ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၃

ကျောင်းက ကြီးလေးကြီးမှာ ပါဝင်တာက တရုတ်ကျောင်းသားတွေပါ။ တရုတ်ကျောင်းသားတွေရဲ ့ ထူးခြားချက်က အင်္ကျီတထည်ကို တပတ်လုံးလုံး ဝတ်တာပါ။ NUS မှာတုန်းကလည်း တရုတ်ကျောင်းသားတွေက ဝတ်စုံတစုံကို ၃ရက်အတိ ဝတ်တတ်ပါတယ်။ အုပ်စုထဲက Zhao Yan ဆိုတဲ့ တရုတ်မလေးဆို အင်္ကျီအဖြူက အမည်းဖြစ်အောင် ဝတ်တာပါ။ နေ့စဉ် အင်္ကျီလဲတဲ့ တရုတ်ဆိုတာ ရှားမှရှား။ တရုတ်ပြည်မှာ အေးလို့ ချွှေးမထွက်ပေမဲ့ စလုံးလို ပူတဲ့ နေရာမှာ စဉ်းစားတာ ကြည့်တော့။ သူတို့ဆီက အနံ့တမျိုးရတယ်။


အိအိ၊ ဘ၊ ကောင်းကောင်းတို့ အုပ်စုထဲက ဝမ်းမင်ဆို တက္ကသိုလ်တက်နေစဉ် တလျှောက်လုံး အင်္ကျီ၂ထည်၊ ဘောင်းဘီ ၂ထည်ပဲ ရှိတာတဲ့။ အင်္ကျီတွေကတော့ ဈေးကြီးတဲ့ အားကစားဝတ်စုံတွေ။ သူ တက္ကသိုလ်တက်တုန်းက ဓာတ်ပုံတွေ ကြည့်ရင် ၂ထည်တည်းသော အင်္ကျီဝတ်တဲ့ မစ္စတာ ဒါဝတ် အဲလေ ဝမ်းမင်ကို တွေ့ရပါတယ်။


အခု အဆောင်မှာလည်း တရုတ်မတွေရှိတဲ့ နေရာနားက သန့်စင်ခန်းဆို ညစ်ပတ်ပါတယ်။ ရေဆွဲမချတာ၊ ညစ်ပတ်လို့ အဆောင်မှုးတွေက အမြဲ သတိပေးတာ ခံရတာပါ။ တရုတ်မတွေလည်း ကျောင်းက ထွက်သွားတော့ သန့်စင်ခန်းလည်း သန့်ရှင်းလို့။ တရုတ်မတွေရဲ့အခန်းက ရှုပ်ပွနေလေ့ ရှိပါတယ်။ ဆူနမ့်အခန်းက တို့အုပ်စုထဲမှာ အပွဆုံး။ ယန်းဇီအခန်းကို မြင်တော့မှ ဆူနမ့် အခန်းက တော်သေးတယ်။ ကျောင်းကို ရောက်တာ ၅လပဲ ရှိသေးတဲ့ ယန်းဇီက ကျောင်းမှာ ၈လ နေပြီးတဲ့ တို့တွေထက် ပစ္စည်းတွေ များပြီး ခြေချစရာ နေရာမရှိအောင် ပွနေတာပါ။ ကြွက်သိုက်လို့ တို့တွေက အတင်းဆိုလေ့ရှိပါတယ်။ မီးဖိုချောင်ဆိုရင်လည်း တရုတ်မတွေ ချက်ပြီးရင် ဘယ်တော့မှ  သန့်ရှင်းလေး လုပ်လေ့မရှိပါဘူး။

လူဦးရေ နည်းပါးတဲ့ ပြည်နယ်မှာတော့ ကလေးတယောက်ထက် ပိုယူခွင့် ရှိပေမဲ့ တမိသားစု  ကလေးတယောက်ပဲ ယူရတဲ့ စနစ်ကြောင့် တရုတ်တွေက တဦးတည်းသော သားသမီးတွေပါ။ နောက်ထပ် ကလေးတယောက် ယူမယ်ဆိုရင် အစိုးရကို ပိုက်ဆံအများကြီး ပေးရတာတဲ့။ တရုတ်မတွေ အများကြီး တယောက်လောက် ချိတ်လို့ ကျားချန်ကို တို့တွေက အကြံပေးပါတယ်။ ကျားချန်က ဘယ်လို ပြန်ပြောလဲဆိုတော့ ထမင်းစားဆောင်မှာ တရုတ်တွေ အတူစုထိုင်ကြရင်တောင် တရုတ်မတွေက သူတို့ကို စကားတောင် ဟဟ မပြောဘူးတဲ့။ တနိုင်ငံတည်းက မဟုတ်တဲ့အလား။ ဘိုတွေကိုမှ ချိတ်ချင်တာတဲ့။

သူပြောမှ တို့တွေ သတိထားကြည့်တော့ လားလား အမှန်ပဲဗျို့။ ဘိုတွေကို ချိတ်ထားတာက တရုတ်မတွေ။ ဂရင်းကဒ်ရအောင် ဒီနေ့ကစပြီး တရုတ်မတွေလို ဘိုတွေကိုပဲ ချိတ်တော့မယ်လို့ တို့တွေက နောက်လေ့ရှိပါတယ်။ တရုတ်နိုင်ငံသားကနေ တခြားနိုင်ငံသား ခံယူလိုက်ရင် တရုတ်ပြည်ကို ပြန်လို့ မရတော့ပါဘူးတဲ့။ ဖိလစ်ပိုင်တွေကတော့ တခြားနိုင်ငံသား ခံယူထားတာတောင် ပတ်စ်ပို့မရှိလည်း ဖိလစ်ပိုင်နိုင်ငံသားလို့ အစိုးရက ယူဆပြီး ကြိုက်တဲ့အချိန် ပြန်လို့ ရပါတယ်။ တခြားနိုင်ငံသား ခံယူလိုက်ရင်တောင် ကိုယ့်တိုင်းပြည်ကို မချစ်တဲ့သူလို့ မရှိပါဘူး။ ဘဝတက်လမ်းအတွက် နိုင်ငံခြားမှာ နေရင်း နိုင်ငံသား ခံယူလိုက်ကြပေမဲ့ အသက်ကြီးလာရင် ကိုယ့်မြေ ကိုယ်ရေမှာ နေချင်ကြသူချည်းပါပဲ။

ယန်းဇီက CS (Computer Science) က ဆိုရင် MBA က တရုတ်မတွေနဲ့ မိတ်ဆွေမဖွဲ့ပါဘူး။ CS အချင်းချင်းပဲ မိတ်ဖွဲ့လေ့ ရှိပါသတဲ့။ ရာမား ရယ်သံနဲ့ နှိပ်စက်လို့ အခန်းပြောင်းပြေးရတဲ့ အီရန်မ နစ်ကူးဆို စန်းထွန်းကို မိတ်မဖွဲ့ဘူး။ စန်းထွန်းက ရာမား၊ ဆူနမ်တို့အုပ်စုထဲကကိုး။

တက္ကသိုလ်အများစုက ဆရာဖြစ်အောင် ထရိန်းပေမဲ့ ‌ရှောင်ပိုင်တက်ခဲ့တဲ့ HuBei Normal University ကတော့ ဆရာမဖြစ် မထရိန်းပါဘူး။ Normal University တွေက အမေရိကန်သာသနာပြုတွေ တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တွေ ဖြစ်လို့ပါတဲ့။ သင်ရိုးညွှန်းတမ်းတွေအားလုံးက တရုတ်စာတွေမို့လို့ တရုတ်တွေက အင်္ဂလိပ်စာ အားနည်းပါတယ်။ ကျောင်းကောင်းကောင်းတက်ခဲ့တဲ့ သူတွေသာ အီးကောင်းတာပါ။

ရွှေမြန်မာတွေကတော့ ချိန်းလိုက်ရင် မြန်မာစံတော်ချိန်အတိုင်း နာရီဝက်၊ တနာရီလောက် နောက်ကျတတ်ပေမဲ့ အချိန်တိကျတဲ့ တရုတ်တွေကတော့ ၁၅ မိနစ်လောက် စောရောက်နေလေ့ရှိပါတယ်။ ကိုစိုင်းက စန်းထွန်းတို့တွေကို တကယ်ရောက်မဲ့ အချိန်ပဲချိန်းလို့ ဆူလေ့ရှိပါတယ်။ ကွန်မြူနစ်ကြောင့် တရုတ်တွေက ဘာသာမဲ့တွေပါ။ ဘာကိုမှ မယုံဘဲ သိပ္ပံပညာ၊ ပိုက်ဆံကိုသာ ယုံတာတဲ့။ ဘုံကျောင်းသွားပြီး ဘာရရင် ဘာပြန်လှုမယ်ဆိုပြီး ပူဇော်ပသပါတယ်။

တိုးတက်နေတယ်ဆိုပေမဲ့ လူဦးရေကများ အလုပ်အကိုင်က ရှားပါးနေသေးတော့ အလုပ်တခုရဖို့ ခက်သလို ရရင်လည်း အလုပ်မပြောင်းတော့ဘူးတဲ့။  နာမည်ကြီးတက္ကသိုလ်ကျောင်းဆင်းတွေကတော့ အလုပ်ကောင်းကောင်းရလေ့ ရှိပါတယ်။ အထက်တန်းအောင်မပြောနဲ့ ဘွဲ့ရတွေတောင် အလုပ်ရဖို့ ခက်တာပါ။ နေထိုင်စရိတ်ကြီးမြှင့်တဲ့ တရုတ်ပြည်မှာ လစာက ၁၀၀၀ လောက်ရရင် ၈၀၀ လောက်က စားစရိတ်၊ လမ်းစရိတ်ကုန်တာတဲ့။ နေစရိတ်မပါသေးဘူး။ လစာက ထမင်းနပ်မှန်အောင် စားရုံပါပဲ။ တခြားအပိုသုံးဖို့ မရှိပါဘူးတဲ့။ ဒါကြောင့် နိုင်ငံခြားထွက်ဖို့ ကြိုးစားကြသူချည်းပါပဲ။ ကိုယ့်နိုင်ငံမှာ အဆင်ပြေရင် ဘယ်သူက နိုင်ငံခြားထွက်ချင်မလဲနော်။ နိုင်ငံခြားမှာ အလုပ်လုပ်ရတာ ပင်ပန်းပါဘိ။ ဖူ့ကျန်န့်ပြည်နယ်က တရုတ်တွေ သြဇီကို တရားမဝင်နည်းနဲ့ ခိုးဝင်ကြလွန်းလို့ သြဇီဗီဇာလျှောက်လို့ ဖူ့ကျန့်ပြည်နယ်ကဆိုရင် ဗီဇာပယ်ပါသတဲ့။

တန်ခိုးထွားလာတဲ့ တရုတ်က နောက်အနှစ်၃၀ဆိုရင် အမေရိကန်နေရာကို ယူမယ်လို့ လီကွမ်ယုက ပြောထားပေမဲ့ တရုတ်မှာလည်း ပြသနာတွေပေါင်းစုံ။ မြို့ကြီးတွေကတော့ တိုးတက်လာပေမဲ့ ကျေးလက်ကတော့ မွဲတေဆဲ။ မြို့ပြနဲ့ ကျေးလက် ကွာခြားချက် နည်းသွားမှ တကယ်တိုးတက်တာပါ။ ဟောင်ကောင်လေက မသန့်ဘူးလို့ ယန်းဇီကို ပြောတော့ ယန်းဇီက တရုတ်ပြည်မကြီးမှာဆို လေက ဟောင်ကောင်ထက် ဆိုးတယ်တဲ့။ ၁၉၉၇ မှ အင်္ဂလိပ်က ဟောင်ကောင်ကို တရုတ်ဆီလွဲပေးခဲ့တာဆိုတော့ အင်္ဂလိပ်ဥပဒေက ဟောင်ကောင်မှာ အခြေတည်နေပါပြီ။ စက်ရုံတွေကလည်း ဥပဒေအတိုင်း လေထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လွှတ်တာပါ။ တရုတ်ပြည်မကြီးမှာတော့ အစိုးရနဲ့ ပနာရရင် ထင်တိုင်းကျဲခွင့် ရှိတာကိုး။

တရုတ်ပြည်မှာ Facebook မရှိပါဘူး။ Tiananmen Square မှာ ၁၉၈၉က  နာမည်ကြီး ဘေဂျင်းတက္ကသိုလ်က တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ကာ ဒီမိုကရေစီ တော်လှန်ရေးတရပ် ဆင်နွှဲခဲ့ပေမဲ့ အစိုးရက ရက်ရက်စက်စက် နိမ်နင်းခဲ့တာပါ။ တရုတ်ကျောင်းသားတွေကို အဲဒီအကြောင်းမေးလိုက်ရင် ကြားသာ ကြားဖူးပြီး မသိဘူးတဲ့ဗျား။ အင်တာနက်မှာ ရှာလို့မရအောင် ဘမ်းထားတာတဲ့။ ၂၀၁၀ နိုဘယ်ငြိမ်းချမ်းရေးဆုပိုင်ရှင် ထောင်ဒဏ် ၁၃နှစ် ကျခံနေရတဲ့ Liu Xiaobo  အကြောင်းကိုလည်း အင်တာနက်မှာ ရှာလို့မရအောင် ဘမ်းပါတယ်။ ခုလည်း The Lady ကို တရုတ်ပြည်မှာ ပြသခွင့် ပိတ်ထားပါတယ်။



စူးကျိုး၊ ကွမ်ကျိုး၊ ရှန်ဟိုင်း၊ Shenzen ဖက်ကို အလည်သွားတဲ့ ရုံးက မလေးတရုတ်မ ထိန်ထိန် ပြန်လာတော့ ဒီလို ဖောက်သည်ချပါတယ်။ ရှန်ဟိုင်း Expo မှာ ကလေးရှူးရှူးပေါက်ချင်တာကို လမ်းဘေးမှာ တည်နေတာတဲ့။ သန့်စင်ခန်း နီးနီးလေးကို။ အိမ်သာတွေကလည်း ညစ်ပတ်လို့တဲ့။ လွန်ခဲ့သော ၅နှစ်တုန်းက သန့်စင်ခန်းတွေမှာ တံခါးမရှိဘူးတဲ့။ အိမ်သာသွားရင် ထီးလေး ယူသွားရသတဲ့။ ခုတော့ အများကြီး တိုးတက်လာတာ။ အအေးထက် ဘီယာတို့၊ အရက်တို့က ဈေးပေါတော့ အရက်ကြိုက်ကြသတဲ့။ ဈေးမေးပြီး မဝယ်ရင် မျက်နှာထားတင်းလို့ နောင်များဆို တရုတ်ပြည်ခရီးဆို တာ့တာပါတဲ့။

နို့မှုန့်အတုကြာင့် ကလေးတွေ သေတဲ့အကြောင်းမေးတော့ လူမဆန်တဲ့ စီးပွားရေးသမားတွေကြောင့်တဲ့။ ပိုက်ဆံပေးလိုက်ရင် အားလုံးငြိမ်းသွားတာပဲတဲ့။ အိမ်မှာ သောက်နေတဲ့ Sun Flower ရေသန့်က မြန်မာ့အမှောင်ရဲ့ သောက်သုံးရန် မသင့်တဲ့ ရေသန့်စာရင်းထဲ ပါလာပါတယ်။ နောက်တပတ် ရေသန့်လာပို့ချိန် မေးလိုက်တော့ ပိုက်ဆံပေးလို့ အားလုံးအိုကေသွားပြီတဲ့။ ကြက်ဥအတုကတော့ တကယ်မဟုတ်ပါဘူးတဲ့။ တရုတ်တွေက နို့မှုန့်တို့၊ နို့တွေဆိုရင် နိုင်ငံခြားက တင်သွင်းတာပဲ အားပေးကြသတဲ့။ Made in China ဆို ဝှောင်ဝှောင်ရှေးကြသတဲ့။

တရုတ်ပြည်မှာ လူတိုင်းနီးပါး ဆရာဝန် ဖြစ်နိုင်ပါတယ်။ ၃လလောက် သင်တန်းတက်လိုက်ရုံနဲ့ ဆရာရမ်းကု ဖြစ်ပြီကိုး။ စီးပွားရေးတရှိန်ထိုး တိုးတက်လာတော့ ဈေးကွက်လိုအပ်ချက်အရ လေယာဉ်မောင် လိုအပ်ချက် များလာပါတယ်။ တလောက တရုတ်ပြည်တွင်းခရီးစဉ် လေယာဉ်တစီး ပျက်ကျသွားတာ ရာသီဥတုဆိုးလို့၊ လေယာဉ်စက်ချို့ယွင်းလို့ မဟုတ်ဘဲ အရည်အသွေးမပြည့်ဝတဲ့ လေယာဉ်မှုးကြောင့်ပါတဲ့။ စစ်ဆေးကြည့်တော့ စီဗွီက အတုဖြစ်နေမှန်း သိလာပါတယ်။

တယောက်ယောက် ပြသနာကြုံရင်လည်း ကူညီဖို့ ဝေးဝေးရှောင်ကြသတဲ့။ မျက်မြင်သက်သေဆို စစ်မေးလို့ မဆုံး၊ အခန့်မသင့်ရင် ဆွဲစိခံရနိုင်လို့တဲ့။ အခုတလော FaceBook မှာ ၂နှစ်အရွယ်ကလေးလေးကို ကားတစီးက တိုက်၊ လမ်းသွားလမ်းလာတဲ့သူတွေကလည်း အရေးမစိုက်တဲ့အပြင် နောက်ကားတစီးက တိုက်သွားပြန်တဲ့ ဗီဒီယို ပြန့်နေပါတယ်။ အားလုံး အုတ်အော်သောင်းနင်းဖြစ်ပြီး ရက်စက်လိုက်တာ၊ လူမဆန်လိုက်တာတို့ ဝေဖန်နေပါတယ်။



ယန်းဇီကို မေးတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်က တရုတ်ပြည်မှာ အရမ်းနာမည်ကြီးတဲ့ ကိစ္စတခု ဖြစ်သွားခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ ချော်လဲနေတဲ့ အဘိုးကြီးကို အကူအညီပေးမိတဲ့ တက္ကသိုလ်ကျောင်းသားခမျာ အဘိုးကြီးက ပြန်တရားစွဲလို့ လျော်ကြေးတွေ အများကြီး ပေးလိုက်ရသတဲ့။ ဒီကတည်းက ဒုက္ခရောက်နေရင် ကူညီဖို့ တွန့်ပြီး ဘာမှမဆိုင်ဆိုပြီး နေဖို့ကြိုးစားကြသတဲ့။

ကောင်းမွန်တဲ့ တရားဥပဒေဆိုတာ  လူ့ကျင့်ဝတ်တွေကို  မဖြစ်မနေဆောင်ရွက်အောင် တွန်းအားပေးရမဲ့အစား မှားယွင်းတဲ့ တရားသူကြီး ဆုံးဖြတ်ချက်ကြောင့် လူတွေ ကူညီဖို့ တွန့်သွားတာ၊ နိုင်ငံခြားသားတွေ အမြင်မှာတော့ ရက်စက်လိုက်တာလို့ တွေးပေမဲ့ တရုတ်တွေက ကူညီမိရင် ဒုက္ခရောက်မှာလို့ တွေးတဲ့အခါ။ စနစ်ကြီးကို အဆိုးဆိုရမလား၊ ရိုင်းပင်းကူညီစိတ် ကင်းမဲ့တဲ့ သူတွေကို အပြစ်ဆိုရမလား။

ကျောင်းမှာ Distributed Computing( Web Application Architecture) သင်တဲ့ ဆရာ Najeeb က အီရတ်ကပါ။ တနေ့တော့ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေတဲ့ Yanzi က ဒီလို ပြောပါတယ်။
Najeeb။  ။ Why are you so tired?
Yanzi ။ ။ Because I am in period.
Najeeb။ ။ Ohhhh Ok Ok Go.

မိန်းကလေးဆို နှုတ်ဆက်ဖို့ မပြောနဲ့ စေ့စေ့တောင် မကြည့်၊ ကျောင်းတက်တဲ့ ကာလတလျှောက် အပေါင်းအသင်း မလုပ်၊ ယောကျ်ား မိန်းမ ခွဲခြားမူ ပြင်းထန်တဲ့အရှေ့အလယ်ပိုင်းက အာရပ်တွေပါ။ ကျောင်းပြီးခါနီးတော့ နှုတ်ဆက်ပါတယ်။ ဟယ်လိုတဲ့ မျက်နှာကို မကြည့်၊ မျက်စိလွှဲရင်း နှုတ်ဆက်တာ။ ဒီလို အာရပ်ကို ရာသီလာတဲ့အကြောင်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း သွားပြောတော့ မပြောသင့်တဲ့အရာလို့ တွေးတဲ့ ( ဗီယက်နမ်၊ နီပေါ၊ မြန်မာ)  မိုင်း၊ ဆူနမ်၊ ရာမားနဲ့ စန်းထွန်း လေးယောက်သား မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ကြတာ။ အာရပ် ယဉ်ကျေးမှုအရ မပြောအပ်ဘူးလို့ အတော် ရှင်းပြရလိုက်ရတယ်။ နောက်ဆို ဆရာ နာဂျစ်လည်း ယန်းဇီကို Why are you so tired လို့ မေးရဲတော့မှာ မဟုတ်ဘူး။ အတော်ပွင့်လင်းတဲ့ တရုတ်မ။


ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ရဲ. မိတ်ဆွေ ဂျာမန်မဟာ ဘုရားတရား ကြည်ညိုလွန်:လို့ ဘယ်ခရီးသွားသွား ဘုရားဆင်းတုတော်ကို သယ်သွားတယ်။ တနေ့တော. ဂျာမန်မ ဘုရားဆင်းတု သိမ်:ဆည်:နေတာ မြင်ရတော. ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ခမျာ မျက်လုံးပြူ:သွားပြီ: ရင်ဘတ်ကို လက်ကလေးနဲ. အသာဖိလိုက်ရတယ်။ အပေါ်အတွင်းခံလေးနဲ. ဘုရားဆင်းတုတော်ကို ထုပ်ပိုးနေတာလေ။ မေးကြည့်တော. ဘုရားဆင်းတုတော်ဆိုတာ မသန့်တာနဲ. မထုပ်ရဘူး ဆိုလို့ သူ့မှာ ရှိတယ်.အထဲက အသန့်ဆုံး၊ အနူးညံ့ဆုံးနဲ. ထုပ်နေတာတဲ.လေ။ ဟုတ်တော.လည်: ဟုတ်သား သူ့အတွင်းခံက ပိုးသားဆိုတော. နူးညံ.တယ်လေ။ ဆရာမကြီ:က အတွင်းခံနဲ. မထုပ်ရတယ်.အကြောင်း သေသေချာချာ ရှင်းပြတော.မှ ဂျာမန်မက ပြန်ပြောရှာတယ်။ "It is culture chock." တဲ.။

အစိုးရကို မကြိုက်ပေမဲ့ နိုင်ငံကို ချစ်ကြတဲ့ တရုတ်တွေပါ။

စန်းထွန်း
အောက်တိုဘာ ၂၈၊ ၂၀၁၁။

ဝေးသွားတဲ့အခါ...

မိုင်း၊ ဆူနမ်နဲ့ ရာမားတို့က ကျောင်းကို တနေ့တည်း ရောက်လာကြပြီး ကျောင်းကနေ ထွက်ခွာတော့လည်း တနေ့တည်း ထွက်ခွာသွားကြပါတယ်။ သူတို့ထက် ၃ရက် နောက်ကျပြီးမှ ရောက်လာတဲ့ စန်းထွန်းကတော့ စာမေးပွဲမှာ အမှတ်နည်းသွားလို့သူတို့ထက် ၃လ နောက်ကျပြီးမှ ကျောင်းကနေ ခွာရမှာပါ။ မိုင်းကတော့ သူကျောင်းကိုလာတဲ့နေ့က ဝတ်လာတဲ့အင်္ကျီကို ကျောင်းကနေ ထွက်ခွာတဲ့အချိန်မှာ မရည်ရွယ်ဘဲ ဝတ်ထားမိတယ်တဲ့။

စီနီယာတွေ ရှိတုန်းကတော့ မိုင်းကလည်း သူ့ဗီယက်နမ်စီနီယာနား၊ ဆူနမ်တို့ကလည်း သူတို့စီနီယာ အက်စမီတာနဲ့ကပ်နေတာပေါ့။ စီနီယာတွေလည်း ကျောင်းက ခွာတော့ ကပ်စရာလူမရှိတော့ လေးကောင်သား ကပ်ကြတာပေါ့။ အမြဲ ရထားကြီးလို တတွဲတွဲ။ မိုင်းနဲ့ ဆူနမ်က အခန်းကပ်လျက်၊ သူတို့နဲ့ မျက်နှာချင်းဆိုင်က စန်းထွန်းနဲ့ ရာမား။ မိုင်းအခန်းဆီသွားပြီး တံခါးခေါက်စရာမလိုပါဘူး။ ဆူနမ်က သူ့အခန်းထဲကနေ မိုင်းလို့ လှမ်းအော်လိုက်ရုံပါ။

မော်ဒန်အလားပိန်တဲ့ ဗီယက်နမ်မလေး မိုင်းကို Chopsticks လို့ နာမည်ပြောင်ပေးထားပါတယ်။ သူ့ခြေတံလေးက Chopsticks နဲ့တူလို့။ ပန်းရောင်ကြိုက်တာများ အကုန်လုံး ပန်းရောင်။ တခါတလေ သူ့အတွင်းခံ ဘောင်းဘီကပါ ပန်းရောင်ဆိုတဲ့အကြောင်း ပြမယ်ဆိုလို့ အားလုံးက No ရတယ်။ သူရတဲ့ အင်္ဂလိပ်သီချင်း တကြောင်း၊ နှစ်ကြောင်းကို ထပ်ခါထပ်ခါ ဆိုပြီး အသံနဲ့ နှိပ်စက်တတ်သူပါ။ Beyonce ရဲ့ I am single lady. I am single lady အစား I am pink lady. I am pink lady လို့ ဆိုတတ်သူပါ။

သူ့အင်္ဂလိပ်စာကိုတော့ အမေရိကန်တွေကလွဲရင် တို့တွေအားလုံးက နားလည်ပါတယ်။ မလေးရှား HP မှာ အလုပ်လုပ်ခဲ့ပြီး ကယ်လီဖိုးနီးယားက ကုမ္ပဏီအခွဲကို ပို့ပါတယ်။ Recession ဖြစ်တော့ ပြန်လာရတယ်။ အလုပ်အရမ်းလုပ်ရတဲ့ ဗီယက်နမ်တွေပါ။ ကွန်ပျူတာနဲ့ ပတ်သက်ရင် သူမသိတာ ဘာမှမရှိလို့ မိုင်းကပဲ အားလုံးကို စာရှင်းပြရတာပါ။ စိတ်ရင်းကောင်းတာမို့ လူချစ်လူခင်များပါတယ်။ အဲ သူမကြိုက်တဲ့သူဆိုရင်တော့ စကားတောင် ဟဟ မပြောဘူးဗျား။

အွန်လိုင်းမှာ အမြဲ  Invisible နဲ့ နေပြီး ဖုန်းကလည်း သူ့ဘဲဘဲနဲ့ တချိန်လုံး ပြောနေတတ်သူမို့ အမြဲ Inavailable ။ Invisible and Inavailable မိုင်းလို့ ခေါ်လေ့ရှိပါတယ်။ အချက်အပြ ုတ် မကွျှမ်းတဲ့သူမို့ အမြဲ ရေလုံပြုတ်။ လူပိန်သလောက် အစားကတော့ တို့တွေထက် စားနိုင်ပါတယ်။ ဗီယက်နမ်တွေ အစားသောင်းကျန်းပုံအကြောင်း Yummy ! ဆိုပြီး ပို့စ်ရေးဖူးပါတယ်။ လူက ပိန်ညောင်နေတော့ ရာသီဥတု နည်းနည်းအေးရင်ဖြင့် သွေးအားနည်းကာ ချောင်းတဟွပ်ဟွပ် ဆိုးနေတတ်ပါတယ်။

ဗီယက်နမ်မှာ ဆိုင်ကယ်မောင်းခဲ့တဲ့ မိုင်းက အုပ်စုထဲမှာ ကားမောင်းလိုင်စင် အရင်ဆုံး ရပါတယ်။ နောက်တော့ ဆူနမ်နဲ့ ရာမားကို သင်ပေးတယ်။ ဆူနမ်နဲ့ ရာမား လိုင်စင်ရတော့ ဆူနမ်က စန်းထွန်းကို သင်ပေးတယ်။ လူပိန်ပေမဲ့ အသံကတော့ မပိန်ပါ။ စိတ်မထင်ရင် မထင်သလို တပြဲပြဲ အော်ဟစ်တတ်ပါတယ်။

ခရက်ဒစ်ကဒ်လည်း သူအရင်ဆုံး ရပါတယ်။ သူ့ ခရက်ဒစ်ကဒ်ကို အကြောင်းပြုပြီး ပါတီတွေ အတော်နွှဲလိုက်ရတယ်။ ခရစ်ဒစ်စကိုးမြှင့်အောင် သုံးပေးရတယ်ဆိုပြီး တို့တွေ ဝိုင်းညစ်ကြတော့ သူ့ခရက်ဒစ်လည်း လုံးပါးမပါးရုံတမယ်။ ၆နှစ်ကြာ ဒိတ်ခဲ့တဲ့ ဂရင်းကဒ်ပိုင်ရှင် သူ့ဘဲဘဲနဲ့ နှောင်နှစ်မှာ မင်္ဂလာဆောင်မှာမို့ စတိတ်မှာ အခြေချမဲ့သူပါ။ ပင်စင်ယူတဲ့အချိန်မှာတော့ ဗီယက်နမ်ကို ပြန်ပြီး ခေါင်းချဖို့ စိတ်ကူးထားသူပါ။ ဘာသာမဲ့ပေမဲ့ ဗုဒ္ဓဘာသာအယူရှိပြီး မင်္ဂလာဆောင်ပြီးရင်တော့ သူ့ဘဲဘဲ ဘာသာ ခရစ်ယာန်ကို ပြောင်းမဲ့သူပါ။ အိုဟိုင်းရိုးပြည်နယ်က အလုပ်ရလို့ အိုဟိုင်းရိုးကို တခါတည်း သွားသူပါ။

ဆူနမ်နဲ့ ရာမားကတော့ တက္ကသိုလ်နောက်ဆုံးနှစ်ကတည်းက အလုပ်ဝင်တော့လည်း အတူတူ ကျောင်းကို ရောက်လာတော့လည်း အတူတူ ကျောင်းကနေ ထွက်ခွာတော့လည်း အတူတူ။  မေရီလန်းက သူတို့ စီနီယာ အက်စ်စမီတာဆီသွားနေပြီး အင်တန်း အလုပ်ရှာ၊ Distance Education တက်ရမှာပါ။ အက်စ်စမီတာမန်ချေးက သူ့အိမ်မှာ အခန်းတခန်း၊ အစားအသောက်၊ လေယာဉ်လက်မှတ်က အစ အကုန်ခံပေးတာပါ။ သူတို့အကြောင်း သူ့နောက်လိုက်နေပုံများဆိုပြီး ပို့စ်ရေးဖူးပါတယ်။

သန့်စင်ခန်း ခြားနေတာတောင် အီရန်မနစ်ကူးခမျာ ရှေ့ခန်းကို ပြောင်းပြေးရလောက်အောင် လူကောင်သေးပေမဲ့ ရာမားရဲ့ရယ်သံက မသေးပါ။ ဟင်းချက်ကောင်းတဲ့ ရာမားချက်သမျှကို စားပြီး ဆူနမ်မှာ ပေါင်၂၀ တိုးလာပါတယ်။ ပြိုင်ချင်တဲ့ စိတ်ကလေးရှိပေမဲ့ သဘောမနောကောင်းသူပါ။ မသိတဲ့သူဆိုရင် စကားမပြောပေမဲ့ ခင်သွားရင်တော့ နားငြီးအောင် ပြောတတ်သူပါ။ အလှအပရေးရာ ကျွှမ်းကျင်သူမို့ မိုင်းနဲ့စန်းထွန်း အလှအပရေးရာမှန်သမျှ ရာမားဆီမှာ အကြံညဏ်တောင်းခံရတာပါ။  ချောမောပြီး ညဏ်ကောင်းတဲ့ ရာမားကို နီပေါကောင်လေးတိုင်းက ချိတ်ချင်ပေမဲ့ ဆူနမ်ရဲ့ဗလကို ကြောက်လို့ ငြိမ်နေရသဗျား။

အုပ်စုထဲမှာ အသက်အငယ်ဆုံးပေမဲ့ ဗလအကြီးဆုံး၊ အမကြီးတယောက်လို စောင့်ရှောက်တတ်တာက ဆူနမ်ပါ။ စိတ်ရင်းလည်း အတော်ကောင်းရှာပါတယ်။ သဘောကောင်းတော့ မိုင်းနဲ့ ရာမား ညစ်သမျှကို ခံရတာပါ။ ဘာလုပ်လုပ် စေ့စပ်သေချာစွာ လုပ်တတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူပါ။ ပေါင်၂၀တိုးလာလို့အာလူးကြော် မစားရဘူးဆိုပြီး ရာဇသံပေးထားတဲ့ ရာမားကြောင့် စန်းထွန်းအခန်းမှာ ခိုးကြောင်ခိုးဝှက် အာလူးကြော် လာတီးရတဲ့သူလေးပါ။

ဆူနမ်နဲ့ ရာမား ဒံပေါက်ချက်နည်းကို ယူကျူ့ကနေ ကြည့်ပြီး လက်တည့်စမ်းသမျှကို ကောင်းလိုက်တာ ကောင်းလိုက်တာလို့ ပြောပြီး မိုင်းနဲ့ စန်းထွန်း နှစ်ကောင်က ကပ်ကပ်တီးလေ့ရှိပါတယ်။ ငပျင်းနှစ်ကောင် မိုင်းနဲ့စန်းထွန်းကတော့ ချက်ဖို့ ပျင်းလို့ အပြုတ်တွေနဲ့ နှစ်ပါးသွားပေမဲ့ ဆူနမ်နဲ့ ရာမားကတော့ နေ့တိုင်းနီးပါး ချက်ပြုတ်ကြတာပါ။ ချက်ပြုတ်ရမှာ ပျင်းလာရင် အိန္ဒိယနဲ့ တရုတ်ဘူဖေး တဘူးစီ ဝယ်ပြီး အတူတူ စားတတ်ကြပါသေးတယ်။ ရာမားကော်ဖီဖျော်တာ ကောင်းတယ်ဆိုပြီး တို့တွေက ညာညာ ဖျော်ခိုင်းတတ်သေးတယ်။

တယောက်စိတ်ထားကို တယောက်သိပြီး တကယ့်ကို တသွေးတည်း တသားတည်း ရှိတာပါ။ သူငယ်ချင်းလို ညီအမလို  ရဲဘော်ရဲဖက်တွေလိုပါပဲ။ အဆောင်မနေဖူးတဲ့ စန်းထွန်းအတွက်တော့ ပထမဆုံး အဆောင်အတွေ့အကြုံပါ။ သူငယ်ချင်းကောင်းတွေရှိရင် အဆောင်နေကျောင်းသူဘဝက အတော့်ကို ပျော်ဖို့ကောင်းပါတယ်။

ကားမောင်းသင်တုန်း ထပ်ခါတလဲလဲ အမှားလုပ်တဲ့ စန်းထွန်းကို ဆူနမ်က စိတ်တိုလာပါတယ်။ ဆရာပဲ ညံ့နေလို့လားပေါ့။ မိုင်းက အော်ဟစ်ဖို့ ဆူနမ့်ကို အကြံပေးပါတယ်။ ဆူနမ်က ဘရိတ် ဘရိတ်လို့ အော်ဟစ်လိုက် စန်းထွန်းကလည်း ဒီမှာ ဒီမှာ ဘရိတ်နင်းထားတယ်လို့ ပြန်ဟစ်လိုက်။ ကမ္ဘောဒီယားက ဆမ်နမ်ချန်က ဂျူနီယာ တရုတ်‌ပေါင်၊ ကမ္ဘောဒီယား ချန်ထရီယာတို့ကို ကားမောင်းသင်ပေးပုံက ဒီလို။ လမ်းဖြတ်ကူးတဲ့ သူကို တွေ့ရင် တိုက်ပစ်လိုက်၊ အကွေ့မှာ မိန်းလမ်းမကြီးက ကားတွေ့ရင် ဝင်အောင်းလို့ အော်ဟစ်ပြီး သင်ပေးတာတဲ့။ ဆူနမ်က တော်သေးတာပေါ့။  နှစ်ကောင်သား အဟစ်ကောင်းတာ ဂျူနီယာယန်းဇိခမျာ ဆူနမ့်ကို ကြောက်ပြီး ကားမောင်းမသင်ခိုင်းတော့ပါဘူး။ တို့တွေအတွက်ကတော့ အချင်းချင်း အော်ဟစ်နေတာ ဘာမှ မဖြစ်ပေမဲ့ သူစိမ်းအမြင်မှာတော့ ထူးဆန်းနေမှာပေါ့။

မခင်တုန်းကတော့ တယောက်ပန်းကန် တယောက် မနှိုက်ပါဘူး။ ခင်လည်း ခင်ရော တယောက်ပန်းကန် တယောက်နှိုက်၊ မိုကာတခွက်ကို လေးယောက် ဝိုင်းသမ။ တယောက်ကို တယောက်နှိပ်ကွက်။ လွန်ခဲ့တဲ့ နှစ်ပတ်က ဆူနမ်က ပိုကာဒေါင်းနည်း သင်ပေးပါတယ်။ ပိုကာမဒေါင်းတတ်တဲ့ စန်းထွန်းကိုပါ သင်ပေးပြီး အမှတ်၁၀၀ ရတဲ့အထိ ဆော့ကြတာပါ။ လောင်းကစား လာဘ်မရှိတဲ့ စန်းထွန်းကတော့ အမြဲ စတုတ္တနေရာ လေးယောက်မှာ။ တခါက ပိုက်ဆံကြေးဆော့မယ်ဆိုပြီး ရှိသမျှ အကြွေတွေကို ယူပြီး ဆော့ကြလေရဲ့။ မိုင်းနဲ့စန်းထွန်းဆီက တကျပ်ကျော်ကို ဆူနမ်နဲ့ ရာမား သမသွားကတည်းက နောင်များ ပိုက်ဆံကြေးဆို စန်းထွန်းနဲ့ မိုင်းက နိုး။

ဘီယာကြိုက်တဲ့ ရာမားနဲ့ မိုင်းက ဈေးအပေါဆုံး ဘီယာနှစ်ဘူး၊ ခါးတာမကြိုက်တဲ့ ဆူနမ်နဲ့ စန်းထွန်းက ဝိုင်သောက်ပြီး ပါတီတခါတလေ နွှဲပါတယ်။ နည်းနည်းလေးသောက်ပြီး များများလေးမူးကာ အန်တတ်တဲ့ စန်းထွန်းကို ပါးစပ်ထဲ ဆားထည့်ပေး၊ ရေနွေးနွေးလေးထဲ သံပုရာသီးညှစ်ပြီးတိုက်၊ ဆေးတိုက်ရတာနဲ့ သူတို့ရဲ့ ဇရက်မင်း စည်းစိမ်ပျောက်။ နောင် စန်းထွန်းကို မတိုက်တော့ဘူး ပြောပေမဲ့ နည်းနည်းလေး မူလိုက်ရင် မိုင်းဆီက တငုံ၊ ရာမားအလစ်မှာ တငုံ ငုံလိုက်နဲ့။ မိုင်းနဲ့ ရာမားလောက်တောင် မသောက်ပဲနဲ့ စန်းထွန်း မူးတိုင်း ဆူနမ်က ပြိုင်သောက်ခိုင်းတဲ့ ရာမားနဲ့ မိုင်းကို ကြိမ်းတတ်လေရဲ့။

ဈေးဝယ်ပြီးလို့ ဈေးခြင်းတောင်းထဲ စားလက်စ ရေခဲမုန့်အမှိုက်တွေထားတဲ့ ကျွှပ်ကျွှပ်အိတ်ကို မိုင်းက သိမ်းစရာမလိုဘူး သူတို့ သိမ်းလိမ့်မယ်၊ ဗီယက်နမ်မှာဆိုရင် အဲလိုတဲ့။ ဆူနမ်၊ ရာမားက ကျွှပ်ကျွှပ်အိတ်ကို ပြန်သိမ်းသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။ စန်းထွန်းကတော့ ကိုယ့်အမှိုက် ကိုယ်သိမ်းရမယ်ဆိုပြီး သွားသိမ်းပါတယ်။ "Vietnamese says no need. Nepali comments it should not be like that. Finally Burmese does the right thing." လို့ မိုင်းက ပြောလေ့ရှိပါတယ်။ မတူညီတဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကြားထဲက တူညီတာတခုတတော့ တယောက်ကိုတယောက် ရိုင်းပင်းကူညီစောင့်ရှောက်ကြတာပါ။


အခုတက်နေတဲ့ ဂျူနီယာထဲ ၃၆ ယောက်မှာ မိန်းကလေးဆိုလို့ ယန်းဇီတယောက်တည်း ပါပါတယ်။ တဦးတည်းသော သားသမီးတွေဖြစ်တဲ့ တရုတ်တွေက တယောက်တည်းနေတာ အကျင့်ပါနေပြီ။တရုတ်ကျောင်းသား တွေကလည်းများတော့ ယန်းဇီက သူတို့တွေနဲ့ လုံးနေတာပေါ့။

အမြဲတတွဲတွဲ လေးယောက်ကနေ ခုလို ၃ယောက်က တပြိုင်နက်တည်း ခွဲခွာသွားတော့ ကျန်နေတဲ့ စန်းထွန်းခမျာ တယောက်တည်း ယောင်ချာချာ။ စကားသံတွေ ဆိတ်သုဉ်း၊ ရယ်သံတွေ ခြောက်ကပ်ကာ အရာအားလုံး တိတ်ဆိတ်သွားသလို ခံစားရပါတယ်။ အရင်တုန်းကတော့ ဘာဖြစ်ဖြစ် ဆူနမ်၊ ရာမား၊ မိုင်းရှိတယ်ဆိုပြီး အားရှိပေမဲ့ ခုတော့ တယောက်တည်းဆိုတဲ့ အသိက အတော့်ကို ဝမ်းနည်းတာပါ။ စလုံးလို သေးတဲ့ နေရာမှာတောင် အိမ်နီးနီးလေးနေပြီး မတွေ့ဖြစ်တာ စတိတ်လို ကျယ်တဲ့ နေရာမှာတော့ နောင်တွေ့ဖို့ဆိုတာ အတော့်ကို ရေစက်ရှိမှပါ။ ကိုယ်တိုင်လည်း အင်တန်းဆင်းတဲ့အချိန် ဘယ်ဆီဘယ်ဝယ်ရောက်မယ်မသိ။

ပရောဂျက်တွေ ပိ၊ အိမ်စာတွေနဲ့ ဘီးစီး၊ အစားအသောက် မကောင်း၊ ရာသီဥတု အေးနဲ့ ပင်ပန်းလွန်းတဲ့ ကျောင်းသားဘဝမှာ ဆူနမ်၊ ရာမား၊ မိုင်းတို့ကြောင့် ပျော်ရွှင်ခဲ့ရတာပါ။ တယောက်အခက်အခဲကို ဝိုင်းကူဖြေရှင်း၊ စိတ်ဓာတ်ကျနေချိန်မှာ အားပေးနဲ့ အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာပါ။ တယောက်တည်း ရပ်တည်နိုင်အောင် စန်းထွန်းကလည်း ကြိုးစားရင်း၊ ဆူနမ်၊ ရာမားကလည်း အလုပ်ရအောင် ကြိုးစားရင်း၊ မိုင်းကလည်း အလုပ်အသစ်မှာ အဆင်ပြေအောင် ကြိုးစားရင်း ဒီနေ့မှာတော့ တို့တွေရဲ့ဘဝစာမျက်နှာသစ် တချက်ဖွင့်လိုက်ကြပါပြီ။

အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်နေတဲ့ မိုင်း၊ အမြဲ အားငယ်တတ်ပြီး  နီပေါက မိဘဆွေမျိုးတွေကို လွမ်းနေတတ်တဲ့ ရာမား၊ အိန္ဒိယမှာ ကြီးပြင်းခဲ့လို့  မကြိုက်တဲ့ နီပေါတချို့ ဓလေ့ထုံးစံတွေကို တော်လှန်ပုန်ကန်နေတဲ့ ဆူနမ်၊ အရာရာကို မိဘ၊ မကြီးကြောင့် လွယ်လွယ်ကူကူ ရခဲ့ပေမဲ့ စတိတ်ရောက်မှ အရာရာ ခက်ခဲနေလို့ လက်ပစ်ကူးနေတဲ့ စန်းထွန်း ။ တနေရာစီ ဝေးသွားပေမဲ့ စိတ်ထဲနီးနေပါတယ်။ ဆင်းရမဲ့ ဘူတာရောက်လို့ မိုင်း၊ ဆူနမ်၊ ရာမားတို့ ဆင်းသွားပေမဲ့ စန်းထွန်းတယောက်ကတော့ ဘဝရထားကြီးကို ဆက်စီးနေရင်း....

မိုင်း၊ စန်းထွန်း၊ ရာမား၊ ဆူနမ်တို့ Dashain ပွဲတော်မှာ ပဲပိကာ စက်ဆီ၊ ချောဆီ ထုတ်နေပုံ

စန်းထွန်း
အောက်တိုဘာ ၁၈၊ ၂၀၁၁။

ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၂

အောက်တိုဘာ ၈ ရက်နေ့က နီပေါနှစ်သစ်ကူးပွဲတော်ပြီးရင် ဒုတိယအကြီးဆုံးပွဲတော်ဖြစ်တဲ့ Dashain ပွဲတော် ကျောင်းမှာ ကျင်းပပါတယ်။ ပွဲတော်ရဲ့ သမိုင်းကြောင်းကို ဆူနမ့်ကို မေးတော့ ပြောပြရရင် ဇာတ်လမ်းက ရှည်တယ်။ တိုတိုတုတ်တုတ် နတ်ပူဇော်ပသတဲ့ပွဲလို့ မှတ်ထားလိုက်တဲ့။ ရှင်းပါပေတယ်။ ဆူနမ်၊ ရာမားတို့ရဲ ့ပွဲဆိုတော့လည်း မိုင်းနဲ့ စန်းထွန်းလည်း ဝိုင်းဝန်းရတာပေါ့။ ဘာကူလုပ်ပေးရမလဲဆိုတော့ အဲဒီနေ့မှာ အဓိကတာဝန်ကြီး ယူပေးရမယ်တဲ့။


လှလှလေး ဖြစ်ရမယ်ဆိုတဲ့ ရာမားရဲ ့ အမိန့်တော်ကြောင့် မောက်ကပ်ဘေ့စ်ကြီးဖွင့်ကာ ရေလည်ရှိုင်းကြပါတော့တယ်။ ပွဲတော်ချိန်မှာ စွန်လွှတ်ကြတဲ့ ဓလေ့အရ ရိုးရာမပျက် စွန်လွှတ်ကြပါတယ်။ အစကနေ စလွှတ်နေရင် စွန်က ဒီနေ့နဲ့တင် ကောင်းကင်ပေါ် ရောက်မှာမဟုတ်။ နောက်နေ့ကူးသွားမှာ သေချာတယ်။ ခက်ခက်ခဲခဲ ကြိုးစားပမ်းစား အပင်ပန်းခံကာ ဘာလို့ စွန်စလွှတ်တော့မှာလဲ။ အလွယ်ကူဆုံးနည်း သူများတွေ လွှတ်လို့ ကောင်းကင်မှာ ပျံဝဲနေတဲ့ စွန်တွေကို မောင်ပိုင်စီးလိုက်တယ်။



ပွဲတော်ချိန်မှာ ဒန်းလည်း စီးကြသတဲ့။ ရိုးရာမပျက် စီးချင်ရင်တော့ ဆူနမ် ကျောင်းဘေးနား မူလတန်းကျောင်းဝင်းထဲက ကလေးကစားကွင်းမှာ သွားစီးလို့ အကြံပေးကောင်းတဲ့ စန်းထွန်းကို ဆူနမ်က အသက်ကြီးပြီး ကလေးလုပ်နေတဲ့သူသာ သွားစီးတဲ့။ ဒါ လူကို သက်သက်မဲ့.....။

ဖွင့်ထားတဲ့ သီချင်းက တီးလုံးလေးတွေပဲပါတဲ့ စန်းထွန်းအကြိုက် Musical ။ ဆူနမ် ငါ ဒန့်မယ်ဆိုတော့ ဒီသီချင်းက နတ်ကို ပူဇော်တဲ့သီချင်း ဒန့်လို့မရဘူးတဲ့။ ပွဲတော်ချိန်မှာ ဖွင့်ကြတဲ့ သီချင်းတဲ့။ ဒန့်ချင်ပါတယ် ဆိုနေမှ။ တို့များ နတ်သီချင်းနဲ့တော့ ကွာပါ့။ နတ် ဝင်ပူးတဲ့လူကလည်းက၊ ဘေးကလူတွေလည်းဝင်ကနဲ့ တို့များနတ်ပွဲဆို မြိုင်ပါ့။ ဒိန်း တလိန်းလိန်း၊ ဒူဒူ တချပ်ချပ် နဲ့။

အစားအစာတွေ ရောက်လာတော့ ပြင်ဆင်ကြပါပြီ။ စမူဆာ၊ ဂူလာဂျာမွန်း၊ ထမင်း၊ ဟင်း။ မုန့်ဝေတဲ့ တာဝန်ယူမှာက တို့လေးယောက်။ ထည့်ပေးရလွယ်တဲ့ စမူဆာနဲ့ ဂျာမွန်းဝေတဲ့တာဝန်ကို မိုင်းနဲ့ စန်းထွန်းကို တာဝန်ချပါတယ်။ ပြင်ဆင်လို့တောင် မပြီးသေးဘူး Q တန်းကြီးက ရှည်နေပြီ။ ကျောင်းသားကျောင်းသူတွေသာမက မြို့က ရပ်မိရပ်ဖတွေပါ အင်တိုက်အားတိုက် လာအားပေးကြတာ။ ကျောင်းတက်တဲ့ ကာလတလျှောက် ဆံပင်ကို လက်နဲ့ ဖီး၊ မျက်နှာပေါ် လိုရှင်း တဖတ်ဖတ်ရိုက်၊ ပရောဂျက်တွေပိလို့ ဘိုသီဘတ်သီ၊ အိပ်မှုန်စုံမွှားနဲ့ ကျောင်းတက်ခဲ့တဲ့ စန်းထွန်းတို့တွေ ဒီနေ့မှာတော့ ပဲပဲအပြည့် စက်ဆီယောင်ဆောင်ထားတဲ့ စန်းထွန်းတို့တွေကို မြင်တော့ အားလုံးက တအံ့တသြ။



ဒီကြားထဲ အစားအသောက်က စားလို့ကောင်းတော့ ၂ခေါက်၊ ၃ခေါက် Q ကြတော့ မုန့်ဝေတဲ့ စန်းထွန်းတို့မှာ ခြေထောက်တွေ တောင့်လို့။ နောက်တခေါက် လာQတဲ့ အတန်းထဲက ကျောင်းသားတွေကို စန်းထွန်းတို့တွေက "ဗန်ကာတက်ချ် နင် Second round မလား၊ အိတိယာ နင် Third round မလား" နဲ့ ဧကန်မလွဲ မှန်ကန်စွာ တပ်အပ်ဆိုနိုင်လေတော့ တအုန်းအုန်း၊ တသောသောနဲ့ပေါ့။ နောက် စန်းထွန်းတို့တွေနဲ့ နီပေါကျောင်းသားတွေ ဂျူတီချိန်းတော့မှပဲ အနားရတော့တယ်။



ကိုယ်တိုင်တီးတော့မှပဲ သဘောပေါက်တော့တယ်။ ဘာလို့ ၂ခေါက်၊ ၃ခေါက် လာကြလဲဆိုတာ။ အစားအသောက်က ကောင်းတာကိုး။ အိန္ဒိယပွဲတုန်းက ဒီလောက် Q မရှည်ဘူး။ ဒီနေ့တော့ Q က ရှည်မှရှည်။ Cedar Rapids  နီပါလီစားသောက်ဆိုင်က မှာထားတာ။



ဝါးတီးပြီးတော့ Dashian ပွဲတော်အကြောင်းကို ရှင်းပြပါတယ်။ ပွဲတော်ချိန်မှာ ဆွေမျိုးထဲက သက်ကြီးဝါကြီးတွေက လက်ကလေးကမ်းပေးရင် လက်ကိုထိပြီး ကန်တော့ကြပါတယ်။ အကြီးတွေက အငယ်တွေကို ဆုတောင်းပေးရင်း နဖူးမှာ အနီရောင်လေး ကပ်ပေးပြီး ဘာလီပျိုးပင်လေးတွေကို နားရွက်ကြားထဲ ညှပ်ပေးပါတယ်။ အကြီးတွေက အငယ်တွေကို မုန့်ဖိုးပေးတယ်။ ကိုယ့်ထက်ကြီးသူတွေကို ဂါရဝထားတဲ့ ဓလေ့က ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် ချစ်စရာကောင်းပါတယ်။ တို့များ သီတင်းကျွှတ်လိုပေါ့။




ပြီးတော့ ကလို့ရပါပြီဆိုပြီး သီချင်းဖွင့်တော့ ဘယ်သူမှ စပြီး ကမဲ့သူ မရှိ။ အတင်းဝိုင်းပြီး ဟိုလူ့ကိုဆွဲ၊ ဒီလူ့ကို ဆွဲထည့်မှပဲ လူစည်လာလေရဲ့။ အိန္ဒိယပွဲတော်တုန်းက တီးလုံးက မြူးပြီး ကလို့ကောင်းပေမဲ့ နီပါလီသီချင်းတွေကတော့ နှေးတယ်။ ဟစ်ဟော့ဘယ်လောက် ကြိုက်သလဲဆိုရင် သီချင်းတိုင်း ဟစ်ဟော့ပါသဗျား။ ရာဘင်က နီပေါအက သင်ပေးပါတယ်။ လွယ်ပါတယ်။ လက်ကလေးမြှောက်ကာ ၇၀ ဒီကရီပတ်လိုက် နောက်လက်တဖက်မြှောက်ကာ နောက်ထပ် ၇၀ ဒီကရီပတ်လိုက်။ ဒီဂျေတာဝန်ယူထားတဲ့ ဆူဘကို သီချင်းက so slow လို့ ကွန်ပလိမ်းလိုက်၊ မြန်ရင်လည်း too fast လို့ ကွန်ပလိမ်းလိုက်။ စန်းထွန်း၊ ရာမား၊ မိုင်း သုံးကောင်ပူးနေရင် ဆူဘခမျာ လိမ့်နေအောင် ခံရတော့ပါပဲ။

စန်းထွန်း၊ မိုင်း၊ ရာမား၊ ဒီဂျေ ဆူဘ။

နီပါလီပွဲတော် တင်ဆက်ပုံထက် အိန္ဒိယပွဲတော် တင်ဆက်ပုံက ပိုကောင်းပါတယ်။ အိန္ဒိယပွဲတော်တုန်းက ဆီမီးထွန်းညှိကာ  အိန္ဒိယရိုးရာအကကပြီး ပွဲတော်ကို ဖွင့်လှစ်ပါတယ်။ ပြီးရင် အစားအသောက်ကျွှေးတယ်။ ပြီးမှ အားလုံးကတာပါ။ အိန္ဒိယတီးလုံးကလည်း မြူးတော့ အတော့်ကို ကလို့ ကောင်းတယ်။ နီပါလီပွဲတော်မှာတော့ အစီအစဉ်တင်ဆက်ပုံထက် အစားအသာက်က ကောင်းတယ်။

ရိုးရာပွဲတော်ကျင်းပချင်ရင် ကျောင်းကို သွားပြောလိုက်ရုံပါပဲ။ ကျောင်းက အကုန်စီစဉ်ပေးတယ်။ ကိုယ်က လက်ကမ်းစာစောင်ကမ်း၊ Student Lobby မှာ အလှအပဆင်၊ မုန့်ဝေ၊ အမှိုက်သိမ်းရုံပါပဲ။ ကျောင်းက အကုန်ခံပေးတာပါ။ လူအင်အားတောင့်တဲ့ အီသီယိုးပီးယားက နှစ်သစ်ကူးပွဲတော်၊ အိန္ဒိယက Navatritri ပွဲတော်၊ နီပေါတွေက Dashain ပွဲတော်ကျင်းပတော့ တကောင်တည်း ခြေစွာတဲ့ စန်းထွန်းလည်း သီတင်းကျွှတ်ပွဲတော် လုပ်ချင်တယ်။ ကျောင်းကို သွားပြောမယ်ဆိုလို့ အားလုံးက ဝိုင်းဟန့်ကြလေရဲ့။ နောင်၂ပတ်မှာ ကျောင်းမှာ ဒီပါဝလီပွဲတော်ရှိပေမဲ့ ဆူနမ်၊ ရာမား၊ မိုင်းတို့က ကျောင်းကနေ ခွာကြတော့မှာမို့ စန်းထွန်းတကောင်တည်း အရင်လို ခြေစွာနိုင်တော့မှာ မဟုတ်တော့ပါဘူး။

နောင်၂ပတ်အကြာမှာ နီပေါပွဲတော်တခုရှိပြန်သတဲ့။ အဲဒီပွဲတော်မှာတော့ မုန့်လက်ကောက်နဲ့တူတဲ့ မုန့်စားကြတယ်။


မုန့်ဆန်း(ကောက်ညှင်းဆန်ကို အခြာက်ခံထားတဲ့ ဆန်ပြားပြားလေး)တွေကို သီတင်းကျွှတ်ချိန်မှာ အုန်းသီး၊ သကြား၊ အုန်းရည်နဲ့ မုန့်ဆန်း(ဇန်း) လုပ်ပြီး အိမ်နီးနားချင်းတွေကို မေက ဝေလေ့ရှိပါတယ်။ နီပါလီတွေကတော့ မုန့်ဆန်းခြောက်ကို ဒီအတိုင်း စားတယ်။ ကြက်သားဟင်းနဲ့လည်း တီးတတ်တယ်။




ခေါက်ဆွဲခြောက်ကိုလည်း ဒီအတိုင်း မုန့်စားသလို စားတတ်တယ်။ နီပေါမှာ အော်တိုကားမရှိပါဘူးတဲ့။ ကားရှိတဲ့သူဆိုတာ တကယ့်သူဌေးတဲ့ဗျား။ မြန်မာပြည်က သာသွားပြီ။

သီတင်းကျွှတ်လပြည့်နေ့အဆောင်ရှေ့ သစ်ပင်အောက် ခုံမှာထိုင်ပြီး ဝိုင်းစက်နေတဲ့ ဖိုးလမင်းကို ကြည့်ကာ ရွှေပြည်ကြီးက ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွှတ်ပွဲတော်အကြောင်း ဆူနမ်၊ ရာမား၊ မိုင်းတို့ကို ပြောပြပြီး လွမ်းဖူးတယ်။ ရွှေမြန်မာတွေကတော့ " ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွတ်တဲ့အဘိုးအို ဟောကြည့်ပါဆို" ဆိုပြီး သားချော့တေး ဆိုတတ်ကြပေမဲ့ ဗီယက်နမ်နဲ့ တရုတ်တွေက လမင်းဆီမှာ ချောမောလှပတဲ့ လနတ်သမီးလေး ရှိတယ်လို့ ဆိုပါတယ်။ ငယ်ငယ်တုန်းကတော့ ယုံခဲ့ပေမဲ့ ကြီးလာတဲ့အချိန် သိပ္ပံသင်ရတဲ့အခါမှာတော့ လမှာရှိတဲ့ တောင်တွေရဲ့ အရိပ်ကြောင့် ဆန်ဖွတ်တဲ့ အဘိုးအို ဖြစ်လာတယ်ဆိုတာ သိလာပါတယ်။လပြည့်တိုင်း သေသွားတဲ့ အဖိုး၊ အဖွား ဆွေမျိုးတွေကို ပူဇော်ပသတတ်တဲ့ နီပေါတွေကလည်း ကြယ်ကြွေတဲ့အချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံပေမဲ့ ဗီယက်နမ်တွေကတော့ ကြယ်ကြွေရင် လူတယောက် သေသွားပြီလို့ မှတ်ယူပါသတဲ့။

နီပါလီတွေက Dashain ပွဲတော်ချိန်ဆိုရင် Happy Dashain to you လို့နှုတ်ဆက်ကြပါတယ်။ သီတင်းကျွှတ်ချိန်မှာ ဘလော့ကြွလာ မိတ်သဟာများကို  Happy ThaDinGyut to you လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ စန်းထွန်းထက် ငယ်ပေမဲ့ ဘလော့သက် ကြီးသူများ၊ စန်းထွန်းထက် တမိနစ်၊ တနာရီ၊ တရက် ကြီးသူများကို ဘလော့ကနေ ကန်တော့လိုက်ပါတယ် ။

မုန့်ဖိုးများများ ပေးပါဗျို့...

စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၁၁။

ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၁

Compro Feb  Entry  ကျောင်းသား ၅၃ယောက်မှာ ရှားရှားပါးပါး မိန်းကလေး ၅ ယောက်ပဲ ပါပါတယ်။  ဒီကျောင်းသားတွေအကြာင်း Lady First ဆိုပြီး ပို့စ်ရေးဖူးပါတယ်။ အာဖရိက အီသီးယိုးပီယားနိုင်ငံအပေါ် Eritrea နိုင်ငံလေးက ဒီဗွီပေါက်လို့ စတိတ်ကို ရောက်နေတဲ့ အာရိယန်၊ နီပေါက ဆူနမ်၊ ရာမား၊ ဗီယက်နမ်က မိုင်း။ ဆူနမ်၊ ရာမား၊ မိုင်းနဲ့ စန်းထွန်းက ရထားကြီးလို အမြဲအတွဲတွဲ။ ကျောင်းမှာ ကြီးလေးကြီးကတော့  အီသီယိုးပီးယား၊ နီပေါ၊ တရုတ်၊ ဂျော်ဒန်။ ကြားသိရသလောက်လေး ဖောက်သည်ပြန်ချရင်တော့...



နီပေါနိုင်ငံလေးက အိန္ဒိယ၊ တရုတ်၊ ဘူတန်နိုင်ငံကြားမှာ ရှိပြီး ကမ္ဘာ့အမြင့်ဆုံးတောင် ဧရဝတ်တောင်၊ ဘုရားရှင် မွေးဖွားတော်မူရာ လုမ္ဗနီဥယျာဉ် ရှိပါတယ်။ တိုင်းပြည်ရဲ့ အဓိကဝင်ငွေက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကနေ ရတာပါ။ အိန္ဒိယနဲ့ တရုတ်ကြားမှာ ရှိတော့ မျက်နှာတွေကလည်း အိန္ဒိယနဲ့ တရုတ်ကြားက ရုပ်ထွက်တယ် ။ ဓားကောက်ကြီးတွေကိုင်တဲ့ ဂေါ်ရခါးလူမျိုးဆိုတာ နီပေါတွေပါ။ နီပေါအလံလေးကလည်း ထူးခြားပါတယ်။


အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ နီပါလီ Dashain ပွဲတော်မှာ ရိုးရာဝတ်စုံ ဝတ်လာတဲ့ ရာဘင်နဲ့အမ်းထရူး
ဗုဒ္ဓဂါယာမှာ နီပေါနိုင်ငံက ဘုရားရှင် မွေးဖွားတော်မူရာ လုမ္ဗနီဥယျာဉ်နဲ့ တထေရာတည်းတူတာကို တည်ဆောက်ထားပြီး ဘုရားရှင် အိန္ဒိယမှာပဲ မွေးဖွားသရောင် ဆောင်ထားပါသတဲ့။ အိန္ဒိယနိုင်ငံက သူတို့နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို တဖြည်းဖြည်း ဖဲ့ယူနေတာဆိုပြီး အစာမကြေလေရဲ့။ အိမ်နီးနားချင်း ဘူတန်နိုင်ငံလေးကို အိန္ဒိယက စစ်တပ်ပို့ပေးပြီး ထိန်းချုပ်ထားတာလို့လည်း နှိမ်တတ်သေးရဲ့။

ဟိန္ဒူဘာသာနိုင်ငံဖြစ်လို့ တော်တော်များများက ဗုဒ္ဒဘာသာနဲ့ ဆင်တူပေမဲ့ နတ်၊ သရဲတွေ ပိုဇောင်းပေးသလားလို့။ ရာမားကိုးကွယ်တာက Ganesha လို့ ခေါ်တဲ့ မျက်နှာက ဆင်မျက်နှာရှိတဲ့ နတ်(မဟာပိန္နဲ)ပါ။



Elephant God လို့ သွားခေါ်မိရင် စိတ်ဆိုးတတ်သေးရဲ့။ ရာမား နင်ဘာလို့ ကိုးကွယ်တာလဲဆိုတော့ သူ့ရုပ်လေးက ချစ်စရာကောင်းလို့တဲ့ မှတ်ကရော ။ အာဘီဆစ်ကတော့ ကားပေါ်မှာ ဂီနေးနတ်ရုပ်လေးတင်ထားပြီး ကားမောင်းတိုင်း ခရစ်ယာန်တွေ ဘုရားသခင် စောင်မပါစေဆိုပြီး  လုပ်သလိုမျိုး လုပ်တတ်လေရဲ့။ ရာမားဆီက ဂီနေးနတ်ရုပ်ကို ဓာတ်ပုံသွားရိုက်တာ စာအုပ်တွေနဲ့ ကွယ်နေလို့ နည်းနည်းရွေ့ပြီး ရိုက်လိုက်တယ်။ ဆူနမ်ရောက်လာတော့ နတ်ရုပ်ကို အလယ်ကိုရွေ့ပေးဆိုတော့ သူရွေ့ပေးလို့ မရဘူးတဲ့။ အမျိုးသမီးတွေ ရာသီလာနေချိန်မှာ နတ်ရုပ်ကို ထိလို့ မရဘူးတဲ့။ ဟေ ဟုတ်လား  ဒုက္ခပဲ ငါ ခုနကပဲ ရွေ့လိုက်တယ်။ လက်အုပ်လေးချီပြီး ‌ဆောရီးနော်၊ ခုနက မသိလို့ ထိလိုက်တာ ခွင့်လွှတ်‌နော်၊ ဘွာတေး ဆိုပြီး တောင်းပန်ပြီး အမြန်လစ်ခဲ့ရတယ်။

နီပေါမှာလည်း အိန္ဒိယနိုင်ငံလို ဇာတ်နိမ့်ဇာတ်မြင့် (cast) ခွဲခြားတာတွေ ရှိပါတယ်။ ဇာတ်ခြင်းတူမှ ယူလို့ရပါတယ်။ ရာမားတို့က ဗြဟ္မ အဆင့်အမြင့်ဆုံး။ Sanskrit နဲ့ ရေးထားတာတွေ သူတို့မျိုးနွယ်တွေပဲ  ဖတ်တတ်တယ်။ နတ်တွေနဲ့ လူတွေကြား ဆက်သွယ်ပေးနိုင်တဲ့ မျိုးနွယ်မို့လို့တဲ့။ ရာမား မိသားစု နာမည်က ခနာ။ ဒီတော့ သူတို့က မိသားစုနာမည် ခနာပါတဲ့ ကောင်လေးမှန်သမျှ သူတို့အကိုတော်တယ်ဆိုပြီး လက်ထပ်လို့ မရဘူး။ ခနာကလွဲရင် ကျန်တဲ့ ဇာတ်တူတဲ့ ကောင်လေးကို လက်ထပ်လို့ ရပါသတဲ့။

ဆူနမ်ကတော့ ဂူရုန်းမျိုးနွယ်။ စစ်သားမျိုးရိုး။ ဂူရုန်းမျိုးနွယ်တိုင်းရဲ့ နာမည်မှာ ဂူရုန်းပါပါတယ်။ ဆူနမ်ဂူရုန်း၊ အမ်းထရူးဂူရုန်း ၊ ကယ်ဗင်ဂူရုန်း ၊ အဲရွန်ဂူရုန်း ။ မွန်ဂိုအနွယ်တွေမို့ ရုပ်ကလည်း မြန်မာနဲ့ တူပါတယ်။ လူမျိုးစုကြီးဖြစ်ပြီး စစ်သားကောင်းတွေမို့ ဂူရုန်းတွေက  သူတို့မျိုးနွယ်ကို ဂုဏ်ယူတတ်ပါတယ်။ ဆူနမ့် အဘိုးက ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထမ်းတုန်းက မြန်မာပြည်ကို ရောက်ခဲ့ဖူးပါတယ်။ ဆူနမ့်အဖေက အိန္ဒိယစစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ခုနီပေါမှာ စစ်မှုထမ်းနေတယ်။ အမ်းထရူးဂူရုန်းကတော့ သူ့အဖေတာဝန်ကျတဲ့ စင်္ကာပူကို လိုက်နေတော့ အယ်ဂျူးနစ်က မူလတန်းတက်ဖူးတယ်။ ဘရူနိုင်းလည်း ရောက်တယ်။ ဂူရုန်းတွေကတော့ ဂူရုန်းအချင်းချင်းပဲ ယူလို့ရပါတယ်။

နောက် နေဝမျိုးနွယ် အာဘီဆစ်၊ ဆူဘ။ သူတို့မျိုးနွယ်ကတော့ ပွဲတော်ဘယ်လောက်ကြိုက်လဲဆိုရင် တနှစ်မှာရှိတဲ့ ပွဲတော်အရေအတွက်က ၃၆၅ ထက် ပိုတယ်တဲ့။ ရာမားကို အာဘီဆစ်နဲ့ စတိုင်း ရာမားက ဘယ်လိုပြန်ပြောလဲဆိုရင် အာဘီဆစ်ကို ယူရင် သူသေပါလိမ့်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အာဘီဆစ်တို့မျိုးနွယ်စုက ပွဲတော်တွေများလို့ သူ မီးဖိုချောင်ထဲက ထွက်ရမှာမဟုတ်တော့လို့တဲ့။ ရာဂျာလို အိန္ဒိယနဲ့တူတဲ့ လူမျိုးကတာ့ အဆင့်အနိမ့်ဆုံး။

နီပေါ အစားအသောက်ကတော့ ဟင်းတိုင်း အာလူးနဲ့ မဆလာပါတယ်။ စန်းထွန်းကတော့ မတီးနိုင်ပေမဲ့ မိုင်းကတော့ အကုန်စားနိုင်လေရဲ့။ ဟိန္ဒူဘာသာဝင်တွေမို့ အမဲသား မစားကြဘူး။ ဒါပေမဲ့ ကျွှဲသားကတော့ ပေါ်ပြူလာဖြစ်တယ်တဲ့။ ကုန်းတွင်းနိုင်ငံမို့ ပုဇွန်၊ ကဏ္ဏန်း၊ ခရု ရှားပါတယ်။ မိုင်းနဲ့စန်းထွန်းကတော့ ဂျပန်စာဆို အသေကြိုက်ပေမဲ့ ဆူနမ်နဲ့ ရာမားကတော့ အနံ့တောင် ခံလို့မရ။

နီပေါမှာလည်း ပြသနာမျိုးစုံ။ အရင်တုန်းက ဘုရင်စနစ် ရှိပေမဲ့ ၂၀၀၁ ခုနှစ်မှာ တမိသားစုလုံး လုပ်ကြံခံရပါတယ်။ ဆေးကြောင်နေတဲ့ သားတော်က တမိသားစုလုံးသတ်ပြီး နောက်ဆုံးမှာတော့ သေနတ်ကို နားထင်မှာတေ့ပြီး သူ့ဘာသာ အဆုံးစီရင်သွားတယ်လို့ သတင်းမှာ ဖော်ပြပေမဲ့ ဘယ်သူမှ မယုံပါဘူးတဲ့။ ဘုရင်ရဲ့ ညီတော်ကို သံသယရှိပေမဲ့ ရေငုံနှုတ်ပိတ်နေရတယ်။ သံသယဖြစ်တဲ့အကြောင်းပြောရင် ထောင်ထဲ ဆွဲထည့်မှာတဲ့ဗျား။

၂၀၀၈ ခုနှစ်မှာတော့ ဘုရင်စနစ်ချုပ်ငြိမ်းကာ ပြည်ထောင်စုသမ္မတနိုင်ငံတော် ထူထောင်ပါတယ်။ ဝန်ကြီးတွေရဲ့ သက်တမ်းဟာ ၆လကနေ ၁နှစ်လောက်ပဲ ခံပါသတဲ့။ ဝန်ကြီးတွေ လုပ်ပုံကိုင်ပုံမကြိုက်ရင် ဖြုတ်ချလိုက်၊ ဝန်ကြီးနောက်တယောက် တက်လာလိုက်၊ တက်လာတဲ့ဝန်ကြီးကလည်း ရတဲ့အချိန်လေးအတွင်းမှာ စားလို့ရတာ အကုန်စားလိုက်၊ ပြုတ်သွားလိုက်၊ နောက်တယောက် တက်လာလိုက်။ ဒီလိုနဲ့ သံသရာလည်နေတာ။ ဒီလိုမျိုး မတည်ငြိမ်တဲ့ အစိုးရ၊ ပြည်သူ့အတွက်မကြည့်တဲ့ အုပ်ချုပ်သူများကြောင့် တိုင်းပြည်က မွဲသထက် မွဲနေပါသတဲ့။ တတ်သိနားလည်တဲ့သူတွေကလည်း ထောင်ထဲမှာပါတဲ့။ တိုင်းပြည်တပြည်တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းက အရေးကြီးသနော်။

ကျောင်းရောက်ပြီး နောက်တနေ့မှာပဲ ကျောင်းက Wal Mart ကို လိုက်ပို့ပေးပါတယ်။ ကျောင်းကားက လူပြည့်သွားလို့ အာဘီဆစ်ဟာဒါက သူ့ကားနဲ့ လမ်းကြံကြုံလိုက်ဖို့ ခေါ်ပါတယ်။ ၂နာရီကြာရင် ပြန်တွေ့မယ်လို့ ချိန်းလိုက်ပါတယ်။ Wal Mart ရောက်ပြီး ရှော့ပင်းလိုက်တာ  (၂နာရီ မပြည့်ခင်) သတိရတဲ့အချိန်မှာ ကျောင်းကားရော၊ အာဘီဆစ်ကားရော မရှိတော့ဘူး။ Customer Service ကို တက္ကစီဘယ်လိုခေါ်ရလဲသွားမေးတော့ ဒီမြို့မှာ တက္ကစီ မရှိပါဘူးတဲ့။ မိုင်းနဲ့စန်းထွန်း ပန်လမ်လက်ရော။ ပစ္စည်းတွေ မပါရင် လမ်းလျှောက်ပြီး ပြန်လို့ရပေမဲ့ ခုက ဝယ်ထားတာက ဆပ်ပြာပုံးကြီးတွေ။ ရာသီဥတုကလည်း နှင်းထုက ၂လက်မ။

နှစ်ကောင်သား ကားပါကင်နားမှာ အသိလေးများ တွေ့မလားလို့ လာသမျှလူတွေကို အလစ်မပေး လိုက်ကြည့်ရင်း လဒမှိုင် မှိုင်နေရှာပါတယ်။ ရောက်ပြီး နောက်တရက် ဘယ်လိုလုပ် အသိရှိပါ့မလဲနော်။ ကျောင်းက လုံခြုံရေးကို ဖုန်းလှမ်းခေါ်တော့ ကိုယ်တို့ရဲ ့Admission Representative ကြီးက နောက်၁၅မိနစ်လောက်မှာ လာကြိုပေးမယ်တဲ့။ ကျောင်းက Computer Science Department မှာ အလုပ်လုပ်နေတဲ့ အမတယောက်က လမ်းကြုံလိုက်မလား လာမေးတော့ ဝမ်းသားအားရပေါ့။ တော်သေးတယ် ကျောင်းသားကဒ် ကယ်ပေလို့။ ကျောင်းသားကဒ်ပြူးပြူးကြီး ဆွဲထားတာလေ။ အာဘီဆစ် ဒီကောင် တွေ့လို့ကတော့ အသေပဲ။ ဒီကတည်းက အာဘီဆစ်နဲ့ ကျောင်းတော်က ရန်စ။

အာဘီဆစ်က အစအနောက်သန်ပါတယ်။ သူ့ကို နိုင်အောင် ဘယ်သူမှ ပြန်မပြောနိုင်ဘူး။ ဆူနမ်တို့တွေမက စန်းထွန်းပါ ခံရတာပါ။ ကိုယ်တခွန်းပြောလိုက်ရင် သူက ဆယ်ခွန်း။ တနေ့တော့ ဆူနမ်က စန်းစန်း အာဘီဆစ်ကို နိုင်ချင်ရင် တခွန်းသင်ပေးမယ်။ အဲဒီတခွန်း ပြောလိုက်ရင် အာဘီဆစ် လက်မှိုင်ချသွားမယ်။ ဟေ ဟုတ်လား။ ဖဲ့ချင်ဇောနဲ့ သင်လို့လားမသိ ခဏလေးနဲ့ ရသွားရော။ ထမင်းစားဆောင်သွားတဲ့တလျှောက် ဆူနမ်တို့ကို ဆိုပြရသေးတယ်။ ထမင်းစားနေတုန်း အာဘီဆစ်လာစတော့ ဆူနမ်တို့က စန်းစန်းပြောလိုက်တဲ့။ နင်တော့ သေပြီဆိုတဲ့ မျက်နှာထားတဲ့ စန်းထွန်း ကြက်တူရွေးနှုတ်တိုက် ရွတ်လိုက်ပုံက

"အာဘီဆစ် ခီးနား ခီနား တမီးမိုင်လိုင် မန်ပါချာ"

အားလုံးက တိတ်ဆိတ်သွားပြီး စန်းထွန်းကို တအံ့သသြကြည့်ကာ
အာဘီဆစ်။    ။"စန်းစန်း နင် အဓိပ္ပာယ် သိလား"
စန်းစန်း။    ။"သိဝူး Bad Guy မလား"
အင်ဒရူး။     ။ Let me explain. Kena means why. TamiMili means don't I. ManParchar means love.
ဂင်္ဂါ။     ။It means Why .Why do I love you.
စန်းစန်း။     ။Why do I love you. It means...........I love you. Grrrrrrrrrrrrrrrrrrr. ဆူနမ်.

ဆူနမ်နဲ့ရာမားကို လက်သီးနဲ့ ထုရင်း အားလုံးကလည်း တသောသော၊ တအုန်းအုန်း ရယ်မောလို့။

ဒီကတည်းကစလို့ တယောက်ယောက်ကို ညစ်ချင်ရင် ဆူနမ်နဲ့ ရာမားက မျက်စပစ်လိုက်လို့ စန်းထွန်းကလည်း "ခီနား ခီနား တမီးမိုင်လိုင် မန်ပါချာ" လို့ အသံပြဲကြီးနဲ့ ဟစ်လိုက်ရင်ပဲ ဘသားချောတွေခမျာ နောက်လှည့်မကြည့်ဘဲ  တချိုးတည်း သုတ်ချေတင်တော့တာပဲ။


ဆရာဂင်္ဂါ ကားမောင်းသင်ရင် ရာမား ချောတာ၊ ဟင်းချက်ကောင်းတာ၊စိတ်သဘောထားကောင်းတာ၊  ဂင်္ဂါနဲ့ ဇာတ်တူတာ၊ အသက်ငယ်တာကို ပြောပြီး ယောက်ျားကောင်းရစေချင်လို့ လက်မလွတ်သင့်ကြောင်း၊ ကျောင်းကနေ မထွက်ခွာခင် ချိတ်ထားသင့်ကြောင်းနဲ့ စန်းထွန်းက အောင်သွယ်ပေးတတ်ပါတယ်။ ရာမားကလည်း ကြုံရင်ကြုံသလို ပထဝီ၊ သမိုင်း၊ နိုင်ငံရေး၊ ဘောလုံးအကြောင်းတွေနဲ့ လေပေးဖြောင့်တတ်တဲ့ စန်းထွန်းနဲ့ဂင်္ဂါကို အောင်သွယ်တတ်ပါတယ်။ ရာမားနဲ့စန်းထွန်း နှစ်ယောက်ပေါင်းကာ အချွှန်နဲ့မတိုင်း အရှောင်အတိမ်း ဂျက်စီဂျိမ်း အဲလေ ဂျက်စီဂါးဂါးက မိန့်မိန့်ကြီးပြုံးကာ ရေငုံနှုတ်ပိတ်နေလေရဲ့။ ကြိုက်တယ်ပြောလို့ရင် စလို့ဆုံးမှာမဟုတ်။


ဘလော့ကြွလာ မိတ်သဟာများကိုလည်း ခီးနာ ခီးနာ တမီးမိုင်လိုင် မန်ပါချာ လို့...

စန်းထွန်း
အောက်တိုဘာ ၉၊ ၂၀၁၁။

စနေနေ့က...

ဟိုရေးလျှင် ဒီရောက်ခြင်း၊ ဂျပိုးကို လိပ်ဖြစ်အောင် အဲလေ အပင်ပေါ်၌ သူ့ဘာသာနေသော ပန်းသီးအပြွတ်ချင်း စစ်ခင်း၊ စစ်ရှုံးပန်းသီး မြေပေါ်သက်ဆင်း ကြွေကျခြင်းကိုတောင် အလွတ်မပေး ပို့စ်ကောင်းလေးတပုဒ်ဖြစ်အောင် ရေးနိုင်ခြင်း၊ ဘော်ဒါတွေအကြောင်း ဖွလျှင်ဖွ၊ ဖွစရာမရှိလျှင် ကိုယ့်အကြောင်းပြန်ဖွခြင်းသည် ဘလော့ဂါ မည်သည်ဟူသောထုံးကို နှလုံးမူ၍  ဤပို့စ်ကို ရေးပါအံ့...။

Stop လို့ဆိုရင် နောက်တစ်မိနစ်လောက်မှ စတော့လို့ တိုက်လုနီး၊ စက်ဘီး၊ လူတွေ မြင်ရင် အရှိန်မလျှော့ဘဲ အရှိန်ထပ်တင်၊  မိုင်၂၅ ဆို ၃၀လောက် မောင်း၊ အဝေးကြီးကတည်းက ဘရိတ်မအုပ်ဘဲ ကွေ့ခါနီးမှ ကပ်အုပ်၊ တည့်တည့်မမောင်းဘဲ  မြွေလိမ်မြွေကောက်မောင်း၊ စတီရင်ယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာများ ဆူနမ်က ဝင်တည့်ပေးတာတောင် မရ။ ဒီလို ချောချောမွေ့မွေ့ မောင်းတော်မူလို့ ဆရာဆူနမ်ကလည်း အန္တရာယ်ကို ကြိုမြင်ရှာကာ မြို့ထဲမှာ လိမ်းချိန်းတာကို သင်ဖို့ ဂင်္ဂါကို သေဖော်သေဖက်ညှိပါတယ်။ ဒီလိုနဲ့ စနေနေ့ ညနေစောင်းမှာ ဆရာနှစ်ယောက်နဲ့ မြို့ထဲကို ချီတက်ခဲ့ပါတယ်...။

လမ်းချိန်းတော့မယ်ဆိုရင် အဝါရောင် solid ဆိုရင် ဝင်လို့မရသေးဘဲ အဖြူရောင်၊ အဝါရောင်တုံးလေးတွေမှ ဝင်လို့ရပါတယ်။ ပထမ စစ်ကနယ်ပြ၊ ဒုတိယ မှန်တွေကို check၊ တတိယ ဘလိုင်းစပေါ့ check (နောက်ကားက ကိုယ့်ကားနဲ့ အရမ်းကပ်နေရင် မှန်မှာ မပေါ်ပါဘူး။ နောက်ကို လှည့် check တာကို blind spot လို့ ခေါ်ပါတယ်။)  ၊ အားလုံး အိုကေရင် အရှိန်မလျှော့ဘဲ ညင်ညင်သာသာလေး ဝင်၊ ပြီးရင် အရှိန်လျှော့လို့ရပါတယ်။

ကွေ့တဲ့ လမ်းသွယ်ရှိတာ မသိဘဲ အစောကြီး ကွေ့မဲ့စစ်ကနယ် သွားပြတော့ တကယ်လည်းကွေ့ရော နောက်ကားက ဝင်မအောင်းရုံတမယ်။ လမ်းသွယ်မှာ ကွေ့မယ်ထင်လို့ သူက ကပ်လိုက်လာတာကိုး။ အဝါရောင်ဆိုးလစ်လိုင်းဆိုရင် တခြားလိမ်းက ကွေ့လို့ရပြီး ကိုယ်က ကွေ့လို့ရတဲ့ အဖြူရောင်၊ အဝါရောင်တုံးဆိုရင် တခြားလိမ်းက မကွေ့အောင် လုပ်ထားတာကို မကွေ့ရတဲ့ အဝါရောင်ဆိုးလစ်လိုင်းမှာ သွားကွေ့တော့ တခြားလိမ်းကနေ ကိုယ့်လိမ်းကို ကွေ့လာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင်သွားတယ်။

ရင်တွေ တဒိန်းဒိန်းခုန်တာများ Stop ဆိုင်းတွေ့တာတောင် မစတော့လို့ ဆရာနှစ်ယောက်က စတော့လို့ ဝိုင်းအော်မှပဲ စတော့လေရဲ့။ လမ်းမကြီးက ကားတွေကို ဦးစားပေးကာ စတော့ရတဲ့ 2 Way Stop မှာ လမ်းမကြီးက နှစ်သွယ်သော ကားတွေကို မကြည့်ဘဲ ဖြတ်မောင်းဖို့ ကြံစည်နေတာကိုး။  ဆရာနှစ်ယောက်ခမျာလည်း အသက်ကို ဖက်နဲ့ထုပ်ရင်း သင်ပေးနေရရှာတာ။ ပြီးတော့မှ McDonald က မိုကာတိုက်ပြီး ဆရာနှစ်ယောက်ကို မျက်နှာချိုပြန်သွေးရတယ်... း)။



ကျောင်းပရဝုဏ်ထဲ ရောက်လာတော့ ဂင်္ဂါကို ၉၁၁ က ဖုန်းဆက်လာပါတယ်။ အစစ အဆင်ပြေရဲ့လား၊ ဘယ်ရောက်နေတာလဲနဲ့ မေးပါတယ်။ နှစ်ခါတောင်။ နောက်နှစ်မိနစ်လောက် အကြာမှာ ကျောင်းက လုံခြုံရေးကား ရောက်လာပါတယ်။ အဆင်ပြေတယ်ဆိုမှ ပြန်သွားလေရဲ့။ ကိုယ်တွေမှာ အူကြောင်ကြောင် ဖြစ်လို့။ ဖုန်းက Emergency Mode ကို မတော်တဆ On သွားတဲ့အချိန်မှာ ဘယ်ဖုန်းကိုဆက်ဆက် ၉၁၁ကို ရောက်သွားတယ်နဲ့ တူပါတယ်။



အောက်တိုဘာ ၁ ရက်နေ့က ကျောင်းမှာ အိန္ဒိယ Navatritri ပွဲတော် ရှိပါတယ်။ စမူဆာ အလကားကျွှေးတယ်ဆိုလို့ ချီတက်ကြလေရဲ့။ အခမ်းအနားကို ဆီမီးထွန်းညှိပြီး ဖွင့်လှစ်ပါတယ်။ အိန္ဒိယကျောင်းသားကျောင်းသူတွေနဲ့ ဘိုတွေပါ ပါဝင်အားဖြည့်ပြီး ကပြပါတယ်။ ပြီးတော့ Cafe မှာ မုန့်စားလို့ ရပါပြီဆိုတာနဲ့ Q တန်းကို အရင်ဆုံးပြေးစီတာ ဘယ်သူတွေ ရှိရမလဲ။ မုန့်ဝေပေရေး တာဝန်ယူထားတာက အခန်းထဲက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေ။ သူငယ်ချင်းကောင်းတို့မည်သည် လည်ပင်းညှစ်ပြီး ပေါင်းရသည်ဟု ဆိုသောကြောင့် သူငယ်ချင်းကောင်းပီသစွာ ဟေ့နှစ်ခုထည့်လို့ လည်ပင်းညှစ်လိုက်ပါတယ်... းD။


ပြီးတော့ လူတိုင်း ဝင်ကလို့ရတဲ့ ပါတီရှိပါတယ်။ အတင်းဆွဲခေါ်လို့ လူအုပ်ထဲ အလိုက်သင့် စီးမျောရင်း... သူများတွေက တေးသားအလိုက် ကနေပေမဲ့ တို့များကတော့ ခုန်ပေါက်နေတာ။ ရာမားကသလို လိုက်ကလိုက်၊ ဝိုင်းကြီးပတ်ပတ်ဒူဝေလိုက်၊ တယောက်ကို တယောက် ဖင်နဲ့ ပေါက်လိုက်၊ လက်ကလေးထောင်ပြီး ကိုကြီးကျော်က ကလိုက်၊ ရှာရွတ်ခန်းစတိုင် လက်ကို ဖြန့်ကားပြီး ဟာ..ဟာ..ဟ လို အော်လိုက်၊ ကချင်သလို က၊ လှုပ်ချင်သလို လှုပ်၊ မောလာရင် လျှာကလေး တစ်လစ်ထုတ်ပြီး နားလိုက်၊ လာခေါ်ရင် ဝင်ကလိုက်၊ တီးလုံးကလည်း မြူးတာများ တဒုန်းဒုန်း။ ဆူနမ် လျှပ်တပြတ်ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်ပြီး တို့တွေရဲ့ အကစွမ်းရည်ကို အားလုံးက ဖျားသွားပါတယ်။ ခေမီကိုတောင် ထိုင်ငိုသွားမယ်..ဘာမှတ်သလဲ...ငှဲ...ငှဲ...ငှဲ...။

သူများနှင့် မတူ ထူးခြားစွာ ကနေသောသူများသည် စန်းထွန်းနှင့် သူ၏ ရောင်းရင်းများ ဖြစ်ပါသည်။

စန်းထွန်း
အောက်တိုဘာ ၅၊ ၂၀၁၁။