နွေဦး...

အေးစက်လှတဲ့ ဆောင်းရက်ရှည်တွေ လွန်မြောက်ပါစေဖို့ ဆုတောင်းရင်း နွေဦးရောက်ခဲ့ပြီ။ သစ်ပင်ပန်းမန်တွေ ပွင့်အာနုသစ်ပြီး နေရောင်ခြည်နွေးလေးတွေ ဖျန်းပက်နေတော့ သြကာသတခုလုံး လှချင်တိုင်းလှ။ ဆောင်းတွင်းမှာ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး မြေအောက်ငုံ့လျှိုးနေကြတဲ့ သစ်ပင်လေးတွေ ပြူထွက်လာပြီ။ ဘယ်နေရာကြည့်ကြည့် သစ်ရွက်နုလေးတွေ တဝေဝေ ပန်းရောင်စုံတွေ ဖူးပွင့်လို့ ကိုယ်ချစ်တဲ့ နွေဦးရောက်ပြီ။ လှလိုက်တဲ့ ပန်းကလေးတွေ မြင်မြင်သမျှ လှနေတော့ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်။ ဝေလိုက် ကြွေလိုက် ဒီလိုနဲ့ပဲ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း အချိန်ရာသီစက်ဝန်း တရွေ့ရွေ့ လည်ပတ်ဦးမည်။

စန်းထွန်း
ဧပြီ ၂၈၊ ၂၀၁၉ ။

Joe Hisaishi ရဲ့ Summer ကို နားဆင်ကြည့်ပါနော်။ Spritied Away ၊ Princess Mononoke ၊ Ponyo ၊ Totoro ၊ Ki Ki's Delivery Service စတဲ့ နာမည်ကျော် Studio Ghibli ကာတွန်းဇာတ်လမ်းတွေရဲ့ နောက်ခံတီးလုံး၊ သီချင်းတွေကို ဖန်တီးခဲ့တဲ့ ကမ္ဘာကျော်စန္ဒရားပညာရှင်။



(ဧပြီ ၁၂ ရက် စနေနေ့ နယူးယောက် ဘော်ဒနစ်ကယ်ဂါးဒင်းမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ။ )

ဂျပန်လို Summer လို့ အမည်ရတဲ့ Natsu .... ကိုယ့် summer လေး... မတွေ့တာ ၄ နှစ်ရှိပေမဲ့
ခွေးလေးတွေကြောင်လေးတွေမြင်တိုင်း နတ်ဆုနဲ့ မိုချီကို သတိရနေတုန်း...
ခွျှဲနွဲ့တတ်၊ ဘုကြည့်ကြည့်တတ်၊ အိပ်ခန်းတံခါးကို ကုတ်ခြစ်ပြီး လာအိပ်တတ်တဲ့ မိုချီ

Spring has sprung : artworks inspired by flowers ...

အေးစက်မှောင်မဲတဲ့ ဆောင်းနေ့ရက်တွေ ကုန်လွန်ပြီးတဲ့အခါ ပန်းရောင်စုံဖူးပွင့်ပြီး လှပနွေးထွေးတဲ့ နွေဦးရောက်ပါပြီ။ အပင်တွေရဲ့ သိမ်မွေ့တဲ့ပြောင်းလဲမှု၊ စုံလင်တဲ့အရောင်အသွေးတွေက အနုပညာရှင်တွေကို တီထွင်ဖန်တီးမှု အသစ်အသစ်တွေ ဖြစ်စေတာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပန်းပွင့်တွေကို ရေးဆွဲခဲ့ကြတဲ့ အနုပညာရှင် ၁၂ ယောက်ရဲ့ လက်ရာတွေကို ကြည့်လိုက်ရအောင်။

1. Claude Monet
လီလီပန်းစီးရီး ပန်းချီကားတွေဟာ မိုနက်ရဲ့ အထင်ရှားဆုံးလက်ရာတွေပါ။ ဆီဆေးပန်းချီကားပေါင်း ၂၅၀ ကျော်လောက်ဆွဲခဲ့ပြီး အများစုက ဂျီဗာနီက သူ့အိမ်ပန်းခြံထဲက အရာတွေကို ရေးဆွဲခဲ့ပါတယ်။ လက်ရာအများစုဟာ သေချာကွဲပြားစွာ မမြင်ရတဲ့မျက်စိရောဂါ ခံစားနေရချိန်မှာ ရေးဆွဲခဲ့ပါတယ်။ Impressionist စတိုင်နဲ့ ရေးဆွဲခဲ့ပေမဲ့ လီလီပန်း ပန်းချီကားမှာ မိုနက်သုံးခဲ့တဲ့ အရောင်တွေဟာ ကြွယ်ဝတောက်ပခွန်အားရှိပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတယ်။ သူ့အရင်လက်ရာ၊ တခြားအင်ပရက်ရှင်နစ်တွေရဲ့ အမြင်နဲ့ ခြားနားနေပါတယ်။ အင်ပရက်ရှင်နစ်တွေက ရှုမျှော်ခင်းပုံတွေ ရေးဆွဲတဲ့အခါ ရှုခင်းတခုလုံးကို ခြံငုံပြီးဆွဲပေမဲ့ မိုနက်ကတော့ လီလီပန်းကိုပဲ အဓိကထားဆွဲခဲ့ပါတယ်။ မိုနက်ရဲ့ အသက်ပါလှတဲ့ စုတ်ချက်တွေကို ခံစားလိုက်ရအောင်။

Water Lilies by Claude Monet (from the collection of the National Museum of Western Art, Tokyo)
Photo Credit : Google

2.Vincent Van Gogh
ဒတ်ချ်ပန်းချီပညာရှင် ဗန်ဂိုးရဲ့နေကြာပန်းစီးရီး ၂ မျိုးဟာ ဗန်ဂိုးရဲ့ တသက်တာလက်ရာလို့ပြောရလောက်အောင် ထင်ရှားကျော်ကြားပါတယ်။ ပထမစီးရီးက ၁၈၈၈ ပါရီမှာပြသခဲ့ပြီး မြေပြင်ပေါ်မှာ လဲနေတဲ့ နေကြာပန်းပွင့်တွေ၊ ဒုတိယစီးရီးကတော့ တစ်နှစ်အကြာမှာ Arles မှာပြသခဲ့ပြီး နေကြာပန်းပွင့်တွေက ပန်းအိုးထဲမှာ။ အောက်မှာမြင်တွေ့ရမဲ့ ပန်းချီကားကတော့ ဒုတိယစီးရီးထဲကပါ။ ဗန်ဂိုးတီထွင်ခဲ့တဲ့ အဝါရောင်ဟာ ထင်ရှားတောက်ပ အသက်ဝင်လှပါတယ်။ သူ့မိတ်ဆွေ Paul Gaugin ဂေါ်ဂင်က ဗန်ဂိုး နေကြာပန်း ရေးဆွဲနေတဲ့ ပုံတူပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။ ဂေါ်ဂင်ဟာ သူ့ကို အရူးပုံပေါက်အောင် ရေးဆွဲခဲ့တယ်လို့ ဗန်ဂိုးခံစားခဲ့ရပါတယ်။

Sunflowers by Vincent Van Gogh (From the collection of Van Gogh Museum)
Photo Credit : Google
Vincent Van Gogh Painting Sunflowers by Paul Gauguin (From the collection of Van Gogh Museum)
Photo Credit : Google

3.Georgia O'Keeffe
ဥယျာဉ်မှုးဖြစ်တဲ့ ဂျော်ဂျီယာဟာ ပန်းတမျိုးတည်းကိုပဲ ဒါဇင်ပေါင်းများစွာ ပန်းချီကားတွေ ဆွဲခဲ့ပါတယ်။ ၁၉၁၈ နယူးယောက်ပြည်နယ် ဂျော့ရေကန်ကို သွားလည်စဉ် canna ကန်နာလီလီပန်းတွေရဲ့ တောက်ပတဲ့အရောင်၊ ကြီးမားတဲ့ပွင့်ချပ်တွေကို စတင်စိတ်ဝင်စားခဲ့တယ်။ အနီရောင်ကန်နာစီးရီး ပန်းချီကားတွေဟာ သက်ဝင်တောက်ပတဲ့ ရေဆေးစုတ်ချက်တွေနဲ့ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဂျော်ဂျီရာဟာ ခုမော်ဒန်စတိုင်ဖြစ်လာတဲ့ အနီးကပ်မြင်ရတဲ့ ပုံရိပ်တွေအဖြစ် ဆီဆေးနဲ့ ရေးခဲ့ပါတယ်။ ဂျော်ဂျီယာရာ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တွေနဲ့ အံ့သြစရာကောင်းလောက်တဲ့ အရောင်စပ်ဟပ်မှုတွေနဲ့ ကန်နာလီလီပန်းတွေရဲ့ ပွင့်ချပ်တွေ၊ မျဉ်းတွေ၊ ပုံရိပ်တွေကို ဖန်တီးခဲ့ပါတယ်။ ၁၉၂၇ ဆီဆေးပန်းချီကားမှာတော့ ပန်းချီဆရာမဟာ အနီရောင်အရိုင်းပန်းရဲ့ ပွင့်ချပ်တွေကို အသားပေးဆွဲထားပါတယ်။

Red Canna by Georgia O'Keeffe (From the collection of Amon Carter Museum of American Art)
Photo Credit - Google

4.Andy Warhol
၁၉၆၄ ဇွန်မှာ ထုတ်ဝေတဲ့ Patricia Caulfield ရဲ့ Modern Photography မဂ္ဂဇင်းထဲက ဓာတ်ပုံ၁၀ဟာ အန်ဒီ့ကို ပန်းပွင့်စီးရီး ရေးဆွဲစေခဲ့ပါတယ်။ ပန်းပွင့်တွေကို ခပ်ပြားပြား၊ ဖြတ်တောက်၊ တောက်ပတဲ့အရောင်တွေထည့်၊ ဆန့်ကျင်ဖက်အရောင်တွေကို လေးထောင့်ဖြစ်အောင်လုပ်ပြီး ဓာတ်ပုံတွေ ဖန်တီးခဲ့ပါတယ်။ ပုံမှန်မြင်တွေ့နေကျ ပန်းပွင့်တွေရဲ့ ပုံစံတွေ၊ သဘာဝနဲ့ ဆက်စပ်မှုတွေကို ဂရပ်ဖစ်ပုံစံနဲ့ လျှော့ချခဲ့ပါတယ်။ အောက်ကဓာတ်ပုံလေးတွေတော့ ဟယ်...အိကေပေးတဲ့ ပုဝါလေးနဲ့ တူလိုက်တာလို့ တွေးမိတယ်။

Flowers by Andy Warhol (From the collection of Pomona College Museum of Art)
Photo Credit - Google
အိကေပေးလိုက်တဲ့ ပုဝါလက်ဆောင်...

5.Ambrosius Bosschaert
ဘော့ချက်ဟာ ဒတ်ချ်လူမျိုးတွေရဲ့ ကုန်သွယ်မှု၊ သိပ္ဗံပညာ၊ စစ်တပ်၊ အနုပညာ ကမ္ဘာတဝှမ်းလုံးမှာ အထွတ်အထိပ်ရောက်ချိန်လို့ဆိုရမဲ့ ၁၇ ရာစု ဒတ်ချ်ရွှေခေတ်ရဲ့ ထင်ရှားတဲ့သက်ငြိမ်ပန်းချီဆရာ။ ဘော့ချက်ဟာ သက်ငြိမ်ပန်းချီကားတွေ ပထမဆုံးရေးဆွဲတဲ့ ပန်းချီဆရာတွေထဲက တစ်ယောက်ပါ။ ပုံမှန်အားဖြင့် ကျူးလစ်၊ နှင်းဆီပန်းတွေပါတဲ့ ပန်းစည်း၊ ပန်းခြင်းတွေ အသေးစိတ်ရေးဆွဲတဲ့ ရိုးရာပန်းချီဆွဲနည်းနဲ့ စတင်ခဲ့ပါတယ်။ နှစ်ဖက်ညီ သိပ္ဗံနည်းကျတိကျပြီး အမှတ်အသား၊ ဘာသာရေးအဓိပ္ဗာယ်တွေ ဖော်ကျူးတဲ့ အနုစိတ်တဲ့ပန်းစည်းတွေကို ရေးဆွဲခဲ့ပါတယ်။ ထွန်းကာလာတဲ့ ၁၇ ရာစု ဒတ်ချ်အနုပညာဈေးကွက်ကြောင့် သူ အတော့်ကိုအောင်မြင်ခဲ့တယ်။ ပုံစံအမျိုးမျိုး ပြောင်းလဲရေးဆွဲခဲ့ပေမဲ့ မပြောင်းလဲတဲ့သုံးခုက ပန်းအိုးထဲကပန်း၊ ခုံစွန်း ဒါမှမဟုတ် ပြတင်းပေါက်။

Still-Life with Flowers by Ambrosius Bosschaert the Elder (From the collection of Hallwyl Museum)
Photo Credit - Google

6. Jeff Koons
Guggenheim Museum Bibao ပြတိုက်အဝင်မှာ စောင့်ကြပ်နေတဲ့ ပန်းရောင်စုံခွေးကတော့ ဂျက်ဖ်ရဲ့လက်ရာပါ။ ၁၈ ရာစု သာမန်ရိုးကျဥရောပပန်းခြံကို ကွန်ပျူတာမော်ဒယ်နဲ့ ဖန်တီးထားတာပါ။ ကြီးမားတဲ့ West Highland တယ်ရီယာကို ပန်ရောင်စုံနဲ့ ပုံဖော်ထားတာ ထူးခြားပါတယ်။

Puppy by Jeff Koons (From the collection of Guggenheim Bibao)
Photo Credit - Google

7. Rachel Ruysch
နယ်သာလန်မြောက်ပိုင်းက သက်ငြိမ်ပန်းချီဆရာမပါ။ ပန်းပွင့်တွေကို အဓိကထားရေးဆွဲပြီး ကိုယ်ပိုင်ဟန်ကို ဖန်တီးကာ နိုင်ငံတကာအောင်မြင်မှုကို ရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် အောင်မြင်တဲ့အနုပညာသက်တမ်းရှိခဲ့လို့ ဒတ်ချ်ရွှေခေတ်မှာ ပထမဆုံး မှတ်တမ်းတင်ခဲ့ရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဘော့ချက်နဲ့မတူတာက နှစ်ဖက်မညီ၊ ပိရမစ်ပုံစံ၊ ရိုးတံကွေးကွေးတွေထည့်ပြီး ထုထည်ကြီးမားစေပါတယ်။ မတူညီတဲ့ အရောင်၊ အသား၊ ပုံစံတွေ ရေးဆွဲပြီး ပွင့်အာနေတဲ့ ပန်းပွင့်ထဲက ဝတ်မှုန်အစေ့တွေ မြင်ရလောက်တဲ့အထိ အသေးစိတ်ကို အသေအချာရေးဆွဲထားတာပါ။ ချဲ့ကြည့်ရင် ပန်းဝတ်မှုန်အစေ့တွေ တွေ့ရပါလိမ့်မယ်။

Roses, Convolvulus, Poppies and Other Flowers in an Urn on a Stone Ledge by Rachel Ruysch
(From the collection of National Museum of Women in the Arts)
Photo Credit - Google

8. Clementine Hunter
ပန်းချီပညာကို ကိုယ်ဘာ့သာလေ့လာသင်ယူတဲ့ ကျေးလက်အနုပညာရှင် ကလဲမန်းတီဟာ တောင်ပိုင်းစိုက်ခင်းတွေဆီက ဘဝအမှတ်တရတွေကို အရောင်စုံလင် ရိုးရှင်းတဲ့စုတ်ချက်တွေနဲ့ ရေးဆွဲခဲ့ပါတယ်။ သူမနေထိုင်တဲ့ Melrose စိုက်ခင်းကိုလာလည်တဲ့ အနုပညာရှင်တယောက် ထားရစ်ခဲ့တဲ့ စုတ်တံ၊ ဆေးဘူးတွေနဲ့အသက် ၅၀ ကျော်မှာ သူမဘဝရဲ့ ပထမဆုံးပန်းချီကို ရေးဆွဲခဲ့ပါတယ်။ ဝါစိုက်ခင်းမှာ အလုပ်လုပ်ခဲ့သူမို့ အိမ်အပြင်မှာ လုပ်ဆောင်နေကျအရာတွေ၊ နေ့စဉ်သုံးနေကျ သက်ငြိမ်ပစ္စည်းတွေ ပါဝင်ပါတယ်။ တောင်ပိုင်းဒေသမှာ အလေ့ကျပေါက် နေရာတိုင်းမှာတွေ့နိုင်တဲ့ zinnias ပန်းတွေကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ရေးဆွဲခဲ့ပါတယ်။ တောက်ပတဲ့အဝါရောင်နောက်ခံမှာ ခပ်ပြားပြားအမြင်နဲ့အပြာရောင်ပန်းအိုးထဲက zinnias ပန်းတွေရဲ့ ရိုးရှင်းတဲ့အလှ၊ တောက်ပသက်ဝင်တက်ကြွတဲ့ အလှတွေကို မြင်တွေ့ရပါလိမ့်မယ်။

Zinnias in a Pot by Clementine Hunter (From the collection of SCAD Museum of Art)
Photo Credit - Google

9.William Morris
ဝီလီယမ်ဟာ အင်္ဂလိပ်လူမျိုး အဝတ်အထည် ဒီဇိုင်းပညာရှင်ဖြစ်ပြီး ဗြိတိသျှရိုးရာ အထည်အနုပညာလောကမှာ တခါမှမမြင်ဘူးသေးတဲ့ တီထွင်မှုတွေကို အဓိကဖန်တီးခဲ့ပြီး ထုတ်လုပ်တဲ့နည်းလမ်းတွေကိုလည်း တိုးတက်စေခဲ့ပါတယ်။ သူ့ဒီဇိုင်းတွေက အများအားဖြင့် ပန်းပွင့်တွေဖြစ်ပြီး သဘာဝကျကျ ပုံသဏ္ဍန်တွေပါ။ အစောပိုင်း ဒီဇိုင်းလက်ရာ ၆၀၀ မှာတော့ ပန်းပွင့်၊ သစ်ရွက်၊ သစ်ပင်တွေ မပါပါဘူး။ ၁၈၈၃ မှာ မှတ်ပုံတင်တဲ့ နှင်းဆီပန်းဒီဇိုင်းဟာ နှစ်ဖက်ညီပုံသဏ္ဍန်နဲ့ အနုစိတ်လှတဲ့ လက်ရာတွေကို တွေ့ရပါလိမ့်မယ်။ ကိုယ်ကတော့ ပါတိတ်ဆင်၊ ကော်ဇောဒီဇိုင်းလို့ မြင်နေတယ်။

Rose by William Morris (From the collection of the Baltimore Museum of Art)
Photo Credit - Google

10. Edouard Manet
အင်ပရက်ရှင်းနစ် ပန်းချီပညာရှင် မန်နက်ဟာ သူ့သက်တမ်းတလျှောက် ပန်းပန်းချီကားပေါင်းများစွာ ရေးဆွဲခဲ့ပြီး ပန်းရုပ်ငြိမ် အမျိုးအစား ၂၀ ကိုတော့ သူသေဆုံးမဲ့နှစ်မှာ ရေးဆွဲခဲ့ပါတယ်။ သေဆုံးခါနီး အရမ်းခင်မင်တဲ့ သူငယ်ချင်းတယောက် ပန်းတွေဝယ်ပြီး သူ့ဆီလာတွေ့တဲ့အခါ သူ့အိပ်ယာနားမှာပဲ အဲ့ဒီပန်းကို ပန်းချီရေးဆွဲခဲ့ပါတယ်။ ၁၈၈၂ လီလက်ပန်းချီကားဟာ မာဘယ်ခုံပေါ်တင်ထားတဲ့ ဖန်ပန်းအိုးထဲက ပန်းပွင့်တွေကို ရေးဆွဲထားတာပါ။ ကျန်းမာရေး အင်မတန်ချို့ယွင်းနေပေမဲ့လည်း လီလက်ပန်းပွင့်တွေရဲ့ အနုစိတ်လက်ရာတွေကို ဖော်ကျူးထားတဲ့ သူ့အနုပညာလက်ရာက မချို့ယွင်းသေးပါဘူး။

White Lilacs in a Crystal Vase by Edouard Manet (From the collection of The Nelson-Atkins Museum of Art)
Photo Credit - Google


11. Anna Atkins
အန်းနာဟာ ဗြိတိသျှလူမျိုး ရုက္ခဗေဒပညာရှင်၊ ဓာတ်ပုံဆရာပါ။ ဓာတ်ပုံပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို ပထမဆုံးစာအုပ်ထုတ်ဝေတဲ့သူလို့ တင်စားခံရပါတယ်။ cyan-blue print လို့ခေါ်တဲ့ ဓာတ်ပုံပညာ ပုံနှိပ်ခြင်းနည်းလမ်းကို ဖန်တီးခဲ့ပါတယ်။ တနှစ်အတွင်း "by placing the unmounted dried-algae original directly on the cyanotype paper" ရေညှိ၊ အပင်၊ ပန်းပွင့်တွေကို cyanotype ဓာတ်ပုံနည်းပညာနဲ့ စာရွက်ပေါ် တိုက်ရိုက်တင်ရေးဆွဲခဲ့ပါတယ်။ ၁၈၅၄ မှာ သစ်ခွပန်းဓာတ်ပုံကို ဖန်တီးခဲ့ပြီး သစ်ခွပန်းရဲ့ ဖောက်ထွင်းမြင်ရတဲ့အရာတွေကို ပေါ်လွင်အောင် ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ အန်နာ့ရဲ့ တတိယစာအုပ် "Cyanotypes pf British and Foreign Flowering Plants and Ferns" မှာ ပါဝင်ပါတယ်။

Cypripedium by Anna Atkins (From the collection of The J Paul Getty Museum)
Photo Credit - Google

12. Katsushika Hokusai
ဟိုကူစိုင်ဟာ ဂျပန်အနုပညာရှင်၊ ပုံနှိပ်ထုတ်ဝေသူ၊ အီဒိုခေတ် ukiyo-e ပန်းချီပညာရှင်ပါ။ ပန်းချီကားထဲမှာ သစ်သားထည့်သွင်းရေးဆွဲတဲ့ စီးရီးတွေကြောင့် လူသိများပါတယ်။ Thirty-six Views of Mount Fuji ကြောင့် ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအသိအမှတ်ပြ ုမှု ခံရပါတယ်။ ငှက်၊ ပန်းပွင့်တွေ ပါဝင်တဲ့ kacho-ga စီးရီးတွေ ဖန်တီးခဲ့ပါတယ်။ လှပတဲ့အရောင်၊ peonies ၊ canary ပန်းတွေရဲ့ အသေးစိတ်ကို ဖော်ကျူးတတ်ပြီး ပန်းပွင့်တွေအကြောင်း ကဗျာအတိုလေးတွေလည်း ပါဝင်ပါတယ်။ "Double-flowered peonies from Yangzhou, the king of flowers in bloom this spring".

Peonie and Canary by Katsushika Hokusai (From the collection of Museum of Fine Arts, Boston)
Photo Credit - Google

ဂူဂယ်မှာ ဒီဆောင်းပါးလေး ဖတ်ရတဲ့အချိန် ပန်းချီးကားကောင်းကောင်းတွေ ကြည့်ရတဲ့အခါ သူငယ်ချင်းမိတ်ဆွေတွေကို ကြည့်စေချင် မျှဝေချင်တဲ့စိတ်နဲ့ ဒီဆောင်းပါးလေးကို တတ်သလောက် ဘာသာပြန်ဖြစ်ပါတယ်။ ပန်းချီလောကစကားအသုံးအနှုန်း ဘာသာပြန်တာ မမှန်မကန်မှားယွင်းမှုတွေ ရှိခဲ့ရင် စန်းထွန်းရဲ့ လိုအပ်ချက်ကြောင့်ပါ။ အောက်ကလင့်ခ်လေးမှာ မူရင်းဆောင်းပါးကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://artsandculture.google.com/theme/fwIS781eEFtoKQ

စန်းထွန်း
ဧပြီ ၂၀၊ ၂၀၁၉ ။

အာရှရဲ့ မေ့လျော့နေသောတောင် - ခါကာဘိုရာဇီ ...

မလေးတရုတ်မထိန်ထိန်က မလေးရှားနိုင်ငံမှာ အမြင့်ဆုံး ဘော်နီယိုကျွှန်း Sabah ဆာဘားဒေသမှာရှိတဲ့ Kinabalu ကင်နာဘာလူးတောင်ကို နှစ်ရက်တက်ခဲ့တဲ့ခရီးက တသက်မမေ့နိုင်တဲ့ တောင်တက်ခရီးပါတဲ့။ အဲ့ဒီတုန်းက ငယ်သေးတော့ တက်နိုင်တယ် ခုဆိုရင် တက်နိုင်ပါ့မလားမသိ။ ကင်နာဘာလူးတောင်က အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်လို့ပြောတော့ ကိုယ်က မြန်မာနိုင်ငံက ခါကာဘိုရာဇီကမှ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်လို့ငြင်းတယ်။ ဂူဂယ်မှာ ရှာဖွေကြေည့်လိုက်တော့ ခါကာဘိုရာဇီတောင်က အမြင့်ဆုံးတောင်ဖြစ်နိုင်တယ်၊ တောင်အမြင့်ကို အသေအချာ မတိုင်းတာရသေးဘူးတဲ့။ အဲ့ဒီကတည်း တိကျမှန်ကန်တဲ့ ခါကာဘိုရာဇီတောင်အမြင့်ကို သိချင်နေခဲ့တာ။ ဗြိတိသျှလူမျိုး စွန့်စားရှာဖွေသူ၊ ရုက္ခဗေဒပညာရှင် Frank Kingdon-Ward က ၁၉၃၇ မှာ ခါကာဘိုရာဇီတောင်ကိုရောက်ခဲ့တဲ့ ပထမဆုံးလူဖြ ူတောင်တက်သမား။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ တက်ရောက်နိုင်တဲ့သူမရှိခဲ့ဘူး။ အိန္ဒိယ၊ တရုတ်၊ မြန်မာနယ်စပ်မှာရှိပြီး ကချင်ဒေသမှာ တိုင်းရင်းသားတွေနဲ့စစ်တပ်ကြား တိုက်ပွဲတွေရှိ နယ်မြေမငြိမ်းချမ်း သွားရလာရ မလွယ်ကူတာကြောင့်ရော။ ၁၉၉၆ ဂျပန်တောင်တက်သမား Takashi Ozaki တာကာရှီ အိုဇာကီဟာ ခါကာဘိုရာဇီကို နှစ်ကြိမ်မြောက်မှာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ခါကာဘိုရာဇီတောင်အမြင့်ကို မတိုင်းတာခဲ့ဘူး။ ၁၉၂၃ အိန္ဒိယတိုင်းတာသူက ခါကာဘိုရာဇီက အမြင့် ၁၉,၂၉၅ ပေ မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင်လို့ ကြေငြာတယ်။ တခြားတိုင်းတာသူက အမြင့်ပေကွာခြားနေပြီး တခြားတောင်တွေက ခါကာဘိုရာဇီထက် မြင့်တယ်လို့ဆိုပါတယ်။ ၂၀၁၃ အမေရိကန် - မြန်မာအဖွဲ့ ကလမ်ရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်ခဲ့ပြီး ခေတ်မှီဂျီပီအက်စ်နဲ့ တိုင်းတာတော့ အမြင့်ပေ ၁၉ ,၂၅၉။ ကလမ်ရာဇီတောင်က မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင် ဖြစ်နိုင်တယ်လို့ ကြေငြာပါတယ်။ နာဆာရဲ့ Solid Earth Group ရဲ့ satellite image specialist ကိုမေးကြည့်တော့ ခါကာဘိုရာဇီတောင်က မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပါတဲ့။ သူတို့နည်းပညာမှာ ပေတရာ၊ နှစ်ရာ ကွာခြားချက်လေးတွေ ရှိနိုင်ပါတယ်။ တောင်တွေကြားထဲမှာ ပေတရာနှစ်ဆိုတာ အတော်လေးကို တာသွားပါတယ်။ ဒီတော့ ခါကာဘိုရာဇီတောင်အမြင့်ကို အတိအကျသိချင်ရင် ရှေးရိုးနည်းအတိုင်း တောင်ထိပ်ပေါ်မှာ ဂျီပီအက်စ်နဲ့တိုင်းတာတဲ့နည်းမှတပါး အခြားမရှိ။

၂၀၁၄ အောက်တိုဘာလ အစပိုင်းမှာ National Geographic Society ၊ The North Face အကူအညီနဲ့ တောင်တက်သမားခြောက်ယောက်အဖွဲ့ ခါကာဘိုရာဇီတောင်အမြင့်ကို တိုင်းတာဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ဒီခရီးစဉ်ကို နှစ်နှစ်ကျော်အချိန်ယူပြင်ဆင် မြန်မာအစိုးရနဲ့ အတော်ညှိုနှိုင်း ဆောင်ရွက်ခဲ့ရတယ်။ တောင်တက်အဖွဲ့ဝင်တွေဟာ high profile ခက်ခဲတဲ့တောင်တွေကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့တဲ့ အရည်အသွေးပြည့်ဝတဲ့ ကျွမ်းကျင်တောင်တက်သမားတွေ။ အိုနေး ၄၂  နှစ် အမြင့်ပေ ၂၆,၀၀၀ ရှိတဲ့ ဧဝရတ်တောင်နဲ့ Lhotse ကတော င်နှစ်တောင်ကို ၂၄ နာရီအတွင်း ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ အမျိုးသမီး။ ဂျန်ကင်း ၅၆ နှစ် ကမ္ဘာပတ်ပြီး တောင်တက်နေတဲ့သူ၊ အာတစ်ဒေသက အမြင့်ဆုံးတောင်တွေကို တက်ရောက်ခဲ့တဲ့သူ။ ရစ်ချတ် ၃၃ နှစ် ပါကစ္စတန်နိုင်ငံ အမြင့်ပေ ၂၆, ၃၅၂ ပေမြင့်တဲ့ Gasherbrum II ကို အောင်မြင်စွာတက်ရောက်ခဲ့ပြီး နှင်းတောင်ပြိုကျမှုမှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့သူ။ ဟယ်ရင်တန် ၂၈ နှစ် အရင်တုန်းက အဆင့်မြင့်ကျောက်တောင်တက်သမား၊ ဧဝရတ်တောင်ကို အိုနေး ၊ ဂျန်ကင်း တို့နဲ့ အောင်မြင်စွာတက်ရောက်ခဲ့တဲ့သူ။ အော့တာ့ခ် ၃၄ နှစ် backcuntry စကီးစီးရာကနေ ရခဲ့တဲ့ကျောရိုးထိခိုက်ဒဏ်ရာကို ပျောက်ကင်းကုသပြီး လပေါင်းများစွာအကြာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ပေ ၂၀,၇၀၀ မြင့်တဲ့ မေရုတောင်ကို ခက်ခဲတဲ့လမ်းကြောင်းကနေ တက်ရောက်ခဲ့သူမို့လို့ စိတ်အားအထက်သန်ဆုံး။ ခါကာဘိုရာဇီခရီးစဉ်ဟာ ၂၀၁၂ ဧဝရတ်တောင်ခရီးစဉ် အိုနေးနဲ့ ဂျန်ကင်း တက်ခဲ့ဖူးတဲ့တောင်တွေအကြောင်း ပြောကြရာကနေ စတင်ခဲ့တာပါ။ ၁၉၉၃ ဂျန်ကင်း ခါကာဘိုရာဇီကို တိဗက်ကနေ တက်ဖို့ကြိုးစားရာမှာ တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရပါတယ်။ ဒါကြောင့် ခါကာဘိုရာဇီဟာ မပြီးဆုံးသေးတဲ့ခရီးစဉ်တခုလို့ အမြဲခံစားနေရတာပါ။ ခါကာဘိုရာဇီခရီးစဉ်ဟာ Anti-Everest စွန့်စားမှု အခွင့်အရေးလို့ သတ်မှတ်ခဲ့ကြပါတယ်။

မြန်မာပြည်မြောက်ဖျား တိဗက်-မြန်မာနယ်စပ်က ခါကာဘိုရာဇီတောင်
Photo Credit - National Geographic
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က တောနက်ထဲ ကြိ ုးတံတားကို ဖြတ်နေတဲ့ ပေါ်တာအထမ်းသမား ၂ ဦး။ တောင်တက်အဖွဲ့ဟာ ကချင်ပြည်နယ်မှာ ဒေသခံအထမ်းသမားတွေ ရှာဖွေရာမှာ အတော်အခက်တွေ့ရပါတယ်။ အများစုက တရက်ထဲနဲ့ ထွက်ခွာသွားကြတယ်။ ဒီတော့ တောင်တက်အဖွဲ့ ပစ္စည်းထက်ဝက်ကျော် ထားခဲ့ရတယ်။
Photo Credit - National Geographic
ဘယ်ဖက်ပုံက ဆိုင်ကယ်ကယ်ရီသမားတွေဟာ ရွံ့ဗွက်ထူ ခြေကုပ်ဖို့ခက်တဲ့ တောခရီးလမ်းကနေ ပစ္စည်းတွေကို တောင်ခြေစခန်းရောက်ဖို့ ၃ ရက်အချိန်ယူခဲ့ရပါတယ်။
ညာဖက်ပုံက အထမ်းသမားတယောက် ပစ္စည်းတွေကို တောင်ခြေစခန်းဆီ သယ်ယူပို့ဆောင်ပေးနေတဲ့ပုံ။ တံတားအများစုဟာ ချောင်းတွေပေါ်ကနေ ပေရာပေါင်းများစွာမြင့်ပြီး ကျဉ်းမြောင်းတဲ့ သွားလားရခက်တဲ့ ဝါးတံတားလေးတွေ။
Photo Credit - National Geographic
အထမ်းသမားတွေ ပစ္စည်းတွေသယ်ပိုးနေစဉ်...တောင်ခြေစခန်းရောက်ဖို့ ၁၃၀ မိုင် ၂ ပတ် တောလမ်းခရီးကြမ်းကို ဖြတ်သန်းခဲ့ရပါတယ်။ Photo Credit - National Geographic

ရန်ကုန် - ပုဂံ ကားနဲ့ မိုင် ၄၃၀၊ ပုဂံ - မန္တလေး သင်္ဘောနဲ့ မိုင် ၁၉၀၊ မန္တလေး - မြစ်ကြီးနား ရထားနဲ့ မိုင် ၂၅၀၊ မြစ်ကြီးနား - ပူတာအို လေယာဉ်နဲ့ မိုင် ၁၇၀၊ ပူတာအိုကနေ တောထောင်ထဲ ဆိုင်ကယ်ကယ်ရီနဲ့ မိုင် ၈၀၊  တောတောင်ခရီး ၁၂၅ မိုင် ၂ ပတ် လမ်းလျှောက်ပြီး ၃၈ ရက်အကြာမှ ခါကာဘိုရာဇီတောင်ခြေ ရောက်ပါတယ်။ မန္တလေး - မြစ်ကြီးနား ရထားလမ်း အင်မတန်လမ်းဆိုးတယ် ခုန်တာများ ထိုင်နေလို့မရဘူး မတ်တပ်ထရပ်နေရတယ်။ အန်ကယ်ကြီးတယောက်ကတော့ ရထားထဲမှာ ပုခက်လုပ်ပြီး အိပ်နေတယ်များ ငြိမ့်နေတာပဲ။ မြစ်ကြီးနားနဲ့ ပူတာအိုကြားမှာ တိုက်ပွဲတွေဖြစ်လို့ လေယာဉ်နဲ့ပဲ သွားလို့ရတယ်။ ပူတာအိုရောက်တော့ စနေနေ့ ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ပူတာအိုက ရှိသမျှရုံးတွေ မေးမြန်းစုံစမ်းတော့ ဘာမှမဖြေကြားဘူး။ တနင်္လာနေ့ကျတော့မှ နေပြည်တော်က ခွင့်ပြုမိန့်ရတယ်။ ရွှံ့ဗွက်ထူလွန်းလို့ တချို့နေရာတွေဆို ဆိုင်ကယ်မောင်းလို့မရဘူး။ ရွာအပြောင်းအရွှေ့၊ လမ်းခရီးမှာ ပျောက်တာတွေနဲ့ တောစခန်းရောက်တဲ့အခါမှာ အစားအသောက် ၈၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ပစ္စည်းတွေ ထမ်းသယ်ပေးမဲ့ ပေါ်တာအလုံအလောက်မရတော့ ပစ္စည်းတဝက်ပဲ သယ်နိုင်တော့တယ်။ ပစ္စည်းတဝက်နဲ့ ဆက်တက်မလား၊ နောက်ပြန်ဆုတ်မလား၊ ဆက်တက်မယ်လို့ ဆုံးဖြတ်ပြီး စစ်ကြည့်လိုက်တော့ နောက်ထပ်ပစ္စည်းတဝက်ကို ထပ်လျှော့လိုက်ရပြန်တယ်။ စိုက်ပျိုးတဲ့ရာသီဆိုတော့ ပေါ်တာအလုံအလောက် မရှိသလို ပေါ်တာထမ်းတဲ့သူမဟုတ်တော့ တရက်ထမ်းပြီးတာနဲ့ နောက်ထပ်ခေါ်လို့မရတော့ဘူး။ ခါကာဘိုရာဇီတောင်ခြေအထိ ၁၂၅ မိုင် ၂ ပတ် လမ်းလျှောက်ခရီးဟာ ရွှံဗွက်၊ ဝါးရုံ၊ အဆိပ်ပြင်းတဲ့မြွေ၊ မျှော့၊ အင်းဆက်ကိုက် ခက်ခဲကြမ်းတမ်းလွန်းတယ်။ အစကတော့ ရေကိုသန့်စင်ပြီးမှ သောက်ပေမဲ့ စမ်းချောင်းရေဟာ အင်မတန်သန့်စင်ကြည်လင်လွန်းလို့ သန့်စင်စရာမလိုဘူး ဝမ်းပျက်ဝမ်းလျောဗိုက်နာ နေမကောင်းမဖြစ်ဘူး။ သောက်ဖူးသမျှရေထဲမှာ အသန့်စင်ဆုံး၊ အရသာအရှိဆုံးပဲ။ ပုံမှန်တောင်တက်ခရီးတွေမှာ တောင်ခြေနားကမြိ ု့အထိ လေယာဉ်စီး၊ ပေါ်တာတွေလည်း လိုသလောက်ရတယ်။ ဒီတော့မြေပြင်ခရီးမှာ အချိန်မကုန်တော့ဘူး မြေပြင်ခရီးမှာ နေမကောင်းဖြစ်နိုင်တယ်။ ခါကာဘိုရာဇီခရီးစဉ်ဟာ တခြားခရီးစဉ်တွေနဲ့ အင်မတန်ကွဲပြားတယ်။

ဂြိုလ်တုမြေပုံကို အသုံးပြုရတော့ နေရာတော်တော်များများဟာ လေ့လာစူးစမ်းရှာဖွေထားတဲ့ နေရာတွေမဟုတ်တော့ အခုလောလောဆယ် ကျောက်တုံးပြိုကျထားတာတွေ မြေပုံပေါ်မှာမရှိဘူး။ တချို့လမ်းကြောင်းတွေက dead end လမ်းဆုံးနေလို့ လာလမ်းကြောင်းအတိုင်းပြန်ဆုတ် မြေပုံကိုပြန်ပြင် တခြားလမ်းကြောင်းရှာနဲ့တော်တော်အချိန်ကုန်ပင်ပန်းတယ်။ တောင်ထိပ်နားနီးလာလေ တောင်တက်ရတာ အင်မတန်ခက်ခဲလာသလို နေရာလည်းကျဉ်မြောင်းလာတယ်။ နောက်ဆုံးမှာတော့ တောင်ထိပ်ကို မတက်ရောက်မှီ နောက်ဆုံးစခန်းကို ရောက်ရှိပါတယ်။ အစားအသောက်က ၄ ရက်လောက်ပဲ ကျန်တော့တယ် မိန်းမ ၂ ယောက်ကစခန်းမှာ စောင့်နေပြီး ယောကျ်ား ၃ ယောက်က တောင်ထိပ်တက်မယ်။ အိုနေးက မကြာခင်က hypothermic အေးခဲပြီးသွေးမလျှောက်တာဖြစ်တော့ အိုနေးကို စခန်းမှာကျန်ခဲ့စေချင်တယ်။ အကျိတ်အနယ် အခြေအတင်ဆွေးနွေးကြတယ်။ ယောကျ်ား၊ မိန်းမခွဲခြားတယ်လို့ ထင်သလားလို့မေးတော့ ခွဲခြားတယ်လို့မထင်ဘူး၊ သူတို့က သူမအရည်အချင်းကို ယုံကြည်တယ်။ ဒါပေမဲ့ အခြေအနေအရ ဂျန်ကင်းက သူနှစ်ပေါင်း ၂၀ ကျော်က စတင်ခဲ့တဲ့သူ့ဆန္ဒကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်။ နောက်ဆုံးမှာတော့ အိုနေးက တောင်ထိပ်မတက်တော့ဘူးဆိုတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ ၂၀၁၄ နိုဝင်ဘာ ၇ မနက်စောစော 7 F (-14 C) အရိုးခိုက်ခိုက်တုန်အောင် အေးတဲ့အချိန် တောင်တက်ခရီးစတင်ပါတယ်။ တညခရီးအတွက် sleeping bag အိယ်ယာကိုယ်စီ၊ ၂ယောက်ရွက်ဖျင်တဲ၊ မီးဖို၊ ဆီ၊ နှစ်နပ်စာအေးခဲထားတဲ့ အစားအစာ၊ သားရေစာ၊ ခေါက်ဆွဲ အလေးချိန်နည်းနိုင်သမျှ နည်းနည်းသယ်ကြပါတယ်။ ၂ မိုင်ခရီးဟာ မတ်စောက်ကျဉ်းမြောင်း အင်မတန်တက်ရခက်ပါတယ်။ တောတောင်ထဲ လမ်းလျှောက်ခဲ့ရသလို တက်လိုက်ဆင်းလိုက်။ နေ့လည်လောက်မှာ တောင်ရဲ့တောင်ဖက် နေရောင်ထဲမှာ အီဂျစ်ပိရမစ်လို ချွန်မြမတ်စောက်တဲ့ ခါကာဘိုရာဇီထောင်ထိပ်ကို မြင်လိုက်ရတဲ့အခါ စိတ်အားထက်ကြွလာပြီး ငါတို့တက်နိုင်မယ်လို့ထင်တယ်။ ၄ နာရီကြာပြီးတဲ့အခါ ကျဉ်းမြောင်းတဲ့တောင်စောင်းလေးမှာ စခန်းချကြတယ်။ အေးလွန်းလို့ မနက် ၃ နာရီခွဲအထိ မအိပ်နိုင်ကြဘူး။ မနက်ကျတော့ အိယ်ယာ၊ ရွက်ဖျင်တဲ၊ မီးဖိုထားပြီး တောင်ထိပ်ဆီကို တက်ကြတယ်။


ကြယ်စုံတဲ့ညမှာ ရွှေရောင်တောက်ပနေတဲ့ ဒါဟွန်ဒန်ရွာကစေတီ...မြောက်ဖက်ကို ခြောက်ရက်ခရီး တောင်ခြေစခန်းမရောက်မှီ နောက်ဆုံးဖြတ်သန်းခဲ့တဲ့ရွာ...
Photo Credit - National Geographic
တိဘက်ဗုဒ္ဓဘာသာ ဆုတောင်းအလံနားမှာ တောင်မတက်မှီ အော့တာ့၊ ဟာရင်တန်၊ အိုနေး သစ်ကိုင်းခြောက်တွေ မီးရှို့နေစဉ်...
Photo Credit - National Geographic
အာ့တာ့၊ အိုနေး၊ ဟာရင်တန် စခန်းသုံးဆီ သွားနေကြပုံ...ယောကျာ်းသုံးယောက်က တောင်ထိပ်တက်ဖို့ ကြိ ုးစားနေချိန်မှာ အိုနေး၊ ဟာရင်တန် အဲ့ဒီစခန်းကနေ စောင့်နေကြပါတယ်...
Photo Credit - National Geographic
ခါကာဘိုရာဇီ အနောက်ဖက်တောင်စဉ်တောင်တန်း နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်ခွျှန်းပေါ်က ဂျန်ကင်း...သူနဲ့ အခြားတောင်တက်သမား၂ယောက်ဟာ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်လို့ပြောကြတဲ့ ခါကာဘိုရာဇီတောင်အမြင့်ကို
တိုင်းတာဖို့...
Photo Credit  - National Geographic
ရစ်ချတ်က ငါကြောက်လာပြီ တကယ်ကြောက်လာပြီ ငါတို့ပြန်လှည့်သင့်ပြီ။ ဘေးပတ်ဝန်ကျင်က တောင်ထိပ်တွေကအောက်မှာ အင်မတန်မတ်စောက်ကျဉ်းမြောင်းတဲ့ ကျောက်တောင်စွန်းမှာ ကြိုးတွေနဲ့တောင်တက်နေတာ တောင်တက်နေတဲ့သူတော့မသိဘူး ဗွီဒီယိုကြည့်တဲ့ကိုယ်က အသည်းတွေယား ရင်တမမဖြစ်နေတယ်။ အော့တာ့ နဲ့ဂျန်ကင်းက ရစ်ချတ်ကို ဆက်တက်ဖို့ ဆွဲဆောင်စည်းရုံးကြတယ်။ ဂျန်ကင်းက ဦးဆောင်ပြီး တခြားချွှန်မတ်နေတဲ့ကျောက်တောင်စွန်းကို ရောက်တဲ့အခါ တောင်ထိပ်ကိုမြင်ရပြီး လမ်းကြောင်းတလျှောက်မှာ  စိတ်ဓာတ်ကျစေမဲ့ ချွှန်မတ်နေတဲ့ ကျောက်တောင်စွန်းတွေကို မြင်ရတယ်။ စစ်ဆေးကြည့်လိုက်တော့ အိပ်ယာ၊ ရွက်ဖျင်တဲ၊ မီးဖို၊ အစားအသောက်မရှိဘဲ တညအိပ် တောင်ထိပ်တက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး စွန့်စားရာရောက်တယ် အသက်ရှင်ဖို့လည်း မလွယ်ဘူး။ သူ့အဖွဲ့ဆီပြန်လာပြီး ငါတို့ခရီးစဉ်ပြီးပြီ ငါတို့ ရောက်နိုင်သမျှ ကြိုးစားပြီးပြီ။ တောင်ထိပ်ကိုမြင်နေရပြီး တညဆက်တက်ရင် ရောက်နိုင်တဲ့အနီးဆုံးနေရာကို ရောက်နေပေမဲ့ အစားအသောက်၊ gear ပစ္စည်းကိရိယာတန်ဆာပလာ အခက်အခဲတွေကြောင့် အော့တာ့၊ ရစ်ချတ် ခေါင်းညိတ်ပြီး ထောက်ခံတယ်။ သူတို့ရောက်နေတဲ့နေရာက အမြင့်ပေ ၁၈,၈၄၀ ခါကာဘိုရာဇီတာင်ထိပ်အောင်ဖက် ပေ ၈၀၀ အောက် ဝ.၂၅ မိုင် အဝေးမှာ။ ဂျန်ကင်းက အကယ်၍များ လုံလောက်တဲ့ပေါ်တာ၊ အစားအသောက်၊ ၂လထက် အချိန်ရခဲ့မယ်ဆိုရင် ခါကာဘိုရာဇီခရီးစဉ် အောင်မြင်မယ်လို့ထင်တယ်။ တောင်ထိပ်ကိုတက်ရောက်နိုင်မှ အောင်မြင်တာမဟုတ်ပါဘူး။ တခါတလေ အိမ်ကိုအသက်ရှင်လျက် ပြန်လာနိုင်တာဟာ အကောင်ဆုံးအောင်မြင်မှုပါပဲ။ ဒီလိုသတ်မှတ်မယ်ဆိုရင် သူတို့အဖွဲ့ အောင်မြင်ပါတယ်။ ၃၆ နာရီ တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ ကြိုးစားပြီးတဲ့အခါ အမြင့်ပေ ၁၈,၂၀၀ က စခန်း ၃ကို ပြန်လာကြတယ်။ ရောက်တာခါနဲ့ ပြင်ဆင်ထားတဲ့ တဲအိမ်ထဲထိုးအိပ်တော့တာပဲ ။ ယောကျာ်း၃ယောက် ထောင်ထိပ်တက်ဖို့ ကြိုးပမ်းနေတဲ့အချိန် စခန်း၃မှာကျန်ခဲ့တဲ့ မိန်းမ ၂ ယောက်က အနီးအနားက တောင်စွန်းတွေဆီတက်ဖို့ ကြိုးရှာကြည့်တော့ ကြိုးတခုမှမရှိဘူး။

ကြိုးမရှိဘဲ တောင်တက်တောင်ဆင်းဖို့ဆိုတာ အင်မတန်စွန့်စားရာရောက်တယ်။ တောင်ထိပ်တက်နေတဲ့ ယောကျ်ားလေးတွေနဲ့ ဘယ်လိုဆက်သွယ်ရလဲဆိုတော့ စတိတ်ကအင်မလီအဖေ့ကို ဂြိုလ်တုဖုန်းနဲ့ဆက်၊ သူက ယောကျာ်းလေးတွေဆီကို ဂြိ ုလ်တုဖုန်းနဲ့ဆက်။ နောက်နေ့မနက်စောစော မိန်းမ၂ယောက်က တောင်ဆင်းပြီး ကြိုးတွေသွယ်တန်းထားခဲ့တော့ ယောကျာ်း၃ယောက် မြန်မြန်ဆန်ဆန် တောင်ဆင်းလာနိုင်ခဲ့တယ်။ လာလမ်းအတိုင်း ၁၂၅ မိုင် ရွှံ့ဗွက်ထူ၊ အဆိပ်ရှိတဲ့မြွေ၊ မျှော့၊ အင်းဆက် ခက်ခဲကြမ်းတမ်းလွန်းတဲ့လမ်းကို ၂ ပတ်လမ်းလျှောက်ပြီး တောင်ခြေစခန်းကို ပြန်ရောက်ပါတယ်။ ခရီးစဉ်ဟာ ၂ လကြာပြီး အင်မတန်ခက်ခဲကြမ်းတမ်း ပြင်းထန်လွန်းတယ်။ ဂျန်ကင်းရဲ့ ၂ ခေါက်မြောက် မအောင်မြင်တဲ့ခရီးစဉ်ဆိုတော့ သူအင်မတန်ခံစားရတယ်။ ခါကာဘိုရာဇီတောင်ရဲ့အမြင့်ကို ခုထက်မသိသေးဘူး။ ခါကာဘိုရာဇီတောင်ဟာ မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင်လို့ သူတို့ထင်မြင်ယူဆကြပါတယ်။ ဘာလို့လဲဆိုတော့ ခါကာဘိုရာဇီဟာ အနီးအနားက တခြားတောင်တွေထက် မြင့်နေလို့ပါပဲ ဒါပေမဲ့ ခုထက်ထိ မသိသေးဘူး။ ဒါ‌ကြောင့်လည်း ဒီတောင်တက်လမ်းကြောင်းဟာ မြေပုံထဲမှာရှိမနေတာ ခက်ခဲလွန်းလို့ပါပဲ။ ခုထက်ထိ သိဖို့ခက်ခဲနေတုန်း တစုံတယောက်က ဒီပြသနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ဂျန်ကင်းက ပြောတဲ့စကားတွေကို သတိထားပြောနော် သူတို့တွေ စွန့်စားမှုခရီးစဉ်လေးတခု သွားချင်တယ်။ တကယ့်ကို remote ဝေးလံသီခေါင် လူသူရောက်ခဲတဲ့နေရာ၊ သွားရောက်ဖို့ အင်မတန်ခက်ခဲတဲ့နေရာတခု။ ခါကာဘိုရာဇီဟာ အဲ့ဒီခရီးစဉ်မျိုးပဲ။ တနေ့နေ့မှာတော့ ခါကာဘိုရာဇီတောင်ထိပ်ကို အောင်မြင်စွာတက်ရောက်နိုင်ပြီး တောင်ထိပ်အမြင့်ကိုတိုင်းတာကာ မြန်မာပြည်ရဲ့အမြင့်ဆုံးတောင်၊ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဟုတ်မဟုတ်ဆိုတာ ဖြေရှင်းနိုင်ကြပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စန်းထွန်း
ဧပြီ ၁၅၊ ၂၀၁၉ ။

စခန်း၁ တိမ်တွေအပေါ်မှာ ရပ်နေတဲ့ ဂျန်ကင်း...၁၉၉၃ ဂျန်ကင်း တိဗက်ဖက်ကနေ ခါကာဘိုရာဇီတောင်တက်ဖို့
ကြိ ုးစားရာမှာ တရုတ်စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပါတယ်....
Photo Credit - National Geographic
အလွန်ပင်ပန်းခက်ခဲကြမ်းတမ်းတဲ့ တောင်ထိပ်တက်ရောက်မှု မအောင်မြင်ပြီးနောက် အာ့တာ့ခ် တောင်ခြေစခန်းဆီ ဆင်းလာနေစဉ်...
 Photo Credit - National Geographic

P.S  - အောက်က National Geographic ရဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။ ဘာသာပြန်တာ လိုအပ်ချက်တွေရှိပါက စန်းထွန်းရဲ့ လိုအပ်ချက်ပါ။

https://news.nationalgeographic.com/2015/01/150116-burma-climb-myanmar-hkakabo-razi/