ရန်ကုန်သွား တောလား - ၃

၂၀၁၉  ဖေဖေါ်ဝါရီ ၁၀ တနင်္ဂနွေနေ့ မနက် ၇ နာရီ  ဖြိုးအိမ်အရောက် ပြေးရတယ်။ ဒါတောင် ဖြိုးတို့က မနက် ၆ နာရီ လာဖို့ချိန်းတာ။ မနက် ၆ နာရီတော့ မဖြစ်နိုင်ဘူး အဲ့ဒီအချိန်မှ အိပ်ယာနှိုးတာ မနက် ၇ နာရီအရောက်လာမယ်။ တက္ကစီငှား ကျောင်းကြီးလမ်းက ခိုင်မေ့ကိုဝင်ခေါ်။ ဖြိုးတို့က စာသင်ဂိုက်တွေဆိုတော့ ကလေးတွေ စာမေးပွဲပြီးတဲ့အချိန်မှ အားတယ်။ မြေနီကုန်းကိုဖြတ်တော့ အရင်လိုစည်ကားနေတုန်းပဲ။ ဂုံးကျော်တံတားတခု၊ သစ်ပင်တွေ နည်းနည်းပိုများလာတယ်။ ကားတွေပိုများလာတယ်။ ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ကနေ ဘုရားတက်။ ကိုယ်ဝတ်လာတဲ့ဂါဝန်က ဒူးအောက်အထိပဲရှည်လို့ မနေ့က ဝေပေးလိုက်တဲ့ ပတ်ထမီကို အပေါ်ကနေထပ်ဝတ်။ မြောက်ဖက်မုခ်မှာ ဦးလေးဆိုင်ရှိမှန်းတော့သိတယ် ဘယ်နေရာလဲလို့ အတိအကျ မမှတ်မိဘူး။ ဆိုင်နာမည်တွေဖတ်ကြည့် တွေ့တော့လည်း ဦးလေးဆိုင်က မဖွင့်သေးဘူး။ ရွှေတိဂုံဘုရားကို တပတ်ပတ် မနက်စောစောဆိုပေမဲ့ လူတွေစည်ကားတယ်။ တံမြက်စည်းလှည်းတဲ့သူ၊ ဘုရားဖူးတဲ့သူ။ ကိုယ့်မွေးနေ့ ရာဟုထောင့်မှာ ဘုရားရှိခိုးကြတယ် ပြီးတော့အောင်မြေမှာ ဆုတောင်းကြတယ်။ ဘုရားရိပ်တရားရိပ်ဟာ အင်မတန်အေးချမ်းတယ်။ ရွှေစင်မရောက်သေးလို့ နေရိပ်တဲ့နေရာမှာ စကားတွေ ထိုင်ပြောကြတယ်။ ရွှေစင်က အောင်မြေမှာရောက်နေပြီလို့ ဖုန်းခေါ်တော့မှ အောင်မြေဆီချီတက်ကြတယ်။ ရွှေစင်နဲ့မတွေ့တာ ၁၈ နှစ်လောက်ရှိပြီ။ မြေနီကုန်းကဆိုင်မှာ မနက်စာစားကြတယ် ပြီးတော့ စီတီးမတ်မှာ သင်းခိုင်နဲ့သူ့ကလေးအတွက် လက်ဆောင်ပစ္စည်းတွေ ဝယ်ကြတယ်။ တက္ကစီငှားပြီး အင်းစိန်ဘီအိုစီနားက ဝတ်ရည်ကို ဝင်ခေါ်ကြတယ်။ ကိုယ်က ပိုက်ဆံအိတ်နှစ်အိတ်ထဲက တခုရွေးဆိုတော့ ဝတ်ရည်က သူ့အမေ့ကို ရွေးခိုင်းတယ်။ ဝတ်ရည်က သမီးအလိမ္မာလေး။ သူငယ်ချင်းတွေ စကားတွေလုပြောကြရင်း လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် ၁၉၉၉  လှည်းတန်းဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်း တက်တုန်းကအချိန်တွေကို ပြန်ရောက်သွားသလိုပဲ။

ကိုယ်၊ ဖြိုး၊ ခိုင်မေ၊ မေရီက ကြည့်မြင့်တိုင်ဖက်က။ ဝတ်ရည်၊ ရွှေစင်တို့က ရွှေပြည်သာဖက်က။ ကိုယ်တို့ဆယ်တန်းအောင်တော့ တက္ကသိုလ်တွေ မဖွင့်သေးတော့ အင်္ဂလိပ်စာသင်တန်းကျောင်းတက်ပြီး စောင့်ရတယ်။ မနက် ၉  နာရီကနေ ညနေ ၄ နာရီအထိ ထမင်းချိုင့်လေးနဲ့ ကျောင်းလာပြီး တက်ကြတယ်။ စာမလုပ် အတန်းလစ် စားမယ် သွားမယ် ပြောမယ်။ ကိုယ်တို့အတန်းလစ်ရင် သိသာတယ် ညာဖက်နံရံနဲ့ကပ်လျက် တတန်းလုံးကွက်လပ်ကြီး ဖြစ်နေတာကိုး။ ချောတဲ့ဝတ်ရည်ကို လာကြောင်ပြီး စာလာမေးတဲ့ စီနီယာတွေကို ပေါက်ကရတွေ ခဲရခဲဆစ်တွေမေးလို့ ခေါင်းကုတ်ပြီးပြန်ပြေးကြတယ်။ ပိုးဟပ်ဖြူလေးလို ကြောက်တတ်တဲ့ ဝတ်ရည်ကို ရွှေစင်၊ ဖြိုး၊ ကိုယ်တို့က ကိုယ်ရံတော်တွေအဖြစ် စောင့်ရှောက်ရတယ်။ ရွှေစင်က သွက်သွက်လက်လက် ဟောဟောဒိုင်းဒိုင်း မကြောက်တတ်တဲ့သူ။ ခိုင်မေက မြန်မာစာဆရာမ ချစ်စဖွယ်ကောင်းတဲ့ စကားတွေပြောတတ်တဲ့သူ၊ ကိုယ်တို့အားလုံးကို ဆုံးမတတ်သူ။ အုပ်စုထဲမှာ အသေးဆုံး၊ ဆံပင်အရှည်ဆုံး ဖြိုးကတော့ ကိုယ်တို့ဒဏ်ကို အများဆုံးခံရတဲ့သူ။ ဖြိုး တက္ကစီငှားလိုက်၊ ဘယ်သူ့ကိုသွားပေးလိုက်၊ သင်းခိုင်ကို နင် ကြိတ်မေး ကိုယ်တို့ပြောသမျှ မညည်းမငြူ လုပ်ပေးရှာသူ။ ဝတ်ရည်ကတော့ ကြောက်တဲ့သူမို့ မကြောက်အောင် အမြဲအားပေးရတယ်။ သင်းခိုင်ကတော့ အုပ်စုထဲမှာ ပြသနာများတဲ့သူ သင်းခိုင်ဖုန်းဆက်ရင်ကို လန့်နေရတယ် ဘာများဖြစ်သလဲလို့။ ဒူးရင်းသီး ဒညင်းသီးအုန်းနို့ဆမ်းစားပြီး လက်ချောင်းတွေ ပူးကပ်နေတယ် ခွာပေးပါလို့ပြောလို့ ကိုယ်တို့မှာ မျက်ကလဲဆန်ပြာနဲ့ လက်တွေခွာ။ ဆရာ့ကိုသွားမေးတော့ ဆရာက သံပုရာစေ့ဝါးစားခိုင်းတယ်။ အုပ်စုထဲမှာ စိတ်အပူရဆုံးက သင်းခိုင်နဲ့ရွှေစင် ပြန်မပြောနားမထောင် လုပ်ချင်ရာလုပ်ကြသူတွေ။ ကိုယ်တို့ခရက်ရှ်တွေဖြစ်တဲ့ ပဲဘဝင်၊ အနော၊ အအဂျာ၊ ဝမ်းဝမ်းကြီးတို့အကြောင်း ပြောကြသေးတယ်။ ၂၀၀၅ မတ်လ ကိုယ့်ဇာတိ ဟိုင်းကြီးကျွှန်းကို လိုက်လည်ကြတုန်းက အမှတ်မထင်ဆုံခဲ့ကြတဲ့ အလယ်တန်းကျောင်းတုန်းက ကိုယ့်ကျောင်းနေဖက် သူငယ်ချင်းတယောက်ကို ကိုယ်ကသတိမရဘဲ သူတို့က သတိရနေကြလေရဲ့။

မနက်စောစော သူငယ်ချင်းတွေနဲ့ ဘုရားတက် စကားတွေလုပြော...
ရှမ်းချဉ်နှစ်ဖတ်စားလိုက်တာ ဝမ်းတွေလျှောလို့ ဆေးခန်းပြေး...
မနေ့က ဝေပေးလိုက်တဲ့ ထမီလေးကို ပတ်ဝတ်....

ဝတ်ရည်က သူ့လုပ်ဖော်ကိုင်ဖက်၊ ကာစတာမာတွေနဲ့ အော်ဟစ်ရန်ဖြစ်တယ်လို့ပြောတော့ ကိုယ်တို့မှာ အံ့တွေသြလို့။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ရန်ဖြစ်ဖို့မဆိုထားနဲ့ လေသံကျယ်ကျယ်တောင် မပြောရဲတဲ့သူက ခုတော့ရန်တွေ ဖြစ်ရဲပြီဆိုတော့လေ။ တက္ကစီငှား မင်္ဂလာဒုံဈေးကိုရောက်တော့ သင်းခိုင်ဆိုင်မှာ သင်းခိုင်အဖေနဲ့အမေကို တွေ့တယ်။ ကောင်လေးတယောက်ကို လမ်းပြလွှတ်လိုက်တာ သင်းခိုင်အိမ်ရှေ့ ရောက်နေပေမဲ့ သင်းခိုင်အိမ်မှန်းမသိ။ နေမကောင်းတဲ့သင်းခိုင်ကို မြင်ရတာ အတော်စိတ်မချမ်းသာဘူး။ သူ့သားလေးက အတော်ကြီးနေပြီ သူ့အမေကို သိတတ်တယ်။ ဆင်ရေတွင်း ဂမုန်းပွင့်က ရွှေပလ္လင်မှာ ကိုယ်က ရှမ်းခေါက်ဆွဲစားတယ်။ ရှမ်းချဉ်နှစ်ဖတ်စားလိုက်တာ ညရောက်တော့ ဝမ်းလေးခါသွားလို့ ဆေးခန်းပြေးလိုက်ရတယ်။ ဂမုန်းပွင့်ကနေ အိမ်ကိုတက္ကစီငှားတော့ ဖြိ ုးပြောလိုက်တဲ့ဈေးမရမချင်း တစီးပြီးတစီးငှားတာ နောက်ဆုံးမှာတော့ ရသွားတယ်။ မိသားစုဓာတ်ပုံကို လှည်းတန်းက ချောစုမှာရိုက်မလို့ Grab တက္ကစီက လှည်းတန်းစင်တာနားမှာ ချပေးခဲ့တယ်။ ချောစုကိုမေးကြည့်တော့ သိထားတဲ့ဈေးထက်များနေလို့  အင်းစိန်လမ်းမ ဘူတာရုံလမ်းမှတ်တိုင်နားက စံပြဓာတ်ပုံတိုက်မှာ သွားရိုက်ကြတယ်။ ကိုယ်တို့ပတ်စပို့ဓာတ်ပုံမှန်သမျှ စံပြမှာရိုက်တာ။ ဈေးမဆိုးသလို ပုံထွက်လည်းမဆိုးဘူး။ ဖိုတိုလျှော့ contour လုပ်တာများသွားလို့ထင်တယ် မကြီးပတ်စပို့ပုံမှာ နားထင်နားမှာညိုနေလို့ ပြောတာပြန်ပြင်ပေးတယ်။ မိသားစုဓာတ်ပုံကို မကြီးက မကြိုက်ဘူး ချောစုမှာရိုက်လိုက်ရင် အကောင်းသားတဲ့။ အဖေကတော့ သဘောတွေကျပြီး နောက်ထပ်ပုံကြီးတပုံ ထပ်ကူးတယ် ဟိုင်းကြီးအိမ်မှာ ချိတ်ထားမယ်တဲ့။ အဲ့ဒီနားက ဇော်ကြေးအိုးဆီချက်ဆိုင်က ကိုယ်တို့ကြိုက်တဲ့ဆိုင်။ ခုတော့ အချိုမှုန့်တွေများလို့ မစားနိုင်တော့ဘူး။ အဲ့ဒီသူငယ်ချင်းတွေနဲ့ မတွေ့တာ ၈ နှစ်၊ တချို့ဆို ၁၅ နှစ်ကျော်ရှိပေမဲ့လည်း ရင်ဘတ်ခြင်းနီးနေတယ်လို့ ခံစားမိတုန်း။ ကိုယ့်စိတ်ထဲရှိရာ အကုန်ပြောလို့ရသလို  ကိုယ့်ကိုအထင်မသေး၊ နောက်ကျောကနေ ဓားနဲ့မထိုး၊ ကိုယ့်ကိုအမြဲချစ်ခင်နေတဲ့  သူငယ်ချင်းကောင်းတွေမို့လို့ စိတ်ချမ်းသာရပါတယ်။ နောက်နေ့ ဘယ်သူတွေနဲ့တွေ့သလဲ၊ ဘယ်တွေကိုသွားသလဲ၊ ဘာတွေလုပ်သလဲဆိုတာကတော့ နောက်ပို့စ်မှာမှ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မေ ၂၅၊ ၂၀၁၉ ။

၁၉၉၉  မင်္ဂလာဒုံလှော်ကားဥယျာဉ်
၁၉၉၉  မိန်း
၂၀၀၀ မိန်း
၂၀၀၅ မတ် မော်တင်စွန်း ဘုရားပွဲ

ရန်ကုန်သွား တောလား - ၂

အဖေက ဘတ်စ်ကားစီးတာ အဆင်ပြေလား၊ ဘာဆိုင်မှာ ဘာတွေစားလဲမေးတယ်။ ခြင်လုံဇကာ ခြင်ထောင်လေးနဲ့ အိပ်ရတာ အဆင်ပြေတယ်။ ရန်ကုန်ဟာ ခြင်ထူ၊ ဖုန်ထူ၊ အရင်ကထက်တောင် ပိုဆူညံနေသလိုပဲ။ ဈေးထဲက မြန်မာမုန့်တွေ အင်မတန် စားကောင်းတယ်။ ဘက လူကြံကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းလာယူတော့ အလုပ်အကြောင်း ပြောကြရင်း ကမ္ဘောဇဘဏ် စတော့အိပ်ချိန်းဌာနမှာ အလုပ်လုပ်နေမှန်း သိသွားတော့ စတော့အိပ်ချိန်းဆိုတာကြီးကို သိချင်နေတဲ့အဖေက မေးမြန်းတယ်။ နောက်နေ့ဘက ကမ္ဘောဇဘဏ်မှာ စတော့အိပ်ချိန်းစင်မင်နာရှိတယ်လို့ အသိပေးတာနဲ့ အဖေ့ကိုမေးလိုက်တော့ စင်မင်နာတက်ချင်တယ်တဲ့။ အစက အမေ့ကို အိမ်မှာထားခဲ့မလို့ အမေက သူလည်းလိုက်ချင်တယ်လို့ ပြောတာနဲ့ ခေါ်သွားတယ်။ အိမ်နားကတက္ကစီက သတ်မှတ်ချိန်ထက် စောရောက်လာလို့ ဘဏ်ကိုမိနစ် ၂၀ လောက် စောရောက်သွားတယ်။ ကော်ဖီမစ်တိုက်ပေမဲ့ မသောက်ကြဘူး ရေဘူးတော့ ယူလိုက်တယ်။ စင်မင်နာတင်ဆက်တာ ကောင်းပေမဲ့ စီးပွားရေးအသုံးအနှုန်း များတော့ ကိုယ်တောင်ခပ်ပျင်းပျင်း။ အိပ်ငိုက်လာတဲ့ အမေ့ကို အဖေက လက်လှုပ်ပြီးနှိုးနေတော့ ကိုယ်က သူတို့ကိုကြည့်ပြီး ပြုံးစိစိ။ လမ်း ၃၀ အထက်ဘလောက်အထိ လမ်းလျှောက်ပြီး သခင်မြပန်းခြံအထိ ဘတ်စ်ကားစီး။ အဲ့ဒီကနေ ဘုရင့်နောင်ဖက်ပြေးတဲ့ ဘတ်စ်ကားပြောင်းစီး။ အရင်ကထက် ဘတ်စ်ကားတွေ များလာတယ် စနစ်ပိုကျလာတယ်။ ၂၀၁၉  ဖေဖေါ်ဝါရီ ၉  စနေနေ့ မနက် ၁၁ နာရီ မြန်မာပလာဇာမှာ ကွန်ပျူတက္ကသိုလ်က သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ အဖေက အိမ်နားကတက္ကစီကို မှာထားပေမဲ့ ကိုယ်က ဘတ်စ်ကားနဲ့သွားချင်လို့ ငြင်းလိုက်တယ်။ အိကေက ကိုယ်တို့အိမ်နားကနေ မြန်မာပလာဇာကိုရောက်တဲ့ ဘတ်စ်ကားနံပါတ်ကို သတင်းပေးတယ်။ ကားကချောင်လိုက်တာ UFL ဝင်းနားဖြတ်တော့ ၂၀၀၇ တရုတ်စာသင်တန်း မနက်ပိုင်းတက်တဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဆယ်တန်းတုန်းက ရန်ကင်းမှာ ကျူရှင်တက်တော့ ၄၂ ဟိုင်းလတ်ဘတ်စ်ကားဖြတ်တဲ့ နေရာတွေကို မှတ်မိသလို မမှတ်မိသလို။ မြန်မာပလာဇာဆိုတာ ဘယ်မှာမှန်းမသိလို့ မေးကြည့်တော့ မီးပွိုင့်အကွေ့ဆို ရောက်ပြီတဲ့။

တနာရီလောက် စောရောက်နေတော့ မြန်မာပလာဇာသုံးထပ်ကို ပတ်ပစ်လိုက်တယ်။ ပထမဆုံးရောက်လာသူကဝေ ခရမ်းရောင်တွေ လက်လက်ထနေတယ်။ ဝေက ကိုယ့်ကို မြန်မာအင်္ကီျ၊ ပတ်ထမီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ပြည်ကပေးစာများစာအုပ် လက်ဆောင်ပေးတယ်။ ဂျပန်ပြည်ကပေးစာများစာအုပ်ကို အင်္ဂလိပ်လိုဖတ်ပြီးသား ခုစာအုပ်မှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ၊ အန်တီစုဓာတ်ပုံတွေပါတယ်။ ဒုတိယရောက်လာသူက မြတ်မွန် သူ့အမျိုးသားနဲ့ ကလေးနှစ်ယောက်။ ၂၀၀၉ ပါစီပါဂျမ်းက မြတ်မွန်အိမ်သစ်တက်ပွဲကို ဝေနဲ့သွားလို့ မြတ်မွန်အမျိုးသားနဲ့ ဆုံဖူးတယ်။ မြတ်မွန်ကတော့ အရင်ကတိုင်း စကားတွေတရစပ် မရပ်မနားပြောနိုင်တုန်း နောက်ပြောင်နေတုန်း။ နောက်ဆုံးမှ ရောက်လာသူတွေက အိကေ၊ အေးသက်၊ သစ်သစ်။ သစ်သစ်က ရောက်နေတာကြာပြီ အိကေနဲ့အေးသက်ကို စောင့်ခေါ်နေတာ။ သစ်သစ်ဟာ ကျောင်းတုန်းက အီးစီအကျင့် မပျောက်သေးဘူး လူစောင့်ခေါ်တုန်း။ သစ်သစ်က ကျောင်းမှာအီးစီ အမြဲပြုံးပြီး ကူညီတတ်တဲ့သူ။ လူချစ်လူခင်များသလို အီးစီမို့လို့ လူတိုင်းသစ်သစ်ကို သိကြတယ်။ တစ်ရှူးလိုလား၊ ကျွှတ်ကျွှတ်အိတ်လိုလား၊ အမျိုးသမီးလစဉ်သုံးပစ္စည်းလိုလား၊ ချိတ်လိုလား၊ အိပ်ငိုက်ပြေဖို့ အချဉ်ထုပ်လိုလား၊ရှူဘူးလိုလား ဘာပဲလိုလို သစ်သစ်လွယ်အိတ်ထဲမှာ အကုန်ရှိတယ်။ သူငယ်ချင်းတွေရဲ့ အရိပ်အကဲကို စောင့်ကြည့်ပြီး ဖြည့်ဆည်းပေးတတ်သူ။ မြတ်မွန်ကိုလည်း တကျောင်းလုံးသိကြတယ် ဟိုစပ်စပ် ဒီစပ်စပ် သတင်းအစုံအလင်သိ။ နောင်ပြောင်တတ် သူ့လူကြီးနဲ့ လိမ့်နေတတ်ပြီး စာသင်ဂိုက်မို့ ကိုယ်တို့လောက် ကျောင်းအမြဲမတက်ပေမဲ့ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဖြေတတ်တဲ့သူ။ မော်ဒယ်လေးလို ပိန်ပိန်ရှည်ရှည် အိကေက စိတ်ပူတတ်တယ် စာလုပ်တယ် စာမေးပွဲမှာလည်း အမှတ်ကောင်းတယ်။ အေးသက်က စာသင်ဂိုက် အစ်မကြီးမို့ စိတ်ရှည်တယ် သဘောကောင်းတယ်။ အုပ်စုထဲမှာ ကျောင်းအမြဲလာပြီး အတန်းအလစ်ဆုံး စာမလုပ်ဆုံးက ကိုယ်နဲ့ဝေ။

ကိုယ်တို့အားလုံးကြိုက်တဲ့ ကြေးအိုး
အိကေ၊ ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ သစ်သစ်၊ အေးသက်
စာမလုပ်ဆုံး၊ အတန်းအလစ်ဆုံး၊ ကျောင်းကမြေအောက်ခန်းမှာ အိုင်စီသီချင်းတွေ အော်ဆိုပြီး
အသံနဲ့နှိပ်စက်၊ တယောက်အသည်းကွဲရင် တယောက်ကသူကွဲသလို ဖက်ငိုကြတဲ့ ကိုယ်တို့နှစ်ယောက်...

စာမေးပွဲတွေနီးလို့ စာလုပ်ကြမယ်ဆိုရင် ကိုယ်နဲ့ဝေက နေ့ရွှေ့ညရွှေ့။ နောက်ဆုံးရွှေ့လို့မရတော့မှ စာလုပ်ကြတယ်။ အိမ်နီးတော့ ဝေက ကိုယ့်အိမ်ကို စက်ဘီးလေးနဲ့ ရောက်လာတတ်တယ်။ ဝေက ဝထ္ထုဖတ်ပြီးရင် ဝထ္ထုဖတ်စရာမလိုအောင် အသေးစိတ် သေသေချာချာ ပြောပြတတ်တယ်။ သူများတွေက အေခန်းရအောင် လုအပ်ကြတဲ့အချိန်မှာ ကိုယ်တို့က စီခန်းရအောင် ရိုးနံပါတ် ၃၀၀ ကျော်နေပြီဆိုတော့မှ အပ်တယ်။ အလယ်ခုံရှေ့တန်းခုံနှစ်တန်းကို အပိုင်စီးကြတယ်။ ပထမဆုံးကျောင်းစတက်တဲ့ရက်ဆို ဘယ်တော့မှကျောင်းမတက်ဘူး ဓာတ်ပုံသွားရိုက်ကြတယ်။ ကျောင်းကအဝေးကြီးမှာ နိုင်ငံခြားကတက္ကသိုလ်တွေနဲ့ အပုံကြီးကွာပေမဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူဘဝဟာ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေကြောင့် ပျော်စရာကောင်းခဲ့တယ်။ ဘာစားကြမလဲ ကိုရီးယားစာ၊ တရုတ်စာ၊ ဝိုင်ကေကေအိုကြေးအိုးဆိုတာနဲ့ ကြေးအိုးဆိုင်ချီတက်ကြတယ်။ ကိုယ်တို့အားလုံး ကြေးအိုးကြိ ုက်ကြတယ်။ မြတ်မွန်မိတ်ဆက်ပေးလို့ ဘူတာရုံလမ်းက ဇော်ကြေးအိုးဆီချက်ကို ငါးပိထောင်းနဲ့စားတာကို ကြိ ုက်သွားကြတယ်။ ဝိုင်ကေကေအိုကြေးအိုးက အချိုမှုန့်တွေချည်းပဲ အချိုမှုန့်မစားတာ အတော်ကြာပြီဆိုတော့ စားတာနဲ့သိတယ် ရေငတ်တယ် အကြောတက်တယ်။ အချည်ရည်ကိုတော့ နည်းနည်းလေးပဲ စားတယ် စားတာစားရတယ် ခပ်လန့်လန့်။ နိုင်ငံခြားကပြန်လာသူတွေ ရန်ကုန်မှာ ဝမ်းလျှောတဲ့သတင်းကို ကြားဖူးထားတာကိုး။ ရန်ကုန်လာတာ ပိုက်ဆံတပြားမှ မယူလာဘူး အဖေက သုံးဖို့နှစ်သိန်းပေးထားတယ်။ ကိုယ်‌ကျွှေးမယ်ပြောတော့ ဝေက သူတို့အားလုံးက ကိုယ့်ကို‌ကျွှေးတာ အကုန်အကျနည်းတယ် တွက်ချေကိုက်တယ်တဲ့။ အိကေက ပုဝါလက်ဆောင်ပေးတယ် သူငယ်ချင်းတွေအတွက် ပိတ်စတွေ လက်ဆောင်ပေးတယ်။ ကိုယ်က ပိုက်ဆံအိတ် လက်ဆောင်ပေးတယ်။ သူများဆီကဟာက ကိုယ့်ဆီကဟာထက် ပိုလှတယ်ထင်နေတဲ့သူကို သစ်သစ်က သူငယ်ချင်း သစ်သစ်ဟာ ယူမလားမေးနေတယ်။ လက်ဆောင်မပါလာတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို စီတီးမတ်ကနေ မုန့်တွေအများကြီးဝယ်ပေးလိုက်တယ်။

အုပ်စုထဲမှာ ချိန်းဖို့အခက်ဆုံးက အေးသက် လူလွတ်ပေမဲ့ ကလေးအမေတွေထက် အလုပ်များတယ်။ မြတ်မွန်က အေးသက်ကို ရည်းစားမရှာဘူးလား မတွေ့ဘူးလားမေးတယ် အေးသက်က ရှာနေတာပဲလို့ ပြန်ဖြေတယ်။ ကိုယ်ထင်တဲ့အတိုင်း ကိုယ့်ကိုတော့ မမေးဘူး။ ချောလှတဲ့အေးသက်ကို စိတ်ဝင်စားတဲ့သူ ကြိုက်တဲ့သူတွေ အများကြီး။ အိမ်ကသဘောကျတဲ့သူကို စကားပြောကြည့်တာ စစ်တပ်ထောက်ခံသူတဲ့သူဖြစ်နေလို့ ကိုယ်တို့အားလုံးက နိုး...နိုး...နိုး.... ။ မြတ်မွန်က အိမ်ရှင်မလုပ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး ခုတော့ ကလေးတွေက အရေးအကြီးဆုံးဖြစ်နေပြီတဲ့။ သစ်သစ်ဆီက သိလိုက်ရတာတခုက အိမ်ငှားတွေကို ဆယ်နှစ်ထက်ပိုငှားလို့မကောင်းဘူးတဲ့။ အဲ့ဒီအိမ်မှာ ဆယ်နှစ်ကျော်နေပြီးရင် အိမ်ငှားပဲဖြစ်စေဦးတော့ အိမ်ရောင်းရင် အိမ်တန်ဖိုးကို ရပိုင်ခွင့်ရှိတယ်တဲ့ ထူးဆန်းပါပေ့။ အစကတော့ အိမ်ကိုပြန်ခဏနား ညနေ၄နာရီမှာ ရောက်လာမဲ့မကြီးကို လေဆိပ်ကိုသွားကြိုမလို့။ ဝေ့အမျိုးသားနဲ့ကလေးတွေ လာပြီးမုန့်စားတာကိုစောင့်၊ အမေ့အတွက် ရေခဲသေတ္တာဝင်ကြည့်။ ညနေသုံးနာရီလောက်မှာ ဝေက လေဆိပ်ကိုသွားတဲ့ဘတ်စ်ကားပေါ် တင်ပေးလိုက်တယ်။ ကားခ ၅၀၀ မြို့ထဲကနေ လေဆိပ်ကိုပြေးဆွဲတာ။ ဘယ်တွေကို ရောက်နေပြီလဲမသိ ဟမ်းကယ်ရီအိတ်နဲ့ဆင်းသွားတဲ့လူကို မြင်တော့မှ လေဆိပ်ရောက်ပြီလားမေးတာ ဘယ်တာမင်နယ်လဲတဲ့။ Arrival တာမင်နယ်ကို ကျော်သွားပြီ ပြည်တွင်းတာမင်နယ်ရှေ့မှာ ချပေးလိုက်တယ်။ ဆယ်မိနစ်လောက် လမ်းလျှောက်ရတယ် ရန်ကုန်နေ အင်မတန်ပူတယ်။ ဦးထုပ်မပါလာ အင်္ကီျကလည်း လက်တိုဆိုတော့ နေလောင်မလား မျက်နှာနေလောင်ရင် နှစ်နှစ်လောက်ကုယူရတယ်။ လေဆိပ်ရောက်တော့ မကြီးကရောက်နေပြီ ယောက်မနဲ့ တူတော်မောင်လည်း လာကြိုတယ်။ အဖေနဲ့အမေကတော့ သမီးတွေ၊ မြေးနဲ့‌ချွှေးမ ဝိုင်းနေတော့ ပျော်နေတာပေါ့။ ပခုက္ကူရောက်နေတဲ့ မောင်မောင်ကို သတိရနေကြတယ်။ မိသားစုခုလိုစုံစုံလင်လင် မတွေ့ရတာ ဆယ်နှစ်ကျော်ပြီကိုး။ မနက်ဖြန် ဘယ်သူငယ်ချင်းတွေနဲ့ဆုံပြီး ဘယ်တွေသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မေ ၁၉ ၊ ၂၀၁၉ ။

၂၀၀၂ ဒုတိယနှစ် ပထမဆုံး ကျောင်းတက်တဲ့နေ့ မိန်းထဲကအီကိုဝင်းထဲမှာ ဓာတ်ပုံသွားရိုက်ကြတယ်...
စန်းထွန်း၊ မြတ်မွန်၊ ဝေ၊ အေးသက်၊ သစ်သစ်

ဝေ၊ အေးသက်၊ မြတ်မွန်၊ သစ်သစ်၊ စန်းထွန်း
၂၀၀၃ တတိယနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ
အိကေ၊ အေးသက်၊ ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ သစ်သစ်၊ ခိုင်ဇာ
၂၀၀၃ တတိယနှစ် မင်္ဂလာဒုံစစ်သချိုင်းမှာ
ကျောင်းမလာတဲ့ မင်္ဂလာဒုံက အေးသက်ဆီသွားပြီး စစ်သချိုင်းဆီ သွားလည်ကြတယ်
၂၀၀၃ ပရောဂျက် Presentation နေ့ ကျောင်းအင်္ကီျဆင်တူဝတ်
အေးသက်၊ ခိုင်ဇာ၊ သစ်သစ်၊ ဝေ၊ မြတ်မွန်၊ သဇင်၊ စန်းထွန်း၊ အိကေ
အိကေ၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ စန်းထွန်း၊ အေးသက်
လှော်ကား ကွန်ပျူတာတ္ကသိုလ် ယူနီဖောင်းဝတ်ရပြီ
၂၀၀၅ မေ ရီဟာဇယ်
၂၀၀၅ မေ မိန်းမှာဘွဲ့ယူကြတုန်းက

ရန်ကုန်သွား တောလား - ၁

၂၀၁၉  ဖေဖေါ်ဝါရီ ၂ ရက်နေ့က ၁၉  ရက်နေ့အထိ ၈ နှစ်ကြာမှ ပြန်တော်ပြန် ၁၂ရက်ခရီး စတင်ပါတယ်။ လေယာဉ်ခမတတ်နိုင်တဲ့ ကျောင်းသားဘဝဆိုတော့ ၂နှစ်တခါ မပြန်နိုင်။ အက်ဖ်ဝမ်းကျောင်းသားဗီဇာ၊ အိတ်ချ်ဝမ်းအလုပ်ဗီဇာနဲ့ပြန်ရင် စတိတ်ကိုပြန်ဝင်ဖို့ ဗီဇာပြန်လျှောက်ရလို့ ဂရင်းကဒ်ရမှပဲ ပြည်တော်ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်။ အဖေ၊ အမေတို့က ၂ နှစ်တခါ လာလည်ကြတော့ ပြန်တော်ပြန်ဖို့လည်းမလိုဘူးဆိုတော့ ၈ နှစ်မှပဲပြန်ဖြစ်တော့တယ်။ မကြီးက တရုတ်နှစ်သစ်ကူးပိတ်ရက် သူလည်းပြန်လာမယ် အဲ့ဒီအချိန်လာတဲ့။ သက်သာတဲ့လေယာဉ် လက်မှတ်ရှာတော့ ကသေးပစိဖိတ်က တထောင်။ ဈေးသက်သာတဲ့ တရုတ်လေကြောင်းလိုင်းတွေ မစီးရဲဘူး။ သူငယ်ချင်းတယောက်စီးတာ ဈေးတော့သက်သာပါရဲ့ ဘေဂျင်းကနေ ကူမင်းကို ပြည်တွင်းလေကြောင်းလိုင်းမို့ လက်ကေ့အိတ်တွေပြန်ထုတ် ချက်ကင်ပြန်ဝင်ရတယ်။ ၂၄ နာရီကျော်သွားရင် ထရန်စစ်ဗီဇာလျှောက်ရတယ်။ လေယာဉ်တွေလွဲ၊ လက်ကေ့အိတ်တွေပျောက်နဲ့ ဒုက္ခတွေ ရောက်မှရောက်တဲ့။ ကိုယ့်လေယာဉ်က ပုံမှန်ဆိုရင် ဟောင်ကောင်တိုက်ရိုက်ဖြစ်ရမှာ ကိုယ်သွားမဲ့နေ့မှာ ဈေးအသက်သာဆုံးလေယာဉ်က ဗန်ကူးဗား - ဟောင်ကောင်။ ဂရင်းကဒ်မို့လို့ ထရန်စစ်ဗီဇာမလိုပေမဲ့ FTA ဖောင်ဖြည့်ရမယ်တဲ့ နောက်လေယာဉ်၊ နောက်နေ့ပြောင်းစီးစရာမလိုဘူး ခုလျှောက်ခုရတယ် ၇ ကျပ်ပေးရတယ်။ ကနေဒါကိုလာလည်ဖို့ အစီအစဉ်ရှိလားမေးတော့ ရှိတယ် ဘယ်တော့လောက်၊ ဘယ်နေရာတွေကို လည်ဖို့အစီအစဉ်ရှိလဲလို့ ထပ်မေးနေလို့ မရှိဘူးလို့ ရွေးလိုက်တယ်။ နယူးယောက်ကနေ ဗန်ကူးဗားကို လူမပြည့်ဘူး အစွန်ဆုံးခုံတွေပဲ လူရှိတယ် အလယ်ခုံမှာ လူမရှိဘူး။ ဒီတော့ ခြားထားတဲ့ခုံတန်းလေးကိုချပြီး အိပ်တော့တာပဲ အိပ်လို့လည်း မပျော်ပါဘူး။ ဗန်ကူးဗားရောက်တော့ ဆင်းတဲ့သူကဆင်း တက်တဲ့သူကတက် ဟောင်ကောင်ကိုဆက်သွားမဲ့ ကိုယ်တွေက ဆင်းလည်းမဆင်းရဘူး။ လေယာဉ်ပေါ်မှာငုတ်တုတ် ၂ နာရီ  ကိုယ့်နေရာမှာ ထိုင်နေရတယ်။ ဝိုင်းပြောတာ အမှန်ပဲ မင်း ဂရင်းကဒ်မို့လို့ ထရန်စစ်ဗီဇာမလိုတာ လေယာဉ်ပေါ်အဆင်းအတက် ၂ နာရီလောက်တော့ ကြာတာပဲ။ သူဆို ထရန်စစ်ဗီဇာလိုတဲ့ လန်ဒန်၊ ကနေဒါ ထရန်စစ်ဆို ဘယ်တော့မှမစီးဘူးတဲ့။ နယူးယောက်၊ ဗန်ကူးဗား၊ ဟောင်ကောင် ခရီးစဉ်ကကြာလို့ လူအများစုမကြိ ုက်တဲ့ ခရီးစဉ်တဲ့။ ကိုယ်တွေကတော့ ပိုက်ဆံသက်သာချင်လို့စီးတာ။

ဟောင်ကောင်ရောက်တော့ တနင်္လာနေ့မနက် ဟောင်ကောင်မှာ ၇ နာရီခွဲ ထရန်စစ်။ စောရောက်နေလို့ ဘုတ်မှာဂိတ်နံပါတ် မပေါ်သေးဘူး။ အိပ်လိုက်၊ နိုးလိုက် ဂိတ်နံပါတ်ပေါ်တော့ ဂိတ်ကအဝေးကြီး နာရီဝက်လောက် လမ်းလျှောက်ရတယ်။ ပြီးတော့ ရှယ်တယ်ဘတ်စ် ထပ်စီးရတယ်။ ဟောင်ကောင်ရဲ့ နာမည်ကျော် နာနတ်သီးကိတ်၊ လောင်ဖော်ပင် (မိန်းမ)ကိတ် ဝယ်တယ်။ တက်မဲ့ဆင်းမဲ့လေယာဉ်တွေ ရှုပ်နေလို့ တက်ဖို့စောင့်ရတာ နာရီဝက်။ ရန်ကုန်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းက ပြုံးလည်းမပြုံး မျက်နှာကိုတင်းနေတာပဲ သောက်ညင်ကပ်စရာ ဖနောင့်နဲ့ပိတ်ကန်ချင်စရာ။ ပတ်စ်ပို့စ်ကိုကြည့်ပြီး မကွေးသွားမှာလားလို့ မေးတယ်။ ဟင် ... မကွေးမသွားပါဘူး ရန်ကုန်တင်ပဲ။ ပတ်စ်ပို့စ်မှာ ငပုတောလို့ ရေးထားတာကို မကွေးလို့ မှားဖတ်နေတာကိုး။ အဖေနဲ့အမေ လာကြိ ုတယ်။ ရန်ကုန်အတော်ပြောင်းလဲနေပြီ နေရာတော်တော်များများ မမှတ်မိဘူး။ အရင်ကထက် သန့်လာတယ် အဆောက်အဦးတွေ ပိုများလာတယ်။ ဘယ်ဆိုင်မှ အမေ့လက်ရာကို မမှီဘူး။ ၂ ရက်လေယာဉ်စီးလိုက်ရတော့ အိပ်ချိန်တွေ ကမောက်ကမ ဖြစ်ကုန်လို့နဲ့တူတယ် နေ့နဲ့ည မမှားတော့ဘူး။ ရောက်တဲ့ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ အိမ်က ဘုရင့်နောင်လမ်းမကြီးနဲ့ ကပ်နေလို့လားမသိဘူး အတော်ဆူညံတာပဲ။ အဖေနဲ့အတူ မနက်ဖက် အေးရိပ်မွန်အိပ်ယာဖက်ကို လမ်းလျှောက်ထွက်။ ပြန်လာတဲ့အခါ အမေနဲ့အတူ အိမ်နားကဈေးကိုသွား စားချင်တာတွေ ဝယ်‌ကျွှေးခိုင်း။ အသိမိတ်ဆွေတွေကို နှုတ်ဆက်။ နေ့လည်ကျတော့ အဖေက ဆင်မလိုက်အဝေးပြေးကွင်းနားကို သွားစရာရှိတယ် လိုက်ခဲ့တဲ့။ ခုမှမြင်ဖူးတဲ့အန်တီကြီးက အဖေနဲ့တူတယ်နော် ကိုယ်က အမေနဲ့ တူချင်တာလို့ပြောတော့ အဖေက ဟေ ... အဖေနဲ့တူလို့ ညဏ်ကောင်းစာသင်လို့ရတာဆိုပြီး ဆွေ့ဆွေ့ခုန်။ ကိုယ်တို့ညီအစ်မတွေက အမေနဲ့တူချင်တာ အမေက ချောတာကိုး။ မကြီးက အမေနဲ့ဓာတ်ပုံရိုက်ပြီး အမေ့ဆီက ချောမောလှပတဲ့ မျက်နှာလေးရချင်လိုက်တာလို့ ဖေ့ဘွတ်ပေါ်မှာတင်နေလို့ ဟေ့... ဟေ့... အဖေ့ရှေ့မှာ အမေနဲ့တူချင်လိုက်တာလို့ သွားမပြောလေနဲ့။ သူနဲ့တူလို့ ညဏ်ကောင်းတာဆိုပြီး ဆွေ့ဆွေ့ခုန်နေလိမ့်မယ်လို့ ကြိတ်တားရသေးတယ်။

မတွေ့တာ ၁၈ နှစ် IDCS Section 13, 2001
အရင်လို အာပြဲကြတုန်း၊ စနောက်ကြတုန်း၊ ငြင်းခုန်ကြတုန်း

တခါတလေ အဖေက အမေ့ကို မင်း... သမီးတွေက မင်းကိုပိုချစ်တာလို့ ခနဲ့တတ်သေးတယ်။ ဟွန်း ... အမေ့ကို ပိုချစ်တာပေါ့ အမေက ပိုချစ်ဖို့ကောင်းတာကိုး။ သမီးတွေ ပြောရင်လက်ခံတယ် သမီးတွေပြောသမျှ လိုက်လုပ်တယ် သမီးတွေစကား နားထောင်တဲ့အမေ။ ဒီနားမှာ ဖြိုးတို့အိမ်ရှိတယ် ဝင်လည်မယ်ဆိုပြီး ဖြိုးဆီဖုန်းဆက်တော့ သူက လှည်းတန်းက မျက်စိဆေးခန်းမှာ။ သူ့အမေရှိတယ် ဝင်လည်လိုက် သူခုပဲပြန်လာပြီတဲ့။ ဖြိုးနဲ့က ၁၉၉၉  လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းမှာခင်တာ။ တက္ကသိုလ်တွေမတူပေမဲ့ အိမ်နီးကြတော့ အဆက်အသွယ်မပြတ် ညီအစ်မအရင်းလို ခင်ကြတဲ့သူတွေ။ အဖေက ဖြိုးအိမ်လိုက်ပို့ပြီး ဖြိုးအမေနဲ့ စကားတွေပြော။ ဝေက ဖုန်းဆက်တော့ ဆင်မလိုက်မှာဆိုတော့ သူ့ဆိုင်မှာနှစ်ကူးလာစားတဲ့။ ဖြိုးနဲ့စကားကောင်းနေလိုက်တာ ဝေက သူ့ကိုမမေ့နဲ့နော်လို့ ဖုန်းဆက်သတိပေးတော့မှပဲ ဖြိုးကဝေ့ဆိုင်လိုက်ပို့။ ဝေက ကလေးနှစ်ယောက်မွေးပြီးပေမဲ့ ခန္ဓာကိုယ်က အရင်တုန်းကအတိုင်းပဲ။ စတိုင်ကလည်း အရင်လို သူများနဲ့မတူ ထူးခြားနေတုန်း။ ဝေက ကိုရီးယားမင်းသမီး ဟိုယွန်မီနဲ့တူတယ် ကိုယ်တို့က ဒီယွန်မီလို့ ခေါ်ကြတယ်။ ကြောင်တောင်တောင် ဂေါက်တောက်တောက် အိမ်လည်းနီးတော့ အားရင်ကိုယ့်အိမ်ကို စက်ဘီးလေးနဲ့ ရောက်ချလာတတ်တယ်။ အုပ်စုထဲမှာစာမလုပ်ဆုံး၊ အတန်းလစ်ဆုံး၊ ကျောင်းကမြေအောက်ခန်းမှာ အိုင်စီသီချင်းတွေဆိုပြီး အသံနဲ့နှိပ်စက်တတ်တဲ့ နှစ်ယောက်ပေါင်းလောင်းကျော်တဲ့ ကိုယ်တို့နှစ်ယောက်။ ၈ နှစ်အရွယ် ဝေ့သမီးအကြီးဇူရီက စကားကြီးစကားကျယ်တွေပြောတယ်။ ညီမလေးက သူ့စိတ်ကူးယဉ်အိမ်မက်တွေ ဖျက်ဆီးလိုက်တယ်လို့ပြောလို့ ကိုယ့်မှာမျက်စိတွေပြူး အံ့တွေသြ။ ညီမလေးက သူ့ကိုလာဆိတ်တယ်လို့ သူ့မားမားကို လာတိုင်တော့ အေး...အဲ့ဒါဆို ညီမလေးကို ပြန်ဆိတ်လိုက်ပြောလို့ ဝေက တဟားဟားရယ်တယ်။ စန်းထွန်းဟာလေ ကလေးစိတ်ကို မပျောက်သေးဘူး။ အံမယ် ... ငါ ရင့်ကျက်နေတာ နင် မသိသေးလို့။ စတိတ်ရောက်မှ ဒုက္ခတွေရောက်လိုက်တာ မရင့်ကျက်ချင်လို့ကို မရဘူး။ ညနေ ၄ နာရီ စကားတွေပြောနေရင်း မျက်စိကငိုက်စင်းလာလို့ ဝေက အိပ်ချင်ရင်ပြန်အိပ်လေ။ အိပ်ဘူး ခုနေအိပ်လိုက်ရင် ဂျက်လက်ပျောက်တော့မှာ မဟုတ်ဘူး စကားတွေပြောမယ်လေ အဲ့လိုဇွတ် ခေါင်းမာချက်။

လူတွေဟာ သူစိတ်ကူးတဲ့အတိုင်း ဖြစ်တယ်ဆိုတာ အမှန်ပဲ။ တက္ကသိုလ်တက်တုန်းက နင် နိုင်ငံခြားမှာ ကျောင်းတက်ချင်လို့ပြောတယ်။ နောက်တော့ စလုံးမှာ ကျောင်းသွားတက်တယ်။ စလုံးကနင့်အသိအစ်မ စတိတ်ကိုပြောင်းသွားတော့ နင် စတိတ်ကို အရမ်းသွားချင်နေပြီလို့ပြောတယ်။ ခြောက်လအကြာမှာ  နင်စတိတ်ကို ကျောင်းတက်ဖို့ ထွက်သွားတာပဲ။ ဟုတ်လား ငါ မမှတ်မိဘူး။ စတိတ်ကျောင်းက စလုံးကျောင်းလောက် မကောင်းပေမဲ့ စတိတ်ကို အရမ်းသွားချင်နေလို့ သွားတော့မယ်လို့ပြောသေးတယ်။ဝေအလုပ်ရတော့ ကိုယ်တို့ကို ကြာဇံကြော်၊ ဝက်သားဒုတ်ထိုး လုပ်ကွျှေးတာ မှတ်မိတယ်။ ကြာဇံကိုတော့ ဝေကြော်တာ ဝက်သားဒုတ်ထိုးကတော့ ဆိုင်ကမှာတာ။ ဝေက ငရုတ်ချည်ရည်တွေစားပြီး ကိုယ်ဝမ်းသွားမှာ ဗိုက်မကောင်းမှာကို စိတ်ပူနေခဲ့တာ။ နောက်နေ့ ကိုယ့်ဆီက ဘာသတင်းမှမကြားရတော့မှ တော်ပါသေးရဲ့တဲ့။ နောက်နေ့ ညနေ ၆ နာရီ မြေနီကုန်းဟယ်ပင်မှတ်တိုင်အနီးက Jeff's Kitchen မှာ IDCS Section 13 က သူငယ်ချင်းတွေဆုံဖို့ ချိန်းထားတယ်။ အိမ်နားကနေ မြေနီကုန်းကို ဘတ်စ်ကားစီးတာ ကျပ်လိုက်တာ။ ရှေ့ပေါက်ကတက် နောက်ပေါက်ကဆင်း ကားခကိုပုံးထဲထည့်။ အရင်တုန်းကလို စပယ်ယာတွေ အတင်းဆွဲတင် အတင်းတွန်းချ အော်ဟစ်ကြိမ်းမောင်းတာ မခံရတော့ဘူး။ ရှမ်းလမ်းမှတ်တိုင်ကနေ ပဒုံမာကွင်းနားထိလျှောက်ပြီး ပြည်လမ်းမပေါ်မှာ ဘတ်စ်ကားမှတ်တိုင် ရှာကြည့်တော့ မတွေ့ဘူး။ ဈေးသည်အန်တီကြီးကို မေးကြည့်တော့ ဒီမှာဘတ်စ်ကားတွေ မရပ်တော့ဘူး။ ဂုံးကျော်တံတားကနေပဲ သွားကြတာ ဟယ်ပင်နီးနီးလေးပဲ လမ်းလျှောက်သွားလိုက် မီးပွိုင့်၂ပွိုင့်ဆိုရောက်ပြီ။ ဟမ်မလေး ... မိနစ် ၂၀ လောက် လျှောက်လိုက်ရတယ်။ တော်ဝင်လမ်းရောက်လို့ ယိုးဒယားဟိုတယ်ကို မေးကြည့်တော့ ရှေ့နားလေးတင် ရောက်ပြီတဲ့။ ၂၀၀၁ လန်ဒန် NCC Education ပထမနှစ် IDCS International Diploma in Computer Studies ကို ဆိပ်ကမ်းသာလမ်းအောက်ဘလောက် ကေအမ်ဒီမှာ တစ်နှစ်တက်တယ်။ မနက် ၇ နာရီကနေ ၉ နာရီအထိစာသင်၊ ၉  နာရီကနေ ၁၁ အထိ lab လုပ်ရတယ်။ စာမေးပွဲတွေကို ဒေါ်လာပေးပြီး ဖြေရတယ်။ စာမေးပွဲမှာ ဘာမေးမယ်မှန်းမသိဘူး မေးခွန်းကို အင်္ဂလန်ကထုတ်တာကိုး။

ကိုယ်တို့အမြဲသွားလည်တတ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ပရောဂျက်၊ presentation တွေလုပ်ရတယ်။ သင်တန်းပြီးရင် Dancing game သွားကကြတယ်၊ တိရစ္ဆာန်ဥယျာဉ်၊ မြကျွှန်းသာ သွားကြတယ်။ ပင်လယ်ဓားပြလှေကို နောက်ဆုံးတန်းမှာ ထိုင်ကြပြီး မျက်စိမမှိတ်ကြေး တဟေးဟေး အော်ကြဟစ်ကြ။ ကြောက်တတ်တဲ့ မှော်ဘီသားကို ဝန်းရံပြီး ဝိုင်းအော်ကြ။ ဂျေဒိုးနတ်၊ ဒဂုံအေးထိုင်ကြတယ်။ ပရောဂျက်နောက်ဆုံးနေ့ စာအုပ်အပ်ရမဲ့နေ့ဆိုရင် ပရင့်ထုတ်တဲ့ဆိုင် ပိတ်တဲ့အထိ အဖွဲ့လိုက် စာအုပ်တွေ ထုတ်ကြတယ်။ စကြနောက်ကြ စည်းစည်းရုံးရုံးနဲ့ အတော်ပျော်ဖို့ကောင်းတယ်။ ငသဲကားကို ဘီးပြားေနေအာင် နောက်ခန်းမှာ မိန်းကလေးတွေက တယောက်ပေါ်တယောက်တက်ထိုင် ရဲမမြင်အောင် ခေါင်းတွေပုလို့ ၇ ယောက်လောက် တက်စီးကြတယ်/ IDCS သူငယ်ချင်းတွေက အသက်တနှစ်ပဲကြီးတဲ့ကိုယ့်ကို ဖွားစန်းလို့ခေါ်ကြတယ် လဒလေးတွေ။ သူငယ်ချင်းတွေ ရင်းရင်းနှီးနှီး စလိုက်နောက်လိုက် မောင်နှမလို ခင်မင်ကြတယ်။ သင်တန်းပြီးတော့ တက္ကသိုလ်တွေ မတူတော့ မဆုံဖြစ်တော့ဘူး။ ထိုင်ခုံဘေးချင်းကပ်ထိုင် ပရောဂျက်အတူတူလုပ်တဲ့ အိမွန်နဲ့ အဆက်အသွယ် မပြတ်ဘူး။ နာဂစ်ဖြစ်တုန်းက အိမွန်က ဟိုင်းကြီးကျွှန်းအတွက် ကိုယ်ကနေတဆင့် ဆေးလှုတယ်။ ၂၀၀၁ IDCS တက်တုန်းက ည ၉  နာရီခွဲ ပန်းဆိုးတန်းအောက်လမ်းမှာ ဘတ်စ်ကားစောင့်နေတာ နာရီဝက်လောက်အထိ ကားတွေမလာ အိမ်ကိုဘယ်လိုပြန်ရမလဲ ငိုယိုပြီး ဆိပ်ကမ်းသာလမ်းက အိမွန်အိမ်ကိုသွား အိမွန်နဲ့ သူ့အဖေ ကိုယ့်အိမ်အထိ တက္ကစီနဲ့ လိုက်ပို့ရဖူးတယ်။ စတိတ်မသွားခင် ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်တုန်းက အိမွန်၊ ငသဲ၊ နွယ်ဝင်တို့နဲ့ တွေ့ဖြစ်တယ်။ ခုဆို မတွေ့တာ ၈ နှစ်၊ တချို့ဆို ၁၈ နှစ်ရှိပေမဲ့ တွေ့လိုက်ရင် အရင်လို အာပြဲကြတုန်း၊ စနောက်ကြတုန်း၊ ငြင်းခုန်ကြတုန်း၊ ၂၀၀၁ IDCS တက်တုန်းကလို ခံစားရတုန်း။ ငသဲစကားငှားပြောရရင် ငါ ဘာကောင်မှမဖြစ်ခင် ခင်ခဲ့ကြလို့နေမှာ။ ဘယ်သူငယ်ချင်းတွေနဲ့ တွေ့သလဲ၊ ဘယ်နေရာတွေကို သွားလည်သလဲ၊ ရန်ကုန်ဟာ လွန်ခဲ့တဲ့ ၈ နှစ်ကနဲ့မတူ ဘာတွေထူးခြား ပြောင်းလဲနေသလဲ ဆိုတာတွေကို နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌မေ ၁၅၊ ၂၀၁၅။

နွယ်ဝင်၊ ငသဲ၊ အိမွန်
စတိတ်မသွားခင် ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်လာတုန်းက ဆုံကြတာ

နွေဦးချယ်ရီ...

ဆောင်းတွင်းမှာ ရာသီဥတုကအေး လုပက်စ်ကလည်း ပြန်ဖြစ်နေတော့ ပိတ်ရက်တွေဆို ဘယ်မှမသွားဖြစ်ဘူး။ ခုရာသီဥတု နည်းနည်းနွေးလာတဲ့အပြင် ကိုက်ခဲတာတွေ နည်းနည်းသက်သာလို့ ဧပြီ ၁၂ စနေနေ့ နယူးယောက်ဘော်ဒနစ်ကယ်ဂါးဒင်းမှာ ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ ဂရမ်းစင်ထရယ်ကနေ နယူးယောက်ဘော်ဒနစ်ကယ်ဂါးဒင်းကို မတ်ထရိုနော့ရထား နာရီဝက်လောက် စီးရတယ်။ နယူးယောက်ဘော်ဒနစ်ကယ်ဂါးဒင်းက စနေနေ့မနက် ၉  နာရီကနေ မနက် ၁၀ နာရီအထိ အခမဲ့ ပုံမှန်ဝင်ကြေးက ၂၅ ကျပ်။ အရင်တုန်းက ဘရွှတ်ကလင်းဘော်ဒနစ်ကယ်ဂါးဒင်းလည်း စနေနေ့မနက်ဖက်ဆို အခမဲ့။ ခုအခမဲ့မဟုတ်တော့ မသွားဖြစ်တော့ဘူး။ ကင်မရာကောင်းရင် ပုံကောင်းကောင်းလေးတွေ ရတယ်။ ဒီပို့စ်တင်တဲ့အချိန်ဆို ကိုယ်ဟာ ကျူးဘားနိုင်ငံရဲ့မြိ ု့တော် ဟာဗားနားဆီ သွားနေတဲ့လေယာဉ်ပေါ်မှာပါ။ ခရီးကပြန်ရောက်မှပဲ ကျူးဘားသွားတောလားပို့စ်တွေ တင်ပါဦးမယ်။

စန်းထွန်း
မေ ၄၊ ၂၀၁၉ ။

ဒီအနီရောင်ပုဝါလေးက စကော့တလန် အက်ဒင်ဘာ့ခ်ကို သွားတုန်းက ဝယ်ခဲ့တာ...
မခိုင်ကတော့ပြောတယ် ပုဝါက စကော့ရုပ်ကို ပေါက်နေတာပဲတဲ့...