၂၀၂၄ သြဂုတ်လကုန် ကနေဒီယန်းရော့ကီတောင်တွေဆီသွားမယ် လိုက်မလားလို့ ဗော်လန်တီယာအတူလုပ်တဲ့ အမစနူပီက မေးလားတယ်။ အဲ့ဒီအမနဲ့ လွန်ခဲ့တဲ့နှစ်နှစ်က မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကိုအတူသွားဖူးတယ်။ အမကြီးတယောက်လို စောင့်ရှောက်ကူညီတတ်ပြီး စိတ်သဘောထားကောင်းမွန် ခရီးအတူသွားလို့ အင်မတန်ကောင်းတဲ့တယောက်။ ဇူလှိုင်လကပဲ ကနေဒါနိုင်ငံ တိုရွန်တိုဖက်သွားလည်ထားတာ။ သွားချင်တာက ကနေဒီယန်းရော့ကီတောင်ဆီ။ တိုးစျေးကြည့်လိုက်တော့ စျေးတအားကြီး သုံးယောက်ဆို မနည်းကုန်မှာမို့လို့ တိုရွန်တိုဖက် သွားလိုက်တာ။ သူတို့နဲ့မှမလိုက်ရင် နောက်တခေါက်သွားခွင့်ကြုံဖို့ မလွယ်ဘူးဆိုပြီး မနက်ကျ ရုံးကကိုယ့် back up နှစ်ယောက်ကိုမေး ခွင့်တင်။ နောက်နေ့ လေယာဥ်လက်မှတ်ဝယ်လိုက်ပြီ သိပ်မသွားချင်ရှာဘူး။ စတိတ်ကလေဆိပ်တွေမှာ Global Entry ရှိရင် တန်းစီစရာမလိုဘူး။ ဒေါ်လာ ၁၀၀ ကို ငါးနှစ်ရတယ် အဲ့ဒါလျှောက်ပြီး ဂျွှန်အပ်ဖ်ကနေဒီလေဆိပ်မှာ အင်တာဗျူးတယ်။ ကယ်လီလျှောက်တာ ဘာမှမမေးဘူး ကိုယ့်ကျမေးလိုက်တာ။ စတိတ်ကို ဘယ်တုန်းက ဘယ်ဗီဇာနဲ့ ရောက်လာတာလဲ။ ဂရင်းကဒ်ဘယ်လိုရတာလဲ။ အလုပ်က H1B ဗီဇာက ဘယ်နှစ်နှစ်ရတာလဲ ဘယ်တုန်းကလဲ။ ကျောင်းက OPT (အင်တန်းရှစ်) ဘယ်နှစ်မှာဆင်းရတာလဲ ဘယ်နှစ်နှစ်လဲ။ ၁၃ နှစ်ကြာခဲ့ပြီဆိုတော့ ကိုယ်တောင်မေ့တေ့တေ့။ ဘယ်မှာအလုပ်လုပ်တာလဲမေးတော့ သူသိတယ် အဲ့လေဆိပ်ကို အုပ်ချုပ်နေတာ ကိုယ့်ရုံးလေ။ နောက်နေ့ကျတော့ approved ဖြစ်တယ်။ စနေနေ့ အထုပ်ပြင် တိုရွန်တိုသွားတုန်းက Air Canada။ ကိုယ်က ကျောပိုးအိတ် အဖေ၊ အမေတို့ရဲ့ hand carry အိတ်က နည်းနည်းကြီးနေလို့ ချက်ကင်ခိုင်းတယ်။ အိတ်ကပေါ့နေလို့ ဖရီးပေးလိုက်တယ်။ အပြန်ကျတော့လည်း ဖရီးချက်ကင်ခိုင်းတယ်။ ခုလည်း Air Canada ဆိုတော့ ကျောပိုးအိတ်လေးနဲ့ပဲ သွားတော့တယ်။ ချမ်းတတ်လို့ စကီးအဝတ်အစား၊ ဟိုက်ကင်းဘောင်းဘီတွေ ယူသွားတယ် ဟိုက်ကင်းဘွတ်ဖိနပ်ကြီးနဲ့။
လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှ ဝယ်ထားတဲ့ Hiking Pole ကိုသယ်မလို့ကြည့်လိုက်တော့ သယ်လို့မရဘူးတဲ့။ အဲ့ဒီတုတ်နဲ့ လူရိုက်လို့ရတယ်ထင်ပါ့။ ၂၀၂၄ စက်တင်ဘာ ၁၅ တနင်္ဂနွေ မနက် ၆ နာရီလေယာဥ်ဆိုတော့ စနူပီသူငယ်ချင်း အမတယောက်က မနက် ၃ နာရီခွဲ လေဆိပ်လိုက်ပို့ပေးတယ်။ နယူးယောက်ကနေသွားမဲ့ လေးယောက်ထဲမှာ ကိုယ့်ကျောပိုးအိတ်က သေးနေလို့ ဖြစ်ပါ့မလား လောက်ပါ့မလား မေးနေကြတယ်။ စနူပီက သူ Outer Banks သွားတုန်းကလည်း ကျောပိုးအိတ်သေးသေးနဲ့ပဲလို့ပြောမှ ငြိမ်သွားကြတယ်။ အမတွေနဲ့က ပွဲတိုင်းဆုံနေကြတော့ သိနေကြတယ်။ Global Entry ရှိလို့ TSA Security မှာ ဖိနပ်မချွှတ်ရဘူး။ အိတ်တွေကတော့ ထုံးစံအတိုင်း စစ်တယ်။ တိုရွန်တိုကို တနာရီခွဲစီးရတယ် တနာရီ ထရန်စစ် လမ်းလျှောက်နေတုန်း တိုရွန်တိုမှာဆုံဖူးတဲ့ ညီမလေးခက်ကို သတိရလို့ မတ်ဆေ့ပို့လိုက်သေးတယ်။ Calgary ကို လေးနာရီခွဲထပ်စီးရတယ် နယူးယောက်ထက် ၂ နာရီနောက်ကျတယ်။ ဗိုက်ဆာလာလို့ အဖေထည့်ပေးလိုက်တဲ့ မုန့်ဖက်ထုပ် ၂ ထုပ်၊ ကြက်ဥပြုတ် ၂ လုံး စားကြတယ်။ တယောက်တထုပ် ထည့်ပေးလိုက်တော့ နေ့လည်စာဖြစ်သွားတယ်။ ကားသွားယူ Costco သွား စားစရာတွေဝယ်။ လေဆိပ်ပြန်ပြီး ထိုင်ဝမ်ကနေရောက်လာတဲ့ အမကိုဝင်ခေါ်ပြီး Golden ကို ၃ နာရီလောက် မောင်းရတယ်။ လမ်းမှာ National Park ဝင်ခွင့်ကဒ်ဝယ်။ လမ်းတလျှောက် တောတောင်တွေနဲ့ အင်မတန်သာယာတယ်။ ညစာကတော့ Costco က ကြက်ကြော်နဲ့ ဆလပ်ရွက်၊ ကင်ချီခေါက်ဆွဲပြုတ်စားကြတယ်။ နောက်နေ့ဘယ်တွေလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၂၈၊ ၂၀၂၄။
No comments:
Post a Comment