ဂရိတ်စမုတ်ကီသွား တောလား...
အာရှမှာတော့ အလုပ်သမားနေ့ မေဒေးနေ့ဆိုတာ မေလ ၁ ရက်နေ့ ဖြစ်ပေမဲ့ စတိတ်မှာတော့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့။ မေဒေးလို့ မခေါ်ဘဲ လေဘာဒေးလို့ ခေါ်တယ်။ စနေ၊ တနင်္ဂနွေ၊ လေဘာဒေး တနင်္လာနေ့ ပိတ်ရက် ၃ ရက်တောင် ခရီးထွက်ကြရအောင်ဆိုတော့ သူတို့က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က ဝေါဒစ်စနေသင်းပတ်ခ်ကို ခွင့် ၃ ရက်တောင် ယူပြီး သွားကြမှာ။ နီပေါအဖွဲ့နဲ့ သွားမှာဆိုတော့ ကိုယ့်ကိုခေါ်လို့ မရဘူး။ ပိတ်ရက် ၃ ရက်ကြီးများတောင် အိမ်မှာ မနေနိုင်ပါဘူး တခုခုတော့ သွားရမှဖြစ်မယ်။ တယောက်တည်း ခရီးထွက်လို့မရတော့ ကပ်ပီတယ် ဟိုက်ကင်းကလပ်နဲ့ ငါ တောင်သွားတက်မယ်။
တောင်တက်ဖို့ တင်ဘာလန်းဟိုက်ကင်းရှုးဝယ်၊   ခရီးစဉ်အတွက် ၄၅ ပေးပြီး Reserve လုပ်၊ စတိတ်ရောက်ပြီး ၃ နှစ်အကြာမှာ ငါရဲ့ ပထမဆုံး စတိတ်တောင်တက်ခြင်းလို့ ကြုံးဝါးမဟဲ့ ပြင်နေတုန်း သူတို့ခရီးစဉ် ပျက်သွားလို့ မြောက်ကာရိုလိုင်နားဖက်ကို ခရီးထွက်မလို့ လိုက်မလားတဲ့။ ဆူနမ်တို့နဲ့ဆိုရင် ဘယ်သွားသွား ကိုယ်က လိုက်ပြီးသား။ ဘယ်သွားမလဲဆိုတော့ ဘယ်သွားမယ်လို့ မစီစဉ်ထားတဲ့ ရောက်ချင်ရာရောက် Road Trip ခရီးစဉ်။ လိုက်ချင်သေးလား လိုက်ဦးမှာ။
စနေနေ့မနက် မေရီလန်းကနေ ဗာဂျီးနီးယားကို ဖြတ်ကျော်ပြီး တောင်ဖက်စူးစူး မြောက်ကာရိုလိုင်းနားကို မောင်းရမှာဆိုတော့ ဗာဂျီးနီးယားက ဘယ်နေရာတွေကို ဝင်လည်ရင် ကောင်းမလဲ ရှာဖွေတော့ Virginia Safari Park : 780 Acre Drive - Thru Adventure ကို သွားမယ်လို့ ဆုံးဖြတ်ကြတယ်။ ဗာဂျီးနီးယားကမ်းခြေရေက ကြည်လဲ့နေပြီး အိုးရှင်းစီးတီးကမ်းခြေထက် လှတယ်လို့ ငါ့အိမ်ရှင်က ပြောတယ်။ ဗာဂျီးနီးယားကမ်းခြေကို သွားလည်ရအောင်လို့ ကိုယ်အဆိုတင်သွင်းပေမဲ့ သုံးမဲတမဲနဲ့ ရှုံးတယ်။
တောရိုင်းတိရစ္ဆာန်တွေကို လှောင်အိမ်ထဲမဟုတ်ဘဲ သဘာဝအတိုင်း တောတောင်တွေမှာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားကျက်စားနေတာကို သဘာဝကျကျ တွေ့မြင်နိုင်ဖို့ ၂၀၀၀ နွေဦးမှာ ဗာဂျီးနီးယားဆာဖာရီပန်းခြံကို ဖွင့်လှစ်ခဲ့ပါတယ်။ ၃ မိုင် ကားမောင်းနေတဲ့တလျှောက် ကားပြတင်းပေါက်ကနေ အစားကျွှေးလို့ ရပါတယ်။ ကိုယ်တို့ကတော့ ကားမမောင်းတော့ဘဲ ဂိုက်က ဦးဆောင်လမ်းညွှန် ရှင်းပြတဲ့ ဝယ်ဂွန်စီးတယ်။ အစာကျွှေးတဲ့အခါ ခွက်ထဲ လက်မရောက်စေဘဲ ဘေးနှစ်ဖက်ကို သေသေချာချာကိုင်ဖို့၊ တကယ်လို့ ခွက်ကိုဆွဲထားရင်လည်း ပြန်မလုဖို့၊ ဇီးဘရားကတော့ ရန်လိုတတ်လို့ အစာမကျွှေးဖို့ ညွှန်ကြားပါတယ်။
ဒီအကောင်တွေက အာဖရိကက လာတာ၊ ကုလားအုတ်က ကန္တာရထဲမှာ ရေမသောက်ဘဲ ရက်ပေါင်းများစွာ နေနိုင်တဲ့အကြောင်း၊ ဒီအကောင်ကတော့ အမေရိကားက ရှားပါးမျိုးနွယ်စိတ်တွေဆိုတာ ဂိုက်က စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ အစာကျွှေးရင် ခွက်အောက်ကို ပြုတ်ကျတာက ခပ်များများ။ အန်ကယ်ကြီးတယောက်က ပါးစပ်ထဲ လောင်းချပြီး အစာကျွှေးတာ ရှားပါးမျိုးစိတ် နွားနောက်ကလည်း အလိုက်အသိ ပါးစပ်ကြီး အကျယ်ကြီးဟလို့ ခံတယ်။ ခေါင်းမှာ ချိုရှည်ရှည်ရှိတဲ့ အကောင်တွေ လိုက်ခတ်ရင် သမင်တွေကပြေး။ ကျွှေးပြီးလို့ ကားတံခါးပိတ်လိုက်ရင်တောင် အဲဒီကားနားမှာပဲ ရပ်နေရင် တခြားကားတွေကလည်း စိတ်ခြေလက်ရှည် စောင့်လို့။ သစ်ကုလားအုတ်ကတော့ ဗိုက်ပြည့်နေပုံရတယ် ဟင့်အင်း လုံးဝမစားဘူးတဲ့။
သစ်ကုလားအုတ်၊ မျောက်၊ ကျားဖြူ၊ ကျားဝါ ၊ ငှက်တွေ။ မြွေ၊ ပုတ်သင်ညိုဖက်ရောက်တော့ Burmese Python စပါကြီးမြွေနှစ်မျိုးတောင်တွေ့တော ရာမားက နင်တို့နိုင်ငံက မြွေတော်တော်ပေါတယ် ထင်တယ်တဲ့။ သားပိုက်ကောင်ကိုတော့ မတွေ့ခဲ့ဘူး မိုးရွာနေလို့ အိမ်တွင်းအောင်းနေတယ်ထင်ပါ့။ အနှစ်တစ်ရာကျော်တောင် အသက်ရှည်တဲ့ ကမ္ဘာလိပ်တွေ တွေ့တယ်။ ဝါ ၊ ပြာ၊ စိမ်း အရောင်စုံနေတဲ့ ကြက်တူရွေးတွေက လှလိုက်တာ။ အစာကျွှေးလို့လည်း ရတယ်။
Red Jasmine Thai Cusine ထိုင်းဆိုင်မှာ ဝင်စားတော့ နေ့လည်တော်တော် စောင်းနေပြီ။ ဆူနမ် ဖေ့ဘွတ်မှာ ချက်ကင်တော့ ကိုယ်တို့ရောက်နေတာ ဗာဂျီးနီးယားပြည်နယ် Vinton ဗင်တန်မြို့တဲ့။ မြောက်ကာရိုလိုင်းနားက မီးပြတိုက် Light House ကို သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဟင် နင်တို့က တောထဲကို သွားမှာဆိုလို့ ငါက အင်္ကီျနှစ်စုံပဲ ယူလာတာ ဆူနမ် နင်ရော။ ငါ နှစ်စုံ။ ရာမား နင်ရော ငါလည်း နှစ်စုံ။ အမ်းထရူး လက်သုံးချောင်း ထောင်ပြတယ်။ အံမယ် ဒင်းက မိန်းကလေးတွေထက် ပိုယူလာပါလား။ ကဲလေ ငါတို့မိန်းကလေးတွေ လျှော့ပင်းကြရအောင် အနီးအနားက Macy မှာရပ်။
တောင်တွေ ပတ်လည်ဝိုင်းရံထားတဲ့ မြို့ကလေးက သာယာလိုက်တာ။ စန်းစန်း တောင်တွေမြင်တော့ တောင်တက်ချင်နေလား၊ အနီးအနားက လေဆိပ်မှာ ချပေးမယ်၊ နီးစပ်ရာ လေယာဉ်နဲ့ပြန်ပြီး ရှန်နန်ဒိုးဝါးတောင်ကို သွားတက်ပေတော့။ ဟေ့ တောင်တက်တယ်ဆိုတာ နင်တို့ခရီးမသွားလို့ ငါ သွားတက်တာ။ နင်တို့ခရီးသွားမယ်ဆိုရော အဲဒီတောင်တက်တာ ဖျက်ပြီး နင်တို့နဲ့ ငါ လိုက်တာပဲ။ နင်တို့က ငါရဲ့ပထမ ဦးစားပေး သဘောပေါက် ဟွန့်။ သူတို့သည် ဤကဲ့သို့ ကျီစားတတ်ပါသည်။
အင်္ကီျ ၃ စုံပါတဲ့ အမ်းထရူးကပါ ဝင်လျှော့ပင်းတယ်။ ဆူနမ့်ဖေ့ဘွတ် ချက်ကင်အရ ကိုယ်တို့ရောက်နေတာ Vally View Mall ဗာဂျီးနီးယားပြည်နယ် Roanoke မြို့လေးတဲ့။ Receipt ကို ကြည့်ပြီး ရာမားက စန်းစန်း ဆူနမ့် အင်္ကီျ ဘယ်လောက်လဲ ခန့်မှန်းကြည့်စမ်း။ ၈ ကျပ် ၁၀ ။ ဘယ်ကသာ ၃ကျပ်တဲ့။ ဟား...ဟား...ဟား... ၃ ကျပ်တန် အင်္ကီျ တခါမှ မကြားဖူးဘူး ငါတို့အားလုံး ၁၅ ပေးရတာ။ အောင်မလေး ပိုးစိုးပက်စက် တန်တာနော်။ အိပ်တန်းပြန်တဲ့ငှက်တွေ၊ တိမ်ခိုးဝေနေတဲ့ တောင်တန်းတွေ။ အစက မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ ညစာစားပြီး ညအိပ်မလို့ စိတ်ကူးထားတာ ည ၁၁ နာရီ ထိုးနေပြီ ချားလော့မြို့ကို နောက်ထပ် ၃ နာရီလောက် မောင်းရဦးမှာမို့ အနီးအနားကမြို့မှာ ရုပ်ရှင်ဝင်ကြည့်ပြီး  ညအိပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ည ၁၁ နာရီ The Grand Movie Theater မှာ 3D ကြည့်ကြတာ One Direction ။  1D ဆိုတာ ခုနာမည်ကြီးနေတဲ့ အင်္ဂလန်က Boy Band ပါ။ အဖွဲ့ဝင်အားလုံး ၁၈ နှစ် ကနေ ၂၁ နှစ် အသက်ကငယ်ငယ် ရုပ်ကချောချော သီချင်းကကောင်း။ ရေဒီယိုမှာ နားထောင်ဖူး၊ ယူကျူမှာ ကြည့်ဖူးပေမဲ့ ဒီလောက်နာမည်ကြီးမှန်း သိဘူး။ အဲဒီရုပ်ရှင်လည်းပြီးရော ဆူနမ်က သူ 1D ကို Fall in love ဖြစ်သွားပါရင်တဲ့။ 1D သီချင်းတွေ နားထောင်ရရင် ဦးနှောက်မှာ ပျော်ရွှင်မှုလို့ ခံစားရလို့လူတွေအသည်းခိုက်နေတာလို့ ဦးနှောက်နဲ့အာရုံကြောပညာရှင်က ဆိုပါတယ်။ ကိုယ်လည်း ဘာထူးလဲ 1D   ကို Fall in love ဖြစ်သွားလို့ ကြုံသလို နားထောင်တယ် း) ။ ဆူနမ့်ဖေ့ဘွတ်ချက်ကင်အရ ကိုယ်တို့ရောက်နေတာ မြောက်ကာရိုလိုင်းနားပြည်နယ် Winston - Salem မြို့ပါတဲ့။
ည ၁၂ နာရီကျော်နေပြီမို့ တမြို့လုံးက စားသောက်ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ ဆူနမ်နဲ့ အမ်းထရူး ညစာထွက်ဝယ်ချိန်မှာ ကိုယ်က တရေးနှပ်။ ရာမားက ရေချိုးပြီး ထွက်အလာ ကိုယ်က မျက်လုံးအဖွင့် လန့်ပြီးမအော်မိတာ ကံကောင်း။ လား...လား အိုင်းရှဲဒိုးတွေက မျက်လုံးအောက်မှာ စွန်းနေတာ သရဲမှတ်လို့။ ဆူနမ်နဲ့ အမ်းထရူးကို ပြောပြတော့ အေး နောက်ဆို လက်ပါမြှောက်ပြီး စန်း...စန်း ဆိုပြီး နင့်ကို ခြောက်ခိုင်းမယ်တဲ့ ကောင်းရော။ Tacol Bell ဆိုင်က Chicken Tacol ဆိုတာ အတော်ကောင်းတယ်။ Tacol ဆိုတာ မက်ဆီကန် အစားအစာ နံပြားလိုဟာမျိုးမှာ ကြက်သား၊ ဂေါ်ဖီတို့ ထည့်ထားတာ။
ဂရိတ်စမုတ်ကီတောင်တွေနဲ့ နီးနေပြီမို့ တန်နက်ဆီပြည်နယ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကမ့်ပင်းဖို့ နေရာဘွတ်ကင်းတော့  ၁ ထောင်ကျော် နေရာတွေက ပြည့်နေပြီ။ ကံကောင်းချင်တော့ တနေရာရတယ်။ အရီဇိုးနားပြည်နယ်က ဂရမ်းကမ်ညမ်  Grand Canyon ပြီးရင် တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီတောင် Great Smokey Mountains က လာရောက်လည်ပတ်သူ ဒုတိယအများဆုံး။ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီ တောင်တွေထဲ ဝင်ရင်ပဲ တောင်တွေက စိမ်းညှို့လို့။ Waterville မြို့ဆိုတဲ့ဆိုင်းဘုတ်တွေ့လိုက်ရချိန် ကောင်းကင်က Water တွေ ပြိုဆင်းလာလို့Waterville မြို့က water တွေနဲ့ တကယ်ကြိုဆိုတာပဲလို့ ပြောစမှတ်တွင်ရော။
နေ့လည်စာကို တရုတ်ဘူဖေးဆိုင်မှာစားတော့ မကောင်းလိုက်တာ။ ဖေ့ဘွတ်မှာ ဆူနမ် ချက်မကင်ထားတော့ ဘယ်နေရာမှန်းတော့ မသိဘူး တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီးတောင်နားမှာ နေပါလိမ့်မယ်။ အနီးအနားက Walmart မှာ ဘာဘီကျူးအတွက် လိုအပ်တဲ့ အသားချောင်း၊ ကြက်သား၊ ပြောင်းဖူး၊ အာလူးဝယ်တော့ သေနတ်တွေရောင်းတာ တွေ့တယ်။ ဆူနမ်က Walmart မှာ သေနတ်တွေတွေ့၊ အမဲလိုက်အကြောင်း ပြောနေကြတာ၊ လူမည်း၊ အာရှ တယောက်မှ မတွေ့ဘူး၊ လူဖြူတွေ ကိုယ်တို့တွေကို အထူးအဆန်းလို ဝိုင်းကြည့်နေတာ တမျိုးမခံစားရဘူးလားတဲ့။ ငါလား...သိတောင် မသိလိုက်ဘူး.. ကောင်းရော။
ကန်တက်ကီအိမ်ရှင်အမက ပြောဖူးတယ်။ အိမ်က မြို့ရဲ့အရှေ့တောင်ဖက် လူလတ်တန်းစားတွေ နေတဲ့နေရာ၊ အလုပ်က အရှေ့ဖက် သူဋ္ဌေးတွေ နေတဲ့နေရာမှာ နင် ကံကောင်းတယ်တဲ့။ မြို့ရဲ့အနောက်ဖက်က သေနတ်ပစ်၊ မူးယစ်ဆေး၊ ခုနစ်လွှာချွှတ်ကလပ်တွေနဲ့ ဘလက်နယ်မြေ။ မြို့တောင်ဖက်က လက်လုပ်လက်စား လူဖြူတွေ။ သူတို့က တစိမ်းဆို မကြိုက်သလို ခေါ်ပြောလာနှုတ်ဆက်မှာ မဟုတ်လို့ တယောက်တည်းသီးသန့်နေရသလို ခံစားရလိမ့်မယ်တဲ့။
ကမ့်ပင်းတဲ့နေရာဆီ အသွား တောင်တွေကြားထဲက မြို့သေးသေးမှာ လူတွေကြိတ်ကြိတ်တိုး လမ်းတွေပိတ်နေလိုက်တာ။ အိုးရှင်းစီးတီးတွေ Ripley ရဲ ့ Believe it or not ၊ လေဆာရောင်ခြည်၊ ပွဲဈေးတန်းတွေ၊ ဟော်တယ်တွေနဲ့ စည်ကားတယ်။ တောင်ထိပ်အထိ ကေဘယ်လို ထိုင်ခုံစီးရင်း ရောက်တဲ့အရာ၊ မြို့လေးကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းလေးတွေနဲ့ သာယာလိုက်တာ။ သမိုင်းဝင် တန်နက်စီပြည်နယ် Gatlinburg မြို့လေးပါတဲ့။
ကောင်တာမှာ အွန်လိုင်းက ကမ့်ပင်းခပေးချေပြီးသားဖြစ်တဲ့ ဘွတ်ကင်းအကြောင်း သွားမေးတော့ ကိုယ်တို့ကမ့်ပင်းမယ့်နေရာက မိုင်၂၀ အဝေးက B - 19 ဆိုတယ့် နေရာပါတဲ့။ လမ်းတလျှောက် သစ်ပင်ကြီးတွေက စိမ်းလန်းလို့၊ တောင်တွေက မြူခိုးဝေလို့။ ဗျူးပွိုင့်ဆိုရင် ဓာတ်ပုံဆင်းရိုက်ကြတာ မိုးရွာမှပဲ ရပ်တော့တယ်။ ကမ့်ပင်းတဲ့နေရာရောက်ရော တော်တော်များများ ကမ့်ထိုးပြီးလို့ ဘာဘီကျူး အသီးသီး ကင်နေကြတာ မီးခိုးတွေတထောင်းထောင်း ထလို့။ ကမ်းပင်းစပေါ့မှာ ကားပါကင်ထိုးပြီး မြေဖို့ထားတဲ့နေရာမှာ တဲထိုးကြတယ်။ ကိုယ်တို့ရဲ့ပထမဆုံး ယူအက်စ်ကမ့်ပင်းပါ။ သံကြိုးတွေကိုဆက်၊ တဲ မယိုင်လဲအေင် လေးထောင့်မှာ အချွှန်တွေစိုက်၊ Sleeping Bag တွေ ခင်း၊ ခေါင်းအုံးတွေ၊ စောင်တွေသယ် ဖြန့်ခင်း။
ဘာဘီကျူးဖို့ ထင်းထည့် ဓာတ်ဆီဖြန်း မီးညှိ။ ဓာတ်ဆီကုန်ရော မီးက ငြိမ်းသွားပြန်ရော။ ဓာတ်ဆီထည့်လိုက် မီးတောက်လာလိုက် မီးငြိမ်းသွားလိုက် ဓာတ်ဆီထပ်ထည့်လိုက်နဲ့။ ဘေးနားကို ကြည့်လိုက်တော့ ဘာဘီကျူးတွေ ကင်နေကြတာ ညှော်နံ့တွေ တထောင်းထောင်း။ အဲဒီအနံ့တွေရရင် ဗိုက်ကဆာ။ ကိုယ်တွေမှာတော့ မီးခိုးတထောင်းထောင်း ထဖို့ထား မီးလေးတောင်မစွဲ။ ထင်းကအစို မိုးက တဖြောက်ဖြောက်။ အမ်းထရူးရဲ့ စိတ်ကူးအရ တစ်ရှူးတွေကို မီးစာစလိုလိပ် ဆီဆွတ်ပြီး မီးရှို့။ ဆီညှော်နံ့တွေ တထောင်းထောင်း၊ မီးခိုးတွေ တအူအူ။ စမုတ်ကီတောင်တန်းကြီး ပိုစမုတ်ကီဖြစ်အောင် ကိုယ်တို့ပါဝင်အားဖြည့်ပေးခဲ့တယ် ဆိုပါတော့။ ကိုယ်က တစ်ရှူး မပြတ်လိပ်၊ ရာမားက ဆီဆွတ်ပြီး ပစ်ထည့်၊ အမ်းထရူးက ဓာတ်ဆီထည့်၊ ဆူနမ်က မီးညှိ။ လေးယောက်သား ဘာဘီကျူးဖို့ မီးဖိုကြတာ တဖားဖားနေရောပဲ။
ထင်း မီးနည်းနည်းစွဲတော့ ဆူနမ်နဲ့ရာမားက တဖူးဖူးမှုတ်၊ ကိုယ်က လက်ကမ်းစာစောင်ယူ ယပ်ခပ်။ အမ်းထရူးက လက်ကမ်းစာစောင်ကို ပြောင်းလိုလိပ် ဖူးဖူးမှုတ်ပြရင်း ဒီနည်းက ပိုထိရောက်တယ်၊ လေလည်း ပိုရတယ်တဲ့။ ကိုယ်က ကော်ဗူးအဖုံးကို ယူပြီး လေကို တရစပ် မရပ်မနား ခပ်တော့ ထင်းက မီးပိုစွဲပြီး မီးနည်းနည်းတောက်လာတယ်။ ဆူနမ်နဲ့ အမ်းထရူးက San San, you can do it. you can do it လို သံပြိုင်ဝိုင်းအော်၊ ကိုယ်ကလည်း yes i can do it ဆိုပြီး ပလပ်စတစ်အဖုံးနဲ့ တရစပ် ယပ်ခပ်လိုက်တာ နောက်ဆုံးမီးတောက်လာတော့ ဆူနမ်နဲ့ အမ်းထရူးက ပခုံးပုတ်ပြီး  good job တဲ့။ တောက်လာတဲ့မီးလေး ငြိမ်းမသွားခင် ဆော့ဆိတ် အသားချောင်းကို တုတ်ထိုးပြီး ကင်ကြတယ်။
မီးအရှိန်ရလာတော့ ဗန်းပေါ်မှာ အသားတွေတင်။ မီးကမစွဲသေးတော့ တစ်ရှူးမီးစာ ဆီဆွတ်ထည့်၊ ဓာတ်ဆီလောင်း၊ ရာမားက တစ်ရှူးလိပ်ထဲက စက္ကူပြောင်းနဲ့ ဖူးဖူးမှုတ်၊ ကိုယ်က ယပ်ခတ်။ ဆူနမ်က နင် ခြင်္သေကျွှန်းက East Coast မှာ ဘာဘီကျူး ကင်တယ်ဆို နင် ဘာတွေလုပ်လဲ။ ငါလား.. ဘာမှမလုပ်ဘူး မလေးတရုတ်မ ထိန်ထိန်က မီးဖိုတယ်၊ ကင်တယ်၊ အကျက်ညီအောင် လှည့်ပေးတယ်။ ငါက နည်းနည်းကူလုပ်ပေးပြီး အဆင်သင့် ထိုင်စားတာ။ အင်း.. နင့်လုပ်အား ပါစေချင်ရင် ဘာဘီကျူးကင်မှပဲ။ ညစာကို ည ၁၀ လောက်မှ စားရတယ်။ ကိုယ်တို့စားဖူးသမျှထဲမှာ ဒီဘာဘီကျူးဆော့ဆိတ်က အကောင်းဆုံး။ တကယ့်ကို ခက်ခက်ခဲခဲ ကင်ရလို့နဲ့ တူပါရဲ့။ ရားမားက Phu Phu Master ကိုယ်က Wind Master ဖြစ်သွားတယ်။  တရုတ်သိုင်းကားထဲက နာမည်တွေလို့ မထင်နဲ့နော်။ ရာမားက ဖူးဖူး မှုတ်ရလို့ ကိုယ်က ပလတ်စတစ်အဖုံးနဲ့ လေရအောင် ယပ်ခပ်ရလို့ း) ။
ဝက်ဝံ ကျက်စားတတ်တဲ့ ဒေသမို့ အစားအသောက်တွေကို ကားနောက်ဖုံးထဲ ထည့်သိမ်းရတယ်။ အိပ်တော့လည်း ဝက်ဝံရန်ကြောင့် အလယ်ကို လုကြတယ်ဗျား။ အင်တာနက်လည်း မရ၊ ပင်ပန်းတော့ အံစာတုံးတပွဲတောင် မပြီးဘူး အိပ်ကြတော့တာပဲ။ ကိုယ်ငယ်ငယ်တုန်းက ဆော့ဖူးတဲ့ အံစားတုံးခေါက်၊ ကျတဲ့နံပါတ်အတိုင်းသွား၊ လှေကားနဲ့တွေ့ရင် အမြှင့်တက်၊ မြွေနဲ့တွေ့ရင် မြှိချခံရပြီး မြွေအမြီးထိ ဆင်းရတဲ့ ဆော့ကစားနည်းလေးပါ။
စမ်းရေစီးသံ တသွင်သွင်၊ ကျေးငှက်သံတွေ တစီစီနဲ့ မနက်ခင်းက အေးချမ်းလိုက်တာ။ မြေကြီးက မညီမညာဆိုတော့ ကျောနည်းနည်း နာတယ်။ အနီးအနားက အများသုံးအိမ်သာမှာ မျက်နှာသွားသစ်။ ကော်ဖီဖျော်ဖို့ ရေနွေးကြိုတော့ မီးဖိုတာ နည်းနည်းလွယ်တယ်။ မနေ့ကလောက် မခက်ဘူး။ ဘာဘီကျူးတွေ ပြန်နွေး၊ ပြောင်းဖူးကင်။ စမုတ်ကီကော်ဖီတဲ့ ကြားဖူးကြရဲ့လားဟင်။ မနေ့က ဘာဘီကျူးကင်ထားတဲ့ ဗန်းမှာ ရေနွေးအိုး ကြိုတော့ ဘာဘီကျူးနံ့ စွဲနေတဲ့ရေနဲ့ ဖျော်ထားတဲ့ကော်ဖီ။ မနက်အစောကြီး ဘာဘီကျူးစားရမှာလား ဟင့်အင်းဆိုတော့ ဒါ Brunch တဲ့။ စတိတ်မှာ Breakfast ထက်နောက်ကျ၊ Lunch ထက်လည်းစောတဲ့ Brunch ကို မနက် ၁၀၊ ၁၁ နာရီလောက်မှာ စားလေ့ရှိပါတယ်။
ပြီးတော့ အမ်းထရူးက ဂီတာတီး၊ ဆူနမ်နဲ့ရာမားက သံပြိုင်ဆို။ ရာမားက လက်နှစ်ဖက် အတင်းဆောင့်ပြီး ကပြ။ ကိုယ်နဲ့ ဘာသာစကားမတူတော့ သူတို့နဲ့ သံပြိုင်မဆိုနိုင်။ ကိုယ်ဆိုနိုင်တာဆိုလို့ ကွတ်ချီ ကွတ်ချီ ကိုယ်တာဟဲ ဆိုတဲ့တကြောင်းနဲ့ McFly ရဲ့ It's all about you သံပြိုင်ပိုဒ်။ တခါတလေ တွေးမိတယ် သူတို့တွေသာ မြန်မာစကားပြောတဲ့ မြန်မာလေးတွေဆိုရင် သိပ်ကောင်းမှာပဲလို့။ အမ်းထရူးက Guitarist ဆူနမ်က Singer ရာမားက Dancer ၊ Perfect Band လေး ကိုယ့်မှာရှိတယ်။
ပထမဆုံးအကြိမ်အဖြစ် ၁ နာရီ မြင်းစီးကြပါတယ်။ တန်ဖိုးထဲမှာ အာမခံလည်း ပါတယ်။ မော်တင်ဘုရားပွဲမှာ ဝါးသေနတ်ကိုင် မြင်းစီးရိုက်ထားတဲ့ ၅ နှစ်သား ပြောင်စပ်စပ် မောင်မောင့်ဓာတ်ပုံလေးကို ပြေးသတိရတယ်။ မြင်းစီးဖို့လား ဝေးရော...မြင်းကန်ရင် သေတတ်လို့ အမေက မြင်းနားတောင် ကပ်ခွင့်မပေးဘူး။ ဆူနမ်က စန်းစန်း နင် ရှေ့ကစီး ငါတို့နောက်ကလိုက်မယ်တဲ့။ ကိစ္စမရှိဘူး ခြင်္သေကျွှန်းက ရိုလာကိုစတာ အပြာမှာ ရှေ့ဆုံးတန်းမှာ ယောက်ျားတွေနဲ့အပြိုင်စီး အသေအော်ခဲ့တဲ့ ငါပါကွ။ ရှေ့ဆုံးကနေ မစီးလိုက်ရပါဘူး၊ ဆူနမ် လာ တက်၊ အမ်းထရူး လာ တက်၊ ကိုယ် လာ တက်၊ ရာမာ လာ တက်နဲ့ နောက်ဆုံး ခန္ဓာကိုယ်အလေးချိန်အလိုက် သင့်တော်ရာ မြင်းတွေခေါ်ပြီး စီးခိုင်းသွားတာပဲ။
ဘယ်ကွေ့ချင်ရင် ဘယ်ကိုဆွဲ၊ ညာကွေ့ချင်ရင် ညာကိုဆွဲ၊ သွားချင်ရင် ကန် လွယ်သားပဲ။ ခရီးတောင် မစသေးဘူး ကိုယ့်မြင်းက ဘေးလမ်းကို ကွေ့သွားလို့ ဘာလုပ်ရမှန်းမသိ ပူထူသွားတာ တခြားသူတွေ အော်တာလည်း မကြား။ ဆူပါဗိုက်ဆာက လာပြီးဆွဲပြ ကစ်ပြမှ သိသွားတယ်။ ကိုယ့်မြင်းက တလမ်းလုံး ပေကပ်ကပ်၊ ရပ်ပြီးအပင်တွေစား၊ ကိုယ်က အတင်းဆွဲ ကောင်းကောင်းသွားလို့ အော်၊ နောက်က ရာမားမြင်းက ကိုယ့်မြင်းကို ကြောက်လို့ အနားမကပ်ဘူး ကိုယ့်မြင်းနဲ့သူနဲ့ကြား နေရာအတော်လေး ခွာထားပြီး ရပ်နေတတ်တယ်။ ကိုယ့်မြင်းက ချယ်စီတဲ့ အညိုရောင် အသက် ၁၀နှစ် မြင်းတို့အသက်အရွယ်အရ ငယ်သေးတယ်လို့ ဆိုတယ်။
ကိုယ့်မြင့်က ရုတ်တရပ် ရပ်သွားလို့ ဘေးကိုကန် မထိဘူးထင်ပြီး အားထည့်ကန်။ ပြီးတော့မှ သိတယ် ရှူးရှူးပေါက်တာကိုး။ ကန်ပြီးသွားပြီ မတတ်နိုင်တော့ဘူး I am so sorry ပဲ တတ်နိုင်တော့တယ်။ မြင်းက နားလည်လား မလည်လားတော့မသိ။ ကိုယ်မြင်းက ရပ်ပြီး အပင်စား ကိုယ်က အတင်းဆွဲလှည့် ရာမားမြင်းက ကိုယ့်မြင်းကို ကြောက်လို့ သူသတ်မှတ်ထားတဲ့ နေရာအဝေးမှာနေပြီး ကိုယ်မြင်း အနီးအနား လုံးဝမလာ။ ကိုယ်တို့က ရာမားမြင်းကို စောင့်။ ဆူပါဗိုက်ဆာက မြင်းစီးနေတဲ့ကိုယ်တို့ကို ဓာတ်ပုံရိုက်ပေးတယ်။ ဆင်မယဉ်သာ လမ်းလျှောက်နေတဲ့ ရာမားကို အံမယ် ရာမား နင်က လူပါ မော်ဒယ်ဂဲလ် မဟုတ်ဘူး မြင်းကပါ မော်ဒယ်ဂဲလ်။ နင်ရော ဘာထူးလဲ လူက ပေကပ်ကပ်ရုံတင်မကဘူး မြင်းကပါ ပေကပ်ကပ်။
တောလမ်းလေးတလျှောက် နေပျောက်မထိုးတဲ့ သစ်ပင်ကြားတွေမှာ ဟိုးအောက်ကားလမ်းမကြီးက ကားသံတဝီဝီ နားဆင်လို့ မြင်းက ပေကပ်ကပ်လုပ်ရင်  ဆွဲလှည့်လိုက် ရာမားမြင်းကို စောင့်လိုက် စမ်းချောင်းတွေကို ဖြတ်ကျော်လိုက် တောင်မြင့်မြင့်တွေ တက်လိုက် တောင်စောင်းတွေကို အရှိန်နဲ့ဆင်းလိုက် လေလေးတချွှန်ချွှန် သီချင်းလေး တညည်းသည်းနဲ့ ပထမဆုံး မြင်းစီးရတာ ထိတ်လန့်သလို ပျော်စရာလည်း ကောင်းသား။ ဆားဗစ်ကောင်းတာမို့ လိုလိုလားလား တစ်ဖ်ပေးကြတယ်။ တနာရီစီးတာ ပေါင်တွေကွလို့။
အမေရိကန်တွေ သဘာဝတောတောင်တွေ ထိန်းသိမ်းထားတာ အတော့်ကို ချီးမွမ်းစရာ။ တတောင်ဆင်း တတောင်တက် မြင့်မားတဲ့သစ်ပင်ကြီးတွေ မြူခိုးဝေနေတဲ့တောင်တန်းတွေကို မော်တော်ဘိုက်နဲ့ လည်ကြသူတွေကို တွေ့တယ်။ ရေတံခွန်ဆီသွားတော့ အတက်မှာ မောဟိုက်နေပေမဲ့ ရေတံခွန်ကို မြင်လိုက်ရတာနဲ့ မောပန်းတာတွေ ပျောက်သွားလောက်အောင် ရေတံခွန်လေးက လှပတယ်။ နာမည်တော့ မမှတ်မိဘူး။
နေ့လည်စာကို တောနက်ထဲက မြို့သေးသေးလေးပေမဲ့ စည်ကားလွန်းတဲ့ Gatlinburg မြို့က မက်ဆီကန် စားသောက်ဆိုင်မှာ စားကြတယ်။ တောင်ထိအထိ ကေဘယ်ကားလို တရွေ့ရွေ့တက်နေတဲ့ ထိုင်ခုံကားကို ကိုယ်က တက်ချင်တာဆိုတော့ မေရီလန်းကို ၈ နာရီမောင်းရမှာ ခုနေတောက်လျှောက် မောင်းရင်တောင် မနက် ၁ နာရီမှ ရောက်မှာ အဲဒီဟာစီးရင် ၂ နာရီလောက် ကြာမှာ စီးနဲ့နော်။
ကားလမ်းဘေး လူလုပ်ရေတံခွန်လေးက ရေတွေဖြာဆင်းနေတော့
ဆူနမ် း Wow !
စန်းစန် း It is not wow !
ဆူနမ် း For me, it is wow.
အမ်းထရူး၊ ရာမား း ဟား...ဟား...
တိုက်အမြင့်ကြီးကို ကင်းကောင် ဖက်တွယ်နေသဏ္ဌန် ဆောက်ထားတော့ Wow ၊ တိုက်ကားတွေ၊ ရိုလာကိုစတာတွေ့တော့ အချိန်မရှိတော့လို့ကွာ... အချိန်များရှိလို့ကတော့လား... နာသကွာနဲ့ ဆူနမ်တို့က ညည်းညူကြတယ်။ အသက် ၃၀ ပေမဲ့ တိုက်ကားစီးချင်၊ ရိုလာကိုစတာစီးချင်ကြတဲ့ ဆူနမ်တို့ကို ကိုယ်က ကလေးတွေလို့ ဆိုပေမဲ့  အဲဒီ ကလေးတွေက ကိုယ့်ကို ပြန်စောင့်ရှောက်နေရတယ်။ လမ်းတလျှောက် သူတို့တွေက စကားတပြောပြော ကိုယ်ကလည်း တလမ်းလုံး အိပ်လာလိုက်တာ မနက် ၂ နာရီ အိမ်ရောက်တော့မှ နိုးတော့တယ်။
လေဘာဒေးနောက်နေ့ကို vacation leave ယူထားတာ ပရောဂျက်မန်နေဂျာ ကင်ဟန်ဒါဆန်က Work from home လို့ပြောင်းပေးပြီး vacation leave ကို သိမ်းထားတဲ့။ ကိုယ့်ကွန်ပျူတာက မတ်ဘွတ်မို့လို့ ရုံးကဆာဗာကို မချိတ်နိုင်တော့ ကိုယ်က work from home လို့ မရဘူး။ ဆူနမ်က သူ့ပုံတွေကို ဘလော့မှာတင်တာ မကြိkက်ဘူး။ သူ့နာမည်ကို ဂူဂယ်မှာ ရိုက်ထည့်လိုက်တာ ကိုယ့်ဘလော့ကြီး တက်လာပြီး ကိုယ့်ပုံကနည်းနည်း သူ့ပုံတွေများများ တင်လို့တဲ့ (အဲဒီတော့ ကိုယ့်ပုံတွေ များများတင်မယ်နော်) ။ ခရစ်ဒစ်ကဒ်ဓာတ်ပုံကို အိတ်မှောက်တဲ့ပို့စ်မှာ တွေ့လိုက်ရတော့ သူရှော့ခ်ဖြစ်သွားတဲ့ တင်စရာလားတဲ့။ ကိုယ့်ပုံပဲပါတဲ့ဓာတ်ပုံတွေပဲ ရွေးပေးတယ်။ အားလုံးပေးပါဟယ် နင့်ပုံတွေ မတင်ဘူးဆိုတော့ ယုံဘူးတဲ့။
သူမပေးတဲ့ သူတို့ပုံတွေက ကိုယ်ကလဲ ဘယ်ရမလဲ သူတို့ဖေ့ဘွတ်ကနေ ဒေါင်းပြီးတင်တယ်။ သူတို့မပါတဲ့ပုံတွေဆိုတာကလည်း မရှိသလောက် ( ကိုယ့်လို ဒီစီကို ကိုယ်တယောက်တည်း သွားလည်မှပဲ ရိုက်ပေးမဲ့သူမရှိလို့ ရှုခင်းပုံတွေ၊ အဆောက်အဦးပုံတွေ၊ ပန်းပုံတွေ ဘယ်သူမှမပါတဲ့ပုံတွေ ရမယ်)၊ ကိုယ်တို့အပျော်တွေကို ဓာတ်ပုံကနေ စာလာဖတ်သူတွေ ပျော်သွားရအောင် တင်တာပါ ဆူနမ်ရယ်။ ဒီပို့စ်ကို ဆူနမ်မြင်ရင် ကိုယ့်ကို ဘယ်လိုပြောဦးမလဲမသိ။ နင့်ကိုမယုံတာ အဲဒါကြောင့်လို့ ပြောမလား၊ နင့်ပုံမတင်ဘဲ ငါ့ပုံ ဘာလို့တင်တာလဲ ပြောမလား၊ ဘာလို့ဒါတွေ လျှောက်ရေးနေတာလဲ Privacy မရှိဘူးလို့ ပြောမလား။ ဘာပဲဖြစ်ဖြစ်
Smoky coffee, smoky corn & smoky BBQ
Smoky day at Great Smoky Mountains.
ဂရိတ်စမုတ်ကီတောင်တန်းများဆီမှ စမုတ်ကီခဲ့သော နေ့လေးတရက် အမှတ်တရ
စန်းထွန်း
စက်တင်ဘာ ၂၃၊ ၂၀၁၃။
P.S : Sunam does not like to put her photos on my blog. But we usually take the group photo and my photos are few. Sorry about that, Sunam. My apologizes.
8 comments:
မီးမီးးငယ် said...
မလေး said...
ဘုန်းဘုန်းတောက် said...
Anonymous said...
တိမ်ပြာ(မနောမြေ)
မေဓာဝီ said...
Anonymous said...
စံပယ်ချို said...
San San Htun said...
မီးမီးးငယ် said...
ပျော်စရာကြီးစန်းထွန်းလေးရာ...ဘာသာမတူလူမျိုးမတူလည်းစိတ်တူတွေမို့တကဲ့သူငယ်ချင်းကောင်းတွေပါဘဲ..ဒီလိုသူငယ်ချင်းတွေနဲ့လည်လည်ထွက်ရတာ..ဘဝရဲ့ပျော်ရွှင်မျု့တခုပါ..အလုပ်လည်းလုပ်နားချိန်မှာစိတ်လွှတ်ကိုယ်လွတ်ပေးလိုက်..ကောင်းတယ်..မရောက်ဖူးတဲ့ဓေသတွေရောက်ဖူးသွားပြီ..ကျေးဇူးဘဲ...(လေးထောင့်ကွက်တွေကိုမှန်းပြီးစာရိုက်ရတာနဲနဲမှားရင်သီးခံပါ)
October 12, 2013 at 5:21 PM
မလေး said...
ညီမစန်းထွန်းရေ သူငယ်ချင်းတွေနဲ့လျှောက်လည်ကျတာပျော်စရာကြီးနော်။ မရောက်ဘူးတဲ့ဒေသတွေကို ကိုယ်တိုင်ရောက်နေရသလိုပဲ။ ပျော်ရွှင်မှု့တွေယူသွားပါတယ်။ချစ်ခင်တဲ့မလေးမြတ်
October 12, 2013 at 5:23 PM
ဘုန်းဘုန်းတောက် said...
စန်းထွန်းရေ မီးမီးငယ်ပေးတဲ့ကော်မန့်လေးကို အရမ်းသဘောကျတယ်။ ဘုန်းတောက်လည်း အဲဒီအတိုင်းလေးပဲ ပြောချင်ပါတယ်။ ဟုတ်ပါ့ ဘာသာမတူ၊ လူမျိုးမတူလည်း စိတ်တူတွေမို့ အဖိုးတန်တဲ့သူငယ်ချင်းတွေပါပဲ...ချမ်းမြေ့ပါစေ...
October 12, 2013 at 5:25 PM
Anonymous said...
အဲလို ခရီးထွက်ကြမ်းတဲ့သူတွေနဲ့ အတူတူတစ်မြို့ထဲ နေချင်တယ်၊၊ ပျော်စရာကြီးဗျာ၊၊
တိမ်ပြာ(မနောမြေ)
October 12, 2013 at 5:26 PM
မေဓာဝီ said...
ပျော်စရာကြီး စန်းထွန်းလေးရေ ... မမေလဲ ကမ့်ပင်း ထွက်ချင်တာ အဲဒီ အတွေ့အကြုံ မရှိဖူးသေးဘူး။စန်းထွန်းရဲ့ အတွေ့အကြုံလေးကို မျှဝေခံစားခွင့်ရတာ ပျော်စရာ စိတ်ဝင်စားစရာ ... ။
October 12, 2013 at 5:28 PM
Anonymous said...
အပျော်လေးတွေကူးစက်သွားတယ်စန်းထွန်းရေ။ပုံလေးတွေကလည်းလှလိုက်တာ။သွားနိုင်သရွေ့သွားသာသွားစန်းထွန်းလေးရေ။မမအိုင်အိုရာတို့ခုဆိုတောင်မပြောနဲ့ကမူတောင်မတက်ချင်တော့ဘူး။ း)အိုင်အိုရာ
October 12, 2013 at 5:30 PM
စံပယ်ချို said...
စန်းထွန်းရေ ......မဂျက်တို့နားက တရုတ်ဘူဖေးကအရမ်းကောင်းတယ် ....နီးရင်ခေါ်စားတယ် ဝေးလွန်းတော့လဲ ခေါ်မည့်သူကအားနာလို့ပါ.....နီးရင်လဲမဂျက်ကိုယ်တိုင်စန်းထွန်းဆီကိုလာခဲ့မိမှာတော့အသေချာဆုံးပဲ.....
October 12, 2013 at 5:32 PM