Myanmar Spring Revolution Songs

ဒီနေ့မီတင်းအဖွင့် သီချင်းလေးကို ကြိုက်လို့ ရှယ်လိုက်ပါတယ်။ Classical Music ကြိုက်တဲ့သူမို့လို့ orchestral version ကို ပိုကြိုက်နေတယ်။ နားထောင်ပြီး ကြိုက်မကြိုက် ကွန့်မန့်လာမန့်လို့ ရပါတယ်။

စန်းထွန်း

ဇူလှိုင် ၃၀၊ ၂၀၂၂။

ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၃

 ၂၀၂၂ မတ် ၂၂ ဘူတာဆီအသွား လမ်းမကြီးနား ပေါက်နေတဲ့ အပင် ၃ ပင်ဟာ ပွင့်ချိန်ရောက်ပြီဆို သိပ်လှတာပဲ။ ချယ်ရီပန်းနဲ့ တူသလိုပဲ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး နှစ်တိုင်းရိုက်တယ် နှစ်တိုင်း ဖေ့ဘွတ်၊ ဘလော့မှာ တင်တယ်။



ရုံးနားက ဟက်ဆန်မြစ်ကမ်းဘေးမှာ နေ့လည်စာစားပြီး လမ်းလျှောက်ရင်း အောက်မက်ဟန်တန် စကိုင်းလိုင်းကို မြင်ရတဲ့မြင်ကွင်း။ ကိုယ်အနှစ်သက်ဆုံး နေရာလေးပါ။



မနက်တိုင်း အစာကျွှေးနေကျ ငှက်စာအိမ်လေး။ တိုက်ခန်းကို ပြောင်းတော့မှာမို့ ငှက်စာအိမ်လေး ထားခဲ့ရတယ်။ ငှက်စာအိမ်လေးက ချစ်စရာလေးနော်။ ငှက်စာကုန်နေပြီ အိမ်ပြောင်းမှာမို့ ထပ်မဝယ်တော့ဘူး။ ရေပဲတိုက်နေတာ အစာလာစားနေကျ ရှဥ့်တုတ်တုတ်ခဲခဲလေးက အစာလာတောင်းတယ်။ စိတ်မကောင်းပါဘူး ရှဥ့်နဲ့ ငှက်ကလေးတွေရယ် မင်းတို့ကို လွမ်းနေမှာပါ။



ကိုဂျေမီနဲ့ ကိုဖြိုးဇေယျာသော် အတွက် အတော်ဝမ်းနည်းနေတော။ သတင်းတွေဖတ်ပြီး ငိုလိုက်။  တော်လှန်ရေးကြီး အမြန်ပြီးအောင် တတ်နိုင်သလောက် ကလစ်ကြမယ်၊ လှုကြမယ်၊ စကစကို ပိုဆန့်ကျင်ကြမယ်။


စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၂၂။

ဆန်းကြယ်တဲ့ စိတ် - ၁

၂၀၂၂ ဇှုလှိုင် ၉ တနင်္ဂနွေနေ့ မနက် ၁၁ ခွဲ သွားဆေးခန်းဆီ အချိန်မှီရောက်ဖို့ ‌လောနေတုန်း မြေအောက်ရထားကနေ မြေပေါ်ဆီ လှေကားအတက် ကိုယ့်ရှေ့မှာ တွန်းလှည်းနဲ့ အဘွားတယောက်။ သူ့နောက်ကနေဆို နောက်ကျမယ် မြန်မြန်ရောက်ချင်ဇောနဲ့ သူ့ဘေးကလမ်းကြောင်းကို ရွေးလိုက်တယ်။ သူ့နောက်ကလူတယောက်က သူ့တွန်းလှည်းကို မြှောက်ပြီး ကူသယ်ပေးလိုက်တဲ့အခါ ဟာ..ခနဲ ဖြစ်သွားတယ်။ ကိုယ်က မကူညီဘဲ မြန်ချင်ဇောနဲ့ ဘေးကနေ ကျော်တက်ဖို့ ကြိုးစားနေချိန်မှာ ကူညီတတ်တဲ့သူက ပေ့ါပေ့ါပါးပါးလေး ကူညီသွားတာကို တွေ့လိုက်ရတဲ့အခါ ရှက်သွားတယ်။ ကူညီတဲ့သူကိုလည်း လေးစားချီးကျူးမိသလို ကြည့်စမ်း ဘာဖြစ်လို့ကူညီဖို့ မတွေးမိပါလိမ့်။ အဲ့ဒီလို ကူညီလို့ရတာပဲ နောက်တခါကျရင် အဲ့လိုကူညီမယ်လို့  တွေးမိတယ်။ အရင်တုန်းက အဲ့လိုအဖြစ်မျိုး မြင်ဖူးပေမဲ့ အဲ့ဒီလိုတွေးမတွေးမိဘူး။ မျက်စိထဲလည်းမမြင် စိတ်ထဲလည်းမရောက်၊ မျက်စိထဲမြင်ရင်တောင် စိတ်ထဲမရောက်တာမျိုး။ ခုတော့လည်း ဘာရယ်မဟုတ်ဘဲ အကျိုးအကြောင်း တိုက်ဆိုင်တဲ့အခါ သင်ခန်းစာ၊ သံဝေဂ၊ စဥ်းစားဆင်ခြင်၊ အတွေးလေးရလို့ ညဏ်လေးတချက် လက်သွားတာမျိုး။ စိတ်ဆိုတာ ဆန်းကြယ်ပါလား။

စန်းထွန်း

ဇူလှိုင် ၁၃၊ ၂၀၂၂။

June 18, 2022, Saturday, Central Park, New York


ဓာတ်ပုံရိုက်ခြင်း အနုပညာ - ၂

အရင်တုန်းကဆို စာတွေသိပ်ရေးနိုင်တာပဲ ရေးစရာတွေချည်းပဲ။ ခုများတော့ ရေးစရာကရှားပါး ရေးချင်စိတ်ကလည်း သိပ်မရှိ။ ဖုန်းထဲမှာ digital cleansing လုပ်ရင်း သိမ်းထားချင်တဲ့ပုံတွေကို အမှတ်တရ တင်လိုက်ပါတယ်။ သည်းခံတော် မူကြပါကုန်။ ပထမဆုံး အဖြူရောင်ဂါဝန် ဝတ်ထားတဲ့ပုံကတော့ ရုံးနားက မြစ်ကမ်းဘေးမှာ ရိုက်ထားတာပါ။ အဲဒီကနားကနေ မြင်ရတဲ့အောက်မက်ဟန်တန်ရှုခင်း အင်မတန်လှတယ်။ ကိုဗစ်ဖြစ်လို့ ရုံးပိတ်ပြီး တနှစ်ခွဲအကြာ ဇူလှိုင် ၆၊ ၂၀၂၁ ပထမဆုံး ရုံးပြန်တက်တဲ့ အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ ကိုယ့်ဖုန်း‌အဟောင်းနဲ့ ရိုက်ထားတာဆိုတော့ မှုန်ဝါးဝါး မမြင်ရလေ ပိုကြိုက်လေ။ ဇူလှိုင် ၁၀၊ ၂၀၂၁ ကိုဗစ်ကာကွယ်ဆေးထိုးပြီး တစ်နှစ်ခွဲအကြာမှ စယ်ထရယ်ပါ့ခ်ထဲမှာ ဝိုင်းရယ်၊ အသိညီမလေးရယ်နဲ့ လမ်းသွားလျှောက်တုန်းက ပုံတွေပါ။ ဝိုင်းနဲ့မတွေ့တာ နှစ်နှစ်ကြာပြီးမှ ပထမဆုံးတွေ့တာပါ။ ကိုဗစ်ကာလအတွင်း အပြင်မထွက်ဘဲ အသားကုန် နင်းကန်စားတော့ ဗိုက်ကလေး ထွက်နေပါတယ်။ အသိညီမဖုန်းက အိုင်ဖုန်း ၁၀ ဆိုတော့ ကင်မရာအတော်ကောင်းတယ်။ သစ်ပင်တွေက စိမ်လန်းစိုပြေ ပုံထွက်အတော်ကောင်းတယ်။

Happy July 4th!

စန်းထွန်း

ဇူလှိုင် ၃၊ ၂၀၂၂။

ဇူလှိုင် ၆၊ ၂၀၂၁ ရုံးပိတ်တာ တစ်နှစ်အကြာ ပထမဆုံး ရုံးပြန်တက်တဲ့နေ့ အမှတ်တရ
ဇူလှိုင် ၁၀၊ ၂၀၂၁ စယ်ထရယ်ပါ့ခ်