28 February 2016

ယူအက်စ်သွား တောလား - ၁၅

ဂျူလှိုင် ၁၂ တနင်္ဂနွေနေ့မနက် ၇ နာရီခွဲ ဟိုတယ်ကနေ ထွက်ခွာမယ်လို့တိုးဂိုက်က မှာထားတော့ ၇ နာရီ မခွဲခင်မှာပဲ ဟိုတယ်ကနေ ချက်အောက်လုပ်၊ ဟိုတယ်ရှေ့မှာ ဓာတ်ပုံတွေ ရိုက်ဖြစ်ပါတယ်။ ဟိုတယ်က တော်တော်ကြီးတယ် ရဲတိုက်လားလို့ ထင်ရတယ်။ ဟိုတယ်ကနေ ဘော်စတွန်ကို ၄၂ မိုင် ၄၅ မိနစ်လောက် မောင်းရပါတယ်။ စောနေသေးလို့နဲ့ တူပါရဲ့ ဘော်စတွန်မြို့ထဲမှာ လူတွေကားတွေ ရှင်းလို့။ ဘော်စတွန်ဟာဘားခရူစ်စီးဖို့ နာရီဝက်လောက် နေပူထဲမှာ တန်းစီစောင့်လိုက်ရတယ်။ ဟာဘားခရူစ်စီးတော့လည်း အပေါ်ထပ်က မြင်ကွင်းကောင်းတယ်ဆိုပြီး အပေါ်ထပ်က စီးတယ်။ အဖေက နေပူလို့တဲ့ အောက်မှာသွားစီးတယ်။ နေလား အမြဲပူနေတာဆိုပြီး အပေါ်ထပ်မှာ စီးပေမဲ့ ကြာလာတော့ အပူချိန်ကြောင့် ခေါင်းကိုက်လာလို့ အောက်ထပ်ကို ဆင်းပြေးရတယ်။ အင်ဒိုနီးရှားသားအဖကတော့ တယောက်တလှည့် ဓာတ်ပုံရိုက်ကြနဲ့ အဖေနဲ့သမီး အတော်လေး ချစ်ကြပုံရတယ်။ သူများတွေက ဘော်စတွန်မြို့ နောက်ခံရူခင်းနဲ့ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေချိန်မှာ ကိုယ်တွေက ထိုင်ရာကနေတောင် မထချင်။ ဘော်စတွန်ဟာဘားခရူစ်ကို ဒုတိယအကြိမ် စီးဖြစ်တာပါ။ ပထမအကြိမ်တုန်းက အကေဒီးယားကို တကိုယ်တော်တိုးထွက်တုန်းက။ အဲဒီတုန်းက မိုးသည်းသည်းမဲမဲ ရွာနေတော့ ဘော်စတွန်မြို့ကို သိပ်မမြင်ရဘူး။ ခုတခေါက်ကတော့ နေသာတော့ ဘော်စတွန်မြို့ပတ်ဝန်းကျင်၊ အထင်ကရ ကြိုးတံတားကို မြင်ရတယ်။

‌ဘော်စတွန်
‌ဘော်စတွန်

အကေဒီးယားကို ဒုတိယအကြိမ် ဝိုင်းနဲ့သွားတုန်းက ဝိုင်းက ဘော်စတွန်ဟာဘား ခရူစ်စီးနေချိန်မှာ ကိုယ်က ပင်လယ်ကမ်းစပ်က တံတားပေါ်မှာထိုင်လို့ ဖြတ်သွားဖြတ်လာတဲ့ သင်္ဘောတွေ၊ ဇင်ယော်တွေကို ငေးကြည့်နေခဲ့တာပေါ့။ အဲဒီလို ငေးကြည့်နေရတာကို ပိုကြိုက်တယ်။ ကိုယ်တကယ်စီးချင်တာက Wales Watching ခရူစ်သင်္ဘော။ ဘော်စတွန်ကနေ သုံးနာရီလောက် ပင်လယ်ဖက်ကို ထွက်ပြီး ဝေလငါးတွေကြည့်တာ။ တိုးခရီးစဉ်တွေမှာ Wales Watching မပါတော့ ကိုယ်လည်း မရောက်ဖြစ်ဘူး။ Wales Watching ကြည့်ဖို့ ကိုယ့်ဘာသာ ဘော်စတွန်ကို သွားမှပဲ ကြည့်ဖြစ်တော့မယ် ထင်ပါရဲ့။ မိန်းပြည်နယ် အကေဒီးယား အမျိုးသားဥယျာဉ် Mount Dessert Island ဘေးကနေ Nature Cruise ခရူစ်သင်္ဘော စီးခဲ့ရတာကိုတော့ တကယ်သဘောကျတယ်။ တိုးဂိုက်က သိမ်းငှက်တွေအကြောင်း၊ လော့စ်စတာတွေကို ဘယ်လိုဖမ်းတယ်ဆိုတာ လော့စ်စတာဖမ်းတဲ့ခြင်းတောင်း၊ လော့စ်စတာရုပ်တွေနဲ့ ရှင်းပြတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဘော်စတွန်ဟာဘား ခရူစ်စီးပြီးတော့ ကမ်းနားမှာပဲရှိတဲ့ နယူးအင်္ဂလန် ရေသတ္တဝါပြတိုက်ကို သွားလည်ပါတယ်။ အထပ် ၄ ထပ်လောက်ရှိပြီး သိပ်မကြီးပေမဲ့ စုံသား။ ရေသတ္တဝါပြတိုက်မှာ ၁ နာရီခွဲလောက် လည်ပြီးတော့ နေ့လည်စာစားဖို့ Quincy Market ကို သွားကြပါတယ်။ ကမ်းနားနဲ့ Quincy Market က သိပ်မဝေးဘူး။ Quincy Market က ရှေးဟောင်းဈေး။ ထမင်းကြော်၊ ခေါက်ဆွဲကြော် ဝယ်စားပေမဲ့ အစားအသောက် ပျက်နေတဲ့ကိုယ်က အသီးအနှံတွေပဲ စားနိုင်တယ်။

မိန်းပြည်နယ် အကေဒီးယား သွားတုန်းက ဝိုင်း ဘော်စတွန်ဟာဘားခရူစ် စီးတာကို စောင့်နေချိန်
‌ဘော်စတွန်

၁၂ နာရီခွဲ ဈေးရှေ့မှာ ဆုံမယ်လို့ တိုးဂိုက်က ပြောထားပေမဲ့ ဘာမှဝယ်စရာမရှိ၊ ဆိုင်တွေကို လိုက်မကြည့်ချင်တာနဲ့ပဲ ဈေးထိပ်မှာပဲ စောင့်နေဖြစ်တယ်။ အဖေက ဈေးဘေးအတော်ဝေးနေတဲ့ နေရာမှာ တိုးကားတွေ ရပ်ထားတာမြင်လို့ သွားကြည့်တော့ ကိုယ်တို့တိုးကားကို တွေ့တယ်။ တိုးကားဆီရောက်တော့ တိုးဂိုက်က အံ့သြလို့ ကိုယ်တို့တွေ ဘယ်လိုလုပ် တိုးကားကို ရှာတွေ့ပါလိမ့်ပေါ့ ကိုယ့်အဖေ ရှာတွေ့တာလေ။ နောက်တော့ တိုးဂိုက်က ခရီးသည်တွေကို သွားခေါ်တယ်။ ခရီးစဉ် ပြီးဆုံးပြီမို့ နယူးယောက်ကို ပြန်ပါပြီ။ နယူးယောက်ကို ၂၁၆ မိုင်၊ လေးနာရီသာသာ မောင်းရပါတယ်။ ၂ နာရီလောက် မောင်းပြီးရင် Rest Area တွေမှာ ရှူးရှူးပေါက်ဖို့ ရပ်ပေးပါတယ်။ ကားလမ်းသိပ်မပိတ်တာနဲ့ ဖလပ်ရှင်းကို ဝင်တာစောတော့ mini's shabu shabu မှာ ဟော့ပေါ့သွားစားဖြစ်တယ်။ ညရောက်လို့ မျက်နှာသစ်တော့ ကိုယ့်မျက်နှာတခုလုံး ရဲပလောင်းခတ်နေတာပဲ။ အမေကတော့ ပြောသား သမီးမျက်နှာ နီရဲနေတယ်တဲ့။ ကိုယ်က နေပူလို့ ထင်နေတာ။ နောက်နေ့ ရုံးတက်တော့ ရုံးကလူတွေက လာလာမေးကြတယ် နေကောင်းရဲ့လား မျက်နှာကနီနေလို့လေ။ သူတို့က နေရောင်ခြည်ကြောင့် sun burn ဖြစ်တယ်လို့ ထင်ကြပေမဲ့ ကိုယ်ကသိတယ် လူးပက်စ်ကြောင့် butterfly rash ဖြစ်တာလို့။

One World Observatory

ညနေတိုင်း အဖျားနည်းနည်းတက်ပြီး fatigue ပင်ပန်းနွမ်းနယ်လို့ ည ၉  နာရီလောက်ဆို အိပ်ငိုက်နေပြီ။ နောက်တပတ် အရေပြားဆရာဝန်နဲ့ သွားပြတော့ သောက်ဆေး၊ လိမ်းဆေးတွေ ပေးလိုက်တယ်။ နီရဲနေတာတွေက မဲပြီးကျန်ခဲ့တော့ မျက်နှာပြင်တခုလုံး မည်းနေတာများ လူတွေက လိုက်ကြည့်ကြတယ်။ ကိုယ့်မျက်နှာကို ကိုယ်ပြန်မကြည့် ချင်လောက်အောင်ပါပဲ။ ၆ လလောက် ကုယူတော့မှ နည်းနည်းလေး ပြန်ဖြူလာတယ်။ ဒါတောင် နှာခေါင်းနဲ့ ပါးစပ်အပေါ်ကြား၊ ညာဖက်နဖူးထောင့်၊ ပါးပြင်တွေမှာ အမည်းကွက်လေးတွေ ရှိနေတုန်း။ ဆောင်းရာသီပေမဲ့ sun screen တွေ လိမ်းရတယ်။ ခုနွေရာသီရောက်တော့မယ်ဆိုတော့ ဆရာဝန်မကမှာတယ် sun screen များများလိမ်း၊ ဦးထုပ်ဆောင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်ဝတ်နော်။ ဘော်စတွန်ဟာဘား ခရူစ်စီးတုန်းကလို မဖြစ်စေနဲ့လို့ သတိပေးနေသေးတယ်။ အဖေတို့က ဗီဇာ ၆ လ ရပေမဲ့ ၃ လလောက်နေမယ်လို့ မှန်းထားတာ မောင်မောင်က ဖုန်းတဂွမ်ဂွမ်ဆက်၊ အဖေ့အလုပ်တွေကို ကောင်းကောင်းမဦးစီးနိုင်လို့ အဖေ့စက်လှေတွေ မထွက်နိုင်။ ဒီတော့ နောက်တပတ် ပြန်ပါတော့မယ် ဖြစ်ပါလေရာ။ လေယာဉ်လက်မှတ်ကို ရက်ပြန်ချိန်းတော့ ၂၅ ကျပ် ပေးရတယ်။ ဇူလှိုင် ၁၉  တနင်္ဂနွေနေ့ ရန်ကုန်ပြန်မယ်ဆိုတော့ ဇူလှိုင် ၁၈ စနေနေ့မှာ World Trade Center ရဲ့ One World Observatory ကို လိုက်ပို့ဖြစ်ပါတယ်။


အဲဒီနေ့မှာ အရေပြားဆရာဝန်နဲ့ ပြရမယ်ထင်လို့ သွားတာ နောက်နေ့မှတဲ့။ တရုတ်တန်းက ဝေါထရိတ်စင်တာကို ရထားစီးတာ ရထားက traffic ကြောင့် မသွားတော့ဘူးဆိုလို့ဆင်း နောက်ရထားတစီးကိုစောင့်တာ နာရီဝက်လောက်ကြာတဲ့အထိ ရထားမလာလို့ အပေါ်ကိုပြန်တက် တက္ကစီငှားပြီး သွားလိုက်တော့တယ်။ ဝေါထရိတ်စင်တာနားမှာ ရပ်ပေးပြီး တက္ကစီခက ၁၀ ကျော်လောက်ပဲကျတယ်။ ၁၂ : ၄၅ လက်မှတ်ကို ၃ နာရီ ကျော်မှပဲရောက်တယ်။ ဒါပေမဲ့လည်း တန်းစီစောင့်စရာ မလိုပါဘူး တခါတည်း ဝင်လို့ရတယ်။ အထပ်တရာကျော်ကို တမိနစ်တည်းနဲ့ရောက်တဲ့ ကမ္ဘာပေါ်မှာ အမြန်ဆုံးဓာတ်လှေကား၊ ၁၀၃ ထပ် အမြင့်ကနေ နယူးယောက်ပတ်ပတ်လည် ၃၆၀ ဒီဂရီ ပတ်ပတ်လည်၊ မက်ဟန်တန်၊ ကွင်းစ်၊ ဘရွှတ်ကလင်း၊ နယူးဂျာစီ၊ စတေတန်အိုင်လန်၊ ဂါဘနာအိုင်လန် မြင်ရတယ်။ Tunnel မြေအောက်လှိုဏ်ခေါင်းအတွက် လေဝင်လေထွက် ကောင်းမွန်အောင် မြစ်တဖက်တချက်စီမှာ ဆောက်လုပ်ထားတဲ့ လေရဟတ်အဆောက်အဦးတွေကိုပါ မြင်ရတယ်။ အောက်မှာ ဥဒဟိုသွားလာနေတဲ့ ကားတွေကို မြင်ရတာ အသည်းယားစရာ။ ဝေါထရိတ်စင်တာကနေ နယူးဂျာစီဖက်ကို သွားတဲ့ရထားစီး တဘူတာ ဟိုဖက်ကမ်းက Exchange Place ဘူတာမှာဆင်းပြီး မက်ဟန်တန် skyline ကို ကြည့်တယ်။ ကိုယ့်ကလိုင်းရင့်ရုံးက အဲဒီကို မကြာခင်ရွှေ့တော့မှာဆိုတော့ ကိုယ်ရုံးတက်ရမဲ့နေရာ ဆိုပါတော့။


အိမ်ပြန်ရောက်တော့ အထုပ်တွေသိမ်း။ အဖေရေ ဗမာတွေဆိုရင် မိတ်ဆက်ပြီး အကူအညီတောင်းနော်လို့ မှာထားတယ်။ ကံကောင်းချင်တော့ ကိုယ့်မွေးစားအစ်ကိုက သူ့အဖေ နေမကောင်းလို့ပြန်မှာ အဖေတို့နဲ့ လေယာဉ်တစီးတည်းဆိုတော့ လုံးဝစိတ်မပူတော့ဘူး။ ဘုရင့်နောင်ပွဲရုံက သူဋ္ဌေးပွဲစားက အိမ်မှာခိုင်းဖို့ ကောင်မလေးတွေခေါ် ပျော်အောင်ဆိုပြီး ရွှေတိဂုံဘုရားတွေလိုက်ပြ၊ ရန်ကုန်တခွင် အနှံ့လိုက်ပြပြီးတော့ ကောင်မလေးတွေက ပြန်ပါတော့မယ် ဖြစ်ပါလေရာ။ ခုလည်း အမေရိကန်တခွင် နှံ့ပြီမို့ ပြန်တော့မယ်လို့ အဖေကပြောလို့ ကိုယ့်မှာရယ်လိုက်ရတာ။ အမေရိကန်မှာ ၁ လနဲ့ တစ်ပတ်နေသွားတာမှာ ရက် ၂၀ လောက်က ခရီးသွားနေတာ။ ဒီလောက် ခရီးကြမ်းနှင်နေတာ အဖေနဲ့အမေ နေမကောင်း မဖြစ်တာ တော်သေးတယ်။ ကိုယ် အဖေတို့ကို လိုက်ပို့ချင်တဲ့၊ ကိုယ်သွားလည်ချင်တဲ့ ခရီးတွေဆိုတော့ ပိုက်ဆံကုန်ရကျိုး၊ ပင်ပန်းရကျိုးနပ်ပါတယ်။ နောက်နှစ်တွေမှာလည်း အဖေတို့ လာလည်ခဲ့ရင် ယူအက်စ်သွားတောလားတွေ အနေနဲ့ တင်ပါဦးမယ်။ ဘလော့ကို ပစ်ထားတာ အတော်ကြာပြီ လွန်ခဲ့တဲ့နှစ်ပတ်က ရင်ညွန့်အောင့်၊ နံရိုးအောက်ကအောင့်၊ ထိုင်နေ၊ မတ်တပ်ရပ်နေရင် အကောင်း၊ လှဲအိပ်ရင်အကောင်း၊ လှဲအိပ်လို့ ညာဖက်ကိုစောင်းရင်အောင့်၊ ဘယ်ဖက်ကိုစောင်းရင်အောင့်လို့ ၃ရက်လောက် အိပ်မပျော်။ ခံတွင်းပျက်လို့ မစားနိုင်၊ ဈေးမသွားလို့ စားစရာမရှိ၊ အိမ်ရှင်ဆီက နွားနို့၊ ပေါင်မုန့်တွေစား၊ နာလို့ငိုနဲ့ ခွင့် ၄ ရက် ယူလိုက်ရတယ်။

Jersey City, New Jersey

မကြီးက သူ့ငယ်သူငယ်ချင်းရဲ့ သူငယ်ချင်းအစ်မနဲ့ ကိုယ့်မွေးစားအစ်မကို လှမ်းဖုန်းဆက်တော့ သူတို့တွေလာကြပြီး အစားအစာတွေ လာပေး၊ ကိုယ့်မွေးစားအစ်မက ခံတွင်းလိုက်အောင်လို့ မရမ်းသီးထောင်း၊ ချဉ်ပေါင်ကြော်၊ ဝက်သားနဲ့မျှစ်ချဉ်၊ ပုဇွန်ထုပ်၊ ပန်းဂေါ်ဖီဟင်းချိုတွေ လာပေးပြီး လာကြည့်တယ်။ နောက်နေ့ကျတော့ ကြာဇံဟင်းခါး၊ သုပ်စားဖို့ဟာတွေ၊ ဘူးသီးနဲ့ ကြက်သား၊ အာဗြဲခြောက်ကြော်တွေ လာပို့တယ်။ ကိုယ်လည်း ဆုံးဖြတ်လိုက်တယ် သူတို့နဲ့ နီးနီးနေမှ ဖြစ်မယ်လို့။ ခုဂျပန်အိမ်မှာ ကိုယ်နေမကောင်းတာကို အိမ်ရှင်တွေမသိ အိမ်ရှင်တွေကလည်း အိမ်မကပ်။ တဘူတာဝေးတော့ ကိုယ့်အစ်မသူငယ်ချင်းနဲ့ မွေးစားအစ်မတွေက လာဖို့ခက်တယ်။ သူတို့တိုက်မှာပဲ အခန်းရှာပြီး နောက်တပတ်မှာ ပြောင်းတော့မယ်။ ခုအိမ်မှာ ၂ နှစ်ကျော် အဆင်ပြေပေမဲ့ ကိုယ့်ကျန်းမာရေးကြောင့် နတ်ဆုနဲ့ မိုချီတို့ကို ခွဲရတော့မယ်။ အိမ်အသစ်မှာ အဆင်ပြေပါ့မလား၊ ငါးနှစ်တောင်ရှိပြီဆိုတော့ ပစ္စည်းတွေကများ။ ဒါတောင် ကိုယ်က ဆူနမ်တို့လို မွေ့.ယာ၊ ဖုန်စုပ်စက်၊ မိုက်ခရိုဝေ့စ်၊ အိုးခွက်ပန်းကန်၊ ထိုင်ခုံတွေဘာတွေ ဘာမှမရှိဘူး။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က ဆူနမ်ကလည်း သူ့အခန်းဖော်တွေ အလုပ်ပြောင်းလို့ အိမ်ပြောင်းမယ်၊ စာချုပ်ကလည်း ပြည့်ပြီမို့လို့ အခန်းရှာနေပါတယ်တဲ့။ ကိုယ့်ကို လာမေးနေတယ် အခန်းဘယ်လိုရှာတာလဲတဲ့ ကိုယ်ကတော့ Craigslist ကနေ ရှာတာပဲ။



ဝိုင်းကလည်း သူ့အခန်းဖော် တရုတ်မက အလုပ်ပြောင်းနိုင်တာမို့ အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းမှာမို့ သူလည်း အခန်းရှာရတော့မယ်ထင်တယ်။ အခန်းတွေဘာတွေ သိရင်ပြောပါဦးတဲ့။ သူကတော့ ယူအန်ရုံးနဲ့နီးတဲ့ မက်ဟန်တန်မှာပဲ ရှာရပါမှာ။ ကိုယ်တို့သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်ပြီး အတူတူ အခန်းတွေ ရှာနေရပါလိမ့်။ ကိုယ်ကြုံခဲ့တဲ့ အိမ်ရှင်တွေက အတော်ကောင်းလို့ အိမ်ရှင်တွေနဲ့ ပတ်သက်ရင် ကိုယ်ကံကောင်းတယ်လို့ ဆိုရမယ်။ ကန်တက်ကီအိမ်ရှင်မဆိုရင်လည်း ကိုယ်ကား မဝယ်နိုင်ခင်တုန်းက သက်သာတဲ့နှုန်းထားနဲ့ ကြိုပို့လုပ်ပေး၊ အာရှဆိုင်တွေကို လိုက်ပို့ပေး၊ ကိုယ့်ကားဘီးပေါက်လို့ လေပြားနေတာကို လေဖြည့်၊ သူကိုယ်တိုင်မောင်းပြီး ဝပ်လျှော့ကိုလိုက်ပို့၊ ပြန်ယူလာနဲ့ ညီမလေးတစ်ယောက်လို  စောင့်ရှောက်တယ်။ မေရီလန်းအိမ်ရှင်လည်း သဘောကောင်းတယ်။ နယူးယောက်ရောက်တော့ နှစ်လနေခဲ့တဲ့ ဗမာအိမ်ရှင်တွေလည်း သဘောကောင်းတယ်။ ခု ၂ နှစ်ကျော်နေတဲ့ ဂျပန်အိမ်ရှင်တွေလည်း သဘောကောင်းတယ်။ အိမ်ရှင်တွေနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာခဲ့ရတော့ အခုအိမ်ရှင်သစ်တွေနဲ့လည်း စိတ်ချမ်းသာဖို့ မျှော်လင့်ရတာပဲ။ စိတ်မချမ်းသာခဲ့ရင် ပြောင်းပေါ့။ ဘဝဆိုတာ ဒီလိုပါပဲ မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တော့ ဟိုအကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီအကွေ့ရောက်ရင် ဒီအတက်နဲ့လှော်ရမှာပဲပေါ့။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၆။

23 January 2016

ယူအက်စ်သွား တောလား - ၁၄

ကယ်လီဖိုးနီးယား ၇ရက်ခရီးစဉ်ပြီးတော့ အတော်ပင်ပန်းသွားတယ်။ နောက်တပတ် ရုံးပိတ်ရက်မှာ ဘော်စတွန်ကို သွားမှာဆိုတော့ တပတ်လုံးလုံး အိမ်မှာနေရတာ အဖေနဲ့အမေ ပျင်းနေမှာပဲဆိုပြီး ဗုဒ္ဓဟူးနေ့ညနေ ရုံးဆင်းချိန်မှာ အိမ်နားကဘူတာနားမှာ အဖေတို့ကို ဝင်ခေါ်ပြီး မက်ဟန်တန်နဲ့ ကွင်းစ်ကြားက ရုစဗဲ့အိုင်လန် ကျွှန်းလေးဆီ လိုက်ပို့ဖြစ်ပါတယ်။ F ၊ M ၊ R ရထားတွေက ရုစဗဲ့အိုင်လန်ဘူတာမှာ ရပ်တာမို့ ရုစဗဲ့အိုင်လန်ကို တိုက်ရိုက်သွားလို့ရပေမဲ့ မက်ဟန်တန်ဖက်ခြမ်းကို ရထားစီးပြီးမှ ထရမ် Tram စီးသွားတာပါ။ ထရမ်စီးခက ရထားကဒ် Metro Card နဲ့ပဲ ပေးနိုင်ပါတယ်။ ထရမ်စီးပြီး မက်ဟန်တန်၊ ကွင်းစ်တို့ကို အပေါ်စီးကနေ မြင်ရတဲ့မြင်ကွင်းက တမျိုးလှတယ်။ ၂၀၁၀ ဟောင်ကောင်လေဆိပ်နားကနေ Giant Buddha ရုပ်ထုရှိတဲ့ Lantau Island လန်ထောင်အိုင်လန်ဆီကို ကောင်းကင်ကေဘယ်လ်ကား စီးပြီးသွားလည်ခဲ့ဖူးတာကို သတိရမိတယ်။ ရုစဗဲ့အိုင်လန်က မက်ဟန်တန် တဖက်ကမ်းဆိုတော့ အိမ်ခန်းတွေက ကျဉ်းပေမဲ့ အိမ်ခန်းငှားခက ဈေးကြီးတယ်။ ကျွှန်းပတ်ပတ်လည်မှာ jogging ပြေးဖို့၊ စက်ဘီးစီးဖို့ လမ်းလေးရှိတယ်။ ကိုယ်က ပြေးစက်ထက် အဲဒီလိုနေရာမျိုးမှာ ဂျော့ကင်းပြေးချင်တာ။ ကန်တက်ကီအိမ်က ကိုယ့်အခန်းရှေ့မှာ ပြေးစက်ရှိတယ် တခါမှ မပြေးဘူး။ မေရီလန်းမှာကျတော့ ဆူနမ်တို့အိမ်နားက ရေကန်၊ ကိုယ့်အိမ်နားက မတ်သရူးဟက်ဆန် ပြေးလမ်းတွေမှာတော့ ပြေးတယ်။ နယူးယောက်ရောက်တော့မှ လုံးဝမပြေးတော့တာ။ ခုတော့ပိုဆိုး ပြေးကိုမပြေးနိုင်တော့ဘူး။

Yale University Library, New Haven, Connecticut

ဂျူလှိုင် ၁၁၊ ၁၂ မှာ တစ်ညအိပ်၊ နှစ်ညခရီးခရီး ဘော်စတွန်ခရီး ထွက်ဖြစ်ပါတယ်။ ကိုယ့်အိမ်ကနေ ငါးဘူတာလောက်ပဲဝေးတဲ့ ဖလပ်ရှင်းမှာ မနက် ၈ နာရီခွဲဆုံ၊ ရှယ်တယ်နဲ့ တရုတ်တန်းကိုသွား၊ တိုးဂိုက်ဆီမှာ ချက်ကင်ဝင်၊ ၉  နာရီလောက်မှာ နယူးယောက်ကနေ ထွက်ခွာပါတယ်။ တိုးဂိုက်နာမည်က Dragon ဟင် ... တိုးဂိုက်လေးက ငယ်ငယ်လေးပါလား ခန္ဓာကိုယ်ဆိုဒ်ကြောင့် နေပါလိမ့်မယ်။ ပထမဆုံးသွားရောက် လည်ပတ်မဲ့နေရာကတော့ နယူးယောက်ရဲ့ အရှေ့မြောက်စူးစူး မိုင် ၈၀၊ ၂ နာရီသာသာမောင်းရတဲ့ Connecticut ကွန်နပ်တီကပ်ပြည်နယ် New Haven နယူးဟေဗင်မြို့က  နာမည်ကျော် Yale University ယေးလ်တက္ကသိုလ်။ အမေရိကန်သမ္မတဟောင်း ဂျော့ဒဘလူဘုရှ်ချ်၊ ဘီလ်ကလင်တန်၊ ဟီလာရီကလင်တန်တို့ တက်ခဲ့တဲ့ကျောင်းပေါ့။ ယေးတက္ကသိုလ်ကျောင်းသူမလေးက တိုးဂိုက်အဖြစ် ကျောင်းကိုလိုက်ပြမှာပါ။ တိုးဂိုက်မလေးက ထက်မြက်ပြီး ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ သူထင်တယ်။ တဖ်စ်ပေးနိုင်ပါတယ် ကျောင်းသားတွေအတွက် မုန့်ဖိုးအနေနဲ့ပေါ့လို့ တိုးဂိုက်က မှာတယ်။ တိုးဂိုက်မလေးက ငယ်ငယ်ချောချောလေး အင်္ဂလိပ်လိုရော၊ တရုတ်လိုရော ရှင်းပြပါတယ်။ သူ့အလုပ်ကို ကျွှမ်းကျွှမ်းကျင်ကျင် တိတိကျကျ ပရော်ဖက်ရှင်နယ်ဆန်ဆန် အကောင်းဆုံးလုပ်သွားတယ်။

Breakers Mansion, Newport, Rode Island

ယေးတက္ကသိုလ်ကို ၁၇၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တတိယသက်တမ်း အရှည်ကြာဆုံးကျောင်းပါ။ ၁၇၁၈ ခုနှစ်မှာ အလှုရှင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ဗဏီရဲ့ မြို့တော်ဝန် Elihu Yale ကိုအစွဲပြုပြီး ယေးလ်ယူနီဗာစတီလို့ နာမည်ပေးခဲ့တာတဲ့။ တက္ကသိုလ်နာမည် ပြောင်းတဲ့အချိန် အလှုရှင်က အင်္ဂလန်ရောက်နေလို့ သိတောင်မသိဘူးတဲ့။ တိုးဂိုက်က အဆောက်အဦးတွေရဲ့ ရာဇဝင်ကို ရှင်းပြပါတယ်။ တရုတ်လိုရှင်းပြနေတဲ့အချိန်ဆို ဓာတ်ပုံပြေးရိုက်၊ အင်္ဂလိပ်လိုရှင်းပြချိန်မှာ နားထောင်၊ အဖေ့တို့ကို ပြန်ရှင်းပြ။ အဆောက်အဦးတွေက ရှေးဟောင်းအဆောက်အဦးတွေ အင်မတန်ခန့်ညားတယ်။ အရင်က ဘုရားရှိခိုးကျောင်း ခုတော့စာကြည့်တိုက် အောက်ထပ်မှာ။ စာအုပ်တွေ သိန်းသန်းချီ ရှိတယ်တဲ့။ ဘုရားရှိခိုးကျောင်းရှေ့က ရေပန်းလေးက ယေးလ်တက္ကသိုလ်ကျောင်းထွက် အမျိုးသမီးတစ်ယောက်ကို ဂုဏ်ပြုထားတာတဲ့။ ယေးတက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ရုပ်ထုတစ်ခုမှာ ထူးခြားချက်တစ်ခုရှိတယ် ရှာကြည့်ပါတဲ့။ ရှာကြည့်တော့ မတွေ့ဘူး ရိုးရိုးသာမန်ရုပ်ထုပါပဲ။ သူ့လက်ကောက်ဝတ်မှာ သံကြိုးခတ်ထားတယ်တဲ့။ သြော် ... ဟုတ်သား။ သူက နေသန်‌ဟေလ် Nanthan Hale ။ အမေရိကန်တော်လှန်ရေးစစ်ပွဲတုန်းက Continental Army ဖက်က အမေရိကန်စစ်သား။ ပထမဆုံးအမေရိကန်စပိုင်လို့ ယူဆကြတယ်။ နယူးယောက်စီးတီးဆီက ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့ ဗော်လန်တီယာလုပ်ခဲ့တာ။ ဗြိတိသျှတွေ သူ့ကိုဖမ်းမိပြီး ကြိုးပေးမသတ်ခင် သူနောက်ဆုံးပြောခဲ့တဲ့စကားက  "I only regret that I have but one life to loose for my country" တဲ့။

Breakers Mansion, Newport, Rode Island

အမေရိကန်တွေက သူ့ကို သူရဲကောင်းလို့ သတ်မှတ်ထားတယ်။ စီအိုင်အေက ရုပ်တုကို လာတောင်းပေမဲ့ ယေးတက္ကသိုလ်က မပေးဘူးတဲ့။ ခုထိတိုင် ယေးလ်တက္ကသိုလ်ဝင်းထဲမှာ ရှိလေရဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာလောက်ကဆိုတော့ ဓာတ်ပုံတွေဘာတွေ ဘယ်ရှိပါ့မလဲ။ နေသန်ဟေးလ်ရုပ်ထု ထုတော့မယ်ဆိုတော့ တက္ကသိုလ် Year Book ဓာတ်ပုံတွေထဲက ရုပ်ခပ်ဖြောင့်ဖြောင့်တစ်ယောက်ကို ရွေးချယ်ပြီး ထုထားတာတဲ့။ အဖေ တက္ကသိုလ်ကြီးက မခမ်းနားဘူးလား အင်း ခမ်းနားတယ်။ ဒီလိုတက္ကသိုလ်မျိုးမှာ ဘွဲ့ယူချင်တာ ခုတော့ မယူနိုင်တော့ဘူး အဖေ့မြေးလက်ထက်မှ တက်ယူပေါ့လို့ပြောတော့ အဖေက ပြုံးတယ်။ ကိုယ့်သားသမီး၊ တူ၊ တူမတွေက ယေးတက္ကသိုလ် တက်ရလောက်အောင် ထူးချွှန်ဦးမှ၊ အဖေကလည်း အသက်ရှည်ဦးမှ။ စုရပ်ဆီပြန်ရောက်တော့ တိုးဂိုက်မလေးကို တဖ်စ်ပေးချင်ပေမဲ့ သူများတွေမပေးတော့ မပေးဖြစ်ဘူး။ ဒုတိယသွားရောက်တဲ့နေရာကတော့ မိုင် ၁၀၀၊ ၂ နာရီအဝေးက ရုဒ်အိုင်လန် Rode Island ပြည်နယ်ထဲက နယူပို့ New Port မြို့ဆီက Breakers Mansion ပါ။ နေ့လည်စာကိုတော့ Fast Food ဆိုင်မှာစားရတယ်။ ယူလာတဲ့ခေါက်ဆွဲခြောက်ဘူးကို Convenient Store က ရေနွေးထည့်ပြီးပြုတ်၊ မက်ဒေါနယ်ကနေ Lobster Roll ၊ Mac Chicken Burger ဝယ်စားပေမဲ့ အဖေတို့က ပေါင်မုန့်ထက် ခေါက်ဆွဲပြုတ်ကို ပိုကြိုက်တယ်။ ရုဒ်အိုင်လန်ပြည်နယ်ထဲ ဝင်လိုက်တာနဲ့ ရွက်လှေတွေ အများကြီးတွေ့ရတယ်။ သူဋ္ဌေးတွေ အပန်းဖြေတဲ့ပြည်နယ် ဆိုပါတော့ ဘော်စတွန်နဲ့တူတယ်။ အိမ်ကို တကူးတက သွားကြည့်ရအောင် အဲဒီအိမ်က ဘာများထူးခြားပါလိမ့်။

Harvard University, Cambridge, Massachusetts

ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းလိုက်ကြည့် အင်္ဂလိပ်၊ တရုတ်လို ရှင်းပြတဲ့ ဝေါ်ကီတော်ကီလေးကို နားထောင်၊ သိချင်တဲ့အရာတွေဆို ချိတ်ဆွဲထားတဲ့ နံပါတ်တွေကိုကြည့်ပြီး ဝေါ်ကီတော်ကီက နံပါတ်တွေကို ရိုက်ထည့်လိုက်ရင် ရှင်းပြပေးတဲ့အသံ ထွက်လာတယ်။ အိမ်ကြီးက တကယ်ခမ်းနားတယ်။ ပင်လယ်ကမ်းခြေဘေးနားမှာ ပန်းခြံလည်းရှိတယ်။ နောက်သွားရောက်လည်ပတ်မဲ့ နေရာကတော့ နယူပို့မြို့ကနေ မြောက်ဖက်စူးစူး မိုင် ၈၀၊ ၂ နာရီသာသာ မောင်းရတဲ့ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ပါ။ ဘော်စတွန်ဆိုရင် ဟားဗတ်၊ အမ်အိုင်တီတို့လို နာမည်ကြီးတက္ကသိုလ်တွေ ရှိတဲ့မြို့လို့ သိကြမှာပါ။ ၁၆၃၆ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ရဲ့ သက်တမ်းအရှည်ကြာဆုံး တက္ကသိုလ်တစ်ခု။ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေထဲမှာ ပါဝင်ပါတယ်။ Love Story in Harvard ကိုရီးယားရုပ်ရှင် ကြည့်ပြီးကတည်းက ဟားဗတ်ကို ရောက်ဖူးချင်နေခဲ့တာ။ ဘော်စတွန်မြို့မှာ ရှိတာမဟုတ်ပါဘူး။ ဘော်စတွန်မြို့တဖက်ကမ်းက ကိန်းဘရချ်မြို့ Cambridge မှာ ရှိတာပါ။ မြို့လယ်ကောင်မှာ ကားပါကင်နေရာခက်တော့ သင့်တော်တဲ့နေရာမှာ ချပေးပြီး ဟားဗတ်ဆီ လမ်းလျှောက်ကြပါတယ်။ ဂျွှန်ဟားဗတ်ရုပ်တုရဲ့ ခြေထောက်ကို ကိုင်ပြီးတော့မှ ဓာတ်ပုံမရိုက်ရင် ဟားဗတ်ရောက်တယ်လို့ ဘယ်ဆိုနိုင်ပါ့မလဲ။

John Harvard statue, Harvard University

တိုးဂိုက်က Harry Elkins Widener Memorial Library ကို ညွှန်ပြပြီး ဒီစာကြည့်တိုက်အကြောင်း သိလားလို့မေးတယ်။ ခေါင်းခါပြတော့ ဒီစာကြည့်တိုက်က ၁၉ ၁၂ တိုင်တန်းနစ်သင်္ဘောမြှပ်တုန်းက သေဆုံးသွားတဲ့ ဟားဗတ်ကျောင်းထွက် သားဖြစ်သူအတွက် သူ့အမေက တည်ဆောက်ခဲ့တာတဲ့။ စာအုပ် ၃.၅ သန်း ရှိတယ်။ နောက်သွားရောက်လည်ပတ်တဲ့ နေရာကတော့ အမ်အိုင်တီလို့ ခေါ်ကြတဲ့ မန်ဆာချူးဆက်နည်းပညာတတက္ကသိုလ်ပါ။ တက္ကသိုလ်မိန်း အဆောက်အဦးရှေ့မှာ ဓာတ်ပုံရိုက်၊ ရှေ့ကပန်းခြံမှာထိုင်၊ အံမယ် ... တရုတ်တွေက Falun Gong ဖာလွန်းကုန်းအကြောင်း စာရွက်တွေ၊ ဗွီဒီယိုနဲ့ ရှင်းပြနေတယ်။ ယူတာ့ပြည်နယ် စတိတ်ကယ်ပီတယ် အဆောက်အဦးရှေ့မှာလည်း တွေ့ဖူးတယ်။ ညနေစာစားဖို့အသွား Trinitiy Church ကိုဝင်ဖို့ စီစဉ်ထားပေမဲ့ ကားပါကင်နေရာ မရလို့ မဝင်တော့ဘူး။ အောက်မက်ဟန်တန်မှာရှိတဲ့ Trinity Church အတိုင်းပါပဲတဲ့။ ခုရောက်နေတဲ့နေရာ လမ်းမတလျှောက်က ဘော်စတွန်မာရသွန်ကျင်းပတဲ့နေရာ။ ၂၀၁၃ တုန်းက ဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲတာ ဒီလမ်းမကြီးမှာတဲ့။ ညနေစာကို တရုတ်တန်းက တရုတ်ဆိုင်မှာ သွားစားကြတယ်။ အိန္ဒိယမိသားစုကတော့ တိုးအဖွဲ့နဲ့ မလိုက်ဘူး သူတို့ဘာသာ သွားစားတယ်။ မိသားစုစတိုင် ကိုယ်တို့က နံပါတ်တစ်စားပွဲဝိုင်း ၉  ယောက် ဒီညနေစာက တိုးခမှာပါပြီးသား။ ကိုယ်တို့ဘေးမှာက အင်ဒိုနီးရှား သားအမိသားအဖ သုံးယောက်၊ ကိုယ့်ဘေးမှာထိုင်တဲ့ တရုတ်မနဲ့ သူ့အဖွဲ့နှစ်ယောက်။

Massachusetts Institute of Technology, Cambridge, MA

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက တော်လား၊ ကောင်းလားလို့မေးတော့ သူကတော့ ကောင်းပါရဲ့ သူ့အစိုးရအဖွဲ့က အရင်လူတွေ အတိုင်းပါတဲ့။ လော့စတာလာချတော့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ အခွံကများများ အသားကနည်းနည်း။ တခြားဟင်းတွေကတော့ ကြက်ကြော်၊ ပဲသီးကြော်၊ soup ၊ တိုဖူးကြော် တအားမချိုတော့ စားကောင်းသား။ အဖေက သမီးရေ မနက်ဖြန်နေ့လည်ကျရင် Fast Food ပဲ စားရမယ်ထင်တယ်။ သူတို့ကို ခွင့်တောင်းပြီး ဟင်းကျန်တာတွေထည့်၊ ထမင်းဝယ်သွားရအောင်တဲ့။ ကြည့် ထမင်းမစားရမှာစိုးလို့ဖြစ်နေတာ။ ထမင်းဝိုင်းက အင်ဒိုနီးရှား၊ တရုတ်တွေကို ခွင့်တောင်းတော့ အိုကေ၊ သူတို့ကတောင် ကူထည့်ပေးတယ်။ ထမင်းတစ်ဘူး ၂ ကျပ် ဝယ်လိုက်တယ်။ ဘော်စတွန်ကနေ မြောက်ဖက်စူးစူး မိုင် ၄၅၊  ၁ နာရီသာသာ မောင်းရတဲ့ နယူးဟမ်ရှိုင်းယား New Hampshire ပြည်နယ် Nashua မြို့က Radisson ဟိုတယ်မှာ ညအိပ်ပါတယ်။ မိန်း Maine ပြည်နယ် Acadia National Park  အခေဒီးယားအမျိုးသားဥယျာဉ်ကို သွားတုန်းကလည်း ဒီဟိုတယ်မှာ တည်းတာပါပဲ။ ဟိုတယ်တံခါးက ဖွင့်မရလို့ ဘေးနားကအခန်းမှာကျတဲ့ တိုးခရီးသည်အန်ကယ်ကြီးက ကူညီဖွင့်ပေးတယ် ဒါလည်း မပွင့်ဘူး။ အောက်ထပ်ကိုဆင်း ကဒ်အသစ်လဲ၊ အဲဒါလည်း ဖွင့်မရ။ ဟိုတယ်ဝန်ထမ်းလို့ ထင်ရတဲ့သူကို အကူအညီတောင်းတော့မှ ပွင့်သွားလေရဲ့။

Lobster 
Radisson Hotel, Nashua, New Hampshire

နောက်နေ့မှာ ဘော်စတွန်ဟာဘားခရူစီး၊ နယူးအင်္ဂလန် ရေသတ္တဝါပြတိုက်၊ ကွင်စီမားကတ်ကို သွားလည်တဲ့အကြောင်းတွေကတော့ နောက်ပို့စ်မှပဲ တင်ပါတော့တယ်။ ဒီနေ့ နယူးယောက်မှာ ရာစုနှစ်အတွင်း အဆိုးရွာဆုံးနှင်းမုန်တိုင်းလို့ ပြောကြတဲ့ နှင်းမုန်တိုင်းတိုက်တာ နှင်းထုက ၁ ပေကျော်တယ်။ ကိုယ်ကြုံဖူးတဲ့ နှင်းမုန်တိုင်းထဲမှာ ဒီနှင်းမုန်တိုင်းက တော်တော်ပြင်းတယ်။ ဒီနှစ်ဆောင်း စံချိန်တင်ရလောက်အောင် ပူလှချည်ရဲ့၊ နှင်းဆိုတာတောင် မမြင်ရသေးဘူးလို့ ပြောနေကြတာ လာမဲ့လာတော့လည်း နှင်းထုက စံချိန်တင်တယ်။ အောက်ထပ်မှာ ကလေးတွေ နှင်းတွေနဲ့ ဆော့ကစားတဲ့ အသံတွေကြားရတော့ နှင်းတွေကို ဓာတ်ပုံရိုက်ချင်မိသား။ နည်းနည်းလေး အေးတာနဲ့ နှာရည်တွေ ကျတတ်တော့ အအေးမိသွားတော့မှ ဒုက္ခ။ ရာသီဥတုက အေးလွန်းတော့ နွေးနွေးထွေးထွေးဝတ် စောင်ပုံအောက်မှာဝပ်ပြီး ရေနွေးကြမ်းလေးသောက်လိုက်၊ စာဖတ်လိုက်၊ မုန့်တွေစားလိုက်နဲ့ Be safe ၊ keep warm နေပါတယ်။

စန်းထွန်း
ဇန်နဝါရီ ၂၃၊ ၂၀၁၆။

18 January 2016

ယူအက်စ်သွား တောလား - ၁၃

တချို့တရုတ်တွေက လာ့စ်ဗီးကပ်စ်မှာ ၂ ရက်နေမှာတဲ့။ ရာသီဥတုက အရမ်းပူ၊ ကာဆီနိုမှာ လူတွေတဝုန်းဝုန်း၊ ဆူညံပွက်လောရိုက်နေတဲ့ လာ့စ်ဗီးကပ်စ်မြို့ကို တစ်ရက်လောက် လည်ပတ်ရုံနဲ့တင် လုံလောက်ပြီလို့ ခံစားမိတယ်။ မကာအိုဆိုရင် နှစ်ရက်လောက် နေဖြစ်မယ်ထင်တယ်။ မနေ့က ဝယ်လာတဲ့ အစားအစာတွေနဲ့ မနက်စာစား၊ မနက် ၉ နာရီလောက်မှာ တိုးကားက လာခေါ်ပါတယ်။ ဒီတိုးခရီးစဉ်မှာ ခရီးသည်တွေအားလုံးက အချိန်ကို လေးစားတယ်။ သတ်မှတ်ထားချိန်ထက် စောစောရောက်နှင့်နေတတ်ကြတယ်။ တက်တယ့်အစီးကတက် ဆင်းတယ့်အစီးကဆင်းနဲ့ လာ့စ်ဗီးကပ်စ်လေယာဉ်ကွင်းက တော်တော်အလုပ်များတယ်။ မိုးမျှော်တိုက် အများကြီးနဲ့ အတော်စည်ကားတဲ့ မြို့ပဲ။ တိုးဂိုက်က မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားတဲ့ brunch အဖြစ် တရုတ်ဘူဖေးဆိုင်မှာ စားကြမယ်တဲ့။ ဘူဖေးဆိုင်က ဖွင့်တောင်မဖွင့်သေးဘူး။ ငါးမိနစ်လောက် ကြာတော့မှဖွင့်တယ်။ အမယ်မစုံလင်ပေမဲ့ ရှိသင့်ရှိထိုက်တာတွေတော့ ရှိပါတယ်။ စားနေတုန်း ဘေးဝိုင်းက တရုတ်ကလေး အမြွှာနှစ်ယောက်ရဲ့ ပန်းကန် ပြုတ်ကျပါလေရော။ အမေဖြစ်သူက ဖုန်းအပွတ်မပြတ် ခဏနေတော့မှ ကလေးတွေကို ဆူတယ်။ အမေလုပ်သူက ကလေးတွေစားတာ ဂရုမစိုက်ဘဲ ဖုန်းကိုပဲ ကလိနေတယ်လို့ အဖေက ဝေဖန်တယ်။ နေ့လည်စာ စားပြီးတော့ မိနစ် ၂၀ ဆယ်မိုင်အဝေးမှာရှိတဲ့ Ethel M Chocolate Factory ကို သွားလည်ကြပါတယ်။

Ethel M Chocolate Factory Garden

ချောကလက်စက်ရုံအပြင်ဖက်က ကန္တာရပန်းခြံမှာ ဓာတ်ပုံတွေရိုက်ကြတယ်။ ကန္တာရအပင် ဆူးပင်တွေ၊ မွဲခြောက်ခြောက် အပင်တွေဆိုတော့ ဓာတ်ပုံသိပ်မရိုက်ဖြစ်ဘူး။ ချောကလက်စက်ရုံက ညဖက်မှာ ချောကလက်တွေ ထုတ်လုပ်တာမို့ ချောကလက် ထုတ်လုပ်နေတာကို မတွေ့ခဲ့ရဘဲ စက်တွေပဲ တွေ့ခဲ့ရတယ်။ ဘာလို့ဒီကန္တာရမှာ ချောကလက်စက်ရုံ လာတည်ထားရတာလဲဆိုတော့ လာ့စ်ဗီးကပ်စ်မြို့က ကြယ်ငါးပွင့် ဟိုတယ်တွေ အတွက်ပါတဲ့။ အဖြူရောင်ကုတ်အင်္ကီျ၊ အဖြူရောင် ဦးထုပ်ဆောင်းထားတဲ့ ချောကလက်စက်ရုံလုပ်သားတချို့က လက်ပြနှုတ်ဆက်ကြတယ်။ အလကားဝေတဲ့ ချောကလက်နမူနာတွေစား၊ တချို့တွေက ဝယ်ကြတယ်။ ကိုယ်စားဖူးသမျှထဲမှာတော့ Lindt ချောကလက် ကြိုက်တယ်။ Lindt ထက်ကောင်းတဲ့ ချောကလက်ကို မစားဘူးတာလည်း နေပါလိမ့်မယ်။ ယူတာ့ Utah ပြည်နယ် စတိတ်ကယ်ပီတယ် State Capitol အဆောက်အဦးက စနေနေ့မို့လို့ တံခါးပိတ်ထားလို့ ကိုယ်တို့က သစ်ပင်ရိပ်အောက်မှာ ထိုင်နေကြတာ။ တရုတ်မတစ်ယောက်က တံခါးဖွင့်နေပြီလို့ ကိုယ်တို့ကို လှမ်းအသိပေးတယ်။ အဖေက အဲဒီတရုတ်မက ယဉ်ယဉ်ကျေးကျေးလေးတဲ့။

Los Angeles, CA

ဘူဖေးဆိုင်ကနေ တိုးကားဆီသွားတော့ တရုတ်ပြည်မှာ ကလေးတစ်ယောက်ပဲ မွေးခွင့်ရှိတာ မဟုတ်ဘူးလား။ အစ်မက ဘာလို့ကလေးနှစ်ယောက် ရှိတာလဲဟင်လို့မေးတော့ သူတို့က စင်္ကာပူရန်းတွေတဲ့။ ခု တရုတ်ပြည်မှာ အလုပ်လုပ်နေတာတဲ့။ သြော် ဒါကြောင့် သူ့သားအကြီးကောင်က အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တာကိုး။ တိုးဂိုက်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ် ၉ ခုကို မေးတော့ နိုင်းမြစ်၊ အမေဇုန်ဖြစ်လောက်ပဲ မှတ်မိတော့တယ်။ သူ့သားအကြီးကောင်က မြစ် ၉ ခုလုံး သိတယ်။ သားသား ဘယ်ကျောင်းမှာ ဘယ်နှစ်တန်း တက်နေတာလဲလို့မေးတော့ အင်တာနယ်ရှင်နယ်ကျောင်း တက်နေတာတဲ့။ ကုမ္ဗဏီတူတဲ့ တိုးကားတွေဆုံတော့ တခြားကားက ဆန်ဖရန်စစ္စကိုမြို့ကို သွားမှာမို့ ဆန်ဖရန်ဆစ္စကိုမြို့ကို သွားချင်ရင် ၆၅ ကျပ်ပေးပြီး အဲဒီတိုးကားနဲ့ လိုက်နိုင်ပါတယ်တဲ့။ အဲဒီတရုတ်မတို့ မိသားစု ဆန်ဖရန်ဆစစ္စကိုကားကို ပြောင်းသွားတယ်။ မိုင် ၁၅၆၊ ၃ နာရီသာသာ မောင်းရတဲ့ Barstow မြို့က Tanger Outlet Center ကို ပို့ပေးတယ်။ အောက်လက်ဆိုတော့ အတော်တန်တယ် Coach၊ Tommy Hilifiger ဆိုင်တွေမှာဆို Q တန်းကြီးက အရှည်ကြီး။

Los Angeles, CA

တွန်မီမှာ အဖေ့အတွက် ဘောင်းဘီ၊ အမေ့အတွက် ဘောင်းဘီ၊ အိတ်၊ မောင်မောင်နဲ့ သူ့သူငယ်ချင်း ငယ်လေးအတွက် တီရှပ်ဝယ်ဖြစ်တယ်။ ကိုယ့်တူတော်မောင် မောင်မောင့်သားအတွက် အင်္ကီျရှာတော့ ပိုလိုသားချည်းပဲ တွေ့တယ်။ မြန်မာပြည်ရာသီဥတုနဲ့က ချည်သားနဲ့ပဲကောင်းတော့ မဝယ်ဖြစ်တော့ဘူး။ Kate Spade ဆိုင်ကိုဝင်ပြီး အမေ အိတ်တစ်လုံးရွေး အမေ့ကို အိတ်ကောင်းကောင်းတစ်လုံး ဝယ်ပေးချင်တာ။ စင်္ကာပူမှာအလုပ်ရတော့ အမေ့ကို ကန်တော့ထားတဲ့ Rota လား၊ Roma လား တံဆိပ်မမှတ်မိတော့တဲ့ ကျားသစ်ကွက် လက်ကိုင်အိတ်လေးကို အမေက ခုထိလွယ်နေတုန်း။ အဲဒီအိတ် ကိုင်နေတာ ခုနှစ်နစ်လောက်ရှိနေပြီ။ အမေက အိတ်တစ်လုံးရွေးပြီး ဘယ်လောက်လဲ သမီးလို့မေးတော့ မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ။ ဟေ ... ဒါဆို မယူတော့ဘူး ဘယ်လိုပြောပြော ထိကိုမထိတော့ဘူး။ သူ့ကို ကိုင်စေချင်ရင် ဈေးကို ညာပြောရတယ်။ တစ်ခါတုန်းက အမေက မကြီး Loreal နှုတ်ခမ်းနီကို ဆိုးကြည့်ပြီး ဘယ်လောက်လဲသမီး၊ ငါးထောင်ဆိုတော့ ကြုံရင် အမေ့အတွက်ပါ ဝယ်ခဲ့တဲ့။ တစ်သောင်းကျော်ဆိုတာ သိလို့ကတော့ ဆိုးတော့မှာ မဟုတ်ဘူး။ မောင်မောင်က အမေ့သမီးတွေ ပြောတဲ့ဈေးနှုန်းကို မယုံနဲ့တဲ့။ အဖေက သမီးရေ အိတ်ကောင်းစရာ မလိုဘူး အိတ်ဖောင်းဖို့ပဲ လိုတာ၊ အိတ်ကောင်းပြီး အိတ်မဖောင်းရင် အလကားပဲလို့ပြောတော့ ရယ်လိုက်ရတာ။

Union Station, Los Angeles

ဗစ်တိုးရီးယားဘက်ခမ်းက အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ် အမျိုးသမီးတစ်ယောက်မှာ မဖြစ်မနေ ရှိသင့်တဲ့ အဆင်တန်ဆာတွေက အိတ်ကောင်းကောင်းတစ်လုံး၊ ဖိနပ်ကောင်းကောင်းတစ်ရံ၊ ကုတ်အင်္ကီျတစ်ထည်ပါတဲ့။ တော်တော်များများက လူဝီဗွီတန်ကို ကြိုက်ကြပေမဲ့ ကိုယ်က မကြိုက်ဘူး။ လူတွေအများကြီးမှာ ရှိနေတာကို မကြိုက်တာ။ ကိုယ်က Collection တို့လို လူအများကြီး မဝယ်တဲ့ ပစ္စည်းမျိုးကိုမှ သဘောကျတာ။ အိတ်ကောင်းကောင်းလေးတစ်လုံး လိုချင်လို့ အိတ် expert ဖြစ်တဲ့ ဝိုင်းကို လျှော့ပင်းထွက်ဖို့ ခေါ်ရတယ်။ ဝိုင်းက အိတ်ခရေဇီ လူဝီဗွီတွန်လို ဈေးကြီးတာတွေကနေ Marc Jacobs ၊ Furla တို့လို ဈေးတအားမကြီးတဲ့ ဘရန်းအထိ အိတ်တော်တော်များများရှိတယ်။ ဒါပေမယ့် Tory Burch ၊ Michael Kors တို့ကိုတော့ မသိဘူး။ အီတလီကနေ နယူးယောက်ကို ပြောင်းလာတော့ အိတ်ကြီးပဲကို လက်ကေ့စ်ကတစ်လုံး။ အိတ်တွေကို တစ်လုံးပြီးတစ်လုံး ဝယ်ပေမဲ့ အင်္ကီျကျတော့ မဝယ်ဘူးရယ်။ ရှိတဲ့ လေးငါးစုံလောက်ကိုပဲ လှည့်ပတ်ဝတ်တယ်။ တစ်ယောက်တမျိုး ခရေဇီ။ ယူအန်ရုံးမို့ suit ပဲဝတ်ရတော့ အောက်ကအင်္ကီျအရောင်နဲ့ ပုဝါ၊ အိတ် တစ်ရောင်တည်း၊ အိတ်အမျိုးမျိုး လွယ်တာတဲ့။ အီတလီတွေက ဖက်ရှင်စိတ်ဝင်စားတော့ ဟန်ကျပေမယ့် ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီး၊ ဖက်ရှင်ကျဖို့ထက် သက်တောင့်သက်သာ ဖြစ်တာကို အလေးပေးတယ့် အမေရိကန်ကိုရောက်တော့ အိတ်တွေတောင် အကုန်မလွယ်ဖြစ်ဘူးဆိုပဲ။

My Salvatore Ferragamo ‌မိုင့် ဆေဗာတိုရေ ဖာရာဂမို

ကိုယ်ကတော့ အများကြီးရှိစရာ မလိုဘူး ကောင်းကောင်း တစ်ခု၊ နှစ်ခုရှိရင် ရပြီ။ ဆိုင်တော်တော်များများကို ပတ်ပြီးတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့ အိတ်ကလေး သွားတွေ့တယ်။ ဒါပေမဲ့ လက်ပွေ့အိတ်ရယ်၊ အဖြူဖက်ကို နည်းနည်းသမ်းတယ့် cream ကာလာဖြစ်နေတာကြောင့် မကြိုက်ချင်ဘူး။ Fifth Avenue က ဆိုင်မှာတော့ ရှိလောက်တယ်ဆိုတော့ ချီတက်ကြတယ်။ အဲဒီမှာ လက်ပွေ့အိတ်သေးသေး၊ စလွယ်လည်း သိုင်းလို့ရ၊ အနက်ရောင်ဖြစ်တယ့် အိတ်ကလေးကို တော်တော်သဘောကျလို့ ဝယ်လိုက်တယ်။ ဆယ်ဗာတိုရေ ဖာရာဂါမို Salvatore Ferragamo ဘရန်း အီတလီနိုင်ငံ ဖလောရင့်မြို့ကပါတဲ့။ နာမည်ကို မထွက်တတ်လို့ ငါးခါလောက် ထွက်ယူရတယ်။ Sak Fifth Avenue မှာ သွားကြည့်သေးတယ်။ ဗလန်တီနို၊ စိန့်လော့ရင့်တို့ဘာတို့ညာတို့ Celine ကိုတော့ ကြိုက်သား။ ဆယ်ဗာတိုရေ ဖာရာဂါမိုထက် ဈေးနှစ်ဆများနေလို့ မဝယ်နိုင်ဘူး။ ဝိုင်းက ဆယ်ဗာတိုရေ ဖာရာဂါမိုဆိုတာ သူနှစ်သက်တဲ့ဘရန်း၊ သူနဲ့သူအစ်မမှာလည်း ရှိပါတယ်တဲ့။ အိတ်ဝယ်ပြီးတော့ ရှိုးထုတ်ချင်ပေမဲ့ ဘာပွဲမှလည်းမရှိတော့ Deuter ကျောပိုးအိတ်ပဲ လွယ်ဖြစ်နေတယ်။ လျှော့ပင်းချိန် ၂ နာရီပြည့်တော့ ကားပေါ်ကို တက်လာသူတိုင်း အထုပ်တွေကိုယ်စီနဲ့။

waiting flight to NYC at LAX

လော့အိမ်ဂျလစ်မြို့ကို မိုင် ၁၁၆ မိုင် ၂ နာရီသာသာ မောင်းရပါတယ်။ လော့အိမ်ဂျလစ်မြို့က ဆန်ဖရန်ဆစ္စကိုလောက် မိုးမျှော်တိုက်တွေ မရှိပေမဲ့ ရာသီဥတုက သာသာယာယာ။ မြို့ထဲမှာ ချပေးပြီး ရှယ်တယ်ဘတ်စ်နဲ့ လော့အိန်ဂျလစ်လေဆိပ် LAX ကို ပို့ပေးမှာဆိုတော့ တိုးဂိုက်ကို မေးကြည့်တယ်။ လေဆိပ်မှာ အေးရှန်းစာများ ရနိုင်မလားဆိုတော့ ခေါင်းခါပြတယ်။ မြို့လယ်မှာ အေးရှန်းစားသောက်ဆိုင်တွေ ရှိတယ် အဲဒီမှာစားသောက်ပြီးရင် ယူနီယမ်စတေးရှင်ကနေ လေဆိပ်ကို ရှယ်တယ်ဘတ်စ်ရှိတယ် တစ်ယောက်ကို ၈ ကျပ်လောက်ပဲ ပေးရတယ်တဲ့။ ထမင်းမစားရရင် မျက်နှာလေးတွေ ငယ်နေတတ်တဲ့ အဖေကြောင့် တိုးကားရှယ်တယ်နဲ့ မလိုက်တော့ဘူး။ ရှယ်တယ်ဒရိုင်ဘာကို ဒီအနီးအနားမှာ အေးရှန်းဆိုင်များ ရှိသလားမေးတော့ မသိဘူးတဲ့။ ဒါဆိုလည်း Yelp မှာ အေးရှန်းဆိုင်လို့ ရိုက်ထည့်ပြီး rating ကောင်းတဲ့ဆိုင်ကို ရွေးလိုက်တယ်။ ငါးမိနစ်လောက်ပဲ လျှောက်ရတယ် ဆိုင်လေးက ဟောင်းဟောင်းလေး လူတွေလည်း ရှိနေတယ်။ မီနူးကြည့်ပြီး fish ball soup ၊ ထမင်းနဲ့ ကြက်သားကင် မှာလိုက်တယ်။ ကြက်သားကင် စားကြည့်တော့ ကောင်းတယ် အမေ့အတွက် နောက်တစ်ပွဲထပ်မှာတယ်။ အရသာက တရုတ်ဆိုင်တွေလို မချိုဘူး မေးကြည့်တော့ ကမ္ဘောဒီးယားတွေတဲ့။ မနက်ဖြန်ကျရင် နယူးယောက်ကို ၆ နာရီလေယာဉ်စီးရမှာ နေ့လည်စာကို လေယာဉ်ပေါ်မှာပဲ စားရမှာမို့ နောက်ထပ်နှစ်ပွဲ ထပ်မှာလိုက်တယ်။

ကိုယ်တွေက ဘာမဆို စားနိုင်ပေမဲ့ အဖေတို့နဲ့ ခရီးသွားရင် ထမင်းဆိုင်ရှာရတာက အလုပ်တစ်ခု။ ကိုယ်က ရောက်တုန်းရောက်ခိုက် နှံ့စေချင်တယ် အဖေက နေပူတယ်၊ တော်ပြီ ညောင်းပြီဆိုပြီး ထိုင်နေတတ်တယ်။ ဆူနမ်တို့နဲ့ သွားရင်လည်း ဆူနမ်ကဝတော့ လမ်းအများကြီး မလျှောက်နိုင်၊ တနေရာရောက်တိုင်း အိမ်သာဝင်ရတာ အလုပ်တစ်ခု။ မကြီးနဲ့သွားရင် ဓာတ်ပုံတွေ အများကြီးရိုက်ပေးရတာက အလုပ်တစ်ခု။ ခရီးသွားဖော်ထဲမှာ ဝိုင်းနဲ့ ခရီးသွားရတာ အကောင်းဆုံး။ သူက ကိုယ့်ထက်တောင် တက်ကြွသေးတယ်။ ဂူဂယ်မတ်က ညွှန်တယ့်အတိုင်း လမ်းလျှောက်ပြီးတဲ့အခါ ယူနီယမ်စတေရှင်ကို မတွေ့လို့ ပန်းခြံထဲက အိုးမဲ့အိမ်မဲ့တွေကို မေးကြည့်တော့ နှစ်ဘလောက်တယ့်။ လော့အိန်ဂျလစ်မြို့လေးက ဝါရှင်တန်ဒီစီလို ရှေးဟောင်းအဆောက်အဦးတွေနဲ့ လှပတဲ့မြို့ကလေး။ ယူနီယမ်စတေရှင်းက ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်းထက် ပိုကြီးတယ်။ ယူနီယမ်စတေးရှင် အဆုံးထိလျှောက်ပြီး ညာကွေ့တော့ ရှယ်တယ်ဘတ်စ် နေရာကိုတွေ့တယ်။ ခဏနေတော့ ရှယ်တယ်ဘတ်စ် ရောက်လာတယ်။ ဆင်းတဲ့သူတွေကုန်လို့ လက်ကေ့စ်အိတ်ကို ဝမ်းခေါင်းထဲကို ထည့်ပြီးချိန် လက်မှတ်ဆိုတော့ ဟင် ... ဘယ်မှာ လက်မှတ်ဝယ်ရမှာလဲ ဟိုမှာ။ လက်မှတ်ရုံမှာ လူတန်းကြီးက အရှည်ကြီး။ လက်မှတ်မရသေးရင် လက်ကေ့စ်ကို ထားခဲ့မယ်တဲ့။ သူမှန်းတယ့်အတိုင်းပါပဲ တက်တယ့်သူတွေ ကုန်သွားတယ့်အထိ လက်မှတ်က မဝယ်ရသေးတော့ လက်ကေ့စ်အိတ်ကို ချထားခဲ့တယ်။ စောင့်ပေတော့ နောက်တစ်စီး မိနစ် ၂၀ ။

Staten Island, New York 

တရုတ်တွေက လေဆိပ်ကိုတန်းသွား လေဆိပ်မှာပဲအိပ်ပြီး ညဉ့်နက်သန်းခေါင်၊ နောက်တစ်နေ့လေယာဉ်တွေကို စီးကြပေမဲ့ ကိုယ့်မိဘတွေက လူကြီးတွေဆိုတော့ အဲဒီလိုလုပ်လို့ မရဘူး။ မကြီးက ကိုယ်တို့ကို ဟောလိဝုဒ်ကိုသွားပြီး ဟောလိဝုဒ်ဆိုတာကြီးနဲ့ ဓာတ်ပုံရိုက်စေချင်တာ။ LA မှာက ယူနီဗာဆယ်စတူတီယိုရှိပေမဲ့ အဖေနဲ့အမေက ကြိုက်မှာမဟုတ်။ ကိုယ်ကလည်း စင်္ကာပူက ယူနီဗာဆယ်ကို ရောက်ဖူးပြီးသားဆိုတော့ LA မှာ နောက်ထပ်တစ်ရက်ထပ်နေပြီး လျှောက်မလည်ချင်တော့ဘူး။ ၇ ရက် ခရီးနဲ့တင် တော်တော်ပင်ပန်းနေပြီ။ အစတုန်းကတော့ ဥရောပကို ၁၄ ရက်၊ ၂၁ ရက် ခရီး ထွက်မယ်လို့ စိတ်ကူးထားတာ။ ကယ်လီဖိုးနီးယား ၇ ရက် ခရီးစဉ်ပြီးတော့ ဥရောပကို ၇ ရက် ခရီးပဲ ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဖေတို့ကို အီတလီနဲ့ပြင်သစ်ကို အလည်ပို့ပေးမယ်လို့ စိတ်ကူးနေတာ ဒီလိုမျိုး ပေါင်မုန်၊ စပါတာကီတို့ကို မစားနိုင်ရင် ဘယ်လိုလုပ် ဥရောပကို သွားလည်မလဲ။ အိုး ... အေးရှန်းဆိုင်တွေ ရှိမှာပေါ့ ထမင်းပေါင်းအိုးသေးသေး၊ ဆန်တစ်ထုပ်၊ ငံပြာရည်ကြော်တွေ သယ်သွားမှာပေါ့။ အဖေက မန်ယူပရိတ်သတ်ဆိုတော့ အဖေ့ကို အိုးထရန်ဖို့ဒ်ကွင်းကြီးဆီ အလည်တစ်ခေါက်လောက် ပို့ပေးချင်တာ။ သမီးတွေ ပို့ပေးရင်တော့ ရောက်ရချည်သေးရဲ့။ သမီးတွေက ပို့ပေးဖြစ်မဖြစ်တော့မသိ အဖေ့ခမျာတော့ သမီးတွေ စကားနဲ့တင် ပီတိတွေဖြာလို့။

ရှယ်တယ်ဘတ်စ်က တာမင်နယ်တွေမှာ ချပေးတော့ တာမင်နယ် ၁ ကို ရွေးလိုက်တယ်။ ဆင်းတော့ တက္ကစီတစ်စီးမှ မရှိဘူး အမှန်ဆို တက္ကစီတန်းမှာ တက္ကစီတွေရှိနေရမှာ။ လေဆိပ်ဝန်ထမ်းလို့ ထင်ရတယ့်သူကို မေးကြည့်လိုက်တော့ တက္ကစီတွေက အောက်ထပ်မှာတဲ့။ LAX လေဆိပ်က တော်တော်ကြီးတာပဲ။ ခရီးသွားတဲ့သူ၊ ခရီးကပြန်လာတဲ့သူတွေနဲ့ ပျားပန်းခပ်မျှ များပြားလှတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့ တောသားမြို့တက် အဖေ့မှာ အံ့တွေသြလို့။ ဒါတောင် အဖေက နိုင်ငံတော်တော်များများ ရောက်ဖူးတာနော်။ သူ ရောက်ဖူးတဲ့ နိုင်ငံတွေထဲမှာ ယူအက်စ်က အကြီးကျယ်ဆုံးပါတဲ့။ ဟာ ... ဒါဆို အဖေ ဒေါ်လာတစ်သောင်းငါးထောင် (သိန်းတစ်ရာငါးဆယ်) တန်သွားတာပေါ့။ ယူအက်စ်ကို မလာရင် ယူအက်စ်မှာကုန်မဲ့ သိန်း ၁၅၀ ကို ပို့ပေးလိုက်မယ်၊ ယူအက်စ်ကိုလာမလား၊ သိန်း ၁၅၀ ယူမလားမေးတော့ ယူအက်စ်ကိုပဲ လာချင်ပါသတဲ့။ တက္ကစီမောင်းသမားကို ပရင့်ထုတ်ထားတဲ့ စာရွက်ပေးလိုက်တော့ မဝေးပါဘူး မိနစ် ၂၀ လောက်ပဲတဲ့။ လေယာဉ်က မနက် ၇ နာရီခွဲဆိုတော့ ၆ နာရီလောက် ချက်ကင်ဝင်ရမှာ မနက် ၅ နာရီလောက် တက္ကစီကို ဘယ်လိုခေါ်ရမလဲမေးတော့ ဟိုတယ်ကနေ လေဆိပ်ကို ရှယ်တယ်ရှိပါတဲ့။ ဟိုတယ်က သိပ်မကောင်းဘူး အင်းဆိုတော့လေ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး ညအိပ်ရုံပဲဟာ ဈေးသက်သာဖို့အဓိက။

One World Observatory, New York City

မနက် ၅ နာရီမှာ ရှယ်တယ် ရောက်လာတယ် ကိုယ်တို့မိသားစုနဲ့ အန်ကယ်ကြီးတစ်ယောက်။ တာမင်နယ်လည်းအတူတူပဲ United Airlines ဆိုတော့လေ။ အန်ကယ်ကြီးက ရှယ်တယ်မောင်းသမားကို တစ်ဖစ်ပေးနေတာကိုတွေ့လို့ ပိုက်ဆံအိတ်ထဲ ရှာကြည့်တော့ ၂၀ တန်တွေပဲရှိလို့ တစ်ဖစ်မပေးလိုက်ရဘူး။ နယူးယောက်ကနေ ဆန်ဖရန်စစ္စကို လာတုန်းက TSA free ၊ ဒီတစ်ခါတော့ TSA ဖရီးမဟုတ်တော့ ဖုန်း၊ ကင်မရာ၊ အိုင်ပတ်၊ နာရီ၊ သော့၊ ခါးပတ်၊ အိတ်၊ ဖိနပ်တွေကို ဗန်းထဲထည့်စစ်တယ်။ ဦးထုပ်၊ ဖိနပ် ချွှတ်ရတယ်။ လေဆိပ်ထဲက အဲယားကွန်းက အေးတတ်တော့ အနွေးထည်ဆောင်ရတယ်။ သုံးယောက်တစ်တန်းတည်း၊ ကိုယ့်ဘေးနားမှာက အမေရိကန်မလေး။ တတန်းနဲ့တတန်း ကျဉ်းကျဉ်းလေး။ ကျယ်ကျယ်ခုံဆိုရင် ၅၀၊ ၁၀၀ လောက် ထပ်ပေးရတယ်။ မနေ့ညက ကမ္ဘောဒီးယားဆိုင်က ဝယ်လာတယ့် ထမင်းတွေစား၊ အိပ်လိုက်၊ Mulan ကာတွန်းကားကြည့်လိုက်နဲ့ နယူးယောက်ကို သတ်မှတ်ထားချိန်အတိုင်း ရောက်တယ်။ အယ်မလေးဟဲ့ ... လော့အိန်ဂျလစ်ကနေ နယူးယောက်ကို မိုင် ၃၀၀၀ လေယာဉ် ၆ နာရီစီးရတုန်းက ခေါင်းမမူးဘူး သူ့ကား နာရီဝက်လောက် စီးရတာ ခေါင်းကို မူးထွက်သွားတာပဲ။ ကိုယ်တို့ နယူးယောက်ကို ပြန်ရောက်တယ့်နေ့က ဇူလှိုင် ၂ ရက်၊ တစ်ရက်နား၊ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ဆိုတော့ ဟတ်ဆန် Hudson မြစ်ပေါ်မှာ မီးရှူးမီးပန်းဖောက်တာတွေကို အဖေတို့ကို ပြချင်ပေမဲ့ ညနေ ၄ နာရီလောက်ကတည်းက နေရာဦး၊ လူတွေက အများကြီး၊ အိမ်သာသွားဖို့ခက်၊ ည ၉ နာရီခွဲမှ မီးရှူးမီးပန်းဖောက်တာဆိုတော့ လိုက်မပြတော့ဘူး။

အိမ်နားမှာ မီးရှူးမီးပန်းဖောက်တော့ နတ်ဆုက ကြောက်လို့ ကုတင်အောက်ကို ဝင်ပြေး၊ ဧည့်ခန်းမှာ အိပ်နေတဲ့ အဖေတို့ဆီကိုပြေး၊ တအီအီနဲ့ ကိုယ့်ပေါ်ကိုတက်လာ၊ အဖေက လက်ကေ့စ်အိတ်တွေနဲ့တား၊ ဒါလည်း မရဘူး အတင်းဝင်လာ နောက်တော့ ခွေးလည်းမော လူလည်းမောပြီး အိပ်ပျော်သွားကြတယ်။ အမေက နတ်စုကို နတ်စိတဲ့ နတ်စု Natsu ဆိုတာ ဂျပန်လို နွေလို့အဓိပ္ဗာယ်ရပါသတဲ့ Shiba မျိုး။ နတ်စုဟာ အတော်ကြောက်တတ်တဲ့ ခွေးမလေး အိမ်ထဲကနေ ဝုတ်ဝုတ်ဟောင်ရဲပေမဲ့ အပြင်ထွက်ရင် ခွေးသေးသေးကိုတောင် ကြောက်လို့ သခင်နား ကပ်နေတတ်တယ်။ ဇူလှိုင် ၅ မှာ ကိုယ့်မွေးစားအမေတို့ မိသားစုက ကထိန်သင်္ကန်းကပ်တာ ကိုယ်တို့ကိုဖိတ်တော့ သုံးပါးကျောင်းမှာ သင်္ကန်းသွားကပ်ဖြစ်သေးတယ်။ ဇူလှိုင် ၆ ရက်မှာတော့ အောက်မက်ဟန်တန် ဘက်ထရီ Battery ပန်းခြံကနေ စတေတန်အိုင်လန် Staten Island ဆီ ၂၄ နာရီ နာရီဝက်တစ်ခါ အလကား ပြေးဆွဲပေးတဲ့ စတေတန်အိုင်လန်ဖယ်ရီ စီးကြတယ်။ လစ်ဘာတီရုပ်တုနားကနေ ဖြတ်မဲ့ဖက်မှာဆို လူတွေကြိတ်ကြိတ်တိုး။ စတေတန်အိုင်လန်မှာ နာရီဝက်လောက်နား၊ ဖယ်ရီပြန်စီး၊ နယူးယောက်စတိတ်အိတ်ချိန်း၊ ၉ ၁၁ တုန်းက ကယ်ဆယ်ရေးစခန်းအဖြစ် သုံးခဲ့ကြတဲ့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း၊ ထရစ်နစ်တီ Trinity ဘုရာရှိးကျောင်းတွေကို လိုက်ပို့ဖြစ်တယ်။

သုံးပါးကျောင်းဆရာတော်ကို သင်္ကန်းကပ်

အဖေက သမီး နယူးယောက်မှာ တော်တော်နှံ့တာပဲတဲ့။ ကိုယ် မနှစ်က meet up အဖွဲ့တွေနဲ့ walking tour တွေ သွားထားတဲ့အကျိုး။ ဆူနမ်တို့နဲ့ မဟုတ်ဘဲ သွားတဲ့ခရီးစဉ်တွေအားလုံးက ဘတ်ဂျက်တိုးတွေနဲ့ သွားတာပါ။ တိုးခမှာ ကားခ၊ ဟိုတယ်ခပဲ ပါဝင်ပြီး ပြတိုက်၊ ဘာညာဝင်ကြေး၊ စားစရိတ်၊ တိုးဂိုက်ခ တနေ့ ၈ ကျပ်ကို သပ်သပ်ပေးရပါတယ်။ ခရီးစဉ်မတိုင်ခင် ကြိုရောက်ချင်တယ်၊ ခရီးစဉ်ပြီးဆုံးသွားပေမဲ့လည်း ဆက်နေချင်ရင် တည်းခိုဖို့ ဟိုတယ်တွေနဲ့ ဝက်ဆိုက်မှာ ချိတ်ပေးထားတော့ ဟိုတယ်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ကိုယ်သွားတဲ့ခရီးကို ဘွတ်တယ့်လင့်ခ်က ဒီမှာပါ။

7 Day Yellowstone, East & South Rim Grand Canyon and Antelope Canyon Tour from San Francisco
TakeTours
LLTours
Seagull Holiday Tour

ကိုယ်တို့က ဆန်ဖရန်စစ္စကို တစ်ရက်စောရောက်ပြီး မြို့လယ်က ဟိုတယ်တစ်ခုမှာ တည်းပါတယ်။ကြယ်သုံးပွင့် ဆိုပေမဲ့လည်း မဆိုးဘူး နှစ်ယောက်ကုတင်ကို ၁၀၀ နဲ့ ၁၅၀ ကြားပေးရတယ်။ ပြီးတော့ တိုးစုရပ်နဲ့ မိနစ် ၂၀ လောက်ပဲဝေးတယ်။ အပြန် LA မှာ တညအိပ်တာက Comfort Inn မှာပါ လေဆိပ်နဲ့နီးပြီး ဈေးသက်သာတဲ့ အင်းဆိုပါတော့။ တိုးခက ၆၀၀၊ လေယာဉ်ခက ၄၀၀၊ ဂရမ်းကမ်ညမ်မှာ ဟယ်လီကော်ပတာစီးတာက ၁၈၀၊ တရက် ၈ ကျပ်နှုန်းနဲ့ ၇ ရက်တိုးဆိုတော့ တိုးဂိုက်ခ ၅၆၊ တက္ကစီခ၊ အစားသောက်၊ ဘာညာဝင်ကြေးတွေနဲ့ဆိုရင် ဒီ၇ရက်တိုးက တစ်ယောက် ၁၅၀၀ အထက်မှာပဲ ရှိမယ်ထင်တယ်။ နောက်တစ်ပတ် ရုံးပိတ်ရက်မှာတော့ အဖေ့တို့ကို ဘော်စတွန် လိုက်ပို့ဖြစ်ပါတယ်။ ဘော်စတွန်ကို ကိုယ်သုံးခေါက်ရောက်ဖူးပြီး ဘော်စတွန်သွားတောလားတွေ တင်ဖူးပေမဲ့ ကိုယ့်မိဘတွေနဲ့ အမှတ်တရခရီးစဉ်မို့ ထပ်တင်ပါဦးမယ်။ အဲ ... လာမယ်ကြာမယ်ဆိုပါတော့။

ခရီးတွေများများ သွားနိုင်ပါစေ ...
စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၁၆။

26 December 2015

ယူအက်စ်သွား တောလား - ၁၂

တိုးဂိုက်က မနက် ၄ နာရီခွဲ မနက်စာစား ၅ နာရီမှာ တိုးစထွက်မယ်လို့ မှာထားတော့ မနက် ၃ နာရီခွဲ နှိုးစက်ကို alarm ပေး မျက်နှာသစ်၊ သွားတိုက်၊ ပစ္စည်းတွေသိမ်း ၄ နာရီ ၁၀ မိနစ်လောက်ကတည်းက အခန်းကနေထွက်။ တိုးဂိုက်က အဖေနဲ့အမေက လူကြီးတွေမို့လို့ တက်ရဆင်းရ လွယ်ကူအောင် အောက်ထပ်က အခန်းကို ပေးထားတယ်။ လော်ဘီထဲရောက်တော့ တစ်ယောက်မှလည်း မတွေ့ရတော့ စိတ်ထဲထင့်သွားတယ်။ ရီဆက်ရှင်ကောင်တာက နာရီကို ကြည့်လိုက်တော့မှ လား ... လား အရီဇိုးနားတိုင်းဇုန်အချိန်က မနက် ၃ နာရီခွဲ၊ ပစိဖိတ်တိုင်းဇုန်အချိန်က မနက် ၄ နာရီခွဲ။ အဖေ့ဖုန်းရော၊ ကိုယ့်ဖုန်းရော အရီဇိုးနားတိုင်းဇုန်အချိန်ကို မပြောင်းတာ ဘာဖြစ်လို့ပါလိမ့်။ အခန်းကိုပြန်ပြီး ပြန်အိပ်ရအောင်ကလည်း သွားတာလာတာကတင် ၁၅ မိနစ်လောက် ကြာနေမှာဆိုတော့ မပြန်တော့ဘူး လော်ဘီထဲမှာပဲ အိပ်နေတော့တယ်။ မနက် ၄ နာရီခွဲ ထရလို့အိပ်ရေးမဝပါဘူးဆိုမှ တနာရီ စောထလိုက်သေးတယ်။ ၄ နာရီခွဲတော့ ဘူဖေး‌ကျွှေးပါတယ် အသားလုံး၊ အာလူး၊ နွားနို့၊ သစ်သီး။ မြန်မာပြည်မှာဆို မနက်စာကို ခေါက်ဆွဲ၊ မုန့်ဟင်းခါးပဲစားတယ့် အဖေတို့တွေ စားနိုင်ပါ့မလားလို့ တွေးနေတာ စားနိုင်သားပဲ။ အရီဇိုးနားပြည်နယ် တူဘစီးတီး Tuba City မြို့ကနေ ကရမ်းကမ်ညမ် Grand Canyon South Rim ကို ၂ နာရီသာသာ မိုင် ၁၀၀ နီးပါး မောင်းရပါတယ်။


ပြတ်ရွေ့ကြောင်းကြောင့် ဖြစ်ပေါ်လာပုံရတယ့် နီညိုရောင်တောင်တွေ၊ အလယ်မှာ စီးဆင်းနေတယ့် ကော်လိုရာဒိုမြစ် ရှူခင်းက အင်မတန် ထူးခြားပါတယ်။ ဂိုက်က သစ်ပင်ပေါ်တက်ပြီး ဗျူးကောင်းတယ့်နေရာကနေ ဓာတ်ပုံတွေ ရိုက်ပေးနေတာ လက်မလည်နိုင်အောင်ပဲ။ ကိုယ့်ဘေးမှာထိုင်တယ့် တရုတ်မက ဟိုးအမြင့်ကြီးထိတက်၊ ပို့စ်တွေ အမျိုးမျိုး ပေးနေတာ ကိုယ်က ပြုတ်ကျရင် ဒုက္ခလို့ တွေးနေမိတယ်။ ဓာတ်ပုံတွေရိုက်တာ မပြီးနိုင်လို့ အမ်တလုပ် ကမ်ညမ်မှာတုန်းက ကိုယ်နဲ့ တယောက်တလှည့် ဓာတ်ပုံရိုက်ကြတယ့် ရှေ့နေမလေး ရှိဖုန်းက တော်ပါတော့ ငါတို့ကိုလည်း အလှည့်ပေးပါတော့လို့ အော်တော့မှ ရပ်တော့တယ်။ နောက်ထပ် မိနစ် ၂၀ ထပ်မောင်းရင် ဟယ်လီကော်ပတာ တိုးစီးမယ့် နေရာကို ရောက်ပါတယ်။ တိုးဂိုက်က ဟယ်လီကော်ပတာ တိုးစီးမယ့်လူတွေရဲ့ ကိုယ်အလေးချိန်တွေကို စာရင်းမှတ်ပါတယ်။ အရင်ဆုံး ဟယ်လီကော်ပတာ တိုးစီးရင် ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပေးတယ့် ဗီဒီယိုကြည့်ရပါတယ်။ နောက်တော့ ခါးမှာ လေထီးအိတ်လေး ချိတ်ရတယ်။ ဟယ်လီကော်ပတာစီးတယ့် ငါးယောက်ထဲမှာ ကိုယ်ကအသေးဆုံးမို့ ဟယ်လီကော်ပတာ မောင်းသူဘေးမှာ ထိုင်ရတယ်။ အဖေ့ဘေးမှာက တရုတ်အန်တီကြီး၊ အမေ့ဘေးမှာက အဲဒီတရုတ်အန်တီကြီးရဲ့ သမီး အတော်အရပ်ရှည်တယ့် တရုတ်မလေး။ အသက်က ၁၈ နှစ်တောင် မပြည့်လောက်သေးဘူး ဒီထက် ရှည်ဦးမှာ မော်ဒယ်ဂဲလ်တွေလို အရပ်အမောင်းမျိုး။


နောက်ခန်းမှာ ကိုယ်မပါတော့ အဖေတို့ကို ဘယ်သူရိုက်ပေးမလဲလို့ စိတ်ပူမိသား။ အဖေက အမေ့ကို ရိုက်ပေးပေမယ့် အမေက အိုင်ပတ်နဲ့မရိုက်တတ်တော့ အဖေ့ကို ရိုက်ပေးမယ့်လူမရှိ။ အမေ အိုင်ဖုန်းမကိုင်တတ်၊ အိုင်ပတ်နဲ့ မရိုက်တတ်တာကို သမီးတွေက  အားမလိုမရဖြစ်။ အမေ အိုင်ဖုန်းကိုင်တာ လွယ်လွယ်လေး ဖုန်းအစိမ်းရောင်လေးကို နှိပ်လိုက်တာ ဘာမလုပ်တတ်စရာရှိလဲ။ ယောကျာ်းရှိတော့ ယောကျ်ားကိုပဲ အားကိုးနေတာ ယောကျာ်းက အနားမှာမရှိရင် အမေ ဘယ်သူ့ကို အားကိုးမလဲ ကိုယ့်အားကိုယ်ကိုး အမေ့ရေ။ အဖေ့ကိုလည်း သူ့မိန်းမကို မသင်ပေးဘူးလားလို့ ဆူလိုက်ပွမ်လိုက် ကြသေးတယ်။ အဖေက နယူးယောက်မှာ အမေ့ကို ထားခဲ့ပြီး ကိုယ့်ကို ချက်ပြုတ်‌ကျွှေးမွှေးစေချင်တာ။ အဲဒီတုန်းက ကိုယ်က တော်တော်နေမကောင်းဘူး ဘာမှမစားနိုင် မသောက်နိုင် လူကယဲ့ယဲ့လေး အိမ်ကနေ ဘူတာဆီ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရတာကိုတောင် မောနေတတ်တာ။ ကိုယ်က လက်မခံဘူး အမေဟာ ဖုန်းမကိုင်တတ်၊ အိုင်ပတ်နဲ့ သတင်းတွေလည်း မဖွင့်တတ်၊ နေ့လည်ဖက် ထမင်းစားချိန် ကိုယ်က အဖေတို့ဆီ ဖုန်းခေါ်တယ်။ ဘာတွေလုပ်နေကြလဲ၊ ဘာတွေချက်စားကြလဲ၊ အိမ်ရှင်တွေရှိလား၊ မိုချီ၊ နတ်စုတို့အကြောင်းတွေ မေးရင်းပေါ့။ အမေ တစ်ယောက်တည်း ကျန်ခဲ့ပြီး ဖုန်းမှမကိုင်ရင် စိတ်ပူလို့ ကိုယ်ရုံးမှာ အလုပ်ဖြောင့်ဖြောင့် လုပ်နိုင်မယ်မထင်။ ဒီတော့ သမီးဘာသာ ဆိုင်ကနေ ဝယ်စားတာလည်း အဆင်ပြေပါတယ် အမေ့ကို မထားခဲ့ပါနဲ့ ခေါ်သွားပါလို့ ပြောရတယ်။


အဲဒီအိုင်ဖုန်းမကိုင်တတ်တာ ကိုယ့်အမေတင် မဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ရဲ့အမေကလည်း အဲဒီလိုဆိုတော့ generation gap လို့သာ ဆိုရမလားဘဲ။ အဖေ့ကို ဘယ်သူဓာတ်ပုံရိုက်ပေးလည်းဆိုတော့ တရုတ်မလေးနဲ့ တယောက်တလှည့် ရိုက်ကြတယ်တယ့်။ အင်တာနေရှင်နယ် လက်ဟန်ခြေဟန် အမူအယာနဲ့ ပြောကြတာလေ။ အဖေက အဲဒီတရုတ်မလေးနဲ့ စကားပြောစေချင်ပေမယ့် တရုတ်မလေးက လာမပြောတော့ ကိုယ်လည်းမပြောဖြစ်ဘူး။ အဲဒီတရုတ်မလေးက ယူအက်စ်မှာ ကျောင်းတက်နေပုံရတယ် အမူအကျင့်တွေက ပြည်ကြီးပေါက်တွေနဲ့ မတူဘူး။ ဟယ်လီကော်ပတာတိုး မစီးခင် ဓာတ်ပုံရိုက်တယ်။ ဟယ်လီကော်ပတာ စစီးတော့ နည်းနည်းကြောက်သလိုဖြစ်ပေမယ့် အပေါ်စီးကနေ မြင်ရတယ့်မြင်ကွင်း၊ ကရမ်းကမ်ညမ်ဆောက်ရမ် တခုလုံးကို အပေါ်စီးကနေ မြင်ရတာနဲ့တင် ဟယ်လီကော်ပတာတိုးခ ၁၈၀ တန်တယ်လို့ ခံစားမိတယ်။ နားကြပ်တပ်ထားပေမယ့် ဆူညံနေလို့ သီချင်းတွေ ဖွင့်ပေးထားတယ်။ နောက်ဆုံးဖွင့်တယ့်သီချင်းက coldplay သီချင်းတပုဒ်လို့ ထင်တယ်။ မြန်မာပြည်မှာတုန်းကတော့ လူကြီးတွေလာရင် ဟယ်လီကော်ပတာနဲ့လာတာ မြင်ဖူးတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက ကာတွန်းဇာတ်ကောင် ဦးကပ်စီးနဲ့ ဒိန်းဒေါင်းလည်း ဟယ်လီကောင်ပတာ စီးတယ်ထင်တယ်။ တက်တယ့်အစီးကတက် ဆင်းတယ့်အစီးကဆင်းနဲ့ စီးတယ့်သူ တော်တော်များသား။ ဓာတ်ပုံရွေးဖို့ ဒေါ်လာ ၂၀ မရှိလို့ တိုးဂိုက်ဆီက ချေးရသေးတယ်။ ကိုယ်စီးတုန်းကသာ မသိတာ ဟယ်လီကော်ပတာက မြန်သား။ မက်ဟန်တန်အောက်ဖက်မှာလည်း ဟယ်လီကော်ပတာတိုးတွေ ရှိတယ်။


တိုးကားဘေးမှာ ရပ်ထားတယ့် ဆိုင်ကယ်အကြီးကြီးတွေမှာတက်ပြီး တရုတ်လင်မယား တယောက်တလှည့် ဓာတ်ပုံရိုက်တာတွေ့တယ်။ ဆိုင်ကယ်ဘေးမှာကပ်ပြီး ဓာတ်ပုံရိုက်တာ လက်ခံနိုင်သေးပေမယ့် ဆိုင်ကယ်ပေါ်ခွပြီး ဟန်နဲ့ပန်နဲ့ ဓာတ်ပုံရိုက်နေတာမြင်တော့ အားမနာတတ်လိုက်တာလို့ တွေးမိသေးတယ်။ ၄ နာရီ မိုင် ၂၇၀ သာသာ မောင်းပြီးတယ့်အခါမှာတော့ နီဗားဒါးပြည်နယ် Nevada လာ့ဗီးဂတ်စ် Las Vegas မြို့ကို ရောက်ပါတယ်။ အုန်းပင်တွေပဲရှိပြီး အပူချိန်က ၁၀၀ ကျော် ခြစ်ခြစ်တောက်အောင် ပူခြစ်နေပေမယ့် မိုးမျှော်တိုက်ကြီးတွေ၊ လေယာဉ်တစီးပြီးတစီး ဆင်းတက်နေတယ့် အတော်စည်ကားတယ့် မြို့ပါပဲ။ ကိုယ်တို့တည်းခိုတယ့်ဟိုတယ်က နယူးယောက်တယ့် အတော်ကြီးတယ်။ နေ့လည်ထမင်းစားဖို့ရှာတော့ ပီဇာနဲ့salad ပဲ တွေ့တယ်။ နောက်တော့ အေးရှန်းဆိုင်ရှိလား မေးကြည့်တော့ ရှင်းရှင်းဆိုတယ့်ဆိုင် ရှိတယ်တယ့်။ ထမင်းမစားရတာ သုံးနပ်ရှိပြီတယ့် အဖေ့တို့တွေ အတော်ပျော်သွားတယ်။ နေ့လည် တရေးတမော အနားယူ၊ ရေချိုး ညနေ ၅ နာရီထိုးတဲ့အခါမှာတော့ Night Tour စပါတယ်။ တိုးဂိုက်မလေးက ဘေးတဖက်တချက်စီမှာ တွေ့ရတယ့် ဟိုတယ်တွေအကြောင်း ရှင်းပြပါတယ်။ ကိုယ်တို့သွားရောက်လည်ပတ်မယ့် နေရာကတော့ Old Town Las Vegas ပါ။ ညနေ ၆ နာရီဆိုပေမယ့် အပူချိန်တော်တော်ပြင်းတယ်။ ဆိုင်ခန်းတွေကြားထဲမှာ အမိုးထပ်ထားပြီး အဲယားကွန်း လွှတ်ထားပေမယ့် တရှိန်းရှိန်း ပူတာကိုတော့ ခံစားရတုန်းပါပဲ။ မိန်းမတွေက ဘီကနီသာသာဝတ်ပြီးက၊ လူတွေကလည်း အမျိုးမျိုးဝတ်ပြီး ပိုက်ဆံတောင်း။

Hoover Dam

ကာဆီနိုထဲမှာ strip ကဖို့လို ဝတ်ထားတယ့် အမည်းမလေးက ဆက်ဆီတွေလုပ်ပြ၊ ကိုယ်တို့က မမြင်ဘူးလို့ ပြူးကြည့် အဲဒီကာဆီနိုထဲက လုံခြုံရေးမိန်းမက ပြူးကြည့် ရန်လိုတယ့်အကြည့်နဲ့ ကြည့်တယ်။ အဖေက သမီးရေ အဲဒီဖက်က မသွားနဲ့ ဟိုဖက်က သွားရအောင် ကြောက်စရာကြီးတယ့်။ တကယ့်ကို ဖရီးတယ့် မြို့ပါပဲ ပိုက်ဆံရှိရင် အကုန်ရ။ ဂုဏ်သိက္ခာတွေ၊ အကျင့်သီလတွေ ဘာဆိုဘာမှ ဂရုစိုက်စရာမလိုတယ့်မြို့။ ဒီမြို့ကို အကုသိုလ်မြို့ sin city လို့ နာမည်ပေးထားတယ်ဆိုတော့ အဖေနဲ့အမေ ရယ်လိုက်တာ ဟုတ်ပါ့ လိုက်ဖက်တယ့် မြို့နာမည်ပဲတယ့်။ အမိုးပေါ်ကနေ zip line စီးနေကြတာလည်း တွေ့ခဲ့တယ်။ ဟိုတယ်တခုရှေ့က ရေပန်းတွေက စီးချက်အလိုက်ကကုန် မီးရောင်စုံထွန်းတာကို ကြည့်ကြတယ် လာကြည့်ကြတွေ အများကြီး။ The Mirage ဟိုတယ်ရှေ့မှာ မီးတောင်ပေါက်ကွဲမှာဆိုတော့ ဘာများလဲလို့ စောင့်ကြည့်နေတာ ကျောက်တောင်ကနေ မီးတွေထွက် အသံစနစ်ကောင်းကောင်းနဲ့ ဂတ်စ်တွေ ပေါက်ကွဲပြနေတာကိုး။ ဒီလိုနဲ့ လူတွေကို သူတို့ဟိုတယ်ဆီလာအောင် ဆွဲဆောင်ကြတယ်။ နောက်ဆုံးသွားရောက်လည်ပတ်တယ့် ဟိုတယ်ကတော့ ကြယ်ငါးပွင့်အဆင့်ရှိတယ့် Wynn ဝင်း ဟိုတယ်ပါ။ ဟိုတယ်ထဲမှာ ပြင်ထားတာ၊ အလှဆင်ထားတာ အင်မတန်လှတယ် လူတွေကလည်း ကြိတ်ကြိတ်တိုး။ Le Reve Show ကြည့်မယ့်သူတွေကို ည ၁၁ နာရီမှ တိုးကားက လာခေါ်မှာဖြစ်ပြီး မကြည့်တယ့် ကိုယ်တို့က ပြန်ခဲ့ကြတယ်။ အဲဒီပွဲက အင်မတန် နာမည်ကြီးပါတယ် လက်မှတ်က ၁၈၀ ကျတယ်။


အဖေနဲ့အမေက အဲဒီလိုပွဲတွေကို သိပ်စိတ်မဝင်စားကြသလို ဟယ်လီကော်ပတာတိုးမှာတင် ပိုက်ဆံကုန်နေပြီ၊ အမေက ည ၉  နာရီလောက်ဆို အိပ်ချင်နေပြီ။ ပွဲခင်းထဲမှာ အိပ်ပျော်နေမှ လက်မှတ်ခတွေ ဆုံးနေပါ့မယ်ဆိုပြီး မကြည့်ဖြစ်တော့ပါဘူး။ မကာအိုဟာ လာ့စ်ဗီးဂတ်စ်နဲ့ တူပေမယ့် လာ့စ်ဗီးဂတ်စ်က ပိုကြီးတယ် ပိုလွတ်လပ်တယ်။ ကိုယ်ကတော့ မကာအိုက စိန့်ပေါလ်ဘုရားရှိခိုးကျောင်းတလျှောက် အစားအသောက်ဆိုင်တန်းတွေဆီကနေ ဝက်ပေါင်ခြောက်တို့ကို အလကားမြည်းရတာ အကြိုက်ဆုံး။ မြည်းလွန်းလို့ ဘယ်ဆိုင်က ကောင်းမှန်းတောင် မမှတ်မိတော့ဘူး။ ပြီးတော့ egg tart လို့ခေါ်ကြတယ့် ပေါ်တူဂီစတိုင် ကြက်ဥပူတင်းကလည်း မကာအိုမှာ စားခဲ့ရတာ အကာင်းဆုံးပဲ။ အသားတု၊ အစားသောက် အင်မတန် စားကောင်းတယ် ဝန်ဆောင်မှု ညံ့ဖျင်းတာကလွဲရင်။ ရာသီဥတုက မကာအိုက ပိုသာယာတယ် လာ့ဗီးဂတ်စ်ကတော့ အတော်ပူတယ်။ လာ့ဗီးဂတ်စ်ကို နောက်တစ်ကြိမ် သွားချင်သေးလားလို့မေးရင် တခေါက်ရောက်ဖူးပြီးပြီဖို့ နောက်တစ်ခေါက်တော့ မသွားချင်တော့ပါဘူး။ ဆူနမ်ကတော့ လာ့ဗီးဂတ်စ်ကို သိပ်သဘောကျတယ်။ မနက်ဖြန်ဆိုရင် တိုးခရီးစဉ်ရဲ့ နောက်ဆုံးရက်ဖြစ်ပြီး လော့အိန်ဂျယ်လစ်မှာ အဆုံးသတ်မှာပါ။ လော့အိန်ဂျယ်လစ်မြို့ကို ဘယ်လိုများ လည်ပတ်ခဲ့တာလဲဆိုတာကို နောက်အပိုင်းကျမှ ဆက်ရအောင်။

Happy Holidays

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၅။