Kiss the rain ....

မေရီလန်းမှာတုန်းက ဆူနမ်၊ ရာမား၊ အမ်းထရူးမှာ ဂစ်တာရှိတော့ ဂစ်တာသင်မယ်ဆိုပြီး ဂစ်တာဝယ်တယ်။ ယူကျူ့ကနေသင်တာ ကီးနှစ်ခုအပြောင်း လေ့ကျင့်တဲ့နေရာမှာ တစ်နေတယ်။ ဂစ်တာတီးရတာ လက်ထိပ်တွေနာတယ်။ နယူးယောက်ကိုရောက်တော့ အလုပ်ကများ မအားတာနဲ့ မသင်ဖြစ်ပါဘူး။ ဓာတ်ပုံရိုက်ဖို့ဆိုပြီး ၂၀၁၄ မှာ တယောဝယ် ၂၀၁၈ မှာ တယောသင်တန်းတက်တယ်။ တစ်နှစ်တက်တာ သီချင်းတပုဒ်မှ ဖြစ်ဖြစ်မြောက်မြောက် မတီးတတ်ဘူး။ အဲ နုတ်စ်တော့ ဖတ်တတ်သွားတယ်။ စန္ဒယားကို trial တနာရီသွားတတ်တာ ကြိုက်သွားတယ်။ စန္ဒရားသင်တန်းတက်ပြီး ၃လအကြာ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်လိုက်တာ ခုထိမဖွင့်သေးဘူး။ ဆရာကတော့ မေးပါတယ် အွန်လိုင်းကနေ သင်မလားတဲ့။ ဘေးနားမှာ ဆရာထိုင်ပြီး သေသေချာချာ သင်ပေးတာတောင် မရတဲ့ဟာ အွန်လိုင်းကနေ သင်ရင်တော့လား။ ကိုယ့်အကြောင်း ကိုယ်သိတာနဲ့ မသင်တော့ဘူး။ စန္ဒယားတီး မလေ့ကျင့်ရင် မေ့ကုန်တော့မယ် တထောင်ကျော်ကုန်ထားတာ ပလုံတော့မယ် စန္ဒရားတီးလေ့ကျင့်ဖို့ သီချင်းတပုဒ်ရွေးတယ်။ လွယ်လည်းလွယ်ရမယ် ကိုယ်ကြိုက်တဲ့သီချင်းလည်း ဖြစ်ရမယ်။ နောက်ဆုံးမှာတော့ ကိုရီးယားစန္ဒယားပညာရှင် Yiruma ရဲ့ Kiss the rain သီချင်းကို ရွေးလိုက်တယ်။ ယူကျူမှာ အလွယ်ဆုံးဗာရှင်းကို ရှာတယ်။ တနေ့ကို တနာရီကျော် ၂ ပတ်ကျော် လေ့ကျင့်ရတယ်။ တယောသင်တန်းမှာတုန်းက တရုတ်ကလေး အမ်းထရူးက တနေ့တနာရီ လေ့ကျင့်တယ်လို့ပြောတုန်းက တအံ့တ ြသဖြစ်လို့။ ကိုယ်တွေမှာ တနေ့ ၁၅ မိနစ်ကို မနည်းဖြစ်ညှစ် လေ့ကျင့်ရတာကိုး။ ခုတော့ ကိုယ်ကြိုက်တာ လုပ်နေရတော့ တနေ့တနာရီဆိုတာ ဘယ်လိုအချိန်ကုန်သွားမှန်း မသိဘူး။ လက်ကွက်နည်းနည်း တက်လာတော့ ဗွီဒီယိုရိုက်ပြီး ကြွားတယ်။ ဝိုင်းက Ukele ဝယ်တယ် တူရိယာထဲမှာ Ukele ကအလွယ်ဆုံး တယောက အခက်ဆုံးတဲ့။ အဲ့ဒါကိုမသိဘဲ သေသေချာချာ မလေ့လာဘဲ တယောရှိနေတာပဲ တယောတီးသင်တန်း သွားတက်ရအောင်ဆိုပြီး သွားတက်ကြတာ။ ဝိုင်းက Ukele နဲ့ ဟတ်ပီးဘတ်ဒေး တီးပြတယ်။ သူ့တယောလည်း အတော်တိုးတက်လာတယ်။ နှစ်ယောက်ပေါင်းပြီး စန္ဒရားနဲ့တယော duet လုပ်ပြီး နှိပ်စက်လိုက်ရအောင်ဆိုပြီး ရယ်ရသေးတယ်။ ဝိုင်းက အကြောင်းမသိတဲ့သူကတော့ သူ့ကို musician လို့ ထင်မှာပဲတဲ့။ ဝိုင်းအခန်းထဲမှာ တယော၊ Ukele၊ ဧည့်ခန်းထဲမှာ အိမ်ရှင်တရုတ်မရဲ့ ကီးဘုတ်။ ကိုယ်ရော ဘာထူးလဲ အိမ်မှာ ဂစ်တာ၊ တယော၊ ကီးဘုတ် ရှိတယ် တခုမှ ဖြစ်ဖြစ်မြောက်မြောက် မတီးတတ်ဘူး။ Cannon in D လေ့ကျင့်နေတယ် တီးတတ်ရင် လာကြွားဥ◌ီးမယ်။ ခုတော့Yiruma ရဲ့ Kiss the rain easy version ဆရာသင်ပေးတာ မဟုတ်ဘဲ ယူကျူကနေ သင်တာပါ… နားဂွမ်းဆို့ အဲလေ နားသောတ ဆင်ကြပါခင်ညား

စန်းထွန်း
မေ ၂၉၊ ၂၀၂၀။



ရန်သူတော် နံပါတ်ဝမ်း...

၂၀၁၉ ဇွန် ၁၆ ပီအေရုံးမှာ အလုပ်ဝင်ပြီး တပတ်အကြာ ကိုယ်အလုပ်လုပ်ခဲ့ဖူးတဲ့ အောက်ထပ်အင်ဂျင်နီယာဌာနက ကိုယ့်ဘော်ဒါတွေကို သွားနှုတ်ဆက်တော့ မြန်မာတယောက်ရှိတယ်ဆိုပြီး မိတ်ဆက်ပေးလို့ ဝမ်းနဲ့သိခဲ့တယ်။ အရပ်မြင့်မြင့် အသားမဖြူမညို အိန္ဒိယနွယ်ဖွား အစ်ကိုကြီးတယောက် မြန်မာနဲ့လုံးဝမတူဘူး။ နောက်တော့ ဂျမားက အရင်တုန်းကလို နေ့လည်စာလာစားဖို့ ဖိတ်ခေါ်တာနဲ့ရော ကိုယ့်ဌာနထမင်းစားခန်းက အိန္ဒိယသားတွေက မဖော်ရွေတာနဲ့ရော အောက်ထပ်မှာ နေ့လည်စာသွားဖြစ်တယ်။ ထမင်းစားခန်းထဲမှာ ရေလာဖြည့်၊ ကော်ဖီလာနွေးတတ်တဲ့ ဝမ်းနဲ့ စကားတွေ ပြောဖြစ်တယ်ဆိုပါတော့။ ဝမ်းနာမည်က ထွန်းထွန်း ကိုယ့်နာမည်က စန်းစန်းဆိုတော့ မင်းတို့မြန်မာနာမည်တွေကလည်း နာမည်တူနှစ်လုံး စန်းစန်း၊ ထွန်းထွန်းတဲ့ အင်း…နောက်မြန်မာတယောက်လာရင် ဝင်းဝင်း ဖြစ်လိမ့်မယ်ဆိုပြီး ရယ်ရသေးတယ်။ ဝမ်းမိဘတွေက ပန်ဂျပ်နွယ်ဖွား ဗုဒ္ဓသာသာ မြန်မာစကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ ဝမ်းက ကိုယ်နဲ့ရွယ်တူ အသက် ၄၀ မပြည့်သေးဘူးလို့ ခန့်မှန်းရတယ် အိမ်ထောင်မရှိ လူပျို။ ဖိလစ်ပိုင်ကြီးနေသန်က စန်းစန်း မင်းမှာ မြန်မာအသိ မိန်းကလေးတွေ မရှိဘူးလား… ဝမ်းကို စပ်ပေးလိုက်ပါလား…ဟင်။ ဂျမားက စန်းစန်း ဝမ်းက စိတ်ကောင်းတဲ့ လူကောင်းတယောက်ကွ လူပျို အိမ်‌ထောင်မရှိဘူး။ မင်းတို့နှစ်ယောက်ကို စပ်ပေးရမယ်…ဟမ်… လက်ကာပြလိုက်တယ်။ ဝမ်းဟာ နိုင်ငံရေး၊ ဘာသာရေး အကုန်သိတယ် ဂျမားနဲ့ ငြင်းခုန်ကြတယ်။ ကိုယ်က အမေစုထောက်ခံမယ်မှန်းသိတော့ မြန်မာပြည်ကလူအများစုက အမေစုကို ဘုရားလိုကိုးကွယ်ကြတယ်တဲ့။ သူက အမေစုကို မကြိုက်ဘူး နိုင်ငံရေးမလုပ်တတ်ဘူး မတော်ဘူး သူ့ပါတီမှာ ထောင်ထွက်တွေ ခန့်ထားတယ် ငယ်ပြီးပညာတတ်တဲ့သူတွေ နေရာမပေးဘူးတဲ့။ တခုခုဆို မေမေ ဘာမှမပြောဘူးလားနဲ့ ကိုယ့်ကိုခနဲ့တယ်။ ဂျမားက စုကြည် လာဘ်စားတယ် ထောင်ထဲထည့်မယ် ဝမ်းက စုကြည် လာဘ်မစားဘူး.. ထောင်ထဲထည့်မယ်လို့ ပြောပြီး ကိုယ့်ကို စကြတယ်။ ကိုယ်က စိတ်တိုပြီး ဂျမား ယူ ရန်သူတော် နံပါတ်တူး ဖြစ်ချင်လို့လား။ ဂျမားက ဘာလဲ အဲ့ဒါဆိုရင် ရန်သူတော်နံပါတ်ဝမ်းက ဝမ်းလားဆိုပြီး ရယ်လိုက်တာ။ ထိုင်ဝမ်ကြီးဝမ်က ဂျမားနဲ့ဝမ်း ဒင်းတို့နှစ်ယောက်ကို ထောင်ထဲထည့်လိုက်မယ် အမှန်ပဲ ဝမ်ရေ။ မေမေစု အမှားတွေ အများကြီးလုပ်ခဲ့တယ် ဥ◌ီးသန်းရွှေက စေ့စပ်ညှိုနှိုင်းရေးလုပ်မယ်ဆိုတာကို လက်မခံဘူး။ စီးပွားရေးပိတ်ဆို့ခိုင်းလို့ တိုင်းပြည်ဆင်းရဲသွားတာတဲ့။ ကိုယ်ကတော့ အမေစု မှားချင်မှားမယ် သူ့လောက်ဘယ်သူမှ တိုင်းပြည်ကို မပေးဆပ်နိုင်ဘူး။ သူ့ဘဝကိုစတေးပြီး မြန်မာပြည်သူတွေအတွက် လုပ်နေတာ။ ကဲ အဲ့ဒါဆိုရင် အမေစုမှ မဥ◌ီးဆောင်ရင် ဘယ်သူဦးဆောင်နိုင်စွမ်း ရှိသလဲ။ အဲ့ဒီလိုဘေးထိုင်ဘုပြောနေမဲ့အစား တိုင်းပြည်အတွက် တခုခုလုပ်ပေးပါလား အဲ့လိုဆိုတော့ သူက ကနေဒါနိုင်ငံသားတဲ့။ ဂျမားနဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပြောကြတော့ ကိုယ်က ရိုဟင်ဂျာမရှိဘူး တရားမဝင် ဘင်္ဂါလီတွေတော့ ရှိတယ်လို့ပြောတော့ ဝမ်းက ဟုတ်တယ် ရိုဟင်ဂျာဆိုတာ မရှိဘူး တရားမဝင်တဲ့သူတွေတော့ ရှိတယ်လို့ သေသေချာချာ ရှင်းပြတယ်။ ကိုယ်တို့နှစ်ယောက်တည်း ရှိတော့မှ အစ်မ နောက်ဆို ရိုဟင်ဂျာမရှိဘူးလို့ မပြောနဲ့ သူတို့က လက်မခံဘူး သတင်းတွေမှာ ပုံကြီးချဲ့ထားတော့လေ။ သူတို့က လူကောင်းတွေမို့ ဘာမှပြောမှာမဟုတ်ဘူး တချို့က လူ့အခွင့်အရေးဘာညာနဲ့ ညစ်လို့ရတယ် ပြသနာဖြစ်မှာစိုးလို့ သတိပေးတာတဲ့။ ဗုဒ္ဓဘာသာအကြောင်းလည်း အကုန်သိ ပြီးတော့ ယုံမှားသံသယတွေနဲ့ ဝိပတ်သနာနဲ့ သမာဓိ မကွဲဘူးဘာဘူးလေးနဲ့။ ဆရာတော်တွေကို မေးလျှောက်ကြည့်ပါလားဆိုတော့ သူက ဘုန်းကြီးကျောင်းကို မသွားဘူး။ မြန်မာတွေက ဘုန်းကြီးကျောင်းကိုလာရင် အတင်းတုပ်နေကြတာ များတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ်သိချင်တာတွေကို ဆရာတော်တွေကို မေးလျှောက်မှ ရှင်းသွားမှာကို။ သူ့အိမ်အောက်ထပ်က မြန်မာတယောက် အိပ်ယာထဲမှာ ဆုံးသွားတာကို ဝမ်းက ကြောက်နေတယ်တဲ့။ ပရိတ်တရား ဖွင့်ထားပါလားလို့ အကြံပေးတာကိုလည်း လက်မခံဘူး။ တော်သေးတယ် ကိုယ်က မကြောက်တတ်ဘူး အဲ့ဒါကြောင့်လည်း တယောက်တည်းနေရဲတာ။ ဆူနမ်ဆို သရဲကြောက်တတ်လို့ တိုက်ခန်းဝယ်ဖို့ ပိုက်ဆံရှိတာတောင် မဝယ်ရဲဘူး တယောက်တည်းနေရမှာ ကြောက်လို့တဲ့။ 


Cajo’n del Maipo ‌‌ရေခဲတောင်... ချီလီနိုင်ငံ မြို့တော် ဆန်တီရာဂိုနဲ့ တနာရီခွဲအဝေး

ဝမ်းက ဂျက်ဆင်ဟိုက်မှာ နေတယ် ကိုယ်နဲ့နှစ်ဘူတာအဝေးမှာ။ ကိုယ်က အိမ်ကနေ အနှေးရထားစီးပြီး ဂျက်ဆင်ဟိုက်ရောက်ရင် အမြန်ရထား အီးကို ဂိတ်ဆုံးဝေါထရိတ်စင်တာအထိစီး။ ပြီးရင် နယူးဂျာဆီသွားတဲ့ PATH ရထား တဘူတာစီး။ တနေ့ ဘေးကဟမ်းကယ်ရီအိတ် လဲကျလို့ ဆောရီးလို့ တောင်းပန်တာကို ရပါတယ်လို့ပြောပြီး စာဆက်ဖတ်နေလိုက်တာ အစ်မ ဘာစာအုပ်ဖတ်နေတာလဲလို့ မေးလာတော့မှ မော့ကြည့်လိုက်တော့ လားလား ဝမ်းပါလား။ ချိန်းထားရင်တောင် လွဲနေဥ◌ီးမယ် ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် တည့်တည့်တိုး။ ကိုယ်ဖတ်နေတာက Delia Owens ရဲ့ Where the crawdads sing စာအုပ်။ စာအုပ်က ဖတ်လို့အရမ်းကောင်းနေတော့ ဘေးဘီကို သတိမထားမိဘူး။ ကိုယ်က ရထားစီးရင် စာဖတ်ရင်ဖတ်၊ မဖတ်ရင် အိပ်နေတတ်တယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတယ် ဆိုပါတော့။ အသိတယောက်နဲ့ ဆုံနေတာကို စာအုပ်ဆက်ဖတ်နေရင် မကောင်းတတ်လို့ ဝမ်းနဲ့စကားတွေ ပြောဖြစ်တယ်။ သူက ရုံးတရုံးမှာ သင်တန်းသွားတက်မှာ မတက်လည်းရတယ် သင်ယူချင်လို့တဲ့။ ဝမ်းက ၁၉၉၈ ဆယ်ကျော်သက်အရွယ်မှာ ြသဇီကို ကျောင်းသွားတက်တယ် mechanical engineering ။ ပြီးတော့ ကနေဒါပီအာရလို့ တိုရန်တိုမှာ ကျောင်းတက်တယ်။ ကျောင်းပြီးတော့ အလုပ်မရလို့ လူက ကြောင်တောင်တောင် ဖြစ်သွားတယ်တဲ့။ ခု အလုပ်ရတော့လည်း ကြောင်တောင်တောင် ဂေါက်တောက်တောက် ဖြစ်နေတုန်းပဲ (ဟီး ...စိတ်ထဲကနေ ပြောတာ) :) ။ ကနေဒါမှာ အန်ကယ်ကြီးတယောက်ကို အလုပ်သွင်းပေးဖို့ အကူအညီတောင်းဖူးတယ်။ သူ့သားက ဘယ်ကျောင်းထွက်၊ ဘယ်ကုမ္ပဏီမှာ ဘယ်ရာထူး အဆင့်အတန်းနဲ့ ဘာလုပ်နေတယ်ဆိုတာ ကြွားပြီးမကူညီဘူးတဲ့။ တော်သေးတယ် ကိုယ်ကတော့ စိတ်ကောင်းရှိပြီး ကူညီတတ်တဲ့သူတွေနဲ့ ဆုံတွေ့ခဲ့တာ ကံကောင်းတယ်။ အခု စတိတ်ကအလုပ်ကိုလည်း တယောက်က သွင်းပေးတာ စတိတ်မှာ တယောက်ကမသွင်းပေးဘဲ အလုပ်ရဖို့ မလွယ်ဘူးတဲ့။ ကိုယ်လား စတိတ်မှာ အလုပ်ပြောင်းတာ ငါးခုရှိပြီ ဘယ်အလုပ်ကိုမှ အဆက်အသွယ်ကောင်းလို့ ရခဲ့တာမဟုတ်ဘူး။ ခုလက်ရှိအလုပ်ကတော့ အရင်မန်နေဂျာဟောင်းတွေက ထောက်ခံပေးလို့ ရခဲ့တာ။ ကိုယ့်ကန်တက်ကီအလုပ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်တဲ့ကုမ္ပဏီ။ ကိုယ်က mechanical ၊ thermal ၊ sturctural အင်ဂျင်နီယာတွေနဲ့ အလုပ်လုပ်ရတယ်။ HRSG (Heat Recovery Stream Generator) ရေနွေးငွေ့နဲ့ လျှပ်စစ်ဓာတ်အားထုတ်တာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဝမ်းက သူလည်း အဲ့လိုအလုပ် လုပ်ချင်တာတဲ့။ ကိုယ်က လင့်ခ်တွေ ပို့ပေးမယ် ကိုယ့်ကို သမီးတယောက်ကို ချစ်ခင်စောင့်ရှောက်တဲ့ အန်ကယ်ကြီးက အင်ဂျင်နီယာ သူနဲ့မိတ်ဆက်ပေးမယ်လေ။ ဝမ်းက ရုံးကို အမြန်ဆုံးရောက်တဲ့လမ်းကို သိသွားတော့ နောက်ဆို ဝမ်းနဲ့ကိုယ် အဲ့ဒီသွားတဲ့လမ်းမှာ တခါတလေ ဆုံကြတယ်။ ကိုယ့်မိတ်ဆွေ အန်ကယ်ကြီးနဲ့လည်း ဖုန်းဆက်စကားတွေပြောလို့ တနေ့ဆုံဖို့ ချိန်းကြတယ် ကိုယ်ကလိုက်ပို့ပေးရမယ်။ လူပျိုလူလွတ်ဆိုရင် ကိုယ်နဲ့ပေးစားချင်တဲ့ ချစ်အစ်မက စတယ်။ မလုပ်ပါနဲ့ အစ်မရယ် လူ့ဂွစာကြီး သာမီးနဲ့မတည့်ဘူး တွေ့တာနဲ့ကိုက်ကြတော့တာပဲ တကျက်ကျက်နဲ့။ အဲ့လိုမျိုး တကျက်ကျက်တွေက ညားတတ်တယ်နော် ဟမ်မ‌‌လေး... ဒုက္ခပဲ အတင်း‌ပေးစားနေကြတယ်။ ဝမ်းနဲ့အယူအဆမတူ ငြင်းခုန်ကြပေမဲ့ ကိုယ်ကူညီနိုင်တာဆိုရင် တတ်နိုင်သလောက် ကူညီမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဟာ အခုချိန်ထိ သူများအကူအညီကို ယူနေရတုန်းမို့လို့ ကိုယ်ကူညီနိုင်တဲ့ အလှည့်ရောက်တဲ့အခါ တတ်နိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်ထားလို့ပါပဲ။ ကူညီတဲ့အခါမှာလည်း ဘာမျှော်လင့်ချက်မှ မထားဘဲ စိတ်ကိုရှင်းရှင်းထားတယ်။ သူတပါးဆီက နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ အကူအညီ ရဖူးသူချည်းပါပဲ။ ဘယ်လိုလုပ်သင့်တယ်လို့ အကြံညဏ်ပေးတာ၊ ဘယ်လိုလုပ်ကြတယ်လို့  ပြောပြတာ၊ နှစ်သိမ့်အားပေးတာ၊ အလုပ်ရှိကြောင်း သတင်းပေးတာ၊ စီဗွီကို HR ဆီပို့ပေးတာ၊ အစားအသောက် ကျွှေးမွှေးတာ။ အိုး…. ကျေးဇူးသိတတ်ရင် ကျေးဇူးတင်စရာ‌တွေ ‌ကျေးဇူးတင်ရမဲ့သူတွေမှ အများကြီး။ ကိုဗစ်ကြောင့် ရုံးတွေပိတ်လိုက်တော့ ကိုယ့်ဘော်ဒါတွေကို ကျန်းမာဖို့ ဆုတောင်းစကား၊ အွန်လိုင်းကနေ ဝယ်လို့ရတဲ့ဆိုဒ်တွေပို့တော့ ထိုင်ဝမ်ကြီးဝမ်က အကြောင်းပြန်လာတယ် ကျေးဇူးပဲ စန်းစန်းရေ…ဝမ်းနဲ့အတူ နေ့လည်စာစားတဲ့ အချိန်လေးတွေ သတိရမိတယ်။ ငါ့နှယ်နော် ဟိုလူကစလိုက် ဒီလူကနောက်လိုက် ‌ပေးစားလိုက် စပ်‌ပေးလိုက်နဲ့။ စိတ်လည်းညစ်ရ ရယ်လည်းရယ်ရပါတဲ့ ရန်သူ‌တော် နံပါတ်ဝမ်းရယ်။

စန်းထွန်း
မေ ၂၂၊ ၂၀၂၀။

စကားမစပ် ‌‌
မေ ၁၆ ၂၀၁၀ ဘလော့စဆောက်ပြီး စာတွေရေးခဲ့တာဆိုတော့ မေ ၁၆ ၂၀၂၀ မှာ စာရေးသက်တမ်း ဆယ်နှစ်ပြည့်ပြီ။ ဘလော့ဂါ တော်တော်များများက စာတွေမရေးကြတော့ပေမဲ့ ကိုယ်ကတော့ ရေးနေတုန်းပဲ။ ဖေ့ဘွတ်မှာ response မြန်တယ် စာရေးပါလားလို့ တိုက်တွန်းကြပေမဲ့ ဘလော့က သီးသန့်ဆန်ပြီး ကိုယ်ပိုင်နေရာလေးလို့ ခံစားရတယ်။ ရေးချင်တဲ့အကြောင်းအရာရယ်၊ ရေးချင်းတဲ့စိတ်ကလေးရယ်၊ ရေးဖို့အချိန်ရယ် ရှိနေသေးရင် စာတွေအများကြီး ရေးချင်ပါသေးတယ်။ :)

My first piano song...

ကွာရန်တင်း အိမ်တွင်းအောင်းရတာ ၂ လပြည့်ပြီ။ အိမ်ကနေ အလုပ်လုပ်တော့ ရထားစီးတဲ့အချိန် ၃ နာရီ ပိုထွက်လာတယ်။ တခါတလေ ပျင်းလို့ ဘာမှမလုပ်ဖြစ် တခါတလေ ပီယာနိုလေ့ကျင့်ဖြစ်တယ်။ ပီယာနိုသင်တန်း ၃ လပြီးတော့ ကိုဗစ်ဖြစ်လို့ ကျောင်းပိတ်လိုက်တာ ခုထိမဖွင့်သေးဘူး။ ဆရာကတော့ မေးပါတယ် အွန်လိုင်းကနေ သင်မလားတဲ့။ ဆရာအနီးကပ်ထိုင်ပြီး သေချာသင်ပေးတာတောင် မရတဲ့ဟာကို အွန်လိုင်းကနေ သင်ရင်တော့လား။ ကိုယ့်အကြောင်းကိုယ်သိလို့ ပိုက်ဆံအလကား အကုန်မခံဘူးဆိုပြီး မတက်တော့ဘူး။ ကိုယ့်ရှေ့ကကျောင်းသားက ၆ နှစ်အရွယ် တရုတ်ကလေး အသက်ငယ်ပေမဲ့ ကိုယ့်ထက်စီနီယာကျ တီးတာတော်လို့ လေးစားအားကျမိတယ်။ ဆရာကတော့ အားပေးရှာပါတယ် သူ့တပည့် တစ်နှစ်လောက် တက်နေတဲ့ကျောင်းသားကို ကိုယ်က ၃ လတည်းနဲ့ မှီတော့မယ်တဲ့။ ဆရာက မှာထားတယ် တနေ့ ၁၅ မိနစ် အနည်းဆုံးလေ့ကျင့်ပါတဲ့။ စိတ်မပါရင် လုံးဝမလေ့ကျင့်ဖြစ်ဘူး စိတ်ပါရင်တော့ တနာရီဘယ်လို အချိန်ကုန်လို့ ကုန်သွားမှန်း မသိလိုက်ဘူး။ တယောသင်တန်း တစ်နှစ်တက်တာ သီချင်းတပုဒ်မှ ဖြစ်ဖြစ်မြောက်မြောက် မတီးတတ်ပေမဲ့ နုတ်စ်တော့ ဖတ်တတ်သွားတယ်။ ဂစ်တာ၊ တယောထက် ပီယာနို ပိုကြိုက်တယ်။ Fur Elise က ဆရာသင်ပေးတဲ့ ပထမဆုံးသီချင်း။ နည်းနည်းတီးတတ်တာနဲ့ ဗွီဒီယိုရိုက်ပြီး ဝိုင်းကိုကြွားတယ်။ ဝိုင်းက မဆိုးပါဘူး ဘယ်ဖက်မှာ လက်ကွက်တွေ ပျောက်နေတယ်တဲ့။ ပျောက်မှာပေါ့ လွယ်အောင်လို့ ဆရာက နုတ်စ်တွေကို ပြင်ပေးထားတာကိုး။ သုံးပတ် အသေအချာ လေ့ကျင့်တော့မှ ရသွားတယ်။ ဝိုင်းက မင်း တိုးတက်လာတယ်တဲ့။ ဒီတော့ ဖေ့ဘွတ်၊ ဘလော့မှာ တက်ပြီးကြွားတယ်။ အခု အကြိုက်ဆုံးသီချင်း တပုဒ်ဖြစ်တဲ့ ကိုရီးယားစန္ဒရားပညာရှင် Yiruma ရဲ့ Kiss the rain သီချင်းကို လေ့ကျင့်နေတယ် တီးတတ်ရင် လာကြွားဥ◌ီးမယ်။ ခရီးသွားဓာတ်ပုံတွေနဲ့ နှိပ်စက်ရတာ အားမရလို့ ပီယာနိုလက်သံတွေနဲ့ ညှဥ◌်းဆဲလိုက်ဥ◌ီးမယ်။ နားဂွမ်းဆို့တော်မူကြပါ အဲလေ ... နားသောတဆင်ကြပါ ခင်ညား… :)

စန်းထွန်း
မေ ၁၅၊ ၂၀၂၀။




ကြီးကြီးနဲ့တူလို့ ...

အဘိုး : သားသားက ပုံဆွဲတာ တော်လိုက်တာ…ဘိုးဘိုးနဲ့တူလို့နေမှာ
မြေး :  မဟုတ်ဘူး…မဟုတ်ဘူး…ကြီးကြီးနဲ့တူလို့ :D
အဘိုး : မင်းမှာ ကြီးကြီးတွေ အများကြီး…ဘယ်ကြီးကြီးလဲ
မြေး :  စင်္ကာပူက ကြီးကြီး :)

မကြီးရေ အချိန်ပေးရတာ ချစ်ရတာ တန်ပါပေတယ်။ မကြီးက သူနဲ့ ဟမ်ဘာပါဂိမ်းကစား၊ ဘက်ဖိုးပုံဆွဲပြ၊ တော်တယ်၊ ပုံဆွဲပေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောလို့ မကြီးကို တရက်ခြားဖုန်းခေါ်တယ်။ ပြောရင် တနာရီလောက် ပြောကြတယ်။ စစ်စစ်ပေါက်ပေါက် မေးတတ်တဲ့ ကြီးတော်နဲ့ လျှာရှည်တဲ့ တူတော်မောင် တွေ့ကြလေသတည်း။ အိမ်အနီးအနားမှာ မီးလောင်နေတာကို ကြီးတော်ကို ဖုန်းခေါ်ပြောတယ်။ ကြီးကြီးရေ မီးလောင်နေတယ်... ဘယ်နားမှာလဲ...အိမ်နားမှာ... နှစ်နေရာမှာ လောင်နေတယ်တဲ့။ ဘွားဘွားရေ ဘယ်နေရာတွေမှာ လောင်တာနေလဲ... ဖုန်းသန့်ခေါင် နင် တော်တော်လျှာရှည်။ နှစ်ဖက်မိသားစုထဲမှာ ပုံဆွဲတော်တာက မကြီး။ တူတော်မောင်က မကြီးရဲ့မျိုးရိုးဗီဇ ရသလားမသိဘူး ပုံဆွဲတော်တယ်။ သေသေချာချာ အသေးစိတ်ဆွဲတတ်တယ်။ ပန်းချီသင်တန်း ပို့ပေးချင်ပေမဲ့ ယောင်းမက ဘတ်စ်ကားမစီးတတ် မသွားတတ်မလာတတ်ဆိုတော့ ဘယ်လိုလုပ်ပေးရမှန်းကို မသိတော့ဘူး။ သူမြင်သမျှဆွဲပြီး သူ့ကြီးကြီးကို ပို့တတ်တယ် ကြီးကြီး ကြိုက်မယ်ထင်လို့ သားကဆွဲပေးတာတဲ့။ ကြီးကြီးကြိုက်တယ် သားသားရေ thank you နော်။ ခက်တဲ့ပုံတွေကို သူ့ကြီးကြီးကို ဆွဲခိုင်းတယ် နည်းနည်းခက်တယ် ကြီးကြီး... ကြီးကြီးဆွဲတတ်တယ်ဆိုတာ သားသားသိတယ်တဲ့။ အဲ့လို သူများချစ်အောင်ပြောတတ်တာ သူ့အဖေ၊ ခိုင်းတတ်တာက သူ့အဘိုး။ ကိုယ့်အဖေဟာ ထောင့်စိနေအောင် ခိုင်းတတ်တယ် :D ။ ကြီးကြီး ကြီးကြီး ကြီးကြီး….. သားသား သားသား သားသား…နဲ့ သုံးခါလောက်ပြောလို့ သူ့အမေဖက်ကအဘွားက တခေါက်ပြောလည်း ရပါတယ် စကားထစ်နေပါဥ◌ီးမယ်တဲ့။ စန္ဒရားလည်း တီးတတ်ချင်တယ်တဲ့ မုန့်ဖုတ်တာလည်း သူနဲ့ဖုန်းခေါ်တဲ့နေ့ကျမှ ဖုတ်ပါ သူ့ကို ပြပါတဲ့။ တခုခုကို ပြပါ ပြပါ ပြပါနဲ့ သိချင်တတ်ချင်တာတော့ ကိုယ်တို့နဲ့တူတယ်။ အံ့သ◌ြစရာ ဒီကလေးမှာ သူ့အဘိုး ကိုယ်တို့အဖေဆီက စေ့စပ်သေချာ ပတ်ဝန်းကျင်ကို စူးစွမ်းနိုင်စွမ်း၊ ကြီးတော်တွေလို ထက်မြက်တာ၊ သူ့အမေလို အိမ်ခင်တာ၊ သူ့အဖေလို ပေါင်းသင်းတတ် ချစ်အောင်ပြောတတ် ဆိုတတ်တာ၊ အစားကောင်းကြိုက်တာ၊ ခေါင်းမာတာ၊ သူ့အဘွားကိုယ့်အမေ၊ သူ့အဖေလို ခေါင်းချတာတဲ့ အိပ်ပျော်တတ်တာတွေ အားလုံးရဲ့ အကျင့်စရိုက်ဗီဇတွေ တွေ့ရတယ်။ တော်တာဆိုရင် ကိုယ်တို့နဲ့တူတာ မတော်တာဆိုရင် သူ့အဖေနဲ့တူတာ :D ။ ပုံဆွဲတာသာ တော်သာ စာသင်မယ်ဆိုရင် အိပ်တော့မယ်တဲ့ အဲ့ဒါတော့ သူ့အဖေအတိုင်းပဲ။ အသိအစ်မတစ်ယောက်က သူ့ကလေးကို စာသင်ပေးနေတာတွေ ဖေ့ဘွတ်မှာတွေ့တော့ ဘာတွေသင်တာလဲလို့မေးတော့ စာအုပ်တွေ ဓာတ်ပုံရိုက်ပေးတယ်။ မကြီးကို ပို့ပေးပြီး မတူတာတွေ ရွေးခိုင်းတာ၊ ဂဏ္ဏန်းပေါင်းတာတွေ သင်တယ်။ သုံးမျက်နှာလောက်ကို မနည်းချော့မော့ တတွတ်တွတ်ပြော အာပေါက်မတတ် သင်ပေးရတယ်။

လက်ရေးကျတော့ သူ့အဖေ ကိုယ်တို့မောင် မောင်မောင်နဲ့ ‌ပြောင်းပြန်။ မောင်မောင်က ပဲပင်ပေါက် မုန်တိုင်းဝင်မွှေတဲ့ လက်ရေး။ မကြီးက ကျောင်းပိတ်လို့ ပုသိမ်ကနေ ပြန်လာရင် လေးကြောင်းမျဥ◌်းတားပြီး လက်ရေးလှရေးခိုင်းတယ်။ မောင်မောင်က မကြီးကိုကြောက်တော့ ရေးရတယ် ဒင်းက မကြီး ပုသိမ်ကိုမြန်မြန်ပြန်ပါစေတဲ့ :) ။ အဖေဆို သူ့သားလက်ရေးကြည့်ပြီး တော်တော်စိတ်ညစ်သွားတယ် ဆယ်တန်းအောင်တယောက်ရဲ့ လက်ရေးက ဒီလိုလားကွာဆိုပြီး။ မောင်မောင်သားကျတော့ လက်ရေးလေးကို ညီနေတာပဲ လှလိုက်တာ သူ့အဖေနဲ့ တခြားစီ။ သူ့ကြီးကြီးကတော့ လက်ရေးလေးကို မြင်တာနဲ့တင် ချစ်နေရတာတဲ့။ စင်္ကာပူပြန် ဆရာမဖွင့်တဲ့ကျောင်းမှာ မူကြိုထားတော့ အင်္ဂ်လိပ်လို တော်တော်ရတယ်။ ကိုယ်တွေလေးတန်းလောက်မှ ပြောတတ်တဲ့ အင်္ဂ်လိပ်စကားကို တူတော်မောင်က ပြောတတ်နေပြီ။ သူ့ကို ဘိုလိုမှုတ်တာလည်း ကြိုက်တယ်။ သူငယ်တန်းတောင် မတက်ရသေးဘူး တော်တော်ဖတ်တတ်နေပြီ။ အတန်းထဲမှာ အေတွေရတယ် ကြီးတော်တွေရဲ့ခြေရာကို လိုက်နင်းနိုင်မယ် ထင်ပါရဲ့။  ကြီးကြီးစန်းထွန်းဆီကို ဖုန်းခေါ်ရအောင်လို့ ပြောတယ်တဲ့။ အမလေး … ဘာတောင်းမလို့လဲ မသိဘူးဆိုပြီး ရယ်ရလိုက်တာ။ သူလိုချင်တဲ့ ဘက်ဖိုး၊ ကရိန်းကားတွေ စင်္ကာပူမှာမရှိဘူးလို့ပြောတော့ ကြီးကြီးစန်းထွန်းတို့ဆီမှာများ ရှိမလားမသိဘူးတဲ့။ တောင်းတတ်ပုံက သူ့အဖေအတိုင်းပဲ။ သူ့ကြီးကြီးကို ဖုန်းခဏခဏခေါ်တယ် သူ့အဘိုးကို သူ့အမေခေါ်ခိုင်းမှ ခေါ်တယ်။ သူ့ကြီးကြီးက သူ့ကိုတော်တယ်လို့ပြောတယ် ဖုန်းခေါ်ဖို့မအားဘူး ပုံဆွဲနေရတယ်တဲ့။ သူ့ကြီးကြီးဆို အသံကတမျိုး ကိုယ့်ဆိုအသံကတမျိုး။ သူပြောချင်တာတွေကိုပဲ တရစပ်ပြောလို့ အခု သားသားအလှည့် သားသားပြောတာကို ကြီးကြီးသေသေချာချာ နားထောင်တယ်နော်။ ကြီးကြီးအလှည့်ကျရင်လည်း သားသား သေသေချာချာ နားထောင်ရမယ်။ သားသား ဘာဟင်းနဲ့စားလဲ... ကြက်သား... ကြော်တာလား ချက်တာလား.... ချက်တာ သားသားမကြိုက်ဘူး။ ခေါက်ဆွဲကြော်ဆိုရင်လည်း ဘာတွေပါတယ်ဆိုတာ အတိအကျ ပြောတတ်တယ်။ သားသား ဒီနေ့ ဘာဟင်းနဲ့စားလဲ... ဝက်သားနဲ့ပဲ ....vegetable လည်း မပါဘူး....ကြီးကြီးကလည်း ပဲက vegetable လေ။ သူတို့တူဝရီး ပြောဆိုနေကြတာကို ကြားနေရတော့ ခဲအိုက သူ့တူကိုမေးတယ်။

ခဲအို : မင်း ဘာဟင်းနဲ့စားလဲ
တူ :  ကြက်သား
ခဲအို :  ကြော်တာလား ချက်တာလား
တူ : မသိဘူး

ရယ်လိုက်ရတာ အေးလေ ဘာတွေလာမေးနေမှန်း မသိဘူးလို့ အပြောမခံရတာ ကံကောင်း။ နှစ်ပတ်လောက်ကြာတော့ အဖေက သူ့မြေးမေ့လောက်ပြီ အထင်နဲ့ ထပ်မေးတယ်။

အဘိုး : သားသားက ပုံဆွဲတာ တော်လိုက်တာ…ဘိုးဘိုးနဲ့တူလို့နေမှာ
မြေး : မဟုတ်ဘူး မဟုတ်ဘူး….ကြီးကြီးနဲ့ တူလို့ :)

ခုထိတော့ ကြီးကြီးနဲ့ တူနေတုန်းပဲ…

စန်းထွန်း
မေ ၈၊ ၂၀၂၀။

ဖုန်းပေါ်မှာ ဟိုခြစ်ဒီခြစ်ဆွဲတာကတောင် ကိုယ်တွေထက်သာတယ်
သူ့ကြီးကြီး ဝယ်ပေးတဲ့ စပိုက်ဒါမန်းအင်္ကီျကို မချွှတ်တော့ဘူး

ဓာတ်ပုံပြလိုက်တာနဲ့ တူအောင်ဆွဲတတ်တယ်
လက်ရေးလေးကို ညီနေတာပဲ
မျက်လုံးက မောင်မောင့်မျက်လုံး
ဟမ်းဘာဂါဂိမ်း တက်လာတဲ့ ဟမ်ဘာဂါတွေ လိုက်ဖမ်းစားရင်း ပါးတွေဖောင်းကားနေကြတယ်
လှုပ်ရင်ကြော်က အော်လို့ ဒီဂိမ်းကတော့ အတော်ငြိမ်ဆေး

ဖတ်ပြီးတဲ့ စာအုပ်တွေ - ၅

ဘယ်စာအုပ်ဖတ်ရင် ကောင်းမလဲလို့ ဂူဂယ်မှာရှာဖွေလိုက်တော့ အရောင်းရဆုံး ဘက်ဆဲလာစာအုပ်တွေ တွေ့တယ်။ ဘက်ဆဲလာဆိုတော့ မမှားနိုင်ပါဘူးလေဆိုပြီး စာကြည့်တိုက်ကနေ ငှားဖတ်တာ တကယ်ကောင်းလို့ ညွှန်းလိုက်ပါရစေ။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က Heather Morris ရဲ့ The Tattooist of Auschwitz ။ တကယ့်အဖြစ်အပျက် ဖြစ်ရပ်မှန်ဝထ္ထု ဖတ်လို့ကောင်းလိုက်တာ။ ၁၉၄၂ ဧပြီ စလိုဗေးကီးနိုင်ငံသား ဂျူးလူမျိုး Lale Sokolov ဂျာမန်နှိပ်စက်စခန်း Aushwitz-Birkenau ကို ရောက်လာတယ်။ ဘာသာစကားတော်တော်များများ ပြောတတ်တော့ တက်တူထိုးပေးတဲ့ အလုပ်ရတယ်။ အကျဥ◌်သားတွေရဲ့ လက်မောင်းမှာ နံပါတ်တက်တူးတွေ ထိုးပေးရတာ။ အဲ့ဒီမှာ Gita ဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး မြင်မြင်ချင်းချစ်မိသွားလို့ မိန်းကလေးနဲ့ နီးစပ်အောင်ကြိုးစား။ အသတ်ခံရတဲ့ဂျူးတွေရဲ့ အင်္ကီျထဲကနေ တွေ့ရတဲ့ ပိုက်ဆံ၊ ရတနာတွေကို မှောင်ခိုထုတ်ပြီး အစားအစာတွေ ပြန်သွင်း။ ချောကလက်လေးတခု စားရတာလောက် ကျေနပ်ဖွယ်ရာမရှိ။ ဂီတာ တိုက်ဖွိုက်ဖြစ်တော့ ဆေးမရရအောင်ရှာပြီး ကယ်ရတဲ့အဖြစ်။ ကယ်လို့ရတဲ့သူကို ကယ်၊ ကူညီလို့ရသလောက် ကူညီပေးနဲ့ လူသားချင်း စာနာထောက်ထား ရိုင်းပင်းကူညီ၊ အသက်ရှင်သန်ဖို့ အခက်အခဲတွေကြားကနေ ကြိုးစားရုန်းကန် ရှင်သန်ကြတဲ့အကြောင်း ဖတ်လို့ကောင်းလိုက်တာ။


Lisa Wingate ရဲ့ Before We Were Yours ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂျော်ဂျီယာတန်ရဲ့ တန်နက်ဆီ မိဘမဲ့ကလေးများ ဂေဟာအကြောင်း ဝထ္ထုပါ။ တောင်ကာရိုလိုင်းပြည်နယ် ချမ်းသာပြီး အထက်တန်းကျတဲ့ မိသားစုကနေ မွေးဖွားလာတဲ့ ပြည်ထောင်စုရှေ့နေ Aiken ။ ဘိုးဘွားဂေဟာမှာ ဆုံခဲ့တဲ့ အဘွားတယောက်က သူ့လက်မှာ ဝတ်ထားတဲ့ ဟမ်းချိန်းလေးဟာ သူ့ဟာ၊ အဘွားအခန်းရဲ့ နံရံမှာ ကပ်ထားတဲ့ ဓာတ်ပုံထဲမှာ သူ့အဘွားနဲ့ အခြားအမျိုးသမီးနှစ်ယောက်။ အဲ့ဒီကနေ သူတို့မသိတဲ့ အဘွားရဲ့နောက်ကြောင်းရာဇဝင်.. ၁၉၃၉ မစ္စစပီမြစ်ထဲက လှေထဲမှာ နေထိုင်ကြတဲ့ မိသားစု၊ မိဘတွေက ဆေးရုံမှာ ကလေးသွားမွေးနေတုန်း လှေမှာကျန်ခဲ့တဲ့ မောင်နှမလေးယောက်ကို စောင့်ရှောက်ရတဲ့ အသက် ၁၂ အရွယ် Rill Foss ဆိုတဲ့ ကလေးမ၊ မိဘမဲ့ဂေဟာကို ရောက်သွားတော့ မောင်နှမတွေ တကွဲတပြားမဖြစ်အောင် ဘယ်လိုကာကွယ်စောင့်ရှောက်သလဲ၊ မွေးစားမိဘအိမ်ကနေ ဘယ်လိုထွက်ပြေးကြသလဲ၊ ဘာတွေဆက်ဖြစ်သလဲ… အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။



Delia Owens ရဲ့ Where The Crawdads Sing ကတော့ မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့ ကမ်းခြေမြို့ကလေးက ရွံ့ဗွက်မိန်းကလေးလို့ ခေါ်ကြတဲ့ မိန်းကလေးတစ်ယောက်အကြောင်း။ ၁၉၆၉ မြို့မျက်နှာဖုံး ချေ့အမ်းထရူး တာဝါတိုင်ကနေ ပြုတ်ကျသေတော့ ပြုတ်ကျတာလား အသတ်ခံရတာလား။ သတ်တယ်လို့ ယူဆကြတဲ့ မိန်းကလေးက ရွံ့နွံတောမှာ တစ်ယောက်တည်း ကြီးပြင်းလာခဲ့တဲ့ Kya Clark ။ မိဘ၊ မောင်နှမ တဖြည်းဖြည်း စွန့်ခွာသွားတော့ တစ်ယောက်တည်း ရှာဖွေစားသောက်။ ဓာတ်ဆီရောင်းတဲ့ လူမည်းဂျက်ပင်း၊ သူ့မိန်းမ မေဘယ်တို့က တတ်နိုင်သလောက်ကူညီ။ သူ့အစ်ကို့သူငယ်ချင်း တာတီးက စာသင်ပေး။ သံယောဇဥ◌်တွယ်လာတဲ့အချိန် တာတီးက မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှာ အဏ္ဏဝါဇီဝသိပ္ပံ တက်ဖို့ထွက်ခွာသွား။ ရှာဖွေတွေ့ရှိလာတဲ့ မျိုးစိတ်တွေကို မှတ်တမ်းတင် မြို့ကသူဌေးသား ချေ့အမ်းထရူးနဲ့တွေ့။ တာတီးက သုတေသနဌာနခွဲအတွက် ပြန်လာတော့ ပြန်ဆုံ။ Kya ရှာဖွေတွေ့ရှိတာတွေကို စာအုပ်ထုတ်ဖို့ အကြံပေး။ အမ်းထရူးအသတ်ခံရတဲ့ညက Kya က ထုတ်ဝေသူနဲ့တွေ့ဖို့ တခြားမြို့ကိုရောက်နေ။ အဲ့ဒီနေ့မှာ Kya ကို တွေ့လိုက်တယ်လို့  အစိုးရရှေ့နေတွေက စွပ်စွဲ။ မထင်မှတ်ထားတဲ့ အဆုံးသတ်ကြောင့် ဟာကနဲဖြစ်ရတဲ့စာအုပ်။ တမျိုးစီ ကောင်းကြပေမဲ့ ဒီနောက်ဆုံးစာအုပ်ကို အကြိုက်ဆုံးပဲ။ မိတ်ဆွေတွေမှာလည်း ညွှန်းချင်တဲ့စာအုပ်တွေရှိရင် လက်တို့ကြဥ◌ီးနော်။