ မျှစ်၊ မှို၊ အာလူး၊ ကန်စွန်းဥတို့ကို ဆိုလိုချင်တာ။ မြေကြီးထဲက တိုက်ရိုက်ထွက်တဲ့ အပင်တွေကို ရှောင်နိုင်ပေမဲ့ ပင်လယ်စာကျတော့ မရှောင်နိုင်ပြန်ဘူး ပုဇွန်အစား ဆော်လမွန်ငါး စားရတယ်။ ဒီလိုနဲ့ ဆေးခန်းရောက်တော့ ပထမဆုံးလာတာဆိုတော့ ဖောင်ဖြည့်၊ ကျန်းမာရေးအာမခံကဒ် အချက်အလက်ယူ၊ မနက် ၈ နာရီကနေ စောင့်လိုက်တာ နေ့လည် ၁၁ နာရီမှ ဆရာဝန်နဲ့ တွေ့ရတော့တယ်။ ဆေးခန်းပြပြီးရင် မနက် ၁၁ နာရီမှာ Shoewalkers အဖွဲ့နဲ့ ဟိုက်ကင်းထွက်မလို့ စီစဉ်ထားတာလည်း မသွားနိုင်တော့ဘူး။

သွေးဖောက်ရမှာဆိုတော့ မနက်ကတည်းက ဘာမှမစားလာတာ ဝမ်းက တကျူတ်ကျူတ် မြည်နေပြီ။ ဆရာဝန်က ဖြစ်ဖူးတဲ့ ရောဂါရာဇဝင်၊ မိဘတွေရဲ့ရောဂါရာဇဝင်တွေ မေးမြန်းပါတယ်။ ငယ်ငယ်တုန်းက တုပ်ကွေးချိန်ဆို ကိုယ်တို့မောင်နှမနှစ်ယောက် ကွေးတော့တာပဲ။ ဆော့လည်းအတူတူ၊ စားလည်းအတူတူ၊  တုပ်ကွေးဖြစ်တော့လည်း အတူတူဆိုတော့ အမေ့ခမျာ ပင်ပန်းရှာမှာပဲ။ တုပ်ကွေးချိန်ဆို တနယ်လုံးက ကလေးတွေ တဖက်ကမ်း ကျောက်ချောင်းရွာက ဆရာဝန်ကြီး ဦးကြည်ဝင်းဆေးခန်းမှာ ဒင်းကြမ်းပြည့်နေတော့တာပဲ။ သွေးလွန်တုပ်ကွေးပြင်းရင် အသက်ဆုံးပါးနိုင်တာကိုး။ တလောက အမေ့ဆီဖုန်းဆက်တော့ နေမကောင်းလို့ ကျောက်မြောင်းက ဆရာဝန်မှာ ပြနေတယ်တဲ့။ ဟင် ဘာလို့ ဘူတာရုံလမ်းက ကိုယ်တို့လက်စွဲတော် ဆရာဝန်ဦးသိန်းလွင်ဆီ မပြဘဲ  ကျောက်မြောင်းအဝေးကြီးဆီ သွားပြတာလဲမေးတော့ ကျောက်မြောင်းဆရာဝန်က ဆရာဝန်ကြီးဦးကြည်ဝင်း သမီး မှတ်မိလား သမီးတို့ ငယ်ငယ်တုန်းက တုပ်ကွေးဖြစ်တော့ ကုပေးတဲ့  ဆရာဝန်ကြီးဦးကြည်ဝင်းလေ။ အခု ကျောက်မြောင်းမှာ ဆေးခန်းဖွင့်နေတယ် ဆေးခန်းမှာ ဟိုင်းကြီးသား တော်တော်များများ တွေ့ခဲ့တယ်တဲ့။ ကြည့် ကိုယ်တို့ဟိုင်းကြီးသားတွေက ဒေသစွဲကြီးပုံများ  ပြောပါတယ်။




ပုသိမ်မှာ အထက်တန်းကျောင်းတက်တော့ စရောက်တဲ့နှစ်က အင်မတန် ချူချာတယ် တလတခါ ဆေးခန်းပြေးရတယ်။ အပျိုပေါက်အရွယ် ဟော်မုန်းအပြောင်းအလဲမို့ဖြစ်တာ စိုးရိမ်စရာ မရှိပါဘူးတဲ့။ အဲဒီနောက်မှာတော့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်မြည်ပဲ။ မောင်မောင့်လို မျောက်မူးလဲအောင် မဆော့ပေမဲ့ ကိုယ်ငယ်ငယ်တုန်းက အင်မတန်ဆော့တာ။ အပြေး၊ ကြိုးခုန်၊ အားလူးကောက်၊ တုပ်ဆီးတိုး၊ ကျောင်းအားကစားပွဲတွေမှာလည်း ပါတယ်။ စကပ်တလွှားလွှားနဲ့ ကြိုးခုန်နေတာ အမြင်မသင့်တော်ဘူး ၇ တန်းကျောင်းသူတွေ ကြိုးမခုန်ရလို့ ဆရာမတွေ တားမြစ်တော့မှ မခုန်တော့တာ။ နောက်တော့ အတန်းကြီးလာတာနဲ့အမျှ စာတွေပိ၊ ကျောင်း၊ ကျူရှင်နဲ့ မဆော့ဖြစ်တော့ဘူး။ တိုက်ခန်းကျဉ်းကျဉ်း၊ ဆော့ကစားဖို့နေရာမရှိ၊ မူလတန်းဆိုပေမဲ့ ကျူရှင်၊ ဂိုက်နဲ့ စာပိနေတဲ့ မြို့က ကလေးတွေကို သနားမိတယ်။ ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်မှာ ဇယ်ခုန်၊ လွတ်နေတဲ့ အခန်းထဲမှာ စိန်ပြေးတမ်းကစား၊ ရုပ်ရှင်ဇာတ်ကား နာမည်ဖွက်တမ်း ကစားတယ်။ တခြားအဖွဲ့ထဲက တစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားနာမည်ပြောပြ အဲဒီတစ်ယောက်က အမူအယာမျိုးစုံလုပ်လို့ အဖွဲ့သားတွေက ရုပ်ရှင်ဇာတ်ကား နာမည်ဖော်တာကို ဘေးကနေ ဟိုဟာလေ၊ ဒီဟာထင်တယ်နဲ့ မှားသွားအောင် ပြောရတယ်။ လမ်းဘေးစာ၊ လက်သုပ်မုန့်တွေကြိုက်တဲ့ကိုယ် အူအတက်ရောင် နှစ်ခါယောင်တော့ ဆရာဝန်က ခွဲမလား၊ ဆေးသောက်မလား မေးတယ်။

အဲဒီတုန်းက စာမေးပွဲက နီးနေပြီဆိုတော့ မခွဲတော့ဘဲ ဆေးသောက်၊ အရည်တွေချည်းပဲ ၁၀ ရက်လောက် သောက်လိုက်ရတာ ယူပစ်သလို ပိန်ကျသွားတဲ့ ကိုယ့်ကိုတွေ့တော့ ကိုယ့်သူငယ်ချင်းတွေဆိုတာ ကိုယ့်ကို သနားလို့တဲ့။ စားချည်ဦးဟဲ့ လမ်းဘေးစာ၊ လက်သုပ်ချဉ်။ အဲဒီကတည်းကစလို့ လမ်းဘေးစာ၊ လက်သုပ်ချဉ်၊ အချဉ်တည်ထားတဲ့ အစားအသောက်၊ ငရုတ်ဆီတွေ ရှောင်ရတာ ခြင်္သေ့ကျွှန်းကို ရောက်တဲ့အထိပါပဲ။ ခြင်္သေ့ကျွှန်းမှာတော့ အစားအသောက်တွေက သန့်ရှင်းတယ်။ ၂၀၁၁ အိုင်အိုဝါပြည်နယ်မှာ ကျောင်းတက်နေတုန်းက ပိုလန် (ပန်းဝတ်မှုန်)အလာဂျီ ဖြစ်ဖူးတယ်။ အဲဒီအကြောင်း ကုတ်ခြင်းများစွားဖြင့် ဆိုပြီးတော့ ပို့စ်တစ်ပုဒ်တောင် ရေးဖူးပါသေးတယ်။ တကိုယ်လုံး ယားလာလို့ တညလုံး ကုတ်ဖဲ့နေရတာ။ နောက်နေ့ ကျောင်းသူနာပြုဆီ သွားပြတော့ သူကိုယ်တိုင်  ဆေးရုံကို ခေါ်သွားတယ်။ ဆရာဝန်မက သုံးနေကျမဟုတ်တဲ့ ဆပ်ပြာအသစ်၊ လိုရှင်းအသစ် သုံးသလား၊ အဝတ်အစားအသစ် ဝတ်သလား၊ စားနေကျမဟုတ် မဟုတ်တဲ့ အစားအသောက်တွေ သုံးသလား ဘာဆိုဘာမှ မသုံးပါ။ နောက်တော့ ပိုလန်အလာဂျီလို့ ရောဂါနာမည်တပ်လိုက်ပြီး ၆ နာရီ အချိန်အတိအကျခြားပြီး ဆေးတွေသောက်ရတယ်။ ကန်တက်ကီ၊ မေရီလန်းမှာနေတော့ ပိုလန်အလာဂျီ မဖြစ်ဘူး။ ဒီတော့ အိုင်အိုဝါပြည်နယ်မှာရှိတဲ့ ပန်းတစ်မျိုးက ကိုယ့်ကို အလာဂျီဖြစ်စေတယ်လို့ ယူဆရတယ်။

ပိုလန်အလာဂျီကို အမေရိကန်တော်တော်များများ ဖြစ်ကြတယ်။ ကန်တက်ကီအိမ်ရှင်ဆို ပိုလန်အလာဂျီဖြစ်ရင် ဟပ်..ချိုး လို့ အကျယ်ကြီး နှာချီတတ်တယ် မျက်စိနှစ်လုံးကလည်း ရဲရဲနီလို့။ ဝါရှင်တန်ဒီစီရုံးက ဆူပါဗိုက်ဆာ သီဟိုဒိုဝိန်းရိုက်ဆို ပိုလန်အလာဂျီဆေး မသောက်ခဲ့ရင် နှာရည်တရွှဲရွှဲ။ ပရောဂျက်မန်နေဂျာကင်ရဲ့ မျက်စိနှစ်လုံးက ပေါက်ထွက်သွားမလား ထင်ရအောင် ရဲရဲနီနေလို့ မျက်စိနာတာလားဟင်လို့ မေးကြည့်တော့ ပိုလန်အလာဂျီတဲ့။ ရာသီဥတုအေးရင် ရာမား ခြေထောက်မှာ အနီကွက်တွေ ထလာပြီး ယားတယ်တဲ့။ ကိုယ်က ရာမားက ပိန်ညောင်နေပြီး အဆီအသားမရှိလို့ အအေးဒဏ် မခံနိုင်တာလို့ တွေးတယ်။ ကိုယ်လည်း ရာသီဥတုအေးရင် နှာရည်တွေကျလို့ နှပ်သုတ်ပဝါ ဆောင်ရတယ်။ ဒါတွေကတော့ ကိုယ်ဖြစ်တဲ့ ရောဂါတွေပါ။ ကိုယ့်မိဘတွေ ကျန်းမာရေးဆိုရင်တော့ အမေက အတော် ကျန်းမာရေးကောင်း၊ ကိုယ်ခံအားကောင်း၊ အလုပ်အများကြီး လုပ်နိုင်တဲ့သူ။ အမေ နေမကောင်းတာ မမြင်ဘူးသလောက်ဘဲ။ ကိုယ်တို့ငယ်ငယ်တုန်းက ဟိုင်းကြီးရွာသစ်မှာနေတုန်းကဆိုရင် မနက်အစောကြီးထ မနက်စာ၊ ညစာအတွက် ချက်ပြုတ်ပြီး နေထွက်တာနဲ့ တနာရီလမ်းလျှောက်အဝေးမှာရှိတဲ့ အဖေ အလုပ်လုပ်တဲ့ စံပြရွာကို ခြေလျင်လမ်းလျှောက်သွားပြီ။ အမေနဲ့ ကိုယ်တို့မောင်နှမအားလုံးကို အဖေက စက်ဘီးစီးသင်ပေးခဲ့ပေမဲ့ အမေက စက်ဘီးမစီးတတ်ခဲ့ဘူး။




ရန်ကုန်မှာ ဆိုရင်လည်း မနက်အစောကြီး အိပ်ယာထ၊ ထမင်းအိုး၊ ရေနွေးတည်၊ အဝတ်လျှော်ပြီးလို့ အိပ်ယာက မနိုးသေးတဲ့ ကိုယ်တို့မောင်နှမတွေကို သားတို့၊ သမီးတို့ ဘာမုန့်စားမလဲ၊ ဘာဟင်းစားချင်လဲလို့မေးပြီး ဈေးသွားတယ်။ အမေ ဈေးကပြန်လာတော့မှ ကိုယ်တို့မောင်နှမတွေက အိပ်ယာကထကြပြီး အမေ ဝယ်လာတဲ့မုန့်တွေနဲ့ မနက်စာစားကြတယ်။ အမေ မရှိရင် မနက်စာမုန့်ကို နင် သွားဝယ်၊ ငါ သွားဝယ်လို့ တွက်ကပ်ကြတာနဲ့ အမေ မရှိရင် မနက်စာမုန့်ငတ်ကြတယ်။ အမေဟာ အတော့်ကို အလုပ်လုပ်နိုင်တဲ့သူ ကိုယ့်တို့မောင်နှမတွေ အမေခြေဖျားကို မမှီဘူး။ လွန်ခဲ့တဲ့လေးနှစ်က အမေ မီးယပ်သွေးဆုံးဖြစ်တော့ ဗမာဆေး၊ အင်္ဂလိပ်ဆေးတွေနဲ့ အတော်ကုယူရတယ်။ အမျိုးသမီးတွေ သွေးဆုံးရင် မီးယပ်သွေးဆုံးရောဂါ အနည်းနဲ့အများ ခံစားရတာမို့ မိသားစုရဲ့ ဂရုစိုက်စောင့်ရှောက်မှုက တော်တော်အရေးပါပါတယ်။ မီးယပ်သွေးဆုံးကိုင်တယ်ဆိုပေမဲ့ တကိုယ်လုံးစစ်ကြည့်တော့လည်း ဘာရောဂါမှ မရှိ အင်မတန် ကုသရခက်တဲ့ ရောဂါတစ်မျိုး။  ကြားဖူးတာတော့ အသက် ၄၀ ပြည့်တဲ့နေ့မှာ နွားနို့တပိသာ သောက်ရတယ်ဆိုလားပဲ။ အရင်တုန်းက သားသမီးတွေ လိုအပ်တာကို အရိပ်တကြည့်ကြည့် ဖြည့်ဆည်းပေးတတ်တဲ့ အမေဟာ မီးယပ်သွေးဆုံးကိုင်တော့ စိတ်တွေကယောက်ခြောက်ခြားဖြစ်၊ အခုချက်ချင်း ဆေးရုံးမတက်ရရင် သေရပါတော့မယ်လို့ဖြစ်လို့အက်စ်အက်စ်စီဆေးရုံ ညတွင်းချင်းတက်မယ်ဖြစ်ရော။ ဆေးရုံမှာ နေရာလွတ်မရှိပေမဲ့ ပွဲစားလို့ ကိုယ်တို့ဟိုင်းကြီးသားတွေ ခေါ်ကြတဲ့ ပွဲရုံသူဋ္ဌေးက အက်စ်အက်စ်စီဆေးရုံပိုင်ရှင်တစ်ဦးမို့ ပွဲစားကို အကူအညီတောင်းတော့ နေရာရတဲ့အပြင် ဗွီအိုင်ပီကနေ လာတာဆိုတော့ ဆေးရုံဝန်ထမ်း၊ ဆရာဝန်တွေက ဂရုတစိုက် ရှိကြတယ်တဲ့။

အရင်တုန်းက သားသမီးကို ဂရုတစိုက် အရိပ်တကြည့်ကြည့်ပေမဲ့ မီးယပ်သွေးဆုံးကိုင်တော့ သားသမီးကိုလည်း ဂရုမစိုက်တော့ဘဲ ၂၀၀၉  ကိုယ့်ဘွဲ့နှင်းသဘင်တက်ဖို့ ခြင်္သေ့ကျွှန်းကိုလာတော့ အမေက သမီးနှစ်ယောက်ကို တွေ့ပေမဲ့လည်း ဝမ်းသာပုံမပြ ဖာသိဖာသာပါပဲ။ အဖေက အမေ့ကို အင်မတန်ချစ် အတော်ဂရုစိုက်တယ်။ တချို့တွေက ယောက်ျားရ ကံကောင်းပြီး သားသမီးကံမကောင်း၊ တချို့ကြတော့ ယောကျ်ားရ ကံမကောင်းပေမဲ့ သားသမီးလကံကောင်းတယ်။ အမေကျတော့ ယောကျ်ားကံရော၊ သားသမီးကံရော ကောင်းလို့ အင်မတန် ကုသိုလ်ထူးတဲ့သူလို့ ကိုယ်တို့တွေ အားကျကြတယ်။ မကြီးက ချဉ်ပေါင်စားချင်တယ်လို့ ချဉ်ပေါင်တွေ‌ချွှေ၊ အခြောက်လှန်း၊ ချဉ်ပေါင်ကြို၊ ပလပ်စတစ်အထုပ်သေးတွေထဲထည့်လို့ Freezer ထဲမှာထည့်၊ စင်္ကာပူပို့ခါနီးမှ အထပ်ထပ်ထုပ်ပိုး၊ သတင်းစာတွေ အထပ်ထပ်ပတ်ပြီး ပို့တယ်။ ချဉ်ပေါင်စားချင်ရင် အဲဒီအထုပ်ကလေးတွေ ထုတ်လို့ ချက်စားချင်စား၊ ကြော်စားချင်စား အဆင်သင့်ပဲ။ မကြီးအတွက်က အဆင့်သင့် အမေ့အတွက်တော့ လက်ဝင်ပေမဲ့ သားသမီးတွေအတွက်ဆို ပျော်နေတာပါပဲ။ ချဉ်ပေါင်ချွှေနေတဲ့ အမေက သူ ချဉ်ပေါင်ချွှေနေတာကို ဓာတ်ပုံရိုက်ပေးပါ ပြီးရင် သမီးတွေဆီ ပို့ပေးပါလို့ တောင်းဆိုလို့ အဖေက ဓာတ်ပုံရိုက်ပြီး ဗိုင်ဘာကနေ ပို့ပေးရတယ်။ ခုတော့လည်း  အမေ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်လို့ သမီးတွေ ဘာလိုချင်လဲ၊ ဘာစားချင်လဲ ပို့ပေးမယ် ဆိုတာချည်းမို့ အတင်းငြင်းနေရတယ်။

မကြီးက အနီးမှာဆိုတော့ အမေ ပို့ပေးသမျှ သူ စားရတယ်။ ကိုယ်ကတော့ အဝေးမှာဆိုတော့ မပို့ရတာကို စိတ်မကောင်းတွေဖြစ်လို့ ကိုယ် ဗမာဆိုင်၊ ယိုးဒယားဆိုင်က ဝယ်စားသမျှကို ဓာတ်ပုံရိုက်ပြီး ကိုယ် ဘယ်လိုစားနေတဲ့အကြောင်း၊ အငတ်မခံတဲ့အကြောင်း အသိပေးရတယ်။ အဖေက အမေ့လောက် မကျန်းမာဘူး။ ကျောက်ကပ်က အကျိတ်အလုံးတည်တာကို ခြေပြီးကတည်းက ဆေးလိပ်ပြတ်တယ်။ မကြီး ပြောလို့ မကြီးဆယ်တန်းအောင်တဲ့နှစ်မှာ အရက်ပြတ်တယ်။ အဲဒီကတည်းက အရက်မသောက်တော့တာ တခါတလေ ဘီယာသောက်လာပြီး စကားတွေအများကြီးပြောရင် ကိုယ်တို့တွေက အဖေ ဘီယာသောက်လာတယ်မလားလို့မေးရင် တဟဲဟဲ ရယ်နေတတ်တယ်။ မောင်မောင်က ဆေးလိပ်၊ အရက် မသောက်ဘူး။ ကိုယ့်သူငယ်ချင်းမောင်လေးတွေ အရက်ကို လူမှန်းသူမှန်းမသိအောင် သောက်ကြတာကို မြင်ရကြားရတာ စိတ်မချမ်းသာစရာကောင်းလွန်းလို့ မောင်မောင် အရက်မသောက်တာလေးကိုပဲ ကိုယ်တို့မှာ ကြံဖန်ချီးမွမ်းနေရတယ်။ အဖေရဲ့ ဒူးဆစ်တွေနာလို့ ဆေးခန်းပြတော့ ဆရာဝန်တွေက ပျောက်သွားအောင်တော့ ကုလို့မရတော့ဘူး သက်သာသွားအောင်လို့ လုပ်ပေးလို့ရတယ်တဲ့။ ခြူးတပြားမှ မရှိတဲ့ဘဝကနေ စက်လှေပိုင်ရှင်ဖြစ်လာအောင်၊ သူ့သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့ အဖေ့ဘဝတလျှောက်လုံး တချက်ကလေးမှ အနားမနေဘဲ အနှစ် ၂၀ ကျော် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတဲ့အတွက် အဖေ့ဒူးတွေဟာ အရင်လို ပြန်ကောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။




ဒူးနာသက်သာအောင်လို့ ဒူးထဲဆေးထိုး၊ ဆေးသောက်တာလောက်ပဲ လုပ်လို့ရတယ်။ အသက် ၆၀ နီးလာတော့ ဆီးချို၊ သွေးချို နည်းနည်းဖြစ်လာလို့ အချို၊ အငန်တွေ စားတာ ထိန်းရတယ်။ နှစ်တိုင်း မက်ဒီကယ်ချက်ကပ်လုပ်ရင် ကိုလက်စထရောများနေလို့ ကိုလက်စထရောကျဆေး သောက်ရတယ်။ ၂၀၁၂ မှာတော့ အဖေ့နှလုံးသွေးကြောက ဆိုးဆိုးရွားရွား ပိတ်နေလို့ ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံမှာ     ခွဲစိတ်ကုသပြီး နှလုံးသွေးကြောချဲ့ပေးတဲ့ စတန်ဆိုတဲ့ သေးငယ်တဲ့ပိုက် ၄ ချောင်း ထည့်ပါတယ်။ အဲဒီအတွက် နေ့တိုင်း နှလုံးသွေးကြဲဆေးတွေ သောက်ရပြီး နှစ်စဉ် မက်ဒီကယ်ချက်ကပ် လုပ်ရပါတယ်။ အမေနဲ့အမေ ဘန်ကောက်ကို ဆေးကုဖို့သွားတဲ့အကြောင်းတွေကို ရေခြားမြေခြား ခရီးသွား ပို့စ်တွေ အနေနဲ့ ရေးတင်ဖူးပါတယ်။ ကိုယ့်အရပ်နဲ့ ပေါင်ချိန်တိုင်းတော့ လည်ရှည်ဖိနပ်က လက်မဝက်မြင့်တယ် အေးပါ ဖိနပ်အမြင့်ကို တိုင်းပြီး နှုတ်လိုက်ပါ့မယ် အရပ်က ၅ ပေ ၂ လက်မ။ အဝတ်အစားအတွက် ၃ ပေါင်လျှော့လိုက်တော့ ကိုယ့်အလေးချိန်က ၁၁၆ ပေါင်။ ဟင် အိမ်က ဒစ်ဂျစ်တယ်ပေါင်ချိန်စက်က ၁၂၄ ပေါင်တဲ့ အဲဒီဒစ်ဂျစ်တယ်စက်တွေက မမှန်ဘူး ဆရာ့စက်က အမှန်။ သွေးပေါင်ချိန်လည်း ပုံမှန် အသံပြင်းပြင်းရှူ မင်း လည်ပင်းကြီးနေတယ် သြော် နည်းနည်းအစ်တယ်လို့ ထင်မိသား။ မေးရိုးအောက်၊ လည်ပင်းကို သေသေချာချာ ကိုင်တွယ်ကြည့်၊ တံတွေးတွေ မျိုခိုင်းပြီးတော့ လည်ပင်းကြီးနေတယ် မင်း  သိုင်းရွိုက်အာထရာဆောင်း ရိုက်ရမယ်။

ကိုယ့်အစ်မက လည်ပင်ကြီးလာလို့ ခွဲပြီး သိုင်းရွိုင်းတစ်လုံး ထုတ်ထားရတယ်၊ ဆေးသောက်၊ နှစ်တိုင်း ဘိုင်အိုစီ စစ်ရတယ် ဆရာ။ မင်း အဲဒါ စောစောတုန်းက ဘာလို့မပြောတာလဲ မိသားစုရောဂါရာဇဝင်မှာ ထပ်ထည့်ရမယ်။ အမှန်က မင်းတို့ ပင်လယ်ဒေသဖက်က လူတွေမှာ အိုင်အိုဒင်းဓာတ် ပြည့်ပြီးသား အိုင်ဒိုဒင်းဓာတ် တကယ်လိုအပ်တာက တောင်ပေါ်သားတွေ။ မလိုအပ်ဘဲ အိုင်အိုဒင်းဆားတွေစားဖို့ အစိုးရက ဆော်သြတော့ ခက်ကုန်တာပေါ့။ ဟုတ်တယ်ဆရာ အိုင်အိုဒင်းဆားတွေချည်းပဲ ရိုးရိုးဆား အင်မတန်ရှာရ ခက်တယ်။ အဲဒီရိုးရိုးဆားတောင် အိုင်အိုဒင်းဆားကို နာမည်ပြောင်းထားတာလား မသိ။ မင်း အစိုးရနဲ့ တိုက်ပွဲဖြစ်တဲ့ ကရင်၊ ကချင်ဖက်မှာ နေဖူးလား။ ၁၉၉၉  တုန်းက သာမညဆရာတော်ကို သွားဖူးလို့ ကရင်ပြည်နယ်ဖက်ကို တစ်ခေါက်ပဲ ရောက်ဖူးပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြစ်ဆုံကို တခေါက်လောက်တော့ ရောက်အောင်သွားမယ်လို့ စိတ်ကူးထားပေမဲ့ ခုထိ မရောက်ဖူးသေးဘူး ဆရာ။ မင်း သွားလည်မယ်ကြံရော မြစ်ဆုံဆိုတာရော ရှိပါ့ဦးမလား အမှန်ပါပဲဆရာ။ ကန်တက်ကီအလုပ်က ပါဝါပလန့် (လျှပ်စစ်ဓာတ်အားတွေ ထုတ်တဲ့) စက်ရုံကုမ္ဗဏီ ဒါပေမဲ့ နူးကလီးယားစက်ရုံ မဟုတ်ဘူး သဘာဝဓာတ်ငွေ့သုံးစက်ရုံ ရုံးချုပ်မှာပဲ နေတယ် တခါမှ ဆိုဒ်ထဲ မသွားဖူးဘူး ဆရာ။ တခါတုန်းက လူနာတစ်ယောက်က ချန်နိုဘိုင်းစက်ရုံမှာ အလုပ်လုပ်ဖူးတယ်တဲ့ မင်း ချန်နိုဘိုင်းဆိုတာ ကြားဖူးလား ကြားဖူးတယ် ဆရာ။

(ဆက်ပါဦးမယ်)
စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၁၅။

The triumvirate of the Myanmar stage

       Daw Ah Mar's book Aung-ba-la, Po Sein, Sein-ga-done, a result of years of painstaking research and study, not only breathes life into The triumvirate of minthas who ruled the Myanmar zat stage for half a century, but also recreates the atmosphere of the earlier of the twentieth century.

      The chronological data of the three great theatrical personalities runs thus :
                                   Aung-ba-la 1882-1913
                                   Sein-ga-done 1875-1929
                                   Po Sein 1881-1952
      Today, there survive only a few who had seen Aung-ba-la on zat stage, but to many of us who had grown up during the pre-war days, the name spells magic and enchantment. For, in those days, discs of Aung-ba-la's songs were played in many homes, spiced with running commentaries from the elders who hugged the great artiste's memory to their hearts.

     To be able to appreciate the Myanmar zat, knowledge of the language is essential even though the story theme is well supported by songs and orchestra. Myanmar zat is neither a play, nor a musical nor a ballet, acteristics of the so named theatrical arts. Mintha is the male lead and minthami, his female counterpart; they dance, sing, speak and act as they present the story and zats run the whole night from nine or ten till dawn.

    Daw Ah Mar's book awakens in us nostalgic memories of the wide open spaces round a famous pagoda where the annual festival was being held. It was a wonderland of colorful stalls where one might shop for anything from glazed earthen pots to silk and silver wares. And of course, there would be zat-pwes...Po Sein's and Sein-ga-done's.



    Two large canvas tents ware set up a few years away from each other and the sound of be-hti (ေဗထိ) boomed out from one tent and the challenge was answered by a louder one from the other tent. Crowds began to fill the festival grounds and the two canvas tents blossomed forth with bulbs of electric lights, generated by their own engines.

    People began to gather round the box-offices of the canvas tents and greeted one another. "Which one are you going to see, Po Sein or Sein-ga-done?"

    Then there followed a spirited discussion on the two great reigning kings of the zat theatre.

    "There's none like Po Sein in eloquence, Sein-ga-done comes nowhere near him in this art."
    "But Sein-ga-done has his own inimitable charm. He is dignified, not flippant like Po Sein."
    "Po Sein is exciting to watch .... he is daring and original. His eloquence enthralls the audience."
    "Sein-ga-done may not be loquacious like Po Sein but his intonation is perfect and every word carries depth. He never uses gestures, he would rather hold the audience with his cool grace and dignity."

    "How I wish Aung-ba-la ware still alive, no minthami can compete with him in feminine roles he played. I still remember seeing him for the first time. He came on the stage, dressed as a female dancer, mind you, and the first thought that come was, "How on earth am I going to bear with this thing as minthami tonight?" But as he sang, spoke and danced he became gradually so feminine that when he addressed the mintha with the affectionate monosyllable maung, it was so full of tenderness and love that I almost stood up and answered.

    Aung-ba-la, thought dead and gone for a decade or so, still ruled the zat stage and many minthamis often sang his songs and dances to the delight of the audiences. His art lives on even to this day on the zat as well as on the puppet stage.

   Aung-ba-la was a fantastic personality who became a legend in his own short life. He achieved fame playing female leads in the days when the great Prima Donna Ma Htwe Lay (who had performed at the court of Myanmar kings) that divine Sarah of the Myanmar zat stage had barely vacated her throne and when there was no death of female artistes (minthamis). Aung-ba-la was one of Ma Htwe Lay's pupils and the great minthami's art had found a worthy exponent in Aung-ba-la.



   Aung-ba-la played female leads to Po Sein and Sein-ga-done, and Po Sein, who never allowed anyone to shadow him on the stage, is said to have found Aung-ba-la a formidable rival. As a mere male who beat the female artistes at their won game, Aung-ba-la became the darling of the Myannmar zat stage.

    When he died at the age of thirty-one at Mandalay, his funeral and the mass mourning that followed rivalled that of Vatentino's. The people of Mandalay gave a funeral fit to be a king's and orations and obsequies live on today as fine literary pieces. True to the Myanmar character, the solemnities of Aung-ba-la's funeral were not allowed to go without a touch of wit and humor. Soon after the funeral there appeared in the newspaper of tay-dat ( Myanmar sonnet composed of eighteen lines) condemning the fair sex of shamelessly flaunting their grief for Aung-ba-la. Of course, the language of the poem, to say the least, was colorful, hardly the kind spoken in the presence of, or in reference to ladies.

     The next issue carried a reply, a tay-dat from the 'ladies', who showed that their vocabulary was as picturesque as their brothers. Later someone wrote yet another tay-dat childing them to stop all that nonsense, since the matter must have been started by some jealous indignant young men, because the fair ones would rather weep over Aung-ba-la's heir than spare a glance to them ... so live and handsome.

     Daw Ah Mar's book with texts of song sung by the Great Three, is an achievement in belles-lettres ... which, in my humble opinion, is nothing, when compared to the bitter-sweet memories it awakens in old fogeys like us, making us young and enchanted once again.

P.S - I don't have any copy rights to Daw Khin Myo Chit's book. I love her books, her writing and her sense of humour . She is one of my favorite writers. Her books gave me a great help in my English learning journey. I just want to share her articles with friends and blog readers. Photos : Credit to Google.

The Phantom of the Opera

အမှတ်ငါးလမ်းမကြီး၊  ဘရော့ဝေး လမ်းမကြီးတို့ဟာ မက်ဟန်တန်ရဲ့ အထင်ကရ လမ်းမကြီးတွေပါ။ ဘရော့ဝေးပြဇာတ်ရုံတွေက ဘရော့ဝေးလမ်းမကြီးမှာ ရှိနေမယ်ထင်တာ မဟုတ်ဘူးဗျား တိုင်းစကွဲယားနားမှာ ရှိကြတာ။ ကြုံကြိုက်ရင် တခါလောက် ဘရော့ဝေးပြဇာတ် ကြည့်ဖို့ ဘလော့ဂါ မမအိုင်အိုရာက တိုက်တွန်းတတ်တယ်။ အစကတော့ သူငယ်ချင်းမရှိလို့၊ ဝိုင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့ တိုင်းစကွဲယားက လက်မှတ်ရုံနား ရစ်သီရစ်သီ သွားလုပ်ပြီး ဈေးနှုန်းတွေ စနည်းနာကျတော့ ၅၀ % ဒစ်စကောင့် ချပြီးရင်တောင် ဒေါ်လာ ၇၀ ဆိုတော့ ကိုယ်တို့အတွက် ဈေးကြီးနေသေးတယ်။ ဝိုင်းက သူ့ရုံးအီးမေးလ်နဲ့ဆိုရင် ၁၀ % ဒစ်စကောင့်ရတယ် ဒေါ်လာ ၅၀ လောက်ရရင် ကြည့်ရအောင်လေတဲ့။ သူ့သူငယ်ချင်းဆို နယူးယောက်ရောက်တုန်း The Phantom of the Opera ကြည့်ချင်တာ လက်မှတ်ဒစ်စကောင့် မရလို့ မကြည့်ခဲ့ရဘူး။ Phantom ဆိုတာ ဘာလဲဟင် Ghost ကို ပြောတာ။ ဝိုင်းက ကိုယ့်ထက် အင်္ဂလိပ်စာ ပိုကျွှမ်းပေမဲ့ အသံထွက်ကျတော့ ပြင်သစ်သံဝဲတယ်။ ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်၊ ရေးတတ်တဲ့ ဝိုင်းက တချို့စကားလုံးတွေဆို အင်္ဂလိပ်အသံထွက်ထက် ပြင်သစ်လို ပိုသိတယ်။ ခုလည်း စပိန်စကား သင်နေတော့  အင်္ဂလိပ်၊ ဗီယက်နမ်၊ ပြင်သစ်၊ စပိန် အင်း ရောသမမွှေနေတော့မှာပဲ။ အမေရိကန်မှာ နံပါတ်တစ် ခရစ်စမတ်မီးအလှဆင်တဲ့ ဘရွှတ်ကလင်းက ဒိုက်ကာဟိုက်နေဘားဟုဒ်ဆီ သွားကြတုန်းက ယေရှုခရစ်တော် မွေးဖွားခန်းကို ရုပ်ထုတွေနဲ့ ပြသထားတယ်။

ယေရှုခရစ်တော် မွေးဖွားခန်းကို ရုပ်တုတွေနဲ့ ပြသထားတာကို ဝိုင်းက ပြင်သစ်လို ခရက်ချ်လို့ ခေါ်တယ် အင်္ဂလိပ်လို ဘယ်လိုအသံထွက်ရမှန်း မသိဘူးတဲ့။ လမ်းလျှောက်အဖွဲ့ထဲက နယူးယော့ခ်ကာကြီးလီကို မေးကြည့်တော့ ခရက်ချ်လို့ အသံထွက်ပါသတဲ့။ အင်္ဂလိပ်ဘာသာစကားဟာ တခြားဘာသာစကားဆီက ယူထားတာတွေ ရှိပါတယ်။ ဥပမာ Rendezvous ရောင်းဒီဘူး ဆုံစည်းရာအရပ် ဆိုရင် ပြင်သစ်ဘာသာစကားဆီက ယူထားတာ။ ဆယ်တန်းအောင်ပြီးခါစ အင်္ဂလိပ်စာသင်တန်းကျောင်းတက်တော့ ဆရာကြီးက အဲဒီစကားလုံးက ပြင်သစ်ဘာသာစကားဆီက ယူထားတာ ဆုံစည်းရာအရပ်လို့ အဓိပ္ဗာယ်ရတယ်။ တခါတုန်းက နာမည်ကြီးစာရေးဆရာတစ်ယောက်က စားသောက်ဆိုင်ဖွင့်တယ် ဆိုင်နာမည်ကို ရောင်းဒီဘူးလို့ နာမည်ပေးတယ်။ နာမည်စီးတယ်နဲ့ တူပါရဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေ အဲဒီရောင်းဒီဘူးမှာ ဆုံစည်းကြလွန်းလို့ အဲဒီဆိုင်လည်း မကြာခင် ပြုတ်သွားတယ်လို့ ရောင်းဒီဘူးကို ဇာတ်လမ်းလေးနဲ့ ပြောပြတော့ မှတ်မိနေတယ်။ ကိုယ်တို့မြန်မာစကားမှာတော့ တီဗွီ၊ ကင်မရာ၊ ကွန်ပျူတာ၊ ဂိမ်းစ် အင်္ဂလိပ်စကားလုံးကို တိုက်ရိုက်မွေးစားလိုက်တာပဲ မင်းတို့ဗီယက်နမ်စကားမှာရော။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ဗီယက်နမ်စကားမှာ ပြင်သစ်စကားလုံးတွေ ပါတာပေါ့ကွ။ ဆိုင်ကယ်လက်ကိုင်စကားလုံးဆို ဗီယက်နမ်လိုရော ပြင်သစ်လိုရော အတူတူပဲ။



အိုင်အိုဝါကျောင်းမှာတုန်းက ကိုယ့်သူငယ်ချင်း နီပေါတွေ အာလူး အာလူးလို့ ပြောနေကြသံကြားလို့ မင်းတို့ potatoe ကို ဘယ်လိုအသံထွက်လဲမေးတော့ အာလူးတဲ့။ ဟင် ကိုယ်တို့မြန်မာစကားမှာလည်း အာလူးလို့ အသံထွက်တယ် ဘယ်သူက ဘယ်သူ့ဆီက ကော်ပီထားမှန်း မသိတော့ဘူး။ ဒီလိုနဲ့ The Phantom of the Opera ပြသတဲ့ The Majestic Theatre ကို သွားပြီး ရစ်သစ်ရစ်သီလုပ်ကာ ဈေးနှုန်းစုံစမ်းကြပြန်တယ်။ နေ့လည် ၂ နာရီပြတဲ့အထဲမှာ ဒေါ်လာ ၆၀ က အနည်းဆုံး ည ၈ နာရီထဲမှာ ဒေါ်လာ ၇၀ က အနည်းဆုံး ရုံးပိတ်ရက်ဆို ပိုဈေးကြီးလိမ့်မယ်။ The Longest Running show in Broadway History တဲ့။ နယူးယောက်တခွင် အမိုးဖွင့်နှစ်ထပ်ကားကြီးနဲ့လည်တဲ့ကားပေါ်က တိုးဂိုက်က အဲဒီပြဇာတ်အကြောင်း အတိုချုံး ရှင်းပြတယ်။ အဲဒီပြဇာတ်ရုံနားရောက်ရင် ဓာတ်ပုံတွေ ရိုက်နေကြတာ တွေ့ပါလိမ့်မယ်။ ဝိုင်းက သူတို့ရုံးအီးမေးလ်နဲ့ ဒစ်စကောင့်ရတယ် နေရာတော့ မကောင်းဘူး ၂၇ ကျပ်ကို ဆားဗစ်ခတွေနဲ့ ၃၇ ကျပ် သွားကျတယ် ကြည့်မလားဆိုတော့ အိုကေပေါ့။ ဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီမှာတော့ ပထမဆုံး ဘရော့ဝေးပြဇာတ်ကို ကြည့်ဖူးပါတော့တယ်။ နေရာက အပေါ်ဆုံးထပ် နောက်ဆုံးတန်းကနေရေရင် နှစ်တန်းမြောက် ဇာတ်ခုံညာဖက်နားပါ။ ဝိုင်းရေ ကိုယ်က Binocular အဝေးကြည့်မှန်ပြောင်း၊ maganifying glass မှန်ဘီလူးတွေ ယူလာရမယ်ထင်တာ မြင်ရသားပဲ။ ခုံအပြည့်ပဲ တစ်တန်းပဲလွတ်တယ် ကြည့်ရတာ မှောင်ခိုသမားတွေက ဝယ်ထားပြီး ပြန်ရောင်းတာ မစွံဘူးနဲ့ တူတယ်။

ပွဲမစမှီ ဆယ်လ်ဖီတွေ ရိုက်ကြတယ်။ ဖုန်း၊ ကင်မရာတွေက တင်ဆက်ကပြသူတွေရဲ့ မျက်စိကို စူးစေပြီး တင်ဆက်ကပြရာမှာ အနှောင့်အယှက်ဖြစ်စေတာမို့ ပြဇာတ်ကြည့်နေစဉ် ဖုန်း၊ ကင်မရာတွေနဲ့ မရိုက်ဖို့ သတိပေးတာကို အားလုံးက နားထောင်ပါတယ်။ The Phantom of the Opera ဆိုတာ ၁၉၁၀ မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပြင်သစ်ဝထ္ထုပါ။ ဇာတ်လမ်းကတော့ ပြင်သစ်အော်ပရာလောကမှာ Phantom ဆိုတဲ့ Ghost ရှိတယ်လို့ သတင်းထွက်နေချိန်ပေါ့။ ဇာတ်သဘင်အဖွဲ့တွေ ကပြရင် ဘယ်သူက ကောင်းတယ် ဘယ်သူက ဘယ်ဟာလိုနေတယ်လို့  Phantom က စာတိုလေးတွေ ပေးလေ့ရှိပါတယ်။ ဇာတ်အဖွဲ့တစ်ခုမှာ မင်းသမီးက အသံပျောက်သွားလို့ ကချေသည်မလေး ခရစ်စတင်းက အစားထိုးဝင်ရောက် ဖျော်ဖြေရာမှာ ငယ်ချစ်ဟောင်းက အသံကို မှတ်မိသွားလို့ ချစ်သူတွေဖြစ်၊ နောက်တော့ ခရစ်စတင်းကို Phantom က ဖမ်းသွား၊ Phantom ရဲ့ မျက်နှာဖုံးကို ခရစ်စတင်းက ခွာကြည့်လိုက်တော့ နှုတ်ခမ်း၊ နှာခေါင်းမရှိတဲ့ မျက်နှာပြင်ကိုတွေ့လို့ ခရစ်စတင်းမေ့လဲ၊ ချစ်သူက လိုက်ရှာ၊ Phantom က ခရစ်စတင်းချစ်သူကို သတ်မယ်လုပ်၊ ခရစ်စတင်းက တောင်းပန်၊ နောက်ဆုံး Phantom က သူတို့ကိုလွှတ်ပေး၊ Phantom ထားခဲ့တဲ့ မျက်နှာဖုံးလေးကို ခရစ်စတင်းက ပွေ့ဖက်ကာ အဆုံးသတ်ပါတယ်။ ပြသချိန် ၂ နာရီအတွင်း ၁ နာရီ ကပြပြီးရင် ၁၅ မိနစ် အနားပေးပါတယ်။ ရုံဝန်ထမ်းတစ်ယောက်က ဟိုးခေတ်အင်္ဂလိပ်စကားလေသံ ပြဇာတ်လေသံနဲ့ ရေတွေရမယ် မုန့်တွေရမယ်လို့ အော်ရောင်းနေလို့ ပြုံးရသေးတယ်။



ကလီယိုပတ်ထရာခေတ်က အဝတ်အစား၊ မီးဆိုင်းကြီးက တဖြည်းဖြည်း မြင့်တက်ပြီး ခေါင်မိုးမှာချိတ်၊ တခန်းနဲ့တခန်း အကူးအပြောင်း၊ ဆက်တင်၊ ဆိုကြပြောကြတာတွေ၊ Phantom က ခရစ်စတင်းကို လှေပေါ်တင်ပြီး ခိုးပြေးတာ တကယ့်လှေက မီးခိုးတွေကြား၊ မီးဆိုင်းတွေကြားမှာ လှော်ခတ်နေတာများ တကယ်ပီပြင်တယ်။ အသံစနစ်ကလည်း အဝေးကနေ ကြားရတဲ့အသံ၊ အနီးမှာ ကြားရတဲ့အသံ တကယ်ကောင်းတယ်။  ပြဇာတ်ကြည့်နေတဲ့ ၂ နာရီလုံးလုံး တကယ်ကောင်းတဲ့ ဘရော့ဝေးပြဇာတ်လို့ ခံစားမိတယ်။ စင်အောက်မှာ တယောဆရာ၊ စန္ဒရားဆရာ၊ ဆယ်လိုဆရာတွေ တီးနေကြတာ မြင်ရတယ်။ ဝိုင်းရေ ဒီလိုဒစ်စကောင့်ရမယ်ဆိုရင် The Lion King ၊ Cinderella  တို့ကို ကြည့်ချင်သေးတယ် ဖြစ်သွားရော။ ကိုယ်တို့ငယ်ငယ်က ရွာမှာ ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲတော်ရှိရင် ဇာတ်က မပါမဖြစ်ပေါ့။ ဇာတ်ပွဲထက် မုန့်ဈေးတန်းလျှောက်ပြီး မုန့်တွေစားရတာ သိပ်ပျော်တာကိုး။ ည ၈၊ ၉  နာရီလောက်ဆို စောင်၊ ခေါင်းအုံး၊ စားစရာအပြည့်အစုံနဲ့ ဇာတ်ပွဲဆီ ချီတက်သွားပြီး ကိုယ့်နေရာကို ကျူးကျော်ဝင်ရောက် ထိုင်နေသူတွေကို မောင်းထုတ်။ ပါလာတဲ့ စောင်၊ ခေါင်းအုံးတွေနဲ့ နယ်မြေသတ်မှတ်၊ ကောင်းကင်က ကြယ်တွေကို ရေတွက်လို့ ည ၁၀ နာရီ ဇာတ်ဖွင့် အပျိုတော်ယိမ်းလည်းပြီးရော အိပ်ပျော်နေပြီ။ ဆိုင်းသံဗုံသံ ဗေဓိဗေဓိ တပေပေဂျိ ပတ်မတီးသံတွေကြား၊ လူတွေကြားထဲမှာ အိပ်ရတာ အရသာတစ်မျိုး။ တပေါင်းလ မော်တင်စွန်းဘုရားပွဲတော်ဆိုရင် ဇာတ်ပွဲတွေ ရှိတယ်။ မိုးမင်းဇာတ်လား တခါကြည့်ဖူးတယ် ၁၁ နာရီလောက်ဆို ဇာတ်ပွဲထဲမှာ အိပ်တော့တာပဲ။ တက္ကသိုလ်ကျောင်းပိတ်ရက် ရွာပြန်တော့ ဇာတ်ပွဲရှိလို့ မှတ်မှတ်ရရ တညလုံးမအိပ်ဘဲ ထိုင်ကြည့်ဖူးတယ်။

ဇာတ်နဲ့ ပတ်သက်ပြီး ပထမဆုံးတွေးမိတဲ့ အတွေးက ဘာလို့တညလုံး ကတာလဲ ၃ နာရီလောက်ဆို တော်ပြီပေါ့ဆိုတဲ့ အတွေးပါ။ ကိုယ်သိချင်တာတွေကို  ဖြေပေးခဲ့တာတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Colour Myanmar စာအုပ်ရဲ့ Performing Arts ဆိုတဲ့ ပို့စ်တွေပါ။ ကျေးလက်တွေမှာက ဇာတ်ပွဲကြည့်ဖို့ တခြားကျေးရွာတွေကနေ လှည်းတွေနဲ့ လာရတော့ ညဉ့်နက်သန်းခေါင် ဇာတ်ပွဲပြီးသွားရင် ပြန်ဖို့ခက်တော့ တညလုံး ကပြတာပါတဲ့။ တချို့ပညာရှင်တွေက ဇာတ်ပွဲအချိန်လျှော့ချဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဟိုးအရင်ခေတ်တုန်းက ဇာတ်ပွဲက ကျေးလက်တွေမှာ အရေးပါတယ်။ အဲဒီခေတ်တုန်းက ဒီခေတ်လို မဂ္ဂဇင်းစာစောင်၊ တီဗွီ၊ ရေဒီယိုတွေလည်း မရှိတော့ ဇာတ်တွေကနေတဆင့် ကျေးလက်လူထုကို ပညာပေးတာပါတဲ့။ ဆရာမကြီးလူထုဒေါ်အမာရဲ့ အောင်ဗလ၊ စိန်ဂတုံး၊ ဖိုးစိန် စာအုပ်ထဲကဆိုရင် အောင်ဗလ၊ စိန်ဂတုံး၊ ဖိုးစိန်ဆိုတာ တခတ်တခါက ထင်ရှားခဲ့တဲ့ မင်းသားတွေပါတဲ့ ။ ပရိသတ်တွေ အချင်းချင်းကလည်း ဖိုးစိန်လောက် အဆိုအပြော ပိုင်တာမရှိဘူး။ စိန်ဂတုံးကမှ ခန့်ခန့်ထည်ထည်နဲ့ ဖိုးစိန်လို ကလက်တက်တက် မဟုတ်ဘူးဆိုပြီး ကိုယ်ကြိုက်တဲ့မင်းသားတွေကို အပြတ်အသတ် အားပေးကြတယ်။ အောင်ဗလကို သက်ရှိထင်ရှား ရှိစေချင်လိုက်တာ။ အောင်ဗလ မင်းသမီးလို ဝတ်ဆင်ပြီး မင်းသားကို မောင်လို့ ခေါ်လိုက်တာများ နူးညံ့သိမ်မွေ့ချစ်စရာကောင်းလွန်းလို့ မတ်တပ်ရပ်ပြီး ဒီမှာပါခင်ဗျလို့ ဟစ်လိုက်တော့မတတ်ဘဲ။




ဇာတ်ပွဲတွေမှာ လက်တွေ့မကျဘူးလို့ တွေးမိတာရှိတယ်။ မယ်သီတာကို ဒသဂီရိက ရသေ့ယောင်ဆောင်ပြီး လာခိုးခန်းမှာ ရာမမင်းသားက ဒီစည်းကို မကျော်နဲ့လို့ တားခဲ့တာကို ဒသဂီရိက စည်းအပြင်ကနေ ဖျားယောင်း မယ်သီတာက စည်းအတွင်းကနေ အရှောင်အတိမ်းနဲ့ ကတာကို အဓိပ္ဗယ်မရှိလိုက်တာ ဒီစည်းကလေးများ တချက်လေး ကျော်လိုက်ရင်နဲ့ ရတာကိုလို့ တွေးမိတယ်။ အမှန်က စည်းဆိုတာ လိုက်နာရမဲ့ကျင့်ဝတ် ကိုယ်ကျင့်သိက္ခာစည်းကမ်းတွေကို ဆိုချင်တာပါ။ တကယ်တော့ လက်တွေ့ကျချင်တာကို ဇာတ်ပွဲမှာ မရှာသင့်ပါဘူး။ ဇာတ်ဆိုတာ အပန်းဖြေဖို့ ၊ ဗဟုသုတတိုးဖို့ တင်ဆက်မှု တစ်ရပ်ပဲမလား။ အရင်တုန်းက ဇာတ်မင်းသားတွေဖြစ်တဲ့ ရွှေမန်းတင်မောင်၊ သိန်းဇော် (မန္တလေး) တို့ နာမည်ကြီးပြီး ဇာတ်သဘင်စစ်စစ်တွေ တင်ဆက်ခဲ့ပေမဲ့ ကိုယ်တို့ခေတ်မှာတော့ ဇာတ်သဘင်စစ်စစ်ထက် စတိတ်ရှိုးတွေ များသလားလို့။ ကိုယ် ဇာတ်သဘင်စစ်စစ်ကို မကြည့်ဖူးခဲ့တာလည်း ပါပါလိမ့်မယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Performing Arts ကို ဖတ်လိုက်ရတော့မှပဲ ကိုယ့်အမြင်တွေ ရှင်းလင်းသွားတော့တယ်။ ရုပ်သေးကို တီဗွီထဲမှာ မြင်ဖူးပေမဲ့ အပြင်မှာတော့ တခါမှ မမြင်ဖူးသေးဘူး။ Horizon မဂ္ဂဇင်းကနေ အရှေ့တောင်အာရှစာရေးဆရာများ ဝထ္ထုတိုပြိ ုင်ပွဲမှာ ဆုရထားတဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Her Infinite Variety ( မူယာစုံလင် သူ့ရုပ်သွင်) အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝထ္ထုတိုဖတ်ပြီးချိန်မှာတော့ ရုပ်သေးအကြောင်း စိတ်ဝင်စားသွားတယ်။

အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ရုပ်သေးရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်သေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာဘုရင်တွေ ခေတ်တုန်းက ဇနီးမောင်နှံမဟုတ်တဲ့သူတွေ အတူတူကပြဖြေဖျော်တာကို မသင့်တော်ဘူးလို့ ယူဆပါတယ်။ လူတွေဟာ ရိုမန်တစ်တွေကို သီချင်း၊ ကဗျာ၊ ပုံပြင်တွေနဲ့တင် မကဘဲ မြင်ချင်ကြားချင်လာပါတယ်။ နောက်တစ်ခုက ဘုရားလောင်း၊ သူတော်စင် ရဟန်းရသေ့တွေနေရာမှာ သရုပ်ဆောင်ဖို့ တွန့်ဆုတ်ကြပါတယ်။ ပညာရှိ ဦးတော်က ဗုဒ္ဓဝါဒနဲ့အညီ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ရုပ်သေး ၂၈ ရုပ် တီထွင်ပါတယ်။ ရုပ်သေးရုပ်တွေဟာ လူဆိုရင် လူကိုယ်အင်္ဂါအပြည့်အစုံ၊ တိရစ္ဆာန်ဆိုရင်လည်း ကိုယ်အင်္ဂါအပြည့်အစုံ ပါရပြီး ယမနေသားနဲ့ ထုလုပ်ရပါတယ်။ ရုပ်သေးရုပ် ၂၈ ရုပ်မှာ အပျိုတော် ၂ ၊ မြင်း ၁ ၊ ဆင်ဖြူ ၁ ၊ ဆင်မည်း ၁ ၊ ကျား ၁ ၊ မျောက် ၁ ၊ ကြက်တူရွေး ၁ ၊ နဂါး ၁ ၊ ဘီလူး ၂ ၊ ဇော်ဂျီ ၁ ၊ မှုးကြီးမတ်ရာ ၄ ၊ ဘုရင် ၁ ၊ မင်းသား ၁ ၊ မင်းသမီး ၁ ၊ မင်းသားအကြီး ၂ ၊ ပုဏ္ဏား ၁ ၊ ရသေ့  ၁ ၊ နတ် ၂ ၊ မိန်းမအို ၁ ၊ လူရွှင်တော် ၂ တို့ ပါဝင်ပါတယ်။ ရုပ်သေးရုပ်တွေကို သင့်တော်တဲ့ လေးစားသမှုနဲ့ ဆက်ဆံရပါတယ်။ ဘုရင်၊ မင်းသား၊ မင်းသား၊ မှုးမတ်၊ ရသေ့တွေလို ရုပ်သေးရုပ်တွေကို ညာဖက်သေတ္တာမှာ ထည့်ရပြီး အဆင့်နိမ့်တဲ့ တိရစ္ဆာန်၊  လူရွှင်တော်ရုပ်သေးရုပ်ကို ဘယ်ဖက်သေတ္တာမှာ ထည့်ရပါတယ်။ ဇော်ဂျီဟာ နောက်ခံပိတ်စအဖြူ ပေါ်ကနေ ခုန်ပျံဝင်ရပြီး အဲဒီလိုပဲ ပြန်ထွက်ရပါတယ်။




ဆင်က ညာဖက်ကနေ ဝင်၊ ကျားက ဘယ်ဖက်ကနေ ဝင် သတ်မှတ်ချက်အတိုင်း အတိအကျ လိုက်နာရပါတယ်။ ရုပ်သေးစင်ရဲ့ နောက်ခံက အဖြူရောင်ပိတ်လေးပဲ ကာထားလို့ ရုပ်သေးဆွဲသူနဲ့ ရုပ်သေးဆွဲတာကို မြင်ရပါတယ်။ ဇော်ဂျီရုပ်သေးရုပ်ကို ကြိုးဆွဲဖို့ အခက်ဆုံးလို့ ဆိုပါတယ်။ မင်းသမီးရုပ်ဟာလည်း ဇော်ဂျီနီးနီးလောက် ခက်ပါတယ်။ အများအားဖြင့်တော့ ကြိုးဆွဲတဲ့သူက တစ်ယောက် ဆိုတဲ့သူက တစ်ယောက်ပါ။ ရုပ်သေးကြိုးဆွဲသူ ကိုယ်တိုင်ဆိုနေတာ အင်မတန် ရှားပါတယ်တဲ့။ ကြိုးဆွဲသူနဲ့ ရုပ်သေးတို့ လမိုင်းကပ် တစိတ်တည်း တသားတည်း ဖြစ်တဲ့အခါ ရုပ်သေးရုပ်တွေ ဖြေဖျော်တာ သက်ရှိလူတွေထက်အောင် ကောင်းပါတယ်တဲ့။ ပြင်သစ်က Folies Bergeres ၊ မြူးနစ်က The Ethnopraphische Museum မှာ မြန်မာရုပ်သေးအဖွဲ့ ဖျော်ဖြေခဲ့ရာမှာ အတော့်ကို နှစ်ခြိုက်အားပေးခဲ့ကြတယ်လို့ Dover Publications Inc. New York က ထုတ်ဝေတဲ့ Max von Boehn ရဲ ့ Puppet and Automata စာအုပ်ထဲမှာ ရေးထားပါတယ်လို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ကိုးကားထားပါတယ်။ ကိုယ်ကတော့ ရုပ်သေးပွဲ တခါမှ မကြည့်ဖူးသေးဘူး။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာကို ဗဟုသုတရအောင်၊  ဖတ်ဖူးတယ်ရှိအောင် အားရင် ကူးတင်ပါဦးမယ်။ ဘာသာတော့ မပြန်တော့ပါဘူး စိတ်မဝင်စားရင် နည်းနည်းတော့ ပျင်းစရာ ကောင်းလိမ့်မယ်။ အင်္ဂလိပ်လိုဖတ်ရတာ ကြိုက်တဲ့သူတွေ ဖတ်လိမ့်မယ် အင်္ဂလိပ်လို မဖတ်ချင်သူတွေ ကျော်ခွသွားလိမ့်မယ်။

သန့်ရှင်းတာ...ဝါရှင်တန်ဒီစီ၊ ဘော်စတွန်၊ ချီကာဂို၊ ဆန်ဖရန်စစ်စကို၊ လော့အိန်ဂျလစ် မြို့ကြီး တော်များများဟာ နယူးယောက်ထက် သန့်ရှင်းပါတယ်။ ကြီးတာ ... နယူးယောက်ထက် ကြီးတဲ့မြို့တွေ တပုံကြီး။ စိမ်းလန်းတာ ... နယူးယောက်ထက် စိမ်းလန်းတဲ့မြို့တွေ တပုံကြီး။ ရှေးဟောင်းကျတာ ... နယူးယောက်ထက် ရှေးဟောင်းအဆောက်အဦး ရှိတဲ့မြို့တွေ အများကြီး။ ဘရော့ဝေး .... နယူးယောက်မှာပဲ ရှိတယ် ဘရော့ဝေးကြောင့်လည်း နယူးယောက်က ထူးခြားနေတယ်။ အမ်းနီးဝေး ကိုယ့်ရဲ့ ပထမဆုံး ဘရော့ဝေးပြဇာတ်အကြောင်းလေးပါ။

စန်းထွန်း
ဇန်နဝါရီ ၂၄၊ ၂၀၁၅။

ရှဉ့်ကလေးနှစ်ကောင်...

ပိတ်ရက်တွေဆို လမ်းလျှောက်အဖွဲ့တွေနဲ့ နယူးယောက်တခွင် လမ်းလျှောက်၊ တောင်တက်၊ ပြတိုက်၊ အနုပညာပြခန်းတွေ သွားဖြစ်ပါတယ်။  MOMA PS 1 (Museum Of Modern Art) က Contemporary Art  ကို အထူးပြုပြီး ဝင်ကြေးက pay as you wish သဒ္ဓါကြေးပေးလို့ရပါတယ်။ သြစတေးလျက ပန်းချီပညာရှင်တစ်ယောက် ဆွဲထားတာဆိုရင် အတော်ထူးဆန်းတယ်။ ရွှန်အဖွဲ့နဲ့ ပထမဆုံးသွားဖြစ်တဲ့ Art Gallery Open Studios တွေကတော့ Long Island လောင်းအိုင်လန်ဖက်က အနုပညာစတူဒီယိုတွေပါ။ ပန်းချီ၊ ဓာတ်ပုံပညာရှင်တွေရဲ့ အိမ်တံခါးတွေကို ဖွင့်ထားပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံကာ သူတို့ဖန်တီးထားတဲ့ လက်ရာတွေအကြောင်း တွေ့ဆုံမေးမြန်းခွင့် ရပါတယ်။ ပန်းချီဆိုလို့ ပြောရဦးမယ် ငယ်ငယ်တုန်းက မကြီးက မဂ္ဂဇင်းအဖုံးပေါ်က ကောင်မလေးတွေပုံကို ထပ်တူဆွဲနိုင်တယ်။ ကျွန်မက တောင်ခြစ်မြောက်ခြစ် ဆွဲလိုက်ရင် တောင်နှစ်လုံးကြားက နေထွက်နေတဲ့ပုံ ငှက်နှစ်ကောင်က ပျံလို့ တောင်ခြေမှာ ရေကန်ဆိုတာ သိသာအောင် လှိုင်းလေးတွေ ထပေးလိုက်သေးတယ်။ ရန်ကုန်က ကျွန်မတို့အိမ်ရဲ့ ဟိုဖက်လမ်းမှာ ပန်းချီဆရာတစ်ယောက်အိမ် ရှိပါတယ်။ ဖြတ်သွားဖြတ်လာတိုင်း ပန်းချီကားတွေ တွေ့ပေမဲ့ တခါမှ ဝင်မကြည့်ဖူး အမှုမဲ့အမှတ်မဲ့ရယ် ။ နောက်တော့မှ သိရတယ် အဲဒီပန်းချီဆရာက နာမည်ကြီးတဲ့ ပန်းချီကားတစ်ချပ်ကို မနည်းပေးရတယ်တဲ့။

သူများတွေက အဲဒီပန်းချီကားတွေကို ကြည့်ဖို့ တကူးတက ပြခန်းသွားရတယ်။ လမ်းပေါ်ကနေ ရပ်ကြည့်ရင်တောင် မြင်ရတဲ့ဟာကို တခါမှ မကြည့်ဖြစ်ဘူး ကျွန်မအဖြစ်က ကျွှဲပါးစောင်းတီးနေသလိုမျိုးပါလား။ ခြင်္သေ့ကျွှန်းမှာတော့ တောင်တက်၊ လျှော့ပင်းထွက်နဲ့ ပန်းချီပြခန်း၊ ပြတိုက်တွေကို မရောက်ဖြစ်ဘူး။ ယူအက်စ်ရောက်တော့ ကျောင်းက အိုင်အိုဝါပြည်နယ်ရဲ့မြို့တော် ဒက်စ်မွိုင်း Des Moinses က ပါပါဂျွှန်ပန်းပုပန်းခြံ Papajohn Sculpture Park ကို လိုက်ပို့ပေးတယ်။ ကျွန်မတို့တွေက ပန်းပုတွေ ခံစားဖို့ထက် ဓာတ်ပုံရိုက်ဖို့လောက်ပဲ အားထုတ်နေကြတာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်ကို ပြောင်းလာပြီး ဝါရှင်တန်ဒီစီမှာ အလုပ်ရတော့ ပိတ်ရက်တွေဆို ဝါရှင်တန်ဒီစီ နေရှင်းမောလ် National Mall တလျှောက်မှာရှိတဲ့ ပြတိုက်တွေကို သွားလည်ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီပြတိုက်တော်တော်များများက ဝင်ကြေးအခမဲ့ပါ။ ဝါရှင်တန်ဒီစီမြို့ထဲမှာ ကားပါကင်ခတွေက အတော့်ကို ဈေးကြီးပြီး ၁ မိနစ်လောက် ကျော်သွားရင်ပဲ လမ်းမဘေးက ကားကို တိုးသွား၊ ဒဏ်ရိုက်သွားပြီ။ ကားကို နီးရာဘူတာတွေ မှာ ထားခဲ့ပြီး ဝါရှင်တန်ဒီစီမြို့ထဲကို ရထားစီးသွားတာ အရှင်းဆုံးပဲ။ ပိတ်ရက်တွေဆို ဘူတာမှာ ပါကင်းခတွေက ဖရီး။ ဝါရှင်တန်ဒစီစီ National Gallery of Art က ပန်းချီ၊ ပန်းပုတွေက အံ့မခန်းပါပဲ။ ဆီဆေး၊ ရေဆေး မခွဲခြားတတ်၊ ပန်းချီအကြောင်း တခုမှမသိပေမဲ့ ကျွန်မ အဲဒီကပန်းချီကားတွေကိုတော့  သိပ်သဘောကျတယ်။

နိုင်အာဂရာ ရေတံခွန်

လမ်းလျှောက်အဖွဲ့တွေက နွေရာသီဆို နယူးယောက်တခွင် လမ်းလျှောက်၊ တောင်တက်ပြီး ချမ်းအေးတဲ့  ဆောင်းရာသီမှာတော့ ပြတိုက်၊ အနုပညာပြခန်းတွေ သွားကြပါတယ်။ ဂျွှန်အဖွဲ့နဲ့ သွားဖြစ်တာကတော့  မက်ဟန်တန်အထက်ဖက် Harlem ဟာလမ်းအရပ်ဆီက Open Studios ပါ။ လမ်းပေါ်က စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီဆွဲတဲ့ တောင်အာဖရိကနိုင်ငံသား ဇူးလူးလူမျိုး ပန်းချီပညာရှင်တစ်ယောက်က Choice လို့ အမည်ပေးထားတဲ့ ပန်းချီကားလေးအကြောင်း ရှင်းပြပါတယ်။ ဆံပင်နီနီ အမျိုးသမီးတစ်ယောက် ထိုင်ခုံလေးမှာ ထိုင်နေတာ မျက်စိထဲ ဝင်လာလို့ ချက်ချင်းပန်းချီဆွဲဖြစ်တာတဲ့။ ဘေးနားက လူတွေက သူ့ရှေ့က အမျိုးသမီးကို ပန်းချီဆွဲနေမှန်း သိကြတာပေါ့။ ပန်းချီဆွဲပြီးတော့ အဲဒီအမျိုးသမီးနဲ့ စကားပြောဖြစ်တော့ လစာကောင်းတဲ့ အလုပ်ကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေး ထောင်သင့်သလား၊ လက်ရှိအလုပ်မှာပဲ ဆက်လုပ်သင့်သလားလို့ တွေးနေတာတဲ့။ တခါတလေ ဘဝမှာ ခက်ခက်ခဲခဲ ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ အတော့်ကို စဉ်းစားပြီး ရွေးချယ်ရတဲ့အချိန်၊ အဲဒီရွေးချယ်မှုရဲ့ အကျိုးဆက်၊ ဘာတွေဖြစ်လာမယ်မှန်း မသိနိုင်တဲ့အခါ အတော်စဉ်းစားရကြပ်တဲ့ အချိန်တွေ ရှိပါတယ်။ အဲဒီ ရွေးချယ်မှုတွေအကြောင်းကို ထင်ဟပ်နေတဲ့ ပန်းချီကားလေးကို Choice လို့နာမည်ပေးထားတာတဲ့။ အရောင်တောက်တောက်၊ စုတ်ချက်ပြင်းပြင်းတွေဆွဲတဲ့ ပြင်သစ်ပန်းချီဆရာမ၊ အုန်းခွံတွေနဲ့ ပန်းချီဆွဲတဲ့ အာဖရိကပန်းချီဆရာ။ ပန်းချီဆရာအမျိုးမျိုးရဲ့ အိုင်ဒီယာအမျိုးမျိုး၊ စုတ်ချက်အမျိုးမျိုးကို မြင်ရတဲ့အခါ နှစ်သက်မိတာလည်းရှိရဲ့၊  မနှစ်မြို့တာလည်းရှိရဲ့၊ ဘာကိုဆိုလိုချင်မှန်း မသိအောင်ကို ညဏ်တိမ်ခေါင်းကုတ်မိတာမျိုးလည်းရှိရဲ့။

ဂျွှန်အဖွဲ့နဲ့ နယူးဂျာဆီပြည်နယ် ဂျာဆီစီးတီးမြို့က open studios သွားတုန်းက မှတ်မှတ်ရရ ဖြစ်နေတဲ့ ပန်းချီဆရာတစ်ယောက် ရှိတယ်။ တလောက ဂျာဆီစီးတီးဖက်ကို လမ်းလျှောက်ကြတော့ အဖွဲ့ခေါင်းဆောင်ဂျွှန်က ဒီတိုက်မှာ ပန်းချီဆရာ ဘယ်သူနေတယ်လေဆိုတော့ ဘယ်သူမှ မမှတ်မိကြဘူး။ သူ့အိမ်ဒီဇိုင်းက မိုက်တယ်လေ ဒန်းရှိတယ်ဆိုတော့မှ မှတ်မိကြတယ်။ ပန်းချီဆရာသာကြားရင် ထိုင်ငိုချင်သွားမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ၊ ဝိုင်း၊ လီနဲ့ လမ်းလျှောက်အဖွဲ့သား တော်တော်များများက ပန်းချီဆရာနဲ့ သူ့လက်ရာထက် ပန်းချီဆရာရဲ့ အိမ်ဒီဇိုင်းနဲ့ အဲဒီတုန်းက ‌ကျွှေးမွှေးတဲ့မုန့်တွေကို မှတ်မိနေကြလို့ပါပဲ။ ပန်းချီဆရာအိမ်က ခေါင်မိုးအမြင့်ကြီး၊ အိမ်ခန်းက အမြင့်မှာ စတူဒီယိုအခန်းဖွဲ့ထားတာ၊ အပေါ်ကိုတက်ဖို့ ကြောင်အိမ်လှေကားနဲ့၊ ဒရမ်လေ့ကျင့်ဖို့ အသံလုံအိမ် စတူဒီယိုခန်း၊ ခေါင်မိုးကနေ ကြိုးတန်းလန်းနဲ့ ဒန်း၊ စာအုပ်တွေအများကြီးရှိတဲ့ စာကြည့်ခန်းတွေပါတဲ့ တိုက်ခန်းဆိုပေမဲ့ အိမ်ဒီဇိုင်းက သူများနဲ့မတူ ကွဲပြားနေတယ် ဒီဇိုင်နာခေါ်ပြီး ဖန်တီးထားတာတဲ့။ လာရောက်တဲ့သူတွေကို ကျွှေးမွေးတဲ့ မုန့်တွေကလည်း အတော်စားကောင်းတယ်။ ဒီအိမ်ကနေ မြန်မြန်ထွက်မှ ဖြစ်တယ် မဟုတ်ရင် မဆာဘဲနဲ့ တစွပ်စွပ်စားနေလို့လို့ ပြောယူရတယ်။ ပန်းချီဆရာအိမ်တွေက ဝိုင်တွေ သောက်ပြီးတော့ တချို့ဆို လမ်းလျှောက်တာလည်းပြီးရော မူးနေရောတဲ့။


ဘရွှတ်ကလင်းဖက်က open studios တွေဆီ လမ်းလျှောက်တုန်းက ကိုလံဘီယာက ပန်းချီပညာရှင်တစ်ယောက်ရဲ့ ပန်းချီကားတွေကို သဘောကျမိတယ်။ ပေါင်မုန့်၊ ဝိုင်နီ၊ စပျစ်သီးတွေ ဆွဲထားတဲ့ ဆီဆေးပန်းချီကား ဒေါ်လာ ၆၀၀၀ တဲ့။ ဝါရှင်တန်ဒီစီ National Gallery of Art ပြတိုက်မှာ တွေ့ခဲ့တဲ့ ပန်းချီကားတွေနဲ့ တူတယ်။ Accessories တွေ ဖန်တီးတဲ့သူ၊ ရွှံ့နဲ့ မြေထည် လုပ်တဲ့သူ၊ ဓာတ်ပုံပညာရှင်တွေရဲ့ လက်ရာတွေကို တွေ့ရပါတယ်။ အဲဒီဘရွှတ်ကလင်း အနုပညာရှင်တွေနေတဲ့အိမ်က လုံးချင်းအိမ်လေးတွေဖြစ်ပြီး ရပ်ကွက် neighbourhood ကလည်း သစ်ပင်ပန်းမန်လေးတွေနဲ့ အင်မတန်လှတယ်။ တလောက ရွန်အဖွဲ့နဲ့ မက်ဟန်တန်မြို့လယ်ကောင်က Art Gallery တွေဆီ လမ်းလျှောက်ဖြစ်ပါတယ်။ တချို့ဓာတ်ပုံတွေက သာမာန်ပါပဲ။ ရထားပေါ်မှာ လူတွေ သတင်းစာဖတ်နေတာကို နောက်ဖက်ကနေ ရိုက်ထားတဲ့ဓာတ်ပုံထဲမှာ President shot dead ဆိုတဲ့ သတင်းက ထင်ထင်ရှားရှားကြီးကို မြင်ရပါတယ် ဘယ်သမ္မတပါလိမ့်။ လမ်းလျှောက်အဖွဲ့ထဲက အဘွားကြီးက ၁၉၆၉  သမ္မတ ဂျွှန်အက်ဖ်ကနေဒီ လုပ်ကြံခံရတုန်းကတဲ့။ အင်း ဒီဓာတ်ပုံကတော့ သမိုင်းဝင်တယ် အဓိပ္ဗာယ်ရှိတယ်လို့ ဆိုရမယ်။ ဟိုအရင်တုန်းက ရေကူးဝတ်စုံက ခုခေတ်လောက် မတိုဘူး ခုခေတ် စကပ်တိုတိုသာသာ။ လမ်းလျှောက်အဖွဲ့ထဲက အဘိုးကြီးတွေက အဲဒါ ၁၉၅၀၊ ၆၀ တုန်းကလောက် ဖြစ်လိမ့်မယ်တဲ့။

ဝိုင်းက သူ့ရိုက်ချက်တွေက ဒီရိုက်ချက်တွေထက်တောင် ကောင်းတယ်လို့ ကိုယ်ဘာသာ ထင်တယ်တဲ့။ အင်း ကိုယ်တို့ရဲ့ ဟိုရိုက်ဒီရိုက်လက်ရာတွေလည်း နောင်အနှစ်သုံးဆယ်လောက်ဆိုရင် ဒီလိုမျိုးပြခန်းတွေမှာ ချိတ်ဆွဲပြီး ရောင်းလို့ရမလား မသိဘူးနော်။ ရမှာပါ မင်းသာ နာမည်ကြီးဓာတ်ပုံဆရာ ဖြစ်ခဲ့ရင်ပေါ့။ ကြောင်နက်လေးတစ်ကောင် အမြီးထောင်ကာ ရန်ထောင်နေတဲ့ ဓာတ်ပုံကိုတွေ့တော့ အဘိုးကြီးနှစ်ယောက်က အဲဒီဓာတ်ပုံက twenty two thousands ဟင် နှစ်သောင်းနှစ်ထောင်။ ချိတ်ထားတဲ့ palmplet ထဲမှာ ဈေးနှုန်းရှာကြည့်တော့ အမှန်ပဲ ဒေါ်လာနှစ်သောင်းနှစ်ထောင် ဘုရားရေ မယုံနိုင်စရာပါလား။ စန်းစန်းရေ မင်းအိမ်ကကြောင်မိုချီကို စိတ်တိုအောင်ရန်စပြီး အမြီးထောင်လို့ကတော့ ဓာတ်ပုံတွေ တရစပ်အများကြီးသာ ရိုက်ပေတော့။ သေချာတယ် ဓာတ်ပုံတစ်ပုံကတော့ ဒေါ်လာနှစ်သောင်းနှစ်ထောင် တန်မှာပဲ။ ဒီကြောင် အမြီးထောင်နေတဲ့ဓာတ်ပုံကို ဝယ်ဖို့ ကိုယ်တော့ နှစ်နှစ်လောက် ခြစ်ကုပ်စုရမယ်။ ကိုယ်ကတော့ ပိုက်ဆံရှိရင်တောင် မဝယ်ပါဘူး အဲဒီကြောင်အမြီးထောင်နေပုံထက် ပန်းခြံ တောတောင် စမ်းချောင်းတွေပါတဲ့ ပန်းချီကားပဲ ဝယ်တော့မှာပေါ့။ အဲဒီဓာတ်ပုံကိုချိတ်ဖို့ နေရာလည်း မရှိဘူး သူများအိမ်မှာ အခန်းငှားနေရတာ ဘယ်တော့ ဘယ်ဆီပြောင်းရမယ်မှန်း မသိ။ သိချင်လိုက်တာ အဲဒီဓာတ်ပုံကို ဘယ်လိုလူမျိုးတွေများ ဝယ်မလဲလို့ ။ ကိုယ်တို့တွေအတွက်က ဒေါ်လာနှစ်သောင်းနှစ်ထောင်ပေမဲ့ ချမ်းသာပြီး ပိုက်ဆံကို ဘယ်မှာဖြုန်းရမှန်း မသိသူတွေအတွက် ဒေါ်လာနှစ်ဆယ့်နှစ်ကျပ် ဖြစ်သလိုမျိုးနေတဲ့သူတွေ ဝယ်မှာပေါ့။


ကိုယ်တို့က lower middle class ပေါ့နော်။ တရုတ်လူငယ်တစ်ယောက် ပြုံးနေပြီး ပုံသဏန်အမျိုးမျိုးနဲ့ ထုထားတဲ့ ပန်းပုကိုတော့ မနှစ်သက်ဘူး။ ခြေထောက်ကို ကြိုးဆွဲပြီး တန်းလန်းကြီးဖြစ်နေတဲ့ ပန်းပုကိုမြင်တော့ လန့်သွားတယ်။ အောင်မလေး မက်ဟန်တန်မြို့လယ်ကောင်က တိုက်ခန်းကို ဗလာကျင်းပြီး ဒီပန်းပုတစ်ခုကိုပဲ တန်းလန်းကြီး ဆွဲထားတယ်။ အခန်းငှားခကို နှမြောပါဘိ အေးလေ နှစ်သက်စရာလည်း မကောင်းပါဘဲနဲ့။ ဒီပန်းပုရုပ်ကို ကြည့်ရတာ ငါတောင် အိပ်ချင်စိတ် ပေါက်သွားတယ်။   ပြခန်းတစ်ခုကတော့ ရှေးဟောင်းသစ်သားထိုင်ခုံ၊ ပရိဘောဂ၊ ကြွေထည်၊ မှန်၊ ပန်းချီတွေ ပြထားပါတယ်။ ပစ္စည်းတွေက တန်းဖိုးကြီးလို့ ထိမိခိုက်မိမှာစိုးလို့ ကျောပိုးအိတ်တွေ သယ်ခွင့်မပြုဘူး။ အင်္ဂလိပ်တွေဆီကနေ လွတ်လပ်ရေးရအောင် တိုက်ခိုက်ခဲ့တဲ့ အမေရိကန်စစ်ဗိုလ်ချုပ်ကြီး၊ ပထမဆုံး အမေရိကန်သမ္မတ ဂျော့ဝါရှင်တန်စံအိမ်ဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်က Mount Vernon ကို သွားလည်တုန်းက တွေ့ခဲ့တာတွေနဲ့ တူတယ်။ ပုံတူပန်းချီကားတွေဆိုရင်လည်း အသက်ဝင်လွန်းလို့ ဝါရှင်တန်ဒီစီ National Gallery of Art က ပန်းချီကားတွေနဲ့ဆင်တယ်။ ဒီပြခန်းမှာရှိတဲ့ ပစ္စည်းအားလုံးက for sales ပါတဲ့။ လမ်းလျှောက်အဖွဲ့ထဲမှာ အိုင်ပတ်နဲ့ ဓာတ်ပုံတွေ ရိုက်တတ်တဲ့ အဘိုးကြီးက ရှဉ့်လေးနှစ်ကောင်ပုံဆွဲထားတဲ့ ပန်းချီကားကို ဘယ်လောက်လဲလို့ မေးကြည့်တော့ Eight hunderds and fifty thousands ဒေါ်လာရှစ်သိန်းငါးသောင်း ။ ဘုရားရေ ကြောင်လေးအမြီးထောင်တဲ့ ဓာတ်ပုံကို ဝယ်ဖို့ဆိုရင်တောင် နှစ်နှစ်လောက် ခြစ်ကုပ်စုရမှာ ရှဉ့်လေးနှစ်ကောင် ပန်းချီကားဆိုရင်တော့ ငါ့တစ်သက်လုံး စုတဲ့ပိုက်ဆံနဲ့တောင်  ဝယ်နိုင်ပါ့မလား။ အဲဒါတွေကို ဓာတ်ပုံမရိုက်ခဲ့မိလို့ နောက်တစ်ခေါက်ပြန်သွားပြီး ဓာတ်ပုံရိုက်ဦးမယ်။

ကြောင်အမြီးထောင်နေတဲ့ဓာတ်ပုံနဲ့ ရှဉ့်ကလေးနှစ်ကောင် ပန်းချီကားကတော့ ကျွန်မတို့တွေကြားထဲ ပြောစမှတ်ကိုတွင်လို့။ သေချာတာက တစ်ခုရှိတယ် အဲဒီကြောင်အမြီးထောင်နေတဲ့ဓာတ်ပုံနဲ့ ရှဉ့်ကလေးနှစ်ကောင် ပန်းချီကားကို ကျွန်မ ဘယ်တော့မှ ဝယ်မှာမဟုတ်ဘူး ဆိုတာပါပဲ။

စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၁၅။

ကွန်နက်တီကပ်သွား တောလား - ၂

ကွန်နက်တီကပ် Connecticut  ပြည်နယ် Waterbury မြို့ကTimexpo ပြတိုက်ပြီးတော့ နောက်ထပ်သွားရောက် လည်ပတ်ရမယ့်နေရာကတော့ ၁ နာရီအဝေးမှာရှိတဲ့ ကွန်နက်တီကပ်ပြည်နယ် Windsor Locks မြို့က New England Air Museum ပါ။ ပြတိုက်တိုးဂိုက်က လေယာဉ်အင်ဂျင်ထုတ်လုပ်ရေးဖက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၀ ကျော် အဘိုးကြီး။ တိုးဂိုက်အလုပ်ကို သူ့အမျိုးသမီးက သိပ်သဘောကျတာ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာရှိမနေဘဲ အပြင်မှာပဲဆိုတော့ နားညည်းသက်သာတယ်လို့ပြောတယ်ဆိုပြီး စတင်မိတ်ဆက်ပါတယ်။ လေယာဉ်ပျံသံတွေ ကြားရလား အဲဒါ အနားက Bradley အင်တာနေရှင်နယ်လေဆိပ်က လေယာဉ်အတက်အဆင်းသံတွေလေ။ တိုက်လေယာဉ်တွေ လေ့ကျင့်ကြတာလည်း ဒီနားမှာပဲ။ လေတပ်က ဒီနေရာကို ကွန်နက်တီကပ်ပြည်နယ် အစိုးရဆီကနေ သိမ်း အဲလေ ဝယ်လိုက်ပြီး ဘရက်ဒလေလေဆိပ်ကို တည်ဆောက်တယ်။ ဘရက်ဒလေဆိုတာ ဒီလူကြီးပေါ့ဆိုပြီး ချိတ်ထားတဲ့ ဘရက်ဒလေဓာတ်ပုံကို ပြပါတယ်။ လေတပ်သားတွေ စုဆောင်းတဲ့အချိန် အဲဒီနေ့က ပါတီမသွားဘဲ တစ်ယောက်တည်း ကျန်နေရစ်တဲ့ လူငယ်လေး ဘရက်ဒလေက လေတပ်သားအဖြစ် ပါဝင်လိုက်တယ်။ နောက်တော့ စစ်မြေပြင်မှာ မဟုတ်ဘဲ လေ့ကျင့်ရင်း သေဆုံးသွားတော့ လေယာဉ်ကွင်းအမည်ကို သူ့နာမည်ဂုဏ်ပြု ပေးထားတာပေါ့။

မင်းတို့တိုးဂိုက်က ၁ နာရီ ၁၅ မိနစ်ပဲ အချိန်ပေးထားတော့ ပေးထားတဲ့အချိန်အတွင်းမှာ အဓိကကျတဲ့ လေယာဉ်တွေအကြောင်းပဲ ရှင်းပြပါမယ်။ လျော့ပင်းချစ်သူတွေအတွက်လည်း လျော့ပင်းချိန် ပေးရမှာကိုး။ အုပ်စုထဲက အန်တီကြီးက I love shopping လို့ အော်ပါတယ်။ အဓိကျအကြောင်းတွေကိုပဲ ရှင်းပြပေမဲ့ သိချင်တဲ့ အကြောင်းအရာတွေရှိရင် လက်မြှောက်လိုက်ပါ သူ သိသလောက် ရှင်းပြပါမယ်တဲ့။ လေယာဉ်ပျံတွေအကြောင်းပြောရင် ပထမဆုံးလေယာဉ်ပျံ ဖန်တီးခဲ့တဲ့ Wright brothers ညီနောင်ကို ချန်ထားလို့ မထားရပါဘူး။ ဝိုက်ညီနောင်ဟာ အတန်းပညာ မူလတန်းလောက်ပဲ တတ်ခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်ကိုယ်ထည်၊ အင်ဂျင် အားလုံးကို သူတို့ကိုယ်တိုင် တီထွင်ပြုလုပ်ခဲ့တာ အံ့သြစရာ မကောင်းဘူးလား။ ဝိုက်ညီနောင်မတိုင်ခင်ကတည်းက ကောင်းကင်မှာ ပျံနိုင်ဖို့ တီထွင်ကြံဆနေခဲ့ပါပြီ။ ခရစ်ယာန်ဘုန်းကြီးမို့ ဘာသာရေးခရီးတွေ သွားရတဲ့ ဝိုက်ညီနောင်ဖခင်က ၁၈၇၈ မှာ စက္ကူ၊ ဝါးတွေနဲ့ ပြုလုပ်ထားတဲ့ ဟယ်လီကော့ပတာ ကစားစရာလေးကို ဝိုက်ညီနောင်အတွက် ဝယ်ပေးခဲ့ပါတယ်။ ပြင်သစ်အာကာသ စွန့်ဦးတီထွင်သူတစ်ယောက်ရဲ့ တီထွင်မူကို အခြေခံထားတဲ့ အဲဒီကစားစရာလေး ပျက်သွားတဲ့အခါ ဝိုက်ညီနောင်က သူတို့ဘာသာ နောက်ထပ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီကစားစရာလေးက ကောင်းကင်မှာ ပျံသန်းဖို့ ကနဦးစိတ်ဝင်စားမူတွေကို ဖြစ်စေခဲ့ပြီး စက်ဘီးထုတ်လုပ်ရောင်းချတဲ့ အတွေ့အကြုံကလည်း လေယာဉ်ပျံတည်ဆောက်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။


အဝါရောင်လေယာဉ်က ဝိုက်ညီနောင်အိုင်ဒီယာကို အင်ဂျင်တပ်ထားတာပါ။ နောက်ကအနီရောင်လေယာဉ်နဲ့ အဝါရောင်လေယာဉ် ဘာကွာလဲ။ အနီရောင်က သုံးထပ်၊ အဝါရောင်က နှစ်ထပ်။ မှန်တယ် ဒါကြောင့် အနီရောင်က အဝါရောင်ထက် အမြင့်မှာ ပိုပျံနိုင်တယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ မှာ ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲတော့ အမေရိကန်တွေ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာရပေမဲ့ ဘာမှအဆင်သင့် မဖြစ်သေးဘူး။ အဲဒီတုန်းက ဂျပန်၊ ဂျာမန်လေယာဉ် နည်းပညာတွေက အမေရိကန်တွေထက် သာတယ်။ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာတော့မှ ဖုတ်ပူမီးတိုက် နည်းပညာတွေကောင်းအောင် လုပ်ရတာပေါ့။


ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တဲ့ ဒီလေယာဉ်ကို ကြည့်ကြပါ။ အယ်မလေး လေယာဉ်ကြီးက အကြီးကြီး။ အေး အင်ဂျင်ကလည်း လေးတယ်။ ဘာလို့ တောင်ပံကို ချိုးထားတာလဲ အင်..။ ဘာလို့တောင်ပံကို ချိုးထားတာလဲဆိုတော့ လေယာဉ်ဂိုဒေါင်ရုံတွေမှာ ဝင်ဆန့်အောင်လို့။ မင်းတို့လက်တွေကို ဖြန့်လိုက်ပါ ဒီလောက်ဂိုဒေါင်လေးကို မင်းတို့ ဝင်နိုင်မလား ဟင့်အင်း။ လက်ကိုကွေးလိုက် ဒါဆို မင်းတို့ဂိုဒေါင်ထဲဝင်နိုင်ပြီ။ အဲဒီလို တောင်ပံချိုးနိုင်တဲ့ လေယာဉ်တွေက ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တာ။ တောင်ပံချိုးနိုင်တဲ့လေယာဉ်နဲ့ ဒီဘေးဖက်ကလေယာဉ် ဘာကွာလဲ။


အင်ဂျင်နှစ်လုံး၊ အင်ဂျင်တွေကို လေယာဉ်ကိုယ်ထည်မှာ မဟုတ်ဘဲ တောင်ပံမှာ၊ ပိုင်းလော့နှစ်ယောက်လောက် ဆန့်တယ်။ မှန်တယ် အင်ဂျင်နှစ်လုံးမို့ မြန်မြန်ပျံနိုင်တယ်။ အရင်တုန်းကဆို လေယာဉ်စက်ချို့ယွင်းရင်၊ လေယာဉ်ပစ်ချခံရရင် ပိုင်းလော့က သေဖို့ရာခိုင်နှုန်းများတယ်။ နောက်တော့ ပိုင်းလော့ထိုင်ခုံတခုလုံးကို လေယာဉ်ကိုယ်ထည်ကနေ ခွာပြီး အပေါ်ကိုပျံတက် လေထီးနဲ့ဆင်းနိုင်တဲ့ နည်းပညာက ပိုင်းလော့အများကြီးရဲ့ အသက်ကို ကာကွယ်ပေးခဲ့တယ်။


ဒီလေယာဉ်ကတော့ ဒုံးကျဉ်တွေနဲ့ပစ်တဲ့ တိုက်လေယာဉ် တောင်ပံအောက်မှာ ဒုံးကျဉ်တွေ တွေ့လား။


ဒီလေယာဉ်ရဲ့ ထိပ်ဖူးက ဘာလို့အခေါင်းကြီး ဖြစ်နေတာလဲ။ တိုးအုပ်စုထဲက အန်ကယ်ကြီးက ကျွန်တော်ထင်တာတော့ အင်ဂျင်အေးစေဖို့ လုပ်ထားတာ ထင်တယ် မှန်တယ်။ ဒီအခေါင်းကနေ လေတွေသွင်းပြီး အင်ဂျင်အေးအောင် လုပ်ထားတာ။ ဒီလေယာဉ်က ဘာလို့ဆေးရောင်မချယ်ထားတာလဲ။ ဘာဖြစ်လို့လို့လဲဆိုတော့ လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် ဆေးသုတ်ထားတာတွေ ပြန်ဖျက်ရတယ်။ ဒီတော့ ဆေးမသုတ်တော့ဘဲ  အလူမီနီယမ်အတိုင်း ထားလိုက်ရင် ဆေးတွေခွာစရာမလိုတော့တဲ့အပြင် အလေးချိန်လည်း ပေါ့သွားတယ်။ ပထမအဆောက်အဦးကနေ ဒုတိယအဆောက်အဦးကို ဆက်သွယ်ထားတဲ့ လမ်းကြားလေးက အပူပေးစက် တပ်ဆင်မထားတော့ ဒီပြတိုက်မှာ အအေးဆုံးနေရာလေးပေါ့။ လေယာဉ်ပျံသန်းရေး သမိုင်းကြောင်းဟာ သိပ်မကြာသေးပေမဲ့ အတော်ကြီးတိုးတက်တယ်လို့ ဆိုရမယ်။

ကနဦးက မီးပုံးပျံနဲ့ ကောင်းကင်မှာ ပျံသန်းဖို့ ကြိုးပမ်းကြတယ်။ ဘုရားသခင်က လူတွေကို ပျံစေချင်ရင် တောင်ပံတပ်ပေးခဲ့မှာပေါ့လို့ ပြောကြတယ်။


ဘုရားသခင်က တောင်ပံမတပ်ပေးတာကို ဝိုက်ညီနောင်က ကိုယ့်ဘာသာ တပ်ခဲ့ကြတယ်။


၁၉၂၇ မှာ အတ္တလန္တိတ်သမုဒ္ဒရာကို တစ်ယောက်တည်း ဖြတ်ခဲ့တဲ့သူ ။


၁၉၄၇ မှာ အသံထက်မြန်တဲ့ လေယာဉ်။ အသံထက်မြန်တဲ့အခါ ဘာတွေဖြစ်မလဲ ပေါက်ကွဲထွက်သွားမလား နှလုံးခုန်ရပ်သွားမလားလို့ လူတွေက ထင်ကြတယ်။ ဒါပေမဲ့ လေယာဉ်အတက်အဆင်းအချိန်လေးပဲ နောက်တော့ ပုံမှန်လေယာဉ်စီးသလိုပါပဲ။


ဒီဓာတ်ပုံကိုတော့ အားလုံးသိကြမှာပါ ၁၉၆၉  Neil Armstrong လပေါ်မှာ လမ်းလျှောက်နေတဲ့ဓာတ်ပုံ။ အဲဒီတုန်းက ကျွန်တော်က ကောလိပ်ကျောင်းပိတ်ရက် အိမ်ကိုရောက်နေတဲ့ အချိန်ပေါ့။ တီဗွီဖွင့်လိုက်ရင်ပဲ အဲဒီ ဓာတ်ပုံတွေ့လိုက်ရတော့ ဘုရားရေ နေးအမ်းစတောင်းက လပေါ်မှာလမ်းလျှောက်နေတယ် တကယ့်ကို မယုံနိုင်စရာပါလား အိမ်အပြင်ထွက်လို့ လကိုကြည့်တော့ နေးအမ်းစတောင်းလည်း မတွေ့ပါလား။


ဒီလေယာဉ်ကတော့ ကောင်းကင်မှာလည်း ပျံနိုင်၊ ရေပေါ်မှာလည်း ပျံနိုင်တဲ့ ခရီးသည်တင်လေယာဉ်။ အထဲကို ကြည့်လို့ရတယ်။ ကျွန်မတို့တွေ တက်ကြည့်ကြတော့ အထဲမှာ ဘာမှမထူးခြားပါဘူး သာမာန်ရထား၊ ဘတ်စ်ကားလိုပါပဲ။ လေယာဉ်သင်္ဘောကြီးနဲ့ ခရီးသွားမယ်ဆိုတော့ လူတွေက ကြောက်ကြတယ်လေ။ အဲဒီတုန်းက မပြောနဲ့ နည်းပညာတွေ တိုးတက်ပါတယ်ဆိုတဲ့ ဒီခေတ်မှာတောင် လေယာဉ်အတက်အဆင်းဆို ကျွန်မတို့တွေ ကြောက်နေတုန်းပဲ။ မှန်ပါတယ် ဒီတော့ သူနာပြုမချောချောလေးတွေ အဲဒီလေယာဉ်သင်္ဘောကြီးမှာ ပါတယ်။ ဒေါ်လာ ၇၀၀ လောက် အကုန်ခံမယ်ဆိုရင် အဲဒီလေယာဉ်သင်္ဘောကြီးနဲ့ ဇိမ်ကျကျ ခရီးသွားလို့ရတယ်လို့ ကြားတယ်။


ဒီလေယာဉ်သဘောၤကြီးကတော့ ဖျက်အားပြင်းတဲ့ ဂျာမန်ရေငုပ်ယာဉ်တွေလက်ချက်ကနေ အမေရိကန်ကမ်းခြေကို ကာကွယ်စောင့်ရှောက်ခဲ့တာပေါ့။ သူ့မှာတော့ တိုက်လက်နက်တွေ မပါပါဘူး သူ့တာဝန်က ရန်သူဂျာမန် ရေငုပ်ယာဉ်တွေကို ရှာဖွေပေးတဲ့အလုပ်။ စဉ်းစားကြည့်စမ်းပါ ဒီလောက်ကျဉ်းတဲ့ယာဉ်ထဲမှာ ဒီလိုလေးထိုင် အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲလိုက်မလဲနော်။


ဒါကတော့ အမျိုးသမီးလေသူရဲကောင်း Amelia Earhart တကိုယ်တော် ကမ္ဘာပတ်တဲ့ ခရီးစဉ်ပါ။ ရန်ကုန်၊ စင်္ကာပူ၊ အင်ဒိုနီးရှားတွေ ဖြတ်သန်းခဲ့ပေမဲ့ ခရီးဆုံးဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲကကျွှန်းမှာ သူ့ကိုလေးစားချစ်ခင်သူတွေ စောင့်ဆိုင်းနေပေမဲ့ သူမကတော့ ရောက်မလာခဲ့ပါဘူး။ သူမလေယာဉ် ပျံကျသွားတယ်၊ နာမည်မကြီးချင်လို့ တိတ်တဆိတ် ခြေရာဖျောက်သွားတယ်လို့ အမျိုးမျိုးပြောဆိုကြပေမဲ့ သူမနဲ့ သူမလေယာဉ်ကို ခုထိရှာမတွေ့သေးလို့ အမေရိကန်တွေအတွက်တော့ ဒဏရီဖြစ်လို့ နေပါတယ်။


ဒီလေယာဉ်ကတော့ သမိုင်းမှာ အရေးကြီးတဲ့ Bomb Ring လို့ အမည်တွင်တဲ့ လေယာဉ်ဖြစ်ပြီး ဗုံးတွေ တင်ဆောင်တွေ လေယာဉ်ပါ။ အရှေ့ပိုင်းမှာ ပိုင်းလော့ နောက်မှာ ဗုံးတွေဖြုတ်ချတဲ့သူ တစ်ယောက် ပါဝင်ပါတယ်။ တိုးဂိုက်ရဲ့ အဖေက Bomb Ring မှာ ဗုံးတွေဖြုတ်ချတဲ့သူပါတဲ့။ ဗုံးတွေဖြုတ်ချတဲ့အခါ လေယာဉ်တည်နေရာအမြင့်၊ ရန်သူက ဘယ်နေရာမှာဆိုတာ ကွန်ပျူတာထဲ ထည့်ပေးလိုက်တာနဲ့ ကွန်ပျူတာက တွက်ချက်ပြီး ဗုံးတွေကျဲပါသတဲ့။ သူ့အဖေက ကွန်ပျူတာနဲ့ ရန်သူ့နေရာကို တွက်ချက်တယ်ဆိုတာကို သူတို့ကလေးတွေက ပါးစပ်လေး အဟာင်းသား မယုံနိုင်စွာနဲ့ နားထောင်ခဲ့ရပါတယ်တဲ့။ သူ့အဖေ Bomb Ring ဂျာကင်၊ တောင်ပံတံဆိပ်တွေ ဝတ်ထားရင် မုန့်ဆိုင်တွေက အခကြေးငွေ မယူပါဘူးတဲ့။ ဒုတိယကမ္ဘာစစ်တုန်းက တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်တာတွေကို အသိအမှတ်ပြုကြပြီး salute အလေးပြု၊ နှုတ်ဆက်ကြတယ်တဲ့။ Bomb Ring မှာ တာဝန်ထမ်းဆောင်တဲ့သူတွေ တွေ့ဆုံပွဲတွေ ကျင်းပတဲ့အခါ ဒီ Bomb Ring လေယာဉ်ကို လာကြည့်ကြပြီး အတိတ်ကို ပြန်ပြောင်းသတိရကြတယ်။ လေယာဉ်ပြတိုက်မှာ ကားတွေ ဘာလို့ပြထားတာလဲဆိုတော့ လူတွေက ကားတွေနဲ့ တွဲထားရင် ပိုမှတ်မိကြတယ်။  ကိုင်း မင်းတို့ တိုးဂိုက်ပေးထားတဲ့ အချိန်လည်းစေ့ပြီ လာလမ်းအတိုင်း ပြန်ရအောင်။


ဟင် အချိန်စေ့ပြီလား မြန်လိုက်တာ ဓာတ်ပုံလည်း တစ်ပုံမှ မရိုက်ရသေးဘူး။ လာ သွက်သွက်လေး ရိုက်လိုက်ရအောင်။ အမှတ်တရပစ္စည်းဆိုင်ရောက်တော့ အာကာသချစ်သူမို့ ဟိုဟာလည်း လိုချင်၊ ဒီဟာလည်း လိုချင်နေလို့ ဝိုင်းက တခုမှ ၇ ကျပ်ထဲ ဈေးမကြီးဘူး ငါ နင်နဲ့ ခရီးတွေ သွားနေတာ ကြာပြီ နင် အမှတ်တရပစ္စည်း ဝယ်ချင်တာ ဒီတစ်ခါပဲ ကြုံဖူးတယ်။ ငါက အာကာသ စကြာဝဋ္ဌာကို သိပ်စိတ်ဝင်စားတာ အာကာသယဉ်မှုး ဖြစ်ချင်ခဲ့တာလေ။ ဒါပေမဲ့ ငါတို့နိုင်ငံမှာ အာကာသသိပ္ဗံကျောင်း မရှိဘူး။ Armageddon ၊ Gravity တို့လို ရုပ်ရှင်တွေဆို သိပ်စိတ်ဝင်စားတာ။ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က နာဆာသိပ္ဗံစခန်းကို ငါ့ကျောင်းနေဖက် သူငယ်ချင်းတွေ သွားလည်ကြတာ ဖေ့ဘွတ်မှာ တွေ့ပြီးကတည်းက သွားချင်နေတာ။ တိုးဂိုက်ကို ၁ နာရီ ၁၅ မိနစ်ပေးတာ မလောက်ဘူးလို့ပြောတော့ တိုးဂိုက်က အရင်တစ်ခေါက်က သူ ၁ နာရီပေးတာ ၄၅ မိနစ်နဲ့တင် ပြန်ထွက်လာကြတယ် မင်းတို့က လေယာဉ်ပျံတွေ စိတ်ဝင်စားလို့ ဖြစ်လိမ့်မယ်။ အုပ်စုထဲမှာ အင်္ဂလိပ်စကားမတတ်တဲ့ တရုတ်မိသားစုနှစ်စုကတော့ သူတို့ဘာသာ လိမ့်နေကြတာ တွေ့တယ်။ လေယာဉ်ပျံတွေကို ဒီအတိုင်းလိုက်ကြည့်ရရင် ပျင်းဖို့ကောင်းမှာ တိုးဂိုက်က ခုလိုရှင်းပြတော့ စိတ်ဝင်စားဖို့ကောင်းတာများ ၁ နာရီ အချိန်ကုန်သွားမှန်းတောင် မသိဘူး။ ဝါရှင်တန်ဒီစီ နေရှင်နယ်မောလ်မှာရှိတဲ့ အာကာသပြတိုက်က သွားရောက်လည်ပတ်သင့်တဲ့ ပြတိုက်တစ်ခုပါ။


ကယ်ပီတယ် ဘေးတဖက်တချက်စီမှာ ပြတိုက်တွေ ရှိနေပြီး အားလုံးက ဝင်ကြေးအခမဲ့ပါ။ လမ်းလျှောက်အဖွဲ့နဲ့ နယူးယောက်တခွင်က Gallery of Art Open studios တွေ သွားကြည့်ဖူးပေမဲ့  ဝါရှင်တန်ဒီစီ National Gallery of Art ပြတိုက်က ပန်းချီ၊ ပန်းပုလက်ရာတွေကို ယှဉ်နိုင်တာ မတွေ့ဖူးသေးဘူး။ ခေတ်ပေါ်ပန်းချီတွေထက် ရှေးရိုးပန်းချီတွေကို နှစ်သက်တာလည်း ပါပါလိမ့်မယ်။ သတ်မှတ်ချိန်ရောက်တော့ ကျွန်မဘေးက ဥရောပမနှစ်ယောက် မရောက်သေးလို့ တိုးဂိုက်က ဖုန်းဆက်ခေါ်ရတယ်။ တတိယသွားရောက် လည်ပတ်မဲ့နေရာကတော့ တနာရီအဝေး မန်ဆာချူးဆက်ပြည်နယ် South Deerfield မြို့က Yankee Candle Village ပါ။ အရင်တုန်းက အမေရိကန်တောင်ပိုင်းသားတွေက မြောက်ပိုင်းသားတွေကို ယန်းကီးတွေလို့ ခေါ်ပါတယ်။ ၁၉၆၉  မိုင်ကယ်ဟာ သူ့မိခင်အတွက် ပထမဆုံးဖယောင်းတိုင်ပြုလုပ်ပြီး ခရစ်စမတ်လက်ဆောင်အဖြစ် ပေးတာကို အိမ်နီးချင်းတွေက အနံ့ကိုသဘောကျလို့ ဝယ်ယူရာကနေ ခုဆို နိုင်ငံပေါင်း ၅၀ ကျော်မှာ ဆိုင်ခွဲတွေ ဖွင့်ထားရတဲ့ ကုမ္ဗဏီကြီးဖြစ်နေပြီ။ ဗာမွန်တယ်ဒီဘီယာစက်ရုံ၊ ဟာချီချောကလက်စက်ရုံတွေလို ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းပြတဲ့ဟာများ ရှိမလား မှတ်တယ် မတွေ့ဘူး။ အရင်တုန်းက ဖယောင်းတိုင်ကို နေရာတိုင်းမှာ သုံးခဲ့ပေမဲ့ ၁၈၇၉  မှာ အက်ဒီဆင်က မီးသီးကို တီထွင်ခဲ့တဲ့အချိန်ကစပြီး ဖယောင်းတိုင်တွေနေရာမှာ မီးသီးတွေ အသုံးပြုခဲ့ပါတယ်။


တံခါးပေါက် ဖွင့်လိုက်ရင် ထွက်လာတဲ့ အနံ့တွေကို တရှုံ့ရှုံ့ရှုရှိုက်ကြပြီး ကြိုက်တဲ့အနံ့တွေ ရွေးကြတယ်။ ကလေးတွေရဲ့လက်တွေကို ဖယောင်းနဲ့ ပုံဖေါ်ပြီး ရောင်စုံခြယ်ကြတယ်။ ဟင်းချက်ပြီးရင် အနံ့တွေ ပျောက်စေဖို့ အမွှေးဖယောင်တိုင် ထွန်းကြတယ်။ ကျွန်မဆို ညတိုင်း ဘုရားကို အမွှေးဖယောင်းတိုင် ပူဇော်တယ်။ စန္ဒရားတီးလုံးသက်သက် သီချင်းကိုဖွင့်၊ ဖယောင်းတိုင်ထွန်းပြီး အိမ်တွင်းစပါ spa လုပ်တတ်တော့ ဖယောင်းတိုင်တွေဝယ်ဖို့ အဖုံးဖွင့်လိုက်၊ အနံ့ရှုကြည့်လိုက်နဲ့ အလုပ်များတယ်။ Pure Radiance လို့ နာမည်ရတဲ့ ပန်းနံ့၊ Linen ၊ Lily of the valley ဖယောင်တိုင်ကြီး ၃ ဘူး၊ အိမ်ရှင်ကို လက်ဆောင်ပေးဖို့ ပန်းနံ့ဘူးသေး ၁ ဘူး၊ essential oil ၂ ဘူး၊ ၉၅ ဆင့်ဆိုလို့ air fresher ၂ ဘူး ဝယ်တယ်။    စုရပ်မှာ လူတိုင်း အိတ်ကိုယ်စီနဲ့ ဈေးသက်သာလို့ လူတိုင်း ဝယ်ကြတယ်။  နောက်ဆုံးသွားရောက်လည်ပတ်မဲ့နေရာကတော့ နာရီဝက်အဝေး မက်ဆာချူးဆက်ပြည်နယ် Springfield မြို့က နယူးအင်္ဂလန်ရဲ့အကြီးဆုံး မီးထွန်းပွဲတော်၊ သုံးမိုင်ရှည်လျားတဲ့ Bright Nights at Forest Park ပါ။ လူတွေ ဆင်းလျှောက်ခွင့် မပြုဘဲ ကားမောင်းခွင့်ပဲ ပြုပါတယ်။ ကားပေါ်ကနေ လှမ်းရိုက်ရတော့ ဓာတ်ပုံတော်တော်များများ ဝါးတယ်။ အမေရိကန်မှာ အကြီးကျယ်ဆုံး ခရစ်စမတ်မီးထွန်းအလှဆင်တဲ့ ဘရွတ်ကလင်းက ဒိုက်ကာဟိုက် Dyker Heights ကို နှစ်ခါတိတိ ရောက်ဖူးသူတွေဆိုတော့ ဒီမီးထွန်းတာလောက်တော့ စာမဖွဲ့ဘူး။ ပျင်းစရာကောင်းလိုက်တာလို့ သမ်းဝေလိုက်၊ ဒိုက်ကာဟိုက်ကို မမှီဘူးနော်လို့ ဝေဖန်ကြနဲ့ပေါ့။


ညနေစာကို တရုတ်ဘူဖေးဆိုင်မှာ စားပါတယ် တစ်ဖ်ပါအပြီး ၁၆ ကျပ် ကျတယ်။ လက်ဆစ်ယောင်နေလို့ မှို၊  မျှစ်၊ မြေကြီးထဲက တိုက်ရိုက်ထွက်တာတွေ မစားပေမဲ့ ဂဏ္ဏန်း၊ ခရု၊ ကနုကမာ အိမ်မှာမချက်စားတဲ့ဟာတွေကိုတော့ မစားဘဲ မနေနိုင်ပြန်ဘူး။ ဒီနေ့တည်းတဲ့ဟိုတယ်က 4 stars ရေကူးကန်နဲ့ အင်မတန်နိပ်တယ်။ မနက် ၅ နာရီခွဲကတည်းက ထခဲ့ရသူမို့ ကျွန်မက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ် ဝိုင်းက အိပ်မပျော်ဘူးဆိုဘဲ။ မနက် ၇ နာရီခွဲ မောနင်းကောနှိုးတော့ အိပ်ယာထ၊ အထုပ်ပြင်၊ ပါလာတဲ့ဘီစကွတ်တွေနဲ့ မနက်စာစား ဟိုတယ်မှာ သွားစားရင် ၅ ကျပ် ပေးရမယ်။ ၈ နာရီ ၄၅ စုရပ်ရောက်တော့ လူတွေစုံနေပြီ ဥရောပမနှစ်ယောက် မရောက်သေးလို့ တိုးဂိုက်က ဖုန်းဆက်ခေါ်ရပြန်တယ်။ ဝိုင်းရေ ဒီဥရောပမနှစ်ယောက် ကြည့်ရတာ ရုရှားတွေနဲ့ တူတယ်။ ဝိုင်းကလည်း ဥရောပအရှေ့ဖက်ခြမ်းက ဖြစ်မယ်လို့ တွေးနေတာတဲ့။ တခေါက်နောက်ကျတယ်ဆိုတာ လက်ခံနိုင်တယ် ခုဟာက အမြဲတမ်းနောက်ကျနေတော့ အချိန်တိကျလေးစားတဲ့ ဆွဇ်တွေနဲ့များ ကွာပါ့။ ဒုတိယနေ့ သွားရောက်လည်ပတ်မဲ့ နေရာကတော့ ကွန်နက်တီကပ်ပြည်နယ် နယူးဟေဗင်မြို့က ကလင်တန်အောက်လက် လျော့ပင်းမောလ်ပါ။ Outlet တွေက ဈေးသက်သာပါတယ်။ နယူးယောက်ကနေ တနာရီအဝေးမှာရှိတဲ့ Woodbury အောက်လက်ဆို အတော်နာမည်ကြီးတယ်။ Nike ၊ Addidas ၊ Tommy Hilfiger ၊ JCrew ၊  Clarks ၊ Coach  ၊ Kate Spade ၊ Saks Fifth Avenue ဆိုင်တွေမှ အများကြီး။ တန်လို့ တွန်မီဆွယ်တာ ၃ ထည် ဝယ်ကြတယ်။ Clarks (British shoemaker since 1825) တွေက သက်တောင့်သက်သာရှိလို့ (ဒီဇိုင်းကတော့ သိပ်မနိပ် ကျွန်မအမြင်ပါ) နာမည်ကြီးပါတယ်။


ဈေးချနေလို့ ဝိုင်းက နှစ်ရံတောင်ဝယ်တယ်။ ကျွန်မခြေထောက်အကျယ်က သာမန်မိန်းကလေးထက် ကြီးတော့ ဖိနပ်ရှာရခက်တယ်။ သာမှန်ဆိုဒ် ၇ ဆိုတော့ ဈေးချပြီဆိုတာနဲ့ ၆.၅၊ ၇ ၊ ၇.၅ ဆိုဒ်တွေက မရှိတော့ဘူး။ ဥရောပမတစ်ယောက်က lindt ချောကလက်ဝယ်တာတွေ့တော့ ဝိုင်းက လွန်ခဲ့တဲ့တပတ်က တစ်ယောက်သောသူလည်း ဆိုင်တွေမှာ ဝင်ဝင်စားတာ မဝလို့ဆိုပြီး တပေါင်ဝယ်လေရဲ့ ဆိုတော့ ကျွန်မတို့တွေ ရယ်ရသေးတယ်။ fifth avenue ရောက်တိုင်း အလကားပေးတဲ့ ချောကလက်တွေ ဝင်စားလေ့ရှိတဲ့ lindt swiss chocalte ဆိုင်က ချောကလက်အရသာက သိပ်ကောင်းပေမဲ့ ခန္ဓာကိုယ်မှာ fat တွေ ဖြစ်စေတယ်။ အသက် ၂၀ တုန်းကတော့ ဘာစားစား အဆီမဖြစ်ဘူး အသက် ၃၀ ကျော်လာရင် စားသမျှ အဆီတွေ ဖြစ်ကုန်တယ်။  အားကစားရုံမှာ စက်အောက်ကို လက်ထိုးပေးလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ ရာခိုင်နှုန်းဘယ်လောက်က အဆီဆိုတာကို ဖော်ပြပေးတယ်။ ခန္ဓာကိုယ်ရဲ့ ၂၅ ရာခိုင်နှုန်းဟာ အဆီဖြစ်သင့်တာ ဝိုင်းက ၃၀ ရာခိုင်နှုန်းဖြစ်နေလို့ အဆီကို အရမ်းသတိထားနေပါတယ်။ ချောကလက် ဝယ်ထားရင် မကုန်မချင်း ထိုင်စားတတ်တဲ့ ဝိုင်းက ကိုယ့်ဘာသာ မထိန်းနိုင်တော့ ချောကလက် မဝယ်ဘူး။ အမှတ်ငါးလမ်းမရောက်ရင် Lindt နှစ်ဆိုင်တွေကဝေတဲ့ ချောကလက် ၂ လုံးစားပြီး တော်ပြီလို့ ဆိုတတ်တယ်။ Lindt ချောကလက် တပေါင်ဝယ်ထားတဲ့ ကျွန်မက တနေ့ကို ချောကလက် ၃ လုံးကနေ ၅ လုံးပဲစားတော့ ကိုယ့်ဘာသာ ထိန်းနိုင်တယ်လို့ ဆိုရတယ်။ ဝိုင်းရေ အမှတ်ငါးလမ်းမကြီးက Lindt ချောကလက်ဆိုင်တွေတော့ ငါတို့လက်ချက်နဲ့ ပြုတ်မလား မသိဘူးနော်။ ဒီငတိမလေးတွေ အပတ်တိုင်း အလကားဝေတဲ့ ချောကလက် ဝင်စားကြပြီး တခါမှလည်း မဝယ်ဘူး။ ဒင်းတို့ကို ၆၅ ဆင့် ရင်းနှီးလိုက်ပေမဲ့ ဘာမှပြန်မရဘူးရယ်။ ဝိုင်းက လက်ဆောင်ပေးဖို့ ချောကလက်ဝယ်မယ်ဆိုရင် Lindt ဆိုင်မှာပဲ ဝယ်မယ်တဲ့။ အပတ်တိုင်း မဝယ်ဘဲ ဝင်ဝင်စားနေတာကို အားနာလို့တဲ့။


Nike လမ်းလျှောက်ဖိနပ် တရံဝယ်ပါတယ်။ တခြားတံဆိပ်တွေထက် Nike က ပေါ်ပြူလာဖြစ်တယ်။ အမေရိကန်တွေက အားကစားဖိနပ် သိပ်ကြိုက်ကြတယ်။ ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးထားရင် အဲဒါ အမေရိကန်ပဲ။ ကျွန်မလည်း အမေရိကန်ဆန်လာပြီထင်တယ် အမြဲတမ်း အားကစားဖိနပ် စီးနေတော့တာ။ အမေရိကန်တွေက ဖက်ရှင်ထက် သက်တောင့်သက်သာဖြစ်တာကို ပိုအလေးထားတယ်။ အရင်တုန်းကတော့ ဒေါက်မြင့်ဖိနပ်လေးတွေစီးပြီး ရှိုးထုတ်နိုင်ပေမဲ့ နယူးယောက်ရောက်ပြီးကတည်းက ဖိနပ်အမြင့် မစီးနိုင်တော့ဘူး။ နယူးယောက်မှာ တနေ့ကို အနည်းဆုံး နာရီဝက်နေ ၄၅ မိနစ် လမ်းလျှောက်ရတာကိုး။ food court ရှိတယ်ဆိုပေမဲ့ မတွေ့လို့ food truck ကနေ နေ့လည်စာဝယ်စား။ စုရပ်ရောက်တော့ လူတိုင်းအထုပ်ကိုယ်စီနဲ့ လျော့ပင်းဖို့ ၄ နာရီပေးတာတောင် မလောက်တဲ့ပုံ။ နောက်ဆုံးသွားရောက်မဲ့နေရာကတော့ ယေးတက္ကသိုလ်ရဲ့ Peabody Museum of National History ပါ။ ကွန်နက်တီကပ်ပြည်နယ် နယူးဟေဗင်မှာရှိတဲ့ ယေးတက္ကသိုလ်ရဲ့ တနေရာတည်းမှာ စုနေတာ မဟုတ်ပါဘူး။ နယူးဟေဗင်မြို့ရဲ့ သုံးပုံနှစ်ပုံက ယေးတက္ကသိုလ်ပါတဲ့ ယေးတက္ကသိုလ်ဟာ နာမည်ကြီးတက္ကသိုလ်တစ်ခုပါ။ ပြတိုက်ရဲ့ အောက်ဆုံးထပ်မှာ ပုရွတ်ဆိတ်ပြခန်း ရှိပါတယ်။ ပုရွတ်ဆိတ်တွေဟာ အင်မတန် စည်လုံးညီညွှတ်ပြီး အတူတကွ လုပ်ဆောင်ပါတယ်။ ပုရွတ်ဆိတ်ဟာ ဒိုင်နိုဆောတွေနဲ့ သက်တမ်းအတူတူပေမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အစားအစာတွေ ရှားပါးလို့ ဒိုင်နိုင်ဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားပေမဲ့ အစားအသောက်မရွေး၊ နေရာမရွေး ရှင်သန်နေထိုင်နိုင်တဲ့ ပုရွတ်ဆိတ်တွေကတော့ ခုထိသက်ထိထင်ရှား ရှိနေပါတယ်။


အမေဇုန်တောအုပ်ထဲက အသားစားပုရွတ်ဆိတ်နက်တွေဆို ဆင်တွေတောင် ကြောက်ရပါသတဲ့။ ပုရွတ်ဆိတ်အုပ် ဖြတ်သွားရင် ဆင်က အရိုးစုပဲ ကျန်တော့တယ်တဲ့။ ပုရွတ်ဆိတ်ရဲ့ ရန်သူတမျိုးက နှံကောင်ပါ။ ဒိုင်နိုဆော ရုပ်ကြွင်း၊ လူသားအစ ပရိုင်းမိတ်ရုပ်ကြွင်း၊ ကျောက်အမျိုးအစားတွေ၊ ငှက်အမျိုးမျိုး၊ ပိုလာဝက်ဝံတွေ အကြောင်းနဲ့ ပြတိုက်က သေးပေမဲ့ စိတ်ဝင်စားဖို့ ကောင်းသား ၄၅ မိနစ်က မလောက်ဘူး။ ကြည့်ရတာ ငါတို့တွေကသာ မလောက်ဘူးလို့ ကွန်ပလိမ်းနေတာ တခြားသူတွေက အေးဆေးပဲ။ သူတို့က ဒီဟာတွေကို စိတ်မဝင်စားသလို အင်္ဂလိပ်စာလည်း မဖတ်တတ်တော့ အရုပ်ပဲကြည့် စာမဖတ်တော့ မြန်တာပေါ့။ မြန်မာပြည်က ပတ္တမြားတွေ့ခဲ့လို့ ဓာတ်ပုံရိုက်လာတယ်။ ကျေးဇူးတော်နေ့ ပိတ်ရက်ပြီးပြီဖို့ လူတွေ အိမ်ပြန်လာတော့မှာ လမ်းတွေ ကျပ်လိမ့်မယ် လမ်းကျပ်တာကို ရှောင်ဖို့ နည်းနည်းမြန်မြန် မောင်းမယ်နော် နောက်ထပ် ၁ နာရီခွဲမှာ Rest Area မှာ ဝိတ်လျှော့ကြမယ်။ ဝိတ်လျှော့ပြီးတော့ ကောင်တာမှာ ကွန်နက်တီကပ်မြေပုံကို ကြည့်ကြပြီး ကောင်တာက ဝန်ထမ်းကို သွားစပ်စုတယ်။ ကွန်နက်တီကပ်ပြည်နယ်ရဲ့ မြို့တော်က ဘာလဲ Hartford ၊ အကြီးဆုံးက ဘယ်မြို့လဲ New Heaven ၊ စီးပွားရေးအကောင်းဆုံးမြို့က Stamford ။ နယူးယောက်ကနေ စတန်းဖို့ထ်မြို့ကို ရထားရှိတယ် တချို့ဆို စတန်းဖို့ထ်မှာနေပြီး မက်ဟန်တန်ကို ရုံးတက်ကြတယ်။ ကားထိုင်ခုံက အဆင်မပြေပေမဲ့ ကျွန်မတို့တွေက အဆင်ပြေသလို ငိုက်ကြတယ်။


တိုးဂိုက်မှန်းတဲ့အတိုင်းပါပဲ ၆ နာရီ ၁၅ မှာ ဖလပ်ရှင်းဝင်တယ်။ စောနေပေမဲ့လည်း ဟောင်ကောင်စူပါမာ့ခ်ကတ်မှာ ဈေးဝယ် ထုံးစံအတိုင်း Mini Shabu Shabu မှာ ညနေစာ စားကြတယ်။ အိမ်ရှင်အတွက် ဝယ်လာတဲ့ ဖယောင်းတိုင်နဲ့ ချောကလက် ၁၀ လုံးကို  ကျွန်မကို ညီမလေးတစ်ယောက်လို စောင့်ရှောင့်တဲ့ လုပ်ဖော်ကိုင်ဖက် ပတ်ထရီရှာကို နယူးရီးယားလက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ဇန်နဝါရီလအတွက် ရွေးချယ်ထားတာကတော့ ဗာမွန်ပြည်နယ်ဖက်က စကီးတိုးပါ။ စကီးတိုးကို သွားဖို့ဆိုရင် စကီးအတွက် ဂျာကင်၊ ဘောင်းဘီ၊ ဖိနပ်၊ လက်အိတ်တွေ လိုပါတယ်။ Waterproof ဖြစ်ရမဲ့အပြင် နွေးဖို့လည်းလိုတော့ ဈေးကြီးတယ်။ စကီး  tour package ထဲမှာ စကီးဖိနပ်ငှားတာ၊ ski lesson တက်ရတာ၊ တောင်ထိပ်ကို lift နဲ့ တက်တာတွေ ပါဝင်ပါတယ်။ စကီးအဝတ်အစားတွေရယ်၊ စကီး tour package တွေက ဈေးမချိုပါဘူး။ လက်ဆစ်တွေ ကိုက်တာ သက်သာရင်၊ ဒေါက်တာက သွားခွင့်ပြုရင်၊ တိုးက ကွင်ဖန်းဖြစ်ရင်တော့ သွားဖြစ်ပါဦးမယ်။

Happy Traveling !

စန်းထွန်း
ဇန်နဝါရီ ၁၂ ၊ ၂၀၁၅။

ကွန်နက်တီကပ်သွား တောလား - ၁

ခရစ်စမတ်အတွက် သီးသန့်ထွက်တဲ့ ခရစ်စမတ်စပါယ်ရှယ် တိုးသုံးခုထဲမှာ တခုက ဝါရှင်တန်ဒီစီ၊ တခုက ဖီလာဒဲဖီးယား၊ တခုက ကွန်နက်တီကပ် ပြည်နယ်တွေကို သွားတဲ့ခရီးစဉ်တွေထဲမှာ နိုဝင်ဘာလက ဖီလာဒဲဖီးယားကို သွားပြီးပြီမို့ ဒီဇင်ဘာလအတွက် ရွေးချယ်လိုက်တာကတော့ ကွန်နက်တီကပ်ပြည်နယ် ခရီးစဉ်ပါ။ မေရီလန်းပြည်နယ်မှာ တစ်နှစ်နီးပါး နေခဲ့ဖူးလို့ ကျွှန်မက ဝါရှင်တန်ဒီစီတခွင် ပြဲပြဲစင်ခဲ့သလို ဝိုင်းကလည်း ဝါရှင်တန်ဒီစီမှာ အစည်းအဝေးပွဲ၊ စင်မီနာတွေ လာတက်ဖူး၊ မနှစ်ကနွေမှာ သူ့အစ်မတွေ ယူအက်စ်ကို လာလည်တုန်းက ဝါရှင်တန်ဒီစီကို ရောက်ဖူးထားတော့ နှစ်ယောက်စလုံးက ဝါရှင်တန်ဒီစီထက် ကွန်နက်တီကပ်ခရီးကို ပိုစိတ်ဝင်စားကြတယ်။ ဒီဇင်ဘာ ၂၇ မှာ ဖိတ်ထားတဲ့ အလှုကို သွားချင်လို့ တိုးကိုရှေ့တပတ်စောဘွတ်တာ လုံလောက်တဲ့ ခရီးသည်မရလို့ Cancel တယ်။ ဒီဇင်ဘာ ၂၇ ခရီးကတော့ ကွင်ဖန်းဖြစ်နိုင်တယ်လို့ တိုးအေးဂျင့်ကပြောလို့ ပြန်ဘွတ်တာ ကွင်ဖန်းဖြစ်တယ်။  မနှစ်တုန်းက အဲဒီအလှုမှာ ဘလော့ဂါ မမီးငယ်၊ ဘလော့ပရိတ်သတ် ပန်ဆယ်ဗေးနီးယားက မခိုင်တို့ နဲ့ ဆုံခဲ့ပါတယ်။ အဲဒီအလှုက အင်မတန် စည်ပါတယ် အမျိုးအုပ်ကလည်းတောင့်၊ သူငယ်ချင်းအုပ်ကလည်း တောင့်တော့ ကျောင်းအလှုထက်တောင် စည်နေတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ ဒီနှစ်မှာတာ့ မမီးငယ်က အလုပ်ကနေ ခွင့်မရ၊ မခိုင်ကလည်း မအား၊ ကျွန်မကလည်း ခရီးသွားမှာဆိုတော့ အလှုမှာ မဆုံဖြစ်တော့ဘူး။

ခရီးသွားမဲ့နေ့ အကြိုညမှာ တိုးဂိုက်ဆီက သတ်မှတ်ထားတဲ့အချိန် စုရပ်ကို အချိန်မှီရောက်ဖို့၊ လိုအပ်တာတွေ မှာကြားတဲ့ မက်ဆေ့ရပါတယ်။ ထုံးစံအတိုင်း မနက် ၅ နာရီခွဲ အိပ်ယာကထ၊ ရေမိုးချိုး၊ အထုပ်ပြင် ၆ နာရီ ထိုးတာနဲ့ ဘူတာရုံကိုသွား၊ ၁၅ မိနစ် ရထားစီးပြီး ဖလပ်ရှင်းရောက်တော့ ၆ နာရီခွဲ။ ဒီတခေါက် ခရီးသည်တွေ များတယ်။ ပရင့်ထုတ်လာတဲ့ အီးတစ်ကဒ်နဲ့ တိုးဂိုက်တွေဆီမှာ ချက်ကင်ဝင်။ တရုတ်တန်းဆီသွားမဲ့ ရှယ်တယ်ဆီသွားတော့ တိုးဂိုက်အက်ဒီဆင်နဲ့ ပြန်ဆုံတယ်။ တိုးဂိုက်အက်ဒီဆင်က အရင်လ ဖီလားဒဲဖီးယား တောလားသွားတုန်းက တိုးဂိုက်ပါ။ ရှယ်တယ်ကားပေါ်မှာ နေရာယူ၊ ကားထွက်ခါနီးတော့ တိုးဂိုက်မလေးက ခရစ်စမတ်တိုး၊ နိုင်အာဂရာ သွားမဲ့တိုးတွေက ဒီကားမဟုတ်ဘူး၊ အဲဒီတိုးသွားမဲ့သူတွေ လက်မှတ်လာစစ်ပါဆိုတော့ အထုပ်ဆွဲပြီး သွားမေးတာ ဒီကားပါတဲ့။ အရင်ထိုင်ခဲ့တဲ့ နေရာဆီ ပြန်လာတော့ ဘေးနားမှာထိုင်တဲ့ တရုတ်မက ကျွန်မနေရာ ထိုင်နေပြီး သူ့အဖော်မိန်းမက သူ့ဘေးမှာ။ နေရာကထပေးရမလားလို့ တခွန်းမှ မဆိုဘူး သူတို့နဲ့ လားလားမှ မဆိုင်သလို။ ထိုင်ခုံတွေက လူအပြည့် ဟိုးနောက်ဆုံးတန်းက အိတ်တင်ထားတဲ့ နေရာမှာတော့ ထိုင်လို့ရမယ်နဲ့ တူပါရဲ့။ စိတ်ထဲမကြည်လင်ဖြစ်သွားပေမဲ့ ဆယ့်ငါးမိနစ်လေးပဲ စီးရမှာပါလေဆိုပြီး စိတ်ထဲမထားတော့ဘူး။ ခရီးသွားရင် အဲဒီလို လူအမျိုးမျိုး စိတ်အထွေထွေ ကြုံဆုံရတယ်။ အိတ်ဖယ်ပေးတဲ့ အိန္ဒိယသားက နှုတ်ဆက်လာပါတယ် ဘယ်သွားမှာလဲဆိုတော့ သူတို့က ဝါရှင်တန်ဒီစီကိုတဲ့။


ဝါရှင်တန်ဒီစီကိုသွားမဲ့ ဘတ်စ်နံပါတ် ၃ ဆိုရင်တော့ အိတ်တွေ ပြောင်းစရာမလိုဘူး။ တခြားတိုးဆိုရင်တော့ အိတ်တွေ အကုန်သယ်ပြီး တိုးဂိုက်တွေဆီမှာ ချက်ကင်ဝင်ပြီးမှ မုန့်သွားစားပါတဲ့။ နယူးယောက်စီးတီးကို မက်ဟန်တန် Manhattan ၊ ကွင်း Queens ၊ ဘရွှတ်ကလင်း Brooklyn ၊ ဘရောင်းဇ် Bronx၊ စတေးတန်းအိုင်လန် Staten Island ဘိုရိုတွေနဲ့ ဖွဲ့စည်းထားပြီး နယူးယောက်ပြည်နယ်ရဲ့ မြို့တော်က အယ်ဘယ်နေ Albany ဖြစ်ပေမဲ့ နယူးယောက်စီးတီးက လူဦးရေအထူထပ်ဆုံးပါ။ ကွင်း၊ ဖလပ်ရှင်းဖက်ကတော့ အေးရှင်းများတယ်၊ ဘရွှတ်ကလင်းဖက်ကတော့ ဂျူးများတယ်။  ဖြတ်သွားတဲ့ သင်္ခိျုင်းဆိုရင် ယူအက်စ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ အုတ်ဂူငါးသန်း ရှိပါသတဲ့။ အင်း ဒီတိုးဂိုက်က အတော်ရှင်းပြတာပဲ တိုးဂိုက်ရေဗင်နဲ့များကွာပါ့ တရုတ်လို မိနစ် ၂၀ လောက် ရှင်းပြပြီး ပန်းခြံဆိုတော့ သစ်ပင်တွေအများကြီးလို့ အင်္ဂလိပ်လို ငါးမိနစ်ပဲ ရှင်းပြတယ်။ ရွန် လမ်းလျှောက်အဖွဲ့က ဂရင်းဝုဒ်သင်္ချိုင်း Greenwood Cemeteryနဲ့ ပရောစပက်ပန်းခြံ Prospect Park ကို လမ်းသွားလျှောက်တော့ ကျွန်မနဲ့ဝိုင်းက စိတ်မဝင်စားဘူး။ ဂရင်းဝုဒ်သင်္ချိုင်းမှာ နာမည်ကြီးတဲ့သူတွေရဲ့ အုတ်ဂူတွေရှိပေမဲ့ ကျွန်မတို့က အေးရှန်းပီပီ သင်္ချိုင်းဆိုတာ အမင်္ဂလာနေရာလို့ ယူဆပြီး သင်္ချိုင်းကို သွားကြည့်မှာထက် ပြတိုက်ကို ပိုစိတ်ဝင်စားတယ်။ မင်္ဂလာဒုံစစ်သင်္ခိျုင်းကို ရောက်ဖူးတယ် သင်္ခိျုင်းဆိုပေမဲ့ ဓာတ်ပုံရိုက်လို့ အတော်လှတယ် အင်္ဂလိပ်သင်္ခိျုင်းမို့လို့ နေမှာ။

ညာဖက်က Chrysler အဆောက်အဦး ၁၉၂၈ မှာ ဆောက်လုပ်ပြီးစီးခဲ့တာ အဲဒီတုန်းက အမြင့်ဆုံးပေါ့ ၁၁ လ ကြာပြီးတဲ့အခါ အင်ပါရာစတိတ်အဆောက်အဦးက ကမ္ဘာပေါ်မှာ အမြင့်ဆုံး။ နောက် World Trade Center ခု Burj Dubai တာဝါက အမြင့်ဆုံး။ ဆောက်လုပ်စ အဆောက်အဦးမြင့်မြင့် တခုကိုတွေ့လား အဲဒါ resident condo တခန်းကို ဒေါ်လာ ၉၅ မီလျံနဲ့ ရောင်းနေပါတယ်။ ကျွှန်မတို့လေသံအရဆိုရင် ဟင် 95 millions  only လား :) ။ စုရပ်ကိုရောက်တော့ တိုးဂိုက်ဝီလ်ချန်နဲ့ ဆုံပါတယ်။ တိုးဂိုက်က သဘောမနောကောင်းမဲ့ပုံ ဖော်ရွေတယ်။ လွန်ခဲ့တဲ့လ ဖီလာဒဲဖီးယားသွား တောလားတုန်းက တိုးဂိုက်ရေဗင်နဲ့ ပြန်ဆုံပါတယ်။ ဆံပင်စတိုင် ပြောင်းထားတယ်နော်လို့ ရေဗင်ကို နှုတ်ဆက်တော့ ဒီစတိုင် မိုက်လားလို့မေးလာတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်တော့တယ်။ ဆံပင် ဘေးနှစ်ဖက်ကို အပြောင်သိမ်း အလယ်က ဆံပင်ကိုပဲချန်ထားပြီး  အဲဒီဆံပင်ကို စည်းထားပြန်သေးတော့ ဂျပန်ဆာမူရိုင်းစတိုင်လိုလို ဘာလိုလိုကြီးကို ဘယ့်နှယ့် ဂွတ်၊ ဂရိတ်လို့ မပြောချင်ပါဘူး။ အက်ကေဒီးယား၊ ဗာမွန်သွား တောလားတွေရဲ့ တိုးဂိုက် ဂျယ်ရီကိုလည်း တွေ့လည်း။ ဒီတခေါက်တော့ ခရီးသည်တွေ အတော်များတယ်။ ခရစ်စမတ်တိုး၊ ဝါရှင်တန်ဒီစီတိုး၊ နိုင်အာဂရာတိုး ကားတွေမှ အများကြီးပဲ။ ကျွန်မတို့တိုးကတော့ လူ ၁၂ ယောက်ပဲပါတဲ့ အုပ်စုလေး တိုးကလည်း relax ဖြစ်တဲ့ တိုးပါတဲ့။ ဗင်ကားရဲ့ နောက်ဆုံးတန်းမှာ နေရာရပါတယ် ကျွန်မဘေးမှာက ဥရောပတိုက်ရုပ်ပေါက်နေတဲ့ မိန်းမနှစ်ယောက်။ ကျွန်မဘေးနားမှာထိုင်တဲ့ မိန်းမက ထိုင်ခုံထိုင်ရတာ အဆင်မပြေတဲ့အကြောင်း ဘေးကမိန်းမကို ပြောနေပုံရတယ်။ နယူးဂျာဆီ ပန်းသီးသွားခူးတဲ့တိုးတုန်းက ဗင်ကားထက်စာရင် ဒီကားက ပိုသက်တောင့်သက်သာရှိတယ်။


ကားမထွက်သေးလို့ ဘာကိုများ စောင့်နေပါလိမ့်လို့ စပ်စုကြည့်တော့ တိုးဂိုက်က အဘွားကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက် အိမ်သာသွားနေတာကို စောင့်နေတာပါတဲ့။ သူ့တို့တွေ ရောက်တာနဲ့ ကားစထွက်ပါတယ်။ ကားသမားက တိုးကုမ္ဗဏီက ကားမောင်းသမားတွေထဲမှာ အကျွှမ်းကျင်ဆုံး၊ အတွေ့အကြုံ အရှိဆုံးပါတဲ့။ မန်ဒရင်က တိုးဂိုက်ရဲ့ မိခင်ဘာသာစကား မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်နှစ်ကမှ မန်ဒရင်ဘာသာစကား သင်ခဲ့တာမို့ မန်ဒရင်စကားပြော အမှားအယွင်းရှိခဲ့ရင် ခွှင့်လွှတ်ပေးကြဖို့ ကြိုတောင်းပန်ပါတယ်။ ကားမှာ အိမ်သာမပါတာမို့ ၁ နာရီ၊ ၁ နာရီခွဲ တခါ Rest Area မှာ ကျန်းမာရေး ဝိတ်လျှော့ကြပါမယ်တဲ့။ ခရီးစဉ် အကြမ်းဖျဉ်းနဲ့ ဘွတ်ကင်တုန်းက ပေးတဲ့ပိုက်ဆံက ကား၊ ဟိုတယ်ခသာ ပါဝင်ပြီး မပါဝင်တဲ့ ဝင်ကြေး၊ အစားအသောက်၊ တိုးဂိုက်ခတွေအကြောင်း ရှင်းပြပါတယ်။ ပထမဆုံး သွားရောက်လည်ပတ်မဲ့ နေရာကတော့ ကွန်နက်တီကပ်ပြည်နယ် ဝါတားဘူရီမြို့က တိုင်းမတ်စ်ပိုပြတိုက်ပါ။ ၁၈၅၄ ကတည်းက နာရီတွေ ထုတ်လုပ်ခဲ့တဲ့ အရင်တုန်းက ဝါးတားဘူရီနာရီကုမ္ဗဏီကို နာမည်ပြောင်းလိုက်တဲ့ တိုင်းမတ်စ်ကိုအော်ပိုရေးရှင်းရဲ့ သမိုင်းကြောင်းကို တွေ့ရမှာပါတဲ့။ ပြတိုက်အပြင်မှာရှိတဲ့ အီစတာကျွှန်းသား ခေါင်းတပိုင်းရုပ်ကြောင့်လည်း ပြတိုက်ကို သိကြပါသတဲ့။

ပြတိုက်ဂိုက်က သမိုင်းကြောင်းကို ရှင်းပြတဲ့အခါ တိုးဂိုက်က တရုတ်လို ပြန်ရှင်းပြတယ်။ ကြေးနဲ့ သစ်သားကို အသုံးပြုပြီး ထုတ်လုပ်တော့ ဝါးတားဘူရီနာရီတွေဟာ ဈေးချိုပါတယ်။ ၁ ဒေါ်လာနဲ့ လူတိုင်းကိုင်နိုင်အောင် ထုတ်လုပ်တော့ နာမည်ကြီး လူကြိုက်များပါတယ်။ တွေ့လိုက်ရတဲ့ ကြော်ငြာတခုမှာဆိုရင် ပွင့်နေတဲ့ လက်ကေ့အိတ်ထဲက နာရီတွေ အများကြီး တွေ့လိုက်ရတော့ ဟိုတယ်ဝန်ထမ်းလေးက ဘာလို့ နာရီတွေ အများကြီး ရှိတာလဲလို့ မေးတော့ မိန်းမပျိုလေးက ရေကူးသွားရင် ရေစိုခံတဲ့ နာရီ၊ တင်းနစ်သွားရိုက်ရင် ဒီနာရီ၊ ရုံးသွားရင် ဒီနာရီ၊ လျှော့ပင်းသွားရင် ဒီနာရီ၊ ဒီနာရီနဲ့ ဒီအင်္ကျီ၊ ဟိုနာရီနဲ့ ဟိုအင်္ကျီ။ ဈေးချိုတော့ အများကြီး ဝယ်ပတ်ကြတယ်။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆို အင်္ကျီအရောင်အလိုက် Swatch နာရီတွေ လဲတာတဲ့။ ကျွန်မက အဲဒီလို အမျိုးမျိုး လဲရတာထက် တခုထဲကို စွဲစွဲမြဲမြဲ ပတ်ရတာ ကြိုက်တယ်။ စက္ကူနာရီလေးတွေကို ကိုယ့်စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ စက္ကူယူ ကြိုက်တဲ့နာရီဒိုင်ခွက် ဒီဇိုင်းရွေး၊ ကြိုးဒီဇိုင်းရွေးပြီး စက္ကူကို ပုံစံခွက်အောက်ထဲထည့်၊ အပေါ်က ခလုပ်ကို ဖိလိုက်ပြီး စက္ကူတွေ ဖယ်လိုက်ရင် လက်မှာပတ်လို့ရတဲ့ စက္ကူနာရီလေး ဖြစ်လာတယ်။ နာရီပတ်ပြီးတော့ ဝိုင်းရေ ကိုယ်တိုင်လုပ် ပါတိတ်ဖီးလစ်နာရီလေးနဲ့ ဓာတ်ပုံရိုက်ပေးပါဆိုတော့ နှစ်ယောက်သား  ရယ်ရသေးတယ်။ ဆွဇ်ပို့စ်ကို ဖတ်ပြီးတဲ့သူဆိုရင် ပါတိတ်ဖီးလစ်နာရီအကြောင်း သိပါလိမ့်မယ်။


မစ်ကစ်မောက် နာရီလေးတွေက ပေါ်ပြူလာ ဖြစ်ပါတယ်တဲ့။ နောက်ထပ် ဒစ်စနေဇာတ်ကောင် နာရီတွေ ထုတ်တော့လည်း လူကြိုက်များတာပဲ။ လော့စတာကို နာရီပတ်ပေးပြီး ရေအောက်ထဲမှာ နာရီက ဝါးတားပရုဖြစ်တဲ့အကြောင်း ကြေငြာထားတာ တွေ့ခဲ့တယ်။ ဂျော်ကီမြင်းခြေထောက်မှာ နာရီပတ်ပေးပြီး နာရီအကြမ်းဒဏ်ခံနှိုင်တဲ့အကြောင်း ကြေငြာထားတာ တွေ့ခဲ့တယ်။ ဈေးလည်း သက်သာတယ်၊ ကွာလတီလည်း ကောင်းတယ်၊ တွေ့လား ဒါကြောင့်ပြောတာ အမေရိကန်တွေက သိပ်လက်တွေ့ကျတယ်လို့။ အီတလီတွေက ဟန်အရမ်းများတယ် အသက် ၈၀ ကျော် အဘွားကြီးပေမဲ့လည်း မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီ၊ လက်သည်းနီ အပြည့်၊ ဆံပင်စတိုင်မိမိ၊ အင်္ကျီ၊ လက်ဝတ်လက်စား၊ ဖိနပ်၊ အိတ်၊ ပုဝါ အရောင်ကိုက်နေမှ ကိုယ့်ကိုကိုယ် သိပ်ဂရုစိုက်တာ။ တမျိုးတွေးကြည့်တော့လည်း အဲဒါ ကောင်းတာပဲနော်။ တို့အေးရှန်းအဘွားကြီးတွေဆို မပြင်မဆင်နဲ့ အဘွားကြီးရုပ် သိပ်ပေါက်တာပဲ ပြင်ပြင်ဆင်ဆင်နေတော့ ကြည့်လို့ကောင်းတာပေါ့။ ကိုယ်တို့တိုင်းပြည်မှာဆိုရင်တော့ အဘွားကြီးက အသက်ဒီလောက်ကြီးနေတာကို ဘဝကူးကောင်းအောင် မပြင်ဆင်ဘူး ဒီအပုပ်ကောင် ခန္ဓာကိုယ်ကို ပြင်နေတယ်လို့ ပြောကြမှာ။ ပြင်ပြင်ဆင်ဆင်နေတာ ကောင်းပါတယ် ဒါပေမယ့် အီတလီတွေကတော့ နည်းနည်းလွန်သလားလို့။

ပိုလီနီးရှန်း...ပိုလီနီးရှန်း ဘယ်မှာကြားဖူးမှန်းတော့ မသိဘူး ကြားတော့ ကြားဖူးနေတယ်။ ပိုလီနီးရှန်းဆိုတာ အင်ဒိုနီးရှား၊ သြစတေးလျတိုက်ရဲ့ အရှေ့ဖက် သမုဒ္ဒရာထဲမှာရှိတဲ့ ကျွှန်းစုလေးတွေပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပီရူးတွေဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လို့ ပိုလီနီးရှားကို သွားရောက်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေ တွေ့ရပါတယ်။ မြက်ပင်တွေနဲ့ တည်ဆောက်ထားတဲ့လှေနဲ့ ပစိဖိသမုဒ္ဒရာကို ဖြတ်ခဲ့တယ်ဆိုတာ ဖတ်ရတော့ ဘုရားရေ... ပစိဖိတ်သမုဒ္ဒရာကြီးကို ဒီလှေလေးနဲ့ ဖြတ်ခဲ့တယ် မယုံနိုင်စရာဘဲ။ တကယ်လည်း ပီရူးတွေ စွန့်စားဖြတ်ကျော်ခဲ့ရလို့ ပိုလီနီးရှန်းမှာ အခြေချနေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ကျွန်မ သွားချင်တဲ့ နေရာတွေထဲမှာ တောင်အမေရိကတိုက်က ပီးရူးနိုင်ငံ ပါဝင်တယ်။ ၁၇၂၂  ခုနှစ် ဒက်ချ်သင်္ဘောသားတွေတွေဟာ တောင်အမေရိကတိုက် အနောက်ဖက်ခြမ်းက ကျွှန်း‌လေးကျွှန်းကို  အီစတာနေ့မှာတွေ့ရှိခဲ့လို့ အီစတာကျွှန်းလို့ နာမည်ပေးခဲ့ပါတယ်။  တခြားပိုလီနီးရှားကျွှန်းက သစ်သားရုပ်တွေပေမဲ့ ဒီအီစတာကျွှန်းမှာတော့ သစ်သားရှားပါးလို့ ကျောက်တုံးတွေနဲ့ ရုပ်တုတွေ တည်ဆောက်ခဲ့ပါတယ်။ ကြီးမားတဲ့ ချီလီဆီးသီးပင်တွေဟာ ဟိုးအရင်တုန်းက ဒီကျွှန်းမှာ ပေါများခဲ့ပုံပေါ်တယ်။ ပိုလီနီးရှန်းတွေမှာ နားရွက်ရှည်၊ နားရွက်တိုလူမျိုးဆိုပြီး ခွဲထားတယ်တဲ့။ ပိုလီနီးရှန်းအကြောင်း သိချင်သွားလို့ American Museum of National History တခေါက် ပြန်သွားဦးမယ် ဖြစ်သွားကြတယ်။ စင်ထရယ်ပါ့ခ် အနောက်ဖက် B ၊ C ရထားစီးပြီး 81 st - Museum of National History ဘူတာကနေ တက်လိုက်တာနဲ့ ပြတိုက်ရှေ့ပါ။


ပြတိုက်ဝင်ကြေးက ၂၂ ကျပ်ဆိုပေမဲ့ pay as you wish သဒ္ဓါကြေးပေးလို့ရပါတယ်။ ကျွန်မဆို ၂ ကျပ်ပဲ ပေးတယ်။ မိုးရွာတဲ့နေ့၊ နှင်းကျတဲ့နေ့ဆို ပြတိုက်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ကျွန်မတို့တွေ မိုးရွာတဲ့ပိတ်ရက်တရက်မှာ အဲဒီပြတိုက်ဆီကိုသွားတော့ လား...လား လူတွေမှ အများကြီး ဘာလို့လူတွေ ဒီလောက်များနေရတာလဲ ပြပွဲရှိလို့လား။ မိုးရွာတဲ့နေ့ဆို ပြတိုက်သွားမယ်လို့ ကျွန်မတို့လိုမျိုး တွေးထားတဲ့လူတွေ နေမှာပေါ့။ ပြတိုက်ဝင်ကြေး အပြည့်ပေးပြီး လက်မှတ်ကို kiosk တွေမှာ ဝယ်လို့ရပါတယ်။ သဒ္ဓါကြေးပေးမယ်ဆိုရင်တော့ တန်းစီရပါတယ် ကျူတန်းကြီးက ရှည်ပေမဲ့ ၁၅ မိနစ်လောက်ပဲ တန်းစီရပါတယ်။ အဲဒီပြတိုက်ဟာ နယူးယောက်ရဲ့ things to do list ထဲမှာ ပါပါတယ်။ ကျွန်မစိတ်ထင် ဝါရှင်တန်ဒီစီက National History ပြတိုက်ထက်တောင် ပိုစုံလင်သေးတယ်။ အဲဒီပြတိုက်ကို အတူတူသွားရအောင်နော်လို့ ပြောဖူးတဲ့ ဘလော့ဂါမမီးငယ်ကို သတိရမိတယ်။ Timexpo Museum မြေညီထပ်မှာတော့ နာရီတွေ ရောင်းချပါတယ် ဈေးအင်မတန်ချိုပါတယ် တချို့ဆို ၇၀ ၊ ၈၀ ရာခိုင်နှုန်း ဒစ်စကောင့်တောင် ရှိတယ်။ Guess နာရီတွေ တွေ့တော့ Guess အတွက် ဒီကုမ္ဗဏီက နာရီထုတ်လုပ်ပေးတာ ဖြစ်ရမယ်။ ကျွန်မရဲ့ Emporio Armani ဖုန်းဆိုရင် Samsung က ထုတ်ပေးတာပါ။ အရောင်းပြခန်းရဲ့ နောက်ဖက်မှာ ဗွီဒီယိုပြထားတာကို သွားကြည့်တော့ ဒေသခံအမေရိကန် Native Americans ( အမှန်တော့ ဒေသခံအင်ဒီးယန်းတွေပါ။ ဒေသခံအင်ဒီးယန်းလို့ မခေါ်ဘဲ ဒေသခံအမေရိကန်လို့ ခေါ်ပါတယ်။ အမေရိကန်လူမည်းတွေကို အာဖကန်အမေရိကန်လို့ ခေါ်ဝေါ်သုံးစွဲသလိုမျိုးပါ။ )

ဒေသခံအမေရိကန်တွေဟာ mound ဆိုတဲ့ နတ်ကိုပူဇော်ပသ၊ သူတို့ယုံကြည်ကိုးကွယ်မှုကို ပြသတဲ့အနေနဲ့ တောင်ပူစာလေးတွေ ဖန်းတီးလေ့ ရှိပါတယ်တဲ့။ ထူးဆန်းပါဘိ တခါမှ မကြားဖူးဘူး ကျွှန်မတို့ ဗုဒ္ဓဘာသာဝင်တွေ စေတီပုထိုးတည်သလို ခရစ်ယာန်တွေက ဘုရားရှိခိုးကျောင်းတွေ တည်ဆောက်ကြသလိုမျိုး နေမှာပေါ့။ အင်ဒီးယန်းတွေဟာ မျိုးနွယ်မတူပေမဲ့လည်း ဒီလိုတောင်ပူဇာတည်မယ်ဆိုရင် မျိုးနွယ်တွေဘာတွေ ခွဲမနေတော့ဘဲ အတူတူ ပါဝင်လုပ်ကိုင်ကြပါသတဲ့။ ပြီးရင် နတ်ဆရာက ပူဇော်ရွတ်ဖတ်ပေးတယ်။ တောင်အမြင့်ကနေ ကြည့်လိုက်ရင် တောင်ပူစာလေးတွေ၊ ခွေးပုံ၊ ကြောင်ပုံသဏန် ဖော်ထားတဲ့ တောင်ပူစာလေးတွေ တွေ့ရပါတယ်တဲ့။ နောက်တော့ လူဖြူတွေ ဝင်ရောက်လာပြီး သူတို့ယဉ်ကျေးမှုတွေ သင်ပေးပါပေးဆိုတော့ တောင်ပူစာ ဖန်တီးတဲ့ဓလေ့၊ နတ်ကိုးကွယ်တာကို ပျောက်သွားတယ်တဲ့။ တိရစ္ဆာန်တွေသတ်ပြီး ယဇ်ပူဇော်တယ်ဆိုတာကိုသာ ကြားဖူးခဲ့သာ တောင်ပူစာလေးတွေ တည်ဆောက်တယ်ဆိုတာ ခုမှ ကြားဖူးတော့တယ်။ မက်ဒေါနယ်မှာ နေ့လည်စားဖို့ အချိန်ပေးထားပေမဲ့ ဝိုင်းက သူကြော်လာတဲ့ ထမင်းကြော်၊ ကျွန်မက ချစ်ပိုလေး Chipolte လေးဆိုင်က ဝယ်လာတဲ့ Burrito မက်ဆီကန်အစားအသောက်တမျိုး Tacol နဲ့ ဆင်တဲ့ဟာကို စားမှာမို့ မက်ဒေါနယ်မှာ နေ့လည်စာသွားမစားတော့ဘဲ ဓာတ်ပုံပတ်ရိုက်ကြတယ်။ အချိန်စေ့တော့ ကျွန်မဘေးက ဥရောပမနှစ်ယောက် မရောက်သေးတော့ တိုးဂိုက်က ဖုန်းဆက်ခေါ်ရတယ်။


နောက်သွားရောက်လည်ပတ်မဲ့နေရာတွေကတော့ ကွန်နက်တီကပ်ပြည်နယ် Windsor Locks မြို့က New England Air Museum၊  မက်ဆာချူးဆက်ပြည်နယ် South Deerfield မြို့က Yankee Candle Village ။ ယန်းကီးကန်ဒယ်ဆိုတာ နာမည်ကြီး အမေရိကန်ဖယောင်းတိုင်ပါ။ ဟိုးအရင်တုန်းက အမေရိကန် တောင်ပိုင်းသားတွေက မြောက်ပိုင်းသားတွေကို ယန်းကီးလို့ခေါ်ပါသတဲ့။ နောက် မက်ဆာချူးဆက်ပြည်နည် Springfield မြို့က Bright Nights at Forest Park က သုံးမိုင်ရှည်လျားတဲ့ ခရစ်စမတ်မီးထွန်းတာတွေပါ။ တိုင်ပိုမတ်စ်ပြတိုက်တစ်ခုတည်း လည်ရသေးတယ် စာကအတော်ရှည်သွားလို့ ဒီမှာတင် ရပ်လိုက်ပါတယ်။ နောက်အပိုင်းတွေကျမှပဲ သိခဲ့ရတဲ့အကြောင်းတွေကို တင်ပါဦးမယ်။

Happy Traveling !

စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၁၅။