ကွန်နက်တီကပ်သွား တောလား - ၁
ခရစ်စမတ်အတွက် သီးသန့်ထွက်တဲ့ ခရစ်စမတ်စပါယ်ရှယ် တိုးသုံးခုထဲမှာ တခုက ဝါရှင်တန်ဒီစီ၊ တခုက ဖီလာဒဲဖီးယား၊ တခုက ကွန်နက်တီကပ် ပြည်နယ်တွေကို သွားတဲ့ခရီးစဉ်တွေထဲမှာ နိုဝင်ဘာလက ဖီလာဒဲဖီးယားကို သွားပြီးပြီမို့ ဒီဇင်ဘာလအတွက် ရွေးချယ်လိုက်တာကတော့ ကွန်နက်တီကပ်ပြည်နယ် ခရီးစဉ်ပါ။ မေရီလန်းပြည်နယ်မှာ တစ်နှစ်နီးပါး နေခဲ့ဖူးလို့ ကျွှန်မက ဝါရှင်တန်ဒီစီတခွင် ပြဲပြဲစင်ခဲ့သလို ဝိုင်းကလည်း ဝါရှင်တန်ဒီစီမှာ အစည်းအဝေးပွဲ၊ စင်မီနာတွေ လာတက်ဖူး၊ မနှစ်ကနွေမှာ သူ့အစ်မတွေ ယူအက်စ်ကို လာလည်တုန်းက ဝါရှင်တန်ဒီစီကို ရောက်ဖူးထားတော့ နှစ်ယောက်စလုံးက ဝါရှင်တန်ဒီစီထက် ကွန်နက်တီကပ်ခရီးကို ပိုစိတ်ဝင်စားကြတယ်။ ဒီဇင်ဘာ ၂၇ မှာ ဖိတ်ထားတဲ့ အလှုကို သွားချင်လို့ တိုးကိုရှေ့တပတ်စောဘွတ်တာ လုံလောက်တဲ့ ခရီးသည်မရလို့ Cancel တယ်။ ဒီဇင်ဘာ ၂၇ ခရီးကတော့ ကွင်ဖန်းဖြစ်နိုင်တယ်လို့ တိုးအေးဂျင့်ကပြောလို့ ပြန်ဘွတ်တာ ကွင်ဖန်းဖြစ်တယ်။  မနှစ်တုန်းက အဲဒီအလှုမှာ ဘလော့ဂါ မမီးငယ်၊ ဘလော့ပရိတ်သတ် ပန်ဆယ်ဗေးနီးယားက မခိုင်တို့ နဲ့ ဆုံခဲ့ပါတယ်။ အဲဒီအလှုက အင်မတန် စည်ပါတယ် အမျိုးအုပ်ကလည်းတောင့်၊ သူငယ်ချင်းအုပ်ကလည်း တောင့်တော့ ကျောင်းအလှုထက်တောင် စည်နေတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ ဒီနှစ်မှာတာ့ မမီးငယ်က အလုပ်ကနေ ခွင့်မရ၊ မခိုင်ကလည်း မအား၊ ကျွန်မကလည်း ခရီးသွားမှာဆိုတော့ အလှုမှာ မဆုံဖြစ်တော့ဘူး။
ခရီးသွားမဲ့နေ့ အကြိုညမှာ တိုးဂိုက်ဆီက သတ်မှတ်ထားတဲ့အချိန် စုရပ်ကို အချိန်မှီရောက်ဖို့၊ လိုအပ်တာတွေ မှာကြားတဲ့ မက်ဆေ့ရပါတယ်။ ထုံးစံအတိုင်း မနက် ၅ နာရီခွဲ အိပ်ယာကထ၊ ရေမိုးချိုး၊ အထုပ်ပြင် ၆ နာရီ ထိုးတာနဲ့ ဘူတာရုံကိုသွား၊ ၁၅ မိနစ် ရထားစီးပြီး ဖလပ်ရှင်းရောက်တော့ ၆ နာရီခွဲ။ ဒီတခေါက် ခရီးသည်တွေ များတယ်။ ပရင့်ထုတ်လာတဲ့ အီးတစ်ကဒ်နဲ့ တိုးဂိုက်တွေဆီမှာ ချက်ကင်ဝင်။ တရုတ်တန်းဆီသွားမဲ့ ရှယ်တယ်ဆီသွားတော့ တိုးဂိုက်အက်ဒီဆင်နဲ့ ပြန်ဆုံတယ်။ တိုးဂိုက်အက်ဒီဆင်က အရင်လ ဖီလားဒဲဖီးယား တောလားသွားတုန်းက တိုးဂိုက်ပါ။ ရှယ်တယ်ကားပေါ်မှာ နေရာယူ၊ ကားထွက်ခါနီးတော့ တိုးဂိုက်မလေးက ခရစ်စမတ်တိုး၊ နိုင်အာဂရာ သွားမဲ့တိုးတွေက ဒီကားမဟုတ်ဘူး၊ အဲဒီတိုးသွားမဲ့သူတွေ လက်မှတ်လာစစ်ပါဆိုတော့ အထုပ်ဆွဲပြီး သွားမေးတာ ဒီကားပါတဲ့။ အရင်ထိုင်ခဲ့တဲ့ နေရာဆီ ပြန်လာတော့ ဘေးနားမှာထိုင်တဲ့ တရုတ်မက ကျွန်မနေရာ ထိုင်နေပြီး သူ့အဖော်မိန်းမက သူ့ဘေးမှာ။ နေရာကထပေးရမလားလို့ တခွန်းမှ မဆိုဘူး သူတို့နဲ့ လားလားမှ မဆိုင်သလို။ ထိုင်ခုံတွေက လူအပြည့် ဟိုးနောက်ဆုံးတန်းက အိတ်တင်ထားတဲ့ နေရာမှာတော့ ထိုင်လို့ရမယ်နဲ့ တူပါရဲ့။ စိတ်ထဲမကြည်လင်ဖြစ်သွားပေမဲ့ ဆယ့်ငါးမိနစ်လေးပဲ စီးရမှာပါလေဆိုပြီး စိတ်ထဲမထားတော့ဘူး။ ခရီးသွားရင် အဲဒီလို လူအမျိုးမျိုး စိတ်အထွေထွေ ကြုံဆုံရတယ်။ အိတ်ဖယ်ပေးတဲ့ အိန္ဒိယသားက နှုတ်ဆက်လာပါတယ် ဘယ်သွားမှာလဲဆိုတော့ သူတို့က ဝါရှင်တန်ဒီစီကိုတဲ့။
ဝါရှင်တန်ဒီစီကိုသွားမဲ့ ဘတ်စ်နံပါတ် ၃ ဆိုရင်တော့ အိတ်တွေ ပြောင်းစရာမလိုဘူး။ တခြားတိုးဆိုရင်တော့ အိတ်တွေ အကုန်သယ်ပြီး တိုးဂိုက်တွေဆီမှာ ချက်ကင်ဝင်ပြီးမှ မုန့်သွားစားပါတဲ့။ နယူးယောက်စီးတီးကို မက်ဟန်တန် Manhattan ၊ ကွင်း Queens ၊ ဘရွှတ်ကလင်း Brooklyn ၊ ဘရောင်းဇ် Bronx၊ စတေးတန်းအိုင်လန် Staten Island ဘိုရိုတွေနဲ့ ဖွဲ့စည်းထားပြီး နယူးယောက်ပြည်နယ်ရဲ့ မြို့တော်က အယ်ဘယ်နေ Albany ဖြစ်ပေမဲ့ နယူးယောက်စီးတီးက လူဦးရေအထူထပ်ဆုံးပါ။ ကွင်း၊ ဖလပ်ရှင်းဖက်ကတော့ အေးရှင်းများတယ်၊ ဘရွှတ်ကလင်းဖက်ကတော့ ဂျူးများတယ်။  ဖြတ်သွားတဲ့ သင်္ခိျုင်းဆိုရင် ယူအက်စ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ အုတ်ဂူငါးသန်း ရှိပါသတဲ့။ အင်း ဒီတိုးဂိုက်က အတော်ရှင်းပြတာပဲ တိုးဂိုက်ရေဗင်နဲ့များကွာပါ့ တရုတ်လို မိနစ် ၂၀ လောက် ရှင်းပြပြီး ပန်းခြံဆိုတော့ သစ်ပင်တွေအများကြီးလို့ အင်္ဂလိပ်လို ငါးမိနစ်ပဲ ရှင်းပြတယ်။ ရွန် လမ်းလျှောက်အဖွဲ့က ဂရင်းဝုဒ်သင်္ချိုင်း Greenwood Cemeteryနဲ့ ပရောစပက်ပန်းခြံ Prospect Park ကို လမ်းသွားလျှောက်တော့ ကျွန်မနဲ့ဝိုင်းက စိတ်မဝင်စားဘူး။ ဂရင်းဝုဒ်သင်္ချိုင်းမှာ နာမည်ကြီးတဲ့သူတွေရဲ့ အုတ်ဂူတွေရှိပေမဲ့ ကျွန်မတို့က အေးရှန်းပီပီ သင်္ချိုင်းဆိုတာ အမင်္ဂလာနေရာလို့ ယူဆပြီး သင်္ချိုင်းကို သွားကြည့်မှာထက် ပြတိုက်ကို ပိုစိတ်ဝင်စားတယ်။ မင်္ဂလာဒုံစစ်သင်္ခိျုင်းကို ရောက်ဖူးတယ် သင်္ခိျုင်းဆိုပေမဲ့ ဓာတ်ပုံရိုက်လို့ အတော်လှတယ် အင်္ဂလိပ်သင်္ခိျုင်းမို့လို့ နေမှာ။
ညာဖက်က Chrysler အဆောက်အဦး ၁၉၂၈ မှာ ဆောက်လုပ်ပြီးစီးခဲ့တာ အဲဒီတုန်းက အမြင့်ဆုံးပေါ့ ၁၁ လ ကြာပြီးတဲ့အခါ အင်ပါရာစတိတ်အဆောက်အဦးက ကမ္ဘာပေါ်မှာ အမြင့်ဆုံး။ နောက် World Trade Center ခု Burj Dubai တာဝါက အမြင့်ဆုံး။ ဆောက်လုပ်စ အဆောက်အဦးမြင့်မြင့် တခုကိုတွေ့လား အဲဒါ resident condo တခန်းကို ဒေါ်လာ ၉၅ မီလျံနဲ့ ရောင်းနေပါတယ်။ ကျွှန်မတို့လေသံအရဆိုရင် ဟင် 95 millions  only လား :) ။ စုရပ်ကိုရောက်တော့ တိုးဂိုက်ဝီလ်ချန်နဲ့ ဆုံပါတယ်။ တိုးဂိုက်က သဘောမနောကောင်းမဲ့ပုံ ဖော်ရွေတယ်။ လွန်ခဲ့တဲ့လ ဖီလာဒဲဖီးယားသွား တောလားတုန်းက တိုးဂိုက်ရေဗင်နဲ့ ပြန်ဆုံပါတယ်။ ဆံပင်စတိုင် ပြောင်းထားတယ်နော်လို့ ရေဗင်ကို နှုတ်ဆက်တော့ ဒီစတိုင် မိုက်လားလို့မေးလာတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်တော့တယ်။ ဆံပင် ဘေးနှစ်ဖက်ကို အပြောင်သိမ်း အလယ်က ဆံပင်ကိုပဲချန်ထားပြီး  အဲဒီဆံပင်ကို စည်းထားပြန်သေးတော့ ဂျပန်ဆာမူရိုင်းစတိုင်လိုလို ဘာလိုလိုကြီးကို ဘယ့်နှယ့် ဂွတ်၊ ဂရိတ်လို့ မပြောချင်ပါဘူး။ အက်ကေဒီးယား၊ ဗာမွန်သွား တောလားတွေရဲ့ တိုးဂိုက် ဂျယ်ရီကိုလည်း တွေ့လည်း။ ဒီတခေါက်တော့ ခရီးသည်တွေ အတော်များတယ်။ ခရစ်စမတ်တိုး၊ ဝါရှင်တန်ဒီစီတိုး၊ နိုင်အာဂရာတိုး ကားတွေမှ အများကြီးပဲ။ ကျွန်မတို့တိုးကတော့ လူ ၁၂ ယောက်ပဲပါတဲ့ အုပ်စုလေး တိုးကလည်း relax ဖြစ်တဲ့ တိုးပါတဲ့။ ဗင်ကားရဲ့ နောက်ဆုံးတန်းမှာ နေရာရပါတယ် ကျွန်မဘေးမှာက ဥရောပတိုက်ရုပ်ပေါက်နေတဲ့ မိန်းမနှစ်ယောက်။ ကျွန်မဘေးနားမှာထိုင်တဲ့ မိန်းမက ထိုင်ခုံထိုင်ရတာ အဆင်မပြေတဲ့အကြောင်း ဘေးကမိန်းမကို ပြောနေပုံရတယ်။ နယူးဂျာဆီ ပန်းသီးသွားခူးတဲ့တိုးတုန်းက ဗင်ကားထက်စာရင် ဒီကားက ပိုသက်တောင့်သက်သာရှိတယ်။
ကားမထွက်သေးလို့ ဘာကိုများ စောင့်နေပါလိမ့်လို့ စပ်စုကြည့်တော့ တိုးဂိုက်က အဘွားကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက် အိမ်သာသွားနေတာကို စောင့်နေတာပါတဲ့။ သူ့တို့တွေ ရောက်တာနဲ့ ကားစထွက်ပါတယ်။ ကားသမားက တိုးကုမ္ဗဏီက ကားမောင်းသမားတွေထဲမှာ အကျွှမ်းကျင်ဆုံး၊ အတွေ့အကြုံ အရှိဆုံးပါတဲ့။ မန်ဒရင်က တိုးဂိုက်ရဲ့ မိခင်ဘာသာစကား မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်နှစ်ကမှ မန်ဒရင်ဘာသာစကား သင်ခဲ့တာမို့ မန်ဒရင်စကားပြော အမှားအယွင်းရှိခဲ့ရင် ခွှင့်လွှတ်ပေးကြဖို့ ကြိုတောင်းပန်ပါတယ်။ ကားမှာ အိမ်သာမပါတာမို့ ၁ နာရီ၊ ၁ နာရီခွဲ တခါ Rest Area မှာ ကျန်းမာရေး ဝိတ်လျှော့ကြပါမယ်တဲ့။ ခရီးစဉ် အကြမ်းဖျဉ်းနဲ့ ဘွတ်ကင်တုန်းက ပေးတဲ့ပိုက်ဆံက ကား၊ ဟိုတယ်ခသာ ပါဝင်ပြီး မပါဝင်တဲ့ ဝင်ကြေး၊ အစားအသောက်၊ တိုးဂိုက်ခတွေအကြောင်း ရှင်းပြပါတယ်။ ပထမဆုံး သွားရောက်လည်ပတ်မဲ့ နေရာကတော့ ကွန်နက်တီကပ်ပြည်နယ် ဝါတားဘူရီမြို့က တိုင်းမတ်စ်ပိုပြတိုက်ပါ။ ၁၈၅၄ ကတည်းက နာရီတွေ ထုတ်လုပ်ခဲ့တဲ့ အရင်တုန်းက ဝါးတားဘူရီနာရီကုမ္ဗဏီကို နာမည်ပြောင်းလိုက်တဲ့ တိုင်းမတ်စ်ကိုအော်ပိုရေးရှင်းရဲ့ သမိုင်းကြောင်းကို တွေ့ရမှာပါတဲ့။ ပြတိုက်အပြင်မှာရှိတဲ့ အီစတာကျွှန်းသား ခေါင်းတပိုင်းရုပ်ကြောင့်လည်း ပြတိုက်ကို သိကြပါသတဲ့။
ပြတိုက်ဂိုက်က သမိုင်းကြောင်းကို ရှင်းပြတဲ့အခါ တိုးဂိုက်က တရုတ်လို ပြန်ရှင်းပြတယ်။ ကြေးနဲ့ သစ်သားကို အသုံးပြုပြီး ထုတ်လုပ်တော့ ဝါးတားဘူရီနာရီတွေဟာ ဈေးချိုပါတယ်။ ၁ ဒေါ်လာနဲ့ လူတိုင်းကိုင်နိုင်အောင် ထုတ်လုပ်တော့ နာမည်ကြီး လူကြိုက်များပါတယ်။ တွေ့လိုက်ရတဲ့ ကြော်ငြာတခုမှာဆိုရင် ပွင့်နေတဲ့ လက်ကေ့အိတ်ထဲက နာရီတွေ အများကြီး တွေ့လိုက်ရတော့ ဟိုတယ်ဝန်ထမ်းလေးက ဘာလို့ နာရီတွေ အများကြီး ရှိတာလဲလို့ မေးတော့ မိန်းမပျိုလေးက ရေကူးသွားရင် ရေစိုခံတဲ့ နာရီ၊ တင်းနစ်သွားရိုက်ရင် ဒီနာရီ၊ ရုံးသွားရင် ဒီနာရီ၊ လျှော့ပင်းသွားရင် ဒီနာရီ၊ ဒီနာရီနဲ့ ဒီအင်္ကျီ၊ ဟိုနာရီနဲ့ ဟိုအင်္ကျီ။ ဈေးချိုတော့ အများကြီး ဝယ်ပတ်ကြတယ်။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆို အင်္ကျီအရောင်အလိုက် Swatch နာရီတွေ လဲတာတဲ့။ ကျွန်မက အဲဒီလို အမျိုးမျိုး လဲရတာထက် တခုထဲကို စွဲစွဲမြဲမြဲ ပတ်ရတာ ကြိုက်တယ်။ စက္ကူနာရီလေးတွေကို ကိုယ့်စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ စက္ကူယူ ကြိုက်တဲ့နာရီဒိုင်ခွက် ဒီဇိုင်းရွေး၊ ကြိုးဒီဇိုင်းရွေးပြီး စက္ကူကို ပုံစံခွက်အောက်ထဲထည့်၊ အပေါ်က ခလုပ်ကို ဖိလိုက်ပြီး စက္ကူတွေ ဖယ်လိုက်ရင် လက်မှာပတ်လို့ရတဲ့ စက္ကူနာရီလေး ဖြစ်လာတယ်။ နာရီပတ်ပြီးတော့ ဝိုင်းရေ ကိုယ်တိုင်လုပ် ပါတိတ်ဖီးလစ်နာရီလေးနဲ့ ဓာတ်ပုံရိုက်ပေးပါဆိုတော့ နှစ်ယောက်သား  ရယ်ရသေးတယ်။ ဆွဇ်ပို့စ်ကို ဖတ်ပြီးတဲ့သူဆိုရင် ပါတိတ်ဖီးလစ်နာရီအကြောင်း သိပါလိမ့်မယ်။
မစ်ကစ်မောက် နာရီလေးတွေက ပေါ်ပြူလာ ဖြစ်ပါတယ်တဲ့။ နောက်ထပ် ဒစ်စနေဇာတ်ကောင် နာရီတွေ ထုတ်တော့လည်း လူကြိုက်များတာပဲ။ လော့စတာကို နာရီပတ်ပေးပြီး ရေအောက်ထဲမှာ နာရီက ဝါးတားပရုဖြစ်တဲ့အကြောင်း ကြေငြာထားတာ တွေ့ခဲ့တယ်။ ဂျော်ကီမြင်းခြေထောက်မှာ နာရီပတ်ပေးပြီး နာရီအကြမ်းဒဏ်ခံနှိုင်တဲ့အကြောင်း ကြေငြာထားတာ တွေ့ခဲ့တယ်။ ဈေးလည်း သက်သာတယ်၊ ကွာလတီလည်း ကောင်းတယ်၊ တွေ့လား ဒါကြောင့်ပြောတာ အမေရိကန်တွေက သိပ်လက်တွေ့ကျတယ်လို့။ အီတလီတွေက ဟန်အရမ်းများတယ် အသက် ၈၀ ကျော် အဘွားကြီးပေမဲ့လည်း မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီ၊ လက်သည်းနီ အပြည့်၊ ဆံပင်စတိုင်မိမိ၊ အင်္ကျီ၊ လက်ဝတ်လက်စား၊ ဖိနပ်၊ အိတ်၊ ပုဝါ အရောင်ကိုက်နေမှ ကိုယ့်ကိုကိုယ် သိပ်ဂရုစိုက်တာ။ တမျိုးတွေးကြည့်တော့လည်း အဲဒါ ကောင်းတာပဲနော်။ တို့အေးရှန်းအဘွားကြီးတွေဆို မပြင်မဆင်နဲ့ အဘွားကြီးရုပ် သိပ်ပေါက်တာပဲ ပြင်ပြင်ဆင်ဆင်နေတော့ ကြည့်လို့ကောင်းတာပေါ့။ ကိုယ်တို့တိုင်းပြည်မှာဆိုရင်တော့ အဘွားကြီးက အသက်ဒီလောက်ကြီးနေတာကို ဘဝကူးကောင်းအောင် မပြင်ဆင်ဘူး ဒီအပုပ်ကောင် ခန္ဓာကိုယ်ကို ပြင်နေတယ်လို့ ပြောကြမှာ။ ပြင်ပြင်ဆင်ဆင်နေတာ ကောင်းပါတယ် ဒါပေမယ့် အီတလီတွေကတော့ နည်းနည်းလွန်သလားလို့။
ပိုလီနီးရှန်း...ပိုလီနီးရှန်း ဘယ်မှာကြားဖူးမှန်းတော့ မသိဘူး ကြားတော့ ကြားဖူးနေတယ်။ ပိုလီနီးရှန်းဆိုတာ အင်ဒိုနီးရှား၊ သြစတေးလျတိုက်ရဲ့ အရှေ့ဖက် သမုဒ္ဒရာထဲမှာရှိတဲ့ ကျွှန်းစုလေးတွေပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပီရူးတွေဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လို့ ပိုလီနီးရှားကို သွားရောက်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေ တွေ့ရပါတယ်။ မြက်ပင်တွေနဲ့ တည်ဆောက်ထားတဲ့လှေနဲ့ ပစိဖိသမုဒ္ဒရာကို ဖြတ်ခဲ့တယ်ဆိုတာ ဖတ်ရတော့ ဘုရားရေ... ပစိဖိတ်သမုဒ္ဒရာကြီးကို ဒီလှေလေးနဲ့ ဖြတ်ခဲ့တယ် မယုံနိုင်စရာဘဲ။ တကယ်လည်း ပီရူးတွေ စွန့်စားဖြတ်ကျော်ခဲ့ရလို့ ပိုလီနီးရှန်းမှာ အခြေချနေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ကျွန်မ သွားချင်တဲ့ နေရာတွေထဲမှာ တောင်အမေရိကတိုက်က ပီးရူးနိုင်ငံ ပါဝင်တယ်။ ၁၇၂၂  ခုနှစ် ဒက်ချ်သင်္ဘောသားတွေတွေဟာ တောင်အမေရိကတိုက် အနောက်ဖက်ခြမ်းက ကျွှန်း‌လေးကျွှန်းကို  အီစတာနေ့မှာတွေ့ရှိခဲ့လို့ အီစတာကျွှန်းလို့ နာမည်ပေးခဲ့ပါတယ်။  တခြားပိုလီနီးရှားကျွှန်းက သစ်သားရုပ်တွေပေမဲ့ ဒီအီစတာကျွှန်းမှာတော့ သစ်သားရှားပါးလို့ ကျောက်တုံးတွေနဲ့ ရုပ်တုတွေ တည်ဆောက်ခဲ့ပါတယ်။ ကြီးမားတဲ့ ချီလီဆီးသီးပင်တွေဟာ ဟိုးအရင်တုန်းက ဒီကျွှန်းမှာ ပေါများခဲ့ပုံပေါ်တယ်။ ပိုလီနီးရှန်းတွေမှာ နားရွက်ရှည်၊ နားရွက်တိုလူမျိုးဆိုပြီး ခွဲထားတယ်တဲ့။ ပိုလီနီးရှန်းအကြောင်း သိချင်သွားလို့ American Museum of National History တခေါက် ပြန်သွားဦးမယ် ဖြစ်သွားကြတယ်။ စင်ထရယ်ပါ့ခ် အနောက်ဖက် B ၊ C ရထားစီးပြီး 81 st - Museum of National History ဘူတာကနေ တက်လိုက်တာနဲ့ ပြတိုက်ရှေ့ပါ။
ပြတိုက်ဝင်ကြေးက ၂၂ ကျပ်ဆိုပေမဲ့ pay as you wish သဒ္ဓါကြေးပေးလို့ရပါတယ်။ ကျွန်မဆို ၂ ကျပ်ပဲ ပေးတယ်။ မိုးရွာတဲ့နေ့၊ နှင်းကျတဲ့နေ့ဆို ပြတိုက်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ကျွန်မတို့တွေ မိုးရွာတဲ့ပိတ်ရက်တရက်မှာ အဲဒီပြတိုက်ဆီကိုသွားတော့ လား...လား လူတွေမှ အများကြီး ဘာလို့လူတွေ ဒီလောက်များနေရတာလဲ ပြပွဲရှိလို့လား။ မိုးရွာတဲ့နေ့ဆို ပြတိုက်သွားမယ်လို့ ကျွန်မတို့လိုမျိုး တွေးထားတဲ့လူတွေ နေမှာပေါ့။ ပြတိုက်ဝင်ကြေး အပြည့်ပေးပြီး လက်မှတ်ကို kiosk တွေမှာ ဝယ်လို့ရပါတယ်။ သဒ္ဓါကြေးပေးမယ်ဆိုရင်တော့ တန်းစီရပါတယ် ကျူတန်းကြီးက ရှည်ပေမဲ့ ၁၅ မိနစ်လောက်ပဲ တန်းစီရပါတယ်။ အဲဒီပြတိုက်ဟာ နယူးယောက်ရဲ့ things to do list ထဲမှာ ပါပါတယ်။ ကျွန်မစိတ်ထင် ဝါရှင်တန်ဒီစီက National History ပြတိုက်ထက်တောင် ပိုစုံလင်သေးတယ်။ အဲဒီပြတိုက်ကို အတူတူသွားရအောင်နော်လို့ ပြောဖူးတဲ့ ဘလော့ဂါမမီးငယ်ကို သတိရမိတယ်။ Timexpo Museum မြေညီထပ်မှာတော့ နာရီတွေ ရောင်းချပါတယ် ဈေးအင်မတန်ချိုပါတယ် တချို့ဆို ၇၀ ၊ ၈၀ ရာခိုင်နှုန်း ဒစ်စကောင့်တောင် ရှိတယ်။ Guess နာရီတွေ တွေ့တော့ Guess အတွက် ဒီကုမ္ဗဏီက နာရီထုတ်လုပ်ပေးတာ ဖြစ်ရမယ်။ ကျွန်မရဲ့ Emporio Armani ဖုန်းဆိုရင် Samsung က ထုတ်ပေးတာပါ။ အရောင်းပြခန်းရဲ့ နောက်ဖက်မှာ ဗွီဒီယိုပြထားတာကို သွားကြည့်တော့ ဒေသခံအမေရိကန် Native Americans ( အမှန်တော့ ဒေသခံအင်ဒီးယန်းတွေပါ။ ဒေသခံအင်ဒီးယန်းလို့ မခေါ်ဘဲ ဒေသခံအမေရိကန်လို့ ခေါ်ပါတယ်။ အမေရိကန်လူမည်းတွေကို အာဖကန်အမေရိကန်လို့ ခေါ်ဝေါ်သုံးစွဲသလိုမျိုးပါ။ )
ဒေသခံအမေရိကန်တွေဟာ mound ဆိုတဲ့ နတ်ကိုပူဇော်ပသ၊ သူတို့ယုံကြည်ကိုးကွယ်မှုကို ပြသတဲ့အနေနဲ့ တောင်ပူစာလေးတွေ ဖန်းတီးလေ့ ရှိပါတယ်တဲ့။ ထူးဆန်းပါဘိ တခါမှ မကြားဖူးဘူး ကျွှန်မတို့ ဗုဒ္ဓဘာသာဝင်တွေ စေတီပုထိုးတည်သလို ခရစ်ယာန်တွေက ဘုရားရှိခိုးကျောင်းတွေ တည်ဆောက်ကြသလိုမျိုး နေမှာပေါ့။ အင်ဒီးယန်းတွေဟာ မျိုးနွယ်မတူပေမဲ့လည်း ဒီလိုတောင်ပူဇာတည်မယ်ဆိုရင် မျိုးနွယ်တွေဘာတွေ ခွဲမနေတော့ဘဲ အတူတူ ပါဝင်လုပ်ကိုင်ကြပါသတဲ့။ ပြီးရင် နတ်ဆရာက ပူဇော်ရွတ်ဖတ်ပေးတယ်။ တောင်အမြင့်ကနေ ကြည့်လိုက်ရင် တောင်ပူစာလေးတွေ၊ ခွေးပုံ၊ ကြောင်ပုံသဏန် ဖော်ထားတဲ့ တောင်ပူစာလေးတွေ တွေ့ရပါတယ်တဲ့။ နောက်တော့ လူဖြူတွေ ဝင်ရောက်လာပြီး သူတို့ယဉ်ကျေးမှုတွေ သင်ပေးပါပေးဆိုတော့ တောင်ပူစာ ဖန်တီးတဲ့ဓလေ့၊ နတ်ကိုးကွယ်တာကို ပျောက်သွားတယ်တဲ့။ တိရစ္ဆာန်တွေသတ်ပြီး ယဇ်ပူဇော်တယ်ဆိုတာကိုသာ ကြားဖူးခဲ့သာ တောင်ပူစာလေးတွေ တည်ဆောက်တယ်ဆိုတာ ခုမှ ကြားဖူးတော့တယ်။ မက်ဒေါနယ်မှာ နေ့လည်စားဖို့ အချိန်ပေးထားပေမဲ့ ဝိုင်းက သူကြော်လာတဲ့ ထမင်းကြော်၊ ကျွန်မက ချစ်ပိုလေး Chipolte လေးဆိုင်က ဝယ်လာတဲ့ Burrito မက်ဆီကန်အစားအသောက်တမျိုး Tacol နဲ့ ဆင်တဲ့ဟာကို စားမှာမို့ မက်ဒေါနယ်မှာ နေ့လည်စာသွားမစားတော့ဘဲ ဓာတ်ပုံပတ်ရိုက်ကြတယ်။ အချိန်စေ့တော့ ကျွန်မဘေးက ဥရောပမနှစ်ယောက် မရောက်သေးတော့ တိုးဂိုက်က ဖုန်းဆက်ခေါ်ရတယ်။
နောက်သွားရောက်လည်ပတ်မဲ့နေရာတွေကတော့ ကွန်နက်တီကပ်ပြည်နယ် Windsor Locks မြို့က New England Air Museum၊  မက်ဆာချူးဆက်ပြည်နယ် South Deerfield မြို့က Yankee Candle Village ။ ယန်းကီးကန်ဒယ်ဆိုတာ နာမည်ကြီး အမေရိကန်ဖယောင်းတိုင်ပါ။ ဟိုးအရင်တုန်းက အမေရိကန် တောင်ပိုင်းသားတွေက မြောက်ပိုင်းသားတွေကို ယန်းကီးလို့ခေါ်ပါသတဲ့။ နောက် မက်ဆာချူးဆက်ပြည်နည် Springfield မြို့က Bright Nights at Forest Park က သုံးမိုင်ရှည်လျားတဲ့ ခရစ်စမတ်မီးထွန်းတာတွေပါ။ တိုင်ပိုမတ်စ်ပြတိုက်တစ်ခုတည်း လည်ရသေးတယ် စာကအတော်ရှည်သွားလို့ ဒီမှာတင် ရပ်လိုက်ပါတယ်။ နောက်အပိုင်းတွေကျမှပဲ သိခဲ့ရတဲ့အကြောင်းတွေကို တင်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၁၅။
4 comments:
မီးမီးငယ် said...
အေးဟယ်..
ဖြစ်နေလို့
သွားတယ်
Aunty Tint said...
Anonymous said...
မမအိုင်အိုရာ
San San Htun said...
မီးမီးငယ် said...
အေးဟယ်..
ပြတိုက်အတူတူသွားလည်ရအောင်ပြောပြီး
ပျောက်သွားသလိုဖြစ်နေတယ်
အိမ်ကကျားကျားကြီးသိပ်လမ်းပြင်မထွက်နိုင်ဘူး
ဖြစ်နေလို့
ဘယ်မှမလည်ရတာတနှစ်ရှိပေါ့ :(
ဓါတ်ပုံလေးကြည့်စာတွေဖတ်ပြီးအားကျငေးမော
သွားတယ်
ဒါနဲ့..စန်းထွန်းအရမ်းလှနေသည် း)))
January 6, 2015 at 7:36 PM
Aunty Tint said...
အားကျတယ် အားကျတယ် စန်းစန်းရယ်... လို့သာ ပြောပါရစေတော့ ... အသက်ငယ်တုန်း အတွေ့အကြုံများစွာရခွင့်ကြုံတာ ကံထူးတာပဲ။ စန်းစန်းတစ်ယောက် ဘလော့ဂါဖြစ်တဲ့အတွက် ဝမ်းသာမိတယ်။ စန်းစန်းရဲ့ဘလော့လေးက တန်ဘိုးရှိ ပြီးပြည့်စုံတဲ့ မှတ်တမ်းမှတ်ရာလေးတစ်ခုအဖြစ် ခြေရာကျန်ခဲ့မှာအသေအချာ။
January 7, 2015 at 12:21 AM
Anonymous said...
ဟုတ်တယ်..စန်းထွန်းလေးဘာတွေလုပ်ထားလဲ ပိုလှနေတယ်။ း)
မမအိုင်အိုရာ
January 7, 2015 at 8:42 PM