Mt.Rainer သွားတောလား

၂၀၂၂ အောက်တိုဘာ ၁၀ မနက် ၈ နာရီ စုရပ်ဟိုတယ်ကို မိနစ် ၂၀ လောက် လျှောက်ရတယ်။ ဟိုတယ်နဲ့လည်း မတူပါဘူးဆိုပြီး သေချာကြည့်တော့မှ လိပ်စာမှားကြည့်နေတာ။ စုရပ်ဟိုတယ်နဲ့ သိပ်မဝေးလို့ တော်ပါသေးရဲ့။ နောက်ကျနေလို့ ဖုန်းဆက်ကြည့်တော့ ၁၅ မိနစ်လောက်ဆို ရောက်လာလိမ့်မယ်တဲ့။ ကိုယ့်ဖုန်းက အမြဲအသံပိတ်ထားလို့ ပထမနေ့ကလို တိုးဂိုက်ဖုန်းခေါ်ရင် မကြားမှာစိုးလို့ အသံပြန်ဖွင့်ထားရတယ်။ ဗန်ကားလေး တိုးရစ်တွေနဲ့ အပြည့်ပဲ အဖြူများတယ်။ ဆီရေတယ်မြို့က တောတောင်တွေနဲ့ စိမ်းလန်းတယ်။ ပင်လယ်ကမ်းစပ်ဘေးမှာဆိုတော့ နေချင့်စဖွယ်မြို့လေး။ တက်စ်ကတော့ နယူးယောက်မြို့နီးပါး စျေးကြီးတယ်။ တနာရီကျော်လောက်မောင်းပြီးတော့ နေ့လည်စာဝယ်ဖို့ စျေးဆိုင်ကြီးတခုမှာ ရပ်ပေးတယ်။ ဆူရှီနဲ့ ပန်းသီးဝယ်တယ်။ တောင်ထိပ်ကို မြင်ရတဲ့တနေရာမှာ ရပ်ပေးပြီး ဟိုက်ကင်းတမိုင် လျှောက်ကြတယ်။ loop ဆိုတော့ လမ်းမှားမှာစိုးလို့ လူတွေနောက်ကပ်လိုက်။ အန်ကယ်အန်တီ အသက် ၆၀၊ ၇၀ hiking pole နဲ့ အင်မတန်မြန် ကိုယ်တွေကို ကျော်တက်သွားတာ မနည်းနောက်က လိုက်ယူရတယ်။ ဟိုက်ကင်းထွက်နေကြ တကယ့် hiker တွေ ကိုယ်တွေလို ဓာတ်ပုံရိုက်တာများများ ဟိုက်ကင်းတာနည်းတဲ့ so called hiker တွေ မဟုတ်ဘူး။ ကတုံးဆံပင်ပေါက်ကလေးနဲ့ အသက် ၂၀ ကျော် အာရှသူလေးက အရီးဇိုးနားက တယောက်တည်းလာတာ။ စပိန်စကားပြောတဲ့ ကောင်လေးလည်း တယောက်တည်း။ အသက် ၆၀ ကျော်အန်တီလည်း တယောက်တည်း။ ကတုံးလေးဆံပင်လေးနဲ့ ကောင်မလေးက ကင်ဆာဖြစ်ပြီးတော့ မသေခင် လုပ်ချင်တာတွေ လုပ်မယ်ဆိုပြီး ခရီးထွက်လာတာနေမှာတဲ့ ဝိုင်းက။ အသက် ၆၀ ကျော် မလေးတရုတ်မပုံပေါက်တဲ့ အန်တီက ပို့စ်တွေပေးတတ်လို့ မေးကြည့်တော့ သူ့သမီးက မော်ဒယ် နယူးဂျာစီပြည်နယ်မှာ နေတာတဲ့။ တို့တွေက နယူးယောက်ကဆိုတော့ အိမ်နီးနားချင်းတွေပေါ့။ ရေတံခွန်လေးနား ရပ်ပေးတယ် သာယာတယ်။ recreation center မှာ အိမ်သာအတွက် ရပ်ပေးတယ်။ magnet လေးဝယ်တယ်။ What is difference between tourist and hitchhiker. 5 minutes တဲ့။ ငါးမိနစ်နောက်ကျရင် တိုးရစ်ဘဝကနေ ကားကြုံတားစီးရသူ ဖြစ်သွားမယ်နော်လို့ တိုးဂိုက်က နောက်တယ်။

ထင်းရှူးပင်တွေ ထူထပ်စွာပေါက်နေတဲ့ ရေကန်နားကနေ ရေခဲတွေဖုံးနေတဲ တောင်ထိပ်ကို မြင်ရတာ အင်မတန်လှတယ်။ တောင်ထိပ်ကားပါကင်ကိုရောက်တော့ နေ့လည် တနာရီခွဲ လေးနာရီအချိန်ပေးတယ်။ မြန်မြန်သွားနိုင်တဲ့သူတွေက glacier ကနေ တောင်ထိပ်ကိုမြင်ရမယ်။ ကိုယ်တို့ကတော့ အေးဆေး ၁ နာရီခွဲအလို ရောက်တဲ့နေရာကနေ ပြန်ဆင်းမယ်။ လေတဟူးဟူးတိုက် အေးလို့ နေပူတဲ့နေရာရှာပြီး ဆူရှီကို လွှင့်ထွက်မသွားအောင် မနည်းထိန်းစားရတယ်။ ထမင်းစားတာ ၁၀ မိနစ်တောင် မကြာဘူး။ ပြီးတာနဲ့ တောင်စတက်တော့တာပဲ။ တောင်တက်တဲ့သူ၊ ဆင်းတဲ့သူနဲ့ အတော်စည်ကားတယ်။ နေရာတိုင်း လှလွန်းလို့ ဓာတ်ပုံရိုက်လို့မဝဘူး။ တောင်ပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ အလာစကာပြီးရင် ဒုတိယအလှဆုံးတောင်ပဲ။ ကော်လိုရာဒိုပြည်နယ်က ရော့ကီးတောင်က ဒီတောင်လောက် မလှဘူး။ တော်တော်သဘောကျလို့ အခြေအနေပေးရင် သွားဖြစ်အောင်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ညနေ ၄ နာရီ အမှီပြေးရတယ်။ ကိုယ်က ၅ မိနစ်လောက်ပဲ နောက်ကျတာ။ ကိုယ့်ထက်နောက်ကျတဲ့သူတွေရှိတယ်။ တိုးဂိုက်က နောက်ဆုံးမှရောက်လာတဲ့သူကို လက်ခုပ်တီးပြီး ကြိုဆိုတယ်။ ကိုယ့်ဘေးကစုံတွဲကို သားအဖထင်နေတာ ကောင်မလေးက ဆယ်ကျော်သက်။ ကောင်လေး အဲလေ ကောင်ကြီးက ခေါင်းဖြူဖြူဆိုတော့ အသက် ၆၀ လောက် ထင်နေတာ။ သေချာကြည့်တော့ အသက် ၄၀ ကျော်လောက်ပါပဲ။ လေတအားတိုက်လို့ ကိုယ်တို့တွေ မှန်ကိုပိတ်တာ မရဘူး။ အဲ့ဒီလူက သဘောကောင်းတယ် လာပိတ်ပေးတယ် အတော်ဗလတောင့်တယ်။ ဆီရေတယ်မြို့နားအဝင် skywalk ဂုံးကျော်တံတားနားမှာ ကိုယ်တို့ကိုချပေးတယ်။ တံတားပေါ်ကနေ လေယာဥ်ကွင်းဆီ တဆက်တည်းပဲ။ ၄ ရက်ခရီး ကျောပိုးအိတ်တလုံးပဲဆိုတော့ ပေါ့ပေါ့ပါးပါးပဲ။ တက်ရဆင်းရ ချက်ကင်ချက်အောက်လည်းမြန်။ ၂၀၂၃ ဇန်နဝါရီ ၁ တောင်ဖက် လူဝီဇီယားနားပြည်နယ် နယူးအော်လင်းမြို့ကို သွားလည်တဲ့အကြောင်းကတော့ နောင်အပတ်မှပဲ တင်ပါတော့မယ်။ ဓာတ်ပုံတွေ များသွားတယ် ဆောတီး။

Happy Traveling!

စန်းထွန်း

ဧပြီ ၁၆၊ ၂၀၂၃။

https://www.viator.com/tours/Seattle/Mt-Rainier-Day-Trip-from-Seattle/d704-3657RAINIER

Portland သွား တောလား - ၅

၂၀၂၂ အောက်တိုဘာ ၉ ဂျပန်ပန်းခြံမှာ လူတွေတန်းစီနေကြလို့ ဘာတွေလဲလို့ စပ်စုကြည့်တော့ art exhibition ရှိလို့တဲ့။ တယောက် ၂၅ ကျပ်ဆိုတော့ ဝင်မလား မဝင်ဘူးလား တိုင်ပင်ကြပြီး ဝင်ကြည့်ဖြစ်သွားတယ်။ တော်တော်လေးကျယ်ပြီး တော်တော်လေး သေသေချာချာ လုပ်ထားတယ်။ ဂျပန်ထုံးစံအတိုင်း ရိုးရှင်းပြီး လှပတယ်။ ပန်းချီကားတွေကတော့ မော်ဒန်လက်ရာဆိုတော့ သိပ်နားမလည်။ ဒါလေးဆို ဂါဝန်ချုပ်ဝတ်ရင် လှမှာလောက်ပဲ တွေးတာ။ ရှေးပန်းချီကားတွေဆိုရင်တော့ အတော်သဘောကျတယ်။ အမှတ်တရဆိုင်လေးထဲဝင်ပြီး အမွှေးတိုင်ထွန်းတာ ဝယ်ရင်ကောင်းမလား။ လမ်းမှာကွဲရင် ဒုက္ခပဲဆိုပြီး မဝယ်တော့ဘူး။ ပန်းခြံတခွင် အနှံ့လည်ပြီး ဟိုတယ်ဆီ ပြန်တဲ့လမ်းမှာတွေ့တဲ့ တရုတ်စားသောက်ဆိုင် ဝင်စားတယ်။ ဆက်ဆံရေးကမကောင်း၊ အစားအသောက်ကလည်းမကောင်း။ ဟိုတယ်ပြန် ကျောပိုးအိတ်ယူ မြို့လယ်ခေါင်က တရုတ်ပန်းခြံကို သွားလည်တယ်။ ဝင်ကြေး ၂၀ လောက် ပေးရတော့ ဝင်မလား မဝင်ဘူးလား ဆွေးနွေးပြီး ဝင်ဖြစ်သွားတယ်။ ကျောပိုးအိတ်တွေကို အဝမှာထားခဲ့ပြီး ဝင်ကြည့်တယ်။ ပန်းခြံလေးက သေးပေမဲ့ တော်တော်လေး စနစ်တကျလုပ်ထားတယ်။ ပန်းခြံကနေ ရထားဘူတာကို နာရီဝက်လောက်ပဲဝေးတယ်။ လမ်းတလျှောက် အိမ်ခြေမဲ့တွေများပြီး လိုက်တောင်းနေလို့ သုတ်ခြေတင်ခဲ့ရတယ်။ အော်ရီဂွန်ပြည်နယ် ပို့လန်းမြို့ ယူနီယမ်ဘူတာကနေ ဝါရှင်တန်ပြည်နယ် ဆီရေးတယ်မြို့ ကင်းဘူတာဆီ Amtrak ရထားနဲ့ ၃ နာရီခွံလောက် စီးရပြီး တယောက် ၂၈ ကျပ်ကျတယ်။ ညနေ ၃ နာရီ ၅၆ မိနစ်ထွက်မဲ့ ရထားက ဆယ့်ငါးမိနစ်လောက် နောက်ကျတယ်။ ထွက်ခါနီး ၁၅ မိနစ်အလိုမှ ဂိတ်နံပါတ် ဘုတ်မှာပေါ် ရထားတွဲလည်း ၂ တွဲလောက်ပဲဖွင့်တယ်။ ရထားက တော်တော်ကျယ်ပြီး အတော်သက်တောင့်သက်တာ ရှိတယ်။ ဆီရေတယ်မြို့ကို ည ၉ နာရီလောက်မှရောက်တယ်။ ရထားက ကနေဒါနိုင်ငံ ဗန်ကူဘားမြို့ကို ဆက်သွားမှာတဲ့။ ဆီရေတယ်မြို့က တော်တော်ကြီးတယ်။ ၂၀၁၈ ဇူလှိုင် အလာစကာကနေအပြန် လေယာဥ်ဖျက်သိမ်းလိုက်လို့ ဆီရေတယ်မှာ တညအိပ်လိုက်ရတယ်။ အဲဒီတုန်းက Sleepless in Seattle ဆိုပြီး အထင်ကရ Needle တာဝါတိုင်၊ ကမ်းနားတလျှောက် လည်ဖူးတယ်။ ဘူတာကနေ ဟိုတယ်ကို ၁၅ မိနစ်လောက်ပဲ လျှောက်ရတယ်။ ဟိုတယ်နားက တရုတ်ဆိုင်မှာ clay pot မှာစားတယ်။ မိနစ် ၂၀ လောက် စောင့်ရတယ် ထမင်းနဲ့ ဝက်နံရိုး ငါးဆားနယ်အမှုန့်ဖြူး boy choy အရွက်စိမ်နဲ့း ဂျင်လေးပုံလို့။ စားဖူးသမျှထဲမှာ အကောင်းဆုံး clay potပဲ။ ခုထက်ထိ တသသမှတ်မိနေတုန်း ဝိုင်းနဲ့ပြောနေတုန်း။ နောက်နေ့သွားလည်တဲ့ Mt.Rainer အကြောင်းကတော့ နောက်တပတ်မှပဲ တင်ပါတော့တယ်။

Happy Traveling!

စန်းထွန်း

ဧပြီ ၁၁၊ ၂၀၂၃။

Portland Japanese Garden, Portland, Oregon State
Lan Su Chinese Garden, Portland, Oregon State
Union Station, Portland, Oregon State

Portland သွား တောလား - ၄

၂၀၂၂ အောက်တိုဘာ ၉ ရက်နေ့ မနက်စောစော မနက်စာစားပြီးတာနဲ့ ဘော်တနစ်ပန်းခြံဆီ လမ်းလျှောက်သွားတယ်။ မနစ် ၄၀ လောက် လျှောက်ရတယ်။ သစ်ပင်တွေ နေပြောက်မထိုးနိုင်လောက်အောင် ထူထပ်နေပြီး တောတောင်ထဲ ရောက်သွားသလို ခံစားရတယ်။ နယူးယောက်ဘော်တနစ်ပန်းခြံမှာ ဇွန် ၁ ဆို အတော်ပွင့်နေပြီ။ နောက်တပတ်လောက်ဆိုရင် ဘာပွင့်ဖတ်မှမရှိတော့ဘူး။ အရင်တုန်းက စနေနေ့မနက် ၉ နာရီ ၁၁ နာရီအထိ ဝင်ခအလကား။ ဒီတော့ ချယ်ရီပွင့်ချိန်၊ နှင်းဆီပွင့်ချိန်ဆို သွားနေကျ။ ခုတော့ ဖရီးမရတော့ဘူး တယောက် ၂၅ ကျပ်ဆိုတော့ မသွားဖြစ်တော့ဘူး။ ပေါ့လန်းမှာ အောက်တိုဘာလကြီး နှင်းဆီပန်းတွေ ဝေနေလို့ အံ့သြရတယ်။ အရောင်အသွေးအစုံနဲ့ အတော်လှတာ။ နှင်းဆီပြိုင်ပွဲလည်းရှိတယ်။ ဟိုအပွင့်နဲ့ရိုက်မယ် ဒီအပွင့်နဲ့ရိုက်မယ်နဲ့ ဓာတ်ပုံရိုက်လို့ မဝနိုင်ဘူး။ ဘော်တနစ်ပန်းခြံ အနှံ့လည်ပြီးတော့ ဂျပန်ပန်းခြံကို သွားလည်တယ်။ အဲ့ဒီဓာတ်ပုံတွေကိုတော့ နောက်မှတင်တော့မယ်။ မတ် ၂၃ ရက်နေ့ အဖေနဲ့အမေ စတိတ်ကိုလာလည်တော့ အလုပ်များနေလို့ အပတ်တိုင်းပို့စ်တွေ မတင်ဖြစ်ဘူး။ ပို့စ်အသစ်တွေ မတင်ရင် အဟောင်းတွေကိုသာ ရှာဖွေဖတ်သွားပါနော်။ လာချောင်းတဲ့အတွက် ကျေးဇူးပါ။

Happy Travelling!

စန်းထွန်း

ဧပြီ ၅၊ ၂၀၂၃။