07 July 2012

ဘော့စတွန်သွား တောလား...၁

ဇွန် ၂၉ ၂၀၁၂ သောကြာနေ့

သူများတကာ ဖလမ်းဖလမ်းထနေချိန် စန်းထွန်းတကောင် ဖလမ်းဖလမ်း မထနိုင်။ အလုပ်လက်စသတ်နိုင်ရေး ကွန်ပျူတာထဲ ခေါင်းစိုက်နေလေရဲ့။ စီနီယာက အချိန်ယူပြီး အေးအေးဆေးဆေးလုပ်လို့ ပြောပေမယ့် စိတ်ဖိစီးမှုကို ကိုယ့်ဘာသာ ရှာကြံယူတတ်တယ့် ထုံးစံအတိုင်း အပြီးသတ်နိုင်ရေး ဇွဲခတ်နေလေရဲ့။ Assignment ဆိုရင် ဘယ်တော့မှ စောစောတင်လေ့မရှိ။ စောစောတင်နိုင်ရေး ဘယ်လောက်ကြိုးစားကြိုးစား နောက်ဆုံးနေ့မှ အသည်းအသန် ကတိုက်ကရိုက် အူယားဖားယား တင်လေရဲ့။  Assignment နောက်ဆုံးရက် ဇူလှိုင် ၁ တနင်္ဂနွေ ဘော့စတွန်မှာ ဖလမ်းဖလမ်းထနေမှာ။ Assignment တင်ဖြစ်မယ် မထင်။ နေ့လည် ထမင်းစားချိန် အရင်လို သတင်းမဖတ်တော့ဘဲ စာလုပ်ဖြစ်တယ်။

ညနေ ၄နာရီ အလုပ်တွေ မပြီးလည်း ၁၀၁ ဒီဂရီ ခြစ်ခြစ်တောက် ပူပြင်းတယ့် နွေညနေခင်းမှာ လေဆိပ်ဆီ ချီတက်ပါတော့တယ်။ လောလောနဲ့ ကားနောက်အဆုတ် ဘေးကကားကို ဝင်အောင်းတယ်။ နောက်လည်းဆုတ်လို့မရ၊ ရှေ့လည်းတိုးလို့မရ တော်တော်ရင်တုန်သွားတယ်။ အတော်လေး ရုန်းကန်လိုက်မှ ကွေ့လို့ရသွားတယ်။ ဟူး..တော်ပါသေးရဲ့။ အသာလေး လေဆိပ်ကို မောင်းချသွားတယ်။ GPS အကူအညီနဲ့ လေဆိပ်ကို ရောက်ပေမယ့် Surface Parking Lot ဆိုင်းဘုတ်ကြီးကို မြင်နေရဲ့သားနဲ့၊ ကားပါကင်ကြီးကို မြင်နေရဲ့သားနဲ့ လမ်းမတွေ့လို့ ၂ခေါက် ပတ်မောင်းခဲ့ရလေရဲ့။ အဝင်ဂိတ်မှာ ပါကင်းဝင်းထဲ ဝင်တယ့် နေ့စွဲ၊ အချိန်နာရီ မှတ်ထားတယ့် Receipt လေးရတယ်။


လေဆိပ်မှာ လာကြိ ုပို့သူတွေအတွက် ကားကို ခဏပဲ ရပ်လို့ရတယ်။ တော်တော်ကြာကြာရပ်ထားရင် ရဲက လာပြောတယ်။ Under Four Hours Area မှာ ပါကင်ရင် တနာရီ ၁ကျပ်၊ Over Four Hours Area မှာ ပါကင်ရင် တနာရီ ၂ကျပ်၊ Surface Lot မှာ ပါကင်ရင် တနေ့ ၉ကျပ်။ ကားကို လေဆိပ်မှာ ရက်ရှည်ထားမယ့်သူတွေကတော့ Surface Lot မှာ ပါကင်ကြပါတယ်။

ဘော့စတွန်ခရီးက စတိတ်ကို ရောက်ပြီး တစ်နှစ်ကျော်မှ သွားဖြစ်တယ့် ပထမဆုံး လေယာဉ်ခရီးစဉ်။ ကျောင်းကနေ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့တွေကို သွားတုန်းက ဘတ်စ်ကားနဲ့ သွားခဲ့တာ။ လေယာဉ်ခ မတတ်နိုင်လို့ :P။ ဘတ်စ်ကားခက သက်သာတယ်၊ ဒါပေမယ့် အချိန်ကြာတယ်။ အိုင်အိုဝါပြည်နယ်ကနေ ချီကာဂိုမြို့ရှိတယ့် အီလီနွိုက်ပြည်နယ်ကို ကျော်ဖြတ်ပြီး အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့အထိ ၄၇၁မိုင်ဝေးပြီး ကားမောင်းရင် ၈နာရီကျော် မောင်းရတယ်။ ဘတ်စ်ကားစီးရင် မနက် ၁၁နာရီက စီးလိုက်တာ နောက်နေ့မနက်မှ စင်စင်နာတီကို ရောက်ပါတယ်။ ဘတ်စ်ကားခက ၁၀၀ ဝန်းကျင်ရှိပါတယ်။


ကန်တက်ဂီပြည်နယ် လူးဝစ်ဗီလ်ကနေ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်ကို မိုင်တထောင်ကျော်ဝေးပြီး ကားမောင်းရင် ၁၇နာရီ မောင်းရတယ်။ လေယာဉ်စီးရင်တော့ ၃နာရီလောက်ပဲ စီးရတယ်။ လွန်ခဲ့တယ့် ၂လလောက်ကတည်းက ဘွတ်ထားတာမို့လို့၊ ကျောင်းသားမို့လို့ ဒစ်စကောင့်နဲ့တောင် ၄၃၀ ပေးရပါတယ်။ ဇူလှိုင်၄ အမေရိကန်လွတ်လပ်ရေးနေ့ရုံးပိတ်ရက်က ဗုဒ္ဓဟူးနေ့မှာ ကျရောက်တာမို့ ၂ရက်လောက်ခွင့်ယူ၊ စနေ၊ တနင်္ဂနွေပိတ်ရက်နဲ့ပေါင်းပြီး ခရီးသွားကြတယ့်အချိန်အခါသမယမို့ လေယာဉ်ခက အတော့်ကို ဈေးကြီးပါတယ်။

ညနေ ၅နာရီ United Air မှာ Check In ဝင်တော့ ဟမ်းကယ်ရီအိတ်က ၂၅ပေါင် ကျော်နေလို့ ၂၅ပေးလိုက်ရတယ်။ ဂျင်းဘောင်းဘီ ၂ထည်၊ ဂျင်းဂျက်ကက်နဲ့တင် ၂၅ပေါင် ဖြစ်နေပြီ ။ စတိတ်ကို လာတုန်းက  ၂၃ KG အလေးချိန်ရှိတယ့် အိတ်၂လုံးနဲ့ ဟမ်းကမ်ရီသယ်ခွင့် ရှိပါတယ်။ စတိတ်ကို အသား၊ သစ်သီးသစ်ရွက်အစေ့တွေ သယ်လို့မရပါဘူး။ တင်းတင်းကြပ်ကြပ် စစ်ဆေးပါတယ်။ အီတလီက သစ်ရွက်လေးလှလို့ စာအုပ်ကြားထဲ ညှပ်လာတယ့် Megan တယောက် စတိတ်လေဆိပ်လည်းရောက်ရော အမှိုက်ပုံထဲ ရောက်ပါလေလေရော။ ကိုယ်တို့ အင်္ဂလိပ်စာတီချယ် ကာလိုရိုင်း ဟာဝိုင်အီက ပန်းကုံးလေး ဆွဲလာတာ စတိတ်လေဆိပ်လည်းရောက်ရော အမှိုက်ပုံးထဲ ဂျောင်းတော့တာပဲ။

စတိတ်ကိုအလာ ချီကာဂိုမှာတုန်းက ကိုယ့်နောက်က ဟောင်ကောင်တရုတ်ကြီးအိတ်ကို စကန်ဖတ်တာ တီတီမြည်တာနဲ့ Security က အမဲသားသယ်လာတာလားလို့ မေးတော့တာပဲ။ Yanzi ပြောဖူးတာတော့ သြဇီမှာ ကျိုင်းကောင်တွေကျလို့ ဂျုံခင်းတွေ ပျက်စီးတာ ကျိုင်းကောင်းတွေကို စားတယ့် တခြားနိုင်ငံက ဖားတွေ မှာယူပြီး ဂျုံခင်းတွေထဲ ထားတာ ကျိုင်းကောင်တွေကိုတော့ နှိမ်နင်းပါရဲ့။ ဒါပေမယ့် ဖားကောင်ရေက အဆမတန်များပြားလာလို့ မနည်းထိန်းချုပ် လိုက်ရတယ်ဆိုပဲ။ ဒေသခံမဟုတ်တဲ့  အရပ်ဒေသမှာ ရှင်သန်ကြီးပြင်းရတယ့် အပင်၊ အကောင်ပလောင်တွေဟာ အဲဒီအရပ်ဒေသမှာ မရှင်သန်နိုင်ရင် သေရင်သေ၊ မသေလို့ ရှင်ရင်လည်း ဒေသခံမျိုးစိတ်တွေထက် ပိုရှင်သန်၊ ပိုပွားများ ဒီနှစ်နည်းပဲ ရှိပါသတဲ့။ ဒေသခံမျိုးစိတ်တွေကို ထိန်းသိမ်းချင်ရင် နိုင်ငံခြားမျိုးစိတ်တွေ ဝင်ရောက်လာတာကို သေသေချာချာ ကြပ်ကြပ်မတ်မတ် စစ်ဆေးရပါတယ်တဲ့။ နွားရူးရောဂါပိုးရှိတဲ့ အမဲသားတင်သွင်းလာမှာစိုးရိမ်လို့ အမဲသားတင်သွင်းတာကို သေသေချာချာ စစ်ဆေးပါတယ်။


Check In ပြီးတာနဲ့ Security စစ်ဖို့ Q တန်းကြီးက အရှည်ကြီး။ ဖိနပ်၊ နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ ကွန်ပျူတာ၊ ကင်မရာ၊ ပုဆိန်တံဆိပ်လေဆေးဆီ၊ ရေဗူး စကန်ဖတ်ရင် အသံမြည်မယ်ထင်တဲ့ အရာမှန်သမျှ ဗန်းထဲထည့်ပြီး စကန်ဖတ်။ လူကလည်း စကန်ကြီးရှေ့မှာ လက်မြှောက်ပြီး အစစ်ခံရတယ်။ Boarding Pass မှာ ဂိတ် A21 ရေးထားလို့ စောင့်နေတာ A22 ဂိတ်က ဘုတ်မှာ ကိုယ်သွားမယ့် Newark Liberty Intl(EWR) ပေါ်နေပြီး လေယာဉ်နံပါတ်ကလည်း တူနေလို့ သွားမေးကြည့်တာ Last Call for Boarding ပါတဲ့ ခင်ဗျား။ အမယ်မင်း..ကံသီပေလို့..သွားမေးကြည့်ပေလို့သာပေါ့။ မေးများမမေးဘဲ ဂိတ် A21 ကိုသာ စောင့်နေရင်တော့ ဒုက္ခပဲ။

နယူးယောက်ကို ၂နာရီ စီးရပါတယ်။ မိုးမျှော်တိုက်တွေ၊ များပြားလှတဲ့ အဆောက်အဦးတွေကြားထဲ Empire State Building က ဘယ်နားမှာပါလိမ့်။ Liberty Statue က ဘယ်နားမှာပါလိမ့်နဲ့ တွေ့လိုတွေ့ငြား ရှာကြည့်သေးတယ်။ တနေ့တော့ ရောက်အောင်လာခဲ့ဦးမယ် နယူးယောက်ရေ။ လေယာဉ်က မြေပြင်ကို ဆင်းသက်ပြီး မီးပွိုင့်မိနေလို့ လေဆိပ်ရောက်ဖို့ ၁၅မိနစ်လောက် Q နေရသေးတယ်။ Terminal C ကို Shuttle Bus နဲ့ သွားရပါတယ်။ သြော် နယူးယောက်၊ နယူးယောက်။ လေဆိပ်တခုလုံး လူတွေ ဒင်းကြမ်းပြည့်နေလိုက်တာ။ ဆူနမ်ဆီ ဖုန်းဆက်ကြည့်တော့ သူ့လေယာဉ်  Delay ဖြစ်လို့ စင်စင်နာတီမှာပဲ ရှိသေးတယ်တဲ့။ သူ့ Transit ဖြစ်တဲ့ ဝါရှင်တန်ဒီစီရောက်မှ ဖုန်းထပ်ဆက်လိုက်မယ်တဲ့။


နယူးယောက်ကနေ ဘော့စတွန်ကို လေယာဉ်တနာရီလောက် စီးရပါတယ်။ လေယာဉ်က နည်းနည်းကြီးတယ်။ ည ၁၁ နာရီ သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅ မိနစ်ခန့်နောက်ကျပြီးမှ ဘော့စတွန်မြို့တော်ကြီးကို ရောက်ပါတယ်။ ရာမားရဲ့ အခန်းဖော် အင်ဒိုနီးရှားမလေး နေတီက လာကြိုနေပါတယ်။ ဘော့စတွန်ကနေ ၁နာရီ အဝေးမှာရှိတဲ့ ရာမားနေထိုင်တဲ့ Gloucester မြို့ဆီ ချီတက်ရပြန်တယ်။ ည၁၂ကျော် အိမ်ရောက်လို့ ရာမား ဗိုက်ဆာတယ် ဘာချက်ထားလည်း မေးတော့ ရေခဲသေတ္တာကြီးကို ဖွင့်ပြတယ်။ နီပါလီဟင်းတွေက အများကြီး။ ဒါပေမယ့် တခုမှ နင်စားနိုင်မှာ မဟုတ်ဘူး။ ခေါက်ဆွဲပြုတ်စားတဲ့။ အဟင့်... တော်တော် လည်ပင်းညှစ် အဲလေ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း။



ဆူနမ်ကတော့ ဝါရှင်တန်ဒီစီကို ချောချောမောမောရောက်ပေမဲ့ တော်နေဒိုးဝင်မွှေထားလို့ ဝါရှင်တန်ဒီစီလေဆိပ်မှာ ခရီးစဉ်အားလုံးဖျက်သိမ်း။  မြို့တော်ကြီးကလည်း အမှောင်ကျလို့။ စနေနေ့ည ၆နာရီမှ ဘော့စတွန်ကို သွားမယ့် လေယာဉ်ရှိတာမို့ ဆူနမ်တယောက် ဝါရှင်တန်ဒီစီလေဆိပ်မှာ နောက်ထပ်တနေ့ ဆက်စောင့်မလား၊  စနေနေ့မနက် ၈နာရီ  ဘော့စတွန်ကို သွားမယ့် လေယာဉ်မှီအောင် ဝါရှင်တန်ဒီစီလေဆိပ်ကနေ မိနစ်၄၀လောက် ကားမောင်းရတဲ့အဝေးမှာ ရှိတဲ့ တခြားလေဆိပ်ကို ဆူနမ်တယောက် အရောက်သွားနိုင်မလား...

စန်းထွန်း
ဇူလှိုင် ၇၊ ၂၀၁၂။

28 June 2012

Purdue သွား ‌တောလား...

Purdue သွား တောလားဆိုလို့ Purdue မြို့ကို သွားလည်တယ် ထင်ရင် မှားပါတယ် ခင်ညာ။ ဝင်ခွင့်စာမေးပွဲ သွားဖြေမယ့် မခိုင်က ရောက်ဖူးတယ်ရှိအောင် လိုက်ခဲ့ဆိုတာနဲ့ Indiana University Purdue University Fort Wayne (IPFW) ကြီးကို မရည်ရွယ်ဘဲ ရောက်ဖူးသွားပါတယ်။ အင်ဒီယားနားပြည်နယ်မှာ Indiana University Purdue University က  အင်ဒီယားနားပြည်နယ်ရဲ့ မြို့တော် Indianapolis နဲ့ ဒုတိယအကြီးဆုံးမြို့ Fort Wayne မှာ တက္ကသိုလ် ၂ခု၊ Purdue University က  West Lafayette ၊  Richmond ၊ Hammond ၊ Columbia City မှာ တက္ကသိုလ်တွေ ရှိပါတယ်။ စန်းထွန်း အခုတက်နေတယ့် တက္ကသိုလ်ရဲ့ Computer Science ကျောင်းအုပ်ကြီး ဒေါက်တာ Greg Guthrie က Purdue University ကျောင်းထွက်။ Purdue University က ကမ္ဘာအဆင့် ၆၂ ။ IPFW ရဲ့ Ranking ကို ရှာတာ မတွေ့ပေမယ့် သေချာတာကတော့ Ivy Tech Community College ထက် ဝင်ခွင့်ခက်ပါတယ်။

မခိုင် စာမေးပွဲဖြေနေတယ့် ၂နာရီအတွင်း ကျောင်းတခွင်အနှံ့ ခြေဆန့်ပါတော့တယ်။ ရောက်ဖူးတယ့် တက္ကသိုလ်ထဲမှာ ဒီတက္ကသိုလ်က အလှဆုံး။ ကိုယ်ရောက်ဖူးတာကလည်း ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ National University of Singapore (NUS)  ၊ Nanyang Technological University (NTU) ၊ University of Iowa ။ University of Iowa ထဲက ဘောလုံးကွင်းကြီးကတော့ ပြောစမှတ်တွင်တယ်။

Kinnick Statdium in University of Iowa
၁၉၂၉ မှာ ဖွင့်လှစ်ခဲ့ပြီး  ၁၉၃၉ Heisman Trophy ဆုတံဆိပ်ရှင် Nile Kinnick ကို ဂုဏ်ပြုကာ Kinnick Statdium လို့ အမည်ပြောင်းခဲ့ပါတယ်။ University of Iowa ထဲက ကျောင်းတကျောင်းဖြစ်တယ့် University of  Iowa Hawkeyes အားကစားတက္ကသိုလ်ရဲ့ အိမ်ကွင်းပါ။ ကောလိပ်ကျောင်းက ပိုင်ဆိုင်တယ့် အကြီးဆုံးအားကစားကွင်း ၂၀ထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

တက်ခဲ့ဖူးသမျှ တက္ကသိုလ်တွေထဲမှာ ကမ္ဘာ့အဆင့် ၂၃၊ အာရှအဆင့် ၃ ရှိတယ့် NUS ကို အကြိုက်ဆုံး။ အာရှအဆင့်၁က Hong Kong Univeristy of Science and Technology (HKUST) ၊ အဆင့်၂က University of Hong Kong (HKU)။ NUS Alumnus ဖြစ်ရတာကို ဂုဏ်အယူဆုံး။

အာရှအကောင်းဆုံးတက္ကသိုလ်၁၀၀မှာ ဂျပန် ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်က တက္ကသိုလ်တော်တော်များများ ပါပါတယ်။ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်က တက္ကသိုလ်တွေက နည်းနည်းပါတယ်။ အရှေ့တောင်အာရှမှာ တက္ကသိုလ်အများဆုံးရှိတယ်ဆိုတယ့် မြန်မာပြည်က တက္ကသိုလ် တခုတလေများ ပါလေမလားလို့ ရှာကြည့်တာ ၁၀၀သာ ဆုံးသွားရော၊ မျက်စိများ ရှမ်းလေသလားမသိ။ မတွေ့မိပေါင်ဗျာ။

 ၂၀၁၁ ဇွန်လ နွေရာသီ ပူပြင်းတယ့် နေရောင်ခြည်အောက်မှာ သစ်ပင် စိမ်းစိမ်းစိုစို၊ ပန်းပွင့် အရောင်စုံစုံ၊ မြစ်ရေစီးသံ တသွင်သွင်နဲ့ တကယ့်ကို သာယာလှပပါပေတယ်။ အဆောက်အဦးတွေ၊ လူသွားလမ်းလေးတွေ၊ ထိုင်ခုံလေးတွေနဲ့သူ့နေရာနဲ့ စနစ်တကျ သေသပ်လှလို့။ ဒီလိုကျောင်းမျိုးမှ ငါတက်ချင်တယ့်ကျောင်းလို့တောင် တွေးမိတယ်။ ကိုင်း.. ဟိုရိုက်ဒီရိုက် လက်ရာများကို သည်းခံကာ ရှုစားကြပါ ခင်ညာ။

                    
ဆင်ပြာတော် ..:P
အစွယ်ပါတော့ ဟိုင်းဆင် မဖြစ်နိုင်။ စွယ်စုံဆင်လား မသိ။ ( ရမ်းတုတ်လိုက်သည် )
ဘတ်စ်ကားမှတ်တိုင်
အစိမ်းရောင်ကြားထဲမှာ ဆန်းနေလို့ အလွတ်မပေးခဲ့။
Institute of System Science (NUS) ကျောင်းဘေးမှာလည်း  ရှိတယ်။
 စတိတ်က ရှဉ့်တွေကတော့ အကောင်ပိုကြီးတယ်။
Rose Lane
နှင်းဆီလမ်း‌လေး
နာမည်‌လေးနဲ့ လိုက်အောင် နှင်းဆီရနံ့‌တွေ မွေးထုံနေခဲ့တယ်
မမအိုင်အိုရာဆို မြင်တာနဲ့ ဘာငှက်အမျိုးအစား တန်းပြောနိုင်မယ်။
ကိုယ်ကတော့ ကြက်တူရွေး၊ သာလိကာ၊ ကျီးကန်း၊ ခို၊ ဇီးကွက်ပဲ သိတယ်...:P
နွေရာသီဆို ဒီပန်းတွေ နေရာတိုင်းမှာ တွေ့တယ်..ဓာတ်ပုံထဲမှာထက် အပြင်မှာ အရောင်ပိုစိုပြီး ပိုလှတယ်
ဆရာဖိုးကျော့ရဲh ဆင်ဖမ်းဝထ္ထုတွေ ဖတ်ရတိုင်း  လက်ဖဝါးသာသာ ရေထဲမှာနေပြီး
 မီးခြစ်ဆံသာသာလောက်ရှိတယ့် သူ့အစွယ်နဲ့ ထိုးလိုက်ရင်
ကုန်းဆင်ကြီး တုံးကနဲ ပစ်လဲကျစေတယ့် ဆင်အားလုံးကြောက်ကြတယ့်
 ရေဆင်ကို မြင်ဖူးချင်ခဲ့ဖူးတယ်
ဆေးလိပ်လည်းတို နေလည်းညှိပြီ ငါ့ကို အိမ်ပြန်ပို့ကြပါတော့
ကောင်းကင်မှာလည်း ပျံတယ်၊ ရေပြင်မှာလည်း ကူးတယ်၊ မြေပြင်မှာလည်း လမ်းလျှောက်တယ်
ခွေကျောင်း၊ လူကျောင်းကြသော လမ်းကလေး
စည်းချက်ညီညီ ကခုန်နေသော မိုးမခပင်များ
ဇူလှိုင် ၄ အမေရိကန် လွတ်လပ်ရေးနေ့ မတိုင်မှီ ကျရောက်တယ့် ရာမားမွေးနေ့ကို ဆင်နွှဲဖို့ စန်းထွန်းတယောက် ဘော့စတွန်ကို ချီတက်ပါဦးမယ်။ မနှစ်က ဒီဇင်ဘာ Winter Break Holidays ကတည်းက ဘော့စတွန်သွား တောလားချင်တာ လေယာဉ်စရိတ် မတတ်နိုင်လို့ ခုမှပဲ တောလားရပါတော့တယ်။ ရာမားနဲ့လည်း မတွေ့ရတာ ၁၀လလောက် ရှိပါပြီ။

ကျောင်းသား ၄၉ယောက်၊ ကျောင်းသူ ၅ယောက်ပဲရှိတယ့် အတန်းမှာ မိုင်း၊ ဆူနမ်၊ စန်းထွန်း သုံးယောက်သား တညီတညွှတ်တည်း ပေးထားတယ့် ကွင်းက ရာမားပါ။ ဟင်းချက်ကောင်းတယ့်  ရာမားလက်ရာ Sauce ကို ကြက်သွန်၊ ငရုတ်သီးပွနဲ့ ကြော်ထားတယ့် ဟင်းက ကိုယ်တွေ အမြဲတောင်းဆိုရတယ့် ဟင်းတခွက်။

Good Friday တုန်းက မိုင်းရယ်၊ ဆူနမ်ရယ်၊ စန်းထွန်းရယ် စားသောက်သမျှ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်တင်တော့ တယောက်တည်းဖြစ်တယ့် ရာမားက မနာလိုတိုရှည်ဖြစ်ပြီး အွန်လိုင်းတောင် တက်မလာ။ အခုတော့ ဆူနမ်၊ ရာမား၊ စန်းထွန်း သုံးကောင်သား လောင်းကျော်သမျှ မိုင်းတယောက် မနာလိုတိုရှည် ဖြစ်မှာ မြင်ယောင်သေး။

နောင်တပတ်မှာ ပြန်ဆုံကြပါစို့။
ဇွန် ၂၈၊ ၂၀၁၂။

23 June 2012

Den Moines သွား ေတာလား...

ခရီးသွားနိုင်ကြသူ မမကွန်၊ မမီးငယ်တို့ကို အားကျ၍ သွားချင်သော်ငြား မတတ်နိုင်သောကြောင့် လက်မှိုင်ချကာ နေရလေသည်။ တနေ့သ၌ ဓာတ်ပုံများ ရှင်းလင်းရင်း တမြန်နှစ်က ကျောင်းခရီးစဉ်ဓာတ်ပုံများကို တွေ့လိုက်ရသော အခါ၌ကား ဘလော့တွင် တင်ဖို့ အခွင့်ရလေပြီဟု လက်ခမောင်း ခတ်လေသည်။ အချိန်အခါသမယကား ၂၀၁၁ ဧပြီ ၅ အင်္ဂါနေ့ Spring Break Holidays ဆောင်းအကုန် နွေအကူး နေရောင်ခြည်ပွင့်လင်း သာယာလှပသော နေ့ကလေး ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။

Den Moines ( ဒန် မွိုင်းစ်) သည် အိုင်အိုဝါပြည်နယ်၏ မြို့တော် ဖြစ်သည်။ Den Moines ခံတပ်ကို အတိုကောက် ခေါ်ဆိုရာကနေ မြို့အမည်တွင်သွားခြင်း ဖြစ်သည်။ ပြင်သစ်ပြည်ရှိ Den Moines မြစ်အမည် မှည့်တွင်ထားခြင်း ဖြစ်မည်ဟု တွေးကြသည်။ မြို့တော်ကြီး၏ အဓိကလုပ်ငန်းသည် အာမခံလုပ်ငန်းဖြစ်ပြီး ထင်ရှားသော အာမခံကုမ္ပဏီ အမြောက်အမြားရှိသည်။ Best Place for Business in 2010 ၊ No.1 - America's Best Cities for Young Professionals. ၊ No. 9  -  2008 Best Cities List ၊ No.1 -  Greenest city ဆုတံဆိပ်များ ရရှိထားသည့် မြို့တော် ဖြစ်သည်။

ပထမဆုံး မဲဆွယ်စည်းရုံးမှုသည် အမေရိကန်သမ္မတ မဲဆွယ်ပွဲအတွက်  အရေးပါသောကြောင့်  Den Moines မြို့တော်ကြီးတွင် ဌာနချုပ်ထားကာ မဲဆွယ်ပွဲများ စတင်ကြသည်။ ၂၀၀၇ The New York Times ဆောင်းပါးအရ မဲဆွယ်ပွဲများတွင် စိတ်အားထက်သန်မှု၊ အားပေးထောက်ခံမှုများကို Den Moines မြို့တော်ကြီးထက် သာလွန်ကောင်းမွန်သောနေရာမရှိ ဆိုသည်မှာ အငြင်းပွားဖွယ် မရှိဟု ဆိုသည်။

၁၈၈၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးသော Iowa State Capitol ကို သွားရောက် လည်ပတ်ကြသည်။ ရွှေရောင်အမိုးခုံးကို အမိုးခုံးလေးခုက ဝန်းရံထားသော Iowa State Capitol နှင့် Rhode Island State Capitol နှစ်ခု အိုင်အိုဝါပြည်နယ်တွင် ရှိသည်။ မြို့တော်ဝန်ရုံး၊ တရားရုံး၊ ငါးထပ်ရှိ ဥပဒေစာကြည့်တိုက်၊ သမ္မတကတော်အရုပ်များ ရှိသည်။ ခရီးသွားအဖွဲ့များ၊ ကျောင်းသားအဖွဲ့များ လာရောက်လည်ပတ်ကြသည်။ မြေအောက်ထပ်တွင် အမေရိကန်ပြည်တွင်းစစ်၊ စပိန် - အမေရိကန်၊ ကိုရီးယား၊ ဗီယက်နမ် စစ်ပြန်များကို ဂုဏ်ပြုထားခြင်း၊ အမှတ်တရ ပန်းပုလက်ရာများ ရှိသည်။


ဘယ်လိုတည့်တည့် မရသောကြောင့် ခေါင်းကြီးစောင်းကာ ကြည့်ကြပါကုန်။ 

The Pappajohn Sculpture Park ကို ပို့ဆောင်ပေးသည်။  အနုပညာကို ဓာတ်ပုံရိုက်ရုံလောက်သာ ခံစားတတ်သော ငတိများကြောင့် ပန်းပုပညာရှင် လက်မှိုင်ချသွားလေသည်။

တရဲ..တရဲ..‌ခေါင်းပြတ်တရဲ
ဘူလေးလဲဟင်
လာမစမ်းနဲ့..ကစ် ထည့်လိုက်မယ်..ဘာမှတ်လဲ..ဟွန်း 
 little world  - Burma, China, Nepal, Vietnam, India, Perkistan, Jordan, Bosnia, American


ဤသို့ဖြင့် တရံရောအခါက အိုင်အိုဝါပြည်နယ် မြို့တော်ကြီးဆီသို့ ရောက်ဖူးခဲ့လေသည်။

စန်းထွန်း
ဇွန် ၂၂၊ ၂၀၁၂။