Spring has sprung : artworks inspired by flowers ...

အေးစက်မှောင်မဲတဲ့ ဆောင်းနေ့ရက်တွေ ကုန်လွန်ပြီးတဲ့အခါ ပန်းရောင်စုံဖူးပွင့်ပြီး လှပနွေးထွေးတဲ့ နွေဦးရောက်ပါပြီ။ အပင်တွေရဲ့ သိမ်မွေ့တဲ့ပြောင်းလဲမှု၊ စုံလင်တဲ့အရောင်အသွေးတွေက အနုပညာရှင်တွေကို တီထွင်ဖန်တီးမှု အသစ်အသစ်တွေ ဖြစ်စေတာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပန်းပွင့်တွေကို ရေးဆွဲခဲ့ကြတဲ့ အနုပညာရှင် ၁၂ ယောက်ရဲ့ လက်ရာတွေကို ကြည့်လိုက်ရအောင်။

1. Claude Monet
လီလီပန်းစီးရီး ပန်းချီကားတွေဟာ မိုနက်ရဲ့ အထင်ရှားဆုံးလက်ရာတွေပါ။ ဆီဆေးပန်းချီကားပေါင်း ၂၅၀ ကျော်လောက်ဆွဲခဲ့ပြီး အများစုက ဂျီဗာနီက သူ့အိမ်ပန်းခြံထဲက အရာတွေကို ရေးဆွဲခဲ့ပါတယ်။ လက်ရာအများစုဟာ သေချာကွဲပြားစွာ မမြင်ရတဲ့မျက်စိရောဂါ ခံစားနေရချိန်မှာ ရေးဆွဲခဲ့ပါတယ်။ Impressionist စတိုင်နဲ့ ရေးဆွဲခဲ့ပေမဲ့ လီလီပန်း ပန်းချီကားမှာ မိုနက်သုံးခဲ့တဲ့ အရောင်တွေဟာ ကြွယ်ဝတောက်ပခွန်အားရှိပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတယ်။ သူ့အရင်လက်ရာ၊ တခြားအင်ပရက်ရှင်နစ်တွေရဲ့ အမြင်နဲ့ ခြားနားနေပါတယ်။ အင်ပရက်ရှင်နစ်တွေက ရှုမျှော်ခင်းပုံတွေ ရေးဆွဲတဲ့အခါ ရှုခင်းတခုလုံးကို ခြံငုံပြီးဆွဲပေမဲ့ မိုနက်ကတော့ လီလီပန်းကိုပဲ အဓိကထားဆွဲခဲ့ပါတယ်။ မိုနက်ရဲ့ အသက်ပါလှတဲ့ စုတ်ချက်တွေကို ခံစားလိုက်ရအောင်။

Water Lilies by Claude Monet (from the collection of the National Museum of Western Art, Tokyo)
Photo Credit : Google

2.Vincent Van Gogh
ဒတ်ချ်ပန်းချီပညာရှင် ဗန်ဂိုးရဲ့နေကြာပန်းစီးရီး ၂ မျိုးဟာ ဗန်ဂိုးရဲ့ တသက်တာလက်ရာလို့ပြောရလောက်အောင် ထင်ရှားကျော်ကြားပါတယ်။ ပထမစီးရီးက ၁၈၈၈ ပါရီမှာပြသခဲ့ပြီး မြေပြင်ပေါ်မှာ လဲနေတဲ့ နေကြာပန်းပွင့်တွေ၊ ဒုတိယစီးရီးကတော့ တစ်နှစ်အကြာမှာ Arles မှာပြသခဲ့ပြီး နေကြာပန်းပွင့်တွေက ပန်းအိုးထဲမှာ။ အောက်မှာမြင်တွေ့ရမဲ့ ပန်းချီကားကတော့ ဒုတိယစီးရီးထဲကပါ။ ဗန်ဂိုးတီထွင်ခဲ့တဲ့ အဝါရောင်ဟာ ထင်ရှားတောက်ပ အသက်ဝင်လှပါတယ်။ သူ့မိတ်ဆွေ Paul Gaugin ဂေါ်ဂင်က ဗန်ဂိုး နေကြာပန်း ရေးဆွဲနေတဲ့ ပုံတူပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။ ဂေါ်ဂင်ဟာ သူ့ကို အရူးပုံပေါက်အောင် ရေးဆွဲခဲ့တယ်လို့ ဗန်ဂိုးခံစားခဲ့ရပါတယ်။

Sunflowers by Vincent Van Gogh (From the collection of Van Gogh Museum)
Photo Credit : Google
Vincent Van Gogh Painting Sunflowers by Paul Gauguin (From the collection of Van Gogh Museum)
Photo Credit : Google

3.Georgia O'Keeffe
ဥယျာဉ်မှုးဖြစ်တဲ့ ဂျော်ဂျီယာဟာ ပန်းတမျိုးတည်းကိုပဲ ဒါဇင်ပေါင်းများစွာ ပန်းချီကားတွေ ဆွဲခဲ့ပါတယ်။ ၁၉၁၈ နယူးယောက်ပြည်နယ် ဂျော့ရေကန်ကို သွားလည်စဉ် canna ကန်နာလီလီပန်းတွေရဲ့ တောက်ပတဲ့အရောင်၊ ကြီးမားတဲ့ပွင့်ချပ်တွေကို စတင်စိတ်ဝင်စားခဲ့တယ်။ အနီရောင်ကန်နာစီးရီး ပန်းချီကားတွေဟာ သက်ဝင်တောက်ပတဲ့ ရေဆေးစုတ်ချက်တွေနဲ့ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဂျော်ဂျီရာဟာ ခုမော်ဒန်စတိုင်ဖြစ်လာတဲ့ အနီးကပ်မြင်ရတဲ့ ပုံရိပ်တွေအဖြစ် ဆီဆေးနဲ့ ရေးခဲ့ပါတယ်။ ဂျော်ဂျီယာရာ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တွေနဲ့ အံ့သြစရာကောင်းလောက်တဲ့ အရောင်စပ်ဟပ်မှုတွေနဲ့ ကန်နာလီလီပန်းတွေရဲ့ ပွင့်ချပ်တွေ၊ မျဉ်းတွေ၊ ပုံရိပ်တွေကို ဖန်တီးခဲ့ပါတယ်။ ၁၉၂၇ ဆီဆေးပန်းချီကားမှာတော့ ပန်းချီဆရာမဟာ အနီရောင်အရိုင်းပန်းရဲ့ ပွင့်ချပ်တွေကို အသားပေးဆွဲထားပါတယ်။

Red Canna by Georgia O'Keeffe (From the collection of Amon Carter Museum of American Art)
Photo Credit - Google

4.Andy Warhol
၁၉၆၄ ဇွန်မှာ ထုတ်ဝေတဲ့ Patricia Caulfield ရဲ့ Modern Photography မဂ္ဂဇင်းထဲက ဓာတ်ပုံ၁၀ဟာ အန်ဒီ့ကို ပန်းပွင့်စီးရီး ရေးဆွဲစေခဲ့ပါတယ်။ ပန်းပွင့်တွေကို ခပ်ပြားပြား၊ ဖြတ်တောက်၊ တောက်ပတဲ့အရောင်တွေထည့်၊ ဆန့်ကျင်ဖက်အရောင်တွေကို လေးထောင့်ဖြစ်အောင်လုပ်ပြီး ဓာတ်ပုံတွေ ဖန်တီးခဲ့ပါတယ်။ ပုံမှန်မြင်တွေ့နေကျ ပန်းပွင့်တွေရဲ့ ပုံစံတွေ၊ သဘာဝနဲ့ ဆက်စပ်မှုတွေကို ဂရပ်ဖစ်ပုံစံနဲ့ လျှော့ချခဲ့ပါတယ်။ အောက်ကဓာတ်ပုံလေးတွေတော့ ဟယ်...အိကေပေးတဲ့ ပုဝါလေးနဲ့ တူလိုက်တာလို့ တွေးမိတယ်။

Flowers by Andy Warhol (From the collection of Pomona College Museum of Art)
Photo Credit - Google
အိကေပေးလိုက်တဲ့ ပုဝါလက်ဆောင်...

5.Ambrosius Bosschaert
ဘော့ချက်ဟာ ဒတ်ချ်လူမျိုးတွေရဲ့ ကုန်သွယ်မှု၊ သိပ္ဗံပညာ၊ စစ်တပ်၊ အနုပညာ ကမ္ဘာတဝှမ်းလုံးမှာ အထွတ်အထိပ်ရောက်ချိန်လို့ဆိုရမဲ့ ၁၇ ရာစု ဒတ်ချ်ရွှေခေတ်ရဲ့ ထင်ရှားတဲ့သက်ငြိမ်ပန်းချီဆရာ။ ဘော့ချက်ဟာ သက်ငြိမ်ပန်းချီကားတွေ ပထမဆုံးရေးဆွဲတဲ့ ပန်းချီဆရာတွေထဲက တစ်ယောက်ပါ။ ပုံမှန်အားဖြင့် ကျူးလစ်၊ နှင်းဆီပန်းတွေပါတဲ့ ပန်းစည်း၊ ပန်းခြင်းတွေ အသေးစိတ်ရေးဆွဲတဲ့ ရိုးရာပန်းချီဆွဲနည်းနဲ့ စတင်ခဲ့ပါတယ်။ နှစ်ဖက်ညီ သိပ္ဗံနည်းကျတိကျပြီး အမှတ်အသား၊ ဘာသာရေးအဓိပ္ဗာယ်တွေ ဖော်ကျူးတဲ့ အနုစိတ်တဲ့ပန်းစည်းတွေကို ရေးဆွဲခဲ့ပါတယ်။ ထွန်းကာလာတဲ့ ၁၇ ရာစု ဒတ်ချ်အနုပညာဈေးကွက်ကြောင့် သူ အတော့်ကိုအောင်မြင်ခဲ့တယ်။ ပုံစံအမျိုးမျိုး ပြောင်းလဲရေးဆွဲခဲ့ပေမဲ့ မပြောင်းလဲတဲ့သုံးခုက ပန်းအိုးထဲကပန်း၊ ခုံစွန်း ဒါမှမဟုတ် ပြတင်းပေါက်။

Still-Life with Flowers by Ambrosius Bosschaert the Elder (From the collection of Hallwyl Museum)
Photo Credit - Google

6. Jeff Koons
Guggenheim Museum Bibao ပြတိုက်အဝင်မှာ စောင့်ကြပ်နေတဲ့ ပန်းရောင်စုံခွေးကတော့ ဂျက်ဖ်ရဲ့လက်ရာပါ။ ၁၈ ရာစု သာမန်ရိုးကျဥရောပပန်းခြံကို ကွန်ပျူတာမော်ဒယ်နဲ့ ဖန်တီးထားတာပါ။ ကြီးမားတဲ့ West Highland တယ်ရီယာကို ပန်ရောင်စုံနဲ့ ပုံဖော်ထားတာ ထူးခြားပါတယ်။

Puppy by Jeff Koons (From the collection of Guggenheim Bibao)
Photo Credit - Google

7. Rachel Ruysch
နယ်သာလန်မြောက်ပိုင်းက သက်ငြိမ်ပန်းချီဆရာမပါ။ ပန်းပွင့်တွေကို အဓိကထားရေးဆွဲပြီး ကိုယ်ပိုင်ဟန်ကို ဖန်တီးကာ နိုင်ငံတကာအောင်မြင်မှုကို ရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် အောင်မြင်တဲ့အနုပညာသက်တမ်းရှိခဲ့လို့ ဒတ်ချ်ရွှေခေတ်မှာ ပထမဆုံး မှတ်တမ်းတင်ခဲ့ရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဘော့ချက်နဲ့မတူတာက နှစ်ဖက်မညီ၊ ပိရမစ်ပုံစံ၊ ရိုးတံကွေးကွေးတွေထည့်ပြီး ထုထည်ကြီးမားစေပါတယ်။ မတူညီတဲ့ အရောင်၊ အသား၊ ပုံစံတွေ ရေးဆွဲပြီး ပွင့်အာနေတဲ့ ပန်းပွင့်ထဲက ဝတ်မှုန်အစေ့တွေ မြင်ရလောက်တဲ့အထိ အသေးစိတ်ကို အသေအချာရေးဆွဲထားတာပါ။ ချဲ့ကြည့်ရင် ပန်းဝတ်မှုန်အစေ့တွေ တွေ့ရပါလိမ့်မယ်။

Roses, Convolvulus, Poppies and Other Flowers in an Urn on a Stone Ledge by Rachel Ruysch
(From the collection of National Museum of Women in the Arts)
Photo Credit - Google

8. Clementine Hunter
ပန်းချီပညာကို ကိုယ်ဘာ့သာလေ့လာသင်ယူတဲ့ ကျေးလက်အနုပညာရှင် ကလဲမန်းတီဟာ တောင်ပိုင်းစိုက်ခင်းတွေဆီက ဘဝအမှတ်တရတွေကို အရောင်စုံလင် ရိုးရှင်းတဲ့စုတ်ချက်တွေနဲ့ ရေးဆွဲခဲ့ပါတယ်။ သူမနေထိုင်တဲ့ Melrose စိုက်ခင်းကိုလာလည်တဲ့ အနုပညာရှင်တယောက် ထားရစ်ခဲ့တဲ့ စုတ်တံ၊ ဆေးဘူးတွေနဲ့အသက် ၅၀ ကျော်မှာ သူမဘဝရဲ့ ပထမဆုံးပန်းချီကို ရေးဆွဲခဲ့ပါတယ်။ ဝါစိုက်ခင်းမှာ အလုပ်လုပ်ခဲ့သူမို့ အိမ်အပြင်မှာ လုပ်ဆောင်နေကျအရာတွေ၊ နေ့စဉ်သုံးနေကျ သက်ငြိမ်ပစ္စည်းတွေ ပါဝင်ပါတယ်။ တောင်ပိုင်းဒေသမှာ အလေ့ကျပေါက် နေရာတိုင်းမှာတွေ့နိုင်တဲ့ zinnias ပန်းတွေကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ရေးဆွဲခဲ့ပါတယ်။ တောက်ပတဲ့အဝါရောင်နောက်ခံမှာ ခပ်ပြားပြားအမြင်နဲ့အပြာရောင်ပန်းအိုးထဲက zinnias ပန်းတွေရဲ့ ရိုးရှင်းတဲ့အလှ၊ တောက်ပသက်ဝင်တက်ကြွတဲ့ အလှတွေကို မြင်တွေ့ရပါလိမ့်မယ်။

Zinnias in a Pot by Clementine Hunter (From the collection of SCAD Museum of Art)
Photo Credit - Google

9.William Morris
ဝီလီယမ်ဟာ အင်္ဂလိပ်လူမျိုး အဝတ်အထည် ဒီဇိုင်းပညာရှင်ဖြစ်ပြီး ဗြိတိသျှရိုးရာ အထည်အနုပညာလောကမှာ တခါမှမမြင်ဘူးသေးတဲ့ တီထွင်မှုတွေကို အဓိကဖန်တီးခဲ့ပြီး ထုတ်လုပ်တဲ့နည်းလမ်းတွေကိုလည်း တိုးတက်စေခဲ့ပါတယ်။ သူ့ဒီဇိုင်းတွေက အများအားဖြင့် ပန်းပွင့်တွေဖြစ်ပြီး သဘာဝကျကျ ပုံသဏ္ဍန်တွေပါ။ အစောပိုင်း ဒီဇိုင်းလက်ရာ ၆၀၀ မှာတော့ ပန်းပွင့်၊ သစ်ရွက်၊ သစ်ပင်တွေ မပါပါဘူး။ ၁၈၈၃ မှာ မှတ်ပုံတင်တဲ့ နှင်းဆီပန်းဒီဇိုင်းဟာ နှစ်ဖက်ညီပုံသဏ္ဍန်နဲ့ အနုစိတ်လှတဲ့ လက်ရာတွေကို တွေ့ရပါလိမ့်မယ်။ ကိုယ်ကတော့ ပါတိတ်ဆင်၊ ကော်ဇောဒီဇိုင်းလို့ မြင်နေတယ်။

Rose by William Morris (From the collection of the Baltimore Museum of Art)
Photo Credit - Google

10. Edouard Manet
အင်ပရက်ရှင်းနစ် ပန်းချီပညာရှင် မန်နက်ဟာ သူ့သက်တမ်းတလျှောက် ပန်းပန်းချီကားပေါင်းများစွာ ရေးဆွဲခဲ့ပြီး ပန်းရုပ်ငြိမ် အမျိုးအစား ၂၀ ကိုတော့ သူသေဆုံးမဲ့နှစ်မှာ ရေးဆွဲခဲ့ပါတယ်။ သေဆုံးခါနီး အရမ်းခင်မင်တဲ့ သူငယ်ချင်းတယောက် ပန်းတွေဝယ်ပြီး သူ့ဆီလာတွေ့တဲ့အခါ သူ့အိပ်ယာနားမှာပဲ အဲ့ဒီပန်းကို ပန်းချီရေးဆွဲခဲ့ပါတယ်။ ၁၈၈၂ လီလက်ပန်းချီကားဟာ မာဘယ်ခုံပေါ်တင်ထားတဲ့ ဖန်ပန်းအိုးထဲက ပန်းပွင့်တွေကို ရေးဆွဲထားတာပါ။ ကျန်းမာရေး အင်မတန်ချို့ယွင်းနေပေမဲ့လည်း လီလက်ပန်းပွင့်တွေရဲ့ အနုစိတ်လက်ရာတွေကို ဖော်ကျူးထားတဲ့ သူ့အနုပညာလက်ရာက မချို့ယွင်းသေးပါဘူး။

White Lilacs in a Crystal Vase by Edouard Manet (From the collection of The Nelson-Atkins Museum of Art)
Photo Credit - Google


11. Anna Atkins
အန်းနာဟာ ဗြိတိသျှလူမျိုး ရုက္ခဗေဒပညာရှင်၊ ဓာတ်ပုံဆရာပါ။ ဓာတ်ပုံပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို ပထမဆုံးစာအုပ်ထုတ်ဝေတဲ့သူလို့ တင်စားခံရပါတယ်။ cyan-blue print လို့ခေါ်တဲ့ ဓာတ်ပုံပညာ ပုံနှိပ်ခြင်းနည်းလမ်းကို ဖန်တီးခဲ့ပါတယ်။ တနှစ်အတွင်း "by placing the unmounted dried-algae original directly on the cyanotype paper" ရေညှိ၊ အပင်၊ ပန်းပွင့်တွေကို cyanotype ဓာတ်ပုံနည်းပညာနဲ့ စာရွက်ပေါ် တိုက်ရိုက်တင်ရေးဆွဲခဲ့ပါတယ်။ ၁၈၅၄ မှာ သစ်ခွပန်းဓာတ်ပုံကို ဖန်တီးခဲ့ပြီး သစ်ခွပန်းရဲ့ ဖောက်ထွင်းမြင်ရတဲ့အရာတွေကို ပေါ်လွင်အောင် ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ အန်နာ့ရဲ့ တတိယစာအုပ် "Cyanotypes pf British and Foreign Flowering Plants and Ferns" မှာ ပါဝင်ပါတယ်။

Cypripedium by Anna Atkins (From the collection of The J Paul Getty Museum)
Photo Credit - Google

12. Katsushika Hokusai
ဟိုကူစိုင်ဟာ ဂျပန်အနုပညာရှင်၊ ပုံနှိပ်ထုတ်ဝေသူ၊ အီဒိုခေတ် ukiyo-e ပန်းချီပညာရှင်ပါ။ ပန်းချီကားထဲမှာ သစ်သားထည့်သွင်းရေးဆွဲတဲ့ စီးရီးတွေကြောင့် လူသိများပါတယ်။ Thirty-six Views of Mount Fuji ကြောင့် ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအသိအမှတ်ပြ ုမှု ခံရပါတယ်။ ငှက်၊ ပန်းပွင့်တွေ ပါဝင်တဲ့ kacho-ga စီးရီးတွေ ဖန်တီးခဲ့ပါတယ်။ လှပတဲ့အရောင်၊ peonies ၊ canary ပန်းတွေရဲ့ အသေးစိတ်ကို ဖော်ကျူးတတ်ပြီး ပန်းပွင့်တွေအကြောင်း ကဗျာအတိုလေးတွေလည်း ပါဝင်ပါတယ်။ "Double-flowered peonies from Yangzhou, the king of flowers in bloom this spring".

Peonie and Canary by Katsushika Hokusai (From the collection of Museum of Fine Arts, Boston)
Photo Credit - Google

ဂူဂယ်မှာ ဒီဆောင်းပါးလေး ဖတ်ရတဲ့အချိန် ပန်းချီးကားကောင်းကောင်းတွေ ကြည့်ရတဲ့အခါ သူငယ်ချင်းမိတ်ဆွေတွေကို ကြည့်စေချင် မျှဝေချင်တဲ့စိတ်နဲ့ ဒီဆောင်းပါးလေးကို တတ်သလောက် ဘာသာပြန်ဖြစ်ပါတယ်။ ပန်းချီလောကစကားအသုံးအနှုန်း ဘာသာပြန်တာ မမှန်မကန်မှားယွင်းမှုတွေ ရှိခဲ့ရင် စန်းထွန်းရဲ့ လိုအပ်ချက်ကြောင့်ပါ။ အောက်ကလင့်ခ်လေးမှာ မူရင်းဆောင်းပါးကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://artsandculture.google.com/theme/fwIS781eEFtoKQ

စန်းထွန်း
ဧပြီ ၂၀၊ ၂၀၁၉ ။

No comments: