၂၀၂၄ ဧပြီလ ချယ်ရီပွင့်ချိန် မိုင်းဖန်နဲ့ မိသားစု၊ မိတ်ဆွေ ၂၀ ကျော် ဒီစီလာတယ်။ ဆူနမ်က ညစာကျွှေးဖို့ ဖုန်းဆက်တာ ဘယ်လိုမှဆက်လို့မရဘူး။ ကိုယ်ကတော့ မျှော်လင့်ပြီးသားမို့လို့ တွေ့ချင်လည်းတွေ့မယ် မတွေ့ချင်လည်း မတွေ့ဘူးလို့ တွေးပြီးသား။ ဇွန်လ ဗာဂျီးနီးယားကမ်းခြေသွားမယ် အပြန်ဗာဂျီးနီးယားပြည်နယ်ကိုဝင်ပြီး ဆူနမ်တို့နဲ့ တွေ့မယ်။ မင်းလာတွေ့မလား ဒါမှမဟုတ် ရှေ့နှစ်သူနယူးယောက်လာတဲ့အခါမှ တွေ့မလားတဲ့။ ရှေ့နှစ်နယူးယောက်မှာ တွေ့ဖို့ဆိုတာမသေချာဘူး။ သေချာတဲ့ဇွန်လ ခွင့်ယူပြီးတော့ကို ငါလာတွေ့မယ်။ ၂၀၁၂ မတ် ကန်တက်ကီပြည်နယ် လူဝီဗီမြို့ကို အလုပ်ရလို့ပြောင်းသွားကတည်းက မိုင်းနဲ့မတွေ့တာ ၁၂ နှစ်ရှိပြီ။ အဲ့ဒီတုန်းက ဆူနမ်နဲ့မိုင်းက အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာနေတုန်း။ နောက်တော့ မိုင်းက ယောကျာ်းယူဖို့ ဗာမွန်ပြည်နယ် ဗာလင်တန်မြို့ကို ပြောင်းသွားတယ်။ ရာမားဆို မိုင်းနဲ့မတွေ့တာ ၁၃ နှစ် ကျောင်းကထွက်ပြီးကတည်းက။ မိုင်းနဲ့ရာမား မိန်းကလေးတစ်ယောက်စီ မွေးထားတယ်။ မိုင်းရဲ့ကလေးက ၈ နှစ် ရာမားရဲ့ကလေးက ၄ နှစ်။ မိုင်းမှာလည်း လုပက်သွေးလေးဖက်နာရှိတယ်။ မသက်သာလို့ Benlysta ဆေးထိုးတယ် ဆေးထိုးပြီးတော့ သက်သာတယ် ကိုက်ခဲတာမရှိဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၄တုန်းက ကိုယ့်ဆရာဝန်က ကိုယ့်ကိုအဲ့ဆေး ထိုးချင်တယ်။ အဲ့တုန်းက FDA Approved မဖြစ်သေးဘူး စမ်းသပ်ကာလပဲရှိသေးတယ်။ အာမခံကမပေးတာ့ ၂ သောင်းလောက်ကုန်မှာ။ ဝိုင်းကတောင် ပိုက်ဆံကုန်ချင်ကုန်ပစေ ပိုက်ဆံလိုရင် သူချီးမယ်။ ကောင်းရင် ထိုးသာထိုးလို့ပြောတယ်။ မကြီးသူငယ်ချင်းရဲ့ သူငယ်ချင်းအမက ဆေးအကြောင်းနားလည်တယ်။ မထိုးနဲ့ စမ်းသပ်ခံယုန်လို ဖြစ်နေမယ်လို့ ပြောတာနဲ့ မထိုးဖြစ်တာ။ ခုတော့ FDA Approved ဖြစ်ပြီး အာမခံနဲ့ ၁၀ ပဲပေးရတယ်။ ၂၀၂၄ ဇွန် ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲ ဘတ်စ်ကားနဲ့ ဒီစီသွားတယ်။ ည ၁၀ ခွဲ ဒီစီရောက်ပေမဲ့ ဗာဂျီးနီးယားကို မတ်ထရိုရထားက တနာရီကျော်စီးရလို့ ည ၁၂ နာရီမှရောက်တယ်။ ဘူတာမှ ဆူနမ်နဲ့ရာမား လာကြိုးတယ်။
ဇွန် ၂၀ Juneteenth အားလပ်ရပ် ဆူနမ်တို့ရုံးက မပိတ်ဘူး။ ရာမားကလေးက အစပိုင်းကတော့ ရှက်လို့စကားမပြောဘူး။ နောက်ကျတော့ လာဆော့တယ် များလိုက်တဲ့စကားဆိုတာ။ အစကတော့ မိုင်းက ရာမားအိမ်ကိ လာတွေ့မလို့။ နောက်တော့ လာဖို့အဆင်မပြေတာနဲ့ Tyson Center ဆီသွားတွေ့တယ်။ ဆူနမ်နဲ့ရာမားပဲဆိုရင် လာတွေ့မှလာတွေ့မှာ။ နယူးယောက်ကနေ လာတွေ့တဲ့ ကိုယ့်ကိုအားနားလို့ လာတွေ့တယ်။ မိုင်းလာမတွေ့ရင် ငါ့သူငယ်ချင်း ငါ့ကိုသစ္စာဖောက်တယ်ဆိုပြီး ဖေ့ဘွတ်တင်လိုက်မယ်ဆိုပြီး ရယ်ရသေးတယ်။ အရင်အတိုင်း မပြောင်းမလဲ Chopstick လိုပိန်တုန်း၊ ပန်းရောင်ကြိုက်တုန်း၊ ဗီယက်နမ်လေသံမပြောင်းမလဲ။ ဘာလင်တန်မြို့ရဲ့ သူဌေးရပ်ကွက်မှာနေတဲ့ မီလျံနာလို့ မိုင်းကနောက်လို့ ရယ်လိုက်ရတာ။ မပြောင်းမလဲအရင်လို ပေါတုန်းပဲ။ အရင်တုန်းကလိုပဲ အုပ်စုထဲမှာအချမ်းသာဆုံးမိုင်းက ငမွဲကိုယ်တွေကို မုန့်ကျွှေးမြဲ။ ကျောင်းတုန်းကလို စကားတွေလုပြောကြ ပြောစရာတွေ မကုန်လို့ မိုင်းဖန်ရဲ့ဟိုတယ်ဆီသွားပြီး ညသန်းခေါင်အထိ ပြောကြတယ်။ ၂ နှစ်တခါ ဆုံကြရအောင်တဲ့။ မိုင်းကို ဘီယာမသောက်ဖို့ ကိုယ်ကပြော။ ကိုယ့်ကိုတော့ ပိုရင့်ကျက်လာတယ်လို့ပြောတယ်။ ၁၂ နှစ်ဝေးနေပေမဲ့ ပြန်တွေ့တဲ့အခါ ရင်ဘတ်ချင်း၊ စိတ်ချင်းနီးပြီး ကျောင်းတုန်းကလို ခံစားရတယ်။ ဆုံခွင့်ရရင် သူငယ်ချင်းတွေနဲ့ ထပ်ဆုံချင်ပါသေးတယ်။
စန်းထွန်း
ဇွန် ၂၉၊ ၂၀၂၄။