အမှတ်ငါးလမ်းမကြီး၊ ဘရော့ဝေး လမ်းမကြီးတို့ဟာ မက်ဟန်တန်ရဲ့ အထင်ကရ လမ်းမကြီးတွေပါ။ ဘရော့ဝေးပြဇာတ်ရုံတွေက ဘရော့ဝေးလမ်းမကြီးမှာ ရှိနေမယ်ထင်တာ မဟုတ်ဘူးဗျား တိုင်းစကွဲယားနားမှာ ရှိကြတာ။ ကြုံကြိုက်ရင် တခါလောက် ဘရော့ဝေးပြဇာတ် ကြည့်ဖို့ ဘလော့ဂါ မမအိုင်အိုရာက တိုက်တွန်းတတ်တယ်။ အစကတော့ သူငယ်ချင်းမရှိလို့၊ ဝိုင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့ တိုင်းစကွဲယားက လက်မှတ်ရုံနား ရစ်သီရစ်သီ သွားလုပ်ပြီး ဈေးနှုန်းတွေ စနည်းနာကျတော့ ၅၀ % ဒစ်စကောင့် ချပြီးရင်တောင် ဒေါ်လာ ၇၀ ဆိုတော့ ကိုယ်တို့အတွက် ဈေးကြီးနေသေးတယ်။ ဝိုင်းက သူ့ရုံးအီးမေးလ်နဲ့ဆိုရင် ၁၀ % ဒစ်စကောင့်ရတယ် ဒေါ်လာ ၅၀ လောက်ရရင် ကြည့်ရအောင်လေတဲ့။ သူ့သူငယ်ချင်းဆို နယူးယောက်ရောက်တုန်း The Phantom of the Opera ကြည့်ချင်တာ လက်မှတ်ဒစ်စကောင့် မရလို့ မကြည့်ခဲ့ရဘူး။ Phantom ဆိုတာ ဘာလဲဟင် Ghost ကို ပြောတာ။ ဝိုင်းက ကိုယ့်ထက် အင်္ဂလိပ်စာ ပိုကျွှမ်းပေမဲ့ အသံထွက်ကျတော့ ပြင်သစ်သံဝဲတယ်။ ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်၊ ရေးတတ်တဲ့ ဝိုင်းက တချို့စကားလုံးတွေဆို အင်္ဂလိပ်အသံထွက်ထက် ပြင်သစ်လို ပိုသိတယ်။ ခုလည်း စပိန်စကား သင်နေတော့ အင်္ဂလိပ်၊ ဗီယက်နမ်၊ ပြင်သစ်၊ စပိန် အင်း ရောသမမွှေနေတော့မှာပဲ။ အမေရိကန်မှာ နံပါတ်တစ် ခရစ်စမတ်မီးအလှဆင်တဲ့ ဘရွှတ်ကလင်းက ဒိုက်ကာဟိုက်နေဘားဟုဒ်ဆီ သွားကြတုန်းက ယေရှုခရစ်တော် မွေးဖွားခန်းကို ရုပ်ထုတွေနဲ့ ပြသထားတယ်။
ယေရှုခရစ်တော် မွေးဖွားခန်းကို ရုပ်တုတွေနဲ့ ပြသထားတာကို ဝိုင်းက ပြင်သစ်လို ခရက်ချ်လို့ ခေါ်တယ် အင်္ဂလိပ်လို ဘယ်လိုအသံထွက်ရမှန်း မသိဘူးတဲ့။ လမ်းလျှောက်အဖွဲ့ထဲက နယူးယော့ခ်ကာကြီးလီကို မေးကြည့်တော့ ခရက်ချ်လို့ အသံထွက်ပါသတဲ့။ အင်္ဂလိပ်ဘာသာစကားဟာ တခြားဘာသာစကားဆီက ယူထားတာတွေ ရှိပါတယ်။ ဥပမာ Rendezvous ရောင်းဒီဘူး ဆုံစည်းရာအရပ် ဆိုရင် ပြင်သစ်ဘာသာစကားဆီက ယူထားတာ။ ဆယ်တန်းအောင်ပြီးခါစ အင်္ဂလိပ်စာသင်တန်းကျောင်းတက်တော့ ဆရာကြီးက အဲဒီစကားလုံးက ပြင်သစ်ဘာသာစကားဆီက ယူထားတာ ဆုံစည်းရာအရပ်လို့ အဓိပ္ဗာယ်ရတယ်။ တခါတုန်းက နာမည်ကြီးစာရေးဆရာတစ်ယောက်က စားသောက်ဆိုင်ဖွင့်တယ် ဆိုင်နာမည်ကို ရောင်းဒီဘူးလို့ နာမည်ပေးတယ်။ နာမည်စီးတယ်နဲ့ တူပါရဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေ အဲဒီရောင်းဒီဘူးမှာ ဆုံစည်းကြလွန်းလို့ အဲဒီဆိုင်လည်း မကြာခင် ပြုတ်သွားတယ်လို့ ရောင်းဒီဘူးကို ဇာတ်လမ်းလေးနဲ့ ပြောပြတော့ မှတ်မိနေတယ်။ ကိုယ်တို့မြန်မာစကားမှာတော့ တီဗွီ၊ ကင်မရာ၊ ကွန်ပျူတာ၊ ဂိမ်းစ် အင်္ဂလိပ်စကားလုံးကို တိုက်ရိုက်မွေးစားလိုက်တာပဲ မင်းတို့ဗီယက်နမ်စကားမှာရော။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ဗီယက်နမ်စကားမှာ ပြင်သစ်စကားလုံးတွေ ပါတာပေါ့ကွ။ ဆိုင်ကယ်လက်ကိုင်စကားလုံးဆို ဗီယက်နမ်လိုရော ပြင်သစ်လိုရော အတူတူပဲ။
အိုင်အိုဝါကျောင်းမှာတုန်းက ကိုယ့်သူငယ်ချင်း နီပေါတွေ အာလူး အာလူးလို့ ပြောနေကြသံကြားလို့ မင်းတို့ potatoe ကို ဘယ်လိုအသံထွက်လဲမေးတော့ အာလူးတဲ့။ ဟင် ကိုယ်တို့မြန်မာစကားမှာလည်း အာလူးလို့ အသံထွက်တယ် ဘယ်သူက ဘယ်သူ့ဆီက ကော်ပီထားမှန်း မသိတော့ဘူး။ ဒီလိုနဲ့ The Phantom of the Opera ပြသတဲ့ The Majestic Theatre ကို သွားပြီး ရစ်သစ်ရစ်သီလုပ်ကာ ဈေးနှုန်းစုံစမ်းကြပြန်တယ်။ နေ့လည် ၂ နာရီပြတဲ့အထဲမှာ ဒေါ်လာ ၆၀ က အနည်းဆုံး ည ၈ နာရီထဲမှာ ဒေါ်လာ ၇၀ က အနည်းဆုံး ရုံးပိတ်ရက်ဆို ပိုဈေးကြီးလိမ့်မယ်။ The Longest Running show in Broadway History တဲ့။ နယူးယောက်တခွင် အမိုးဖွင့်နှစ်ထပ်ကားကြီးနဲ့လည်တဲ့ကားပေါ်က တိုးဂိုက်က အဲဒီပြဇာတ်အကြောင်း အတိုချုံး ရှင်းပြတယ်။ အဲဒီပြဇာတ်ရုံနားရောက်ရင် ဓာတ်ပုံတွေ ရိုက်နေကြတာ တွေ့ပါလိမ့်မယ်။ ဝိုင်းက သူတို့ရုံးအီးမေးလ်နဲ့ ဒစ်စကောင့်ရတယ် နေရာတော့ မကောင်းဘူး ၂၇ ကျပ်ကို ဆားဗစ်ခတွေနဲ့ ၃၇ ကျပ် သွားကျတယ် ကြည့်မလားဆိုတော့ အိုကေပေါ့။ ဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီမှာတော့ ပထမဆုံး ဘရော့ဝေးပြဇာတ်ကို ကြည့်ဖူးပါတော့တယ်။ နေရာက အပေါ်ဆုံးထပ် နောက်ဆုံးတန်းကနေရေရင် နှစ်တန်းမြောက် ဇာတ်ခုံညာဖက်နားပါ။ ဝိုင်းရေ ကိုယ်က Binocular အဝေးကြည့်မှန်ပြောင်း၊ maganifying glass မှန်ဘီလူးတွေ ယူလာရမယ်ထင်တာ မြင်ရသားပဲ။ ခုံအပြည့်ပဲ တစ်တန်းပဲလွတ်တယ် ကြည့်ရတာ မှောင်ခိုသမားတွေက ဝယ်ထားပြီး ပြန်ရောင်းတာ မစွံဘူးနဲ့ တူတယ်။
ပွဲမစမှီ ဆယ်လ်ဖီတွေ ရိုက်ကြတယ်။ ဖုန်း၊ ကင်မရာတွေက တင်ဆက်ကပြသူတွေရဲ့ မျက်စိကို စူးစေပြီး တင်ဆက်ကပြရာမှာ အနှောင့်အယှက်ဖြစ်စေတာမို့ ပြဇာတ်ကြည့်နေစဉ် ဖုန်း၊ ကင်မရာတွေနဲ့ မရိုက်ဖို့ သတိပေးတာကို အားလုံးက နားထောင်ပါတယ်။ The Phantom of the Opera ဆိုတာ ၁၉၁၀ မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပြင်သစ်ဝထ္ထုပါ။ ဇာတ်လမ်းကတော့ ပြင်သစ်အော်ပရာလောကမှာ Phantom ဆိုတဲ့ Ghost ရှိတယ်လို့ သတင်းထွက်နေချိန်ပေါ့။ ဇာတ်သဘင်အဖွဲ့တွေ ကပြရင် ဘယ်သူက ကောင်းတယ် ဘယ်သူက ဘယ်ဟာလိုနေတယ်လို့ Phantom က စာတိုလေးတွေ ပေးလေ့ရှိပါတယ်။ ဇာတ်အဖွဲ့တစ်ခုမှာ မင်းသမီးက အသံပျောက်သွားလို့ ကချေသည်မလေး ခရစ်စတင်းက အစားထိုးဝင်ရောက် ဖျော်ဖြေရာမှာ ငယ်ချစ်ဟောင်းက အသံကို မှတ်မိသွားလို့ ချစ်သူတွေဖြစ်၊ နောက်တော့ ခရစ်စတင်းကို Phantom က ဖမ်းသွား၊ Phantom ရဲ့ မျက်နှာဖုံးကို ခရစ်စတင်းက ခွာကြည့်လိုက်တော့ နှုတ်ခမ်း၊ နှာခေါင်းမရှိတဲ့ မျက်နှာပြင်ကိုတွေ့လို့ ခရစ်စတင်းမေ့လဲ၊ ချစ်သူက လိုက်ရှာ၊ Phantom က ခရစ်စတင်းချစ်သူကို သတ်မယ်လုပ်၊ ခရစ်စတင်းက တောင်းပန်၊ နောက်ဆုံး Phantom က သူတို့ကိုလွှတ်ပေး၊ Phantom ထားခဲ့တဲ့ မျက်နှာဖုံးလေးကို ခရစ်စတင်းက ပွေ့ဖက်ကာ အဆုံးသတ်ပါတယ်။ ပြသချိန် ၂ နာရီအတွင်း ၁ နာရီ ကပြပြီးရင် ၁၅ မိနစ် အနားပေးပါတယ်။ ရုံဝန်ထမ်းတစ်ယောက်က ဟိုးခေတ်အင်္ဂလိပ်စကားလေသံ ပြဇာတ်လေသံနဲ့ ရေတွေရမယ် မုန့်တွေရမယ်လို့ အော်ရောင်းနေလို့ ပြုံးရသေးတယ်။
ကလီယိုပတ်ထရာခေတ်က အဝတ်အစား၊ မီးဆိုင်းကြီးက တဖြည်းဖြည်း မြင့်တက်ပြီး ခေါင်မိုးမှာချိတ်၊ တခန်းနဲ့တခန်း အကူးအပြောင်း၊ ဆက်တင်၊ ဆိုကြပြောကြတာတွေ၊ Phantom က ခရစ်စတင်းကို လှေပေါ်တင်ပြီး ခိုးပြေးတာ တကယ့်လှေက မီးခိုးတွေကြား၊ မီးဆိုင်းတွေကြားမှာ လှော်ခတ်နေတာများ တကယ်ပီပြင်တယ်။ အသံစနစ်ကလည်း အဝေးကနေ ကြားရတဲ့အသံ၊ အနီးမှာ ကြားရတဲ့အသံ တကယ်ကောင်းတယ်။ ပြဇာတ်ကြည့်နေတဲ့ ၂ နာရီလုံးလုံး တကယ်ကောင်းတဲ့ ဘရော့ဝေးပြဇာတ်လို့ ခံစားမိတယ်။ စင်အောက်မှာ တယောဆရာ၊ စန္ဒရားဆရာ၊ ဆယ်လိုဆရာတွေ တီးနေကြတာ မြင်ရတယ်။ ဝိုင်းရေ ဒီလိုဒစ်စကောင့်ရမယ်ဆိုရင် The Lion King ၊ Cinderella တို့ကို ကြည့်ချင်သေးတယ် ဖြစ်သွားရော။ ကိုယ်တို့ငယ်ငယ်က ရွာမှာ ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲတော်ရှိရင် ဇာတ်က မပါမဖြစ်ပေါ့။ ဇာတ်ပွဲထက် မုန့်ဈေးတန်းလျှောက်ပြီး မုန့်တွေစားရတာ သိပ်ပျော်တာကိုး။ ည ၈၊ ၉ နာရီလောက်ဆို စောင်၊ ခေါင်းအုံး၊ စားစရာအပြည့်အစုံနဲ့ ဇာတ်ပွဲဆီ ချီတက်သွားပြီး ကိုယ့်နေရာကို ကျူးကျော်ဝင်ရောက် ထိုင်နေသူတွေကို မောင်းထုတ်။ ပါလာတဲ့ စောင်၊ ခေါင်းအုံးတွေနဲ့ နယ်မြေသတ်မှတ်၊ ကောင်းကင်က ကြယ်တွေကို ရေတွက်လို့ ည ၁၀ နာရီ ဇာတ်ဖွင့် အပျိုတော်ယိမ်းလည်းပြီးရော အိပ်ပျော်နေပြီ။ ဆိုင်းသံဗုံသံ ဗေဓိဗေဓိ တပေပေဂျိ ပတ်မတီးသံတွေကြား၊ လူတွေကြားထဲမှာ အိပ်ရတာ အရသာတစ်မျိုး။ တပေါင်းလ မော်တင်စွန်းဘုရားပွဲတော်ဆိုရင် ဇာတ်ပွဲတွေ ရှိတယ်။ မိုးမင်းဇာတ်လား တခါကြည့်ဖူးတယ် ၁၁ နာရီလောက်ဆို ဇာတ်ပွဲထဲမှာ အိပ်တော့တာပဲ။ တက္ကသိုလ်ကျောင်းပိတ်ရက် ရွာပြန်တော့ ဇာတ်ပွဲရှိလို့ မှတ်မှတ်ရရ တညလုံးမအိပ်ဘဲ ထိုင်ကြည့်ဖူးတယ်။
ဇာတ်နဲ့ ပတ်သက်ပြီး ပထမဆုံးတွေးမိတဲ့ အတွေးက ဘာလို့တညလုံး ကတာလဲ ၃ နာရီလောက်ဆို တော်ပြီပေါ့ဆိုတဲ့ အတွေးပါ။ ကိုယ်သိချင်တာတွေကို ဖြေပေးခဲ့တာတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Colour Myanmar စာအုပ်ရဲ့ Performing Arts ဆိုတဲ့ ပို့စ်တွေပါ။ ကျေးလက်တွေမှာက ဇာတ်ပွဲကြည့်ဖို့ တခြားကျေးရွာတွေကနေ လှည်းတွေနဲ့ လာရတော့ ညဉ့်နက်သန်းခေါင် ဇာတ်ပွဲပြီးသွားရင် ပြန်ဖို့ခက်တော့ တညလုံး ကပြတာပါတဲ့။ တချို့ပညာရှင်တွေက ဇာတ်ပွဲအချိန်လျှော့ချဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဟိုးအရင်ခေတ်တုန်းက ဇာတ်ပွဲက ကျေးလက်တွေမှာ အရေးပါတယ်။ အဲဒီခေတ်တုန်းက ဒီခေတ်လို မဂ္ဂဇင်းစာစောင်၊ တီဗွီ၊ ရေဒီယိုတွေလည်း မရှိတော့ ဇာတ်တွေကနေတဆင့် ကျေးလက်လူထုကို ပညာပေးတာပါတဲ့။ ဆရာမကြီးလူထုဒေါ်အမာရဲ့ အောင်ဗလ၊ စိန်ဂတုံး၊ ဖိုးစိန် စာအုပ်ထဲကဆိုရင် အောင်ဗလ၊ စိန်ဂတုံး၊ ဖိုးစိန်ဆိုတာ တခတ်တခါက ထင်ရှားခဲ့တဲ့ မင်းသားတွေပါတဲ့ ။ ပရိသတ်တွေ အချင်းချင်းကလည်း ဖိုးစိန်လောက် အဆိုအပြော ပိုင်တာမရှိဘူး။ စိန်ဂတုံးကမှ ခန့်ခန့်ထည်ထည်နဲ့ ဖိုးစိန်လို ကလက်တက်တက် မဟုတ်ဘူးဆိုပြီး ကိုယ်ကြိုက်တဲ့မင်းသားတွေကို အပြတ်အသတ် အားပေးကြတယ်။ အောင်ဗလကို သက်ရှိထင်ရှား ရှိစေချင်လိုက်တာ။ အောင်ဗလ မင်းသမီးလို ဝတ်ဆင်ပြီး မင်းသားကို မောင်လို့ ခေါ်လိုက်တာများ နူးညံ့သိမ်မွေ့ချစ်စရာကောင်းလွန်းလို့ မတ်တပ်ရပ်ပြီး ဒီမှာပါခင်ဗျလို့ ဟစ်လိုက်တော့မတတ်ဘဲ။
ဇာတ်ပွဲတွေမှာ လက်တွေ့မကျဘူးလို့ တွေးမိတာရှိတယ်။ မယ်သီတာကို ဒသဂီရိက ရသေ့ယောင်ဆောင်ပြီး လာခိုးခန်းမှာ ရာမမင်းသားက ဒီစည်းကို မကျော်နဲ့လို့ တားခဲ့တာကို ဒသဂီရိက စည်းအပြင်ကနေ ဖျားယောင်း မယ်သီတာက စည်းအတွင်းကနေ အရှောင်အတိမ်းနဲ့ ကတာကို အဓိပ္ဗယ်မရှိလိုက်တာ ဒီစည်းကလေးများ တချက်လေး ကျော်လိုက်ရင်နဲ့ ရတာကိုလို့ တွေးမိတယ်။ အမှန်က စည်းဆိုတာ လိုက်နာရမဲ့ကျင့်ဝတ် ကိုယ်ကျင့်သိက္ခာစည်းကမ်းတွေကို ဆိုချင်တာပါ။ တကယ်တော့ လက်တွေ့ကျချင်တာကို ဇာတ်ပွဲမှာ မရှာသင့်ပါဘူး။ ဇာတ်ဆိုတာ အပန်းဖြေဖို့ ၊ ဗဟုသုတတိုးဖို့ တင်ဆက်မှု တစ်ရပ်ပဲမလား။ အရင်တုန်းက ဇာတ်မင်းသားတွေဖြစ်တဲ့ ရွှေမန်းတင်မောင်၊ သိန်းဇော် (မန္တလေး) တို့ နာမည်ကြီးပြီး ဇာတ်သဘင်စစ်စစ်တွေ တင်ဆက်ခဲ့ပေမဲ့ ကိုယ်တို့ခေတ်မှာတော့ ဇာတ်သဘင်စစ်စစ်ထက် စတိတ်ရှိုးတွေ များသလားလို့။ ကိုယ် ဇာတ်သဘင်စစ်စစ်ကို မကြည့်ဖူးခဲ့တာလည်း ပါပါလိမ့်မယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Performing Arts ကို ဖတ်လိုက်ရတော့မှပဲ ကိုယ့်အမြင်တွေ ရှင်းလင်းသွားတော့တယ်။ ရုပ်သေးကို တီဗွီထဲမှာ မြင်ဖူးပေမဲ့ အပြင်မှာတော့ တခါမှ မမြင်ဖူးသေးဘူး။ Horizon မဂ္ဂဇင်းကနေ အရှေ့တောင်အာရှစာရေးဆရာများ ဝထ္ထုတိုပြိ ုင်ပွဲမှာ ဆုရထားတဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Her Infinite Variety ( မူယာစုံလင် သူ့ရုပ်သွင်) အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝထ္ထုတိုဖတ်ပြီးချိန်မှာတော့ ရုပ်သေးအကြောင်း စိတ်ဝင်စားသွားတယ်။
အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ရုပ်သေးရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်သေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာဘုရင်တွေ ခေတ်တုန်းက ဇနီးမောင်နှံမဟုတ်တဲ့သူတွေ အတူတူကပြဖြေဖျော်တာကို မသင့်တော်ဘူးလို့ ယူဆပါတယ်။ လူတွေဟာ ရိုမန်တစ်တွေကို သီချင်း၊ ကဗျာ၊ ပုံပြင်တွေနဲ့တင် မကဘဲ မြင်ချင်ကြားချင်လာပါတယ်။ နောက်တစ်ခုက ဘုရားလောင်း၊ သူတော်စင် ရဟန်းရသေ့တွေနေရာမှာ သရုပ်ဆောင်ဖို့ တွန့်ဆုတ်ကြပါတယ်။ ပညာရှိ ဦးတော်က ဗုဒ္ဓဝါဒနဲ့အညီ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ရုပ်သေး ၂၈ ရုပ် တီထွင်ပါတယ်။ ရုပ်သေးရုပ်တွေဟာ လူဆိုရင် လူကိုယ်အင်္ဂါအပြည့်အစုံ၊ တိရစ္ဆာန်ဆိုရင်လည်း ကိုယ်အင်္ဂါအပြည့်အစုံ ပါရပြီး ယမနေသားနဲ့ ထုလုပ်ရပါတယ်။ ရုပ်သေးရုပ် ၂၈ ရုပ်မှာ အပျိုတော် ၂ ၊ မြင်း ၁ ၊ ဆင်ဖြူ ၁ ၊ ဆင်မည်း ၁ ၊ ကျား ၁ ၊ မျောက် ၁ ၊ ကြက်တူရွေး ၁ ၊ နဂါး ၁ ၊ ဘီလူး ၂ ၊ ဇော်ဂျီ ၁ ၊ မှုးကြီးမတ်ရာ ၄ ၊ ဘုရင် ၁ ၊ မင်းသား ၁ ၊ မင်းသမီး ၁ ၊ မင်းသားအကြီး ၂ ၊ ပုဏ္ဏား ၁ ၊ ရသေ့ ၁ ၊ နတ် ၂ ၊ မိန်းမအို ၁ ၊ လူရွှင်တော် ၂ တို့ ပါဝင်ပါတယ်။ ရုပ်သေးရုပ်တွေကို သင့်တော်တဲ့ လေးစားသမှုနဲ့ ဆက်ဆံရပါတယ်။ ဘုရင်၊ မင်းသား၊ မင်းသား၊ မှုးမတ်၊ ရသေ့တွေလို ရုပ်သေးရုပ်တွေကို ညာဖက်သေတ္တာမှာ ထည့်ရပြီး အဆင့်နိမ့်တဲ့ တိရစ္ဆာန်၊ လူရွှင်တော်ရုပ်သေးရုပ်ကို ဘယ်ဖက်သေတ္တာမှာ ထည့်ရပါတယ်။ ဇော်ဂျီဟာ နောက်ခံပိတ်စအဖြူ ပေါ်ကနေ ခုန်ပျံဝင်ရပြီး အဲဒီလိုပဲ ပြန်ထွက်ရပါတယ်။
ဆင်က ညာဖက်ကနေ ဝင်၊ ကျားက ဘယ်ဖက်ကနေ ဝင် သတ်မှတ်ချက်အတိုင်း အတိအကျ လိုက်နာရပါတယ်။ ရုပ်သေးစင်ရဲ့ နောက်ခံက အဖြူရောင်ပိတ်လေးပဲ ကာထားလို့ ရုပ်သေးဆွဲသူနဲ့ ရုပ်သေးဆွဲတာကို မြင်ရပါတယ်။ ဇော်ဂျီရုပ်သေးရုပ်ကို ကြိုးဆွဲဖို့ အခက်ဆုံးလို့ ဆိုပါတယ်။ မင်းသမီးရုပ်ဟာလည်း ဇော်ဂျီနီးနီးလောက် ခက်ပါတယ်။ အများအားဖြင့်တော့ ကြိုးဆွဲတဲ့သူက တစ်ယောက် ဆိုတဲ့သူက တစ်ယောက်ပါ။ ရုပ်သေးကြိုးဆွဲသူ ကိုယ်တိုင်ဆိုနေတာ အင်မတန် ရှားပါတယ်တဲ့။ ကြိုးဆွဲသူနဲ့ ရုပ်သေးတို့ လမိုင်းကပ် တစိတ်တည်း တသားတည်း ဖြစ်တဲ့အခါ ရုပ်သေးရုပ်တွေ ဖြေဖျော်တာ သက်ရှိလူတွေထက်အောင် ကောင်းပါတယ်တဲ့။ ပြင်သစ်က Folies Bergeres ၊ မြူးနစ်က The Ethnopraphische Museum မှာ မြန်မာရုပ်သေးအဖွဲ့ ဖျော်ဖြေခဲ့ရာမှာ အတော့်ကို နှစ်ခြိုက်အားပေးခဲ့ကြတယ်လို့ Dover Publications Inc. New York က ထုတ်ဝေတဲ့ Max von Boehn ရဲ ့ Puppet and Automata စာအုပ်ထဲမှာ ရေးထားပါတယ်လို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ကိုးကားထားပါတယ်။ ကိုယ်ကတော့ ရုပ်သေးပွဲ တခါမှ မကြည့်ဖူးသေးဘူး။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာကို ဗဟုသုတရအောင်၊ ဖတ်ဖူးတယ်ရှိအောင် အားရင် ကူးတင်ပါဦးမယ်။ ဘာသာတော့ မပြန်တော့ပါဘူး စိတ်မဝင်စားရင် နည်းနည်းတော့ ပျင်းစရာ ကောင်းလိမ့်မယ်။ အင်္ဂလိပ်လိုဖတ်ရတာ ကြိုက်တဲ့သူတွေ ဖတ်လိမ့်မယ် အင်္ဂလိပ်လို မဖတ်ချင်သူတွေ ကျော်ခွသွားလိမ့်မယ်။
သန့်ရှင်းတာ...ဝါရှင်တန်ဒီစီ၊ ဘော်စတွန်၊ ချီကာဂို၊ ဆန်ဖရန်စစ်စကို၊ လော့အိန်ဂျလစ် မြို့ကြီး တော်များများဟာ နယူးယောက်ထက် သန့်ရှင်းပါတယ်။ ကြီးတာ ... နယူးယောက်ထက် ကြီးတဲ့မြို့တွေ တပုံကြီး။ စိမ်းလန်းတာ ... နယူးယောက်ထက် စိမ်းလန်းတဲ့မြို့တွေ တပုံကြီး။ ရှေးဟောင်းကျတာ ... နယူးယောက်ထက် ရှေးဟောင်းအဆောက်အဦး ရှိတဲ့မြို့တွေ အများကြီး။ ဘရော့ဝေး .... နယူးယောက်မှာပဲ ရှိတယ် ဘရော့ဝေးကြောင့်လည်း နယူးယောက်က ထူးခြားနေတယ်။ အမ်းနီးဝေး ကိုယ့်ရဲ့ ပထမဆုံး ဘရော့ဝေးပြဇာတ်အကြောင်းလေးပါ။
စန်းထွန်း
ဇန်နဝါရီ ၂၄၊ ၂၀၁၅။
3 comments:
မမအိုင်အိုရာ
Anonymous said...
ကိုယ်ကြည့်တုန်းကလည်း ဒါဘဲ။
ကိုယ်က မားမာမီးယာ ကြည့်ချင်သေးတာ။
ဘရော့ဒ်ဝေးဟာနံမည်ကြီးလွန်းလို့
ကိုယ်ကြည့်တုန်းက ကြက်သီးတောင်ထတယ်။
ကြည်နူးသဘောကျလွန်းလို့။
တီးဝိုင်းကလည်းအရမ်းကောင်းတာနော်။
ရင်ထဲမှာဒိန်းဒိန်းနဲ့လိုက်ဖြစ်နေတာ။
ဒစ်စကောင့်ရရင်တော့ကြည့်သာကြည့်စန်းထွန်းလေးရေ။
မမအိုင်အိုရာ
January 25, 2015 at 9:54 PM
Thu said...
ဒီပို့စ်လေးဖတ်တာ တော်တော်လေးဗဟုသုတရသွားတယ်။
ဆရာမကြီး ဒေါ်ခင်မျိုးချစ်စာအုပ်တွေမဖတ်ဖူးသေးဘူး။ရှာဖတ်အုန်းမယ်။အရင်တခါ ဆရာနေဝင်းမြင့်ရဲ့ ရေကန်သာကြာတိုင်းအေးလဲ ဖတ်ပြိးပြီ။သိလား :)
January 28, 2015 at 3:50 AM
Post a Comment