မလေးရှားကမချောစီစဥ်တဲ့ Mero Yatra နီပေါခရီးစဥ်ကို နိုဝင်ဘာ ၁၄ - ၂၄ ကိုအထိ သွားဖြစ်ခဲ့ပါတယ်။ တိုးခက ဟိုတယ်ခ၊ စားစရိတ်၊ ကားခအပြီးအစီး ၁၈၀၀ပါ။ ၂၀၂၄ နိုဝင်ဘာ ၁၀ တနင်္ဂနွေနေ့ မနက် ၁၀ နာရီခွဲ JFK Terminal 8 ကနေ Qatar Airways စီးတယ်။ ဆူနမ်က Qatar Airways ပဲစီးပါတဲ့။ လေယာဥ်ခ ၁၅၀၀ ကျတယ် နီပေါလေယာဥ်ခ စျေးကြီးတယ်။ ဘန်ကောက်က နီပေါထက်ပိုဝေးပေမဲ့ ဘန်ကောက်လေယာဥ်ခက ၈၀၀- ၁၂၀၀ လောက်ပဲရှိမယ်။ လေယာဥ်တွေကို google flights, skyscanner မှာရှာပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြသပတေးနေ့ ထွက်တဲ့လေယာဥ်ဆိုရင် လေယာဥ်ခသက်သာတယ်။ အားလပ်ရက်ပိတ်ရက်တွေနဲ့ မကပ်ရင် စျေးသက်သာပါတယ်။ Puerto rico သွားတုန်းက memorial day ရုံးပိတ်ရက်နားနီးရင် လေယာဥ်ခက ၄၀၀။ အဲ့ဒီရက်မတိုင်ခင် ၂ ပတ်အလိုသွားတာ လေယာဥ်ခ ၂၀၀ နဲ့ရတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့ကို ၁၂ နာရီ ၁၅ မိနစ်စီးရတယ်။ foot rest၊ cushion seat၊ shoulder pillow ပါလို့ လူအင်မတန်သက်သာတယ်။ ဒိုဟာလေဆိပ်မှာ ၃ နာရီခွဲလောက် စောင့်ရတယ်။ ဒိုဟာကနေ ခက်မန်ထူကို ၄ နာရီ ၁၅ မိနစ်စီးရတယ်။ လေယာဥ်ရှေ့ပေါက်နောက်ပေါက်ကနေဆင်းဖို့ တန်းစီနေတော့ အံ့သြသွားတယ်။ လေယာဥ်မောင်က ကိုယ့်ကိုလက်ပြခေါ်ပြီး အလယ်ပေါက်ကနေ ဆင်းခိုင်းတယ်။ အဲ့ဒီတော့မှ သဘောပေါက်သွားတယ်။
လေယာဥ်ပေါ်ကနေ လှေကားနဲ့ဆင်းပြီး ကားနဲ့လာခေါ်တာ။ တာမင်နယ်ကိုဆက်ထားတဲ့ တံတားမရှိဘူး။ မြန်မာပြည်မှာ ဟိုးအရင်တုန်းက လေယာဥ်ပျံစီးရသလိုပဲ။ နီပေါဟာ မြန်မာပြည်ဟိုးအနှစ်သုံးဆယ်ကလိုပဲဆိုတာ အမှန်ပဲ။ Visa on arrival တန်းစီတော့ သူများတွေ စာရွက်လေးတွေ ကိုင်ထားလို့ မေးကြည့်တော့ ပိုက်ဆံကို ဟိုဖက်မှာပေးရတယ်။ အဲ့ဒီကနေ စာရွက်လေးပေးလိမ့်မယ်။ ပိုက်ဆံပေးတဲ့နေရာမှာ သွားတန်းစီတော့ နင်တို့အဲ့ဒီစာရွက်လေး ဘယ်ကရလဲမေးတော့ ဟိုဖက် booth မှာ ဖောင်ဖြည့်ရတယ်တဲ့။ အဲ့ဒီမှာ ဖောင်ဖြည့်ဖို့ မိန်းကလေးငယ်လေးတယောက် ကူညီပေးတယ်။ စာရွက်မရဘဲ booth screen ကိုဓာတ်ပုံရိုက်ခိုင်းတယ်။ ဒေါ်လာ ၂၅ ကျပ်ပေးတော့ စာရွက်လေးပေးတယ်။ အဲ့ဒါနဲ့ visa on arrival သွားတန်းစီတယ်။ မိနစ် ၁၀လောက်စီပြီးတော့မှ ကိုယ့်ရှေ့ကဂျပန်စုံတွဲ စာရွက်ယူရမှန်းသိသွားတယ်။ နောက်တော့ ကိုရီးယားတွေအများကြီး ရောက်လာတယ် တောင်တက်မဲ့ပုံပဲ။ မြန်မာပတ်စ်ပို့ဆိုရင်တော့ ဗီဇာကြိုယူရတယ် visa on arrival မရဘူး။ လက်ကေ့အိတ်သွားထုတ် ကိုယ်ကကျောပိုးအိတ်နဲ့ ဟမ်းကမ်ရီပဲ။ ဆူနမ်ထည့်ပေးလိုက်တဲ့အိတ်က ကိုယ့်အိတ်တွေထက် ပိုကြီးတယ်။ ရာမားရဲ့သမီးမဝတ်တော့တဲ့ အင်္ကီျတွေတွေ ရွာကလူတွေကို လှူဖို့တဲ့။ ဆူနမ့်သူငယ်ချင်းမက ညနေ ၄ နာရီကတည်းက ရောက်နေတယ်။ ကိုယ်က ညနေ ၆ နာရီလောက်မှရောက်တာ။
ဆူနမ့်အိတ်ကိုပေး လွဲထားတဲ့ ဒေါ်လာ ၄၀၀ နဲ့ညီမျှတဲ့ ရူပီးငွေကိုယူ။ တဒေါ်လာကို နီပေါရူပီး ၁၃၄ ရှိတယ်။ ဆူနမ့်သူငယ်ချင်းမက uber လို pathao app နဲ့ တက္ကစီငှားတာ သူ့ကငြင်းလိုက် ကိုယ်ကငြင်းလိုက်နဲ့ ၁၅ မိနစ်လောက်ကြာမှ တက္ကစီရပြီး ကားပေါ်တင်ပေးလိုက်တယ်။ air bnb က pathan ခေါ် lalitphur မှာ။ ဟိုတယ်ကိုရှာရခက်နေလို့ ဟိုတယ်ကိုဖုန်းခေါ်တာ ဖုန်းကခေါ်မရ။ ဖုန်းနံပါတ်က ဆက်သွယ်မရတဲ့ ဖုန်းနံပါတ်ကြီး။ တက္ကစီဆရာက သူ့ဘာသာ အင်တာနက်မှာရှာပြီးခေါ်မှရတယ်။ ကောင်လေးတယောက် လမ်းထိပ်လာစောင့်ပြီး လမ်းပြပေးတယ်။ နီပေါမှာ လိပ်စာတွေက နံပါတ်မရှိဘူး ဘယ်လမ်းနဲ့ဘယ်လမ်းကြားလို့ပဲပြတယ်။ တက္ကစီခက ရူပီး ၆၀၀ လောက်ကျတယ်။ ဟိုတယ်ရောက်တာနဲ့ ဟိုတယ်ပိုင်ရှင်ကောင်လေးဖုန်းနဲ့ ဆူနမ့်သူငယ်ချင်းမကို ဖုန်းခေါပြီး ချောချောမောမောရောက်ပါပြီလို့ အသိပေး။ ဟိုတယ်ခ ရူပီး ၂၅၀၀ ပေး ရေနွေးတောင်းလိုက်တာ ရေနွေးအိုးလာပေးမယ်တဲ့။ ဆူနမ်က ရေပိုက်ကရေကို ဒီအတိုင်းမသောက်နဲ့လို့ မှာထားတယ်။ ခဏနေတော့ ရေနွေးကြိုဖို့ ရေနွေးအိုးလာပေးတယ်။ ဒုတိယထပ်မှာ အခန်းရတယ် ချမ်းလိုက်တာ ပါလာတဲ့အနွေးထည် အထပ်ထပ်ဝတ်။ မနက် ၇ နာရီ ရေချိုးဖို့ ရေဖွင့်တာ ရေမလာလို့ သော့ယူပြီး အောက်ထပ်က reception ကိုဆင်းတာ ဘယ်သူမှမရှိ။ တတိုက်လုံးကြားအောင်မြည်တဲ့ ဘဲလ်တီးတာလည်း တယောက်မှပေါ်မလာ။ ချမ်းလို့အခန်းပြန်မယ်ကြည့်လိုက်တော့ ယူလာတဲ့သော့က ဟိုတယ်အခန်းသော့မဟုတ်ဘူး အိမ်သော့ဖြစ်နေတယ်။ သေပြီဆရာ ဆူနမ့်ကို မက်ဆင်ဂျာကနေခါ်ပြီး ဟိုတယ်ကိုဖုန်းခေါ်။ ဆူနမ်က ရာမားညီမကိုခေါ်ပြီး ဖုန်းဆက်ခိုင်းတော့ ဖုန်းနံပါတ်က မှားနေတယ်။ မနေ့က ဆူနမ့်သူငယ်ချင်းမကို ဟိုတယ်ကောင်လေးရဲ့ဖုန်းနဲ့ခေါ်တာ သူ့ကိုခေါ်ခိုင်းလိုက်။
ဆူနမ့်သူငယ်ချင်းမကလည်း လာတဲ့ဖုန်းတွေများလို့ ဘယ်ဖုန်းနံပါတ်မှန်းမသိ။ မနေ့ကည ၇ နာရီလောက်က ဖုန်းကိုခေါ်ပြီးဆက်တော့မှရတယ်။ မောင်မင်းကြီးသားက တတိုက်လုံးကြားတဲ့ဘဲလ်သံကျတော့ မကြားဘဲ ဖုန်းသံကျတော့ ကြားတယ်တော့။ ရေမရှိလို့ ရေတင်ပေးတယ် အခန်းသော့အသစ်ပေးတယ်။ မချောတို့တည်းတဲ့ဟိုတယ်မှာသွားတည်းရင် တည ၆၀ ပေးရမှာစိုးလို့ ချွှေတာတဲ့အနေနဲ့ ၂၀ တန်ဆီသွားတော့ ၂၀ နဲ့တန်တဲ့ဝန်ဆောင်မှုပဲ ရတော့တာပေါ့။ ဟိုတယ်ကြီးတွေလို 24/7 ဝန်ဆောင်မှု ဘယ်ရှိပါ့မလဲ။ ဟိုတယ်တွေကို booking.com ကနေဘွတ်တယ်။ လက်ကေ့အိတ်ကို ဟိုတယ်မှာထားခဲ့ပြီး ကျောပိုးအိတ်၊ မချောမှာလိုက်တဲ့ ပစ္စည်းတွေယူပြီး ထွက်ခဲ့တယ်။ မချောတို့နေတဲ့ဟိုတယ်က လမ်းလျှောက်ရင် ၈ မိနစ်ပဲဝေးတယ်။ လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ မဆလာတီး၊ အာလူးပလာတာမှာစားတယ်။ မှာတော့မှ ဂျုံနယ်၊ အာလူးထည့်ပြီး ကြော်ပေးတာ နာရီဝက်လောက် စောင့်ရတယ်။ ဗိုက်ဆာနေတာရော၊ ပလာတာက စားကောင်းတာရောနဲ့ စားလိုက်တာပြောင်။ မနက်၁၀နာရီလောက်မှာ ချိန်းထားတော့ စောနေသေးတယ်ဆိုပြီး လျှောက်သွားတယ်။ maps.me app offline download ချထားတယ်။ ဆူနမ်က နင်လျှောက်သွားမနေနဲ့ ငါနီပေါသူတောင် ပန်တန်မှာ လမ်းမွေ့တာ ၃ ခါ။ လမ်းတွေကလည်းအတူတူ၊ အိမ်တွေကလည်းအတူတူ လမ်းမှားတော့မပေါ့။ ကိုယ်တော့ လမ်းမမှားဘူး စေတီတဆူရယ်၊ ရေကန်တွေ့လို့ ဝင်လိုက်သေးတယ်။ ဟိုတယ်ရောက်တော့ သြဇီက မစံ၊ မမွန်တို့နဲ့တွေ့တယ်။ မစံနဲ့ စကားပြောကောင်းလို့ အပြင်တောင်သွားမလည်တော့ဘဲ စကားတွေပဲ ပြောနေတော့တာ။ နောက်ဘယ်ကိုသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၁၁၊ ၂၀၂၅။
အာလူးပလာတာ၊ မဆလာတီး |
No comments:
Post a Comment