19 March 2017

ယူအက်စ်သွား တောလား - ၂၆

နိုဝင်ဘာ ၁၂ စနေနေ့မှာတော့ အထက်မက်ဟန်တန်က ဂျော့ဝါရှင်တန်တံတားကို ဖြတ်ကျော်ပြီး ဟက်ဆန်မြစ်ကမ်းဘေးက နယူးဂျာဆီပြည်နယ် Palisades Interstate Park မှာ တောင်တက်ခရီး ၆ မိုင် ထွက်ဖြစ်ပါတယ်။ နယူးယောက်နဲ့ နယူးဂျာဆီပြည်နယ်ကို ဆက်သွယ်ထားတဲ့ နှစ်ထပ်ကြိုးတံတား နှစ် ၈၀ ကျော်နေပြီဖြစ်တဲ့ ဂျော့ဝါရှင်တန်တံတားက  လမ်းလျှောက်ရင် မိနစ် ၂၀ ကျော် ၁ မိုင်ကျော် နီးပါးရှည်တော့ အဲဒီနေ့က ၈ မိုင်ကျော် တောင်တက်ခဲ့တယ် ဆိုပါတော့။ ဝိုင်းနဲ့ကိုယ်တို့အတွက်က တတိယအကြိမ်ဖြစ်ပြီး မကြီးကတော့ ပထမအကြိမ်ပါ။ ၂၀၁၄ မှာ မလေးရှားသူ ဝိုင်လင်းရဲ့ Meetup အဖွဲ့နဲ့ ပထမဆုံးအကြိမ် ရောက်ဖူးတယ်။ သစ်ရွှက်တွေ ကြွေချိန်ဆိုတော့ အတော်လေးလှတယ်။ ဝိုင်လင်းတို့အဖွဲ့ကသူတွေက ဓာတ်ပုံသိပ်မရိုက်ဘူး တောင်တကယ် တက်တာဆိုတော့ ဓာတ်ပုံရိုက်ချင်တဲ့ ဝိုင်းနဲ့ ဒုတိယအကြိမ် ပြန်သွားကြတယ်။ ကိုယ်တို့အခေါ် Photography Hiking ဆိုပါတော့။ မက်ဟန်တန်အထက်ဖက်ကို A ၊ 1 ရထားစီး ဂျော့ဝါရှင်တန်တံတားနဲ့နီးတဲ့ 181 st မှတ်တိုင်မှာဆင်းပြီး တံတားဆီလမ်းလျှောက်။ တံတားကို ရှေ့မှာမြင်နေရပေမဲ့ လူသွားလမ်းမရှိဘူး။ ဝေ့ဝိုက်ပြီး ပတ်တက်သွားတဲ့ စက်ဘီး၊ လူသွားလို့ရတဲ့ တံတားလေးကနေ အပေါ်ထပ်တံတားကို တက်သွားရမှာ။ အဲဒီတံတားဆီ သွားမဲ့နေရာကို မမှတ်မိလို့ လည်နေကြသေးတယ်။ အစိမ်းရောင်တောက်တောက် ဝတ်ထားတဲ့လမ်းရှင်းသမားကို သွားမေးတော့ မသိဘူးတဲ့။ ဟိုကြည့်ဒီကြည့် ပတ်ပတ်လည်လိုက်ရှာ နောက်ဆုံးတော့ တွေ့သွားတယ်။ စက်ဘီး၊ လူသွားလမ်းက တံတားအပေါ်ထပ် ဘယ်ဖက်ခြမ်းမှာပဲရှိတယ်။


တံတားပေါ်ကနေ လိမ္မော်ရောင်တောက်နေတဲ့ သစ်ပင်၊ တအိအိစီးဆင်းနေတဲ့ ဟတ်ဆန်မြစ်၊ မိုးမျှော်တိုက်တွေရှိတဲ့ အောက်မက်ဟန်တန် မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ လမ်းက နှစ်ယောက်တွဲလျှောက်ဖို့ အဆင်မပြေဘူး စက်ဘီးစီးသမားတွေကို ကြည့်ရတယ်။ တံတားဆုံးတာနဲ့ ညာဖက်ကွေ့လိုက်ရင် ပန်းခြံ။ အဲဒီပန်းခြံက pet friendly ဆိုတော့ ခွေးတွေနဲ့အတူတူ တောင်တက်ကြတယ်။ မြေပုံကိုကြည့်ပြီး တောင်ပေါ်မှာပဲ လမ်းလျှောက်မလား၊ တောင်အောက်ကိုဆင်းပြီး တောင်ပေါ်ပြန်တက်မလား၊ တောင်ပေါ်ကနေ တောင်အောက်ဆင်းမလား ဘယ်လမ်းကြောင်းနဲ့သွားမလဲလို့ တိုင်ပင်ကြတော့ ကိုယ်တို့သွားနေကြ တောင်ပေါ်ကနေ တောင်အောက်ဆင်း တောင်ပေါ်ကိုပြန်တက်တဲ့ လမ်းကိုပဲ ရွှေးလိုက်တယ်။ သစ်ရွှက်တွေ ကြွှေနေပြီမို့ အရင်နှစ်ကလောက် မလှတော့ဘူး။ ၃ မိုင်ကျော်လောက် လျှောက်ပြီးမောလာတော့ ပါလာတဲ့ sandwitch ၊ သစ်သီး၊ ဖျော်ရည်တွေ စားပြီး အမောဖြေကြတယ်။ ၂၀၁၅ ဘော်စတွန် cruise ကို အပေါ်ဆုံးထပ် အမိုးအကာမပါဘဲ အစီးကောင်းတာ မျက်နှာတွေ နီရဲယောင်ကိုင်း မည်းကျန်ခဲ့လို့ butterfly rash ကိုကုရတာ ၁ နှစ်ကျော်ကြာတယ်။ အဲဒီကတည်းကစလို့ နေရာင်ခြည်ကို သတိထားရပြီး အမြဲတမ်း sunscreen လိမ်း ဦးထုပ်၊ အင်္ကီျလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ရတယ်။ အိမ်မှာ နေတာပဲလေဆိုပြီး sunscreen မလိမ်းဘူး မျက်နှာမှာ အစက်အပြောက်တွေ ထွက်လာတာကို သတိထားမိတော့မှ sunscreen အမြဲလိမ်းတော့တယ်။ ကိုယ်သောက်ရတဲ့ဆေးမှာ sun exposure ဖြစ်စေတဲ့ဟာတွေပါတော့ သာမန်လူထက် UV ကို sensitive ဖြစ်တော့ sunscreen က ကိုယ့်ရဲ့ မရှိမဖြစ်အရာတစ်ခု။


Shiseido ကထုတ်တဲ့ tinted sunscreen ကုန်သွားတော့ အပြာရောင် ultimate wetforce SPF 50+ ဝယ်လိုက်တယ်။ wetforce က မျက်နှာမှာဖြူဖြူကြီး ဖြစ်ကျန်ခဲ့တယ် အချိန်ပေး ပွတ်လိမ်းပေးရပြီး နည်းနည်းလေး ကြာတော့မှ အဲဒီဖြူတာကြီး ပျောက်တယ်။ ဖြူတာကြီးကို မကြိုက်ပေမဲ့ နေပူထဲမှာ တနေကုန် တောင်တက်ခရီးထွက်တာဆိုတော့ လိမ်းရတာပါပဲ။ ဖုန်းထဲမှာ ဓာတ်ပုံတွေကို ပြန်ကြည့်တော့ မျက်နှာကြီး ဖြူဖွေးနေတာကို သတိထားမိတော့မှ သရဲမဆိုပြီး ရယ်လိုက်ရတာ။ အခု Shiseido က အဖြူရောင် UV Protector SPF 42 ကို သုံးနေတယ် မဆိုးပါဘူး။ ဂျပန် skin care အကြောင်းတွေ ဖတ်ကြည့်တော့ ဆုတွေအများကြီးရပြီး ဈေးလည်းမကြီးတဲ့ Biore UV Aqua Rich Watery Essence Suncreen SPF 50+ PA+++ ကို သုံးနေတယ်။ အိမ်မှာနေရင် Biore သုံးပြီး အပြင်ထွက်ရင် Shiseido သုံးတယ်။ ရုံးက တရုတ်မကတော့ Shiseido Anessa Perfect UV Screen Ex SPF 50+ PA++++ အဝါရောင်က အကောင်းဆုံးပဲတဲ့။ မသုံးဖူးသေးဘူး အိမ်မှာရှိတာတွေကုန်မှ ဝယ်သုံးကြည့်ဦးမယ်။ အိန္ဒိယကောင်လေးတစ်ယောက်က ပန်းခြံမှာ ကားထားခဲ့ပြီး hiking trail က ဘယ်မှာလဲလို့ လာမေးတယ် တခါမှ မရောက်ဖူးဘူးတဲ့။ ရှေ့နားကျရင် ညာဖက်ချိုးပြီး တောင်အောက်ကိုဆင်း မြစ်ဘေးအတိုင်းလမ်းလျှောက် တံတားနားမရောက်ခင် လှေကားထစ်တွေအတိုင်း တောင်ပေါ်ပြန်တက်လို့ ညွှန်လိုက်တယ်။ ကိုယ် ညာကွှေ့လို့ ညွှန်လိုက်တဲ့နေရာက ဘုရားကျောင်း အဲတော့ ဒုက္ခပါပဲလို့ ပြောနေတုန်း အဲဒီကောင်လေး ပြန်ရောက်လာတယ်။ ဘုရားကျောင်းကြီး တောင်ဆင်းလမ်း မဟုတ်ဘူးတဲ့ ဟုတ်တယ် ကိုယ်တို့မှားညွှန်လိုက်တာ တောင်ဆင်းလမ်းက ရှေ့နားမှာ ဆောရီးနော်။ ကြောက်သွားတယ်တဲ့နဲ့တူတယ် ကိုယ်တို့နောက်ကပဲ လိုက်တော့တယ်။



တောင်အောက်ကို ကိုယ်တို့ဆင်းတဲ့အချိန် မတွေ့တော့ဘူး တောင်ပေါ်မှာပဲ ကျန်ခဲ့သလား ကိုယ်တို့ဓာတ်ပုံ အရိုက်ကောင်းနေတုန်း ကိုယ်တို့ကို ဖြတ်ကျော်သွားလေသလားမသိ။ ဒီတခေါက်တော့ သစ်ရွှက်တွေ ကြွှေထားပြီးပြီမို့ တောင်အောက်လမ်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ မြစ်ကမ်းဘေးက လူသွားလမ်းမှာ လမ်းလျှောက်နေတုန်း မြစ်ရေကြောင့် စိမ့်ပြီး အေးလာတယ်။ ကမ်းစပ်မှာ ငါးမျှားနေတဲ့သူတွေ တွေ့တယ်။ အားကစား၊ Activities တော်တော်များများကို နှစ်သက်ပေမဲ့ ငါးမျှားဖို့တော့ လုံးဝစိတ်မဝင်စားဘူး။ ညအမှောင်မှာ တောင်ကမ်းပါးက လှေကားထစ်တွေ တက်ဖို့ဆိုတာ အတော်မလွယ်တဲ့အလုပ် နေမဝင်ခင် တောင်ပေါ်ရောက်နေရမယ်။ ညနေဆည်းဆာချိန်မှာ တောင်ကမ်းပါးက လှေကားထစ်တွေအတိုင်း တောင်ပေါ်တက်ကြတယ်။ နောက်လန်ပြုတ်ကျမှာ၊ ချော်လဲမှာ စိုးရိမ်ရတယ် ငုံ့ကြည့်လိုက်ရင် ကြောက်စရာကြီး တောင်ကမ်းပါးက မတ်မတ်ကြီး ဒီနှစ်ကွေ့၊ တစ်ကွေ့ပြီးရင် တောင်ထိပ်ရောက်ပြီလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။ တောင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ အထက်မက်ဟန်တန်ပေါ်က လပြည့်ဝိုင်းကြီးကို မြင်ရတယ်။ မက်ဟန်တန်တံတားကို ဖြတ်ကျော်ပြီး လာလမ်းအတိုင်းပြန်တော့ ရထားဘူတာရုံကို မတွေ့ဘူး မေးမြန်းကြည့်တော့မှ တွေ့တော့တယ်။ ဗီယက်နမ်မယ်က မြန်မာပြည်မှာ နာမည်ကြီးပြီး ဗီဒီယိုဇာတ်ကားတွေတောင် ရိုက်နေပြီ။ Bibo လို့အမည်တွင်တဲ့ ဗီယက်နမ်ကလေးတစ်ယောက် ဖေ့ဘွတ်မှာ နာမည်ကြီးပြီး ရန်ကုန်ကို လာလည်တော့ သူ့ရဲ့ fans တွေ သွားကြိုကြတယ်။ သူ့ပရိသတ်က မနည်းမနော ကိုယ့်သူငယ်ချင်းတချို့တောင် သူ့ fans ။ ဝိုင်းကို ပြောပြတော့ သူမသိဘူးတဲ့ သူ့ကိုဓာတ်ပုံတွေ ပို့ပေးပါ သိချင်လို့တဲ့။



ဝိုင်းအစ်မလတ် ရန်ကုန်၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး သွားလည်တာ သဘောကျတယ်။ အရမ်းကောင်းတယ်ဆိုလို့ မြန်မာပြည်က သွားတိုက်ဆေးတောင် ဝယ်လာတယ်လို့ပြောလို့ ကိုယ်တို့မှာ သိချင်လိုက်တာ ဘာသွားတိုက်ဆေးလဲလို့။ သိချင်လို့ ဓာတ်ပုံပို့ပေးပါဟယ်ဆိုတာ ခုထိ မပို့ပေးသေးဘူး တောင်းရဦးမယ်။ ၈ မိုင်ကျော်ဆိုတော့ အတော်ပင်ပန်းတယ် ခြေဖဝါးကြိမ်းတယ်။ ဆူနမ်ပြောသလိုပေါ့ အိမ်မှာ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေလို့ရတာကို ကိုယ့်ဒုက္ခကို ကျင်းတူးပြီးရှာတာ။ မကြီးကို ခံနိုင်ပါ့မလားလို့စိတ်ပူနေတာ ခံနိုင်သားပဲ။ အနည်းဆုံး ၆ မိုင်လောက် လျှောက်နိုင်မှ ကိုယ်တို့နဲ့အတူ တောင်တက်နိုင်မှာ မယ်နုနေလို့ကတော့ ကိုယ်တို့နဲ့ လိုက်လို့မရဘူး။ ဒါတောင် ကိုယ်တို့က hiking meetup အဖွဲ့တွေယှဉ်ရင် နုနေသေးတာ။ သူတို့တွေက လမ်းလျှောက်တာလည်း အရမ်းမြန် အနည်းဆုံး ၈ မိုင်ကနေ ၁၀ မိုင်လျှောက်တာ။ မက်ဟန်တန်ကျွှန်းတပတ် ၂၄ မိုင်လျှောက်တဲ့ ဆွန်တာဆိုတာ ရှိသေးတယ်။ ကိုယ်တို့တော့ ဒီတသက် အဲဒီလိုမျိုး လျှောက်နိုင်မယ်လို့တော့ မထင်။ ဝိုင်းက ဂျော့ဝါရှင်တန်တံတားအောက်ဖက်ကနေ ဟတ်ဆန်မြစ်ဘေးတလျှောက် မက်ဟန်တန်ဖက်ကနေ ဝိုင်လင်းအဖွဲ့နဲ့ လျှောက်ဖူးတယ်တဲ့။ အဲဒီတုန်းက ရာသီဥတုကလည်း အရမ်းပူ ဝိုင်လင်းတို့ကလည်း လျှောက်တာအရမ်းမြန်တော့ လမ်းတဝက်မှာတင် ကျန်ခဲ့တာတဲ့။ ရာသီဥတု ကောင်းတဲ့နေ့ အေးအေးဆေးဆေး သာသာယာယာ ဟတ်ဆန်မြစ်ဘေးအတိုင်း မက်ဟက်တန်ဖက်ကနေ လမ်းလျှောက်ထွက်ကြမလို့ စီစဉ်ထားကြတယ်။ နိုဝင်ဘာ ၁၃ တနင်္ဂနွေ မမီးငယ် လာခေါ်ဝင်ပေးလို့ နယူးဂျာဆီဘုန်းကြီးကျောင်း အလှုကို ရောက်ဖြစ်တယ်။



ဘုန်းကြီးကျောင်း မရောက်ခင် ကုလားဆိုင်ဝင်ပြီး ဈေးဝယ်ကြသေးတယ်။ ကော်ရည်ခေါက်ဆွဲကို ငါးပိထောင်းနဲ့‌ ကျွှေးတာ စားကောင်းတယ်။ မခိုင် မိတ်ဆက်ပေးလို့ မနိုင်းနိုင်းစနေနဲ့ စကားပြောဖြစ်ပြီး ဓာတ်ပုံအမှတ်တရ ရိုက်ကြတယ်။ နွေဦးရောက်တော့မယ်ဆိုတော့ နှုတ်ဆက်တဲ့အနေနဲ့ ဆောင်းက ပိုအေးနေသလားမသိ။ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်က မတ်လလယ်ကနေ ဧပြီလလယ်အထိ ကျင်းပပေမဲ့ ချယ်ရီတွေက ဧပြီလလယ်လောက်မှ ပွင့်တာဆိုတော့ အဲ့ဒီအချိန်လောက်မှ သွားမယ်ဆိုပြီး စိတ်ကူးထားတာ ဒီနှစ် ချယ်ရီတွေ စောစောပွင့်တယ်လို့ ဆူနမ် သတိပေးမှပဲ ကြည့်လိုက်တော့ ချယ်ရီတွေ အစွမ်းကုန် ပွင့်မဲ့အချိန်က မတ် ၁၂ - ၁၅ ဆိုတော့ ၁၆ - ၁၇ လာမယ်ပေါ့။ ဆူနမ်က သူ မေရီလန်းမှာ မတ် ၁၉  အထိရှိမှာ ရာမားအိမ်မှာ လာအိပ်ပြီး မတ် ၁၉  မှ အတူတူ ပြန်ရအောင် ရာမားက grill ဝယ်ထားတယ် ဘာဘီကျူး လုပ်စားရအောင်တဲ့။ ကားလက်မှတ်ဝယ်ပြီး တို့သူငယ်ချင်းတွေ မတွေ့ရတာကြာပြီ ဆုံရအောင်ဆိုပြီး စီစဉ်ထားတာ။ နှင်းမုန်တိုင်းတိုက် ရာသီဥတုအေးလို့ ချယ်ရီမပွင့်ဘူး မတ် ၁၉ - ၂၂ ပွင့်မယ်တဲ့။ ဒီတော့ ကားလက်မှတ်ကို ပြန်လဲ၊ ဟိုတယ်ကို ဘွတ်၊ ဆူနမ်တို့နဲ့လည်း မတွေ့ဖြစ်တော့ဘူး။ ရာသီဥတုအေးတော့ ချယ်ရီတွေပွင့်ပါ့မလား၊ အေးလွန်းလို့ ရေခဲရိုက်သလို ဖြစ်သွားပြီလားနဲ့ တနေ့တနေ့ peak bloom watch ကို ကြည့်ရတာဆိုတာများ။ မတ် ၂၃ - ၂၄ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်က ဓာတ်ပုံတွေကို နောက်တော့မှ တင်မယ်နော်။

စန်းထွန်း
 မတ်လ ၁၉ ၊ ၂၀၁၇။


11 March 2017

ယူအက်စ်သွား တောလား - ၂၅

နိုဝင်ဘာ ၅ ရက် စနေနေ့မှာတော့ နယူးယောက်ကနေ မြောက်ဖက်စူးစူး upstate ဖက်မှာရှိတဲ့ bear mountain ဝက်ဝံတောင် သွားတက်ဖြစ်ပါတယ်။ ဝက်ဝံတောင်ကို ၂၀၁၄ ဂျူလှိုင်လက ပထမဆုံးအကြိမ် သွားခဲ့တာဆိုတော့ မရောက်တာ ၂ နှစ်ကျော်ပြီ။ အဲဒီတုန်းက နွေရာသီ ခုက ဆောင်းဦးရာသီ။ နယူးယောက် Port Authority Bus Terminal ကနေ ဘတ်စ်ကားက မနက် ၈ ၄၅၊ ၁၁ ၁၅ နှစ်စီးထွက်တော့ မနက် ၈ နာရီကား စီးမယ်လို့ ကိုယ်ကရွှေးချယ်တာကို ဝိုင်းက နင့်အစ်မက မနက်အစောကြီး မထနိုင်ဘူးဆို၊ နင်ပြောတော့ ပိတ်ရက်တွေဆို Path ရထားတွေက နှေးတယ်ဆို၊ ငါက ဂရမ်းစန်ထရယ်နားမှာနေတာ ဘတ်စ်ကားဂိတ်နဲ့ လမ်းလျှောက်ရင် မိနစ် ၂၀၊ နင်က ရထား ၁ နာရီကျော်လောက် စီးလာရမှာ၊ မနက် ၈ နာရီ ၄၅ ဘတ်စ်ကားကို မှီပါ့မလား၊ နေ့လည်ဘတ်စ်ကားကို စီးရအောင်လေလို့ တိုက်တွန်းတယ်။ ပိတ်ရက်တွေဆို ရထားက နည်းလည်းနည်း နှေးလည်းနှေးတော့ အိမ်ကနေ စောစောထွက်တာတောင် နောက်ကျချင်နေသေးတယ်။ မြေအောက်ထဲဆိုတော့ ဝိုင်းကို မတ်ဆေ့ပို့လို့မရ ဖုန်းခေါ်လို့မရ ပျာလောင်ခပ်နေပြီ။ ၁၁ နာရီထိုးခါနီးတော့ ဝိုင်းက ဖုန်းဆက်လာတယ် ဘယ်နားရောက်နေပြီလဲပေါ့။ ရထားပေါ်မှာ နောက်ထပ် ၅ မိနစ်ဆိုရောက်ပြီ လက်မှတ်ကို အရင်သွားထုတ်နှင့်ပါ။ ဝိုင်းက လက်မှတ်ထုတ်ပြီးတော့ ဘယ်ဂိတ်မှာဆိုတာပြော။ ဘတ်စ်ကားဂိတ်မှာက North Wing ၊ South Wing ရှိတော့ ဝန်ထမ်းကိုမေး အသည်းအသန်ပြေး ဂိတ်ပေါက်ရောက်တော့ တန်းစီနေကြပြီ။

တန်းဝင်စီ ဝိုင်းကိုဖုန်းဆက်တော့ လာနေပြီတဲ့ လည်ပင်းကို အရှည်ကြီးမော့ပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကြည့်ပြီးရှာ။ ခဏကြာတော့ ခေါင်းပတ်ချာလည်ယမ်းပြီး ကိုယ်တို့ကို ရှာနေတဲ့ ဝိုင်းကိုတွေ့တယ်။ ဘတ်ကားဂိတ်မှာ ဘတ်စ်ကားကိုတွေ့ပြီး မှီတယ်ဆိုတာ သေချာတော့မှ ဟင်းချနိုင်တော့တယ်။ အဲဒီလို သွားလိုက်ရင် အမြဲသုတ်သုတ်ပျာပျာ ဘယ်တော့မှ အေးအေးဆေးဆေး ရှိတယ်ဆိုတာမရှိဘူး။ ဝက်ဝံတောင်ကို ၅၆ မိုင် ၁ နာရီခွဲသာသာလောက် မောင်းရတယ်။ တောင်ကုန်းတောင်ကြားတွေက အိမ်လှလှလေးတွေကိုမြင်တော့ ပင်စင်ယူတဲ့အခါ အဲဒီလိုနေရာမျိုးမှာ နေချင်တာ။ မနီးမဝေးမှာ ဟတ်ဆန်မြစ်က ငြိမ့်ငြိမ့်အေးအေး စီးဆင်းလို့။ ဝိုင်းက အဲဒီလိုသဘာဝတောတောင်တွေကို ပိတ်ရက်တွေမှာသာ သွားလည်ချင်တာ နေမလားမေးရင် မနေချင်ဘူးတဲ့။ orchestra ၊ musical ၊ broaday ၊ gym ကြိုက်တဲ့သူဆိုတော့ မြို့ပြမှာပဲ နေချင်တယ်တဲ့။ လမ်းတလျှောက် တတောလုံးတတောင်လုံး ရွှေဝါရောင်ဖြစ်နေတာများ အင်မတန် လှပါပေတယ်။ ကားဆရာက ကားကိုလမ်းဘေး ထိုးရပ်တော့ ဘာများဖြစ်လဲပေါ့။ နောက်က ကျောင်းသားလေးတွေ စကားပြောတာကျယ်လို့ စကားကိုတိုးတိုးပြောဖို့၊ တခြားခရီးသည်တွေကို ကိုယ်ချင်းစာဖို့၊ နားကြပ်နဲ့ စကားပြော၊ သီချင်းနားထောင်ဖို့ တိုက်တွန်းတယ်။

ဘတ်စ်ကားမမှီမှာစိုး၊ မတ်ဆေ့ပို့လို့မရ၊ ဖုန်းခေါ်လို့မရလို့ ရထားပေါ်မှာ ပျာယာခပ်နေတဲ့ပုံ
ready to jump
I can fly ! 

နေ့လည် ၁၂ နာရီခွဲ ဝက်ဝံတောင်ရောက်တော့ ဗိုက်ဆာနေပြီ။ သယ်လာတဲ့ ထမင်းကြော်၊ sandwich ၊ မုန့်တွေစားပြီး တောင်စတက်ကြတယ်။ ရာသီဥတုက နွေးနွေးလေး နေလည်းပူတော့ တောင်တက်ဖို့ ဓာတ်ပုံရိုက်ထွက်ဖို့ သိပ်ကောင်းတဲ့ နေ့လေးပဲ။ wide angle lens နဲ့ ရှုခင်းပုံကို ရိုက်မယ်လို့ အားခဲထားတာ ကင်မရာက ဖွင့်မရဘူး။ တော်သေးတယ် မကြီးကင်မရာ ယူလာသေးလို့။ ဗာမွန်ခရီးတုန်းက ခုန်တဲ့ပုံကို အိုင်ဖုန်းနဲ့ ရိုက်တတ်သွားပြီဆိုတော့ ခုန်တဲ့ပုံရိုက်ကြတယ်။ အိုင်ဖုန်းမှာ အလယ်ကအဝိုင်းကြီးကို တရစပ်ဖိထားရင် ခုန်တဲ့ပုံ တပုံတော့ မိတာပါပဲ။ ဝိုင်းက မခုန်ဘူး ခုန်ရတာ ပင်ပန်းတယ်။ တက်နေကြ အလွယ်ဆုံးလမ်းကြောင်းအတိုင်း စတက်ကြတယ်။ ဒီတခေါက်တော့ လူအင်မတန့် အင်မတန် များတယ်။ နားချင်ရင်တောင် ကိုယ့်နောက်မှာလူရှိတော့ သိပ်မနားဖြစ်ဘူး။ ပထမတခေါက်တုန်းကတော့ လူလည်းရှင်းတော့ ၅ မိနစ်လောက်တက်ပြီး ၁၀မိနစ်လောက်နားတော့ ပင်ပန်းတယ်လို့ မခံစားမိဘူး။ ဒီတခေါက်တော့ ဟောဟဲနေတာပဲ ၂ နှစ် အသက်ကြီးသွားလို့ကိုယ်ကပဲမောနေတာလားလို့ ဝိုင်းကိုမေးကြတော့ သူလည်း မောတယ်တဲ့။ ဝိုင်းက ကိုယ်ထက် အများကြီး ကျန်းမာတယ်။ cold springs မှာ တနေကုန် လျှောက်သွား တောင်တက်ပြီးလို့ ရထားပေါ်မှာလည်းအိပ် အိမ်ရောက်တာနဲ့ ကိုယ်က ကုတင်ပေါ်မှာ ပစ်လဲရပေမဲ့ ဝိုင်းက ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ လမ်းသွားလျှောက်တာ ည ၁၁ နာရီ အိမ်ပြန်ရောက်တယ်။

ကျန်းမားသန်စွမ်းတဲ့ ဝိုင်းတောင် မောတယ်ဆိုတော့ အင်း တကယ်မောတာပေါ့။ ပထမဆုံးဗျူးပွိုင့်မှာ မကြီးက follow me လိုရိုက်တော့ ဝိုင်းက သူလည်းရိုက်ချင်တယ်တဲ့။ ကိုယ်ကတော့ မောလို့ ဓာတ်ပုံရိုက်ဖို့ထက် နားဖို့သာ စဉ်းစားနေပေမဲ့ ဓာတ်ပုံကြိုက်တဲ့ ဝိုင်းနဲ့မကြီးက ဓာတ်ပုံရိုက်မပျက်။ ဓာတ်ပုံရိုက်တာရပ်ပြီး ရှေ့ဆက်ဖို့ သတိပေးရတယ်။ တကယ့်ကို photography hiking ပဲ။ တောင်ထိပ်နားနီးရင် ဆင်းလာတဲ့သူတွေမေး ရောက်ခါနီးပြီလားပေါ့ အားလုံးက နီးနီးလေးလို့ ဖြေတယ်။ နေ့လည် ၂ နာရီထိုးလို့မှ တောင်ထိပ်မရောက်သေးရင် ဘာပဲဖြစ်ဖြစ် တောင်အောက်ကို ပြန်ဆင်းမယ်။ ည ၅ နာရီ ၂၀ မှာ နယူးယောက်ကို နောက်ဆုံးထွက်တဲ့ ဘတ်စ်ကားကို မှီမှဖြစ်မယ်။ တောင်ထိပ်နားရောက်လေ မတ်စောက်ပြီး တော်တော်မောတယ်။ တောင်ထိပ်မှာလည်း လူတွေအများကြီး။ ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်ကတောင်တွေ၊ ဟိုးအဝေးမှာ ရစ်ခွေစီးဆင်းနေတဲ့ ဟတ်ဆန်မြစ်၊ ရွှေရောင်တောက်နေတဲ့ တောင်စဉ်တောင်တန်းတွေနဲ့တောင်ထိပ်ကနေ မြင်ရတဲ့ရှုခင်းက အတော်လေးလှတာပဲ။ တောင်ဆင်ခြေလျှောလေးမှာထိုင်ပြီး ဓာတ်ပုံတွေရိုက်ကြတော့ ဝိုင်းက လိုက်မလားဘူး ကြောက်လို့။ ကိုယ်တို့တွေ ဓာတ်ပုံတွေ ရိုက်နေတာမြင်တော့ ဓာတ်ပုံရိုက်ချင်ဇောနဲ့ ဆင်းလာတယ် ဒူးတွေက တဆတ်ဆတ်တုန်လို့။ ရှေ့ကအတွဲ ဆင်းသွားလို့ မြင်ကွင်းက ရှင်းသွားတာနဲ့ ဓာတ်ပုံထပ်ရိုက်ကြပြန်တယ်။


အဆင်းကြတော့ မနည်းဘရိတ်အုပ်ပြီး ဆင်းရတယ်။ ဝိုင်းက အဆင်းနှေးတယ် ထိန်းပြီးဆင်းရလို့။ ဓာတ်ပုံကိုလည်း အပြေးအလွှားရိုက် ညနေ ၄ နာရီခွဲ မကြာခင် နေဝင်တော့မယ်ဆိုတော့ မျက်မှန်သမားတွေဖြစ်တဲ့ ကိုယ်တို့တွေ အလင်းရောင်မရှိဘဲ တောင်အောက်ကို ဆင်းဖို့ဆိုတာ မဖြစ်နိုင်တော့ တက်သုတ်ရိုက် ဆင်းရတယ်။ ဝိုင်းက လှစ်ခနဲရပ်ပြီး ရေကန်ကို ဓာတ်ပုံရိုက်တယ် မကြီးက အတော်ဝေးဝေးမှာရှိတဲ့ အိမ်သာကို သွားတယ်။ ဘတ်စ်ကားစောင့်တဲ့ နေရာကိုသိပြီး ရပ်စောင့်နေတဲ့ ဘတ်စ်ကားကို တွေ့လိုက်တော့  ဝိုင်းရေ ခဏစောင့်နေပေးပါနော် မကြီးရဲ့ဖုန်းရော ကိုယ့်ဖုန်းရော ဘက်ထရီမရှိတော့ဘူး မကြီးကို လိုက်ခေါ်လိုက်ဦးမယ်။ အိမ်သာဆီပြေးတဲ့ လမ်းတလျှောက် မကြီးကိုရှာတာ မတွေ့ဘူး။ အိမ်သာမှာ အော်ခေါ်တော့လည်း မထူးဘူး လမ်းအခြောက်ခံစက် ဆူညံသံကြောင့် မကြားတာလား မသိဘူး။ အိမ်သာအောက်ခြေက ဖိနပ်တွေ လိုက်ကြည့်တော့ဘူး မတွေ့ဘူး။ ဟိုက် ဒုက္ခပဲ ကားကထွက်တော့မယ် အပြေးအလွှား ကားဂိတ်ဆီပြေးတော့ မကြီးက ရောက်နှင့်နေပြီ။ ဝိုင်းက နင် ပြေးသွားတုန်း နင့်အစ်မ ဟိုဖက်က ထွက်လာတာမြင်တော့ ဟာ သွားပြီလို့ ဘယ်လိုလိုက်ခေါ်ရမလဲလို့ စဉ်းစာနေတာတဲ့။ ဝိုင်းဘေးနားမှာ ဒေးဗစ်ကိုတွေ့တယ် နင့်အစ်မက ဘယ်တုန်းက ရောက်တာလဲ မေးတယ်။ ဒေးဗစ်က လမ်းလျှောက်အဖွဲ့မှာ ဝိုင်းနဲ့ခင်တယ် အသက်က ၆၀ ကျော်ပေမဲ့ ကိုယ်တို့ထက် တောင်အများကြီး တက်နိုင်တယ်။ တောင်တက်ဖိနပ်ကို အမြဲစီးလေ့ရှိပြီး လမ်းလျှောက်ရင် အမြဲရှေ့ဆုံးက။ အပါလာချိန်းတောင်တက်အဖွဲ့ဝင်ဖြစ်ပြီး အနည်းဆုံး ၇ မိုင်ကနေ ၁၀ မိုင်အထိ တောင်တက်နိုင်တယ်။

ကိုယ်တွေကတော့ ၄ မိုင်လောက်ဆို ဟိုက်နေပြီ။ upstate Cold Springs ဖက်မှာ တောင်တက်တဲ့အကြောင်း ပြောကြရင်း သူလမ်းညွှန်ကောင်းလို့ ကိုယ်တို့တွေ Cold Springs ၊ Bear Mountain တက်ဖြစ်တာပေါ့။ ဒေးဗစ်က စီပီအေဆိုတော့ အမ်ဘီအေ၊ စီပီအေ၊ စာရင်းကိုင်အကြောင်း မကြီးက ဒေးဗစ်ကိုမေးလို့ အီးမေးလ်အဆက်အသွယ် ရှိဖူးတာကို မှတ်မိနေတယ်။ ဘတ်စ်ကားက ကိုယ်ရောက်ပြီး ၁၀ မိနစ်လောက်ကြာမှထွက်တယ်။ ဒေးဗစ်က ဝက်ဝံတောင်ကို တက်တာမဟုတ်ဘူး အပါလာချိန်းတောင်တက်လမ်းက ၁၀ မိုင်ခရီး တောင်တက်တာပါတဲ့။ ကိုယ်တွေများ ခုချိန်မှာတောင် ၁၀ မိုင် မတက်နိုင်သေးတာ သူ့လို အသက် ၆၀ အရွှယ်မှာ ၁၀ မိုင် တက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ထင်တယ်လို့ ဝိုင်းကိုပြောတော့ ထောက်ခံတယ်တဲ့။ AT လို့အတိုကောက်ခေါ်ကြတဲ့ Appalachain Trail က တောင်ဖက် ဂျော်ဂျီယာပြည်နယ် Springer Mountain ကနေ မြောက်ဖက် မိန်းပြည်နယ် Mount Katahdin တောင်အထိ မိုင် ၂၂၀၀ ကျော် ရှည်လျားပြီး ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တန်နက်ဆီ၊ ဗာဂျီနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ ပန်ဆယ်ဘေးနီးယား၊ နယူးဂျာဆီ၊ နယူးယောက်၊ ကွန်နက်တီကပ်၊ မက်ဆာချူးဆက်၊ ဗာမွန်၊ မိန်း၊ နယူးဟန်ရှိုင်းယား ပြည်နယ် ၁၄ ခုကို ဖြစ်သန်းသွားတဲ့ တောင်တက်လမ်း။ တောင်တက်သမားတိုင်း သိကြတဲ့ အရှေ့ဖက်ကမ်းခြေက နာမည်ကြီး တောင်တက်လမ်း။

wefie !

တချို့တောင်တက်သမားတွေက တခါတည်း အစအဆုံး thru-hiking တက်ကြပြီး တချို့ကတော့ ခုတခါမှာ ဒီအပိုင်းကနေ ဒီအပိုင်း နောက်တခါမှာ နောက်တပိုင်း section-hiking "yo-yo" တက်ကြပါသတဲ့။ မက်ဆီကိုကနေ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်၊ ဝါရှင်တန်ပြည်နယ်တွေကို ကျော်ဖြတ်ပြီး ကနေဒါအထိ မိုင် ၂၆၅၀ ရှည်လျားတဲ့ အနောက်ဖက်ကမ်းခြေက PCT  လို့ အတိုကောက်ခေါ်ကြတဲ့ Pacific Crest Trail လည်း နာမည်ကြီးတယ်။ PCT  thru-hiking ကိုယ်တွေ့အဖြစ်အပျက်တွေကို ရေးထားတဲ့အကြောင်း Cheryl Strayed ရဲ့ Wild: Lost and Found on the Pacific Crest Trail စာအုပ်က အတော်နာမည်ကြီးတယ်။ ရီနေဝှစ်သာစပွန်းက ရုပ်ရှင်ရိုက်ထားတယ် စာအုပ်ကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတယ် စာအုပ်ကို ဖတ်ပြီးပြီ ရုပ်ရှင်ကိုတော့ မကြည့်ရသေးဘူး။ အပြန်ကျတော့ မကြီးကို လမ်းပေါ်က အမှတ်အသား၊ ဆိုင်းဘုတ်တွေ၊ ကားမောင်းရင် လိုက်နာရမဲ့ စဉ်းမျဉ်းစည်းကမ်းတွေကို သင်ကြားပြသတော့ သိပြီးသားတွေတဲ့။ ကိုယ်က Learner Permit ကို နှစ်ကြိမ်၊ Driving Test ကို ၅ ကြိမ်လောက် ဖြေပြီးမှ ကားမောင်လိုင်စင် ရခဲ့တဲ့သူ။ သိပြီးသားဆိုတဲ့ မမလေး တစ်ခါတည်းနဲ့ကားမောင်လိုင်စင်ရရင်တော့ ဟန်ကျပေမဲ့ အကြိမ်ကြိမ် ဖြေရရင်တော့ ဘယ်နှစ်ကြိမ်ဖြေပြီမှ ကားမောင်လိုင်စင်ရမလဲ မသိဘူး။ အကြိမ်နည်းနည်းနဲ့ ရမလား ကိုယ့်ကိုများ စံချိန်ချိုးလေမလား။ အပြန်လမ်းမှာ ပင်ပန်းလို့ အိပ်တာတရေးရတယ်။ ရှေ့အပတ် ဟတ်ဆန်မြစ်ဘေးက Palasides Trail အတိုင်း ဟိုက်ကင်းထွက်တဲ့ ဓာတ်ပုံတွေကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

စန်းထွန်း
မတ် ၁၁၊ ၂၀၁၇။

ဘယ်လိုဓာတ်ပုံရိုက်ရင် ဓာတ်ပုံလှလှလေးတွေ ထွက်မလဲလို့ ခေါင်းချင်းဆိုင်နေကြစဉ်
photographer & model
talk...talk..talk
be model during 6 miles, 1100ft hiking
Appalachain Trail - AT
Photo Credit : Google
Pacafic Chest Trail  - PCT
Photo Credit : Google

05 February 2017

ယူအက်စ်သွား တောလား - ၂၄

၂၀၁၆ အောက်တိုဘာ ၂၉  စနေနေ့မှာတော့  Beatiful gardens, historic mansions & fall foliage လမ်းလျှောက်ကြည့်ဖို့အတွက် နယူးဂျာဆီပြည်နယ် summit မြို့လေးဆီ ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ သွားရောက်ခဲ့ပါတယ်။ နယူးယောက် penn station ကနေ ၁၁ နာရီ ၁၁ မိနစ်ထွက်တဲ့ Morris - Essex line NJ Transit ရထားစီးရင် Summit ကို ၁၂ နာရီ ၇ မိနစ်မှာ ရောက်ပါတယ်။ ကိုယ်တို့ကတော့ နယူးယောက်ကနေ တဘူတာမြောက် အိမ်နားက Broad Street ဘူတာကို ၁၅ မိနစ်လောက် လမ်းလျှောက်ပြီး ၉  နာရီ ၂၀ မိနစ်မှာ ရောက်လာတဲ့ ရထားကို တက်စီး။ ဒီရထားက နှစ်ထပ်ရထား အပေါ်ထပ်ကိုတက် East Orange ၊ Orange ၊  Highland ၊ Mountain ၊  South Orange ၊ Maple Wood Milburn ၊ Short Hills ဘူတာကို ကျော်လွန်ပြီးတော့မှ Summit ဘူတာကို ရောက်ပါတယ်။ လမ်းတလျှောက် သစ်ပင်တွေက အဝါရောင်၊ အနီရောင်၊ တောင်ကုန်းပေါ်က အိမ်လှလှလေးတွေနဲ့ ရှုခင်းအင်မတန်လှတယ်။ ငါတို့တော့ ရထားပေါ် တက်ပြီဟေ့ ကြည့်ရတာ ငါတို့ရထားတစီးတည်းနေမှာ၊ အတွဲနံပါတ်ကို မတ်ဆေ့ပို့လိုက်တော့ သူလည်း အဲဒီအတွဲနံပါတ်မှာတဲ့။ ငါက အပေါ်ထပ်မှာ သူလည်း အပေါ်ထပ်မှာတဲ့ ရထားတွဲကို လှည့်ပတ်ကြည့်လိုက်တော့ ဝိုင်းကိုတွေ့တယ်။ ဝိုင်းနဲ့မတွေ့တာ အတော်ကြာပြီ ၃ လကျော်လောက်တောင်ရှိပြီ။  ညွှန်ထားတဲ့အတိုင်း ဘူတာတဖက်ခြမ်းက စတားဘာ့ခ်ဆိုင်ရှေ့မှာ လူအုပ်ကြီးကို တွေ့တယ်။ ဂျွှန်ကို နှုတ်ဆက် မကြီးနဲ့ မိတ်ဆက်ပေး တိုးဂိုက်ခ ၂ ကျပ်ပေး။ အသိဘယ်သူတွေများ ပါလဲလို့ကြည့်တော့ ဘော့ဆိုတဲ့ အန်ကယ်ကြီး၊ မော်ဒယ်လုပ်ခဲ့ဖူးတယ်လို့ပြောတဲ့ ပြင်သစ်သူနဲ့တူနဲ့ အရပ်ရှည်ရှည် ဘော်ဒီလှလှ နှုတ်ခမ်းနီနဲ့ လှပနေဆဲ နုပျိုတက်ကြွနေတဲ့ အန်တီကြီး၊ ၄ ယောက်လောက်ကို သိတယ်။



အမေရိကန်သမ္မတလောင်း အကြိတ်အနယ် မဲဆွယ်နေကြချိန်ဆိုတော့ ဘယ်သူ့ကို မဲပေးမှာလဲလို့ ဘော့ကိုမေးတော့ သူက ရီပါပလင်ကန် ဒါပေမဲ့ ဒီမိုကရက်ပါတီက ရွှေးချယ်ထားတဲ့သူကို မဲပေးမှာပါတဲ့။ သူတို့ရီပါပလင်ကန်ပါတီက ပြင်ဖို့လိုတယ်တဲ့။ အောင်မလေး ဒေါ်နယ်ထရန့်သာ သမ္မတဖြစ်လို့ကတော့ နိုင်ငံပြောင်းကြမယ်တဲ့။ နိုင်ငံရေးစိတ်မဝင်စားတဲ့ ဝိုင်းဆီကနေ ဒီစကားကြားရတော့ အံ့သြမိတယ်။ ဘာကိုပြသလဲဆိုတော့ ဒီနှစ်အမေရိကန် သမ္မတရွှေးကောက်ပွဲက လူပြောများ၊ စိတ်ဝင်စားမှုများတယ်။ နိုင်ငံရေးစိတ်မဝင်စားတဲ့သူဆီကတောင် နိုင်ငံရေးစကား ပြောလာတယ်ဆိုတော့။ ကိုယ်တို့ကတော့ ဒေါ်နယ်ထရန့် ပြောဆိုပြုမှုတာတွေကို မကြိုက်ဘူး။ မြန်မာ့နိုင်ငံရေးအတွက် ဟီလာရီက ဆောင်ရွှက်တယ်၊ အမေစုနဲ့လည်း ခင်မင်ရင်နှီးမှုရှိတော့ ဟီလာရီသာ အမေရိကန်သမ္မတဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအတွက် အကျိုးများဖို့ရှိတယ်ဆိုပြီး ဟီလာရီကို ထောက်ခံတယ်။ ဒါ အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး Dinner တွေထဲကတစ်ခုလို့ ဂျွှန်ကရှင်းပြတော့ အမေရိကန် အန်ကယ်၊ အန်တီကြီးတွေက ဝိုး ဝါး ဖြစ်ကြပေမဲ့ ဘာမှမသိတဲ့ ကိုယ်တို့ကတော့ ဓာတ်ပုံပဲရိုက်။ Dinner ဆိုတာ ၁၉၂၀ ကနေ ၁၉၄၀ လောက်အထိ အရှေ့မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းဒေသတွေဆီမှာ ဖွင့်ခဲ့တဲ့ fast food တွေရောင်းတဲ့ စားသောက်ဆိုင်လေးပါတဲ့။ အမျိုးသားတွေ အရက်အလွန်အကျွှံသောက်ပြီး အလုပ်မလုပ်လို့ အမျိုးသမီးတွေက အရက်သေစာ သောက်စား၊ ရောင်းဝယ်မှုကို ထိန်းချုပ်ဖို့ အစိုးရကို တိုက်တွန်းတဲ့ လုပ်ဆောင်ချက် Temperance Movement ဟာ ၁၈၂၆ လောက်မှာ အားကောင်းခဲ့ပါတယ်တဲ့။



မြို့လယ်ကောင်ကို တပတ်လောက်ပတ်ပြီး နေ့လည်စာစားဖို့ နာရီဝက်အချိန်ပေးတယ်။ ဘူတာဘေးနားက ပန်းခြံမှာထိုင်ပြီး ပါလာတဲ့ ထမင်းကြော်၊ ဆန်းဒွတ်စ်၊ ပန်းသီးစား၊ ဓာတ်ပုံတွေရိုက်။ ဘူတာက အိမ်သာမှာ တန်းစီနေသူ အားလုံးက ဂျွှန်လမ်းလျှောက်အဖွဲ့ကလူတွေ။ Summit မြို့က တောင်ထိပ်မှာရှိတာတဲ့ ရထားနဲ့လာတုန်းက တောင်တက်နေတယ်လို့ မခံစားမိလိုက်ဘူး။ အရင်တုန်းက ချမ်းသာတဲ့ နယူးယောက်သားတွေက Summit မြို့လေးမှာ နွေရာသီအပူကို လာရှောင်ကြတယ်တဲ့။ ၁၉၁၀ နယူးယောက်ပန်စတေးရှင် ရထားဘူတာဖွင့်တော့ ပိုစည်ကားလားတယ်တဲ့။ နယူးယောက်ပန်စတေရှင် ရထားဘူတာက နှစ်ပေါင်း ၁၀၀ ကျော်ပြီ အဲဒီဘူတာ ဗိသုကာဒီဇိုင်းကို သိပ်မကြိုက်ဘူး။ အမေရိကန်မှာ ကိုယ်သဘောကျတဲ့ အဆောက်အဦးတွေက ဂရမ်းစန်ထရယ်ဘူတာ နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ ဗိသုကာလက်ရာ အင်မတန်လှတယ် တိုင်မပါဘဲ အမိုးခုံးခုံးမြင့်မြင့် လမ်းကြားလေးတွေ၊ အနိမ့်အမြင့်လမ်းတွေနဲ့ ဓာတ်ပုံတဖျပ်ဖျပ် ရိုက်နေကြတာ အမြဲတွေ့ရတယ်။ ၂၀၁၆ မတ်လတုန်းက World Trade Center နားမှာဖွင့်လိုက်တဲ့ Transportation Hub ကမ္ဘာကျော် စပိန်ဗိသုကာပညာရှင်  Santiago Calatrava ရဲ့လက်ရာ မျက်တောင်လေးတွေနဲ့တူနဲ့ Oculus ကိုလည်း သဘောကျတယ်။ ဒီဇိုင်းလက်ရာ ဆန်းသလို မှန်တွေနဲ့ဆောက်ထားတော့ အလင်းရောင်ကောင်းကောင်းရပြီး ကောင်းကင်ကြီးကို မြင်ရတာကို သဘောကျတာ။ အဲဒီမှာလည်း တိုးရစ်တွေ မနည်းမနော။ World Trade Center ဒီဇိုင်းကိုလည်း သဘောကျတယ် WTC ရဲ့ ၁၀၀ ၊ ၁၀၂ ထပ်ကနေ ကွင်း၊ စတေတန်အိုင်လန်၊ နယူးဂျာဆီ၊ မက်ဟန်တန် ပတ်ပတ်လည် ၃၆၀ ဒီဂရီ ရာသီဥတုကောင်းရင် မိုင် ၃၀ လောက်အထိမြင်ရတဲ့ One World Observatory ကိုလည်း သဘောကျတယ်။

Summit Dinner, New Jersey
Photo Credit : Google

Grand Central Terminal, New York City
Photo Credit : Google

Grand Central Terminal, New York City
Photo Credit : Google

Oculus, Beyond the Hype, Spanish architect, Santiago Calatrava's $4 billion Transportation Hub
Photo Credit : Google
inside Oculus, NYC
Photo Credit : Google

ဝါရှင်တန်ဒီစီက ကယ်ပီတန်အဆောက်အဦးကိုလည်း အင်မတန် သဘောကျတယ်။ အတော်လှပခန့်ညားတဲ့ အဆောက်အဦး ကမ္ဘာပေါ်မှာ လုံခြုံရေး အတင်းကျပ်ဆုံးနေရာထဲမှာ ပါတယ်။ Summit မြို့သားအများစုက ဝေါစတိလမ်းမှာ အလုပ်လုပ်တဲ့ လူချမ်းသာတွေနေတဲ့ အိမ်ဆိုတော့ အရမ်းလှတယ်။ Hallowen အချိန်ဆိုတော့ အိမ်ရှေ့မှာ သွေးသံရဲရဲအရုပ်တွေ၊ အုတ်ဂူတွေ၊ ပင့်ကူ၊ လင်းနို့အရုပ်တွေ ချိတ်ဆွဲလို့၊ တချို့အိမ်တွေဆို ခြောက်လှန့်နေတဲ့ အသံတွေပါ ဖွင့်ထားတော့ ကြောက်စရာကြီး။ ညဖက်ဆို အဲဒီအိမ်ရှေ့ တယောက်တည်း ဖြတ်ရဲမှာမဟုတ်ဘူး။ မြန်မာအယူအဆနဲ့ဆို မင်္ဂလာမရှိလို့ဆိုပြီး အိမ်မှာအဲဒီလိုဆင်ဖို့ အဖေအမေက ခွင့်ပြုမှာမဟုတ်သလို ကိုယ်ကိုတိုင်ကတည်း အိမ်ကို အဲဒီလိုမဆင်ချင်ဘူးလို့ ဝိုင်းကိုပြောတော့ ဝိုင်းက အတူတူပဲတဲ့။ အိမ်ရှေ့လမ်းထဲမှာ ဓာတ်ပုံရိုက်ဖို့ပြင်တော့ သူများပိုင်နက်မြေ မဝင်သင့်ဘူးလို့ တားတယ်။ အိမ်လေးတွေကလည်းလှ၊ သစ်ပင်တွေကလည်းလှ၊ ရာသီဥတုကလည်း သာယာတော့ အင်မတန် လမ်းလျှောက်လို့ကောင်းတယ်။ လူ ၅၀ ကျော် လူစုလူဝေးကြီးကိုတွေ့တော့ ဘယ်အဖွဲ့လဲ၊ ဘာလာလုပ်တာလဲလို့ တချို့က လှမ်းမေးကြတယ်။ ဒီအိမ်ကတော့ နယူးဂျာဆီမြို့တော်ဝန်ဟောင်း ဘယ်သူ၊ သူ့ကုမ္ဗဏီက တိရစ္ဆာန်တွေနဲ့ စမ်းသပ်ပြီးတဲ့အခါ  အဲဒီတိရစ္ဆာန်တွေကို ပစ်ထားလို့ ဒီအိမ်ရှေ့မှာ ဆန္ဒလာပြကြတယ်လို့ ဂျွှန်က ရှင်းပြတယ်။ ပန်းခြံတစ်ခုကို ဝင်လည်တယ် အင်မတန် သာယာတယ်။ နေရာတိုင်းကလှတော့ နေရာတိုင်းမှာ ဓာတ်ပုံရိုက်ချင်တယ်။ ပန်းချီပြတိုက်တစ်ခုကို ဝင်လည်မလို့ဟာ ပိတ်ထားတယ်။ နယူးယောက် upstate ဖက်က ဆိတ်တွေငှားပြီး မြက်ပေါင်းပင်တွေ ရှင်းလင်းရေးလုပ်တော့ ဆိတ်တွေကို တွေ့နိုင်တယ်လို့ ဂျွှန်  မျှော်လင့်ထားပေမဲ့ ဆိတ်တွေကို မတွေ့ခဲ့ဘူး။ ပိုးသတ်ဆေး၊ ပေါင်းသေဆေးတွေထက် ပိုထိရောက်တဲ့ ဆိတ်တွေနဲ့ ပေါင်းမြက်ရှင်းလင်းရေးကို ဗာဂျီးနီးယားပြည်နယ်ဖက် လုပ်တယ်လို့ အေဘီစီသတင်းမှာ တွေ့လိုက်ဖူးတယ်။

World Trade Center, NYC
Photo Credit : Google

US Capitol
Photo Credit : Google


၄ နာရီခွဲ ရထားကို မှီရုံလေး ဝိုင်းက လက်မှတ်ဝယ်ထားပြီးပြီဆိုတော့ လိုက်သွားနှင့်တယ်။ ကိုယ်တို့ကတော့ လက်မှတ်ဝယ်ရဦးမှာဆိုတော့ မမှီတော့ဘူး ည ၆ နာရီ ရထားနဲ့ပဲ ပြန်ရတော့တယ်။ ၅ မိုင်လောက် လမ်းလျှောက်တော့ တကိုယ်လုံး ညောင်းကိုက်နေတာပဲ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။ Summit မြို့လေးက သာယာတယ်၊ လှပတယ်၊ ကျောင်းကောင်းတွေရှိတယ်၊ နယူးယောက်ကနေ ၁ နာရီလောက်ပဲဝေးတယ်။ ကိုယ်ဘာသာဆို Summit မြို့ကို သွားလည်ဖြစ်မှာ မဟုတ်ဘူး ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့မှပဲ ရောက်ဖြစ်တော့တယ်။ Summit မြို့ကို လမ်းလျှောက်ထွက်ပြီးတော့မှ လူချမ်းသာအိမ်တွေနဲ့ လူလတ်တန်းစားအိမ်တွေကို ခွဲတတ်သွားတယ်။ ဝက်ဝံတောင်သွားတက်တဲ့အကြောင်း၊ ၁၀ ရက် တရားစခန်းအကြောင်း၊ လူးပက်စ်အကြောင်း၊ H1B ဗီဇာအကြောင်း၊ ကိုယ်ဖတ်နေတဲ့ စာအုပ်တွေအကြောင်း၊ ရေးစရာတွေရှိပေမဲ့ မအားတာရယ်၊ ရေးဖို့စိတ်မပါတာရယ်ကြောင့် စာတွေမရေးဖြစ်ဘူး။

စန်းထွန်း
ဖေဖေါ်ဝါရီ  ၅၊ ၂၀၁၇။