09 September 2015

ယူအက်စ်သွား တောလား - ၁၀

ဝိုင်အိုမင်းပြည်နယ်ကတော့ ထင်းရှူးပင်တွေနဲ့ စိမ်းစိုအေးမြသလောက် ယူတာ့ပြည်နယ်ထဲဝင်တာနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားတယ်။ ယူတာ့ပြည်နယ်မှာ တောင်ကုန်းတောင်တန်းတွေ ထူထပ်ပေမယ့် စိမ်းစိမ်းစိုစိုမရှိ ခြောက်သွေ့တယ့် အငွေ့အသက်ကို ခံစားမိတယ်။ ဆော့လိတ်ရေကန်ဘေးမှာရှိလို့ ဆော့လိတ်မြို့လို့ အမည်တွင်ပါတယ်။ ဆော့လိတ်ရေကန်ဟာ ရေငန်အိုင်ဖြစ်လို့ ဆားထုတ်ယူပါတယ်။ ဆော့လိတ်စီးတီးဆိုတာနဲ့ မော်မန်တွေကို ချန်လှပ်ထားခဲ့လို့ မဖြစ်ပါဘူး။ Mormons ဆိုတာ အမေရိကန်မှာ တည်ထောင်တဲ့ ဘာသာရေးအဖွဲ့အစည်းပါ။ ၁၈၂၀ နယူးယောက် အပ်စတိတ် Upstate မှာ ဂျိုးဇက်စမစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ဂျိုးဇက်စမစ် ကွယ်လွန်ပြီး ဘရစ်ဂမ်ယောင်းနောက်လိုက်တွေကြောင့် ယူတာ့နယ်မြေပိုင်နက် ဖြစ်လာပါတယ်။ မော်မန်တွေက The Church of Jesus Christ of Latter - day Saints (LDS Church) မန်ဘာဝင်တွေပါ။ မော်မန်တွေက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ ယူဆပေမယ့် ရိုမန်ကက်တလစ်တို့လို တခြားခရစ်ယာန်တွေက မော်မန်တွေကို ခရစ်ယာန်လို့ မယူဆပါဘူး။ မော်မန်တွေရဲ့ ဘဝမှာ ဘုရားကျောင်း၊ မိသားစုက အတော့်ကို လွှမ်းမိုးပါတယ်။ မယားတစ်ယောက်ပဲ ယူခွင့်ရှိပါတယ်။ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဘုရားကျောင်းကို မဖြစ်မနေ လှုဒါန်းရပါတယ်။ သမ္မတအိုဘားမားနဲ့သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ရှုံးနိမ့်ခဲ့တဲ့ မစ်ရူမနီ၊ အမေရိကန်အိုင်ဒေါ ဒုတိယဆုရှင် ဒေးဗစ်တို့ဟာ မော်မန်တွေပါ။ မော်မန်ဘုရားကျောင်းတွေဟာ ဆော့လိတ်စီးတီးရှိတဲ့ဖက်ကို မျက်နှာမူပြီး တည်ဆောက်ရတယ်လို့ ဆိုပါတယ်။

Mormons church in Salt Lake City, Utah
credit to Google

မော်မန်ဘုရားရှိခိုးကျောင်းတွေဟာ တခြားခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ကွဲပြားခြားနားတယ်။ မေရီလန်းပြည်နယ်မှာတုန်းက ဆေးဗားလ်စပရင်းမြို့နားက ဖြတ်သွားတိုင်း မြင်ရတဲ့ အဆောက်အဦး ချွှန်ချွှန်ကြီးကို ဘာလဲဟလို့မေးတော့ ဆူနမ်က မသိဘူးတဲ့။ ဒီစီရုံးက ကလဲရားက အဲဒါ မော်မန်ဘုရားရှိခိုးကျောင်းတဲ့။ နောက်တော့ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား ပြည်နယ်သုံးခုဆုံတဲ့ ဟာပါးဖယ်ရီကို ဟိုက်ကင်းထွက်တော့ ကလဲရားသူငယ်ချင်းမလေးက မော်မန်တွေအကြောင်း ပြောပြလို့ မော်မန်ဆိုတာ သိခဲ့ရပါတယ်။ ဆော့လိတ်စီးတီး တမြို့လုံး၊ ယူတာ့တပြည်နယ်လုံးနီးပါးက စီးပွားရေးလုပ်ငန်းတိုင်းကို မော်မန်တွေ ပိုင်တာပါ။ JetBlue လေကြောင်းလိုင်းကို မော်မန်တွေ ပိုင်ပါတယ်။ မြို့ထဲကို တပတ်မောင်းပို့ပြပြီး စတိတ်ကယ်ပီတယ် အဆောက်အဦးဆီ သွားရောက်ပါတယ်။ တမြို့လုံးကို အထက်စီးက မြင်ရလို့ မြင်ရတဲ့ရှုခင်းက လှပေမယ့် ရောက်သွားတယ့်အချိန်က ညနေလေးနာရီ ခြစ်ခြစ်တောက် ပူတဲ့အချိန် အရိပ်ရတယ့်အပင်ကလည်း မရှိတော့ ဓာတ်ပုံရိုက်ပြီးတာနဲ့ သစ်ပင်ရိပ်အောက် ပြေးရတော့တာပဲ။ ပူကပူ၊ ခရီးထွက်တာလည်း ၄ ရက်ဖြစ်နေ၊ အနပ်တိုင်း ထမင်းမစားရတော့ ရုပ်က မကြည်မသာ မပြုံးနိုင်။ ဓာတ်ပုံတွေ ကြည့်လိုက်ရင် မျက်မှောင်ကုတ်ရှုံ့မဲ့နေတဲ့ ပုံတွေကြီးပဲ။ ရယ်နေရင်လည်း အသက်မပါ သွားဖြဲပြနေသလိုပဲ။ စနေနေ့မို့ စတိတ်ကယ်ပီတယ်ကို ပိတ်ထားပေမယ့် တိုးခရီးသည်တွေအတွက် တံခါးဖွင့်ပေးတယ်။ လှေကားက အမြင့်ကြီး မောလိုက်တာ တံခါးဝရောက်တာနဲ့ ရေသောက်ရတယ်။ စတိတ်ကယ်ပီတယ်ကိုလည်း မော်မန်တွေက အကုန်အကျခံ တည်ဆောက်ပြီး ယူတာ့အစိုးရကို လှုဒါန်းခဲ့တာပါ။

Mormons church, Silver Springs, Maryland
credit to Google

မော်မန်တည်ထောင်သူ ဘရင်ဂမ်ယောင်းရဲ့ ရုပ်ထုရှိပါတယ်။ အဲဒီခေတ်တုန်းက အကုန်အကျအများဆုံး စတိတ်ကယ်ပီတယ်ပါတဲ့။ အိုင်အိုဝါပြည်နယ် မြို့တော်ဒက်စ်မွိုင်းမြို့က စတိတ်ကယ်ပီတယ်၊ ဝါရှင်တန်ဒီစီမြို့တော်က ယူအက်စ်ကယ်ပီတယ်။ ကယ်ပီတယ်တိုင်းက သူ့ဟာနဲ့သူ လှတာချည်းပါပဲ။ နယူးယောက်ပြည်နယ် မြို့တော်အယ်ဘနေမြို့က စတိတ်ကယ်ပီတယ်ကို မကြာသေးခင်က ရောက်ခဲ့ပေမဲ့ စနေနေ့ တံခါးပိတ်ထားလို့ အထဲမရောက်ခဲ့ဘူး။ တရုတ်မတစ်ယောက်က စတိတ်ကယ်ပီတယ်အကြောင်း ရှင်းပြတယ်။ Falun Gong တရုတ်လို ရေးထားတဲ့ နံရံကပ်ကြော်ငြာ၊ စပီကာနဲ့ ရှင်းပြနေသံကို စတိတ်ကယ်ပီတယ် အဝင်ဝမှာ ကြားလိုက်ရတော့ အံ့သြသွားတယ်။ ဖာလွန်းကုန်းဆိုတာကို ဘယ်စာစောင်၊ သတင်းထဲမှာ တွေ့လိုက်လဲတော့ မသိဘူး ကြားတော့ကြားဖူးတယ် သေသေချာချာ ဂဃနဏ မသိဘူးဆိုပါတော့။ ဟိုးတလောက ဝိုင်းက နယူးယော့ခ်မှာ ဖာလွန်းကုန်း ချီတက်ပွဲကို တွေ့လိုက်တယ်ဆိုတော့မှ ဖာလွန်းကုန်းဆိုတာ ဘာလဲဟလို့ မေးယူရတယ်။ ဖာလွန်းကုန်းဆိုတာ ဘာသာရေးမဟုတ်တဲ့ လောကီအဖွဲ့အစည်းတစ်ခုပါ။ အဖွဲ့ဝင်ရင် ဘာရောဂါတွေ ဘယ်လိုပျောက်တယ် ဘယ်လိုကောင်းတယ်လို့ ယုံကြည်ကြပေမဲ့ တရုတ်အစိုးရက အသိအမှတ် မပြုပါဘူး။ ဝိုင်းက အဲဒီလိုမျိုးကို သိပ်စိတ်ဝင်စားတယ်။ ရှောင်လင်ကျောင်းက မာစတာတစ်ယောက် နာနတ်သီးကို ဘယ်လိုခွဲလိုက်တာ၊ သွေးထဲမှာ လေလုံးဘယ်လိုစီးသွားတယ် ဆိုတာကတမျိုး ကျွန်မကို ပြောပြဖူးတယ်။ ကမ္ဘီရပညာတွေရှိတယ် အစွမ်းထက်တယ်ဆိုတာ လက်ခံပေမယ့် ကျွန်မက အဲဒီလောက် စိတ်မဝင်စားဘူး။ ရုံးက တရုတ်မယန်းကို ဖာလွန်းကုန်းအကြောင်း မေးကြည့်တော့ သူတို့တရုတ်ပြည်မှာ ဖာလွန်းကုန်းကို မတရားသင်းလို့ သတ်မှတ်ထားတာတဲ့။


Utah State Capitol

ဖာလွန်းကုန်းနဲ့ ပတ်သက်တဲ့သတင်း သူတို့မသိဘူး ၁၉၈၈ တန့်အမ်းမန်ရင်ပြင်က ဒီမိုကရေစီလှုပ်ရှားမှု အကြောင်းကိုလည်း သတင်းသဲ့သဲ့ ကြားဖူးပေမဲ့ သေသေချာချာ မသိဘူး။ တူတယ်နော် စစ်အစိုးရနဲ့ သတင်းတွေ ပိတ်ပင်တာ၊ သတင်းစာ လွတ်လပ်ခွင့်တွေ ဖြတ်တောက်တာ၊ သတင်းအမှောင်ချတာ။ ခေတ်ပေါ်ဆေးဝါးတွေ လုံးဝမသုံးဘဲ ရှေးဟောင်းသူတို့နည်းနဲ့ ကုတာကိုပဲ လက်ခံရမယ်ဆိုတဲ့ အစွန်းရောက် အတွေးအခေါ်ရှိတဲ့ အဖွဲ့တဲ့။ တရုတ်အစိုးရက ဖာလွန်းကုန်းဝင်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ပါသတဲ့။ သိလား စန်းစန်း တို့တရုတ်တွေမှာ ဒီဗွီလော်ထရီ မရှိပေမဲ့ ဖာလွန်းကုန်းမို့လို့၊ ကလေးနှစ်ယောက် မွေးထားလို့၊ ခရစ်ယာန်ဘာသာဝင်မို့လို့ နှိပ်ကွပ်မှုရှိလို့၊ တိဘတ်ဆိုပြီး  ဒုက္ခသည်အဖြစ် လျှောက်လို့ရတယ်။ နေ့လည်က ဆန်းဒွစ်ချ် မဝရေစာ စားရလို့လားမသိဘူး ဆော့လိတ်စီးတီးမြို့ထဲက တရုတ်ဘူဖေးဆိုင်မှာ ညနေစာစားတော့ စားကောင်းလိုက်တာ။ ပန်းကန်တွေ လာသိမ်းတဲ့ တရုတ်မလေးက ဒီနေ့တနေ့လုံး တချက်မှ မနားရဘူး လာစားတဲ့သူ တအားများတယ်တဲ့။ ဆိုင်ပိုင်ရှင်အတွက် ကောင်းပေမယ့် မင်းတို့အတွက် မကောင်းဘူးလို့ပြောတော့ ရယ်နေလေရဲ့။ ဘေးမှာထိုင်တဲ့ တရုတ်ကြီးက တရုတ်လို နှုတ်ဆက်တော့ တတ်သလောက်၊ မှတ်သလောက် စကားပြောကြည့်တာ ဘေဂျင်းကတဲ့၊ ယူအက်စ်ကို ပထမဆုံးလာလည်တာတဲ့၊ ဘေဂျင်းကို လာလည်ပါတဲ့။ ခင်ဗျားသမီးက တရုတ်စကားလည်း ပြောတတ်တယ်၊ အင်္ဂလိပ်စကားလည်း ပြောတတ်တယ်ဆိုပြီး အဖေ့ကို လက်မထောင်ပြသွားလေရဲ့။ ကားပေါ်က တရုတ်ကြီးတွေက အဖေ့ကို နှုတ်ဆက်ချင်ပေမယ့် အဖေက တရုတ်စကားမပြောတတ်၊ တရုတ်တွေကလည်း ဂွတ်မောနင်း၊ သိုင်းခ်ယူလောက်သာ ပြောတတ်တော့ စကားပြောဖို့ အခက်တွေ့နေတာပေါ့။



ပြုံးပြပြီး ဟိုင်း၊ ဂွတ်မောနင်းလောက်သာ နှုတ်ဆက်နိုင်တယ်။ လူတွေနဲ့ စကားပြောချင်တယ့် အဖေ့အတွက် အခက်တွေ့တယ်။ အဖေက အင်္ဂလိပ်စကားပြောတတ်ရင် သိပ်ကောင်းမှာပဲတဲ့။ အဖေ့မြေး အင်္ဂလိပ်စာသင်တန်းတက်ရင် သူနဲ့အတူ လိုက်တက်လို့။  အမေ့ညီမအကြီးဆိုရင် အေဘီစီဒီ မသိဘူး သူ့သားနဲ့ စာလိုက်ကျက်ရင်း တတ်သွားတာတဲ့။ အမေက အင်္ဂလိပ်သင်္ချာဂဏ္ဏန်း 1234 တွေကို မသိဘူးတဲ့။ အင်္ကျီဆိုင်မှာ ဈေးနှုန်းကပ်ထားတာကို မဖတ်တတ်ဘူး နောက်တော့  ၁ ဆိုတာ 1 ဆိုပြီး ကျက်မှတ်ခဲ့ရပါသတဲ့။ တောင်ဖက်စူးစူးကို တနာရီလောက်မောင်းပြီးတော့ ယူတာ့ပြည်နယ် ပရာဗိုမြို့လေးမှာ ညအိပ်ပါတယ်။ ခရီးစဉ် ၅ ရက်မြောက်နေ့မှာတော့ ယူတာ့ပြည်နယ်က ဘာရေ့ကမ်ညမ်၊ အရီဇိုးနားပြည်နယ်က အန်တလုပ်ကမ်ညမ်၊ Horseshoe Bend ကို သွားရောက်လည်ပတ်မှာပါ။ ထူးခြားဆန်းကြယ်လှတဲ့ အဲဒီနေရာတွေအကြောင်း အပိုင်း ၁၀ မှ ဆက်ကြရအောင်နော်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၉ ၊ ၂၀၁၅။


06 September 2015

ယူအက်စ်သွား တောလား - ၉

Journey to the West အနောက်ဖက်သို့ခရီးသွားခြင်း ၇ ရက်ခရီးစဉ်ရဲ့ လေးရက်မြောက်နေ့ ဖြစ်ပါတယ်။ ကိုယ့်ကို သူများတွေ စောင့်နေရတာမျိုး မဖြစ်စေချင်သလို အချိန်မဆွဲတတ်၊ အချိန်လေးစားတယ့် အဖေကြောင့် ဟိုတယ်ချက်အောက်ကို ခပ်စောစောပဲ လုပ်ဖြစ်ပါတယ်။ ကျွန်မတို့အိမ်မှာတော့ မကြီးနဲ့မောင်မောင်က အချိန်သိပ်ဆွဲတယ်။ မောင်မောင့်ကို တခုခုခိုင်းလိုက်ရင် နေ့ရွှေ့၊ ညရွှေ့ နောက်ဆုံးဘယ်လိုမှ ရွှေ့လို့မရတော့မှ ထလုပ်တယ်။ နေ့လည် ၁၁ နာရီ အပြင်သွားကြမယ်လို့ တိုင်ပင်ထားရင် ၁၁ နာရီ ဘယ်တော့မှ မထွက်ဖြစ်ဘူး။ မကြီး အလှပြင်နေတာကို စောင့်နေရလို့လေ။ ကျွန်မနဲ့ အမေကတော့ ရှင်းတယ် သွားမယ်ဆို ခုချက်ချင်း ရယ်ဒီပဲ။ မကြီးကိုစောင့်ရင်း အမေ့မှာ တရေးရတယ်။ ထွက်လာတော့လည်း ဘာမှမထူးခြား။ မျက်နှာက ဇီးရွက်လောက်မို့ပဲ တော်တော့တယ် ဇကောလောက်များဆိုရင် ဘယ်လောက်တောင် အချိန်ယူမလဲ မသိဘူး။ ရထား၊ ဘတ်စ်ကားက ဒီလေးဖြစ်နေလို့၊ ကားလမ်းပိတ်နေလို့ တခါတလေ နောက်ကျတာ လက်ခံနိုင်သေးတယ်။ အချိန်လေးစားတယ့် နိုင်ငံခြားမှာနေပြီး မြန်မာစံတော်ချိန်အတိုင်း နောက်ကျလေ့ ရှိတဲ့သူတွေကို သိပ်အမြင်ကပ်တာပဲ။ တံခါးကို ဒုန်းခနဲ ဒိုင်းခနဲမြည်အောင် ပိတ်တတ်သူတွေ၊ ခြေနင်းကြမ်းတဲ့သူ၊ အမှိုက်ပုံးရှိရဲ့သားနဲ့ တွေ့ကရာ အမှိုက်ပစ်တဲ့သူ၊ ပျင်းရိပျင်းတွဲနေတဲ့သူ၊ စကားကို အရည်မရအဖတ်မရ ဟောင်ဖွာဟောင်ဖွာ ပြောတတ်တဲ့သူတွေကိုလည်း အမြင်ကပ်တယ်။ Bear Cabins ရှေ့မှာ မနက် ၇ နာရီ ဆုံမယ်လို့ တိုးဂိုက်က မှာထားပေမယ့် အချိန်စောနေသေးတာမို့ ရဲလိုးစတုန်းရေကန်ကို လမ်းလျှောက်ဖြစ်ပါတယ်။ ကျွန်မဘေး တဖက်ခြမ်းမှာထိုင်တယ့် တရုတ်အန်တီကြီး သုံးယောက်ထဲက ကင်နွန် 7D ကင်မရာလွယ်ထားတဲ့ အန်တီကြီး ဓာတ်ပုံပတ်ရိုက်နေတာ တွေ့တယ်။ ကင်မရာပိုးက မသေးဘူး။ အရင်တုန်းကလို ကျန်းမာရေး အခြေအနေမျိုးသာဆိုရင် ကျွန်မလည်း သူ့လိုမျိုးနေမှာ။

ခုတော့ နာကျင်ကိုက်ခဲနေလို့ ကိုယ့်ကိုကိုယ် ညှာနေရ၊ ဂရုစိုက်နေရတယ်။ မနက်ခင်း နေရောင်ခြည် နုနုလေးတွေ ဖြာကျပြီး ကန်ရေပြင်ထက်မှာ မြူခိုးတွေ ဝေ့ဆိုင်းကာ ကျေးငှက်သံလေးတွေ ကျလိကျလိ စိုးစီစိုးစီ သံလေးတွေ ကြားရတာ အေးချမ်းလိုက်တာ။ ရဲလိုးစတုန်းအမျိုးသားဥယျာဉ်ကနေ Snake River မြွေမြစ်အတိုင်း တောင်ဖက်စူးစူးကို ၃ နာရီလောက်မောင်းရင် Grand Teton ဂရမ်းတီတန်အမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။ Rocky Moutains ရော့ကီတောင်တန်းတွေထဲမှာ ပါဝင်တဲ့ ဂရမ်းတီတန်အမျိုးသားဥယျာဉ်ထဲမှာ ရေခဲတွေ ဖုံးလွှမ်းနေတဲ့ တောင်တွေကို မြင်တွေ့ရတာ တကယ့်ကို ရင်သပ်ရှုမောဖွယ်ပါပဲ။ စတားဘာ့ခ်က ဗီနီလာလက်တေးဗူးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တော့ အနွေးဓာတ်က ခန္ဓာကိုယ်ထဲထိ စီးဝင်သွားပြီး နွေးသွားတယ်လို့ ခံစားမိတယ်။ အေးစိမ့်နေတဲ့ ရာသီဥတုကို အနွေးထည်ထူထူ၊ ဗီနီလာလက်တေးနဲ့ ခုခံကာကွယ်ပြီး ရေခဲတွေဖုံးလွှမ်းနေတဲ့ တောင်တွေကို  မြင်တွေ့ရတာ တကယ့်ကို ငြိမ်းချမ်းတဲ့ အခိုက်အတန့်လေးပါပဲ။ မနှစ်က ကလိုင်းရင့် အမ်တီအေ MTA (Metropolitan Transportation Authority) မှာ လုပ်နေတုန်း ပရောဂျက်မန်နေဂျာ ပက်ထရီရှာနဲ့ သွားလည်ချင်တဲ့ နေရာတွေအကြောင်း ပြောကြရင်း ဂရမ်းတီတန်ကို သွားလည်ဖြစ်အောင်သွားတဲ့။ နယူးယော့ခ်စီးတီးမှာတော့ အမ်တီအေကို မသိတဲ့သူ မရှိပါဘူး။ နယူးယော့ခ်ကာတိုင်း အမ်တီအေက ပြေးဆွဲနေတဲ့ မြေအောက်ရထားလိုင်း၊ ဘတ်စ်ကားလိုင်းတွေကို နေ့တိုင်း စီးနေရတာကိုး။ ပက်ထရီရှာက ပို့စကဒ်ဓာတ်ပုံကို မြင်ရသလိုပဲ အရမ်းလှတာတဲ့။ ပက်ထရီရှာ ပြောသလိုပါပဲ ပို့စကဒ်ဓာတ်ပုံကို မြင်ရသလို အရမ်းကို သာယာအေးချမ်းတယ်။

Yellowstone Lake, Wyoming


ရေခဲတောင်တွေကိုကြည့်ပြီး စာအုပ်လေးဖတ်လိုက်၊ Canon in D Major ၊ Chopin ၊ Beethoven ၊ Mozart ၊ Yiruma ရဲ့ Kiss the rain ၊ River flows in you ၊ Love me သီချင်းလေးတွေ နားထောင်ပြီး အေးအေးလူလူ အနားယူအပန်းဖြေလိုက်ရရင် ဘယ်လောက်ကောင်းမလဲနော်။ ခုတော့ ပေးထားတဲ့ အချိန် ၁ နာရီ ပြည့်ပြီမို့ ကားဆီကို မလှမ်းချင်လှမ်းချင် လှမ်းခဲ့ရတော့တယ်။ စပိဘုတ်အကြီးတွေ တွေ့ခဲ့တယ်။ စပိဘုတ်အကြီးတွေတွေ့တိုင်း water rafting စီးချင်တဲ့စိတ်က တဖွားဖွား ပေါ်လာတယ်။ ကျွန်မမှာရှိနေတဲ့ လူးပက်စ် Lupus ဆိုတဲ့ ရောဂါက autoimmune disorder ရောဂါပါ။ ကိုယ်ခံအားစနစ်က ကျန်းမာတဲ့ တစ်ရှူးဆဲလ်တွေ၊ ဘတ်တီးရီးယားတွေကို မခွဲခြားနိုင်တော့ဘဲ ကျန်းမာတဲ့ တစ်ရှူးဆဲလ်တွေကို တိုက်ခိုက်တာပါ။ အဆစ်အမြစ်တွေ ကိုက်ခဲတာ၊ အရေပြားမှာ အနီကွက်တွေထတာ လူးပက်စ်ကြောင့်ပါ။ ဘာကြောင့်ဖြစ်ရတာလဲလို့ မသိသေးသလို လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးလည်း မရှိသေးပါဘူး။ ကိုယ်ခံအားနည်းစေတဲ့ ဆေးတွေသောက်ပြီး သာမန်လူတွေလို အိမ်ထောင်သားမွေး လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။ ဒါပေမဲ့ အရင်ကလို ကျန်းမာသန်စွမ်းတဲ့သူ လုပ်နိုင်တာတွေ အကုန်လုံးတော့ မလုပ်နိုင်ပါဘူး။ လူးပက်စ်ဟာ နေထိုင်ခဲ့ရတဲ့ ပတ်ဝန်းကျင်၊ စိတ်ဖိစီးမှု၊ မိသားစု gene ကြောင့် ဖြစ်ရတာလို့ ယူဆပါတယ်။ ကိုယ်ခံအားနည်းစေတဲ့ ဆေးတွေသောက်ရတော့ Shingles လိုမျိုး ကိုယ်ခံအားနည်းချိန်မှာ ဝင်လာတတ်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အဖေတို့ ယူအက်စ်မလာခင်လေးမှာပဲ Shingles ဖြစ်လို့ ကုရသေးတယ်။ လူးပက်စ်အတွက် သောက်ရတဲ့ဆေး side affects ဘေးထွက်ဆိုးကျိုးက မျက်စိကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မျက်စိဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် စစ်ဆေးရပါတယ်။

လူးပက်စ်အတွက် သောက်ရတဲ့ဆေးတွေကြောင့် နေရောင်ခြည်ကို sensitive ဖြစ်ပါတယ်။ သိပ်ပြင်းတဲ့ နေရောင်ခြည်အောက်မှာ ကြာကြာနေရင် butterfly rash လို့ခေါ်တယ့် နှာခေါင်း၊ ပါးမှာ အနီရောက်ကွက်ကြီးတွေ ဘော့စတွန်ခရီးက အပြန်မှာဖြစ်လို့ ကုနေရတာ ၁ လလောက်ရှိပြီ။ မျက်နှာပေါ်က အမည်းကွက်တွေ သက်သာသွားပေမဲ့ အရင်လို ကြည်ကြည်လင်လင် ဖြူဖြူစင်စင် ဖြစ်မလာသေးဘူး။ နောက်ထပ် ၂ လလောက် ဆေးတွေဆက်လိမ်းတော့မှ အရင်လိုပြန်ဖြစ်မယ်နဲ့ တူပါရဲ့။ ဒီတော့ နေရောင်ကို အရမ်းသတိထားရတယ် နေ့တိုင်း လက်ရှည်၊ ဘောင်းဘီရှည်ဝတ်၊ sunscreen လိမ်း။ နေ့လည်ဖက်မှာ မဖြစ်မနေ အပြင်ထွက်ရမယ့်ကိစ္စမျိုးလောက်သာ လုပ်ပြီး ညနေစောင်းမှပဲ ဈေးဝယ်တာ၊ ဟင်းသွားယူတာတွေ လုပ်ဖြစ်တယ်။ ဒီတော့ water rafting နဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး။ အထိုင်အထ၊ အပင့် လက်မြှောက်ရင် နာကျင်ပေမဲ့ အရင်တုန်းကလို အရမ်းနာကျင်ကိုက်ခဲတာတော့ မရှိတော့ဘူး။ စန်းစန်းရေ နေကောင်းလားလို့ မေးရင် ကျွန်မကလည်း ဖြစ်သမျှ မခွျှင်းမချန်ပြောတော့ ကြားရတာ စိတ်မချမ်းသာစရာ။ ဝိုင်းက နင် ဆေးတွေလည်းသောက်နေ၊ ဆရာဝန်နဲ့လည်းပြ၊ အစားအသောက် အနေအထိုင်လည်း ဆင်ခြင် ဒီလောက်လုပ်နေတာတောင် မသက်သာဘူးလားတဲ့။ လူးပက်စ်အကြောင်း သူတို့နားမလည်နိုင်ဘူး။ ကျွန်မမွေးစားအမေကတော့ ကျွန်မပြောသမျှကို နားလည်တယ်။ သူ့သမီးအငယ်ဆုံးကလည်း လူးပက်စ်ဖြစ်နေတော့ ကျွန်မဖြစ်နေတာတွေက သူ့သမီးဖြစ်ခဲ့ဖူးတာတွေဆိုတော့ ကျွန်မကို နားလည်တယ်။ လည်ချောင်းနာ၊ အစားအသောက်ပျက်တာတွေ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဖြစ်လို့ အရမ်းအားနည်းတယ်။ အိမ်ကနေ ရထားဘူတာ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးရင် ရေသောက်ရတယ်။

Grand Teton National Park, Wyoming


ကျွန်မကို မြင်ရတဲ့လူတိုင်းက စိတ်မချမ်းသာဘူး။ ဒီတပတ်မှာတော့ အစားအသောက် ပြန်လိုက်လာတယ်။ စားမယ်ဆိုတာကြီးပဲ တချိန်လုံး ဗိုက်စာနေတယ် သောက်နေတဲ့ သံဓာတ်အားဆေး တန်ခိုးတွေ ပြပြီထင်ပါရဲ့။ လူးပက်စ်ဟာ ဆေးနဲ့ရောဂါတည့်ရင် နာကျင်တာတွေ လုံးဝမရှိတော့ဘူး။ ဆေးသောက်နေရဲ့သားနဲ့ ကိုက်ခဲနေသေးတော့ ဆေးနည်းနည်းပြင်းတာ တိုက်ဖို့လိုပါတယ်။ ဆေးပြင်းက ကီမိုသယ်ရပီအတွက် တိုက်တာဆိုတော့ သွေးဖြူဥ၊ သွေးနီဥတွေ နည်းသွားတာ ဖြစ်နိုင်သလို အဲဒီဆေးသောက်နေတဲ့ အချိန်အတွင်း ကိုယ်ဝန်ဆောင်လို့ မရဘူး။ ကျွန်မရဲ့ သွေးဖြူဥ၊ သွေးနီဥက အရင်ကတည်းက အားနည်းနေလို့ ဆရာဝန်က ဆေးပြင်းမတိုက်ချင်ဘူး။ မကြီးက သွေးအားနည်းတယ် စာမေးပွဲဖြေပြီးရင် မေ့လဲတတ်တယ်။ အပြင်ကပြန်လာရင် ကုတင်ပေါ်မှာ အရင်အနားယူရတယ်။ ကျွန်မတို့ အာရှမိန်းကလေးတွေဟာ သွေးအားနည်းတတ်တယ်။ ဟိုဟာမစား၊ ဒီဟာမစားမို့လို့တဲ့။ အဖေ၊ အဖေတို့ရဲ့ ကျန်းမာရေး ဆေးစစ်ချက်တွေ ဖတ်ကြည့်တော့ အဖေက သွေးအားနည်းတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက အမေလည်း မူးတယ်မူးတယ်ဖြစ်ပေမဲ့ ခဏနားလိုက်ရင် ကောင်းသွားတာပါပဲတဲ့။ ဒါပေမဲ့ မူးလဲတာတော့ မရှိခဲ့ဘူး ဒီလိုနဲ့ သွေးအားနည်းတာကို ရောဂါလို့ မထင်ခဲ့သလို အရေးကြီးမှန်းလည်း မသိခဲ့ဘူး။ တိုင်းပြည်ဆင်းရဲတော့ ပြည်သူတွေဟာ အာဟာရပြည့်ဝဖို့ထက် ထမင်းနပ်မှန်အောင် စားဖို့လုံးပန်းရတော့ ဘယ်မှာအာဟာရ ပြည့်လိမ့်မတုန်း။ စင်္ကာပူမှာတော့ သွေးအားနည်းရောဂါကို serious သေသေချာချာ ကုသပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ထမင်းများများ၊ အသားနှစ်ဖတ်၊ အရွက်နည်းနည်းစားပြီး ကြီးပြင်းခဲ့ရတော့ အာဟာရမပြည့်ဘူး။ ဒါကြောင့် ပုပုသေးသေး လူဖလံလေးတွေ ဖြစ်နေကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ကို ရောက်လာကြတဲ့ ဂျပန်စစ်သားတွေဟာ အရပ်ငါးပေသာသာ လူဖလံလေးတွေတဲ့။ ဒါကြောင့် ဂျပန်ငပုလို့ ခေါ်ခဲ့ကြတာပေါ့။

ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပြီး အစားအသောက်စတိုင် ပြောင်းလိုက်တော့ ခုဆို ဂျပန်ငပုတွေ အရပ်ရှည်ကုန်ကြပြီ။ မကြီး နေမကောင်းဖြစ်တာ ၃ ရက်ကြာလာတဲ့အထိ အဖျားမပျောက်လို့ ဒန်းကီး(သွေးလွန်တုပ်ကွေး) ထင်ပြီး အရေးပေါ်ဋ္ဌာနကို ပို့လိုက်တယ်။ သွေးနှစ်ပုလင်းသွင်းလိုက်တော့ ကောင်းသွားရော။ အဖျားအတွက် သောက်ရတဲ့ဆေးတွေက ပြင်းပြီး သွေးအားနည်းနေတော့ အဖျားတာရှည်နေတာ ထင်ပါရဲ့။ HSA (Health Sciences Authority) မှာ သွေးသွားလှုတော့ အိုင်းရွန်းလယ်ဗယ်က ၉  ဖြစ်နေလို့ လှုလို့မရဘူး။ အိုင်းရွန်းလယ်ဗယ် ၁၂ ကိုမှ good blood လို့ သတ်မှတ်ပါသတဲ့။ အိုင်းရွန်းဆေးတွေပေးပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်မတို့ ညီအစ်မ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အကြောင်းတွေပါ။ ကျွန်မ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေထဲမှာ ရေခဲတောင်တွေလည်း ပါပါတယ်။ ဧဝရတ်တောင်တက်တဲ့အကြောင်း၊ မြောက်ဝင်ရိုးစွန်းကို သွားတဲ့အကြောင်း ရုပ်ရှင်ကားတွေ၊ documentary တွေ၊ သတင်းတွေဆို အရမ်းစိတ်ဝင်စားတာ။ ဆရာမဂျူးရဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ဝထ္ထုက စိတ်ဝင်စားဖို့ အရမ်းကောင်းလွန်းလို့ မအိပ်ဘဲ ညလုံးပေါက် ထိုင်ဖတ်ဖြစ်တာ မှတ်မှတ်ရရပါပဲ။ ဆူနမ့်ဆီကနေ ဟိမဝန္တာတောင်တန်း၊ အန်နာပူရ Annapura ၊ ဧဝရတ်တောင်တွေအကြောင်း ကြားရရင် ရေခဲတောင်တွေဆီ သွားချင်ပြန်ရော။ ရေခဲတောင်တက်သူတွေလို အသက်ကို ပဓာနမထားဘဲ သက်စွန့်ဆံဖျား တောင်ထိပ်ကို တက်ချင်စိတ်တော့ မရှိပေမယ့် တောင်ခြေကနေပဲ ရေခဲတောင်တွေကို ကြည့်ချင်မိတယ်။ တောင်ခြေ Base Camp အထိရောက်အောင် ငါးရက်လောက် ခရီးနှင်ရတဲ့အကြောင်း documentary မှာ တွေ့ရလိုက်တော့ တောင်ခြေကနေ ဟိမဝန္တာရေခဲတောင်တွေကို ငေးမောချင်တဲ့စိတ်ကူး ပျက်ပြယ်သွားတယ်။




မြန်မာနိုင်ငံခြေလျင်နဲ့ တောင်တက်အသင်းက ခါကာဘိုရာဇီ၊ အီမောဘွန်း တောင်တက်တဲ့အကြောင်း ကြားရရင် တောင်တက်ချင်မိတယ်။ ဒါပေမယ့် tent တဲ၊ ရိက္ခာ၊ ပေါင် ၄၀ လောက်လေးတဲ့ ကိုယ့်အထုပ် ကိုယ်သယ်ပြီး တက်ရမယ်ဆိုတော့ အဲဒီလောက် ကိုယ့်ဒုက္ခကိုယ် မရှာချင်ပြန်ဘူး။ မကြီးကလည်း ဧဝရတ်တောင်၊ ရေခဲတောင်ကို သွားကြည့်ချင်တယ်လို့ အမေ့ကို ပြောဖူးတယ်တဲ့။ ရေခဲတောင်တွေ ကြည့်ချင်ရင် ဂရမ်းတီတန်မှာ ရှိတယ်၊ ဆွဇ်ဇာလန်က အဲပက်စ်တောင်တန်း၊ အလာစကာမှာဆိုရင် ပိုများသေးတယ်၊ မြောက်ဝင်ရိုးစွန်းမှာလည်း ရှိတယ်။ ဒါတွေကတော့ တောင်တက်စရာမလိုဘဲ ရေခဲတောင် ကြည့်လို့ရတဲ့ နေရာတွေပါ။ မိနစ် ၂၀ လောက် မောင်းပြီးတော့ ဟိုင်းဝေးလမ်းမဘေး ဗျူးပွိုင့်လိုနေရာမျိုးမှာ ဓာတ်ပုံရိုက်ဖို့ ရပ်ပေးပါတယ်။ ပါရာမောက်ရုပ်ရှင် လိုဂိုထဲက ရေခဲတောင်ဟာ ဒီရေခဲတောင်ပေါ့တဲ့။ ၂ နာရီမောင်းပြီးတဲ့အခါ နေ့လည်စာစားဖို့ ဝိုင်အိုမင်း Wyoming ပြည်နယ်ထဲက ဂျက်ဆန်မြို့လေးမှာ တထောက်နားပါတယ်။ နွေရာသီပေမယ့် ရာသီဥတုက အေးစိမ့်စိမ့် တောင်တွေကြားထဲက မြို့သေးသေးလေး။ ဆောင်းရာသီဆို ဘယ်လောက်တောင် အေးလိုက်မလဲ။ ဂျက်ဆန်မြို့လေးရဲ့ ပြယုဂ်တစ်ခုဖြစ်တယ့် သမင်ချိုတွေနဲ့ ပြုလုပ်ထားတဲ့ Antler Arches နဲ့ ဓာတ်ပုံရိုက်ကြတယ်။ မြို့လယ်ခေါင် ပန်းခြံဘေးက ဆိုင်တွေကို တပတ်ပတ်ကြည့်တော့ အေးရှန်းစားသောက်ဆိုင်ရှိပုံ မရဘူး။ မြို့လေးက ကျွန်မကျောင်းတက်ခဲ့တဲ့ အိုင်အိုဝါပြည်နယ် ဖဲဖီးလ်မြို့လေးနဲ့ ဆင်တယ်။ အနုပညာပြခန်းကို ဝင်ကြည့်တော့ သမင်ရုပ်ထု၊ ပန်းချီကား၊ အမေရိကန်အင်ဒီယန်းရုပ်ထု၊ ပန်းချီကားတွေက လက်ရာမြောက်တယ်။ အေးရှန်းဆိုင် ရှာမတွေ့တော့ ဆန်းဒွတ်စ်ချ်ဆိုင်ပဲ ဝင်ရတော့တယ်။


Antler Arches, Jackson, Wyoming


အဖေတို့က ဆန်းဒွတ်စ်ချ်ထဲက အသားရယ်၊ အသီးအရွက်တွေကိုပဲ စားပြီး ပေါင်မုန့်ကို လွှင့်ပစ်တယ်။ အမေရိကန်မှာ စားလို့ကုန်တာထက် မစားနိုင်လို့ လွှင့်ပစ်လိုက်ရတာ ပိုများတယ်။ အိမ်သာအထွက်မှာ ရေဖြည့်လို့ရတဲ့ နေရာတွေရှိရင် အမေက ရေဖြည့်လေ့ရှိတယ်။ ရေဖြည့်တာ အမေ့တာဝန်။ ဆန်ဖရစ္စကိုဂိုးဒင်းဂိတ်တံတားကို ဖြတ်ကျော်ပြီးတဲ့အခါ အဖွဲ့တစ်ခုကနေ တစ်ယောက် ရှေ့ထွက်ပြီး မိတ်ဆက်ရပါတယ်။ ကျွန်မသွားဖူးသမျှ ခရီးထဲမှာ ဒီခရီးက ရက်အရှည်ဆုံးနဲ့ ပထမဆုံးမိတ်ဆက်ရတဲ့ ခရီးဖြစ်ပါတယ်။ ဘယ်ပြည်နယ်က၊ ယူအက်စ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား၊ ဒီတိုးကို ဘယ်လိုသိတာလဲ မေးခွန်းတွေ ဖြေရပါတယ်။ ဟာသညဏ်ရွှင်တဲ့သူတွေဖြေရင် တသောသောနဲ့။ ကျွန်မတို့ သားအဖသုံးယောက်ဟာ တရုတ်စကားမပြောတဲ့ မိသားစုမှန်း သိသွားတယ်။ မြန်မာကဆိုတော့ ကျောက်စိမ်းလို့ အော်ကြတယ်။ ဒီတော့ ကားပေါ်က တရုတ်တွေဟာ ကျွန်မတို့ မိသားစုကို သတိထားမိပြီး နည်းနည်းအရေးပေးတယ် ဆိုပါတော့။ ကလေးမလေးတစ်ယောက်က ဂျော့တောင်းတက္ကသိုလ် တက်နေတယ့်သူ့ဆီကို သူ့အမေက လာလည်တာတဲ့။ မေမေက ရည်းစားရပြီလား၊ ရည်စားထားဖို့ နားပူနားဆာ လုပ်နေပြီလားလို့ တိုးဂိုက်ကနောက်လို့ ရယ်ရသေးတယ်။  ဝိုင်အိုမင်းပြည်နယ် ဂျက်ဆင်မြို့ကနေ တောင်ဖက်စူးစူး မိုင် ၂၇၀ ငါးနာရီလောက်မောင်းရင် ယူတာ့ Utah ပြည်နယ် ဆော့လိတ်စီးတီး Salt Lake City မြို့ကို ညနေစောင်းလောက် ရောက်သွားပါတယ်။ ဆော့လိတ်စီးတီးနဲ့ မော်မန်တွေအကြောင်းကိုတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၆၊ ၂၀၁၅။

01 September 2015

ယူအက်စ်သွား တောလား - ၈



တောရိုင်းတိရစ္ဆာန်တွေကို အနှောင့်အယှက်မပေးရဘူးတဲ့ သူတို့က အိမ်ရှင် ကျွန်မတို့က ဧည့်သည်။ ဧည့်သည်က အိမ်ရှင်ကို စိတ်အနှောင့်အယှက် မဖြစ်စေသင့်ဘူးမလားတဲ့။ မျက်စိတဆုံး ကျယ်ပြန့်တဲ့ ထင်းရှူးပင်တွေ၊ ကြည်လင်စိမ်းလဲ့နေတဲ့ ရေအိုင်တွေ၊ အေးအေးလူလူ ရှိနေကြတဲ့ တောရိုင်းတိရစ္ဆာန်လေးတွေ ( Moose ၊ Elk ၊ Bison မြန်မာလို ဘယ်လိုခေါ်သလဲမသိ)၊ သူတို့လေးတွေ ကားလမ်းမပေါ် ဖြတ်သန်းတဲ့အခါ ကားတွေကရပ်စောင့်၊ ဓာတ်ပုံရိုက်ကြနဲ့ အုန်းအုန်းထနေကြတာပေါ့။ ပထမဆုံး သွားရောက်တဲ့နေရာက Grand Canyon of the YellowStone ပါ။ ကြီးမားတဲ့ ပထမဆုံးကင်ညမ်ဖြစ်ပြီး ရဲလိုစတုန်းမြစ်ဘေးတချက်က တောင်တန်းကြီးတွေကို သဘာဝတရားက အရောင်စုံလင်စွာ ဆေးခြယ်ပေးထားတာ သိပ်ကိုဆန်းကြယ်တာပဲ။ အဖေကတောင် ထူးဆန်းလိုက်တာ သမီးရယ် ဒါမျိုး မမြင်ဖူးဘူးတဲ့။ ကျွန်မလည်း မမြင်ဖူးဘူး။ နောက်သွားရောက်တဲ့နေရာက Lower Yellowstone River Falls မှာ တောင်အမြင့်ကြီးကနေ ရေတံခွန် ဖြာဆင်းနေတာ အင်မတန်လှတယ်။ နောက်သွားရောက်တဲ့နေရာကတော့ Upper Yellowstone Falls ကားရပ်ထားတဲ့နေရာက ရေတံခွန်ဆီကို ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရတယ်။ အတက်အဆင်း၊ ကျောက်ဆောင်တွေ ရှိပေမယ့် လမ်းက သာသာယာယာပါပဲ။ ရေတွေ တဝေါဝေါ ဆင်းနေတာကို ကြည့်မိလို့ အဖေက ခေါင်းတောင် နောက်သွားတယ်တဲ့။ မတွေ့တာကြာပြီဖြစ်တဲ့ သက်တန့်ကို ရေတံခွန်အောက်နားလေးမှာ တွေ့ရတယ်။ နောက်သွားရောက်တဲ့ နေရာတွေကတော့ အငွေ့တွေတထောင်းထောင်း ထနေတဲ့ ရေပူစမ်း၊ ရွှံ့ဗွက်တွေ ထွက်နေတဲ့ ရွှံ့မီးတောင်၊ ရေမှာပါတဲ့ ဓာတ်သတ္ထုတွေကြောင့်  ကြေးနီရောင်၊ အပြာရောင် ဖြစ်နေတာတွေ။




ရဲလိုးစတုန်း အမျိုးသားဥယျာဉ်ဟာ တော်တော်ထူးဆန်းတယ် သွားလည်သင့်တဲ့ နေရာပါပဲ။ Fountain Paint Pot လို့ခေါ်တဲ့ ရေကန်ကတော့ အင်မတန်ထူးဆန်းတယ်။ ရေနွေးငွေ့တွေ တထောင်းထောင်း ထနေပြီး ကန်အနားသတ်က အနီရောင် ရေကပြာလဲ့နေတယ်။ ကားရပ်ထားတဲ့နေရာကနေ စမ်းချောင်းလေးကို ဖြတ်ကျော်လို့ ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာ အဖေတို့က မလျှောက်နိုင်လို့ စမ်းချောင်းဘေးက သစ်ပင်ရိပ်မှာ အနားယူကြတယ်။ ကျွန်မနံဘေးမှာထိုင်တဲ့ တရုတ်မလေးကို ဓာတ်ပုံရိုက်ခိုင်းမလားမှတ်တယ် သူ့ဘာသာတောင် ရှုပ်ရှက်ခတ်နေတာ။ တကိုယ်တော်ထွက်လာပုံရိုက်တဲ့ တရုတ်အန်တီကြီးက အမေရိကန်တွေကို ဓာတ်ပုံရိုက်ပေးပါလို့ အကူအညီတောင်းတယ်။ သူ့တရုတ်တွေနဲ့ အစေးကပ်ပုံ မရဘူး။ ကလေးတွေကတော့ စမ်းချောင်းဘေးမှာထိုင်ပြီး ငါးမျှား၊ တချို့ကလေးတွေက ရေဆော့၊ တချို့ကလေးတွေက စမ်းချောင်းထဲက ကျောက်ခဲလေးတွေကောက်၊ ငါးကလေးတွေမြင်ရင် ဝမ်းသာအားရအော်ဟစ် မြင်ရတာ စိတ်ချမ်းသာစရာ။ အိမ်သာကလည်း တစ်ခုတည်းရှိတော့ တန်းစီရတာ အရှည်ကြီး။ တရုတ်မကြီးတစ်ယောက် တန်းစီလို့ အိမ်သာရတော့ သူ့သမီး၊ သမက်၊ ယောကျာ်းပါ လေးယောက်ဝင်တော့ နောက်ကတန်းစီနေတဲ့ အမေရိကန်လင်မယားနှစ်ယောက်ခမျာ အံ့သြလို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ်။ ပြီးတော့ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူက အဲလိုဝင်ရအောင်လို့ စတယ်နဲ့တူပါရဲ့ မိန်းမက လက်နဲ့တွန်းပြီး နိုးနိုးလို့ ငြင်းတယ်။




ပေးထားတဲ့ အချိန်ကလည်း ပြည့်နေပြီဆိုတော့ အားလုံးအရင်လိုတာပေါ့။ တရုတ်မတစ်ယောက် တန်းစီတာကို ဖြတ်ဝင်တော့ အဖေ့ရှေ့က အမေရိကန်ဆယ်ကျော်သက်လေးက ဘယ်လိုလဲပေါ့လို့ အဖေ့ကို လုပ်ပြတယ်။ အဲဒါကို အဖေက သူ့ကို ဝင်ခိုင်းတယ်ထင်ပြီး ခပ်တည်တည်နဲ့ ဝင်သွားလေရဲ့။ အမေရိကန်ဆယ်ကျော်သက်လေးခမျာ သူ့ဘော်ဒါတွေနဲ့ ဒီအာရှတွေ တန်းစီရတာကို နားမလည်ဘူးနဲ့ ခေါင်းတခါခါ ညည်းညူပြီး ကျန်ခဲ့လေရဲ့။ ဆီးခဏခဏသွားချင်သူတွေ ခရီးသွားတဲ့အခါ တော်တော်ဒုက္ခရောက်တာပဲ။ နေ့လည်စာစားတဲ့နေရာက Old Faithful Geyser လို့ ခေါ်တဲ့နေရာပါ။ ထမင်းပဲစားချင်တဲ့ အဖေတို့ကြောင့် ထမင်းရှာပုံတော်ဖွင့်တော့ ကံကောင်းထောက်မစွာ ထမင်းရှိနေတယ်။ ထမင်းနဲ့ပုဇွန်၊ အမဲသား၊ အရွက်ကြော် ရတယ်။ ညနေကျရင် ရဲလိုးစတုန်းရေကန်ဘေးမှာ အိပ်မှာမို့ ထမင်းရဖို့က မသေချာဘူး သမီးရေ ထမင်းဖြlနှစ်ဘူးဝယ်လိုက်တဲ့။ ထမင်းစားပြီးခါနီး တိုးဂိုက်က ရေပန်းက ပန်းထွက်တော့မှာမို့ ကျွန်မမိဘတွေကိုပြဖို့ တိုက်တွန်းပါတယ်။ ရေပန်းက နာရီဝက်မှာ တခါလောက် အမြင့်ပေ ၂၀၀၊ ၃၀၀ လောက် ပန်းထွက်တာပါ။ အဲဒီလို ပန်းထွက်တာကို စောင့်ကြည့်နေတဲ့ လူအုပ်ကြီးက မနည်းမနော အယောက် ၃၀၀ ကနေ ၅၀၀ ကြားလောက် ရှိတယ်။ နောက်သွားရောက်တဲ့နေရာတွေကတော့ ရွှံ့မီးတောင်တွေပါ။ ရခိုင်ပြည်နယ်က မာန်အောင်ကျွှန်းဖက်မှာလားမသိ နဂါးဗွက်တောင်လို့ခေါ်တဲ့ ရွှံ့မီးတောင်ရှိတယ်လို့ ပြောတယ်။ မင်းဘူးဖက်မှာလည်း ရှိတယ်ပြောတယ် ကျွန်မတော့ မရောက်ဖူးဘူး။ Dragon Mud Volcano မှာတော့ တွင်းခေါင်းထဲကနေ ရွှံ့နှစ်တွေ ပွက်ပွက်ထွက်လာတဲ့အသံက နဂါးအော်သံလား ထင်ရလို့ နဂါးဗွက်တောင်လို့ နာမည်ပေးထားတာထင်တယ်။




အဖေတို့လည်း ထမင်းကောင်းကောင်း မစားရ၊ တနေကုန်ကားစီးရတော့ ပင်ပန်းနဲ့ ဓာတ်ပုံရိုက်ရင်တောင် မပြုံးနိုင်တော့ဘူး။ နေကလည်းပူတော့ မျက်မှောင်ကုတ်၊ ထမင်း ၄ ရက်လောက် မစားရတဲ့ရုပ်နဲ့ ခရီးသွားတာ အေးအေးဆေးဆေး သက်တောင့်သက်သာမရှိဘဲ အိမ်ပြန်ဖို့ ဘယ်နှစ်ရက်ကျန်သေးတယ်လို့ တွက်နေတော့တာပဲ။ ပင်ပန်းတော့ လူကြီးတွေ နေထိုင်မကောင်းဖြစ်မှာ စိုးရိမ်ရသေးတယ်။ ပင်ပန်းလွန်းလို့ နောင်တရမိပေမဲ့ ကျွန်မသွားချင်တဲ့ နေရာတွေကိုရောက်တော့ ကျေနပ်မိပါတယ်။ နောင်များဆို အဲဒီလို ခရီးရှည်ကြီးထွက်ဖို့ တော်တော်စဉ်းစားရမယ်။ ရဲလိုးစတုန်းရေကန်ကို လည်ပတ်ဖို့ တနာရီအချိန်ပေးပါတယ်။ အရင်ကလိုမျိုးဆိုရင် ရေကန်ဘေးနားက ၄၅မိနစ်လောက်ကြာမဲ့ ထရေးလမ်းကို တပတ်လောက်လျှောက်မိမှာ။ ခုတော့ ရေကန်နားအထိ ဆယ်မိနစ်လောက် စတိသဘောလျှောက်ပြီး နားနေကြတော့တာပဲ။ ဖြတ်သွားတဲ့ အမျိုးသားဥယျာဉ်ဝန်ထမ်းမလေးကို ဓာတ်ပုံရိုက်ခိုင်းတယ်။ သတ်မှတ်ထားတဲ့အချိန်၊ စုရပ်ရောက်တော့ ကားကမရောက်သေးဘူး။ ဆီသွားဖြည့်တယ်နဲ့ တူပါရဲ့။ ညအိပ်မယ့်နေရာက ရေကန်ဘေးက Bear Cabin ပါ အဖေတို့က လူကြီး ( အသက်ကြီးတာကို ဆိုလိုပါသည်) ဆိုတော့ တိုးဂိုက်က အောက်ထပ်ကို ပေးပါတယ်။ တံခါးဖွင့်လို့မရလို့ တိုးဂိုက်ကို ဖုန်းလှမ်းဆက်၊ ဖုန်းကခေါ်လို့မရ၊ ဘေးနားက တရုတ်မလေးအခန်းလည်း တံခါးဖွင့်လို့မရ၊ ဟိုတယ်အပြင်ထွက်ပြီး တိုးဂိုက်ကို လှမ်းခေါ် နောက်ဆုံးတော့ ဖွင့်လို့ရသွားတယ်။ သစ်သားတွေနဲ့ဆောက်ထားတဲ့ သစ်လုံးအိမ်လေးက ကျဉ်းပေမယ့် အိပ်ရုံပဲလေ။ ကုတင်ခြေရင်းမှာ တင်ထားတဲ့ ဝက်ဝံရုပ် အလကားပေးတာမဟုတ် မယူသွားဖို့ တိုးဂိုက်က မှာပါတယ်။




အခန်းထဲမှာ နေရာချပြီးတာနဲ့တိုးဂိုက်ညွှန်တဲ့ Convenient Store နဲ့ အီတလီစားသောက်ဆိုင်မှာ ညစာသွားဝယ်တယ်။ အမေက ကြက်မကြီး ကြက်ကလေးတွေအတွက် အစာရှာထွက်သလို သမီးလည်း အစာရှာထွက်ပြီတဲ့။ စပါဂါတီနဲ့ ဟင်းချိုတစ်မျိုး ဝယ်ပါတယ် စပါဂါတီက ချိုလို့မစားနိုင် ဟင်းချိုကတော့ မဆိုးဘူး။ ဒါပေမဲ့ မြန်မာပါးစပ်နဲ့ မစားနိုင်ပြန်ဘူး။ နေ့လည်က ဝယ်လာတဲ့ ထမင်းဖြူ၊ ပုဇွန်တွေကို ဗာလချောင်ကြော်နဲ့ စားကြတယ်။ ထမင်းက မာနေပြန်တော့ ထင်သလောက် မစားနိုင်ပြန်ဘူး။ ကျွန်မတို့တွေကတော့ ပင်ပန်းလို့ အိပ်ပျော်ပေမယ့် အဖေက အိပ်မပျော်ဘူးတဲ့။ အိပ်ရေးမဝရင်လည်း နောက်နေ့ ကားပေါ်မှာဆက်အိပ် ခရီးတွေ ဆက်ရဦးမှာမလား။

စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၅။