ယူအက်စ်သွား တောလား - ၂၅
နိုဝင်ဘာ ၅ ရက် စနေနေ့မှာတော့ နယူးယောက်ကနေ မြောက်ဖက်စူးစူး upstate ဖက်မှာရှိတဲ့ bear mountain ဝက်ဝံတောင် သွားတက်ဖြစ်ပါတယ်။ ဝက်ဝံတောင်ကို ၂၀၁၄ ဂျူလှိုင်လက ပထမဆုံးအကြိမ် သွားခဲ့တာဆိုတော့ မရောက်တာ ၂ နှစ်ကျော်ပြီ။ အဲဒီတုန်းက နွေရာသီ ခုက ဆောင်းဦးရာသီ။ နယူးယောက် Port Authority Bus Terminal ကနေ ဘတ်စ်ကားက မနက် ၈ ၄၅၊ ၁၁ ၁၅ နှစ်စီးထွက်တော့ မနက် ၈ နာရီကား စီးမယ်လို့ ကိုယ်ကရွှေးချယ်တာကို ဝိုင်းက နင့်အစ်မက မနက်အစောကြီး မထနိုင်ဘူးဆို၊ နင်ပြောတော့ ပိတ်ရက်တွေဆို Path ရထားတွေက နှေးတယ်ဆို၊ ငါက ဂရမ်းစန်ထရယ်နားမှာနေတာ ဘတ်စ်ကားဂိတ်နဲ့ လမ်းလျှောက်ရင် မိနစ် ၂၀၊ နင်က ရထား ၁ နာရီကျော်လောက် စီးလာရမှာ၊ မနက် ၈ နာရီ ၄၅ ဘတ်စ်ကားကို မှီပါ့မလား၊ နေ့လည်ဘတ်စ်ကားကို စီးရအောင်လေလို့ တိုက်တွန်းတယ်။ ပိတ်ရက်တွေဆို ရထားက နည်းလည်းနည်း နှေးလည်းနှေးတော့ အိမ်ကနေ စောစောထွက်တာတောင် နောက်ကျချင်နေသေးတယ်။ မြေအောက်ထဲဆိုတော့ ဝိုင်းကို မတ်ဆေ့ပို့လို့မရ ဖုန်းခေါ်လို့မရ ပျာလောင်ခပ်နေပြီ။ ၁၁ နာရီထိုးခါနီးတော့ ဝိုင်းက ဖုန်းဆက်လာတယ် ဘယ်နားရောက်နေပြီလဲပေါ့။ ရထားပေါ်မှာ နောက်ထပ် ၅ မိနစ်ဆိုရောက်ပြီ လက်မှတ်ကို အရင်သွားထုတ်နှင့်ပါ။ ဝိုင်းက လက်မှတ်ထုတ်ပြီးတော့ ဘယ်ဂိတ်မှာဆိုတာပြော။ ဘတ်စ်ကားဂိတ်မှာက North Wing ၊ South Wing ရှိတော့ ဝန်ထမ်းကိုမေး အသည်းအသန်ပြေး ဂိတ်ပေါက်ရောက်တော့ တန်းစီနေကြပြီ။
တန်းဝင်စီ ဝိုင်းကိုဖုန်းဆက်တော့ လာနေပြီတဲ့ လည်ပင်းကို အရှည်ကြီးမော့ပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကြည့်ပြီးရှာ။ ခဏကြာတော့ ခေါင်းပတ်ချာလည်ယမ်းပြီး ကိုယ်တို့ကို ရှာနေတဲ့ ဝိုင်းကိုတွေ့တယ်။ ဘတ်ကားဂိတ်မှာ ဘတ်စ်ကားကိုတွေ့ပြီး မှီတယ်ဆိုတာ သေချာတော့မှ ဟင်းချနိုင်တော့တယ်။ အဲဒီလို သွားလိုက်ရင် အမြဲသုတ်သုတ်ပျာပျာ ဘယ်တော့မှ အေးအေးဆေးဆေး ရှိတယ်ဆိုတာမရှိဘူး။ ဝက်ဝံတောင်ကို ၅၆ မိုင် ၁ နာရီခွဲသာသာလောက် မောင်းရတယ်။ တောင်ကုန်းတောင်ကြားတွေက အိမ်လှလှလေးတွေကိုမြင်တော့ ပင်စင်ယူတဲ့အခါ အဲဒီလိုနေရာမျိုးမှာ နေချင်တာ။ မနီးမဝေးမှာ ဟတ်ဆန်မြစ်က ငြိမ့်ငြိမ့်အေးအေး စီးဆင်းလို့။ ဝိုင်းက အဲဒီလိုသဘာဝတောတောင်တွေကို ပိတ်ရက်တွေမှာသာ သွားလည်ချင်တာ နေမလားမေးရင် မနေချင်ဘူးတဲ့။ orchestra ၊ musical ၊ broaday ၊ gym ကြိုက်တဲ့သူဆိုတော့ မြို့ပြမှာပဲ နေချင်တယ်တဲ့။ လမ်းတလျှောက် တတောလုံးတတောင်လုံး ရွှေဝါရောင်ဖြစ်နေတာများ အင်မတန် လှပါပေတယ်။ ကားဆရာက ကားကိုလမ်းဘေး ထိုးရပ်တော့ ဘာများဖြစ်လဲပေါ့။ နောက်က ကျောင်းသားလေးတွေ စကားပြောတာကျယ်လို့ စကားကိုတိုးတိုးပြောဖို့၊ တခြားခရီးသည်တွေကို ကိုယ်ချင်းစာဖို့၊ နားကြပ်နဲ့ စကားပြော၊ သီချင်းနားထောင်ဖို့ တိုက်တွန်းတယ်။
ဘတ်စ်ကားမမှီမှာစိုး၊ မတ်ဆေ့ပို့လို့မရ၊ ဖုန်းခေါ်လို့မရလို့ ရထားပေါ်မှာ ပျာယာခပ်နေတဲ့ပုံ
ready to jump
I can fly ! 
နေ့လည် ၁၂ နာရီခွဲ ဝက်ဝံတောင်ရောက်တော့ ဗိုက်ဆာနေပြီ။ သယ်လာတဲ့ ထမင်းကြော်၊ sandwich ၊ မုန့်တွေစားပြီး တောင်စတက်ကြတယ်။ ရာသီဥတုက နွေးနွေးလေး နေလည်းပူတော့ တောင်တက်ဖို့ ဓာတ်ပုံရိုက်ထွက်ဖို့ သိပ်ကောင်းတဲ့ နေ့လေးပဲ။ wide angle lens နဲ့ ရှုခင်းပုံကို ရိုက်မယ်လို့ အားခဲထားတာ ကင်မရာက ဖွင့်မရဘူး။ တော်သေးတယ် မကြီးကင်မရာ ယူလာသေးလို့။ ဗာမွန်ခရီးတုန်းက ခုန်တဲ့ပုံကို အိုင်ဖုန်းနဲ့ ရိုက်တတ်သွားပြီဆိုတော့ ခုန်တဲ့ပုံရိုက်ကြတယ်။ အိုင်ဖုန်းမှာ အလယ်ကအဝိုင်းကြီးကို တရစပ်ဖိထားရင် ခုန်တဲ့ပုံ တပုံတော့ မိတာပါပဲ။ ဝိုင်းက မခုန်ဘူး ခုန်ရတာ ပင်ပန်းတယ်။ တက်နေကြ အလွယ်ဆုံးလမ်းကြောင်းအတိုင်း စတက်ကြတယ်။ ဒီတခေါက်တော့ လူအင်မတန့် အင်မတန် များတယ်။ နားချင်ရင်တောင် ကိုယ့်နောက်မှာလူရှိတော့ သိပ်မနားဖြစ်ဘူး။ ပထမတခေါက်တုန်းကတော့ လူလည်းရှင်းတော့ ၅ မိနစ်လောက်တက်ပြီး ၁၀မိနစ်လောက်နားတော့ ပင်ပန်းတယ်လို့ မခံစားမိဘူး။ ဒီတခေါက်တော့ ဟောဟဲနေတာပဲ ၂ နှစ် အသက်ကြီးသွားလို့ကိုယ်ကပဲမောနေတာလားလို့ ဝိုင်းကိုမေးကြတော့ သူလည်း မောတယ်တဲ့။ ဝိုင်းက ကိုယ်ထက် အများကြီး ကျန်းမာတယ်။ cold springs မှာ တနေကုန် လျှောက်သွား တောင်တက်ပြီးလို့ ရထားပေါ်မှာလည်းအိပ် အိမ်ရောက်တာနဲ့ ကိုယ်က ကုတင်ပေါ်မှာ ပစ်လဲရပေမဲ့ ဝိုင်းက ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ လမ်းသွားလျှောက်တာ ည ၁၁ နာရီ အိမ်ပြန်ရောက်တယ်။
ကျန်းမားသန်စွမ်းတဲ့ ဝိုင်းတောင် မောတယ်ဆိုတော့ အင်း တကယ်မောတာပေါ့။ ပထမဆုံးဗျူးပွိုင့်မှာ မကြီးက follow me လိုရိုက်တော့ ဝိုင်းက သူလည်းရိုက်ချင်တယ်တဲ့။ ကိုယ်ကတော့ မောလို့ ဓာတ်ပုံရိုက်ဖို့ထက် နားဖို့သာ စဉ်းစားနေပေမဲ့ ဓာတ်ပုံကြိုက်တဲ့ ဝိုင်းနဲ့မကြီးက ဓာတ်ပုံရိုက်မပျက်။ ဓာတ်ပုံရိုက်တာရပ်ပြီး ရှေ့ဆက်ဖို့ သတိပေးရတယ်။ တကယ့်ကို photography hiking ပဲ။ တောင်ထိပ်နားနီးရင် ဆင်းလာတဲ့သူတွေမေး ရောက်ခါနီးပြီလားပေါ့ အားလုံးက နီးနီးလေးလို့ ဖြေတယ်။ နေ့လည် ၂ နာရီထိုးလို့မှ တောင်ထိပ်မရောက်သေးရင် ဘာပဲဖြစ်ဖြစ် တောင်အောက်ကို ပြန်ဆင်းမယ်။ ည ၅ နာရီ ၂၀ မှာ နယူးယောက်ကို နောက်ဆုံးထွက်တဲ့ ဘတ်စ်ကားကို မှီမှဖြစ်မယ်။ တောင်ထိပ်နားရောက်လေ မတ်စောက်ပြီး တော်တော်မောတယ်။ တောင်ထိပ်မှာလည်း လူတွေအများကြီး။ ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်ကတောင်တွေ၊ ဟိုးအဝေးမှာ ရစ်ခွေစီးဆင်းနေတဲ့ ဟတ်ဆန်မြစ်၊ ရွှေရောင်တောက်နေတဲ့ တောင်စဉ်တောင်တန်းတွေနဲ့တောင်ထိပ်ကနေ မြင်ရတဲ့ရှုခင်းက အတော်လေးလှတာပဲ။ တောင်ဆင်ခြေလျှောလေးမှာထိုင်ပြီး ဓာတ်ပုံတွေရိုက်ကြတော့ ဝိုင်းက လိုက်မလားဘူး ကြောက်လို့။ ကိုယ်တို့တွေ ဓာတ်ပုံတွေ ရိုက်နေတာမြင်တော့ ဓာတ်ပုံရိုက်ချင်ဇောနဲ့ ဆင်းလာတယ် ဒူးတွေက တဆတ်ဆတ်တုန်လို့။ ရှေ့ကအတွဲ ဆင်းသွားလို့ မြင်ကွင်းက ရှင်းသွားတာနဲ့ ဓာတ်ပုံထပ်ရိုက်ကြပြန်တယ်။
အဆင်းကြတော့ မနည်းဘရိတ်အုပ်ပြီး ဆင်းရတယ်။ ဝိုင်းက အဆင်းနှေးတယ် ထိန်းပြီးဆင်းရလို့။ ဓာတ်ပုံကိုလည်း အပြေးအလွှားရိုက် ညနေ ၄ နာရီခွဲ မကြာခင် နေဝင်တော့မယ်ဆိုတော့ မျက်မှန်သမားတွေဖြစ်တဲ့ ကိုယ်တို့တွေ အလင်းရောင်မရှိဘဲ တောင်အောက်ကို ဆင်းဖို့ဆိုတာ မဖြစ်နိုင်တော့ တက်သုတ်ရိုက် ဆင်းရတယ်။ ဝိုင်းက လှစ်ခနဲရပ်ပြီး ရေကန်ကို ဓာတ်ပုံရိုက်တယ် မကြီးက အတော်ဝေးဝေးမှာရှိတဲ့ အိမ်သာကို သွားတယ်။ ဘတ်စ်ကားစောင့်တဲ့ နေရာကိုသိပြီး ရပ်စောင့်နေတဲ့ ဘတ်စ်ကားကို တွေ့လိုက်တော့  ဝိုင်းရေ ခဏစောင့်နေပေးပါနော် မကြီးရဲ့ဖုန်းရော ကိုယ့်ဖုန်းရော ဘက်ထရီမရှိတော့ဘူး မကြီးကို လိုက်ခေါ်လိုက်ဦးမယ်။ အိမ်သာဆီပြေးတဲ့ လမ်းတလျှောက် မကြီးကိုရှာတာ မတွေ့ဘူး။ အိမ်သာမှာ အော်ခေါ်တော့လည်း မထူးဘူး လမ်းအခြောက်ခံစက် ဆူညံသံကြောင့် မကြားတာလား မသိဘူး။ အိမ်သာအောက်ခြေက ဖိနပ်တွေ လိုက်ကြည့်တော့ဘူး မတွေ့ဘူး။ ဟိုက် ဒုက္ခပဲ ကားကထွက်တော့မယ် အပြေးအလွှား ကားဂိတ်ဆီပြေးတော့ မကြီးက ရောက်နှင့်နေပြီ။ ဝိုင်းက နင် ပြေးသွားတုန်း နင့်အစ်မ ဟိုဖက်က ထွက်လာတာမြင်တော့ ဟာ သွားပြီလို့ ဘယ်လိုလိုက်ခေါ်ရမလဲလို့ စဉ်းစာနေတာတဲ့။ ဝိုင်းဘေးနားမှာ ဒေးဗစ်ကိုတွေ့တယ် နင့်အစ်မက ဘယ်တုန်းက ရောက်တာလဲ မေးတယ်။ ဒေးဗစ်က လမ်းလျှောက်အဖွဲ့မှာ ဝိုင်းနဲ့ခင်တယ် အသက်က ၆၀ ကျော်ပေမဲ့ ကိုယ်တို့ထက် တောင်အများကြီး တက်နိုင်တယ်။ တောင်တက်ဖိနပ်ကို အမြဲစီးလေ့ရှိပြီး လမ်းလျှောက်ရင် အမြဲရှေ့ဆုံးက။ အပါလာချိန်းတောင်တက်အဖွဲ့ဝင်ဖြစ်ပြီး အနည်းဆုံး ၇ မိုင်ကနေ ၁၀ မိုင်အထိ တောင်တက်နိုင်တယ်။
ကိုယ်တွေကတော့ ၄ မိုင်လောက်ဆို ဟိုက်နေပြီ။ upstate Cold Springs ဖက်မှာ တောင်တက်တဲ့အကြောင်း ပြောကြရင်း သူလမ်းညွှန်ကောင်းလို့ ကိုယ်တို့တွေ Cold Springs ၊ Bear Mountain တက်ဖြစ်တာပေါ့။ ဒေးဗစ်က စီပီအေဆိုတော့ အမ်ဘီအေ၊ စီပီအေ၊ စာရင်းကိုင်အကြောင်း မကြီးက ဒေးဗစ်ကိုမေးလို့ အီးမေးလ်အဆက်အသွယ် ရှိဖူးတာကို မှတ်မိနေတယ်။ ဘတ်စ်ကားက ကိုယ်ရောက်ပြီး ၁၀ မိနစ်လောက်ကြာမှထွက်တယ်။ ဒေးဗစ်က ဝက်ဝံတောင်ကို တက်တာမဟုတ်ဘူး အပါလာချိန်းတောင်တက်လမ်းက ၁၀ မိုင်ခရီး တောင်တက်တာပါတဲ့။ ကိုယ်တွေများ ခုချိန်မှာတောင် ၁၀ မိုင် မတက်နိုင်သေးတာ သူ့လို အသက် ၆၀ အရွှယ်မှာ ၁၀ မိုင် တက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ထင်တယ်လို့ ဝိုင်းကိုပြောတော့ ထောက်ခံတယ်တဲ့။ AT လို့အတိုကောက်ခေါ်ကြတဲ့ Appalachain Trail က တောင်ဖက် ဂျော်ဂျီယာပြည်နယ် Springer Mountain ကနေ မြောက်ဖက် မိန်းပြည်နယ် Mount Katahdin တောင်အထိ မိုင် ၂၂၀၀ ကျော် ရှည်လျားပြီး ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တန်နက်ဆီ၊ ဗာဂျီနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ ပန်ဆယ်ဘေးနီးယား၊ နယူးဂျာဆီ၊ နယူးယောက်၊ ကွန်နက်တီကပ်၊ မက်ဆာချူးဆက်၊ ဗာမွန်၊ မိန်း၊ နယူးဟန်ရှိုင်းယား ပြည်နယ် ၁၄ ခုကို ဖြစ်သန်းသွားတဲ့ တောင်တက်လမ်း။ တောင်တက်သမားတိုင်း သိကြတဲ့ အရှေ့ဖက်ကမ်းခြေက နာမည်ကြီး တောင်တက်လမ်း။
wefie !
တချို့တောင်တက်သမားတွေက တခါတည်း အစအဆုံး thru-hiking တက်ကြပြီး တချို့ကတော့ ခုတခါမှာ ဒီအပိုင်းကနေ ဒီအပိုင်း နောက်တခါမှာ နောက်တပိုင်း section-hiking "yo-yo" တက်ကြပါသတဲ့။ မက်ဆီကိုကနေ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်၊ ဝါရှင်တန်ပြည်နယ်တွေကို ကျော်ဖြတ်ပြီး ကနေဒါအထိ မိုင် ၂၆၅၀ ရှည်လျားတဲ့ အနောက်ဖက်ကမ်းခြေက PCT  လို့ အတိုကောက်ခေါ်ကြတဲ့ Pacific Crest Trail လည်း နာမည်ကြီးတယ်။ PCT  thru-hiking ကိုယ်တွေ့အဖြစ်အပျက်တွေကို ရေးထားတဲ့အကြောင်း Cheryl Strayed ရဲ့ Wild: Lost and Found on the Pacific Crest Trail စာအုပ်က အတော်နာမည်ကြီးတယ်။ ရီနေဝှစ်သာစပွန်းက ရုပ်ရှင်ရိုက်ထားတယ် စာအုပ်ကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတယ် စာအုပ်ကို ဖတ်ပြီးပြီ ရုပ်ရှင်ကိုတော့ မကြည့်ရသေးဘူး။ အပြန်ကျတော့ မကြီးကို လမ်းပေါ်က အမှတ်အသား၊ ဆိုင်းဘုတ်တွေ၊ ကားမောင်းရင် လိုက်နာရမဲ့ စဉ်းမျဉ်းစည်းကမ်းတွေကို သင်ကြားပြသတော့ သိပြီးသားတွေတဲ့။ ကိုယ်က Learner Permit ကို နှစ်ကြိမ်၊ Driving Test ကို ၅ ကြိမ်လောက် ဖြေပြီးမှ ကားမောင်လိုင်စင် ရခဲ့တဲ့သူ။ သိပြီးသားဆိုတဲ့ မမလေး တစ်ခါတည်းနဲ့ကားမောင်လိုင်စင်ရရင်တော့ ဟန်ကျပေမဲ့ အကြိမ်ကြိမ် ဖြေရရင်တော့ ဘယ်နှစ်ကြိမ်ဖြေပြီမှ ကားမောင်လိုင်စင်ရမလဲ မသိဘူး။ အကြိမ်နည်းနည်းနဲ့ ရမလား ကိုယ့်ကိုများ စံချိန်ချိုးလေမလား။ အပြန်လမ်းမှာ ပင်ပန်းလို့ အိပ်တာတရေးရတယ်။ ရှေ့အပတ် ဟတ်ဆန်မြစ်ဘေးက Palasides Trail အတိုင်း ဟိုက်ကင်းထွက်တဲ့ ဓာတ်ပုံတွေကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
စန်းထွန်း
မတ် ၁၁၊ ၂၀၁၇။
ဘယ်လိုဓာတ်ပုံရိုက်ရင် ဓာတ်ပုံလှလှလေးတွေ ထွက်မလဲလို့ ခေါင်းချင်းဆိုင်နေကြစဉ်
photographer & model
talk...talk..talk
be model during 6 miles, 1100ft hiking
Appalachain Trail - AT
Photo Credit : Google
Pacafic Chest Trail  - PCT
Photo Credit : Google
3 comments:
Lorem Ipsum said...
ဆုမြတ်
San San Htun said...
San San Htun said...
ဆုမြတ်မိုး said...
အမပိုစ့်တွေတွေ့တိုင်း ယူအက်စ် ကိုသွားချင်စိတ်ပေါက်တယ်..။ ညီမလည်းလမ်းလျှောက်ရတာ သိပ်ကြိုက်တယ်.. ဆက်တင်ဦးနော်...။မျှော်နေတယ်
ဆုမြတ်
March 14, 2017 at 10:42 PM
San San Htun said...
လာလည်နော် ညီမဆုမြတ်...လမ်းလျှောက်ရတာ ကြိ ုက်တယ်ဆိုတော့ နယူးယောက်ကိုလာခဲ့ အသေလမ်းလျှောက်ရတယ်..ဆက်တင်ဦးမယ်
March 18, 2017 at 9:58 AM