အိမ်လခတောင်းတဲ့ ဦးလေးကြီး ...

အိမ်ရှင်ဦးလေးကြီးက မနက် ၄ နာရီ အိပ်ယာက ထကတည်းက ဧည့်ခန်းထဲမှာ တီဗွီကြည့်တယ်။ ဧည့်ခန်းက ကိုယ့်အခန်းရှေ့ဆိုတော့ တခါတလေ ကြားရတယ်။ တခါတုန်းက ကိုယ့်ကို သမီးလေး အိမ်လခပေးပြီးပြီလားလို့ လာမေးလို့ ဒေါသထောင်းကနဲ ထွက်သွားတယ်။ မနေ့က ပေးပြီးပြီလို့ ပြောလိုက်တော့ စိတ်မရှိနဲ့နော် သမီးတွေ ပြောနေတာကြားလို့တဲ့။ ကိစ္စမရှိပါဘူးလို့ ပြောလိုက်ပေမဲ့ ဒေါသထွက်မိတာကတော့ အမှန်ပဲ။ (ကိုယ်ကလည်း အဲဒါလေး မေးတာလေးကို ဘာလို့ဒေါသထွက်မှန်းမသိ)။ မကြီးကို ပြောပြတော့ ဘာမှမဟုတ်တာလေးကို ဒေါသထွက်မနေနဲ့ မြန်မာလူကြီးတွေက အဲဒီလို ကိုယ်နဲ့မဆိုင်တာတွေ ဝင်,ဝင်ရှုပ်တတ်တယ်တဲ့။ အမေရိကန်မှာနေတဲ့ ငါးနှစ်အတွင်း ကိုယ်တခါမှ အိမ်မငှားဖူးဘူး။ အိမ်လခမှန်သမျှကို အိမ်ရှင်အစ်မတွေနဲ့ပဲ ပေးနေတာ တခါမှအဲဒီလို အိမ်လခပေးပြီးပြီလားလို့ အမေးမခံရဖူးဘူး။ အထူးသဖြင့် ယောကျ်ားတစ်ယောက်က မေးလာတာမျိုးပေါ့။ အရင်တုန်းကတော့ မနက်ရုံးသွားရင် ဧည့်ခန်းမှာထိုင်ပြီး တီဗွီကြည့်နေတဲ့ ဦးလေးကြီးကို သွားပြီဦးလေးရေလို့ နှုတ်ဆက်သေးတယ်။ ခုတော့ စိတ်ခုသွားလို့ နှုတ်ကိုမဆက်တော့ဘူး။ မီးဖိုချောင်မှာ ကိုယ်ပန်းကန်တွေ ဆေးကြောနေရင် အိမ်ရှင်ဦးလေးကြီးက ဝင်လာပြီး ထမင်းအိုးတည်တာတို့၊ ပန်းကန်ဆေးတာတို့၊ မိုက်ခရိုဝေ့စ် ဝင်နွှေးတာတို့လုပ်တယ်။

ဘာသဘောနဲ့မျှ မဟုတ်ပေမဲ့ ကိုယ်လုပ်နေတာကို ဝင်ရှုပ်တာမျိုး၊ ကိုယ်က စောင့်ရတာမျိုးကို စိတ်မရှည်တာ။ ကိုယ်က ဘယ်လောက်မှ ကြာတာလည်းမဟုတ် အိမ်ငှားမတင်ဖူးဘူးလား မသိဘူး။ ကိုယ်မကျေနပ်တာတွေကို  အသံကျယ်ကြီးနဲ့မကြီးကို ပြောပြနေတာကို ဧည့်ခန်းထဲကနေ (အိမ်ရှင်ဦးလေးကြီးက ညဖက်ဆိုရင် ဧည့်ခန်းထဲမှာအိပ်တယ်) ကြားတယ်နဲ့ တူပါရဲ့။ သူ ပန်းကန်ဆေးနေတုန်း ကိုယ် ဝင်လာရင် ကိုယ့်ကိုဦးစားပေးတော့တာပဲ။ ကိုယ်ကလည်း ရပါတယ်လို့ အားနာပါးနာလေးတောင် မပြောဘူး။ ရုံးမဆင်းခင် အိမ်သာဝင်ခဲ့ပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တာနဲ့ ရှုးပေါက်ချင်ပြီ။ အဲဒီအချိန်ဆို အိမ်ရှင်မိသားစုလေးယောက်က တန်းစီပြီး ရေချိုးခန်း ဝင်ကြတော့ ရေချိုးခန်းအိမ်သာ ဒုက္ခရောက်တယ်။ အိမ်ရှင်တွေနားတဲ့ တနင်္ဂနွေနေ့မျိုးဆို လူစုံတော့ ရေချိုးခန်းအိမ်သာကို ချောင်းနေရတယ်။ ကိုယ့်မွေးစားအစ်မနဲ့ ခင်လာတာ နှစ်နှစ်ကျော်ပြီ အသက်ဘယ်လောက်လဲ၊ ဘာလုပ်သလဲ၊ ဘယ်လောက်ရသလဲ၊ စီတီဇင်တွေလားလို့ ကိုယ်တခါမှ မမေးခဲ့ဘူး။ ကိုယ့်အသက်ကိုမေးပြီး အိမ်ထောင်မပြုသေးဘူးလား၊ လစာဘယ်လောက်ရသလဲ၊ ကိုယ့်မွေးစားအစ်မက ဘာလုပ်သလဲ၊ စီတီဇင်တွေလား၊ အဖေနဲ့ ဖုန်းပြောနေတာကိုကြားပြီး အဖေပါ နယူးယောက်ကို လာမှာလားလို့မေးတဲ့ သိပ်စပ်စုတတ်တဲ့ အန်တီကြီး၊ မဆိုင်တာတွေ ဝင်ရှုပ်တတ်တဲ့ အန်ကယ်ကြီး၊ ဒီအိမ်ရှင်လူကြီးတွေရဲ့ စရိုက်ကို မကြိုက်လို့ ရေရှည်နေဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်ကျန်းမာရေးကလည်း ကောင်းလာပြီ၊ မကြီးလည်း လာတော့မယ်ဆိုတော့ တိုက်ခန်းရှာနေတယ် မကြာခင် အိမ်ပြောင်းတော့မယ်။

စန်းထွန်း
ဇွန် ၁၊ ၂၀၁၆။

4 comments:

Lorem Ipsum said...


Aunty Tint said...


Iora said...

မမအိုင်အိုရာ

San San Htun said...

ဆုမြတ်မိုး said...
ညီအမနှစ်ယောက် အဖော်ရပြီပေါ့အမရယ်..ကောင်းလိုက်တာ.....
June 2, 2016 at 1:33 AM
Aunty Tint said...
ရေးအားကောင်းသလို ဆွဲငင်အားလည်းကောင်းတဲ့ စန်း ^_^
June 5, 2016 at 11:51 PM
Iora said...
မင်္ဂလာသတင်းပါလားစန်းထွန်းလေးရေ။
ညီအမ၂ယောက်ဆိုရင်တော့ ထင်တိုင်းကြဲပေတော့..
ဖျားနာလည်းအမရှိတယ် တိုးတိုးဖေါ်လည်းအချိန်မရွေး..
ရှေ့လျှောက်ပျော်စရာတွေချည့်ပဲစန်းထွန်းရေ..
မမအိုင်အိုရာ
June 8, 2016 at 8:32 PM