Canadian Rockies Mountain သွား တောလား - ၁

၂၀၂၄ သြဂုတ်လကုန် ကနေဒီယန်းရော့ကီတောင်တွေဆီသွားမယ် လိုက်မလားလို့ ဗော်လန်တီယာအတူလုပ်တဲ့ အမစနူပီက မေးလားတယ်။ အဲ့ဒီအမနဲ့ လွန်ခဲ့တဲ့နှစ်နှစ်က မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကိုအတူသွားဖူးတယ်။ အမကြီးတယောက်လို စောင့်ရှောက်ကူညီတတ်ပြီး စိတ်သဘောထားကောင်းမွန် ခရီးအတူသွားလို့ အင်မတန်ကောင်းတဲ့တယောက်။ ဇူလှိုင်လကပဲ ကနေဒါနိုင်ငံ တိုရွန်တိုဖက်သွားလည်ထားတာ။ သွားချင်တာက ကနေဒီယန်းရော့ကီတောင်ဆီ။ တိုးစျေးကြည့်လိုက်တော့ စျေးတအားကြီး သုံးယောက်ဆို မနည်းကုန်မှာမို့လို့ တိုရွန်တိုဖက် သွားလိုက်တာ။ သူတို့နဲ့မှမလိုက်ရင် နောက်တခေါက်သွားခွင့်ကြုံဖို့ မလွယ်ဘူးဆိုပြီး မနက်ကျ ရုံးကကိုယ့် back up နှစ်ယောက်ကိုမေး ခွင့်တင်။ နောက်နေ့ လေယာဥ်လက်မှတ်ဝယ်လိုက်ပြီ သိပ်မသွားချင်ရှာဘူး။ စတိတ်ကလေဆိပ်တွေမှာ Global Entry ရှိရင် တန်းစီစရာမလိုဘူး။ ဒေါ်လာ ၁၀၀ ကို ငါးနှစ်ရတယ် အဲ့ဒါလျှောက်ပြီး ဂျွှန်အပ်ဖ်ကနေဒီလေဆိပ်မှာ အင်တာဗျူးတယ်။ ကယ်လီလျှောက်တာ ဘာမှမမေးဘူး ကိုယ့်ကျမေးလိုက်တာ။ စတိတ်ကို ဘယ်တုန်းက ဘယ်ဗီဇာနဲ့ ရောက်လာတာလဲ။ ဂရင်းကဒ်ဘယ်လိုရတာလဲ။ အလုပ်က H1B ဗီဇာက ဘယ်နှစ်နှစ်ရတာလဲ ဘယ်တုန်းကလဲ။ ကျောင်းက OPT (အင်တန်းရှစ်) ဘယ်နှစ်မှာဆင်းရတာလဲ ဘယ်နှစ်နှစ်လဲ။ ၁၃ နှစ်ကြာခဲ့ပြီဆိုတော့ ကိုယ်တောင်မေ့တေ့တေ့။ ဘယ်မှာအလုပ်လုပ်တာလဲမေးတော့ သူသိတယ် အဲ့လေဆိပ်ကို အုပ်ချုပ်နေတာ ကိုယ့်ရုံးလေ။ နောက်နေ့ကျတော့ approved ဖြစ်တယ်။ စနေနေ့ အထုပ်ပြင် တိုရွန်တိုသွားတုန်းက Air Canada။ ကိုယ်က ကျောပိုးအိတ် အဖေ၊ အမေတို့ရဲ့ hand carry အိတ်က နည်းနည်းကြီးနေလို့ ချက်ကင်ခိုင်းတယ်။ အိတ်ကပေါ့နေလို့ ဖရီးပေးလိုက်တယ်။ အပြန်ကျတော့လည်း ဖရီးချက်ကင်ခိုင်းတယ်။ ခုလည်း Air Canada ဆိုတော့ ကျောပိုးအိတ်လေးနဲ့ပဲ သွားတော့တယ်။ ချမ်းတတ်လို့ စကီးအဝတ်အစား၊ ဟိုက်ကင်းဘောင်းဘီတွေ ယူသွားတယ် ဟိုက်ကင်းဘွတ်ဖိနပ်ကြီးနဲ့။

လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှ ဝယ်ထားတဲ့ Hiking Pole ကိုသယ်မလို့ကြည့်လိုက်တော့ သယ်လို့မရဘူးတဲ့။ အဲ့ဒီတုတ်နဲ့ လူရိုက်လို့ရတယ်ထင်ပါ့။ ၂၀၂၄ စက်တင်ဘာ ၁၅ တနင်္ဂနွေ မနက် ၆ နာရီလေယာဥ်ဆိုတော့ စနူပီသူငယ်ချင်း အမတယောက်က မနက် ၃ နာရီခွဲ လေဆိပ်လိုက်ပို့ပေးတယ်။ နယူးယောက်ကနေသွားမဲ့ လေးယောက်ထဲမှာ ကိုယ့်ကျောပိုးအိတ်က သေးနေလို့ ဖြစ်ပါ့မလား လောက်ပါ့မလား မေးနေကြတယ်။ စနူပီက သူ Outer Banks သွားတုန်းကလည်း ကျောပိုးအိတ်သေးသေးနဲ့ပဲလို့ပြောမှ ငြိမ်သွားကြတယ်။ အမတွေနဲ့က ပွဲတိုင်းဆုံနေကြတော့ သိနေကြတယ်။ Global Entry ရှိလို့ TSA Security မှာ ဖိနပ်မချွှတ်ရဘူး။ အိတ်တွေကတော့ ထုံးစံအတိုင်း စစ်တယ်။ တိုရွန်တိုကို တနာရီခွဲစီးရတယ် တနာရီ ထရန်စစ် လမ်းလျှောက်နေတုန်း တိုရွန်တိုမှာဆုံဖူးတဲ့ ညီမလေးခက်ကို သတိရလို့ မတ်ဆေ့ပို့လိုက်သေးတယ်။ Calgary ကို လေးနာရီခွဲထပ်စီးရတယ် နယူးယောက်ထက် ၂ နာရီနောက်ကျတယ်။ ဗိုက်ဆာလာလို့ အဖေထည့်ပေးလိုက်တဲ့ မုန့်ဖက်ထုပ် ၂ ထုပ်၊ ကြက်ဥပြုတ် ၂ လုံး စားကြတယ်။ တယောက်တထုပ် ထည့်ပေးလိုက်တော့ နေ့လည်စာဖြစ်သွားတယ်။ ကားသွားယူ Costco သွား စားစရာတွေဝယ်။ လေဆိပ်ပြန်ပြီး ထိုင်ဝမ်ကနေရောက်လာတဲ့ အမကိုဝင်ခေါ်ပြီး Golden ကို ၃ နာရီလောက် မောင်းရတယ်။ လမ်းမှာ National Park ဝင်ခွင့်ကဒ်ဝယ်။ လမ်းတလျှောက် တောတောင်တွေနဲ့ အင်မတန်သာယာတယ်။ ညစာကတော့ Costco က ကြက်ကြော်နဲ့ ဆလပ်ရွက်၊ ကင်ချီခေါက်ဆွဲပြုတ်စားကြတယ်။ နောက်နေ့ဘယ်တွေလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၂၈၊ ၂၀၂၄။

Greenport သွားတောလား

၂၀၂၄ စက်တင်ဘာ ၁၇ စနေနေ့ မက်ဟက်တန်ကနေ ရထား ၂ နာရီ ၄၅ မိနစ်စီးရတဲ့ Long Island က Greenport ကိုသွားလည်တယ်။ Long Island Rail Road (LIRR) ကနေစီစဥ်တဲ့တိုးပါ။ Long Island ဖက်ကိုမရောက်ဘူးတော့ ရောက်ဖူးချင်တာနဲ့ သွားလည်ဖြစ်တယ်။ နေ့လည် ၁၂ နာရီ ၄၅ Penn Station ကနေစထွက်ပြီး Ronkonkoma မှာ ဂိတ်ဆုံးတယ်။ Greenport လို့အော်သံကြားလို့ ကြည့်လိုက်တော့ တိုးဂိုက်ဖြစ်နေတယ်။ သူ့နောက်လိုက်ပြီး ဘေးက၄တွဲပဲရှိတဲ့ ရထားသေးလေးရဲ့ နောက်ဆုံးတွဲထဲ ဝင်ရတယ်။ ၂၆ ယောက်မှာ ကိုယ်တို့ ၂ ယောက်တည်း တိုးဂိုက်နဲ့ ချက်ကင်မလုပ်ရသေးတာ။ တိုးအကြောင်း အသေးစိတ်ရှင်းပြ ကပ်ဖို့စတစ်ကာလေးတွေ ပေးတယ်။ အဲ့ဒါမှ တိုးနဲ့လာတာလား သက်သက်လာတာလား သိရတာပေါ့။ Ronkonkoma နောက်ပိုင်း မြို့တွေက ဝေးသွားပြီ နောက်ထပ် ၆ ဘူတာပဲ ရပ်တော့တယ်။ သစ်ပင်တွေ ပိုများလားတယ် စပျစ်ခင်းတွေ၊ စိုက်ခင်းတွေ အများကြီးပဲ။ ပန်စတေရှင်ကနေ ရထားက မနက်စောစော တစီးနဲ့ နေ့လည်တနာရီ တစီးပဲရှိတယ်။ အပြန်မက်ဟန်တန်ကို ညနေ ၅ နာရီတစီးနဲ့ ၈ နာရီ ၄၅ ပဲရှိတယ်။ ပြတိုက်မှာဝင်ပြီး ခရူစီးဖို့ လက်ကောက်ကလေးတွေယူတယ်။ ဆိပ်ကမ်းမြို့လေးက သေးသေးလေး ကမ်းခြေတလျှောက် လမ်းလျှောက်တယ်။ တိတ်ဆိတ်အေးချမ်းနေတာပဲ။ ဟိုဖက်ကမ်းကိုကူးတဲ့ ကားတင်တဲ့ဖယ်ရီတွေ့တယ်။ ရာသီဥတုက မိုးတိမ်တွေနဲ့ မှောင်နေတယ်။ နိုဝင်ဘာနီပေါခရီးအတွက် ဆိုနီကင်မရာလေးဝယ်ထားတာ မလုပ်တတ်တော့ ဓာတ်ပုံတွေက မှောင်မဲ။ ဓာတ်ပုံဘယ်လိုရိုက်ရမလဲမသိ၊ ကင်မရာ ဘယ်လိုရိုက်ရမလဲမသိ စမ်းတဝါးဝါး။ အိုင်ဖုန်းနဲ့ရိုက်တဲ့ပုံတွေက ပုံကောင်းတယ်။ ၂၀၁၉ ကယ်လီဖိုးနီးယားခရီးမှာ ဝိုင်းအမ နီကွန်ကင်မရာအကောင်းစားဝယ်ပြီး ဘယ်လိုရိုက်ရမလဲမသိလို့ ဓာတ်ပုံထွက်မကောင်း။ အိုင်ဖုန်းနဲ့ရိုက်တဲ့ပုံတွေပဲ အကောင်းထွက်တယ်။ ဝိုင်းရေ ခုလည်းအဲ့လိုဖြစ်နေပြီပြောပြီး ရယ်ရသေးတယ်။

နှစ်ပေါင်း ၁၉၀ သက်တမ်းရှိတဲ့ မီးပြတိုက်က သေးသေးလေး။ ဝန်ထမ်းတွေက အင်မတန်သဘောကောင်းတယ်၊ ဂရုစိုက်တယ်၊ စိတ်ရှည်ကြတယ်။ ဒီတိုးကရတဲ့ငွေကို မီးပြတိုက်အတွက် သုံးမှာဖြစ်ပြီး sold out tour ဖြစ်တဲ့အထိ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။ အပြန်မိုးသည်းလို့ သင်္ဘောတွင်းဝင် မိုးစဲတာနဲ့ အပြင်ထွက်ကြည့်ကြတယ်။ နေ့ချင်းပြန်မဟုတ်ဘဲ အေးအေးဆေးဆေး ၂ ရက် ၃ ရက်လောက် လာနေပြီး အပန်းဖြေချင်တယ်။ ညနေစောင်းတော့ ချမ်းလာတယ် အမသယ်လာတဲ့ အနွေးထည်အပိုကို ယူဝတ်ရတယ်။ ည ၁၁ နာရီခွဲ ပန်စတေရှင်မရောက်ခင် တဘူတာအလို Wood Side မှာဆင်းတယ်။ တိုးထဲက တရုတ်အကိုကြီးကိုတွေ့လို့ လက်ပြနှုတ်ဆက်တယ်။ ညဖက်လည်း 7 ရထားမှာ လူအပြည့်ပဲ။ အမက သူတို့ဘရွှတ်ကလင်းဖက်ဆို လူမရှိလို့ ရထားတတွဲလုံး သူတယောက်တည်းနေမှာတဲ့။ မြို့လေးက ဘာမှလည်စရာမရှိ ပျင်းစရာကောင်းလိုက်တာလို့ တွေးကြမလားဘဲ။ ကိုယ်ကတော့ အေးချမ်းတဲ့မြို့ကလေးဆီ တနေ့တာခရီးထွက်ရလို့ ပျော်နေတော့တာပဲ။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၂၁၊ ၂၀၂၄၊၊

https://away.mta.info/deals/lirr-escorted-tour-greenport-lighthouse-cruise-2024/

ဖတ်ပြီးတဲ့ စာအုပ်တွေ - ၈

ညီမလေးအိဝေညွှန်းလို့ Gretchen Whitmer ရဲ့ True Gretch စာအုပ်ဖတ်ဖြစ်ပါတယ်။ That woman from Michigan လို့ထရန့်ခေါ်တဲ့ တော်ထက်ပြီး ဟာသညဏ်ရွှင်တဲ့ Gretchen ရဲ့ မစ်ချီကန်ပြည်နယ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်တုန်းက ကိုဗစ်၊ ရေလွှမ်းမိုး၊ သေနတ်ပစ်၊ ပြန်ပေးဆွဲ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခံရတဲ့အကြောင်းတွေ ရေးထားတာ ပျင်းစရာမကောင်းဘဲ အတော်ဖတ်လို့ကောင်းတယ်။

Happy Reading!

စန်းထွန်း

စက်တင်ဘာ ၁၄၊ ၂၀၂၄။

ချဥ်ပေါင်ခူးခြင်း အနုပညာ..

၂၀၂၄ စက်တင်ဘာ ၃၀ ဘုန်းကြီးကျောင်းကားနဲ့ ချည်ပေါင်သွားခူးတယ်။ အိမ်မှာ ၁၀ ပေါင်ဝယ်ထားပြီးပြီမို့လို့ ပင်ပန်းမှာစိုးလို့ ၁၀ ပေါင်ပဲ ခူးခိုင်းလိုက်တာ တယောက်တည်း ပေါင် ၂၀ ခူးလာတယ်။ ဒေါ်ခင်ညွန့် လောဘကြီးတယ် သူများတွေ တအိတ်ပဲရသေးတယ် သူက ၃ အိတ်ရနေပြီတဲ့ ဘုန်းဘုန်းက သတင်းပို့တယ်။ သူများအတွက်တောင် ခူးပေးလိုက်သေးတယ်။ ချဥ်ပေါင်ခူးသွားတာလဲ ခရီးထွက်ရသလိုပဲ။ ထိုင်ခုံ၊ ဖိနပ် ၂ ရံ အခင်းထဲဆင်းဖို့တရံ၊ ကားပေါ်မှာဆင်းဖို့တရံ။ ဦးထုပ်အကြီးကြီး နေ့လည်စာ စားစရာအပြည့်အစုံတွေနဲ့ ပျော်စရာကြီး။ အဖေက ဆေးခန်းပြစရာရှိလို့ မလိုက်ဖြစ် မနက် ၅ နာရီ အမေ့ကို ဘုန်းကြီးကျောင်းလိုက်ပို့ အပြန်သွားကြို။ ချဥ်ပေါင်တွေ ရိသွားမှာစိုးလို့ ဖြန့်ခင်း၊ ရေဆေး၊ ဆားလေးနဲနဲထည့်ပြီးကြို၊ ဇစ်ဘလော့အိတ်ထဲထည့် ဖရီဇာထဲသိမ်း တနှစ်စာတော့ ဖူလုံသွားပြီ။ ကိုယ်က ချဥ်ပေါင်ကြော်သိပ်ကြိုက်။ ချဥ်ပေါင်ကြော်စားလွန်းလို့ သူငယ်ချင်းတွေက နင့်အိမ်မှာ ချဥ်ပေါင်ခင်းရှိလားလို့တောင် မေးယူရတယ်။ အပေါ်ထပ်ကဆရာက ချဥ်ပေါင်ကြော်စားပြီး တိုက်ခန်းဝယ်တယ်နဲ့ စသလိုနောက်သလိုနဲ့ I don't care။

စန်းထွန်း

စက်တင်ဘာ ၁၁၊ ၂၀၂၄။

တူတော်မောင် - ၁၆

၂၀၂၄ သြဂုတ် ၈ မကြီးမွေးနေ့ မွေးနေ့ကဒ်ဆွဲခိုင်းတာ နှစ်ပတ်နောက်ကျပြီးမှ ဆွဲပေးမယ်။ သားမွေးနေ့ကျရင်လည်း နှစ်ပတ်နောက်ကျပြီးမှ ပေးမယ်။ ဘယ်လိုဆုတောင်းပေးလဲဆိုတော့ ပိုချေးကား မွေးနေ့လက်ဆောင်ရပါစေတဲ့။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေတော်။ အင်္ဂလိပ်စာတော့ အမှတ်ပြည့်ရတယ် ဘူးယိုကိုး။ တပတ်တခါ ကြီးကြီးနဲ့ ဖုန်းပြောမယ်ဆိုပြီး စကားမပြောဘဲ ဂိမ်းတွေဆော့။ သူ့အမေက ဗျင်းတော့ ကြီးတော်တွေနဲ့ အဘွားက တားမယ်ထင်လား။ ရိုက်ပါစေ ဗျင်းပါစေ ဝမ်းသားအာရ အားပေးအားမြောက်။

စန်းထွန်း

စက်တင်ဘာ ၇၊ ၂၀၂၄။

ဝက်ဝံတောင်သွား တောလား

၂၀၂၄ သြဂုတ် ၂၅ တနင်္ဂနွေနေ့ ဝက်ဝံတောင် သွားတက်တယ်။ Coach USA ဆိုဒ်မှာ ဘတ်စ်ကားလက်မှတ်ဝယ် မနက် ၈ နာရီ ၄၅ Port Authority Bus Terminal Gate 408 ကနေထွက်တယ်။ မနက် ၁၀း၁၅ တစ်စီးရှိတယ်။ မနက် ၁၀ နာရီ ၁၅ ရောက်တော့ လူတွေအများကြီးရောက်နေကြပြီ။ မနှစ်က တောင်တက်လမ်း ပိတ်ထားပေမဲ့ ဒီနေ့ဖွင့်တယ်။ နည်းနည်းလေးတက်လိုက်လိုက် များများနားလိုက် သွားတက်တဲ့လေးယောက်ထဲမှာ ကိုယ်ကအကြီးဆုံးနဲ့ နောက်ဆုံးပဲ။ လွန်ခဲ့တဲ့တလလောက်က အဆုတ်ယောင်ထားလို့ အရမ်းမောတယ်။ ဝက်ဝံတောင်ကို နှစ်တိုင်းသွားတာ ဒီတခေါက်တော့ အမောဆုံးပဲ။ ဝိုင်းကိုသတိရ။ ၂၀၀၂ UCSY ပုဂံခရီးစဥ် ပုပ္ပားတောင်မကြီး ပထမဆုံးရောက်တဲ့အဖွဲ့ ဝေ၊ အိကေနဲ့ ကိုယ်။ အခုလည်း တောင်ထိပ်ရောက်တာ ပထမဆုံးပဲ နောက်ဆုံးကနေရင်ရေရင်။ တိရစ္ဆာန်ဥယျာဥ်နဲ့ တံတားရှိတဲ့ ဟက်ဆန်မြစ်နားသွားတယ်။ ရေကန်တပတ်ပတ်တေယ်။ ညနေ ၅း၂၀ ဘတ်စ်ကားနဲ့ ပြန်လာတယ်။ အဖွဲ့ထဲက ကလေးမရဲ့ ဘတ်စ်ကားလက်မှတ်က အသွားအပြန်ဝယ်ထားတာကို expired ဖြစ်သွားလို့ customer service ဖုန်းခေါ်တော့ ပိတ်ရက်မို့မဖွင့်။ ကားသမားက လက်မှတ်ဝယ်ရမယ်ကြီးပြောနေ နင်မဝယ်ရင် ငါပေးရမယ် ကင်မရာပါတော့ ညာလို့မရဘူးနဲ့ အတင်းပြောနေလို့ အောင့်သက်သက်နဲ့ ဝယ်လိုက်ရတယ်။ ကိုယ်တို့ ၃ ယောက်က အသွားအပြန် လက်မှတ်ဝယ်ထားတာ QR Code က တခုတည်းပေးတာ။ ငါတို့လေးယောက် အတူတူပဲ။ အဆင်ပြေအောင် လုပ်ပေးမယ်မဟုတ်ဘူး စိတ်ထားဆိုး။ မနက်ကလည်း စကားပြောလို့ အော်ဟစ်ဆူပူ။ အတော်မလွယ်တဲ့လူ။ customer service ကိုပြန်ပြောတော့ ကားသမားက စကန်နှစ်ခါဖတ်လိုက်လို့တဲ့ ပြန်လျော်ပေးတယ်။ နောက်မှတက်လာတဲ့သူတွေလည်း စကန်ဖတ်လို့မရ အဲ့တော့ အသာလေးတက်ခိုင်းတယ်။ ကိုယ်တို့လို လက်မှတ်မဝယ်ခိုင်းဘူး။ အဲ့တော့ ပိုဒေါသထွက် အမြင်တွေကပ်။ ကြုံရဆုံရ အတော်ခက်တဲ့သူတွေ။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၄၊ ၂၀၂၄။