Mero Yatra နီပေါသွား တောလား - ၄

၂၀၂၄ နိုဝင်ဘာ ၁၄ စျေးထဲမှာ စျေးဝယ်ကြတယ်။ သူများတွေ ပတ်စကပ်တွေ၊ ပုဝါတွေ ဝယ်ကြတယ်။ ကိုယ်ကတော့ ကိုယ်ကြိုက်တဲ့အဆင်မတွေ့လို့ မဝယ်ဘူး။ စျေးကတော့ တဝက်လောက်ကနေ စစစ်ရတယ်။ လက်ဖက်ခြောက် အင်မတန်ကောင်းကောင်းတယ်။ နဲနဲလေးထည့်ပြီး ငါးခါလောက် နှပ်သောက်လို့ရတယ်။ ရေနွေးကြမ်းကြိုက်တဲ့သူမို့ ကိုယ်တိုင်သောက်ဖို့ရော၊ လက်ဆောင်ပေးဖို့ရော အများကြီးဝယ်တယ်။ လက်ဖက်ခြောက်ဆိုင်က ဆိုဖီ့ယာအမျိုးသားရဲ့ အမျိုးဆိုင်ဆိုတော့ စျေးမှန်။ အဲ့ဒါကိုမှ မစံက စျေးစစ်ပြီးသားဆိုတော့ စျေးဝယ်ရတာ အဆင်ပြေ။ အေဝိမှာလိုက်တဲ့ herm နဲ့လုပ်ထားတဲ့ ကျောပိုးအိတ်သေးသေးလေး ဝယ်တယ်။ သင်းလေးက စျေးစစ်ပေးတယ်။ ခက်မန်ထူဘရမ်းဆိုင်မှာ ဒေါင်းဂျက်ကဒ်တထည်နဲ့ flee ဘောင်းဘီဝယ်တယ်။ တခွန်းဆိုင် ဖောက်သည်ဆိုင် ဒေါ်လာတဆယ်ကျော်ပဲကျတော့ အရမ်းတန်တယ်။ မေထန့်ဆို အိမ်အတွက် ဒေါင်းဂျက်ကက် ၁၀ ထည်လောက်ဝယ်တယ်။ နေ့လည်စာက နီပေါရိုးရာ ထမင်းတပုံနဲ့ ဟင်းတွေပတ်ပတ်လည်ပုံထားတဲ့ဟာ။ နီပေါစာက အိန္ဒိယစာကို မဆလာမများဘူး မြန်မာအစားအစာနဲ့ဆင်တယ်။ အိန္ဒိယရောက်ဖူးတဲ့ မေထန့်နဲ့နန်းနွယ်ပြောတာ အိန္ဒိယစာ မဆလာများလို့ မစားနိုင်ဘူး။ ထမင်းနဲ့ ကြက်ဥကြော်မှာပြီး လက်ဖက်သုတ်တို့၊ ဘာလချောင်ကြော်တို့နဲ့ပဲ စားရတယ်တဲ့။

အသက် ၉၁ နှစ်အရွယ် ကင်ဆာရောဂါခံစားနေရတဲ့ သီလရှင်ဆရာကြီးကို သွားကန်တော့ကြတယ်။ မုန့်ဟင်းခါးစားချင်တယ်ပြောလို့ မြန်မာပြည်ကလာတဲ့သူတွေက ယူခဲ့ကြတယ်။ ဆရာကြီးက မြန်မာစကားကောင်းကောင်း ပြောနိုင်တယ်။ ဗုဒ္ဓစာပေသင်ချင်လို့ အသက် ၁၄ နှစ်အရွယ် နီပေါကနေ မြန်မာပြည်ကို ခြေကျင်ခရီးကြမ်းနှင်ခဲ့တယ်။ ခုနီပေါမှာ ဗုဒ္ဓစာပေသင်ကြားပေးတယ်။ အမေစုငယ်ငယ်ကတည်းက သိတာလို့ပြောတယ်။ ဆရာကြီးကျောင်းကိုလည်း အမေစုလာလည်တယ်။ ဆရာကြီးအကြောင်း ဆရာရဝေထွန်းက သမီးချစ်ဆိုပြီး စာအုပ်ရေးခဲ့တယ်လို့ပြောတယ်။ သာဓုခေါ် အမျှဝေတော့ မျက်ရည်လည်တယ်။ ခက်မန်ဒူကုမာရီကျောင်းက ညနေ ၄ နာရီအထိဖွင့်တယ်လို့ပြောတယ်။ သွားမလား စီစဥ်တော့ မမှီလောက်တော့ဘူး။ ပန်တန်မှာလည်း ကုမာရီကျောင်းရှိတယ်။ ကုမာရီဆိုတာ သာကီမျိုးနွယ် မကြောက်တတ်တဲ့ မိန်းကလေးကို နတ်ဘုရားအဖြစ် ရွေးခြယ်ပြီးကိုးကွယ်တယ်။ ကုမာရီကျောင်းမှာ ဓလေ့ထုံးစံတွေနဲ့ နေရတယ်။ ပထမဆုံးရာသီသွေးလာတာနဲ့ ကုမာရီအဖြစ်ကနေ ရုတ်သိမ်းလိုက်ပြီး နောက်တယောက်ကို ရွေးခြယ်တယ်တဲ့။ ဘုရင်ဟာ ကုမာရီ blessing ပေးတာမရလိုက်လို့ သေသွားတယ်။ ကုမာရီစင်ပေါ်ကနေ ပြုတ်ကြလို့ နီပေါမှာ ရေကြီးမြေပြိုတယ်လို့ ယုံကြည်ကြတယ်။ ကုမာရီကိုးကွယ်တဲ့ မြို့တွေထဲမှာ ခက်မန်ဒူကုမာရီက နာမည်အကြီးဆုံးတဲ့။

ဆူနမ့်ရဲ့ အလယ်နာမည်လဲ ကုမာရီ။ သူ့သူငယ်ချင်းမက ကုမာရီအဟောင်းတဲ့။ ဟိုတယ်ပြန်ရောက်တော့ နယူးယောက်ကနေလာတဲ့ ထက်နဲ့အတူတူ တခန်းတည်းကျမယ် ထင်နေတာ။ စာရွက်ပေါ်မှာ ကိုယ်နဲ့ထက် တခန်းတည်းလို့ ရေးထားပေမဲ့ မချောက လဲလိုက်တယ်။ ကိုယ့်အခန်းဖော်က စလုံးကမွှေး စလုံးကလူတွေက နေ့လည်ကမှ ရောက်တာ။ မွှေးက ကိုယ့်ထက်နှစ်နှစ်လောက်ငယ်တယ် ခင်ဖို့ကောင်းတယ်။ ညစာစားတော့ မြန်မာပြည်က ပန်းချီဆွဲတဲ့မေမြတ်၊ စိုးတို့နဲ့ဆုံတယ်။ မြန်မာပြည်က လင်မယားစုံတွဲ၊ စလုံးက တခန်းတည်းအတူနေတဲ့ သူငယ်ချင်း၂ယောက်ကလွဲရင် အများစုကတယောက်တည်း လာကြတာ။ မြန်မာအုပ်စုမှာ စကားပြောကြတော့ စိုးက မေမြတ်ကို တခန်းတည်းအတူနေဖို့ အဆင်ပြေတယ်လို့ စဆက်သွယ်တာတဲ့။ မေမြတ်က အရပ်ရှည်ရှည် ပန်းချီဆရာမ ဗရုတ်ကျပြီး တချိန်လုံးရယ်နေရတဲ့သူ။ စိုးကအေးဆေး စကားသိပ်မပြော။ Cultural Show နဲ့ကြိုတယ်။ နီပေါရိုးရာအက အင်မတန်ငြိမ့်ငြောင်းတယ်။ လက်တွေခြေတွေကို ညင်သာစွာ လှုပ်ရှားပြီးကတာ အင်မတန်ကြည့်ကောင်းတယ်။ မေမြတ်က ကဗျာလွတ်ကတတ်တယ် ကချင်နေပြီ။ ကဖို့ခေါ်တာနဲ့ လှစ်ကနဲရောက်သွားပြီး ကွေးနေအောင် ကတော့တာပဲ။ မချောက singing bowl၊ rudra လက်ကောက်၊ မလေးရှားက စွယ်စုံသုံး magic oil၊ မူးမောရင်ရှုဖို့ ပုဆိန်တံဆိပ်ရှူဆေးပေးတယ်။ အခန်းပြန်ပြီး သော့ဖွင့်တော့ ဖွင့်မရဘူး။ ဖွင့်မရလို့ အခန်းဝမှာပဲ ထိုင်နေတော့တယ်။ ဘေးကအခန်းဖော်တွေ ရောက်လာပြီးဖွင့်ပေးမှ ရတယ်။ မွှေးနဲ့ စကားတွေပြောလိုက်ကြတာ မနက်တနာရီအထိ။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၊ ၂၀၂၅။

Shopping in Tamal, Kathmandu
Cultural show, opening ceremony at KGH Patan

No comments: