Mt. Tammany သွား တောလား

၂၀၂၁ နိုဝင်ဘာ ၂၃ အင်္ဂါနေ့ ရာသီဥတုက နေသာပေမဲ့ ခဲသွားမတတ် အေးစက်နေတယ်။ မနေ့ကညနေ Kalahari Resort မှာ ချက်ကင်ဝင် ‌အိတ်တွေနေရာချပြီး Indoor Water Park ကို သွားကြည့်တယ်။ သူများတွေက ရေကူးဝတ်စုံတွေနဲ့ ကိုယ်တွေက ဒေါင်းဂျက်ကက် အထူကြီးတွေနဲ့။ ရေက အေးနေမလားလို့ သွားစမ်းကြည့်တာ နွေးနွေးလေး။ ကလေးတွေ သိပ်ပျော်ကြတာ ရေလွှာချောစီး ဘောကွင်းတွေနဲ့ကူးကြ ရေပန်းမှာရေဆော့ကြနဲ့။ ငယ်ငယ်တုန်းက ဟိုင်းကြီးချောင်း၊ မော်တင်ဘုရားပွဲချိန်ဆို မော်တင်၊ ကံချိုင်ဖက်မှာ ရေကူးကြတာကို သတိရသွားတယ်။ ကံချိုင်ဖက်ကရေက ပိုကြည်ပြီး ပြာလဲ့နေတယ်။ ရေတက်ရေကျချိန်ဆိုရင်တော့ ရေစီးကြောင်းနဲ့ ပင်လယ်ထဲ ပါမသွားမအောင်တော့ သတိထားရထားတယ်။  ကလေးတွေတင် မကဘူး လူကြီးတွေပါပျော်တာ။ ကိုယ်ပိုင်အခန်းလေးတွေငှားပြီး တီဗွီကြည့် အစားအသောက်မှာစား သီချင်းနားထောင်။ ကလေးတွေ ရေဆော့ပွဲ လူကြီးတွေက ပါတီပွဲ။ ဂိမ်းမျိုးစုံနဲ့ မီးရောင်တဖျပ်ဖျပ် သီချင်းသံ တဒိန်းဒိန်းနဲ့ အင်မတန် နားညည်းတယ် ခေါင်းပါကိုက်လာတယ်။ အသက်ကြီးလာလို့လား မသိဘူး နားအေးပါအေး နေချင်တော့တာပဲ။ လာဗီကပ်နဲ့ မကာအိုက ကာဆီနိုထဲ တနာရီတောင် မနေနိုင် ခေါင်းကိုက်လာလို့။ ရုံးမှာ ကိုယ့်ဘေးနားကလူတွေ စကားကျယ်ကျယ်ပြောရင် နားကြပ်တပ်ထားပြီး ယူကေက Classic FM ကို နားထောင်နေလိုက်တော့တာပဲ။ ရေကူးဝတ်စုံ ပါလာပေမဲ့ အေးလို့၊ ဆူညံပွက်လောရိုက်နေလို့ ရေမစိမ်ချင်တော့ဘူး။ ကိုယ်လား ‌ရေပူစမ်းမှာ ရေစိမ်ရတာ သိပ်ကြိုက်တာ။ ကိုစကာရီကာနိုင်ငံနဲ့ အလာစကာပြည်နယ် ဖဲဖန့်မြို့က ချီနာရေပူစမ်းမှာ ရေစိမ်ဖူးတယ်။ အင်မတန်ကြိုက် ရေစိမ်တာ ၂နာရီရှိပြီ ညစာစားဖို့ ဆိုင်ပိတ်တော့မယ်။ သွားမစားရင် ညစာငတ်လိမ့်မယ်ဆိုမှ ရေပူစမ်းကထတာ။ အန်ကယ်၊ အမတွေနဲ့ စကားတွေပြောလို့မဝ ညည့်နက်မှအိပ်တယ်။ အမတွေနဲ့ ခင်တာ ၂၀၁၃ ကတည်းက။ သူတို့အိမ်တွေကို ညအိပ်ညနေ သွားလည်ပေမဲ့ ခုလိုခရီးအတူတူ မသွားဖူးဘူး။ စားနပ်ရိကာအပြည့်အစုံနဲ့ လာတာဆိုတော့ စားလိုက် စကားပြောလိုက် ပါလာတွေ ရှာဖွေစားသောက်လိုက်။

ဘလော့ဂါ မမိုးငွေ့နဲ့ စကားပြောဖြစ်တယ်။ သဘောကောင်းပြီး အတော်ချောတဲ့ စီနီယာဘလော့ဂါအမ။ မနက်စာကို ပါလာတွေ စားကြပြီး ၉ နာရီခွဲမှာ စထွက်ပြီး နယူးဂျာစီပြည်နယ် Red Dot Hiking Trail ကို တနာရီလောက် မောင်းရတယ်။ လာတက်ကြသူတွေများသား။ ဟိုက်ကင်းထရေးက ၃မိုင်ခွဲလောက်ပဲရှည်တော့ ငါဟဲ့ ဟိုက်ကင်း ၁၀ မိုင် ထွက်နေကြ သုံးမိုင်ခွဲလောက်တေ့ာ အပျော့။ တောင်က မတ်မတ်ကြီး လမ်းကလည်း ကျောက်ဆောင်တွေနဲ့ မို့လို့ ဟိုက်နေအောင် တက်ရတယ်။ ကိုယ်သွားနေကြ ဟိုက်ကင်းထရေးလမ်းတွေက ပြေပြေလေး။ ဟိုက်ကင်းလို့တောင် ပြောလို့မရပါဘူး လမ်းလျှောက်တယ်လို့ပဲ ပြောရမှာ။ ကိုယ်တောင် တက်လိုက် မောလို့နားလိုက် ဆက်တက်လိုက်နဲ့ မနည်းတက်ရတယ်။ ဒူးနာတဲ့ အမတို့စုံတွဲက ကျန်နေခဲ့တယ်။ ဗျူးပွိုင့်ရောက်တော့ ရှုခင်းက အင်မတန်လှတယ်။ တမိုင်လောက်ပဲ ရှိသေးတယ် နောက်ထပ်၂မိုင်ခွဲ အတက် ၃မိုင်ခွဲအဆင်းဆိုတော့ တနာရီခွဲလောက်ကြာမှာ။ တောင်ခြေမှာစောင့်နေတဲ့ အမတို့စုံတွဲစောင့်နေရမှာစိုးလို့ ပြန်ဆင်းလာခဲ့တယ်။ နောက်တခေါက်လာပြီး တောင်ထိပ်ရောက်အောင် တက်ဦးမယ်လို့ ကြုံးဝါးတယ်။ စကားတပြောပြောနဲ့ ဆင်းလာလိုက်တာ မတ်စောက်နေတဲ့ တောင်ကြောကို ခက်ခက်ခဲခဲဆင်းနေတော့မှ အန်ကယ်က လမ်းမှားနေပြီတဲ့။ ဟုတ်ပါ့ အမှတ်အသားလည်းမတွေ့ လာလမ်းအတိုင်းပြန်လျှောက် အမှတ်အသားရှာဖွေတွေ့ရှိတော့မှ စိတ်အေးသွားတယ်။ အန်ကယ်သာ သတိမထားမိရင် ဘယ်လောက်အထိ လမ်းမှားနေမလဲ မသိဘူး။ အတက်တုန်းက ဒီအပင် ဒီကျောက်ဆောင်ကို မမှတ်မိဘူးလား။ ဟီး ... မမှတ်မိဘူး ဒါနဲ့များ ဘယ်လိုတောင်တက်နေပါလိမ့်တဲ့။ ကိုယ်သွားနေကျ ဟိုက်ကင်းထရေးလမ်းက ဖြောင့်ဖြူးနေပြီး မျက်စိမှိတ်ပြီး တက်လို့ရတယ်။ လမ်းကလည်း တလမ်းတည်း လမ်းမှားချင်လို့တောင် မမှားဘူး။ အန်ကယ်၊ အမတို့က half marathon အပြေးသမားတွေ အပတ်တိုင်း ပြေးတယ်။ သူတို့အပြေးအုပ်စုက အမတယောက်ဆို Grand Canyon မှာပြေးတာ အုပ်စုကွဲလမ်းမှားသွားလို့ သဲကန္တာရမှာ တညအိပ်ရတယ်။ 

သဲကန္တာရမှာ ညဖက်ဆို အတော်အေးတာ ဘာမှလည်းမပါ။ ဒါပေမဲ့ Survival သင်တန်းတက်ထားလို့ တော်သေးတယ်တဲ့။ ကိုယ့်ကို Survival သင်တန်းတက်သင့်တယ်တဲ့။ တက်ချင်တယ် CPR သင်တန်းလည်း တက်ချင်တယ်။ မင်း စီပီအာလုပ်ပေးလိုက်တော့မှ အသက်ပြန်လည်မလာဘဲ အသက်မြန်မြန်ထွက်သွားမှ ဒုက္ခဟဆိုပြီး ဝိုင်းနဲ့ ဟားကြ‌သေးတယ်။ နေ့လည်စာကို ကိုရီးယားဆိုင်မှာ စားကြတယ်။ ဗိုက်ကလည်း အတော်ဆာ အစားအသောက်ကလည်း အတော်ကောင်းဆိုတော့ စားလိုက်ကြတာ တက်တက်ကိုပြောင်။ အဲ့ဒီဆိုင်က ပိတ်ရက်ဆို အကြာကြီးစောင့်ရတာတဲ့။ ကိုယ်တို့သွား‌တဲ့နေ့က ကြားရက် ကျေးဇူးတော်ပိတ်ရက် မတိုင်ခင်မို့လို့ ဟိုတယ်ခလည်း နည်းနည်းသက်သာတယ်။ ကိုယ်တို့ခရီးသွားရင် ပွဲလမ်းသဘင်ပိတ်ရက်တွေကို ရှောင်တယ် ဟိုတယ်ခ၊ လေယာဥ်စျေးကြီးလို့။ ပေါ်တိုရီကိုသွားတုန်းက လေယာဥ်ခက Memorial Day ပိတ်ရက်ဆိုရင် ၄၀၀ နှစ်ပတ်စောသွားရင် ၂၀၀ ပဲ ပေးရတယ်။ တောင်တမိုင် တက်ပေလို့ပဲ တောင်ထိပ်အထိ ၃ မိုင်ခွဲအထိများတက်ရင် နောက်နေ့လမ်းတောင်လျှောက်နိုင်မယ် မထင်ဘူး။ နောက်နေ့ နိုဝင်ဘာ ၂၄ ကိုယ့်မွေးနေ့ကို surprise ကျင်းပပေးတယ်။ တခါမှမွေးနေ့ကိတ် မမှုတ်ဖူးဘူး ခုတော့မှုတ်ဖူးသွားပြီ။ မနက် ၁၀ နာရီလောက် ချက်ကောက်လုပ် ၂ နာရီလောက်ကားစီးပြီး အက်ဒီဆင်ဘူတာကို နယူးယောက်ကို ရထားတနာရီစီး။ နယူးယောက်ပန်စတေရှင်ဘူတာကနေ ကွင်းအထိ မြေအောက်ရထား တနာရီပြန်စီး။ ချစ်ရတဲ့သူတွေနဲ့ ခရီးထွက်ရ၊ မွှေးနေ့ပွဲဆင်နွှဲရတော့ အမှတ်တရဖြစ်တဲ့ ခရီးလေးပါပဲ။


Happy Hiking!
စန်းထွန်း
မတ် ၂၉၊ ၂၀၂၂။

My favorite Classic FM
https://www.globalplayer.com/live/classicfm/uk/

No comments: