12 April 2022

Empire State Trail - 4

၂၀၂၁ ဒီဇင်ဘာ ၄ စနေနေ့ အင်ပါယာစတိတ်ထရေးလမ်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ WRS Dutchess Rail Trail လမ်းမှာ ၁၁.၄ မိုင် လမ်းလျှောက်ဖြစ်တယ်။ မနက် ၉ နာရီ မက်ဟန်တန် ဂရမ်းစန်ထရယ်ဘူတာကနေ မနက် ၉ နာရီ ရထားစီးပြီး အက်ပ်စတိတ်ဖက် ၂ နာရီလောက်စီး ဂိတ်ဆုံး Poughkeepsie မှာဆင်း။ အရင်တခေါက်တုန်းက ဟက်ဆန်မြစ်ကို ဖြတ်ကျော်ပြီး နယူးဂျာဆီဖက်ကို လမ်းလျှောက်ကြတာ။ ဒီတခေါက်ကတော့ နယူးယောက်ဖက် တံတားပေါ်မှာသာ လူများတာ ထရေးလမ်းမှာ လူနည်းသား။ လမ်းလေးက ပြေပြေဖြောင့်ဖြောင့်တန်းတန်းလေး စက်ဘီးစီးလို့ကောင်းမယ်။ မမျှော်လင့်ဘဲ ဒီထရေးလမ်းကို တော််တော်သဘောကျသွားတယ်။ နွေရာသီဆိုရင် သိပ်လှမှာပဲ ရှေ့နှစ်နွေရောက်ရင် ပြန်လာမယ်လို့ စိတ်ကူးထားတယ်။ ဝိုင်း BTS မန်ဘာတွေရဲ့ ရယ်စရာ‌အကြောင်းတွေပြောပြ။ ဓာတ်ပုံဆရာတွေကို ဖြေးဖြေးလျှောက်ပါလို့ပြောတော့ World Wide Handsome ကြီး Jin က စလိုးမိုးရှင်းနဲ့ လျှောက်တဲ့ပုံလုပ်ပြ။ ကိုက်ကြိုက်တဲ့ BTS သီချင်းတွေဖွင့်ပြ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေအကြောင်း၊ ရုံးက သတင်းတွေ၊ အတင်းတွေချ။ ညောင်းရင်ထိုင်နား သယ်လာ‌တာတွေစား။ ဆောင်းရာသီဆိုတော့ သစ်ရွက်တွေမရှိတော့လို့ သစ်ပင်တွေကိုလည်း ရိုက်လို့မရ။ ဆိုင်းဘုတ်နားမှာ ဓာတ်ပုံရိုက်တော့ ဖြတ်သွားတဲ့စက်ဘီးစီးအုပ်စုက ချီစ် စမိုင်းလို့ နောက်သွားတယ်။ ညနေ ၃ နာရီ ရထားနဲ့ပြန် ည ၆ နာရီမကျော်ခင် အိမ်ပြန်ရောက်မှ ဆောင်းတွင်းဆိုတော့ ညနေ ၅ နာရီဆိုတာနဲ့ မှောင်နေပြီ ဒါတောင် တနာရီ နောက်ဆုတ်ထားလို့။ မှာထားတဲ့ အစားအသောက်တွေဝင်ယူ ရေချိုးစားသောက်ပြီး တန်းအိပ်တော့တာပဲ။ မအိပ်ခင် ခြေဖဝါးမှာ ဂျပန် detox လုပ်တာလေးကပ်။ ခြေထောက်ကို Epsom Salt နဲ့ရေနွေးလေးနဲ့စိမ် Dr.Tea လိုးရှင်းလိမ်း။ ဟိုက်ကင်းထွက်တဲ့နေ့ဆို အိပ်ပျော်တယ်။

https://empiretrail.ny.gov/new-york-city-poughkeepsie/hopewell-junction-poughkeepsie

Happy Hiking!

စန်းထွန်း

ဧပြီ ၁၂၊ ၂၀၂၂။

02 April 2022

Army ...

အာမီဆိုလို့ စကစ၊ မအလရဲ့ အာမီမဟုတ်ဘူးနော် ဘီတီအက်စ် BTS ရဲ့ အာမီ။  BTS ကိုရီးယားမှာ နာမည်အကြီးဆုံးအဆိုတော်အဖွဲ့။ အရင်ရုံးမှာ ကိုယ့်ဘေးနားမှာထိုင်တဲ့ ဂျယ်ရီက လက်မှတ်တွေရောင်းတယ်။ BTS ရဲ့လက်မှတ်တွေ တနာရီအတွင်း ရောင်းကုန်တယ်လို့ ကိုယ့်ကိုလာပြောတယ်။ ကိုယ်က  BTS ဆိုတာဘာမှန်းမသိတော့ သြော်...အင်း...ဟုတ်လားပေါ့။ ၂၀၂၂ ယူအက်စ်သတင်းတွေမှာ BTS အကြောင်းပါလာလို့ ရှာကြည့်လိုက်တော့မှ သိသွားတာ။ ငယ်ငယ်ချောချော ချစ်စရာလေးတွေ သီချင်းတွေလည်း လူတွေအတိုင်း ချစ်စရာ မြူးကြွကချင်စရာ။ ဝိုင်းက BTS ဆိုတာ ငါ့တူမဆယ်ကျော်သက်အရွယ်တွေ ကြိုက်ကြတာ ကိုယ်လည်း ဆယ်ကျော်သက်ပဲလေ။ အဖွဲ့ခေါင်းဆောင် RM (Rap Monster) က  rap စာသားရွတ်တာ တော်တော်ကောင်းတယ်။ အရပ်အရှည်ဆုံး ၆ ပေကျော်။ အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင်ပြောတတ်လို့ အင်တာ‌ဗျူးတိုင်း‌ ဒိုင်ခံဖြေရ အဖွဲ့ရဲ့ ဘာသာပြန်ဆရာ။ ပစ္စည်းတွေကို အမြဲဖျက်ဆီးတတ်တဲ့ အဖျက်သမား၊ စာဖတ်တာ ဝါသနာပါတယ်။ Suga က အဖွဲ့ထဲကို ဒုတိယရောက်လာတဲ့သူ  rapper ၊ ဘတ်စ်စကတ်ဘောသမား၊ ပရိုဂျူဆာ။ ရှက်တတ် အေးအေးနေတတ်သူ အဖွဲ့ဝင်တွေကို ဂရုစိုက်ပေမဲ့ ဂရုစိုက်ကြောင်း မပြတဲ့သူ။ သူ့ကို လာဖက်တာကိုမကြိုက် ကျန်တဲ့သူတွေက ချစ်တယ်လို့ တဖွဖွပြောတတ်ကြပေမဲ့ Suga က ချစ်တယ်လို့ပြောဖို့ အင်မတန်ခက်တဲ့သူ။ အဖွဲ့ဝင်တယောက် ရေဗူးရှာနေတာမြင်ရင် လှမ်းပေးပေမဲ့ မျက်နှာကိုတည့်တည့်မကြည့်ဘဲ ပေးတတ်တဲ့သူ။ အဖွဲ့ကိုစဝင်တုန်းက ကစရာမလိုဘူးဆိုလို့ ဝင်ခဲ့တာ ခုတော့ မဖြစ်မနေကနေရလို့ စိတ်ညစ်တဲ့သူ။ မျက်နှာက ပေါက်စီနဲ့တူပြီး သီးသန့်နေတတ်တဲ့သူ အဘိုးကြီးစတိုင်လေးက ထူးခြားနေပြန်တယ်။ တတိယရောက်လာတဲ့သူက JK (JungKook) အဖွဲ့ထဲမှာ အငယ်ဆုံး ၉၇ မွေး ၂၄ နှစ် ဘူဆန်က။ မျက်လုံးပြူးပြူးလေးနဲ့ အသံကောင်း အဆိုကောင်း အကကောင်း ရုပ်အတော်ချောတဲ့သူ အချစ်ဆုံးတယောက်။ ထရိန်နင်းစဆင်းချိန်မှာ အသက်က ၁၄ နှစ် အကို၆ယောက်က ထိန်းကျောင်းကြည့်ရှုစောင့်ရှောက်ခဲ့ရသူ။ ပန်းချီဆွဲတာတော် ဘောက်ဆင်းကစား ဘာမဆိုအကုန်တော် ဘာမဆိုအနိုင်ရချင်တဲ့ကလေးကြီး။ ခုတော့ ဗလကြီးတွေနဲ့ သူ့အကိုတွေကို အနိုင်ကျင့်နေပြီ။  လက်မှာတက်တူး မျက်ခုံး၊ ပါးစပ်မှာ အပေါက်ဖောက်ပြီး အလှဆင်ထားတယ်။  

JK ကို ကမ်းလှမ်းတဲ့ကုမ္ပဏီ အများကြီးမှာ နာမည်ကြီးကုမ္ပဏီတွေလည်းပါတယ်။  JK က RM ရပ်ဆိုနေတာကို သဘောကျလို့  Bit Hit Entertainment ရွေးလိုက်တာတဲ့။ Bit Hit က အဲ့ဒီတုန်းက ကုမ္ပဏီအသေးလေး နာမည်မကြီးသေးဘူး။ နောက်ထပ်ရောက်လာသူက I am your hope. You are my hope. I am J Hope. လို့ နှုတ်ဆက်တတ်တဲ့ ‌ဂျေဟုပ်။ သူက rapper နဲ့ dancer ကတာအတော်ကောင်းတယ်။ ဖက်ရှင်ကျကျ ဝတ်စားတတ်တဲ့သူ။ နာမည်ပြောင် Sunshine ဆိုတဲ့အတိုင်း သူကိုယ်တိုင်လည်း ပျော်ပျော်နေတတ်၊ သူများကိုလည်း ပျော်စေတတ်တဲ့သူ။ သူ့အစ်မက နာမည်ကြီး influencer တယောက်။ ဒယ်ဂူက ဆက်ဆိုဖုန်းတီးတဲ့ V က သူ့သူငယ်ချင်း audition ဝင်ပြိုင်တာကို လိုက်ပေးရင် သူ့သူငယ်ချင်းက အရွေးမခံရဘဲ သူကအရွေးခံရပြီး အဖွဲ့ထဲရောက်လာတဲ့သူ။ မိဘတွေက လယ်သမား အသံကထူးခြားပြီး ‌အော်ပရာသီချင်းဆိုနိုင်တဲ့အသံမျိုး။ နောက်ထပ်ရောက်လာတဲ့သူက Jimin က modern dancer ။ သူ့ဆရာမက ဝင်ပြိုင်ခိုင်းလို့ ဝင်ပြိုင်ရာကနေ အဖွဲ့ထဲရောက်လာတဲ့သူ။ အသံက မိန်းကလေးအသံလေးလို ချိုသာပြီး အဆွဲအဝိုက်‌လေးတွေနဲ့ တော်တော်ဆိုတတ်တယ်။ ရုပ်ကလေးကလည်း မိန်းကလေးကျနေတာပဲ။ ဂျင်းမင်က အချိန်အမြဲနောက်ကျတတ်သူ။ ဂျင်းမင်နဲ့ ဗွီက ၉၅ ဖွားတွေ ဂျေကေ၊ ဂျင်းမင်နဲ့ ဗွီက အသက်မတိမ်းမယိမ်းတွေဆိုတော့ တတွဲတွဲ။ နောက်ဆုံးမှရောက်လာတဲ့သူကတော့ World Wide Handsome ကြီး Jin။ အဖွဲ့ထဲမှာ အသက်အကြီးဆုံး ၂၉ နှစ်  ရုပ်ရှင်မေဂျာတတ်နေတဲ့ တက္ကသိုလ်ကျောင်းသား။ သူများတွေလို Audition ဝင်ပြိုင်တာမဟုတ်ဘဲ စကောက်ကတွေ့ရှိ ဆက်သွယ်လို့ အဖွဲ့ထဲရောက်လာတဲ့သူ။ အသက်ကသာအကြီးဆုံး သူများကိုစနောက်ဂျီကျတတ်လို့ အငယ်ဆုံးလိုနေတဲ့သူ။ ဟင်းချက်ကောင်းပြီး အကိုကြီးတယောက်လို စောင့်ရှောက်တတ် အမြင့်သံတွေ ဆိုနိုင်တဲ့သူ။ ဟစ်ဟော့အဖွဲ့အဖြစ် စခဲ့ပေမဲ့ ခုတော့အသက်အရွယ်မျိုးစုံကို ဖမ်းစားနိုင်တဲ့ သီချင်း‌တွေ၊ ကကွက်တွေနဲ့ ပရိသတ်အခိုင်အမာ၊ ဆုတွေအများဆုံးရတဲ့အဖွဲ့ ဖြစ်နေပြီ။ 

လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး အိပ်ခန်းတခန်းပါတဲ့ တိုက်ခန်းထဲစုနေ၊ အချိန်အများကြီးလေ့ကျင့်၊ ကုမ္ပဏီက ‌ဒေဝါလီခံ။ ‌ဂီတဖျော်ဖြေပွဲမှာ တခြားအဖွဲ့တွေကျ လေ့ကျင့်ဖို့အခန်းနေရာပေးပြီး ဘီတီအက်စ်ကို နေရာမပေးလို့ အိမ်သာအခန်းမှာ လေ့ကျင့်ခဲ့ရ။ သူတို့ဖျော်ဖြေချိန်ကျမှ အသံမလာတာတို့မျိုး ခွဲခြားဆက်ဆံမှုတွေခံရ၊ စွပ်စွဲခံရ၊ မုန်းတဲ့သူတွေက တိုက်ခိုက်ကျနဲ့ အဖွဲ့ဖျက်ဖို့ထိတောင် စဥ်းစားခဲ့ကြတယ်။ ဆယ်နှစ်လောက် အတူတူနေခဲ့ကြတော့ တယောက်အကြောင်း တယောက်သိ။ မင်းစားလိုက်တဲ့ ငှက်ပျောသီးက ငါ့ဟာကွ၊ ဖက်ထုပ်ကို လေ့ကျင့်တာပြီးမှ စားသင့်တယ်၊ အခုစားမယ်နဲ့ ငြင်းခုန်ရန်ဖြစ်ကြ။ သူတို့အချင်းချင်းကို ဂယက်ရိုက်နေတာ။ တယောက်တပေါက်နဲ့ ကျွှတ်ကျွှတ်ညံ ပျော်စရာကြီး။ ကိုယ်လား စိတ်ညစ်ရင် သူတို့ဗွီဒီယိုကြည့်ပြီး ရယ်နေတော့ပဲ။ တကယ့်ဟာသ ငပြောင်လေးတွေ။ မိန်းမကျနေတာပဲ မိတ်ကပ်တွေနဲ့တဲ့ အိုး ဘာဖြစ်လဲ လှလှလေးမြင်ရတာ မကြိုက်ဘူးလား။ သီချင်းအမျိုးအစားအကြောင်းတော့ သိပ်မသိပါဘူး။ သူတို့သီချင်းနားထောင်ရင် မြူးကြွတက်ကြွတယ်။ သူတို့ကို မြင်ရတာ စိတ်ချမ်းသာတယ်။ BTS က သူ့ပရိသတ်ကို အာမီလို့ခေါ်တယ်။ ကိုယ်က ဘီတီအက်စ် အာမီပါ။

စန်းထွန်း

ဧပြီ ၂၊ ၂၀၂၂။

From left to right, RM, Jin, JHope, Suga, V, JungKook, Jimin
Photo credit - Allure.com

29 March 2022

Mt. Tammany သွား တောလား

၂၀၂၁ နိုဝင်ဘာ ၂၃ အင်္ဂါနေ့ ရာသီဥတုက နေသာပေမဲ့ ခဲသွားမတတ် အေးစက်နေတယ်။ မနေ့ကညနေ Kalahari Resort မှာ ချက်ကင်ဝင် ‌အိတ်တွေနေရာချပြီး Indoor Water Park ကို သွားကြည့်တယ်။ သူများတွေက ရေကူးဝတ်စုံတွေနဲ့ ကိုယ်တွေက ဒေါင်းဂျက်ကက် အထူကြီးတွေနဲ့။ ရေက အေးနေမလားလို့ သွားစမ်းကြည့်တာ နွေးနွေးလေး။ ကလေးတွေ သိပ်ပျော်ကြတာ ရေလွှာချောစီး ဘောကွင်းတွေနဲ့ကူးကြ ရေပန်းမှာရေဆော့ကြနဲ့။ ငယ်ငယ်တုန်းက ဟိုင်းကြီးချောင်း၊ မော်တင်ဘုရားပွဲချိန်ဆို မော်တင်၊ ကံချိုင်ဖက်မှာ ရေကူးကြတာကို သတိရသွားတယ်။ ကံချိုင်ဖက်ကရေက ပိုကြည်ပြီး ပြာလဲ့နေတယ်။ ရေတက်ရေကျချိန်ဆိုရင်တော့ ရေစီးကြောင်းနဲ့ ပင်လယ်ထဲ ပါမသွားမအောင်တော့ သတိထားရထားတယ်။  ကလေးတွေတင် မကဘူး လူကြီးတွေပါပျော်တာ။ ကိုယ်ပိုင်အခန်းလေးတွေငှားပြီး တီဗွီကြည့် အစားအသောက်မှာစား သီချင်းနားထောင်။ ကလေးတွေ ရေဆော့ပွဲ လူကြီးတွေက ပါတီပွဲ။ ဂိမ်းမျိုးစုံနဲ့ မီးရောင်တဖျပ်ဖျပ် သီချင်းသံ တဒိန်းဒိန်းနဲ့ အင်မတန် နားညည်းတယ် ခေါင်းပါကိုက်လာတယ်။ အသက်ကြီးလာလို့လား မသိဘူး နားအေးပါအေး နေချင်တော့တာပဲ။ လာဗီကပ်နဲ့ မကာအိုက ကာဆီနိုထဲ တနာရီတောင် မနေနိုင် ခေါင်းကိုက်လာလို့။ ရုံးမှာ ကိုယ့်ဘေးနားကလူတွေ စကားကျယ်ကျယ်ပြောရင် နားကြပ်တပ်ထားပြီး ယူကေက Classic FM ကို နားထောင်နေလိုက်တော့တာပဲ။ ရေကူးဝတ်စုံ ပါလာပေမဲ့ အေးလို့၊ ဆူညံပွက်လောရိုက်နေလို့ ရေမစိမ်ချင်တော့ဘူး။ ကိုယ်လား ‌ရေပူစမ်းမှာ ရေစိမ်ရတာ သိပ်ကြိုက်တာ။ ကိုစကာရီကာနိုင်ငံနဲ့ အလာစကာပြည်နယ် ဖဲဖန့်မြို့က ချီနာရေပူစမ်းမှာ ရေစိမ်ဖူးတယ်။ အင်မတန်ကြိုက် ရေစိမ်တာ ၂နာရီရှိပြီ ညစာစားဖို့ ဆိုင်ပိတ်တော့မယ်။ သွားမစားရင် ညစာငတ်လိမ့်မယ်ဆိုမှ ရေပူစမ်းကထတာ။ အန်ကယ်၊ အမတွေနဲ့ စကားတွေပြောလို့မဝ ညည့်နက်မှအိပ်တယ်။ အမတွေနဲ့ ခင်တာ ၂၀၁၃ ကတည်းက။ သူတို့အိမ်တွေကို ညအိပ်ညနေ သွားလည်ပေမဲ့ ခုလိုခရီးအတူတူ မသွားဖူးဘူး။ စားနပ်ရိကာအပြည့်အစုံနဲ့ လာတာဆိုတော့ စားလိုက် စကားပြောလိုက် ပါလာတွေ ရှာဖွေစားသောက်လိုက်။

ဘလော့ဂါ မမိုးငွေ့နဲ့ စကားပြောဖြစ်တယ်။ သဘောကောင်းပြီး အတော်ချောတဲ့ စီနီယာဘလော့ဂါအမ။ မနက်စာကို ပါလာတွေ စားကြပြီး ၉ နာရီခွဲမှာ စထွက်ပြီး နယူးဂျာစီပြည်နယ် Red Dot Hiking Trail ကို တနာရီလောက် မောင်းရတယ်။ လာတက်ကြသူတွေများသား။ ဟိုက်ကင်းထရေးက ၃မိုင်ခွဲလောက်ပဲရှည်တော့ ငါဟဲ့ ဟိုက်ကင်း ၁၀ မိုင် ထွက်နေကြ သုံးမိုင်ခွဲလောက်တေ့ာ အပျော့။ တောင်က မတ်မတ်ကြီး လမ်းကလည်း ကျောက်ဆောင်တွေနဲ့ မို့လို့ ဟိုက်နေအောင် တက်ရတယ်။ ကိုယ်သွားနေကြ ဟိုက်ကင်းထရေးလမ်းတွေက ပြေပြေလေး။ ဟိုက်ကင်းလို့တောင် ပြောလို့မရပါဘူး လမ်းလျှောက်တယ်လို့ပဲ ပြောရမှာ။ ကိုယ်တောင် တက်လိုက် မောလို့နားလိုက် ဆက်တက်လိုက်နဲ့ မနည်းတက်ရတယ်။ ဒူးနာတဲ့ အမတို့စုံတွဲက ကျန်နေခဲ့တယ်။ ဗျူးပွိုင့်ရောက်တော့ ရှုခင်းက အင်မတန်လှတယ်။ တမိုင်လောက်ပဲ ရှိသေးတယ် နောက်ထပ်၂မိုင်ခွဲ အတက် ၃မိုင်ခွဲအဆင်းဆိုတော့ တနာရီခွဲလောက်ကြာမှာ။ တောင်ခြေမှာစောင့်နေတဲ့ အမတို့စုံတွဲစောင့်နေရမှာစိုးလို့ ပြန်ဆင်းလာခဲ့တယ်။ နောက်တခေါက်လာပြီး တောင်ထိပ်ရောက်အောင် တက်ဦးမယ်လို့ ကြုံးဝါးတယ်။ စကားတပြောပြောနဲ့ ဆင်းလာလိုက်တာ မတ်စောက်နေတဲ့ တောင်ကြောကို ခက်ခက်ခဲခဲဆင်းနေတော့မှ အန်ကယ်က လမ်းမှားနေပြီတဲ့။ ဟုတ်ပါ့ အမှတ်အသားလည်းမတွေ့ လာလမ်းအတိုင်းပြန်လျှောက် အမှတ်အသားရှာဖွေတွေ့ရှိတော့မှ စိတ်အေးသွားတယ်။ အန်ကယ်သာ သတိမထားမိရင် ဘယ်လောက်အထိ လမ်းမှားနေမလဲ မသိဘူး။ အတက်တုန်းက ဒီအပင် ဒီကျောက်ဆောင်ကို မမှတ်မိဘူးလား။ ဟီး ... မမှတ်မိဘူး ဒါနဲ့များ ဘယ်လိုတောင်တက်နေပါလိမ့်တဲ့။ ကိုယ်သွားနေကျ ဟိုက်ကင်းထရေးလမ်းက ဖြောင့်ဖြူးနေပြီး မျက်စိမှိတ်ပြီး တက်လို့ရတယ်။ လမ်းကလည်း တလမ်းတည်း လမ်းမှားချင်လို့တောင် မမှားဘူး။ အန်ကယ်၊ အမတို့က half marathon အပြေးသမားတွေ အပတ်တိုင်း ပြေးတယ်။ သူတို့အပြေးအုပ်စုက အမတယောက်ဆို Grand Canyon မှာပြေးတာ အုပ်စုကွဲလမ်းမှားသွားလို့ သဲကန္တာရမှာ တညအိပ်ရတယ်။ 

သဲကန္တာရမှာ ညဖက်ဆို အတော်အေးတာ ဘာမှလည်းမပါ။ ဒါပေမဲ့ Survival သင်တန်းတက်ထားလို့ တော်သေးတယ်တဲ့။ ကိုယ့်ကို Survival သင်တန်းတက်သင့်တယ်တဲ့။ တက်ချင်တယ် CPR သင်တန်းလည်း တက်ချင်တယ်။ မင်း စီပီအာလုပ်ပေးလိုက်တော့မှ အသက်ပြန်လည်မလာဘဲ အသက်မြန်မြန်ထွက်သွားမှ ဒုက္ခဟဆိုပြီး ဝိုင်းနဲ့ ဟားကြ‌သေးတယ်။ နေ့လည်စာကို ကိုရီးယားဆိုင်မှာ စားကြတယ်။ ဗိုက်ကလည်း အတော်ဆာ အစားအသောက်ကလည်း အတော်ကောင်းဆိုတော့ စားလိုက်ကြတာ တက်တက်ကိုပြောင်။ အဲ့ဒီဆိုင်က ပိတ်ရက်ဆို အကြာကြီးစောင့်ရတာတဲ့။ ကိုယ်တို့သွား‌တဲ့နေ့က ကြားရက် ကျေးဇူးတော်ပိတ်ရက် မတိုင်ခင်မို့လို့ ဟိုတယ်ခလည်း နည်းနည်းသက်သာတယ်။ ကိုယ်တို့ခရီးသွားရင် ပွဲလမ်းသဘင်ပိတ်ရက်တွေကို ရှောင်တယ် ဟိုတယ်ခ၊ လေယာဥ်စျေးကြီးလို့။ ပေါ်တိုရီကိုသွားတုန်းက လေယာဥ်ခက Memorial Day ပိတ်ရက်ဆိုရင် ၄၀၀ နှစ်ပတ်စောသွားရင် ၂၀၀ ပဲ ပေးရတယ်။ တောင်တမိုင် တက်ပေလို့ပဲ တောင်ထိပ်အထိ ၃ မိုင်ခွဲအထိများတက်ရင် နောက်နေ့လမ်းတောင်လျှောက်နိုင်မယ် မထင်ဘူး။ နောက်နေ့ နိုဝင်ဘာ ၂၄ ကိုယ့်မွေးနေ့ကို surprise ကျင်းပပေးတယ်။ တခါမှမွေးနေ့ကိတ် မမှုတ်ဖူးဘူး ခုတော့မှုတ်ဖူးသွားပြီ။ မနက် ၁၀ နာရီလောက် ချက်ကောက်လုပ် ၂ နာရီလောက်ကားစီးပြီး အက်ဒီဆင်ဘူတာကို နယူးယောက်ကို ရထားတနာရီစီး။ နယူးယောက်ပန်စတေရှင်ဘူတာကနေ ကွင်းအထိ မြေအောက်ရထား တနာရီပြန်စီး။ ချစ်ရတဲ့သူတွေနဲ့ ခရီးထွက်ရ၊ မွှေးနေ့ပွဲဆင်နွှဲရတော့ အမှတ်တရဖြစ်တဲ့ ခရီးလေးပါပဲ။


Happy Hiking!
စန်းထွန်း
မတ် ၂၉၊ ၂၀၂၂။

My favorite Classic FM
https://www.globalplayer.com/live/classicfm/uk/

19 March 2022

Bushkill Falls သွားတောလား …

 ၂၀၂၁ နိုဝင်ဘာ ၂၂ ချစ်အမတွေနဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့ နိုင်အာဂရာရေတံခွန်လို့ တင်စားကြတဲ့  Bushkill Falls ကို သွားလည်ဖြစ်တယ်။ private property မို့လို့ ဝင်ကြေး ၁၅ ကျပ် ပေးရတယ်။ ရာသီဥတုက မိုးအုံ့နေမပွင့် တော်တော်အေးတယ်။ လွယ်တဲ့ hiking trails ၂ ခုလောက် လမ်းလျှောက်ကြတယ်။ နေရောင်ခြည်တွေ လင်းလက်တဲ့နေ့ဆို ဟိုက်ကင်းထရေးလမ်းအကုန်လျှောက်၊ ပစ်ကနစ်ထွက်ပြီး တနေကုန်နေဖို့ကောင်းတယ်။ ခုတော့ အေးလို့ မြန်မြန်ပတ် မြန်မြန်ထွက်။ ကျေးဇူးတော်ပိတ်ရက်ဆိုတော့ စားသောက်ဆိုင်တွေကပိတ်လို့ သုံးဆိုင်မြောက် ကုလားဆိုင်မှာ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားကြတယ်။ တော်တော်ကောင်းတယ် ကုလားစာမကြိုက်တဲ့ကိုယ်တောင် အတော်စားနိုင်တယ်။ ပြီးတော့ Kalahari Resort ဆီသွားတယ်။ နောက်နေ့ ဘယ်ကိုသွားသလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

စန်းထွန်း
မတ် ၁၉၊၂၀၂၂။

Photographer and Model

06 March 2022

တူတော်မောင် - ၅

၂၀၂၂ မတ်လ ၁ ရက် အင်္ဂါနေ့ တူတော်မောင် ၇ နှစ် ပြည့်ပြီ။ မနှစ်က လူသန်ကြီး ဒီနှစ်တော့ ဘက်ဖိုးကားဓာတ်ကျနေလို့ road closed theme လမ်းပြင်နေတဲ့ကိတ်မုန့် မှာပေးတယ်။ ကိတ်မုန့်ဆိုင်က တကယ်တူအောင် မရမက ကားစတစ်ကာရှာဝယ်ပြီး စေတနာပါပါနဲ့ လုပ်ပေးတယ်။ ကိတ်မုန့်က ပို့ခနဲ့ လေးသောင်းလောက်ကျတယ်။ မွေးနေ့ကိတ်မှာ ကုန်မဲ့ပိုက်ဆံတွေ PDF၊ CDM၊ စစ်ဘေးရှောင်တွေကို လှုသင့်တာဆိုပြီး စိတ်ထဲအပြစ်ရှိသလို ခံစားမိတယ်။ ဖတဆိုးလေး ဒါလေးပဲပျော်ရ အမှတ်တရရှိတာ နောက်သုံးနှစ် လူပျိုပေါက်အရွယ်ဆို ကိုယ်တွေကို ဖုန်းဆက်စကားတောင် ပြောတော့မှာမဟုတ်ဘူး။ မွေးနေ့ကိတ်ပေးလဲ ပျော်တော့မှာမဟုတ်ဘူး။ ကိတ်မုန့်ကိုကြည့်ပြီး သဘောတွေကျနေတာ ကြိုက်တယ် ပျော်တယ် ကျေးဇူးတင်တယ်ဆိုပဲ။ သူ့ကို ဘယ်သူတွေက မုန့်ဖိုးဘယ်လောက် ပေးကြတယ်ပြောလို့ ကြီးကြီးလည်းပေးမယ် ဘယ်လောက်ပေးရမလဲဆိုတော့ နှစ်သောင်းပေးတဲ့။ ကြီးကြီးစန်းထွန်းက ဟတ်ပီးဘတ်ဒေးသီချင်း ကီးဘုတ်တီးပြီး ပို့ထားတယ်။ ခုထပ်တီးပြရမလားမေးတော့ မတီးနဲ့ မတီးနဲ့ ပို့ပေးထားတာပဲ တော်ပြီတဲ့။ ကြီးကြီးစန်းထွန်းက စကားပြောလို့ကောင်းတယ်တဲ့။ ဘာဂိမ်းမှမဆော့တဲ့ကိုယ်လည်း သူနဲ့ကျမှ မိုင်းခရက်၊ ဆိုလာစမတ်ဂိမ်းတွေ လိုက်ဆော့နေရပြီ။ ကြီးကြီးရေ သားဒီနေ့ကံကောင်းတယ် မြတွေ၊ စိန်တွေရတယ် ကြီးကြီးကို ပေးမလား ပေးမယ်တဲ့။ terrform မားစ်ဂြိုလ်ကိုလုပ်မယ် ကမ္ဘာကြီးပျက်စီးသွားရင် မားဂြိုလ်မှာ သွားနေရမယ်။ ကြီးကြီးတို့ကျောင်းက ပရော်ဖက်ဆာလည်း မားစ်ဂြိုလ်သွားမဲ့အယောက်၁၀၀ထဲမှာ ပါတယ်။ နာဆာက မားစ်ဂြိုလ်ကိုဆင်းသက်တဲ့အဖွဲ့ကို ဦးဆောင်တဲ့အဖွဲ့ ပရောဂျက်မန်နေဂျာက ဒေါ်မီမီအောင်တဲ့ မြန်မာနိုင်ငံက အရမ်းတော်တယ်။ ဂျူပီတာဂြိုလ်နားရောက်နေပြီ ကြီးကြီးရေ ရေ၊ အောက်ဆီဂျင်ရှိလား ရှာကြည့်ပါလား။ ကမ္ဘာပျက်ရင် အာကာသယာဉ်ကြီးစီးပြီး မားစ်၊ ဂျူပီတာဂြိုလ်တို့မှာ သွားနေရမယ်။ သူ့ဂိမ်းက ရှာဖွေတာမဟုတ်ဘူး ဂြိုလ်တွေအချင်းချင်း တိုက်ကြတာတဲ့။ သားသား အရင်တုန်းက သီတဂူဆရာတော်ကို သိပ်ကြည်ညိုတာပဲပြောတယ် ခုရော။ မကြည်ညိုတော့ဘူး ကြီးကြီးရေ မအလနဲ့ပေါင်းလို့ ဘုန်းကြီးတွေကို မကြည်ညိုချင်တော့ဘူး။ ဆရာတော် ဦးဇောတိက၊ ပါချုပ်ဆရာတော်၊ ယောဆရာတော်၊ ဆရာတော်အရှင်ဆန်ဒါတိကလို ကြည်ညိုလေးစားဖို့ကောင်းတဲ့ ဆရာတော်တွေ ရှိပါသေးတယ် သားသားရဲ့။ ကလေးတွေဆိုပြီး မသိဘူးမထင်နဲ့နော် အကုန်သိတယ်။ အဲဒီလိုတွေကြောင့် ပိုချစ်ရတာပေါ့လေ။


စန်းထွန်း
မတ် ၆၊၂၀၂၂။