အင်္ဂလန်သွား တောလား - ၈

၂၀၁၈ အောက်တိုဘာ ၇ တနင်္ဂနွေနေ့ လန်ဒန်ခရီးစဉ် နောက်ဆုံးနေ့။ မနေ့ညက အေးလွန်းလို့ ဟီတာမဖွင့်ဘူးလားလို့ ကောင်တာကို ဖုန်းဆက်မေးကြည့်တော့ ၄၀ ဒီဂရီဖာရင်ဟိုက်လောက်ကိုတော့ မဖွင့်သေးဘူးတဲ့။ ဒီတော့ စောင်ကိုခေါင်းမြီးခြုံ ဒေါင်းကုတ်ဝတ် နဖူးနဲ့ဒူး ထိနေအောင် ကွေးရတော့တာပေါ့။ နိုဝင်ဘာ ကျေးဇူးတော်နေ့ပိတ်ရက် နယူးဂျာစီဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်ရင် ချမ်းတတ်သူမို့ စောင်အများကြီး ယူသွားရတယ်။ ဟီတာထိန်းတဲ့အခန်းက အရမ်းပူလို့ အပူလျော့ရင် ဝေးတဲ့အခန်းတွေက အပူမရဘူး။ အချမ်းကြောက်တဲ့ လူတချို့က ဟီတာအသေးလေးတွေ ယူလာကြတယ်။ အင်း ... နောင်များ ဆောင်းတွင်းခရီးသွားရင် လျှပ်စစ်နဲ့အပူလွှတ်တဲ့စောင် သယ်လာရမဲ့ပုံပဲ။ အဖေတို့လေယာဉ်က နေ့လည် ၁ နာရီ၊ ကိုယ့်လေယာဉ်က ညနေ ၅ နာရီဆိုတော့ မနက်ပိုင်းမှာ တနေရာကို သွားလည်မယ်လို့ စိတ်ကူးထားတယ်။ အဖေသွားချင်တဲ့ အာစင်နယ်ရဲ့ အီးမရိတ်ကွင်းသွားမလား၊ ပါလီမန်ကိုသွားမလား စဉ်းစားကြတော့ ပါလီမန်ကိုသွားဖို့ ရွေးခြယ်လိုက်ကြတယ်။ မနက် ၇ နာရီကျော် ဝက်မင်စတာဘူတာကနေ သိမ်းမြစ်တံတားကိုဖြတ် တဖက်ကမ်းကနေ ပါလီမန်ကိုမြင်ရတဲ့ ရှုခင်းက အင်မတန်လှတယ်။ တံတားပေါ်မှာ လမ်းလျှောက်နေတုန်း သိမ်းမြစ်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့လေက အသည်းခိုက်အောင် အေးလွန်းတယ်။ နေရောင်လင်းလက်နေပေမဲ့ နေရောင်ခြည်လည်း မနွေးနိုင်တော့ ချမ်းတတ်တဲ့ အဖေက ခုန်ဆွခုန်ဆွ လုပ်နေတယ်။ အိန္ဒိယနွယ်ဖွား တွန်းလှည်းလေးနဲ့ အန်ကယ်ကြီးက လေဒီသုံးယောက်က မချမ်းဘူး ဒီဂျမ်းတမ်းမန်းကြီးက ချမ်းလို့ ခုန်ဆွခုန်ဆွလုပ်နေတယ်လို့ စနောက်လို့ ရယ်မောရသေးတယ်။ တွေ့လား  ...  တို့အမျိုးသမီးတွေ strong ဖြစ်တယ်နော်လို့ ပြန်နောက်တော့ အမှန်ပဲလို့ ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံသွားတယ်။ ပါလီမန်အဆောက်အဦးကြီးက ခန့်ညားတယ်။ ဘေးက Big Ben နာရီစင်ကြီးက ပြ ုပြင်နေတုန်း ငြမ်းတွေဆင်ထားလို့ မှတ်တောင်မမှတ်မိဘူး။ စနေနေ့တိုင်း ပါလီမန်ထဲ ဝင်ရောက်လည်ပတ်လို့ရတယ်။ ပါလီမန်တဖက်ခြမ်း သိမ်းမြစ်ကမ်းဘေးတလျှောက် စက်ဘီးစီး၊ လမ်းလျှောက်၊ အပြေးလေ့ကျင့်ဖို့ ဖောက်လုပ်ထားတဲ့ လမ်းကလေးက အင်မတန်သာယာလှပတယ်။ အဲ့ဒီလို မြစ်ကမ်းဘေး၊ ရေကန်ဘေးနား ဖောက်လုပ်ထားတဲ့ လမ်းတွေရောက်ရင် ပြေးချင်စိတ်တွေ တဖွားဖွားပေါက်တယ်။ ဓာတ်ပုံရိုက်ပြီးတော့ ဝက်မစ်စတာဘူတာဆီပြန်တော့ ဗိုက်ဆာလာတယ်။ ထုံးစံအတိုင်း ခရိုဆွန်ဝယ်စားကြတယ် ဘိုစာမကြိုက်တဲ့ အဖေတို့တွေ ခရိုဆွန်ကြိုက်ကြတယ်။ ဟော်စတယ်ရောက်တော့ အထုပ်ပြင် ပြန်မဲ့နေရာတွေက ရန်ကုန်၊ စင်္ကာပူ၊ နယူးယောက်ဆိုတော့ အဖေတို့ ကိုယ့်အတွက် ယူလာတဲ့ပစ္စည်း၊ ကိုယ်က အဖေတို့အတွက် ယူလာတဲ့ပစ္စည်းတွေ ဖလှယ်ကြ။ ခရီးစဉ်မှာ အသုံးလိုမဲ့ပစ္စည်းတွေကို ကျောပိုးအိတ်၊ ဘေးလွယ်အိတ်ထဲထည့် မထုတ်ရမဲ့ပစ္စည်းတွေကို လက်ကေ့အိတ်ထဲထည့်။

မနက် ၉  နာရီ ဟော်စတယ်ကနေ ထွက်မယ်မှန်းထားတာ ၉  နာရီခွဲမှ ထွက်ဖြစ်တယ်။ အရေးထဲ ရထားက နှေးနေသေးတယ်။ တနေရာရောက်တော့ ရထားက ခပ်ကြာကြာလေးရပ်တယ်။ လက်ကေ့အိတ်ဆွဲ ပလက်ဖောင်းပေါ်တက် လေဆိပ်သွားမဲ့ရထားကိုရှာတော့ အပေါ်ထပ်ကို လှေကားနဲ့တက်ရမလား ကြည့်နေတုန်း လေဆိပ်သွားမဲ့ရထား ဆိုက်လာပါရော။ အဲ့ဒီဘူတာမှာ အတော်ကြာကြာရပ် တာမင်နယ်တခုနဲ့တခုကြားမှာ စင်ကနယ်စောင့်ရလို့ ခပ်ကြာကြာလေးရပ်တော့ ချက်ကင်ဝင်ဖို့ မှီပါ့မလားလို့ စိတ်ပူနေပြီ။ မကြီးက တက္ကစီစီးရင် ကောင်းမလားတဲ့ တက္ကစီနဲ့ဆို ပိုကြာလိမ့်မယ်။ ရောက်တာနဲ့ အပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်၊ ပြီးတော့ စက်လှေကားနဲ့တက်။ ကိုယ်နဲ့မကြီးက အပြေးအလွှား ထိုင်းအဲဝေးကောင်တာကိုရှာ အဖေနဲ့အမေက ကိုယ်တို့နောက်ကိုပြေးလိုက်။ self check in ဝင်တော့ ချက်ကင်ဝင်လို့ မရဘူး အဖေနဲ့အမေကို လိုင်းမှာတန်းစီခိုင်း ထပ်ပြီး self check in ဝင်ကြည့်တော့လည်း မရပြန်ဘူး။ ဘာလို့ self check in မရတာလဲလို့ ဝန်ထမ်းကိုမေးနေတုန်း ထိုင်းအဲဝေးမှာ ချက်ကင်ဝင်မဲ့လူရှိသေးလားလို့ အော်မေးတော့ ဒီမှာ ဒီမှာ။ လိုင်းကနေထွက်ပြီး သူခေါ်တဲ့နောက်လိုက် ၁၁ ခွဲပြီမို့လို့ ကောင်တာပိတ်တော့မယ်တဲ့။ ဘုရား ... ဘုရား ကံသီပေလို့။ အဲ့ဒီတုန်းက အပြေးအလွှားဆိုတော့ မကြောက်မိဘူး ခရီးကပြန်ရောက်ပြီး ပြောကြတော့မှ ကြောက်မိတာမျိုး။ အဖေက လန်ဒန်မှာ လမ်းလျှောက်ရတာများလို့ ဒူးနာနေတယ် ဒီတော့ ဝှီးချဲဆားဗစ်ယူတယ်။ အမေတို့က အဖေ့ဘေးနားမှာ ရပ်စောင့်နေလို့ ဝှီးချဲသမားက အမေတို့ကို ခင်ဗျားတို့ security check ဝင်ရမှာ ကြာမှာ သွားနှင့်လို့နှင်တယ်။ အဖေ ဝှီးချဲပေါ်မှာ ပါသွားပြီး သမီးရေ ဘိုင့်ဘိုင်လို့ နှုတ်ဆက်တော့မှပဲ ကိုယ်လည်း လက်ကေ့အိတ်ဘယ်မှာ ချိန်ရမလဲလို့ ရှာရတယ်။ ဝန်ထမ်းကို မေးကြည့်တော့ repack ဆိုတဲ့ နေရာမှာ ချိန်လို့ရတယ်။ မနေ့က လက်ကေ့ချက်ကင်ကို ၃၅ ကျပ်နဲ့ ချက်ကင်ထားတော့ လက်ကေ့အိတ်က ပေါင် ၂၀ ရတယ်။ ကျောပိုးအိတ်ထဲက လေးတဲ့ဟာတွေ လက်ကေ့အိတ်ထဲပြန်ထည့်။ oyster card ရထားကဒ်တွေကို refund လုပ်ဖို့ စက်မှာရှာမတွေ့လို့ လုံခြုံရေးဝန်ထမ်းကို မေးကြည့်ရတယ်။ နာရီဝက်လောက်ကြာတော့ မကြီးတို့ ဖုန်းဆက်လာတယ် ချက်ကင်ဝင်ပြီးပြီ ဟီးသရိုးလေဆိပ်က အကြီးကြီးပဲ အတော်ဝေးဝေး လျှောက်ရတယ်တဲ့။ ဗိုက်ဆာနေကြလားမေးတော့ ဝယ်လာတဲ့ ခရိုဆွန်မုန့်တွေ စားနေကြတယ် လေယာဉ်ပေါ်ရောက်တာတဲ့ ‌ကျွှေးတော့မှာတဲ့။ ဗစ်တိုးရီးယားဘူတာရောက်တော့ ကိုယ့် oyster card ရထားကဒ်ပြန်လဲ refund ပြန်တောင်း Gatwick လေဆိပ်ဆီ ရထားလတ်မှတ်ဝယ်။ ကိုယ့်မှာရှိသမျှ အကြွေတွေကို ပေးလိုက်တော့ ဝန်ထမ်းက တပေါင်တန်လေးပုံ အသေအချာစီနေလို့ ဒီလူကြီး ဘာလုပ်နေတာပါလိမ့်။ ယူစရာယူပြီး ရထားလတ်မှတ် ပေးလိုက်တာမဟုတ်ဘူးလို့တွေးနေတုန်း သူက အကြွေတွေများတဲ့ အပုံကိုယူလိုက်တယ်။ ဒီတော့မှ သဘောပေါက်တယ် သြော် ... သူက အသေအချာ စိတ်ရှည်လက်ရှည် အကြွေပုံတွေစီပြီး အကြွေများတဲ့ဟာတွေကို ယူလိုက်တာကိုး။


ကိုယ့်အတွက် စဉ်းစားပြီး အချိန်ယူလုပ်ပေးနေတာကို ကိုယ်က စိတ်မရှည် မြန်မြန်မလုပ်ဘူးလို့ အပြစ်တင်နေတာကိုး။ သူ့စေတနာကို သဘောပေါက်တော့မှ ကျေးဇူးတင်မိတယ်။ အေးရှန်းအစားအစာရှာတာ ဘူတာတခွင် ပြဲပြဲစင် နောက်ဆုံးမှ အပေါ်ထပ်က ဂျပန်ဆိုင်လေးမှာ ဆူရှီတဘူး ဝယ်လိုက်တယ်။ မန်ချက်စတာကအပြန် ဘူတာရုံမှာ ညနေစာစားခဲ့တဲ့ ဂျပန်ဆိုင်အခွဲ။ နော်ဝေဂျီယမ်လေကြောင်းလိုင်းက ဘက်ဂျက်လေကြောင်းလိုင်းမို့ ဘာမှမကွျှေးဘူး။ ဝယ်စားလို့ရတယ် ၄၅ ကျပ်၊ ဟမ်းကယ်ရီကယ်နဲ့ ကျောပိုးအိတ်က ၁၀ ပေါင်ပဲ ရတယ်၊ အွန်လိုင်းကနေ ချက်ကင်ဝင်ရင် ၃၅ ကျပ် ပေါင် ၂၀ ရတယ်။ ကောင်တာရောက်မှ ချက်ကင်ဝင်ရင် ၁၀၀ ပေးရတယ်။ သေချာမကြည့်လိုက်လို့ အလာတုန်းက ၁၀၀ ပေးလိုက်ရတယ်။ ၂၀၁၀ မတ်လ စင်္ကာပူကနေ မကာအိုသွားတုန်းက တိုက်ဂါးလေကြောင်းလိုင်း ဘတ်ဂျက်အဲလိုင်းဆိုတော့ ရေတောင်မတိုက်ဘူး။ Gatwick လေဆိပ်ဆီကို အမြန်နဲ့အနှေးရထားတွေ ရှိတာမှာ အနှေးရထားလတ်မှတ် ဝယ်လိုက်တယ်။ တနာရီလောက်ကြာတဲ့အထိ မရောက်သေးလို့ မေးမြန်းကြည့်တော့ ဒီရထားက လေဆိပ်မှာ ဂိတ်ဆုံးမှာမဟုတ်ဘူး။ လေဆိပ်ကို ဖြတ်သွားတယ် နောက်ဆယ်မိနစ်လောက်ဆို ရောက်တော့မယ်တဲ့။ ရောက်တာနဲ့ အသည်းအသန်ပြေးလွှား ချက်ကင်ဝင်တော့ လုံခြုံရေးကမေးတယ် အလည်လား ဘယ်ကိုသွားလည်သေးလဲတဲ့။ ကိုယ့်နောက်က အမျိုးသမီးက အဲ့ဒီလုံခြုံရေးကို ကွန်ပလိမ်းတယ် သူ့ကိုမေးတဲ့ အမျိုးသမီးက vicious ရိုင်းစိုင်းလိုက်တာတဲ့။ ဒီနေ့ လူတွေတအားများလို့ သူလည်းပင်ပန်းစိတ်တိုနေလို့ နေပါလိမ့်မယ် ခွှင့်လွှတ်ပါလို့ ကိုယ်စားတောင်းပန်တယ်။ boarding လုပ်တော့ ကိုယ့်ပတ်စပို့ကိုကြည့်ပြီး ဘေးကိုခေါ် ကိုယ့်လက်ဝါး၊ ကျောပိုးအိတ်အပြင်ဖက်ကို စက္ကူစလေးနဲ့သုတ် စကန်ဖတ်တယ်။ randomly security check တယ်ဆိုပါတော့။ အဲ့ဒီလိုအစစ်ခံရတဲ့သူတွေကို သတိထားကြည့်လိုက်တော့ တတိယနိုင်ငံကလူတွေချည်းပဲ။ နယူးယောက်ကို ည ၈ နာရီရောက်တယ်။ ပင်ပန်းပေမဲ့ မိသားစုခရီးဆိုတော့ အတော်ပျော်ဖို့ကောင်းပါတယ်။ နယူးယောက်မြေအောက်ရထား ရှုပ်လှပြီထင်တာ အမလေး .... လန်ဒန်မြေအောက်ရထားကို ဘယ်မှီပါ့မလဲ။ လန်ဒန်မတ်ထရို apps ကို ဖုန်းမှာဒေါင်းလုပ်ချထားတော့ လန်ဒန်မှာမြေအောက်ရထား စီးရတာ အတော်အဆင်ပြေတယ်။ ဂျူလှိုင် အလာစကာခရီးပြီးတော့ လုပက်စ်က ပြန်ဖြစ်နေတယ်။ စစခြင်းဆို ခြေထောက်က တန်းနေလို့ အဖေက သမီးခြေထောက်နာနေလားလို့ မေးတယ်။ နေသိပ်မကောင်းရတဲ့အထဲ ကင်မရာအလေးကြီး လွယ်နေတဲ့ကိုယ့်ကို သနားလို့ မကြီးက ကိုယ့်ကင်မရာ သယ်ပေးတယ်။ ဓာတ်ပုံရိုက်ရင် ပြုံးမနေဘူး ခြေထောက်နာ ပင်ပန်းလို့ မှုန်ကုပ်ကုပ် မျက်နှာပေးနဲ့။ 

အင်္ဂလန်ဟာ စတိတ်နဲ့ အတော်ခြားနားတယ်။ လန်ဒန်ဟာ ရှေးဟောင်းမြို့လေးနဲ့ တူတယ်။ ဗြိတိသျှတွေ ကိန်းကြီးခန်းကြီးနိုင်တယ် အမေရိကန်တွေလို မဖော်ရွေဘူး။ ဒါပေမဲ့ အခက်အခဲကြုံနေရင်တော့ ကူညီတတ်ကြပါတယ်။ ဝတ်တာစားတာလည်း အင်မတန် စမတ်ကျတယ်။ ပိန်ပိန်ပါးပါးလေးတွေ လူဝဝကြီးတွေ မတွေ့ခဲ့ဘူး။ လန်ဒန်သူလေးတွေ မိတ်ကပ်လိမ်းထားတာ သဘာဝကျကျ လှတယ်။ ရှေးဟောင်းအဆောက်အဦး၊ တောတောင်ရေမြေကို ထိန်းသိမ်းထားတယ်။ အခြေအနေပေးရင်တော့ လန်ဒန်ကို နောက်ထပ်သွားလည်ချင်သေးတယ် ပြတိုက်တွေ သွားကြည့်ချင်လို့။ ၂၀၁၉  ဖေဖေါ်ဝါရီ ၄ ကနေ ၁၉  ရက်နေ့အထိ ရန်ကုန်ကို သွားလည်ဖြစ်တယ်။ ရန်ကုန်မှာ ဘယ်တွေကို သွားလည်သလဲဆိုတာကတော့ ရန်ကုန်သွားတောလား ပို့စ်တွေအနေနဲ့ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
မတ် ၃၁၊ ၂၀၁၉ ။

အင်္ဂလန်သွား တောလား - ၇

၂၀၁၈ အောက်တိုဘာ ၆ စနေနေ့ စွတ်စိုထိုင်းမှိုင်း မိုးတဖြောက်ဖြောက်ရွာပြီး နေမပွင့်တဲ့နေ့။ မနက် ၈ နာရီခွဲ ဗစ်တိုးရီးယားဘတ်စ်ကားဂိတ် coach station ဆီ အရောက်ပြေးရတယ်။ ဗစ်တိုးရီးယားဘူတာရုံနဲ့ ဗစ်တိုးရီးယားကားဂိတ် မှားလေ့ရှိကြတယ်တဲ့။ ဆိုင်းဘုတ်မှာ မတွေ့လို့ မေးကြည့်လိုက်တော့ စောနေသေးလို့ မပေါ်သေးတာ ဒီဂိတ်မှာပဲ ပေါ်မှာပါတဲ့။ အချိန်ပိုနေတုန်း အိမ်သာသွားချင်ရင် သွားထားကြလို့ ဆော်သြလိုက်တော့ အဖေနဲ့မကြီး သွားကြတယ်။ ထုံးစံအတိုင်း ၂၅ ပြား ပေးရတယ် အကြွေလဲပေးတဲ့ စက်ကလေးတွေရှိတယ်။ ကားထွက်ခါနီးမှ လူလတ်ပိုင်းအရွယ် မိန်းကလေး ပြေးလာတယ် တော်ပါသေးရဲ့ မှီသေးလို့။ တယောက်တည်း ခရီးထွက်လာတဲ့ အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်က မိန်းကလေး။ မနက်ဖြန် အက်ဒင်ဘာ့ခ် စကော့တလန်သွားမလို့တဲ့။ ကိုရီးယားမလေးတယောက် မိတ်ကပ်တွေ ထူပိန်းနေအောင် လိမ်းထားတာ မနက်စောစော အိပ်ချင်မူးတူး မမြင်မစမ်းနဲ့ လိမ်းခဲ့တာနေမှာ။ တိုးဂိုက်က မိန်းကလေး ... အင်္ဂလိပ်စကားပြောရင် တကားလုံးကြားအောင် စပီကာဖွင့်ပြီး တခြားဘာသာစကားပြောရင် နားကြပ်တပ်ပြီး အဲ့ဒီဘာသာစကားကို ရွေးခြယ်ထားတဲ့လူပဲ ကြားရတယ်။ ဘာ... ဘာသာစကားလဲ ခန့်မှန်းခိုင်းတယ် စပိန်၊ ပြင်သစ်၊ အီတလီလို့ ရမ်းတုတ်ကြတယ် ပေါ်တူဂီပါတဲ့။ ပထမဆုံး သွားရောက်တဲ့နေရာကတော့ Warwick ရဲတိုက်။ ရဲတိုက်ကြီးက ခမ်းနားတယ် အဖေတို့ကို ရဲတိုက်မှာ နားခိုင်းထားပြီး ကိုယ်တို့က ပန်းခြံကိုဖြတ်ကျော် တောင်ကုန်းအမြင့်က ခံတပ်ဆီကို တက်ကြတယ်။ နေသာရင် ဓာတ်ပုံရိုက်လို့ကောင်းမှာ မိုးရွာနေတော့ ဓာတ်ပုံရိုက်လို့ မကောင်းတဲ့အပြင် ဓာတ်ပုံရိုက်ချင်စိတ်လည်းမရှိ။ ပေးထားတဲ့အချိန်အတွင်းမှာ နှံ့အောင်လည်ဖို့ စုံစိအောင်ကြည့်ဖို့ အချိန်စေ့ခါနီးရင် အိမ်သာဝင်ပြီး ဘတ်စ်ကားဆီ လမ်းမမှားဘဲ အချိန်မှီရောက်ဖို့ စီမံခန့်ခွဲရတယ်။ ဒုတိယ သွားရောက်တဲ့နေရာက ဝီလီယမ် ရှိတ်စပီးယားမွေးဖွားတဲ့အိမ်ရှိတဲ့ Stratford-upon-Avon မြို့လေး။ မြို့လေးက သေးသေးလေး တိုးကားတွေကို မြို့လယ်ကောင်မှာ ရပ်ထားခဲ့ရတယ်။ ရှိတ်စပီးယား မွေးဖွားခဲ့တဲ့အိမ်လေးဆီကို တိုးဂိုက်က ခေါ်သွားတယ်။ အိမ်ထဲက သားရေလုပ်ငန်း၊ ရှိတ်စပီးယား မွေးဖွားခဲ့တဲ့ခုတင်၊ လာရောက်လည်ပတ်တဲ့ ကမ္ဘာကျော်သူတွေရဲ့ လတ်မှတ်တွေ။ ငှက်မွှေးကလောင်တံနဲ့ မှင်အိုးတွေ့တော့ အဖေက သူတို့ငယ်ငယ်တုန်းက အဲ့ဒါတွေနဲ့ စာရေးခဲ့ရတယ်တဲ့။ စာအရေးအသားကောင်းတဲ့ ဓာတ်တွေကူးစေဖို့ ပွတ်သပ်ကြည့်ပါလားလို့ တိုးဂိုက်ကပြောတယ်။

ပြီးတော့ မြို့ထဲကို လျှောက်လည်ကြတယ်။ အေးလို့ ကော်ဖီဆိုင်ထဲဝင်ပြီး ခရိုဇွန် ဝယ်စားကြတယ် ကော်ဖီနှစ်ခွက်ကို လေးယောက်ဝိုင်းသောက်တယ်။ တယ်လီဖုန်းအနီရောင်ရုံလေးတွေနဲ့ဓာတ်ပုံရိုက်တယ်။ အဲ့ဒီတယ်လီဖုန်းရုံတွေက အင်္ဂလန်မှာပဲ ရှိတာတဲ့။ သတ်မှတ်ထားတဲ့စုရပ်မှာ တိုးကားစောင့်နေကြတုန်း အနီရောင်၊ အဝါရောင်တွေနဲ့ လှနေတဲ့သစ်ပင်ကိုတွေ့တော့ အပြေးအလွှား ဓာတ်ပုံသွားရိုက်ကြတယ်။ နောက်ဆုံးသွားရောက်တဲ့ နေရာကတော့ အောက်စဖို့တက္ကသိုလ် အမေစုတက်ခဲ့တဲ့ တက္ကသိုလ်။ အောက်စဖို့ဒ်တက္ကသိုလ်အဝင်နားက မြေအောက်အိမ်သာဆီ အရင်ပြေးကြတယ်။ ကျောက်တွေနဲ့လုပ်ထားတဲ့အိမ်သာ ဒီတခါပဲကြုံဖူးသေးတယ်။ နှစ်ပေါင်းရာကျော်ပြီဖြစ်တဲ့ အိုင်းစတိုင်း တက်ခဲ့တဲ့နာမည်ကြီးတက္ကသိုလ်ကို တိုးဂိုက်ကပြတယ်။ တိုးဂိုက်ရှင်းပြတာနားထောင်၊ တိုးဂိုက်နောက်ကို မျက်ခြေမပြတ်လိုက်၊ လှမဲ့နေရာလေးတွေ ဓာတ်ပုံပြေးရိုက်၊ လူစုမကွဲအောင် အဖေတို့ကိုစောင့်ကြည့်၊ တတ်နိုင်သလောက် အဖေတို့ကို ဘာသာပြန်ရှင်းပြ။ အောက်စဖို့ဒ်မှာ စက်ဘီးတွေ အတော်များတယ်။ ယေး၊ ဟားဗတ်တက္ကသိုလ်တွေဟာ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆင်တူတယ်။ အေးလို့ အပြင်မှာရပ်မစောင့်နိုင်ဘဲ အမှတ်တရပစ္စည်းဆိုင်ဝင်ပြီး လျှောက်ကြည့်ကြတယ်။ ဆိုင်သုံးလေးဆိုင်လောက်ဝင်ကြည့် ဈေးစနည်းနာပြီး အသက်သာဆုံးဆိုင်ကနေ မကြီးက ILoveLondon ပန်းရောင်ဆွယ်တာ၊ ကိုယ်က အောက်စဖို့ဒ်တံဆိပ်ပါတဲ့ ခေါင်းစွပ်ဆွယ်တာဝယ်တယ်။ တိုးဂိုက်မလေးက အီးစီးကရက်သောက်နေတာကို အဖေကစပ်စုနေတော့ အီးစီးကရက်က ဆေးလိပ်ထက်ကောင်းတယ်လို့ သူထင်တယ်လို့ တိုးဂိုက်မလေးက ပြောတယ်။ အီးစီးကရက်က ဆေးလိပ်နဲ့အတူတူပဲ ခုဆိုဆေးဆိုင်တွေမှာ ရောင်းခွင့်ပိတ်နေပြီလို့ အဖေ့ကိုရှင်းပြလိုက်တယ်။ အဖေ အရင်တုန်းက ဆေးလိပ်သောက်တယ် ကျန်းမာရေးမကောင်းတော့ ဆရာဝန်က ဆေးလိပ်ဖြတ်ခိုင်းတော့ တခါတည်းဖြတ်လိုက်တယ်။ ဆေးလိပ်စွဲတဲ့သူငယ်ချင်းတွေ ဆေးလိပ်ဖြတ်ဖို့ အင်မတန်ခက်တာ မြင်ဖူးကြားဖူးတော့ အဖေ ဆေးလိပ်ဖြတ်တာ ခက်သလားလို့ မေးကြည့်တော့ စိတ်ပါပဲ သမီးရယ်တဲ့။

Warwick ရဲတိုက်

လန်ဒန်ဆီပြန်တဲ့လမ်က အင်မတန်သာယာလှပတဲ့ Cotswolds။ Costswolds သိုးမွှေးက နာမည်ကြီး၊ ဘယ်ရုပ်ရှင်တွေက ဒီနေရာမှာ ရိုက်ခဲ့တာ၊ လမ်းဘေးတလျှောက်က အဆောက်အဦးတွေ သမိုင်းကြောင်းတွေကို ရှင်းပြတယ်။ သိုးတွေ၊ စိုက်ခင်းတွေ၊ ကျောက်တုံးနဲ့ဆောက်ထားတဲ့ လယ်တောအိမ်တွေ တွေ့ရတယ်။ အင်္ဂလန်ရှုခင်းတွေက စတိတ်ကရှုခင်းတွေနဲ့ လုံးဝမတူဘူး။ လန်ဒန်ကို ည ၇ နာရီလောက် ပြန်ရောက်တယ်။ Notting Hill ၊ ဗစ်တိုးရီးယား ဘူတာတွေမှာ ချပေးတယ်။ ဟုဂရန့်၊ ဂျူလီယာရောဘတ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Notting Hill ရုပ်ရှင်ကြောင့် Notting Hill နေရာကို သိကြတယ်။ လမ်းတွေ၊ ကားတွေ၊ ဆိုင်လေးတွေက သေးသေးကျဉ်းကျဉ်းလေးတွေ။ သြော် ... စတိတ်လို နေရာမှမကျယ်တာကိုး နေရာကျဉ်းတော့လည်း သေးသေးကျဉ်းကျဉ်းလေးတွေ ဆောက်ရမှာပေါ့ ဂျပန်လိုပေါ့။ ညနေစာကို ထုံးစံအတိုင်း ယိုးဒယားဆိုင်မှာ စားကြတယ်။ အပြန်လမ်းမှာ အဖေက ပိုက်ဆံတွေ...ပိုက်ဆံတွေလို့ အော်တယ် မကြီးက ပြေးကောက်တယ် ကိုယ်က အတုတွေလား မသိဘူး မကောက်နဲ့။ အိတ်ထဲက ပိုက်ဆံတွေနဲ့ စစ်ကြည့်လိုက်တော့ အစစ်တွေ။ ဘာလို့အတုလို့ထင်တာလဲ ငွေရောင်ကြိုးက အကြီးကြီးတွေမို့လို့။ မကြီးက အဖေ့သမီးက သူဋ္ဌေးမ ပိုက်ဆံတွေ့တာတောင် မကောက်ဘူး။ မနက်ဖြန်ပြန်တော့မှာမို့လို့ လက်ဆောင်ပစ္စည်းတွေ ဝယ်ရအောင် ကောက်ရတဲ့ပိုက်ဆံတွေနဲ့။ လန်ဒန်ကီးချိန်း ၁၀ ခု၊ ရွာက ကိုယ့်ဆရာတယောက်က လက်ဆောင်ပေးလိုက်ပါလို့ မှာသတဲ့။ လန်ဒန်အထင်ကရ နေရာတွေပါတဲ့ ကော်ဖီခွက်တွေဝယ်တော့ အမေက သူလည်းလိုချင်ပါသတဲ့။ အဖေက သူ့မြေးအတွက် ဦးထုပ်ဝယ်ပါတဲ့ ပန်းနုရောင်နဲ့ မိုးပြာရောင်လေးပါတဲ့ ဦးထုပ်ကို အဖေရွေးပေးတယ်။ တူတော်မောင်က အဲ့ဒီဦးထုပ်ကိုကြိုက်လို့ ကျောင်းသွားတိုင်း အမြဲဆောင်းတယ်။ ပထမဆုံးနေ့က ဟိုစတယ်မှာသောက်တဲ့ ရေနွေးကြမ်းထုပ်တွေက သောက်လို့ကောင်းလို့ ရေနွေးကြမ်းထုပ်တွေဝယ်တယ်။ အင်္ဂလန်တီးက နာမည်ကျော်သကိုး။ လေယာဉ်က မနက်ဖြန်နေ့လည်မှဆိုတော့ မနက်ဖက် ဘယ်တွေသွားလည်သလဲ ဆိုတာကတော့ နောက်ဆုံးပို့စ်မှ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၂၅၊ ၂၀၁၉ ။

ရှိတ်စပီးယား မွေးဖွားခဲ့တဲ့အိမ်
Stratford-upon-Avon မြို့လယ်
အင်္ဂလန်မှာပဲ တွေ့ရတဲ့ အနီရောင်တယ်လီဖုန်းရုံ
အောက်စဖို့ဒ်တက္ကသိုလ်

အင်္ဂလန်သွား တောလား - ၆

၂၀၁၈ အောက်တိုဘာ ၅ သောကြာနေ့ ဝင်ဆာရဲတိုက်၊ စတုန်းဟန့်ချ်၊ ဘတ်၊ လကွတ်တို့ကို တိုးကားနဲ့ သွားလည်မှာ။ Viator မှာထက် Klock App နဲ့ဆိုရင် ဈေးနည်းနည်း သက်သာတယ်တဲ့။ 4 Fountain Square  ဗစ်တိုးရီးယားမှာ မနက် ၇ နာရီခွဲ ချက်ကင်ဝင်ရမှာဆိုတော့ မနက်စာစားဖို့ အချိန်မရှိဘူး။ ဗစ်တိုးရီးယားဘူတာရောက်တော့ မြေပုံထဲမှာ ၇ မိနစ်လို့ ပြပေမဲ့ လမ်းတွေမှားနေတာနဲ့ ၁၅ မိနစ်လောက်ကြာတယ်။ လူမပြည့်လို့ ကိုယ်တို့တိုးကို ဖျက်လိုက်တယ် မနေ့က ဖုန်းဆက်အကြောင်းကြားသေးတယ်တဲ့။ ဖုန်းခေါ်လို့ဘယ်ရပါ့မလဲ မကြီးရဲ့စလုံးဖုန်းနံပါတ် ပေးထားတာကိုး။ နောက်နေ့တိုးကို ယူမလားမေးတော့ ဒီနေ့ဘယ်တိုးနဲ့ပဲဖြစ်ဖြစ် လိုက်မယ်။ ဖျက်လိုက်တဲ့တိုးမှာ နေ့လည်စာပါတယ် ခုတိုးမှာ နေ့လည်စာမပါဘူး။ အိုး ... ဒီလိုလုပ်လို့ဘယ်ဖြစ်ပါ့မလဲ...နေ့လည်စာပါအောင် ကြိုးစားပေးပါလားလို့ ကွန်ပလိမ်းတက်တော့ ရအောင်လုပ်ပေးလိုက်တယ်။ မနက် ၈ နာရီမှ တိုးကားထွက်မှာဆိုတော့ အချိန်ရှိသေးတယ် ဗိုက်ဆာနေကြတော့ အဖေနဲ့မကြီးက မုန့်သွားဝယ်တယ်။ အမေနဲ့ကိုယ်က တိုးကားစောင့် တိုးကားကရောက်နေပြီ မကြီးတို့က မရောက်လာသေးတော့ ဖုန်းဆက်တာ ဖုန်းကခေါ်မရ။ အမေ ဒီနားမှာပဲစောင့်နေနော် ဘယ်မှမသွားနဲ့လို့ အသေအချာမှာပြီး မုန့်ဆိုင်တွေနားမှာ မကြီးတို့ကို သွားရှာတော့မတွေ့။ အမေ့ကို စိတ်မချလို့ တိုးကားနားကိုပြန်လာ မကြီးတို့ကို ဖုန်းဆက်ခေါ်တာမရ ဖုန်းဆက်လိုက်၊ မုန့်ဆိုင်တွေဖက် မျက်စိပြူးပြီးရှာ။ ကားပေါ်တက်မယ်ဆိုတော့ တိုးဂိုက်က လူစုံမှတက်ပါတဲ့။ နောက်တော့ မကြီးတို့ ရောက်လာတယ် ရှေ့ကဆိုင်မှာ စောင့်နေတာ အကြာကြီးစောင့်ရတယ်တဲ့။ ကိုယ်လည်း ရှေ့ကဆိုင်နားမှာ သွားရှာတာပဲ။ အီဗန်တိုးကား တိုးဂိုက်က အသက် ၇၀ ကျော်အဘိုးကြီး ဗြိတိသျှလေသံ အတော်ဝဲတယ်။ တိုးကားမှာ အာရှသားဆိုလို့ အိန္ဒိယစုံတွဲနဲ့ ကိုယ်တို့မိသားစုပဲပါတယ်။ ပထမဆုံးသွားလည်တဲ့နေရာက ဝင်ဆာရဲတိုက်...ဝင်ဆာရဲတိုက်ကို ရထားနဲ့လည်း လာလို့ရတယ်။ တောင်ကုန်းအောက်ခြေက ကားပါကင်မှာ တိုးကားတွေရပ်ထားပြီး အပေါ်ကို လှေကားတွေ ကွေ့ဝိုက်ပြီးတက်ရတယ်။ ကိုသက်ထွေး အဖေက ကားပါကင်နားက အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ဆိုင်နားမှာ အိမ်သာတွေ့တော့ အိမ်သာဝင်တယ်။ ဝင်ဆာရဲတိုက်ထဲဝင်ဖို့ စောင့်နေတဲ့လူတန်းကြီးက အရှည်ကြီး။ တိုးနဲ့ဆိုရင် သိပ်မစောင့်ရဘူး။ နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ အဖေတို့က ညောင်းလို့ထိုင်နေတယ် မလိုက်တော့ဘူးတဲ့။

ဟိုနေရာကို ဝင်ရမယ် အထဲမှာဓာတ်ပုံရိုက်ခွင့်မရှိဘူးဆိုတော့ ခမ်းနားလှပလိမ့်မယ်။ လာ ... မကြာဘူး နာရီဝက်လောက်ပဲ ကားပေါ်ကျမှနားတော့။ ကိုယ်အတင်းခေါ်တော့ လိုက်လာကြတယ် .... လိုက်တာမှန်သွားမယ်။ ဘုရင်တွေ ဘယ်လိုခမ်းနားကြီးကျယ်စွာ နေထိုင်ကြသလဲဆိုတာ မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။ အတော်ခမ်းနားတာပဲနော် ... တွေ့ဖူးသမျှထဲမှာ အခမ်းနားဆုံးပဲ။ အချိန် ၂ နာရီ ပြည့်တော့မယ်ဆိုတော့ ခပ်သွက်သွက်လေးလမ်းလျှောက်။ တိုးကားပေါ်ကလူတွေကို အိမ်သာမှာတွေ့ရတော့ ကိုယ်တို့နောက်မကျဘူး။ အင်္ဂလိပ်စကားမပြောတဲ့ စပိန်အဖွားကြီးနှစ်ယောက် နည်းနည်းနောက်ကျပြီးမှ ရောက်လာတယ် နေရာရှာမတွေ့လို့တဲ့။ ဒုတိယသွားမဲ့နေရာကတော့ စတုန်းဟန့်ချ် ရှေးခေတ်ကလူတွေ ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့သယ်ယူထားခဲ့ကြသလဲဆိုတာ ခုထိမသိသေးဘူး။ စတုန်းဟန့်ချ်ဆီသွားဖို့ ရှယ်တယ်ဘတ်စ် စောင့်စီးရတယ်။ မိနစ် ၂၀ လောက်စောင့်ရတယ် အဲ့ဒီနေ့က နေရောင်လင်းလက်ပြီး ရာသီဥတုသာယာတယ်။ စတုန်းဟန့်ချ်မှာ လူတွေများတော့ ဓာတ်ပုံအသည်းအသန် ရိုက်ရတယ်။ စတုန်းဟန့်ချ်ကို တပတ်ပတ်ဖို့ အချိန်မရှိဘူး ဓာတ်ပုံရိုက်ပြီးတာနဲ့ ရှယ်တယ်ဘတ်စ်ကိုစောင့်။ စင်တာရောက်တော့ အိမ်သာပြေး ပြီးရင်တိုးကားဆီပြေး။ တိုးဂိုက်က လူတွေကိုစောင့်ပြီး တိုးကားဆီ ညွှန်ပြပေးတယ်။ တိုးဂိုက်ရှင်းပြနေတုန်း အိန္ဒိယအမျိုးသမီးက ဖုန်းပြောနေတယ် တိုးဂိုက်က ရှူးလုပ်တော့ ခဏရပ်သွားတယ် နောက်ထပ်ရှူးလုပ်တော့ ခဏရပ်သွားပြန်တယ် ပြီးရင်ဖုန်းဆက်ပြောတယ် တိုးဂိုက်က အင်မတန်ရိုင်းတယ်လို့ပြောတယ်။ တိုးကပေးတဲ့ နေ့လည်စာက ဘိုစာတွေ သိပ်လည်းမကောင်းတော့ ဘာမဆိုအကုန်စားနိုင် အကုန်စားကောင်းတယ်တဲ့ကိုယ်တောင် မစားနိုင်ဘူး။ နောက်ဆုံးသွားလည်မဲ့ မြို့လေးကတော့ ဘတ် Bath ရောမရေချိုးကန် ကျောက်တုံးအိမ်ကလေးတွေရှိတဲ့ မြို့ကလေး အင်မတန်လှတယ်။ ရေချိုးကန်မှာ ဓာတ်ပုံရိုက် ရေပူလေးတွေ ထွက်နေတဲ့နေရာရှိတယ်။ ရေပူစမ်းမြို့ဆိုတော့ အဲ့ဒီမြို့ကထွက်တဲ့ Spa ပစ္စည်းတော်တော်များများရှိတယ်။ ဗိုက်ဆာလို့ ခရိုဆွန်ဝယ်စားကြတယ် ကောင်းလို့ထပ်ဝယ်တယ်။ သူများတွေ ရေခဲမုန့်စားတော့ စားချင်တယ်။ ပုံမှန်ကို ရေခဲမုန့်စားလေ့ရှိတာမဟုတ်ဘူး အေးကလဲအေးပါဘိနဲ့။

Windsor Castle ဝင်ဆာရဲတိုက်

အေးတဲ့အချိန်မှာ ရေခဲမုန့်စားရတာလဲ အရသာတမျိုး။ ဈေးနားမှာ တယောတီးနေတဲ့သူရဲ့လက်သံ အတော်ကောင်းတာပဲ။ အဖေတို့ကို တိုးကားစုရပ်မှာ စောင့်ခိုင်းပြီး လမ်းကူး မြစ်ချောင်းလေးကို ဖြတ်ကျော်ဆောက်လုပ်ထားတဲ့ တံတားလေးကနေ ကြည့်လိုက်ရင် ရှုခင်းအင်မတန်လှတယ်။ ဓာတ်ပုံအပြေးအလွှားသွားရိုက် စုရပ်မှာစောင့်နေတုန်း မီးပုံပျံနှစ်စီး ကိုယ့်ခေါင်းထက်ကနေ ပျံသွားလို့ လက်တွေပြဓာတ်ပုံရိုက်။ လန်ဒန်ကို ည ၇ နာရီကျော်လောက်မှ ပြန်ရောက်တယ်။ ကင်းခရော့ခ်ဘူတာရောက်တော့ မကြီးရဲ့ ရထားလက်မှတ် ရှာမတွေ့တော့ဘူး။ ကိုယ်က ရထားလက်မှတ်အသစ် ဝယ်နေတုန်း မကြီးရောက်လာတယ်။ ဘယ်လိုထွက်လာတာလဲမေးတော့ ရထားဝန်ထမ်းကို လက်မှတ်ပျောက်သွားတယ်လို့ပြောပြီး ထွက်လာတာတဲ့။ အဖေတို့က ရထားလက်မှတ်မပျောက်ဘူး ကိုယ်တို့လူငယ်နှစ်ယောက်က ပျောက်တယ်။ ထုံးစံအတိုင်း ယိုးဒယားဆိုင်မှာ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားတယ်။ ဟိုစတယ်ကို ည ၉ နာရီကျော်မှ ပြန်ရောက်တယ်။ အဖေတို့ကို လမ်းလျှောက်နိုင်ပါ့မလားလို့ စိတ်ပူနေတာ လျှောက်နိုင်ကြတယ်။ လန်ဒန်မှာ နေ့တိုင်း မနက် ၇ နာရီလောက်ကနေ ထွက်လိုက်တာ ည ၁၀ နာရီမှ ပြန်ရောက်တယ်။ ကိုယ်တို့လူငယ်တွေတောင် အတော်ပင်ပန်းတာ အဖေတို့ဆို အတော်ပင်ပန်းမှာပဲ။ ဒါပေမဲ့ ပင်ပန်းလိုက်တာ နောက်နေ့မလည်တော့ဘူး ဟိုတယ်မှာနားကျန်ခဲ့မယ်လို့ မပြောဘူး။ ပိုက်ဆံတွေကုန်ထားတော့ အကုန်လိုက်လည်မယ်လို့ ဆုံးဖြတ်ထားပုံရတယ်။ နောက်နေ့ အောက်စ်ဖို့ဒ်၊ ကော့ဝု၊ စတန်းဖို့ အပွန် အေဗွန်၊ ဝါဝတ်ရဲတိုက်ဆီ သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မတ် ၁၇၊ ၂၀၁၉ ။

Stonehenge စတုန်းဟန့်ချ်
Bath မြို့လေးမှာ
Roman Bath
အေးတဲ့အချိန် ရေခဲမုန့်စားရတာ အရသာတမျိုး
Windsor Castle
Stonehenge
Roman Bath