စက်ဘီးစီးခြင်း အနုပညာ …

မခိုင်နဲ့အတူ စက်ဘီးစီးရအောင်လို့ ပြောနေတာကြာပြီ။ မခိုင် ဖိတ်ခေါ်တာနဲ့ ပိုကိုနိုတောင်မှာ စက်ဘီးသွားစီးဖြစ်တယ်။ အားကစားလိုက်စား အပတ်တိုင်းနီးပါး တောင်တက်လို့ အားကျရတဲ့ အသိအစ်ကိုဇနီးမောင်နှံ စီစဉ်တဲ့ခရီးစဉ်ပါ။ ၂၀၂၀ စက်တင်ဘာ ၁၈ သောကြာနေ့ စီးကြမှာဆိုတော့ Juneteenth အားလပ်ရက်တုန်းက မယူဖြစ်လိုက်တဲ့ အားလပ်ရက်ကို သုံးလိုက်တယ်။ အဲ့ဒီ Juneteenth အားလပ်ရက်က ဒီနှစ်ဇွန် ၁၉ ရက်မှာမှ အားလပ်ရက်အဖြစ် သတ်မှတ်လိုက်တာပါ။ လူမည်းတွေ ကျေးကျွှန်ဘဝက လွတ်မြောက်တဲ့အထိမ်းအမှတ်နေ့။ ဇွန် ၁၉ မတိုင်ခင်နေ့ကမှ အားလပ်ရပ်မှန်းသိတော့ ခရီးထွက်ဖို့မဖြစ်။ မိသားစုမိတ်ဆွေတွေနဲ့ တွေ့ဆုံရအောင် မိသားစုမရှိ အရမ်းရင်းနှီးတဲ့ မိတ်ဆွေဆိုတာ လက်ချိုးရေတွက်ရင် လက်ငါးချောင်းတောင် မပြည့်ဘူး။ ဒီနှစ်ခရီးမထွက်ဖြစ် အိမ်တွင်းအောင်းရတော့ ခွင့်ရက်တွေ စုထားတယ် အလုပ်များတာလည်းပါတယ်။ တစ်နှစ်စာခွင့်ရက်တွေကို နောက်နှစ်အထိသယ်ပြီး ရှေ့နှစ်ကျမှ အတိုးချပြီး ခရီးသွားမယ်။ တစ်နှစ်စာခွင့်ရက်ထက် ပိုနေတဲ့သူတွေကတော့ တစ်ပတ်တစ်ရက်ခွင့်ယူပြီး ရှင်းကြတယ်။ ကြသပတေးနေ့ညနေ ၄ နာရီခွဲ အိမ်ကထွက်ရမှာကို တော်သေးတယ် အဲဒီမတိုင်ခင်သွားခင် အလုပ်ပြီးသွားလို့။ မခိုင်အတွက် ပဲကြော်ဝယ်ထားပြီးပြီ၊ အိမ်နားက တရုတ်ဆိုင်က ဆန်ခေါက်ဆွဲ၊ တို့ဟူးကြော်၊ တရုတ်ပေါင်မုန့်ဆိုင်က ပေါင်မုန့်၊ လမ်းမှာစားဖို့ မုန့်တွေဝယ်။ NJ Transit မှာ လက်မှတ်ဝယ်ပြီး ဂိတ်နားမှာစောင့် လူများတယ်။ ဘတ်စ်ကားက ည ၆ နာရီခွဲအတိမှာထွက်ပြီး Clinton မှာရပ်တယ် လူတော်တော်များများ ဆင်းသွားတယ်။ ည ၈ နာရီခွဲ မခိုင်လာကြိုတယ် ညစာစား စကားတွေပြော စောစောအိပ်ယာဝင်တယ်။ နောက်နေ့ မနက် ၇ နာရီခွဲထ ထမင်းကြော်စားပြီး အိမ်ကထွက်တယ်။ စက်ဘီးစီးရင် တင်ပါးမနာအောင်လို့ padded trouser ဝယ်တာ မလာခင်တနေ့က မှရောက်လာလို့ တော်သေးတယ်။ လက်နာမှာစိုးလို့ မခိုင်အမျိုးသားက လက်အိတ်ပေးတယ်။ ပိုကိုနိုကို တနာရီလောက်မောင်းရတယ် ရာသီဥတုနည်းနည်းအေးတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်က သစ်ပင်တောတောင်တွေနဲ့ စိမ်းစိုတယ်။ လမ်းတလျှောက် ထရန့်ကိုထောက်ခံအားပေးတဲ့ ဆိုင်းဘုတ်တော်တော်များများတွေ့တယ်။ Jim Thorpe မြို့လေးက သေးသေးလေး မြို့လယ်ကောင်က ကားပါကင်မှာကားအပ် အဖွဲ့စုံအောင်စောင့်။ လူစုံတော့ စက်ဘီးဆိုင်ဆီ ချီတက်ကြတယ်။ တခုခုဖြစ်ရင် ကိုယ့်တာဝန်ဆိုတဲ့ waiver form မှာ လက်မှတ်ထိုး။ တော်တော်များများက ကိုယ်ပိုင်စက်ဘီး ယူလာကြတယ်။ ကိုယ်က စက်ဘီးငှားတယ် ဆိုင်ကကိုယ်အရပ်နဲ့ အံခွင်ဝင်ကျဖြစ်အောင် စက်ဘီးထိုင်ခုံကို ညှိပေးတယ်။ စက်ဘီးတွေကို ရှယ်တယ်ကားနောက်မှာတင်ပြီး ၁၀ နာရီရှယ်တယ်က နောက်ကျပြီးမှ ထွက်တယ်။ စက်ဘီးစီးမဲ့နေရာကို ၄၅ မိနစ်လောက် မောင်းရတယ်။ ပိတ်ရက်ဆိုရင် ဟိုင်းဝေးလမ်းကသွားလို့ နာရီဝက်လောက်ပဲ မောင်းရတယ်တဲ့။ ၁၀မိုင်စီးမဲ့သူတွေကို လမ်းတဝက်မှာချပေးတယ် ကိုယ်တို့က ၂၅ မိုင် ဂိတ်ဆုံးပဲ။

ဦးထုပ်ကို ဂိတ်ဆုံးကဆိုင်မှာ တောင်းရတယ်။ စက်ဘီးထိုင်ခုံချိန်တာ ပုဝင်သွားလို့ ဆိုင်ဝန်ထမ်းကို အကူအညီတောင်းရတယ်။ ဒယ်ဒီနှစ်ယောက်က ကလေးထိုင်ခုံလေးကို နောက်မှာတွဲပြီး နင်းတယ်။ အားကစားလိုက်စားတဲ့မခိုင်ကို အသက် ၁၅ နှစ်ငယ်တဲ့ ကိုယ်က မနည်းအမှီလိုက်ရတယ်။ age is just number ။ စက်ဘီးလမ်းဘေးမှာ စမ်းချောင်း၊ သစ်ပင်တွေ အုပ်ဆိုင်ပြီး အင်မတန်သာယာတယ်။ ကိုယ်စီးဖူးသမျှ စက်ဘီးလမ်းမှာ ဒီလမ်း Leigh George Biking Trail က အလှဆုံးပဲ ဆောင်းဦးရာသီမှာ ပြန်လာစီးချင်သေးတယ်။ မခိုင် ဇူလှိုင်လ စက်ဘီးစီးတုန်းက ပူလွန်းလို့ ချွှေးတွေမျက်စိထဲဝင်နဲ့ စီးလို့မကောင်းဘူး။ ခုရာသီဥတုက စက်ဘီးစီးလို့ အတော်ကောင်းတယ် တောတောင်ထဲဆိုတော့ စိမ့်အေးတယ်။ အအေးကြောက်လို့ Halley Hensen base layer ပေါ် မိုးကာအင်္ကျီထပ်ဝယ်ထားတယ်။ ဝိုင်းက အဲဒီမိုးကာအင်္ကျီအရောင်လှတယ်။ ဓာတ်ပုံထဲမှာပေါ်တယ် သူနောက်ဝယ်ရင် အဲ့ဒီအရောင်ဝယ်မယ်တဲ့။ ၂၀၁၉ ဇူလှိုင် ဆူနမ်တို့အိမ်နားက စက်ဘီးလမ်းမှာ ၄ မိုင်လောက်စီးမယ်ဆိုပြီး ထွက်သွားလိုက်တာ ၂၄ မိုင်စီးဖြစ်သွားတယ်။ မနက်ငှက်ပျောသီးတလုံးစားပြီး ရေတပုလင်းပဲပါတယ်။ မနက်စာလည်း ကောင်းကောင်းမစားခဲ့ ရာသီဥတုကလည်း အရမ်းပူ စက်ဘီးလမ်းကလည်း ဘာအပင်မှမရှိတော့ ပင်ပန်းလိုက်တာ။ နောက်နေ့ကျတော့ တင်ပါးနာလို့ ကောင်းကောင်းမထိုင်နိုင်ဘူး။ ဆောင်းဦးချိန် ဆူနမ်ဆီလာပြီး ဝိုင်းနဲ့ ၃၅ မိုင် စက်ဘီးစီးမယ်လို့ ပြောကြသေးတယ်။ ၂၀၁၃ မေရီလန်းမှာနေတုန်းက အိမ်နားက မက်ထရူးဟက်ဆန် စက်ဘီးလမ်းက သာယာတယ်။ လမ်းသွားလျှောက်တိုင်း စက်ဘီးစီးတဲ့သူတွေကို အားကျတယ်။ စက်ဘီးဝယ်မယ် ကားအသစ်လဲရင် SUV ဝယ်မယ်လို့ စိတ်ကူးထားတာ နယူးယောက်မှာအလုပ်ရတော့ ကားရောင်းခဲ့ရတော့တာပဲ။ လမ်းတဝက်က အိမ်သာကိုဝင် ပါလာတဲ့ nuts တွေစား ၁၅ မိနစ်လောက်ပဲနားတယ်။ အားလုံးက on your left ဆိုပြီး ကျော်သွားကြတယ်။ တချို့များ စီးသွားတာ ဝှီးကနဲအသံပဲ ကြားလိုက်ရတယ် မြန်ချက်။ ကားပါကင်၊ မီးရထားလမ်းနားမှာ လမ်းမေးရတယ်။ အဖွဲ့ထဲကကလေး စက်ဘီးလမ်းပိတ်သလို ဖြစ်နေတာရယ်၊ ကိုယ် လမ်းလျှောက်ပြီး ကားလမ်းကို ဖြတ်ကျော်တာကို စက်ဘီးစီးတဲ့လူတချို့က စိတ်မရှည်ကြဘူး။ တနေရာမှာ ကွင်းပြင်ကြီး လူလည်းမတွေ့တော့ လမ်းများမှားပြီးလားပေါ့။ စက်ဘီးစီးလာတဲ့ လူကို‌‌တွေ့မှလမ်းမှန်ဆိုပြီး အားတက်ရတယ်။ တွေ့တဲ့လူငယ်စုံတွဲကို Jim Thorpe မြို့ဆီသွားတဲ့လမ်းမှန်မမှန် ဘယ်လောက်ဝေးလဲလို့ မေးတာကို မခိုင်က စိတ်မချဘူး။ လူကြီးတယောက်ကို ထပ်မေးတော့မှ စိတ်ချသွားတယ်။ တံတားပေါ်မှာ နားနေတုန်း ဖြတ်သွားဖြတ်လာ သဘောကောင်းတဲ့မိန်းကလေးက ဓာတ်ပုံရိုက်ပေးတယ်။ မခိုင်က သူ့အမျိုးသားကို ဖုန်းခေါ်မရလို့ စိတ်ပူနေတာ အစိမ်းရောင်တောက်တောက်ဂျာကင်ကို တွေ့တော့မှ ဝမ်းသာသွားတယ်။ မခိုင်အမျိုးသားကလည်း ဟိုနှစ်ယောက် ဘယ်ရောက်နေလည်းမသိဘူး လိုက်ဦးမှဆိုပြီး လိုက်လာတာ။ 


ကလေးပါတဲ့အဖွဲ့ကတော့ ဓာတ်ပုံရိုက်လိုက်၊ မုန့်စားလိုက်၊ စမ်းချောင်းထဲ ဆင်းဆော့လိုက်နဲ့ အေးဆေးပဲ။ တနေရာမှာ မခိုင်အမျိုးသားက လှည့်ပြန်သွားလို့ ဘာဖြစ်တာလဲ အိမ်သာသွားချင်လို့လား။ ကုန်းကုန်းကွကွနဲ့ ရှာနေလို့ ဘာများကျကျန်လို့လဲ မသိဘူး။ လမ်းလျှောက်လာတဲ့ လူနှစ်ယောက်ကပါ ဝိုင်းရှာပေးတယ်။ မေးကြည့်တော့ rattle snake တွေ့လို့တဲ့ ခင်ဗျားတို့မမြင်ဘူးလား မမြင်ဘူး ကိုက်ရင်တောင် သိမယ်မထင်ဘူး။ အဲ့ဒီမြွေက အဆိပ်ရှိတယ် သေးသေးလေးပေမဲ့ အမြီးနားမှာ ဒဏ်ရာရနေလို့ မသွားနိုင်ဖြစ်နေတာ ခုတောထဲလွှတ်ပေးလိုက်တယ်တဲ့။ ကားပါကင်နား ပြန်ရောက်လာတယ် စက်ဘီးပြန်အပ်ပြီး ပါလာတဲ့မုန့်တွေစား။ အဖွဲ့စုံအောင်စောင့် တနာရီကြာတော့ အားလုံးပြန်ရောက်လာတယ်။ အစက အဖွဲ့ခေါင်းဆောင်အစ်ကိုဇနီးမောင်နှံအိမ် နယူးဂျာစီကိုလိုက်ပြီး အနီးအနားကဘတ်စ်ကားစီးပြီး နယူးယောက်ပြန်မလို့။ ဗိုက်ဆာနေကြပြီမို့လို့ ညစာစားမယ် နှစ်နာရီမောင်းပြီးမှ နယူးဂျာစီကို ရောက်မှာဆိုတော့ ည ၈ နာရီလောက်ဖြစ်သွားမယ်။ နယူးယောက်ကို ဘတ်စ်ကားရှိပါဦးမလား နယူးယောက်ကို ဘတ်စ်ကားတနာရီလောက်ထပ်စီး။ နယူးယောက်ကနေ ကွင်းကို တနာရီထပ်စီး အိမ်ကို ည ၁၀ခွဲ၊ ၁၁ လောက်မှရောက်မယ်။ အဲ့ဒါထက် မခိုင်တို့မြို့က ဘတ်စ်ကားစီးရင် ၂ နာရီနဲ့ နယူးယောက်ရောက်မယ်လို့ ည ၉ နာရီ အိမ်ရောက်မယ်။ ဘတ်စ်ကားက ည ၆ နာရီ ၁၅ ထွက်မှာ ဆိုတော့ မှီအောင် အမြန်မောင်းပေးတယ်။ လက်မှတ်ကို ဘတ်စ်ကားပေါ်ရောက်မှဝယ် လူအပြည့်ပဲ clinton နဲ့ နူးဝါ့လေဆိပ်မှာ ရပ်တယ်။ ည ၈ နာရီ ဟော်လန်မြေအောက်လှိုဏ်ခေါင်းဖြတ်ပြီး ၄၂ လမ်းနားရောက်တော့ အနီရောင်ပြိုင်ကားလေး အမိုးဖွင့်တာ အတောင်တွေအတပ်တွေပိတ်ပြီး ရှုပ်ရှပ်ခတ်သွားလို့ ဘာလေးလဲလို့ ငေးတာ poshe အနီရောင်ပြိုင်ကားလေး။ Telsa လည်း အဲ့ဒီလို နောက်တံခါးဖွင့်ရင် တံခါးက အပေါ်ကိုမြောက်တက်သွားတာ တောင်ပံဖြန့်သလိုပဲ။ Telsa ကားနဲ့ နိုင်ငံဖြတ်ကျော်ခရီး ထွက်ချင်တယ်လို့ စိတ်ကူးယဉ်ဖူးတယ်။ အဲ့ဒီနေ့က ပင်ပန်းလို့ ည ၁၀ နာရီခွဲကတည်းကအိပ်တာ စနေနေ့မနက် ၁၀ နာရီခွဲမှနိုးတယ်။ Fibit က Good 81 score တဲ့ ကိုဗစ်ကာလအတွင်း မနက် ၂ နာရီမှအိပ်ဖြစ်နေတယါ။ ခန္ဓာကိုယ်သိပ်မနာဘူး ပင်ပန်းလို့ အိပ်ယာပေါ်နားနေတာတခုပဲ။ အခွင့်ကြုံရင် နောက်ထပ် စက်ဘီးစီးချင်သေးတယ်။ 

Happy Biking! 
စက်တင်ဘာ ၂၅၊ ၂၀၂၀။


ကွာရန်တင်း - ၃

အိမ်ပြင်မထွက်တာ ၆ လလောက်ရှိပြီ။ မနက် ၂ နာရီလောက်မှအိပ်ပြီး ၈ နာရီခွဲထတယ်။ Fibit မှာ မဆိုးဘူးလို့ ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ အိပ်ရေးမဝလို့ မျက်နှာက ချောင်ကျနေတယ်။ အစပိုင်းတုန်းက အရမ်းစားပေမဲ့ ခုသိပ်မစားတော့ဘူး ၂ ပေါင် ဝိတ်တက်တယ်။ မနက်တိုင်း ငှက်စာကျွှေး၊ ငှက်ရေခွက်ထဲရေထည့်ပြီး ငှက်တွေကို ရေတိုက်တယ်။ ငှက်တွေက အစာကျွှေးတဲ့သူကို သိတယ်။ အစာကျွှေးတဲ့သူ အိပ်ယာကမထသေးရင် အခန်းနားမှာ ကျွှတ်စီကျွှတ်စီ အသံလာပေးတယ် ထပါတော့ အစာလာကျွှေးပါတော့ဗျို့တို့ ဘာတို့နေမှာပါလေ။မကြီးအခန်းနဲ့ကပ်လျက်ကို မကြီးအခန်းပြတင်းပေါက်ကိုတော့ မလာဘူး။ မနက်ဖက် ကိုယ်ထွက်လာတာနဲ့ ကျွှတ်စီကျွှတ်စီ အသံပေးကြတော့တာပဲ။ ဘယ်သူရေ ဘယ်ဝါရေ ဒီမှာအစားကျွှေးနေပြီလို့ သူ့အပေါင်းအသင်းတွေကို ခေါ်ကြဟန်တူတယ်။ ရဲတဲ့တကောင်ဆို အနားဆီပျံဝဲပြီးတော့ကို ကြိုတယ်။ စနေနေ့ညနေဆိုရင် အိမ်နဲ့ ၁၅ မိနစ်အဝေးက ဟင်မှားချက်ထားတဲ့အန်တဲ့တီအိမ်မှာ ဟင်းသွားယူတယ်။ ခုတော့တခါတလေ စျေးသွားဝယ်တယ်။ နယူးယောက်မှာ ကိုဗစ်အရမ်းဖြစ်တုန်းကဆိုရင် instacart ကနေ ပစ္စည်းတွေမှာတယ်။ ခုတော့ နယူးယောက်မှာ ရောဂါကူးစက်နှုန်း ၁% အောက်မို့လို့ ဆေးခန်းသွားပြရဲတယ်။ ကူးစက်နှုန်းတက်လာရင် အပြင်မထွက်တော့ဘူး အိမ်တွင်းအောင်းရမယ်။ အိပ်ရေးမဝ လမ်းမလျှောက်တော့ သွေးလည်ပတ်မှုမရှိ လှုပ်ရှားမှုမရှိလို့ ကိုယ်လက်တွေ ညောင်းညာကိုက်ခဲတယ်။ အိပ်ရေးမဝလို့ ခေါင်းကိုက်တယ်။ ပိတ်ရက်ဆိုရင် မနက် ၈ နာရီခွဲထစရာမလိုလို့ နေ့လည် ၁၂ အထိအိပ်တယ်။ ဗိုက်ဆာတော့မှ အိပ်ယာကထတယ်။ ဟင်းကတပတ်စာ ဝယ်ထားတာဆိုတော့ သိပ်ချက်စရာမလိုဘူး။ နေ့လည်အထိ အိပ်ထားတော့ ညကျတော့ တော်တော်နဲ့မအိပ်ချင်ဘူး။ ဒီလိုနဲ့ အိပ်ချိန်မမှန်တာ သံသရာလည်နေတယ်။ စားပွဲခုံပုပုလေးနဲ့ ထိုင်အလုပ်လုပ်နေတာ တကိုယ်လုံးညောင်းညာကိုက်ခဲတယ်။ ထမင်းစားပွဲမှာ စက္ကူဗူးတွေတင်ပြီး ထိုင်၊ မတ်တပ်ရပ်စားပွဲခုံ DIY လုပ်တယ်။ မတ်တပ်ရပ် အလုပ်လုပ်ရတာ ကြိုက်သွားတယ်။ ရုံးလပ်တော့ကွန်ပျူတာက သေးတော့ ကြည့်ရတာ သိပ်အားမရဘူး ရုံးမှာတောင်းလို့ရတယ်။ ကြာမှာဆိုတော့ လေဘာဒေးပိတ်ရက် စျေးချနေတာနဲ့ မော်နီတာကြီး ဝယ်လိုက်တယ်။ မော်တာနာကြီးဝယ်လိုက်တော့ တင်ဖို့စားပွဲခုံလိုပြန်ရော။ ထိုင်မတ်တပ်ရပ်စားပွဲခုံဝယ်ဖို့ လိုက်ဖတ်တော့ အကောင်းဆုံးဆိုတာကို ဝယ်ဖို့တတ်နိုင်ပေမဲ့ နေရာအကျယ်အဝန်းကို တွက်ချက်ရတယ်။ အိမ်ကကျဉ်းတော့ သေးတဲ့စားပွဲခုံရှာရတယ် အိုင်ကီရာကိုကြိုက်ပေမဲ့ ပေါင် ၁၅၀ လေးပြီး ပစ္စည်းပြတ်နေတယ်။ မှာလိုက်တဲ့ထိုင်ခုံက တလကြာမှရောက်မယ်ဆိုပြီး စောရောက်လာတယ်။ ဒေါက်တိုင်က ကပ်နေပြီး ဆင်တဲ့ဖက်မှားနေလို့  ချွှေးပြိုက်ပြိုက်ကျ ဆင်ရတာ အတော်ကြာတယ်။ မတ်တပ်ရပ်နေရာကနေ ထိုင်တဲ့အနေအထားရဖို့ ဖိရတာ မနည်းအားစိုက်ရတယ်။ အီလက်ထရစ်မော်တာပါတဲ့ စားပွဲခုံတွေက လူသက်သာတယ်။

ဆုံလည်ထိုင်ခုံ၊ ဝိုင်ယာလက် ကီးဘုတ်၊ မောက်စ် ထပ်ဝယ်ရတယ်။ ခုတော့ မတ်တပ်ရပ်လုပ်ရတာ ကြိုက်နေတယ် မနက် ၈ နာရီခွဲကနေ ည ၆ နာရီအထိ မတ်တပ်ရပ် အလုပ်လုပ်တယ်။ ထမင်းစားချိန် နာရီဝက်၊ အစည်းအဝေးလောက်ပဲ ထိုင်တော့တယ်။ မတ်တပ်ရပ်လုပ်တော့ သွေးလည်ပတ်မှုကောင်းလို့လား မသိဘူး နေလို့ကောင်းတယ်။ အရင်ကလောက် ညောင်းညာကိုက်ခဲမနေတော့ဘူး။ ဇက်ကြောတက်လို့ မျက်စိဒီဂရီတက်သလားဆိုပြီး မကြီးက မျက်စိကို သွားစမ်းသပ်ခိုင်းနေတယ်။ ဇက်ကြောတက်သက်သာအောင် OSIM ဇက်ကိုနှိပ်တဲ့ဟာ ဝယ်လိုက်တယ်။ ကြိုက်သွားလို့ neck & back messenger ထပ်ဝယ်လိုက်တယ်။ အိမ်မှာ အမေနဲ့ကိုယ်က အနှိပ်မကြိုက်တဲ့သူ မကြီးနဲ့အဖေက အနှိပ်ကြိုက်တယ် အားရင်နှိပ်နေကြတယ်။ အနှိပ်မကြိုက်တဲ့ကိုယ်တောင် ကြိုက်တယ် မကြီးနဲ့အဖေဆို အဲ့ဒီထိုင်ခုံကနေ ဆင်းကြတော့မှာ မဟုတ်ဘူး။ အဲ ... အနှိပ်ခုံဝယ်ပြီးကာမှ ဇက်ကြောက မတက်တော့ဘူး။ OSIM က ခြေထောက်နှိပ်တဲ့ဟာ၊ ခေါင်းနှိပ်တဲ့ဟာနဲ့၊ မျက်စိနှိပ်တဲ့ဟာ ဝယ်ချင်နေတယ် စျေးချမှ ဝယ်ဦးမယ်။ ချွှေးထုတ်စက် ဝယ်ချင်နေတာ မကြီးက ဝယ်ထားပြီးပြီဆိုလို့ ချွှေးထုတ်ရတာလည်း ကြိုက်တယ်။ ကော့စကာရီကာနဲ့ အလာစကာ hot springs မှာ နှစ်နာရီလောက် ရေစိမ်တယ်။ ဆံပင်အတော်ရှည်နေပြီ မညှပ်တာ တစ်နှစ်ရှိပြီကိုး။ ဆံပင်ညှပ်ဆိုင်မသွားရဲတော့ ယူကျူကနေကြည့်ပြီးညှပ်တာ မညီလို့တိလိုက်ညှပ်လိုက် ညှပ်လိုက်တိလိုက်နဲ့ အတော်တိုသွားရော။ ကိုယ့်ဘာသာညှပ်ပြီး ကိုယ့်ဘာသာ သဘောတွေကျနေတယ်။ တသက်နဲ့တကိုယ် ဒီတခါပဲ ကိုယ့်ဘာသာ ဆံပင်ညှပ်ဖူးတယ်။ အိုင်အိုဝါကျောင်းမှာတုန်းက ကိုယ့်‌ရှေ့ခုံမှာထိုင်တဲ့ တရုတ်‌လေး‌တွေ အုံးမှုတ်ခွက်‌ကေလေး‌တွေနဲ့ တပုံစံတည်းဖြစ်‌နေလို့ ဘယ်လိုဖြစ်တာလဲ‌လို့ မေးကြည့်‌လိုက်တော့ ဆံပင်ညှပ်ခသက်သာ‌အောင်လို့ ‌ရှောင်ပိုင်က ဆံပင်ညှပ်‌ပေးထားတာတဲ့။ ဟဲ့.. အဲ့ဒါဆို ငါလည်း ဆံပင်ညှပ်ခ သက်သာအောင် ငါ့ကိုညှပ်‌ပေးပါလားလို့‌ပြောတော့ မိန်းကလေး‌ကို မညှပ်တတ်ဘူးတဲ့။ မချောသုခိတာညွှန်းတဲ့ ကူရှင်နဲ့ခေါင်းအုံး ဝယ်လိုက်တယ် အတော်ကြိုက်တယ်။ ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းညွှန်းလို့ ကော်ဖီသောက်တဲ့အခါ ကိုလာဂျင်မှုန့် သောက်နေတယ်။ ကော်ဖီမှုန့်တစ်ဇွန်း ရေနွှေးပူပူထည့်ပြီး နှစ်မိနစ်လောက်နှပ်။  ကော်ဖီမှုန့်စစ်ပြီး ဂီး၊ ကိုလာဂျင်မှုန့် ထည့်သောက်တယ်။ ရှီဆေးဒိုးက ကော်လာဂျင်ဗူး နာမည်ကြီးတယ် မသောက်ဖူးသေးဘူး။ စက်တင်ဘာ ၈ ရက်နေ့ NLD အောင်လံထူတဲ့နေ့ အားလုံးကအနီရောင်ဝတ်ပြီး ဓာတ်ပုံတင်နေတာကို အားကျလို့ အနီရောင်အင်္ကျီရှာဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်တယ်။ နှုတ်ခမ်းနီကတော့ ဝိုင်း‌မွေးနေ့လက်‌ဆောင်‌ပေးထားတဲ့ ရှယ်နယ်နံပါတ် ၉၈ Rough Coco Flash ။ အဲ့ဒီနှုတ်ခမ်းနီ ရှာပုံတော်အကြောင်း ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးပို့စ်အဖြစ် ရေးဖူးပါသေးတယ်။

Stay Home! Stay Safe!
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၂၀။

၂၀၂၀ စက်တင်ဘာ ၈ NLD အောင်လံထူတဲ့‌တဲ့နေ့ အမှတ်တရ
DIY standing desk
DIY sitting desk
ယူကျူကြည့်ပြီး ဆံပင်ညှပ်တာ မညီလို့ တိလိုက်ညှပ်လိုက်နဲ့ တိုသွားရော....ကိုယ်ယ့်ဘာသာ သ‌‌ဘောတွေကျ
ဒီခုံလေး ရွေးလိုက်တယ်
ကိုယ့်အလုပ်စားပွဲ...‌ ကိုယ်က နယူး‌‌ယောက်က ဂျေအပ်ဖ်‌ကေနဲ့ လာဂွာရီးရား‌၊ နယူးဂျာဆီက နူဝါ့နဲ့ တီတာဘိုရို လေဆိပ်လေးခုရဲ့ ဝက်ဖ်ဆိုဒ်‌မှာ‌ ပြောင်းလဲမှုလုပ်တာကို တာဝန်ယူရပါတယ်...မော်နီတာမှာ မြင်ရတာ ကိုယ်အခုလုပ်‌နေတဲ့ နယူး‌ယောက်‌ ဂျေအပ်ဖ်‌ကေ‌လေဆိပ်ရဲ့ ဝက်ဖ်ဆိုဒ်... 
ဒီကူရှင်‌လေးကို အရမ်းသ‌ဘောကျနေတယ်

မ‌ချောသုခိတာ ညွှန်းတဲ့ ကျီးပေါင်း‌ခေါင်းအုံးကို အရမ်းကြိုက်တယ်
OSIM neck & back message

ဝယ်ချင်‌နေတာ Portable Sauna tent မကြီးက ဝယ်ထားပြီးပြီ မဝယ်နဲ့ဆိုလို့
‌ကိုလာဂျင်‌ပေါင်ဒါမှုန့်နဲ့ ဂီး

အယ်ဘနီသွား တောလား - ၃

စက်တင်ဘာ ၇ လေဘာဒေးပိတ်ရက် မခိုင်၊ မမီးတို့နဲ့ဆုံဖို့ ချိန်းထားတာ ပျက်သွားတယ်။ ဒီတော့လည်း ပိတ်ရက်မှာ အတိုးချပြီး အိပ်ရတာပေါ့‌လေ။ မနက် ၂ နာရီလောက်မှအိပ်ပြီး မနက် ၈ နာရီခွဲမှထ Fibit က မဆိုးပါဘူးလို့ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ ပိတ်ရက်ဆို မနက် ၈ နာရီခွဲထ ငှက်တွေကို အစာကျွှေးပြီးရင်ပြန်အိပ်။ နေ့လည် ၁ နာရီလောက်မှ ဗိုက်ဆာလို့ ထစားတယ်။ ပိတ်ရက်မှာတော့ အိပ်ရေးဝတယ်။ အယ်ဘနီကအစ်မ မမီက လာလည်ပါလားလို့ ဖိတ်တာနဲ့ သွားဖြစ်သွားတယ်။ အစကတော့ ဆောင်းဦးရောက်မှ သွားလည်မလို့ အအေး‌ကြောက်ရင် အခုလာနော်တဲ့။ အယ်ဘနီက နယူးယောက်ပြည်နယ်ရဲ့မြို့တော် နယူးယောက်မြို့ရဲ့မြောက်ဖက်စူစူး မိုင် ၁၅၀ ဝေးတယ်။ ဘတ်စ်ကားဆို သုံးနာရီလောက်စီးရပြီး ရထားနဲ့ဆို နှစ်နာရီခွဲလောက်စီးရတယ်။ ရထားခစျေးသက်သာတာနဲ့ Amtrak ရထားရွေးလိုက်တယ်။ ၂၀၁၇ အဖေတို့လာတုန်းက ဝါရှင်တန်ဒီစီကိုသွားတော့ Amtrak ရထားစီးဖူးတယ်။ စနေနေ့ နေ့လည် ၁ နာရီသွား တနင်္လာနေ့မနက် ၁၀ နာရီ ပြန်မယ်။ မမီနဲ့ ရန်ကုန်မှာမဆုံဖူးဘူး မမီညီမ မနီက မကြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အချစ်ဆုံးသူငယ်ချင်း။ မနီနဲ့ကတော့ သိလာတာ ၂၀၀၀ ကတည်းက။ စတိတ်ကိုလာမယ်ဆိုတော့ မမီနဲ့ဖုန်းပြောဖြစ်သေးတယ် လေဆိပ်မှာ ဖိနပ်ချွှတ်ရလိမ့်မယ်လို့ ဘာတို့ပြောပြတယ်။ ၂၀၁၅ မှာ မမီ နယူးယောက်လာတော့ တိုင်းစကွဲမှာ တခါဆုံဖူးတယ်။ ၂၀၁၆ အယ်ဘနီကို တရုတ်တိုးနဲ့ဝင်လည်တော့ မမီက သူ့အိမ်ကိုဝင်လည်ဖို့ ဖိတ်တယ်။ ကြုံရင်ကြုံသလို သူ့ဆီလာလည်ဖို့ ဖိတ်တယ်။ တရုတ်တိုးနဲ့ အယ်ဘနီမြို့လည်ပန်းခြံထဲက ကျူးလစ်ပန်းခင်းမှာ ဓာတ်ပုံရိုက်တယ်။ စတိတ်ကယ်ပီတယ်အဆောက်အဦးက ပိတ်ရက်မို့လို့ ပိတ်ထားတယ်။ ဒီတော့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ် အတွင်းမှာ အတော်လှတယ်တဲ့။ ပြတိုက်က အင်မတန်ကောင်းတယ် ဒုတိယကမ္ဘာစစ်တုန်းက စစ်သ​ေင်္ဘာကို သွားလည်တယ်။ ရေမြုပ်ပုံးတွေ ဘယ်လိုချလဲ၊ အခန်းကျဉ်းလေးထဲမှာ ရေတပ်သားတွေ ဘယ်လိုနေထိုင်ကျလဲဆိုတာ ပြသထားတယ်။၂၀၁၇ မကြီး စတိတ်လာတော့ မနီလည်း စတိတ်ကို လာလည်တယ်။ ဆုံဖို့တောင် ချိန်းကြသေးတယ် မမီတို့ညီအစ်မတွေ ခရီးတွေ‌တောက်‌လျှောက် ထွက်‌နေတာနဲ့ မတွေ့ဖြစ်ဘူး။ ၂၀၁၉ ဇွှန် မောင်မောင့်အသုဘ မနီ၊ မသန္တာ မကြီးသူငယ်ချင်းတွေ လာကြတယ်။  အခု မနီ စတိတ်ကိုရောက်နေတော့ တွေ့ချင်နေတာရော၊ အိမ်ပြင်မထွက်တာလည်း ၆ လရှိပြီ၊ နယူးယောက်မှာ ကိုဗစ်ကိုထိန်းနိုင်တုန်းမို့ သွားဖြစ်လိုက်တယ်။ အိမ်ပြင်မထွက်တာ ကြာလို့လားမသိဘူး သစ်ရွက်စိမ်းစိမ်းလေးတွေ၊ ရထားလမ်းဘေးတလျှောက် မြင်ရတဲ့ဟက်ဆန်မြစ်၊ တောတောင်ရေမြေ စိမ်းညှို့ညှို့ကို မြင်ရတာနဲ့တင် စိတ်အပြောင်းအလဲဖြစ်ပြီး ပျော်လိုက်တာ။ ရောက်တာနဲ့ မမီအသိအိမ်မှာ မွေးနေ့ပွဲ သွားစားတယ်။ မြန်မာအစားအစာတွေ မစားရတာကြာပြီမို့လို့ အတော်စားကောင်းတယ်။ တွေ့ဆုံရတဲ့သူတွေကလည်း သဘောကောင်းကြတယ်။ အိမ်တွေက အကျယ်ကြီး ခရမ်းချဉ်သီး၊ သခွား၊ ငရုတ်၊ ဟင်းနုနွယ်၊ kale၊ ဖရဲ၊ ချဉ်ပေါင်ပင်တွေက ရှင်လိုက်တာ။ အဖေနဲ့အမေဆိုရင် သဘောကျမှာ ဘယ်လောက်တောင် စိုက်လိုက်ကြမလဲမသိဘူး။ ရေကူးကန်ရှိတယ် မကြီးအကြိုက်ပဲ နွေရာသီဆိုရင် ရေကူးကန်ထဲက တက်တော့မှာ မဟုတ်ဘူး။

သစ်ပင်အောက်မှာ ဒန်း၊ သစ်ပင်နှစ်ပင်ကြားက hammock အဝတ်ဒန်းလေးကို သဘောကြလိုက်တာ။ အိမ်ရှေ့မြက်ခင်းပြင်က စိမ်းနေတာပဲ။ ပိတ်ရက်ဆိုရင် မြက်ခင်းပြင်ပေါ် ဖျာလေးခင်းပြီး စာဖတ်နေမှာ။ မြို့လေးကို သဘောကျသွားတယ် အငြိမ်းစားယူရင် လာနေမယ်လို့တောင် တွေးမိတယ်။ အခုပီအေအလုပ်အော်ဖာမရခင် အလုပ်အော်ဖာတခုရဖူးတယ်။ ဂရမ်းစင်ထရမ်မီးရထားရုံနားက အင်ပါယာစတိတ်ကိုအော်ပိုရေးရှင်းမှာ။ အလုပ်‌အော်ဖာကို လက်ခံပြီးမှ ပီအေ‌အော်ဖာရလို့ ငြင်းလိုက်တာ။ အဲ့ဒီရုံးက ဝိုင်းအိမ် အလုပ်နားမှာ ဝိုင်း‌ရေ အင်တာဗျူးဖြေနိုင်တယ်ကွ အလုပ်‌‌အော်ဖာရလို့က‌တော့ ‌ဝိုင်းနဲ့ နေလည်စာအတူထွက်စား၊ ရုံးဆင်းချိန်လျှောက်လိမ့်နဲ့ နှစ်‌ယောက်သား တတွဲတွဲ‌နေမှာ။ အင်တာ‌ဗျူးမှာ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုး အမ်းထရူးကူမိုအတွက် အလုပ်လုပ်ပေးရတော့ လိုအပ်ရင် အယ်ဘနီမှာ သွားလုပ်ပေးရမယ်လို့ ပြောဖူးတယ်။ မမီက အစိုးရရုံးမှာလုပ်တော့ အင်ပါယာစတိတ်ကိုအော်ပိုရေးရှင်းကိုသိတယ်။ အင်ဒီယန်း‌လေဒါလယ်တော ပန်းသီးခြံကို သွားလည်တယ်။ လူတွေအများကြီး လာတဲ့နေရာဆို‌တော့ မတ်စ်တပ်ရတယ်။ ပန်းသီးဆိုင်ဒါဒိုးနတ် စားကောင်းတယ် ပန်းသီးဆိုင်ဒါဖျော်ရည်ကတော့ ချဉ်တယ်။ အစကတော့ ပန်းသီးခူးမလားလို့ ကိုယ်က နယူးဂျာဆီပြည်နယ် ပရင်စတန်ဖက်မှာ ပန်းသီးခူးဖူးတယ်။ ကိုယ်တိုင်ခူးတဲ့ ပန်းသီးတပေါင်စျေးက ဆိုင်မှာရောင်းတဲ့စျေးထက် နှစ်ဆကြီးတယ်။ ပန်းသီးခူးရင်း စားမှာကိုပါ တွက်ချက်ထားတာကိုး။ ပန်းသီးခူးရင် တလုံးထက်အပြင် မစားနိုင်ပါဘူး။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီခူးရင်‌တော့ ဗိုက်ထဲရောက်တာ ခပ်များများ။ ၂၀၁၉ ‌နွေရာသီ နယူး‌ယောက်အပ်စတိတ်ဖက်မှာ ဘယ်ရီခူးမယ်ဆိုတော့ ဆူနမ်က ဝိုင်းကိုမှာတယ်။ ဘယ်ရီခူးရင် စန်းစန်းကို သတိ‌ပေး ဝိုင်း ဒင်းက ခြင်း‌တောင်းထဲထည့်တာနည်းနည်း ပါးစပ်ထဲထည့်တာများများ။ ခြင်းတောင်းထဲမှာ‌တော့ တပေါင်‌လောက်ပဲ သူ့ဗိုက်ထဲနှစ်‌‌ပေါင်လောက် ထည့်လာလိမ့်မယ်လို့‌ပြောပြီး ရယ်ရသေးတယ်။ အဲ့ဒီလို ဆူနမ်က ကိုယ်ယ့်အကြောင်း ကောင်း‌ကောင်းသိတယ်။ ဝယ်လာတဲ့ပန်းသီးဒိုးနတ်စား၊ ပန်းသီးဆိုင်ဒါဖျော်ရည်သောက်၊ လမ်းတပတ်လျှောက်ကြတယ်။ မကြီးက ကိုယ်ဝတ်ထားတဲ့ဂါဝန်က ကြီးနေတယ်လို့ မထင်ဘူးလားတဲ့။ ပွပွကြီး စတိုင်မကျဘူးဆိုတာသိတယ်။ အသက်ကြီးလာလို့လားမသိဘူး ခန္ဓာကိုယ်ကွက်ထိ ဖြစ်နေတာထက် ခပ်ပွပွလေး သက်တောင့်သက်တာ ဖြစ်နေတာကို ပိုကြိုက်တယ်။ ခရီးသွားချိန်၊ စျေးဝယ်ထွက်ချိန် ဝတ်ဖို့ဝယ်ထားတာ ပွနေမှန်း စတိုင်မကျမှန်းသိတယ်။ ညနေစောင်း မမီအိမ်မှာအလှုလုပ်တော့ မိတ်ဆွေတွေအများကြီးလာကြတယ်။ လာတဲ့မိတ်ဆွေတွေထဲမှာ အန်ကယ်ကြီးတယောက်နဲ့က မေရီလန်းမှာ သိဖူးတယ်။ အပြင်မှာလူချင်း မမြင်ဖူးဘူး ဖုန်းပဲပြောဖြစ်တာ ခုမှလူချင်းဆုံတော့တယ်။ ၂၀၁၃ ဒီဇင်ဘာ နယူးယောက်မှာအလုပ်ရလို့ အိမ်ရှာတော့ အသိအစ်မရဲ့ မိတ်ဆွေရဲ့ မိတ်ဆွေ အန်ကယ်ကြီးက နယူးယောက်က သူ့မိတ်ဆွေတွေကို လှမ်းမေးပေးတယ်။ စကားပြောရတာ အင်မတန်ကောင်းလို့ နှစ်နာရီလောက်ပြောဖြစ်တယ်။ သူ့မိတ်ဆွေကိုယ်သိ ကိုယ့်မိတ်ဆွေသူသိနဲ့ ကမ္ဘာကြီးက အမှန်တော့ ကျဉ်းကျဉ်းလေး။ နောက်နေ့မနက် ၆ နာရီခွဲ မမီက ဟိုက်ကင်းထရေးလမ်း လိုက်ပို့ပေးမလို့ ကိုယ်ကမနိုးဘူး။ မမီလက်ဆောင်ပေးလိုက်တဲ့ ပန်းသီးဒိုးနတ်ထုပ်ယူပြီး ပြန်လာတယ်။ ခရီးထွက်လိုက်တော့ စိတ်အပြောင်းအလဲဖြစ် ပျော်ရွှင်ရပါတယ်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၁၁၊ ၂၀၂၀။

ရေးပြီးတာ‌တွေက
အယ်ဘနီသွား တောလား - ၁
အယ်ဘနီသွား တောလား - ၂



ဝေးနေရက်နဲ့ နီးတဲ့သူ - ၂ …

ကိုဗစ်မဖြစ်ခင် ပုံ့ပုံ့ မြန်မာပြည်ကို အပြီးပြန်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားတာ ခြောက်လအတွင်း ဘိုင်ဘာကနေ နှစ်ခါလောက်ပဲ စကားပြောဖြစ်တော့တယ်။ ဒါတောင် အဖေတို့အတွက် လူကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ပဲခူးကနေရန်ကုန်ကို ဘယ်လိုထည့်ပေးရမလဲ အရေးကြီးလို့။ အင်တာနက်ကောင်းတဲ့ စတိတ်မှာနေတုန်းကတောင် ဖုန်းတခြားလူတခြားဆိုတော့ အင်တာနက်သိပ်မကောင်းတဲ့ မြန်မာပြည်ကိုလည်းရောက်တော့ ပုံ့ပုံ့တို့များ ဖုန်းမကိုင်တော့သလောက်ဘဲ။ မှာချင်တာတွေ ဘိုင်ဘာမှာစာရိုက်ထား သူဘိုင်ဘာကို တက်လာမှပဲ ပြောရတော့တယ်။ ပုံ့ပုံ့နဲ့ ကိုယ်က ၂၀၀၅ မာစတာတက်တော့ သိကြတာ။ ပုံ့ပုံ့တို့က ပဲခူးသူတွေ တောင်ငူမှာတက်ရတယ် မာစတာရောက်တော့ ရန်ကုန်မှာလာတက်ရတယ်။ သီရေတာမှာ သူတို့က အလယ်တန်းရှေ့ဆုံးခုံမှာထိုင်ပြီး ကိုယ်တို့အုပ်စုက ဘယ်ဖက်နှစ်တန်းမြောက်မှာ ထိုင်တယ်။ ထောက်ကြံ့က ကိုယ့်သူငယ်ချင်းကို ကျောင်းကားတူတဲ့ သရဲမလို့ကိုယ်တို့ခေါ်တဲ့ ကောင်လေးက လာ,လာစတယ်။ ကိုယ့်သူငယ်ချင်းက သဘောမနောကောင်း ဘာမှပြန်မပြောဘူး။ ကိုယ်ကသာ ဘေးကနေ မနေနိုင်မထိုင်နိုင် ကက်ကက်လန် ရန်တွေ့တယ်။ ပုံ့ပုံ့က သရဲမကို ခရှက်စ်နေတာ ကိုယ့်ကိုလာမေးတယ် သရဲမနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူး ငါ့သူငယ်ချင်းကို လာ,လာစနေလို့ဟေ့။ အောင်ကြီးသူငယ်ချင်း ဘကြီးနဲ့နည်းနည်းခင်တယ် ဘကြီးက ကိုယ်တို့ကိုစာသင်ပေးတယ်။ အပေါက်ဆိုးတဲ့ဘကြီးကို အက်ပီတန်ဝိတ်ဂိမ်း မင်းသားလုပ်လို့ရပြီဆိုပြီး ကိုယ်ကပြန်နှက်တယ်။ ပုံ့ပုံ့သူငယ်ချင်းက ဘကြီးကိုခရှက်စ်နေတယ် ကိုယ့်ကိုလာမေးတယ် ဘကြီးနဲ့ဘယ်လိုလဲတဲ့။ ဘယ်လိုမှမနေဘူးဟေ့ ဒင်းကငါ့သူငယ်ချင်းတွေကို နှက်နေလို့ ပြန်နှက်နေတာ။ အဲ့ဒီလို စွံတယ်လို့ထင်ကြတယ်။ မာစတာမှာ ကျောင်းသားကျောင်းသူ တရာကျော်တယ် တခန်းတည်းတက်ရတာဆိုတော့ သိနေကြတာပေါ့။ ၂၀၀၈ စင်္ကာပူမှာကျောင်းလာတက်တော့ ပဲခူးသူဘနဲ့ တဖွဲ့တည်း၊ အိမ်နီးနားချင်း။ ပုံ့ပုံ့က ကိုယ့်ထက်တစ်နှစ်နောက်ကျပြီးမှ စင်္ကာပူကျောင်း လာတက်တယ်။ coding မရေးတတ်ရင် ဘဆီပြေးပြီး အကူအညီတောင်းနေကျဆိုတော့ ဘအိမ်မှာနေတဲ့ ပုံ့ပုံ့နဲ့ဆုံပြန်တယ်။ ဆယ်နှစ်ကြာတဲ့အခါ စတိတ်က ကိုယ်တက်တဲ့ကျောင်းမှာ လာတက်တယ်။ မင်းကိုယ့်နောက်များ လိုက်နေတာလား‌လို့မေးတော့ မရည်ရွယ်ပါဘူးတဲ့။ ကိုယ်ကဖေ့ဘွတ်ကနေ ဆက်သွယ်တော့မှ အဆက်အသွယ်ရပြီး စကားတွေပြောရင်းနဲ့ ခင်သွားလိုက်ကြတာ နောက်ဆိုတပတ်တခါ တနာရီကျော်ဖုန်းပြောကြတယ်။ တက်ခဲ့တဲ့တက္ကသိုလ်တွေတူ၊ ကိုယ့်သူငယ်ချင်းသူသိ၊ သူ့သူငယ်ချင်းကိုယ်သိ၊ အတွေးအခေါ်၊ အယူအဆ၊ စိတ်ဓာတ်တူ၊ တရားထိုင်တာ စိတ်ဝင်စားတာလည်းတူလို့ ငယ်ပေါင်းကြီးဖော်လို ခင်သွားကြတယ်။ နယူးဂျာစီ၊ နယူးယောက်က ကိုယ်နေခဲ့တဲ့အိမ်တွေကို အများဆုံးရောက်ဖူးတဲ့သူ။ ကိုယ်က ဂရင်းကဒ်ရပြီးမှ ပြန်စေချင်ပေမဲ့ သူကဆုံးဖြတ်ချက် ချပြီး‌နေပြီ ဘယ်လိုနားချချ မရတော့ဘူး။ အဖေ၊ အမေ၊ မကြီးက သဘောကောင်းပြီး ရိုးသားတဲ့ပုံ့ပုံ့ကို ချစ်ကြတယ်။ ဘယ်တော့ပြန်ဆုံမယ်မှန်းမသိ ဖုန်းမပြောစကားမပြော ဖေ့ဘွတ်မှာမတွေ့ မိုင်သောင်းချီဝေးပေမဲ့ စိတ်ထဲမှာနီးနေတုန်း။ နီးနေရက်နဲ့ ဝေးတဲ့သူ၊ ဆုံနေလျက်နဲ့ လွမ်းတဲ့သူရှိသလို ဝေးနေရက်နဲ့ နီးတဲ့သူလည်းရှိတယ်။

စန်းထွန်း
စက်တင်ဘာ ၄၊ ၂၀၂၀။

၂၀၁၉ ဇွန် ယူအန်
၂၀၁၆ ဇွန် တိုင်းစကွဲ နယူးယောက်
၂၀၀၉ စက်တင်ဘာ NUS ISS SA 29 Graduation Day
ဘယ်အစွန် ဒုတိယမြောက်က ပုံ့ပုံ့ ၊ ‌လေးယောက်မြောက်က စန်းထွန်း