မှန်ပြောင်းနဲ့ ကြည့်ချင်ရင် ထိုင်ခုံခေါင်းပေါ်မှာရှိတဲ့ ပစ္စည်းထားတဲ့နေရာကနေ မှန်ပြောင်းတွေ ယူကြည့်လို့ရပါတယ်။ ကားလမ်းဘေးတဖက်တချက်က အပင်တွေ၊ မြစ်တွေ၊ တောင်တွေအကြောင်း ရှင်းပြပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားတတ်တဲ့နေရာတွေဆိုရင် ကားကိုခဏရပ်ပြီး တိုးဂိုက်က မှန်ပြောင်းနဲ့ ရှာဖွေလေ့ရှိတယ်။ ဘေးက အန်တီကြီးကတော့ မျက်စိလျင်တယ် ကိုယ့်ကို ဘယ်နားမှာလို့ ပြပေးတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်မှာ ကားတွေမျက်နှာချင်းဆိုင် ဆုံကြရင် ဒရိုင်ဘာအချင်းချင်း လက်ပြနှုတ်ဆက်၊ အရှိန်လျှော့မောင်းပြီး တယောက်ကိုတယောက် ဦးစားပေးနားလည်မှုနဲ့ မောင်းကြတယ်။ နယူးယောက်မြို့က ကားမောင်းသမားတွေနဲ့များ ကွာပါ့။ နှစ်နာရီလောက် မောင်းပြီးရင် အိမ်သာအတွက် ရပ်ပေးပါတယ်။ အိမ်သာတွေက ဘိုထိုင်အိမ်သာမဟုတ်ဘူး အောက်မှာဟောင်းလောင်းတွင်းကြီး။ လက်ဆေးဖို့ ရေ၊ ဆပ်ပြာမရှိဘူး hand sanitizer ပေးထားတယ်။ ရေခဲတောင်တွေ၊ မျက်စိတဆုံး စိမ်းလန်းနေတဲ့ တောတောင်တွေနဲ့ အင်မတန်လှတယ်။ ဟိုးတောင်ပေါ်မှာ မြင်ရတဲ့ ဖြူဖြူ အစက်ပျောက်လေးတွေက ရေခဲတွေမဟုတ်ဘူး Dall's sheep တွေလို့ ဘေးကအန်တီကြီးက ပြောပြတယ်။ ကော်ဖီမကြိုက်တဲ့သူတွေမို့ မိုကာသောက်ကြတယ် နွေးသွားတာပဲ။ ဝိုင်းက ကော်ခွက်ကိုမပစ်ဘူး အမှတ်တရပစ္စည်းအဖြစ် ယူသွားမယ်တဲ့။ မြေခွေးက ကားဘေးနားကနေ ဖြတ်ပြေးသွားလို့ ကားကိုခဏရပ်ပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ မြေခွေးဆိုတာကို တီဗွီမှာပဲ မြင်ဖူးတာ ခုမှပဲအပြင်မှာ မြင်ဖူးတော့တယ်။ မျက်စိလျင်တဲ့သူတွေက ကားရဲ့ဘယ်ဖက် 10 o' clock မှာ တွေ့တယ်လို့ပြောရင် ဘယ်ဖက်ကိုကြည့် 10 o' clock ရှိမဲ့နေရာကို ပြူးပြဲကြည့်။ တချို့တွေက ဘယ်နေရာရဲ့ 10 o' clock လို့လဲမေး မျက်စိရှင်ရှင်ထားပြီး ရှာဖွေရတယ်။ ဟိုးအဝေးကြီး တောင်ထွပ်နားက ရေခဲပြင်မှာ ဝက်ဝံတကောင်တွေ့တယ်လို့ တိုးဂိုက်ကပြောတော့ မျက်စိကိုပြူးပြဲပြီးရှာ။ တချို့တွေက အယ်မလေး ဝက်ဝံညိုလေးက လိမ့်ပြီးတော့တောင် ဆော့နေသေးတယ် ချစ်ဖို့ကောင်းလိုက်တာ။ ကိုယ်ကတော့ အဖြူရောင်ရေခဲပြင်ပေါ်က အညိုရောင်အစက်အပျောက်လေးကို ပြူးပြဲရှာနေတုန်း။
ကိုယ့်ဘေးမှာထိုင်တဲ့ အန်တီကြီးက တယ်လီနိုစကုပ်မှန်ပြောင်းကင်မရာကြီးနဲ့ ရိုက်တယ်။ ဘေးထိုင်ခုံမှာထိုင်နေတဲ့ သူ့အမျိုးသားမှာလည်း မှန်ပြောင်းကင်မရာကြီးနဲ့။ ငါ့ပုံက ပိုကောင်းတယ် သူ့ပုံက ပိုကောင်းတယ်နဲ့ လင်မယားနှစ်ယောက် တယောက်နဲ့တယောက် ပြိ ုင်ကြသေးတယ်။ သူတို့ရိုက်ပြီးတဲ့ဓာတ်ပုံတွေကို ကိုယ့်ကိုပြတယ်။ အဲ့ဒီတော့မှ ကိုယ်က ဝက်ဝံညိုကို တွေ့တော့တယ်။ သူတို့ဓာတ်ပုံပညာသင်တာ မကြာသေးဘူး လွန်ခဲ့တဲ့နှစ်နှစ် အငြိမ်းစားယူပြီးတော့မှ သင်တာ။ မှန်ပြောင်းကင်မရာရတော့ ဓာတ်ပုံပညာကို ပိုသင်ဖြစ်တယ်။ စာအုပ်၊ အင်တာနက်၊ မိတ်ဆွေတွေဆီကနေ သင်တယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ် လန်ကက်စတာဖက်မှာနေတာ သူတို့ဓာတ်ပုံတွေကို ဖေ့ဘွတ်၊ ဝက်ဆိုဒ်မှာတင်တယ်တဲ့။ လင်မယားနှစ်ယောက် ဝါသနာတူတာ အင်မတန်ကောင်းတာပဲ။ ကိုယ်လည်း အငြိမ်းစားယူရင် အဲ့ဒီလိုခရီးတွေထွက် ဓာတ်ပုံတွေရိုက် စာတွေရေးချင်တယ်။ ဒုတိယရပ်နားတဲ့ တောင်ထိပ်ပေါ်က visitor center ကတော့ အတော်လေးသားနားတယ် ဘိုင်ထိုင်အိမ်သာတွေနဲ့။ ဒန်နာလီအကြောင်း ဗွီဒီယိုပြနေလို့ ဝင်ကြည့်တော့ တာကီတီနာရိန်းဂျားစတေးရှင်မှာ ကြည့်ခဲ့တဲ့ဗွီဒီယိုဖြစ်နေတယ်။ ဒန်နာလီတောင်ထိပ်ကိုတက်ဖို့ အနည်းဆုံးနှစ်ပတ်ကြာပါတယ်။ တောင်ထိပ်မှာ နှင်းအမြဲကျနေပြီး ရာသီဥတုက ခန့်မှန်းလို့မရပါဘူး။ တောင်ထိပ်တက်ဖို့ အောက်ဆီဂျင်ဘူးတွေ မလိုပါဘူး။ တောင်တက်သမားတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းပဲ တောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်ပါတယ်တဲ့။ အဝေးကနေ ဒန်နာလီတောင်ထိပ်ကို ရှင်းရှင်းလင်းမြင်ရတဲ့အချိန်က တစ်နှစ်လုံးမှာ နှစ်ပတ်လောက်ပဲရှိပါတယ်တဲ့။ မိုးဖွဲဖွဲလေးရွာပြီး အေးစိမ့်လာတယ်။ ဝမ်းဒါးရေကန်၊ ဒန်နာလီတောင်ထိပ် ဓာတ်ပုံကိုတွေ့ပြီးကတည်းက ဟန်က wonder lake ကို သွားချင်နေတာ။ ကိုယ်တို့ကားက ဝမ်းဒါးရေကန်ဘေးကနေ ဖြတ်သွားပေမဲ့ အပြင်က ဝမ်းဒါးရေကန်က ဓာတ်ပုံထဲကဝမ်းဒါးရေကန်လောက် မလှဘူး။ သစ်လုံးဟိုတယ်အိမ်လေးတွေကို ဖြတ်သွားတော့ ဟန်ကဘာလို့အဲ့ဒီမှာမတည်းတာလဲတဲ့။ အယ်မလေး ... ဒန်နာလီအမျိုးသားဥယျာဉ်နဲ့ အတော်ဝေးတဲ့နေရာမှာတောင် ဟိုတယ်ခက တညကိုသုံးရာကျော်။ အဲ့ဒီသစ်လုံးအိမ်တွေဆို ဈေးအရမ်းကြီးမှာ။ ဟိုတယ်ပြန်ရောက်တော့မှ ရှာကြည့်လိုက်တော့ လား ... လား ... အဲ့ဒီသစ်လုံးအိမ် တည်းခိုခက တညကိုငါးရာကျော်တယ်။
စက်ဘီးစီးပြီး ဒန်နာလီအမျိုးသားဥယျာဉ်ကို လည်ပတ်တဲ့သူတွေလည်း တွေ့တယ်။ သူတို့စက်ဘီးမှာ စခန်းချဖို့ရွက်ဖျင်တဲ၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည် အကုန်ပါတယ်။ အားတော့ကျမိပါရဲ့ အဲ့ဒီလုပ်တော့မလုပ်နိုင်ဘူး။ စက်ဘီးစီးတဲ့သူတွေကိုတွေ့တယ် သစ်လုံးအိမ်တွေမှာ တည်းတဲ့သူတွေနေမှာ။ ကက်တစ်ရှစ်နာရောက်တော့ နေ့လည်စာဘူဖေးကျွှေးတယ်။ ဗိုက်ဆာနေလို့လားမသိ အတော်စားကောင်းတယ်။ မြစ်ကမ်းဘေးမှာ ရွှေကျင်တာကို သင်ပေးတယ် ဝင်သင်လို့ရတယ်။ ဖလော်ရီဒါကနေ လာကြတဲ့ ဆင်တူမိုးကာအင်္ကျီဝတ်ထားကြတဲ့ အငြိမ်းစားကြီးတွေ စကောဝိုင်းထဲ သဲတွေနဲ့ ဝါကျင်နေတဲ့ရေတွေထည့်ပြီး စကောကိုဝိုင်းလိုက်ဝိုင်းလိုက် ရွှေကျင်နေကြတယ်။ ဝိုင်းက သူကျင်ရင် အဲ့ဒီသူတွေထက်သာမှာ။ ကိုယ်လည်း ငယ်ငယ်တုန်းက ဆန်ကိုစကောထဲထည့်ပြီး ဝိုင်းလိုက်ဝိုင်းလိုက်လုပ် စပါးလုံးရွေး ပြီးရင် ဆန်တွေကို အပေါ်ကိုမြောက်ပြီး ပြာတွေဖွဲတွေ လွင့်သွားအောင် လုပ်ဖူးတယ်။ မြစ်ကမ်းဘေးနားလမ်းလျှောက် ဓာတ်ပုံရိုက် အင်မတန်သာယာတယ် အနားယူအပန်းဖြေဖို့ ကောင်းလိုက်တဲ့နေရာလေး ရေမြေရေသန့်ရှင်းတယ်။ နှစ်နာရီမှာ လမ်းလျှောက်တိုးစုရပ်ကိုသွားတော့ ကိုယ်တို့က ငါးမိနစ်လောက်နောက်ကျနေတော့ မမှီတော့ဘူး။ ဘယ်ဖက်ကိုသွားတာလဲမေးပြီး လိုက်ပေမဲ့မတွေ့ဘူး။ ကိုယ်တို့သွားတဲ့ထရေးလမ်းက မလှဘူး။ ကားဆီကို လမ်းပြန်လျှောက်ပြီး လမ်းမှာတွေ့သမျှပန်းတွေကို ဓာတ်ပုံရိုက်။ တိုးကားပေါ်က မိသားစုလေးယောက်က ဆင်းနေခဲ့တယ်။ ကက်တစ်ရှစ်နာကနေ ဒန်လာလီကကို ဟယ်လီကော်ပတာစီးပြီး ပြန်မလို့တဲ့။ အပြန်လမ်းက အလာလမ်းအတိုင်းပါပဲ နှစ်နာရီတခါ အိမ်သာအတွက် ရပ်ပေးတယ်။ မြင်ရတဲ့ရှုခင်းတွေက အင်မတန်လှတယ်။ ဟိုတယ်နားရောက်တော့ moose တွေတွေ့တယ်။ ကိုယ်တို့ဟိုတယ်မှာ အရင်ချပေးတယ်။ ဘေးမှာထိုင်တဲ့အန်တီကြီးက မနက်လေးနာရီကတည်းက ထလာရတာ သူတို့ဟိုတယ်က နောက်ဆုံးထင်ပါရဲ့တဲ့။ အိပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာပါတဲ့ RV ကားတွေရပ်တဲ့နေရာမှာ ကားတွေအပြည့်။ ထုံးစံအတိုင်း အစားအသောက်တွေရောင်းတဲ့ ယိုးဒယားဆိုင်ထရပ်ကားကနေ ခေါက်ဆွဲကြော်၊ ထမင်းကြော်ဝယ်စားကြတယ်။ အခန်းထဲမှာစားရင် နံမှာစိုးလို့ အခန်းပြင်မှာစားကြတယ်။
ကိုယ်နဲ့ဟန်က ဖော့ဘူးအဖုံးနှစ်ခုနဲ့စားပြီး ဝိုင်းက ဖော့ရေဘူးခွက်လေးနဲ့ စားတယ်။ အတော်လေးပင်ပန်းနေကြပြီမို့ ရေချိုးပြီးတချိုးတည်း အိပ်ကြတော့တာပဲ။ နောက်နေ့ နေ့လည်ဘစ်ကားနဲ့ အမ်းကာရေ့ပြန်မှာမို့ အားနေတဲ့မနက်ပိုင်းမှာ ဘယ်ကိုသွားလည်မလဲလို့ စဉ်းစားကြတယ်။ ကိုယ်က လက်ကေ့အိတ်တွေ ရထားဘူတာရုံမှာ အပ်ထားမယ်လို့ပြောတော့ ဝိုင်းက လက်ကေ့အိတ်တွေကို ရထားမထွက်ခင် တစ်နာရီအလိုမှာမှာ အပ်လို့ရတယ်။ မအပ်ဘဲ ဒီအတိုင်းထားခဲ့ရင်ရော လုံခြုံရေးအရ မအပ်၊ လူမစောင့်တဲ့လက်ကေ့အိတ်တွေကို သိမ်းလိုက်မှာ။ ဝိုင်းက wilderness center ကနေ ယူလာတဲ့ ပန်းဖလက်လေးတွေဖတ်ပြီး လက်ကေ့အိတ်တွေကို အပ်လို့ရတဲ့နေရာရှိတယ်။ အဲ့ဒီမှာအပ်ပြီးရင် sleg dogs သရုပ်ပြတဲ့နေရာကို ရှယ်တယ်ဘတ်စ်တွေ ပြေးဆွဲပေးတယ်။ အဲ့ဒါပြီးရင် horseshoe ထရေးမှာ ဟိုက်ကင်းထွက်မယ်။ ဘတ်စ်ကားဂိတ်က ဘူတာရုံနဲ့ဘေးချင်းကပ်လျက် wilderness center နဲ့ လမ်းလျှောက်ရင် ငါးမိနစ်ပဲ။ အိုကေ အဲ့ဒါဆိုရင် မနက်၁၁နာရီလာခေါ်မဲ့ ရှယ်တယ်ဘတ်စ်ကို မနက်၉ နာရီခွဲလို့ ပြောင်းရမယ်။ ဟိုတယ်ကိုဖုန်းဆက်တော့ ရှယ်တယ်ဘတ်စ်က မနက် ၁၁၊ နေ့လည် ၂ နာရီ နှစ်ကြိမ်ပဲ ပို့ပေးတယ်။ ကြိုက်တဲ့အချိန်စီးချင်ရင် တက္ကစီဆားဗစ်ယူပါတဲ့။ ပိုက်ဆံထပ်ပေးရမယ် တယောက် ၈ ကျပ်။ ဝိုင်းက စိတ်တိုတာပေါ့ ဘယ်လိုဆားဗစ်ပါလိမ့် တည်းခိုသူတွေ ပြန်ချင်တဲ့အချိန် လိုက်ပို့ပေးရမှာပေါ့။ အဲ့ဒါဆိုရင် စောစီးကတည်းက ရှယ်တယ်နဲ့တက္ကစီအကြောင်း ရှင်းပြပါလား။ တခြားတက္ကစီကို ဖုန်းဆက်တော့ မနက် ၉ နာရီခွဲ လာကြိုနိုင်တယ် မိနစ်လေးဆယ်အဝေးကနေ လာရမှာ တက္ကစီခက ၄၅ ကျပ်။ နောက်ဆုံးတော့ ဟိုတယ်က တက္ကစီဆားဗစ်ကို ယူလိုက်တယ်။ ရှယ်တယ်ခပေးပြီးသားကို တက္ကစီထပ်ပေးရတော့ ဟိုတယ်ကို ကွန်ပလိမ်းလိုက်ကြသေးတယ်။ နောက်နေ့ sleg dogs ၊ horseshoe ထရေးမှာ ဟိုက်ကင်းထွက်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
အောက်တိုဘာ ၁၄၊ ၂၀၁၈။
အိမ်လေးတွေက အိမ်သာ |
ရွှေကျင်ကြသူများ |
Gold panning |
အန်တီကြီးရဲ့ မှန်ပြောင်းကင်မရာကြီးနဲ့ မြင်ရတဲ့ ဟိုးအဝေးက ဝက်ဝံ |
ဘယ်တိရစ္ဆာန်တွေ့ရင် ဘယ်လိုရှောင်ရမယ်ဆိုတာ သတိပေးဆိုင်းဘုတ် |
3 comments:
Wonderful!
Ma Ma Iora
ဆုမြတ်မိုး said...
အလစကာကိုတော့ အတော်သဘောကျသွားပြီ အမရယ်..
October 14, 2018 at 9:26 PM
Post a Comment