Mero Yatra နီပေါသွား တောလား - ၃

Boudhath Stupa, Kathmandu

၂၀၂၄ နိုဝင်ဘာ ၁၃ နေထွက်ချိန် ဟိမဝန္တာတောင်အလှကို ထိုင်ကြည့်တယ်။ မချောတို့ညီအမတွေက reiki လေ့ကျင့်ကြရင်း ကိုယ့်ကို reiki ပေးတယ်။ third eye နေရာမှာ ပူတဲ့ energy ကိုခံစားရပြီး relax ဖြစ် ကိုယ်လက်ကိုက်ခဲနေတာတွေ သက်သာသွားလို့ reiki သင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မမွန်၊ တိုးဂိုက်နဲ့ ဟိုက်ကင်းထွက်ရင်း ဖုန်းပျောက်သွားလို့ ဟိုတယ်ဝန်ထမ်းတွေက လိုက်ရှာပေးတယ်။ find my phone နဲ့ရှာတော့ ဟိုတယ်ပတ်ဝန်းကျင်ပဲ။ ရဲစခန်းကိုတိုင်တော့ ရဲက အိုင်ဖုန်း serial number တောင်းလို့ icloud ကနေရှာရတယ်။ ရဲတိုင်စာနဲ့မှ အာမခံဆီမှာ ပြန်တောင်းလို့ရတယ်တဲ့။ ဟိုတယ်နောက်ဖက်က End of the world ဟိုတယ်ဆီ သွားလည်ဖို့စီစဥ်ထားတာ မလည်ဖြစ်တော့ဘူး။ ဆိုဖီယာအိမ်ဝင်ပြီး မချောတို့က လက်ကေ့အိတ်တွေယူ၊ ကိုယ်ကကျန်ခဲ့တဲ့ဦးထုပ်ယူ။ ဒူဘိုင်းက နန်းနွယ်ဆိုတဲ့ ညီမချောချောလေး ရောက်လာတယ်။ ပေါင်းထားတဲ့ မိုမိုအင်မတန်ကောင်းပဲ။ မိုမိုဆို ၂ ခုပဲစားတဲ့ ကိုယ်တော်တော်စားတယ် မဆလာသိပ်မပါလို့။ ကျွှဲကောသီး၊ ပန်းသီးကို ဒိန်ချဥ်ဆမ်း သကြား၊ ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်းဆီသတ်၊ ငရုတ်ကောင်းနည်းနည့်ထည့်ပြီး ရောနယ်ပြီးသုပ်ထားတာ အင်မတန်စားကောင်းတယ်။ ဒိန်ချဥ်လဲ အင်မတန်ကောင်းတယ်။ အားလုံးခုမှမြင်ဖူး စသိကြတာပေမဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဟန်လုပ်ချည်းမရှိ အသားကုန်ဝါးတီးကြတဲ့သူတွေချည်းပဲ။ မြန်မာပြည်ကနေလာတဲ့ ၁၃ ယောက်အုပ်စုက Boudhath Stupa ဘုရားရောက်နေကြပြီ။ တိဘက်တွေအများကြီးပဲ ဘုရားကို လက်ယာရစ်ပတ်ပြီး ပုတီးစိတ်ကြ၊ ဘုရားစာရေးထားတဲ့ ခေါင်းလောင်းလေးကို လှည့်ကြနဲ့ အတော်စည်ကားတယ်။ တိုးဂိုက်က ရှင်းပြပေမဲ့ ဆူညံနေတော့ မကြားရဘူး။ မြန်မာကနေ တိုက်ရိုက်လေယာဥ်မရှိလို့ ဘန်ကောက်မှာ တညအိပ်ခဲ့ရတယ်တဲ့။ မြန်မာကလာတဲ့သူတွေက လေဆိပ်ကနေ ဘုရားဆီတန်းလာခဲ့ကြတာဆိုတော့ ဗိုက်ဆာနေကြမှာပဲ။

သူတို့စားနေတုန်းက ကိုယ်တို့က စျေးဝယ်ထွက်။ ချစ်ဖို့အရမ်းကောင်းတဲ့ သင်းလေးနဲ့ စျေးဝယ်ရတာ ပျော်ဖို့ကောင်း။ တနာရီအကြာ စားသောက်ဆိုင်ရှေ့မှာ ပြန်ဆုံကြပြီး evil eye လက်ကောက် ၅ ခုဝယ်တယ်။ ကိုယ့်ကိုမကောင်းကြံရင် evil eye က ကိုယ့်အစားခံပေးတယ်လို့ spiritual သမားတွေက ယုံကြည်ကြတယ်။ ပြုတ်သွားပျက်သွားတဲ့  evil eye လက်ကောက်ကို ပြန်မဝတ်သင့်ဘူး။ Turkey ဖက်မှာ evil eye အတော်ယုံကြည်ကြတယ်။ လက်ဆောင်ပေးမှ ပိုကောင်းတယ်ဆိုလို့ မမွန်နဲ့ လက်ဆောင်အချင်းချင်းပေးပြီး လဲဝတ်တယ်။ ပတ်စကပ်တွေ ဝယ်ကြတယ်။ နန်းနွယ်က evil eye ကို မျက်ပြူးလေးဆိုလို့ ရယ်လိုက်ရတာ။ သူလုပ်မှပဲ evil eye လဲ မျက်ပြူးလေးဘဝရောက်တော့တယ်။ KGH Patan ဟိုတယ်ဆီပြန် ကိုယ်ကကိုယ့်ဟိုတယ်ဆီပြန်။ ဟိုတနေ့ကတည်းတဲ့နေရာပဲ။ ဟိုတယ်ပိုင်ရှင်ကောင်လေးနဲ့ ရုပ်တူတဲ့ သူ့ညီမလို့ထင်ရတဲ့ ကလေးမလေးတယောက်က check in လုပ်ပေးတယ်။ အပ်ထားတဲ့ ဟမ်းကယ်ရီအိတ်တောင်း၊ ဟီတာ၊ ရေနွေးအိုးတောင်းတယ်။ ဆပ်ပြာမရှိလို့ ဆင်းတောင်းရတယ်။ ဟီတာက မီးလင်းတော့ အိပ်မပျော်ဘူး။ ဟီတာပိတ်၊ အထပ်ထပ်ဝတ်အိပ်ရတယ်။ ရေပူမလာလို့ ရေအေးနဲ့ပဲချိုးတာ ခိုက်ခိုက်တုန်။ ဒီမှာဒီနေ့နောက်ဆုံးနေ့မို့လို့ မပြောတော့ပါဘူး။ ချက်ကောက်တော့ ဟိုတယ်ပိုင်ရှင်ကောင်လေးနဲ့ ဆုံတယ်။ သူ့ညီမက မနေ့ကတော့ပြောတယ် သူကျောင်းသွားရမှာမို့လို့ သူ့အစ်ကိုဆီမှာ ချက်ကောက်လိုက်ပါတဲ့။ လမ်းထိပ်ကဆိုင်မှာ အာလူးပလာတာမှာတယ် မြန်မြန်လုပ်ဖို့ပြောရတယ်။ ရတာနဲ့ အမြန်စား မကုန်တဲ့ ၂ ချပ်ကိုပါဆယ်ထုပ်ခိုင်း ၉ နာရီအမှီပြေးရတယ်။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၂၅၊ ၂၀၂၅။

ကျွှဲကောသီး၊ ပန်းသီးသုပ်
ဒိန်ချဥ်
ဆိုဖီယာ့ဧည့်ခန်းထဲမှာ
evil eye bracelet မျက်စိက အတော်ပြူးတဲ့ မျက်ပြူးလေး

Mero Yatra နီပေါသွား တောလား - ၂

၂၀၂၄ နိုဝင်ဘာ ၁၂ ခက်မန်ထူကနေ တနာရီဝေးတဲ့ Nagarkot တောင်ပေါ်မြို့လေးဆီ သွားလည်တယ်။ လမ်းမှာ ဆိုဖီယာ့အိမ်ဝင်ပြီး မချောတို့ကို ဝင်ခေါ်တယ်။ ဝယ်ခိုင်းလိုက်တဲ့ပစ္စည်းတွေကို မချောနဲ့ဆိုဖီယာကိုပေးတယ်။ ဆင်းကဒ်ရတယ် ဆင်းကဒ်ဖိုးမယူဘဲ 25G အတွက် ရူပီး ၈၀၀ ပေးရတယ်။ ဆိုဖီယာက တောင်ကြီးသူနီပေါအစပ် နီပေါမှာ အိမ်ထောင်ကျနေတာ။ ခုခရီးစဥ်ကိုလည်း သူခရီးသွားကုမ္ပဏီ Aunti Travels ကစီစဥ်ပေးတာ။ ပလာတာနဲ့ ခရမ်းချဥ်သီးငါးပိချက်၊ ငရုတ်သီးပွ၊ ဒိန်ချဥ် အင်မတန်စားကောင်းတယ်။ Nagarkot သွားတဲ့လမ်းက တောင်ကြီးသွားတဲ့လမ်းလိုမျိုးပဲ အကွေ့အကောက်တွေများ။ လမ်းတွေက အင်မတန်ကျဥ်းတယ် ကားတစီးနဲ့တစီး တပေလောက်တောင် မကွာဘူး။ ပွတ်သပ်ကပ်မောင်းကြတာ အင်မတန်အသည်းယားစရာကောင်းတယ်။ ဝန်ထမ်းတွေက သဘောကောင်းတယ်၊ ဖော်ရွှေကြတယ်။ ရိုးသားတယ်၊ စိတ်နှလုံးသားကောင်းတာကို မျက်နှာမှာ မြင်ရတယ်။ သြဇီကမစံက cheese ကို တကူးတကသယ်လာပြီး အသေအချာပြင်ကျွှေးတယ်။ သြဇီ cheese အင်မတန်စားကောင်းတာပဲ cheese မကြိုက်တဲ့ကိုယ်တောင် ကြိုက်သွားတယ်။ အဲ့ဒီညမှာ အခန်းဖော်က သြဇီကမမွန်။ သူကလည်း သြဇီက fundraiser ဆိုတော့ စကားတွေအများကြီး ပြောဖြစ်တယ်။ မချောက reiki နည်းနဲ့ လုပ်ပေးတာ အင်မတန်သက်သာသွားတယ်။ မနက်စောစော နေထွက်ချိန် ဟိုတယ်ခေါင်မိုးပေါ်တက်ပြီး ရေခဲတွေဖုံးနေတဲ့ ဟိမဝန္တာတောင်အလှကို ကြည့်တယ်။ တောင်ပေါ်ဟိုတယ်လေးကနေ မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ မနက် ၁၀ နာရီလောက်ဆို တိမ်တွေတက်လာပြီး မြင်ကွင်းသိပ်မလှတော့ဘူးတဲ့။ ဓာတ်ပုံတွေရိုက်ကြ ပြီးတော့ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဟိမဝန္တာတောင်အလှကို ကြည့်နေတော့တာပဲ။ ဟိမဝန္တာတောင်အလှ ကြည့်မဝ ငြိမ်းချမ်းအေးမြခြင်းတွေ ခံစားရတယ်။ ဟိမဝန္တာတောင် လှလိုက်တာ။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၁၈၊ ၂၀၂၅။

Nagarkot, Nepal

Mero Yatra နီပေါသွား တောလား - ၁

မလေးရှားကမချောစီစဥ်တဲ့ Mero Yatra နီပေါခရီးစဥ်ကို နိုဝင်ဘာ ၁၄ - ၂၄ ကိုအထိ သွားဖြစ်ခဲ့ပါတယ်။ တိုးခက ဟိုတယ်ခ၊ စားစရိတ်၊ ကားခအပြီးအစီး ၁၈၀၀ပါ။ ၂၀၂၄ နိုဝင်ဘာ ၁၀ တနင်္ဂနွေနေ့ မနက် ၁၀ နာရီခွဲ JFK Terminal 8 ကနေ Qatar Airways စီးတယ်။ ဆူနမ်က Qatar Airways ပဲစီးပါတဲ့။ လေယာဥ်ခ ၁၅၀၀ ကျတယ် နီပေါလေယာဥ်ခ စျေးကြီးတယ်။ ဘန်ကောက်က နီပေါထက်ပိုဝေးပေမဲ့ ဘန်ကောက်လေယာဥ်ခက ၈၀၀- ၁၂၀၀ လောက်ပဲရှိမယ်။ လေယာဥ်တွေကို google flights, skyscanner မှာရှာပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြသပတေးနေ့ ထွက်တဲ့လေယာဥ်ဆိုရင် လေယာဥ်ခသက်သာတယ်။ အားလပ်ရက်ပိတ်ရက်တွေနဲ့ မကပ်ရင် စျေးသက်သာပါတယ်။ Puerto rico သွားတုန်းက memorial day ရုံးပိတ်ရက်နားနီးရင် လေယာဥ်ခက ၄၀၀။ အဲ့ဒီရက်မတိုင်ခင် ၂ ပတ်အလိုသွားတာ လေယာဥ်ခ ၂၀၀ နဲ့ရတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့ကို ၁၂ နာရီ ၁၅ မိနစ်စီးရတယ်။ foot rest၊ cushion seat၊ shoulder pillow ပါလို့ လူအင်မတန်သက်သာတယ်။ ဒိုဟာလေဆိပ်မှာ ၃ နာရီခွဲလောက် စောင့်ရတယ်။ ဒိုဟာကနေ ခက်မန်ထူကို ၄ နာရီ ၁၅ မိနစ်စီးရတယ်။ လေယာဥ်ရှေ့ပေါက်နောက်ပေါက်ကနေဆင်းဖို့ တန်းစီနေတော့ အံ့သြသွားတယ်။ လေယာဥ်မောင်က ကိုယ့်ကိုလက်ပြခေါ်ပြီး အလယ်ပေါက်ကနေ ဆင်းခိုင်းတယ်။ အဲ့ဒီတော့မှ သဘောပေါက်သွားတယ်။

လေယာဥ်ပေါ်ကနေ လှေကားနဲ့ဆင်းပြီး ကားနဲ့လာခေါ်တာ။ တာမင်နယ်ကိုဆက်ထားတဲ့ တံတားမရှိဘူး။ မြန်မာပြည်မှာ ဟိုးအရင်တုန်းက လေယာဥ်ပျံစီးရသလိုပဲ။ နီပေါဟာ မြန်မာပြည်ဟိုးအနှစ်သုံးဆယ်ကလိုပဲဆိုတာ အမှန်ပဲ။ Visa on arrival တန်းစီတော့ သူများတွေ စာရွက်လေးတွေ ကိုင်ထားလို့ မေးကြည့်တော့ ပိုက်ဆံကို ဟိုဖက်မှာပေးရတယ်။ အဲ့ဒီကနေ စာရွက်လေးပေးလိမ့်မယ်။ ပိုက်ဆံပေးတဲ့နေရာမှာ သွားတန်းစီတော့ နင်တို့အဲ့ဒီစာရွက်လေး ဘယ်ကရလဲမေးတော့ ဟိုဖက် booth မှာ ဖောင်ဖြည့်ရတယ်တဲ့။ အဲ့ဒီမှာ ဖောင်ဖြည့်ဖို့ မိန်းကလေးငယ်လေးတယောက် ကူညီပေးတယ်။ စာရွက်မရဘဲ booth screen ကိုဓာတ်ပုံရိုက်ခိုင်းတယ်။ ဒေါ်လာ ၂၅ ကျပ်ပေးတော့ စာရွက်လေးပေးတယ်။ အဲ့ဒါနဲ့ visa on arrival သွားတန်းစီတယ်။ မိနစ် ၁၀လောက်စီပြီးတော့မှ ကိုယ့်ရှေ့ကဂျပန်စုံတွဲ စာရွက်ယူရမှန်းသိသွားတယ်။ နောက်တော့ ကိုရီးယားတွေအများကြီး ရောက်လာတယ် တောင်တက်မဲ့ပုံပဲ။ မြန်မာပတ်စ်ပို့ဆိုရင်တော့ ဗီဇာကြိုယူရတယ် visa on arrival မရဘူး။ လက်ကေ့အိတ်သွားထုတ် ကိုယ်ကကျောပိုးအိတ်နဲ့ ဟမ်းကမ်ရီပဲ။ ဆူနမ်ထည့်ပေးလိုက်တဲ့အိတ်က ကိုယ့်အိတ်တွေထက် ပိုကြီးတယ်။ ရာမားရဲ့သမီးမဝတ်တော့တဲ့ အင်္ကီျတွေတွေ ရွာကလူတွေကို လှူဖို့တဲ့။ ဆူနမ့်သူငယ်ချင်းမက ညနေ ၄ နာရီကတည်းက ရောက်နေတယ်။ ကိုယ်က ညနေ ၆ နာရီလောက်မှရောက်တာ။

ဆူနမ့်အိတ်ကိုပေး လွဲထားတဲ့ ဒေါ်လာ ၄၀၀ နဲ့ညီမျှတဲ့ ရူပီးငွေကိုယူ။ တဒေါ်လာကို နီပေါရူပီး ၁၃၄ ရှိတယ်။ ဆူနမ့်သူငယ်ချင်းမက uber လို pathao app နဲ့ တက္ကစီငှားတာ သူ့ကငြင်းလိုက် ကိုယ်ကငြင်းလိုက်နဲ့ ၁၅ မိနစ်လောက်ကြာမှ တက္ကစီရပြီး ကားပေါ်တင်ပေးလိုက်တယ်။ air bnb က pathan ခေါ် lalitphur မှာ။ ဟိုတယ်ကိုရှာရခက်နေလို့ ဟိုတယ်ကိုဖုန်းခေါ်တာ ဖုန်းကခေါ်မရ။ ဖုန်းနံပါတ်က ဆက်သွယ်မရတဲ့ ဖုန်းနံပါတ်ကြီး။ တက္ကစီဆရာက သူ့ဘာသာ အင်တာနက်မှာရှာပြီးခေါ်မှရတယ်။ ကောင်လေးတယောက် လမ်းထိပ်လာစောင့်ပြီး လမ်းပြပေးတယ်။ နီပေါမှာ လိပ်စာတွေက နံပါတ်မရှိဘူး ဘယ်လမ်းနဲ့ဘယ်လမ်းကြားလို့ပဲပြတယ်။ တက္ကစီခက ရူပီး ၆၀၀ လောက်ကျတယ်။ ဟိုတယ်ရောက်တာနဲ့ ဟိုတယ်ပိုင်ရှင်ကောင်လေးဖုန်းနဲ့ ဆူနမ့်သူငယ်ချင်းမကို ဖုန်းခေါပြီး ချောချောမောမောရောက်ပါပြီလို့ အသိပေး။ ဟိုတယ်ခ ရူပီး ၂၅၀၀ ပေး ရေနွေးတောင်းလိုက်တာ ရေနွေးအိုးလာပေးမယ်တဲ့။ ဆူနမ်က ရေပိုက်ကရေကို ဒီအတိုင်းမသောက်နဲ့လို့ မှာထားတယ်။ ခဏနေတော့ ရေနွေးကြိုဖို့ ရေနွေးအိုးလာပေးတယ်။ ဒုတိယထပ်မှာ အခန်းရတယ် ချမ်းလိုက်တာ ပါလာတဲ့အနွေးထည် အထပ်ထပ်ဝတ်။ မနက် ၇ နာရီ ရေချိုးဖို့ ရေဖွင့်တာ ရေမလာလို့ သော့ယူပြီး အောက်ထပ်က reception ကိုဆင်းတာ ဘယ်သူမှမရှိ။ တတိုက်လုံးကြားအောင်မြည်တဲ့ ဘဲလ်တီးတာလည်း တယောက်မှပေါ်မလာ။ ချမ်းလို့အခန်းပြန်မယ်ကြည့်လိုက်တော့ ယူလာတဲ့သော့က ဟိုတယ်အခန်းသော့မဟုတ်ဘူး အိမ်သော့ဖြစ်နေတယ်။ သေပြီဆရာ ဆူနမ့်ကို မက်ဆင်ဂျာကနေခါ်ပြီး ဟိုတယ်ကိုဖုန်းခေါ်။ ဆူနမ်က ရာမားညီမကိုခေါ်ပြီး ဖုန်းဆက်ခိုင်းတော့ ဖုန်းနံပါတ်က မှားနေတယ်။ မနေ့က ဆူနမ့်သူငယ်ချင်းမကို ဟိုတယ်ကောင်လေးရဲ့ဖုန်းနဲ့ခေါ်တာ သူ့ကိုခေါ်ခိုင်းလိုက်။

ဆူနမ့်သူငယ်ချင်းမကလည်း လာတဲ့ဖုန်းတွေများလို့ ဘယ်ဖုန်းနံပါတ်မှန်းမသိ။ မနေ့ကည ၇ နာရီလောက်က ဖုန်းကိုခေါ်ပြီးဆက်တော့မှရတယ်။ မောင်မင်းကြီးသားက တတိုက်လုံးကြားတဲ့ဘဲလ်သံကျတော့ မကြားဘဲ ဖုန်းသံကျတော့ ကြားတယ်တော့။ ရေမရှိလို့ ရေတင်ပေးတယ် အခန်းသော့အသစ်ပေးတယ်။ မချောတို့တည်းတဲ့ဟိုတယ်မှာသွားတည်းရင် တည ၆၀ ပေးရမှာစိုးလို့ ချွှေတာတဲ့အနေနဲ့ ၂၀ တန်ဆီသွားတော့ ၂၀ နဲ့တန်တဲ့ဝန်ဆောင်မှုပဲ ရတော့တာပေါ့။ ဟိုတယ်ကြီးတွေလို 24/7 ဝန်ဆောင်မှု ဘယ်ရှိပါ့မလဲ။ ဟိုတယ်တွေကို booking.com ကနေဘွတ်တယ်။ လက်ကေ့အိတ်ကို ဟိုတယ်မှာထားခဲ့ပြီး ကျောပိုးအိတ်၊ မချောမှာလိုက်တဲ့ ပစ္စည်းတွေယူပြီး ထွက်ခဲ့တယ်။ မချောတို့နေတဲ့ဟိုတယ်က လမ်းလျှောက်ရင် ၈ မိနစ်ပဲဝေးတယ်။ လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ မဆလာတီး၊ အာလူးပလာတာမှာစားတယ်။ မှာတော့မှ ဂျုံနယ်၊ အာလူးထည့်ပြီး ကြော်ပေးတာ နာရီဝက်လောက် စောင့်ရတယ်။ ဗိုက်ဆာနေတာရော၊ ပလာတာက စားကောင်းတာရောနဲ့ စားလိုက်တာပြောင်။ မနက်၁၀နာရီလောက်မှာ ချိန်းထားတော့ စောနေသေးတယ်ဆိုပြီး လျှောက်သွားတယ်။ maps.me app offline download ချထားတယ်။ ဆူနမ်က နင်လျှောက်သွားမနေနဲ့ ငါနီပေါသူတောင် ပန်တန်မှာ လမ်းမွေ့တာ ၃ ခါ။ လမ်းတွေကလည်းအတူတူ၊ အိမ်တွေကလည်းအတူတူ လမ်းမှားတော့မပေါ့။ ကိုယ်တော့ လမ်းမမှားဘူး စေတီတဆူရယ်၊ ရေကန်တွေ့လို့ ဝင်လိုက်သေးတယ်။ ဟိုတယ်ရောက်တော့ သြဇီက မစံ၊ မမွန်တို့နဲ့တွေ့တယ်။ မစံနဲ့ စကားပြောကောင်းလို့ အပြင်တောင်သွားမလည်တော့ဘဲ စကားတွေပဲ ပြောနေတော့တာ။ နောက်ဘယ်ကိုသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၁၁၊ ၂၀၂၅။

အာလူးပလာတာ၊ မဆလာတီး

ဖတ်ပြီးတဲ့ စာအုပ်တွေ - ၉

ဆရာမကြီးကြည်အေးစာအုပ်ဖတ်ချင်လို့ အဖေနဲ့အမေ့ကို Queens စာကြည့်တိုက်ကနေ ငှားခိုင်းလိုက်တယ်။ ဖတ်ရတာ အင်မတန်ကောင်းတာပဲ တထိုင်တည်းနဲ့ အပြီးဖတ်လိုက်တယ်။

Happy Reading!

စန်းထွန်း

ဇန်နဝါရီ ၄၊ ၂၀၂၅။