ဒီစီသွား တောလား - ၆

၂၀၂၄ မတ်လ ၂၅ တနင်္လာနေ့ မနက် ၉နာရီခွဲ ဟိုတယ်ကနေ check out လုပ်။ ဟိုတယ်ရှေ့ကနေ Washington National Cathedral ဆီ ဘတ်စ်ကားစီးသွားတယ်။ မိနစ် ၂၅ မိနစ်လောက်ပဲ စီးရတယ်။ ၂၀၁၇ နှစ်တုန်းက ဝယ်ထားတဲ့ Smart Trip Card တွေခုထိ သုံးလို့ရသေးတယ်။ အသိမိတ်ဆွေ ညီမတယောက်နဲ့ တွေ့ပြီး နေ့လည်စာစားဖို့ ချိန်းထားတယ်။ သူက မနေ့ညကမှ ခရီးဝေးကပြန်ရောက်ပြီး တကိုယ်လုံးနာမထနိုင်လို့ မတွေ့ဖြစ်တော့ဘူး။ သူနယူးယောက်မှာနေတုန်းက တွေ့ဖို့ချိန်းတော့ သူကခရီးတွေသွားနေလို့မအား။ ဆူနမ်နဲ့သူ့သူငယ်ချင်း နယူးယောက်လာလည်လို့ လိုက်ပို့ပြီးလို့ တွေ့ဖို့ချိန်းလိုက်တော့ သူကဒီစီကိုပြောင်းတော့မယ်။ ပစ္စည်းတွေသိမ်းနေတာ မအားလို့မတွေ့ဖြစ် ဒီစီမှာတွေ့ဖို့စီစဥ်တာလည်း မတွေ့ဖြစ်။ မိုင်းဖန်နဲ့ မတွေ့တာဆို ၁၂ နှစ်ရှိပြီ ဒီစီရောက်တုန်း တွေ့ကြမယ်ဆိုပြီး မတွေ့ဖြစ်ဘူး။ စီစဥ်ထားပေမဲ့လည်း မဖြစ်လာတာ လက်ခံရတာပါပဲ။ လက်မခံလို့လည်း မရဘူးလေ။ ကားလမ်းတလျှောက် သံရုံးတွေကြီးပဲ အလံလေးတွေကြည့်ပြီး ဒါကတော့ ဘယ်သံရုံး။ မနက် ၁၀ နာရီမထိုးသေးတော့ ဘုရားကျောင်းက မဖွင့်သေးဘူး။ အေးလွန်းလို့ ခုန်နေရတယ်။ သမ္မတတွေ ကျမ်းသစ္စာကျိမ်ဆိုပြီးရင် ဒီဘုရားကျောင်းမှာ လာဝတ်ပြုတယ်။ ၂၀၁၂ တုန်းက ရောက်ဖူးတယ်။ လာတိုင်း ငြိမ်းချမ်းအေးမြခြင်းတွေ ခံစားရတယ်။ ဘုရားကျောင်းနံရံက မှန်ပြတင်းပေါက်တွေ အင်မတန်လှတယ်။ အပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်ပြီး တပတ်ပတ်ကြည့်တယ်။ လာလမ်းအတိုင်း ဘတ်စ်ကားစီးပြီပြန် ဟိုတယ်နားမှာ ဂိတ်ဆုံးတယ်။ ယိုးဒယားဆိုင်စားမယ်ဆိုပြီး နာရီဝက်လမ်းလေလျှာက်တာ ဆိုင်ပိတ်ထားတယ်။ နောက်တဆိုင်က မိနစ် ၂၀ ဝေးတယ် အရသာတော်တော်ကောင်းတယ်။ ညနေစာအတွက် ထမင်းကြော်ဝယ်လိုက်တယ်။

နာရီဝက်လောက် လမ်းလျှောက်ပြီး အိမ်ဖြူတော်နားက ပန်းခြံမှာသွားထိုင်နေတယ်။ အဖေက အိမ်သာသွားချင်လို့ အိမ်ဖြူတော်ဟိုးဖက်ခြမ်းက အိမ်သာဆီသွားတယ်။ အိမ်ဖြူတော်ဘေးနားနဲ့ လမ်းမပေါ်ကလူတွေကို ပန်းခြံထဲနှင်ထုတ်တယ်။ မကြာပါဘူး ပန်းခြံထဲကပါ မောင်းထုတ်ပြီး မဝင်ရတဲ့ yellow tape ကပ်လိုက်တယ်။ ဟိုဖက်ပါပိတ်လိုက်ရင် အဖေပြန်လာလို့မရတော့ဘူး လမ်းပျောက်နေဦးမယ်ဆိုပြီး အဖေ့ဆီကိုပြေး။ အဖေ့ဖုန်းကခေါ်လို့မရ လူတွေကလည်း ကြိတ်ကြိတ်တိုး ယောက်ယက်ခတ်နေတယ်။ နောက်ဆုံးဖုန်းခေါ်လို့ရတော့ အိမ်သာပိတ်ထားလို့ အဝမှာစောင့်နေတဲ့ရဲကို သွားမေးတော့ နိုးလို့ပြောလိုက်လို့ ဝင်လို့ရမလား စောင့်ကြည့်နေတာတဲ့။ လမ်းတွေပိတ်သွားရင် ဘယ်လိုပြန်မလဲမေးတော့ ဟိုဖက်ကနေ ပတ်ပြန်မှာပေါ့။ အရင်နေ့တွေကလည်း အဲ့ဒီလမ်းတွေကနေ ဟိုတယ်ဆီကို ပြန်နေတာတဲ့။ အဲ့ဒီလိုလမ်းတော့ တော်တော်မှတ်မိတယ်။ ခဏနေပြီး ဟိုတယ်ဆီပြန် luggage တွေယူပြီး မြေအောက်ရထားစီးပြီး Union Station သွားတယ်။ စောနေသေးလို့ gate number မပေါ်သေးဘူး။ ညနေ ၅ နာရီလောက် ညနေစာစား ၅ နာရီ ၅၀ (မိနစ် ၂၀) အလိုမှာ ဂိတ်နံပါတ်ပေါ်တယ်။ ခုံတွေပြောင်းပြန်ဖြစ်တာ မသိမထားမိဘူး။ အဖေက ခုံက သွားရာလမ်းကိုပြောင်းပြန်ဖြစ်နေတယ် ခေါင်းမူးတယ်ဆိုပြီး လွတ်တဲ့နေရာသွားထိုင်တယ်။ ရထားထွက်တော့မှ ခုံကပြောင်းပြန်ဖြစ်နေတယ်။ ဘတ်စ်ကားနဲ့ဆို ၄ နာရီခွဲလောက် စီးရတယ်။ ရထားနဲ့ကတော့ ၃ နာရီခွဲလောက်ပဲ စီးရတယ်။ ည ၉ နာရီခွဲ New York Penn Station ရောက်တယ်။ ကွင်းကို နာရီဝက် မြေအောက်ရထားထပ်စီးရတယ်။ နောက်နေ့မနက် ၁ နာရီခွဲ ဘာတီမိုးတံတား ပြိုကြတော့တာပဲ။

Happy Traveling!

စန်းထွန်း

ဧပြီ ၂၇၊ ၂၀၂၄။

No comments: