ယူအက်စ်သွား တောလား - ၁
ဇွန် ၁၅ ညသန်းခေါင် ရန်ကုန်နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ ၃ နာရီ ကြာပြီးတဲ့အခါမှာတော့ ဟောင်ကောင်လေဆိပ်ကို ဆိုက်ပါတယ်။ လမ်းမလျှောက်နိုင်လို့ မဟုတ်ဘဲ တာမင်နယ်တွေမှာ ဂိတ်ပြောင်းရတဲ့အခါ အခက်အခဲဖြစ်မှာစိုးလို့ ဝှီးချဲဆားဗစ် ယူထားတာ ဝှီးချဲသမားက ရောက်မလာသေးဘူး။ လေယာဉ်ပေါ်က မြန်မာတွေကို ဘယ်သွားမှာလဲလို့ မေးကြည့်တော့ နယူးယောက်ဆိုတာနဲ့ သူတို့နောက် လိုက်ခဲ့ကြတယ်။ နောက်တော့ နယူးယောက်ကိုသွားမယ့် သင်္ဘောသားအန်ကယ်ကြီးနဲ့ အသိမိတ်ဆွေဖြစ် သူကပဲ ဝိုင်ဖိုင်ချိတ်ပေးတော့ ဗိုင်ဘာကနေတဆင့် စကားပြောပြီးမှပဲ စိတ်အေးသွားတော့တယ်။ အဖေက နိုင်ငံခြားတိုင်းပြည်တွေကို သွားနေတာပဲ သမီးရယ် စိတ်မပူပါနဲ့တဲ့။ အရှေ့တောင်အာရှဖက်က နိုင်ငံတွေကို အဖေတို့က ကျွန်မထက်တောင် ရောက်ဖူးသေးတယ်။ ကျွန်မက ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှား ဘာတန်ပဲ ရောက်ဖူးတယ်။ အဖေတို့က စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရောက်ဖူးတယ်။ စိတ်မပူနဲ့ ပြောပေမယ့် စိတ်ပူရတာပါပဲ။ ထမင်းနဲ့ ကြက်သားပေးပါ၊ ကျေးဇူးပြု၍ ဝိုင်ဖိုင်ချိတ်ပေးပါ၊ ရေတစ်ခွက် ပေးပါ၊ ဖောင်ဖြည့်ပေးပါ အင်္ဂလိပ်လိုတကြောင်း၊ မြန်မာလိုတကြောင်း ရေးပေးထားတဲ့ စာရွက်လေးက တော်တော်အသုံးဝင်တယ်။
ဟောင်ကောင်လေဆိပ်မှာ နယူးယောက်လေယာဉ် စောင့်ဆိုင်းနေစဉ်
ဟောင်ကောင်ကနေ နယူးယောက်ကို ၁၉  နာရီနီးပါးလောက် စီးရပါတယ်။ ကျွန်မ ယူအက်စ်ကို လာတုန်းက အိပ်လိုက်၊ သယ်လာတဲ့ စာအုပ်တွေဖတ်လိုက်၊ ဟိုဖက်လှည့်အိပ်လိုက်၊ ဒီဖက်လှည့်အိပ်လိုက်နဲ့ တင်ပါးတစ်ခြမ်းတောင် ပိန်သွားသလား မှတ်ရတယ်။ အဖေတို့ ဘယ်လိုနေလဲ မေးကြည့်တော့ ဒီလိုပဲ လမ်းလျှောက်လိုက်၊ အိပ်လိုက်၊ နိုးလိုက်ပေါ့တဲ့။ ဘေးနားက အာဖရိကန်အမေရိကန် (ဘလက်ဆိုတဲ့ စကားလုံးကို တခါတလေ သုံးနှုန်းပေမဲ့ နီးဂရိုးလို့တော့ လုံးဝမပြောရပါဘူး။ discrimination အဆင့်အတန်း ခွဲခြားရာရောက်လို့ အာဖရိကန်အမေရိကန်လို့ ခေါ်ဝေါ်ရပါတယ်) တစ်ယောက်ကို ဖောင်ဖြည့်ခိုင်းတော့ တနေရာမှာ မဖြည့်တတ်လို့ သဘော်သားအစ်ကိုကြီးကို သွားဖြည့်ခိုင်းရတယ်။ လူဝင်မှုကြီးကြပ်ရေးကောင်တာဝင်တော့ ကျွန်မရေးပေးလိုက်တဲ့ စာရွက်လေးကို ပေးလိုက်တယ်။ သမီး ဘွဲ့နှင်းသဘင်တက်ဖို့ လာတာပါ သုံးလလောက်နေချင်ပါတယ်ဆိုတဲ့ စာကြောင်းကို တွေ့လို့နဲ့ တူပါရဲ့ဘာမှမမေးဘူး ဒုန်းဆိုပြီး ၆ လ ဗီဇာ ထုပေးလိုက်တယ်။ ကျွန်မအသိမိတ်ဆွေတစ်ယောက်မှာတော့ သူ့မင်္ဂလာပွဲတက်ဖို့ သူ့မိဘတွေ ရန်ကုန်ကနေ နယူးယောက်ကိုလာတာ  ကာတာမှာလား၊ ဒိုဟာမှာလား မသိ POE ဗီဇာထုပေးတာ အမေရိကန်ဗီဇာထဲကအတိုင်း ထုပေးလိုက်လို့ ၁ လပဲ ရတယ်။ အမေရိကန်မြေပေါ်မှာ မဟုတ်ဘဲ အမေရိကန်ဗီဇာ ထုတ်ပေးတဲ့နေရာ ၆ နေရာလောက် ရှိပါတယ်တဲ့။ POE ဗီဇာထုတ်ပေးပြီးပြီဆိုတော့ အမေရိကန်မြေပေါ်ရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်စရာမလိုတော့ဘူးတဲ့။
အဆင်ပြေပြေ ချောချောမွေ့မွေ့ နယူးယောက် JFK လေဆိပ်ကို ရောက်လာချိန်
ပုံမှန်ဆို အလည်ဗီဇာကို ၆ လ ထုပေးရမှာ အဲဒီလူဝင်မှုကြီးကြပ်ရေး အရာရှိက ဂဂျိုးဂကြောင်လုပ်လို့ တလပဲ ထုပေးလိုက်တယ်။ ဗီဇာရတာက ၁ လ၊ နေမှာက ၁ လခွဲဆိုတော့ အိုဗာစတေးဖြစ်မှာ စိတ်ပူပြီး အဲဒီသူငယ်ချင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ဗီဇာဆားဗစ်ရုံးကို ဖုန်းတွေဆက်၊ အီးမေးလ်တွေပို့တော့ အမေရိကန်မြေပေါ်မှာ ဗီဇာကုန်သွားလို့ ထက်တိုးထားတဲ့အချိန်မှာ ဆက်နေလို့ရပါတယ် စိတ်မပူပါနဲ့တဲ့။ စင်္ကာပူမှာနေခဲ့သူဆိုတော့ ကြိမ်ဒဏ်ပေးတဲ့ အိုဗာစတေးတော့ ကြောက်တယ်။ သူ ဝယ်တဲ့လေကြောင်းလိုင်းက Etihad တဲ့။ အဲဒီလေကြောင်းလိုင်းကို မဝယ်နဲ့တဲ့ ရီကွန်မန်း ပေးရှာတယ်။ အဲဒီသူငယ်ချင်း ပြောပြတော့မှပဲ POE ဆိုတာ ကြားဖူးသွားတော့တယ်။ အွန်လိုင်းကနေရှာတော့ ကိုရီးယန်းအဲလ် Korean Air ၊ ကသေးပစိဖိတ် Cathay Pacific တွေက ထရန်စစ်တစ်ခုတည်း ၂၀၀၀ ကျော်လောက် ပေးရတယ်။ Sun Far ကုမ္ဗဏီကို မေးကြည့်တော့ ဟောင်ကောင်ထရန်စစ် ကသေးပစိဖိတ် ၁၁၂၂  တဲ့။ ကျွန်မတို့ရှာသမျှထဲမှာ အဲဒါအသက်သာဆုံးပဲ ဇွန် ၁၅ ရက် နောက်ပိုင်းဆို လေယာဉ်လက်မှတ် သက်သာတယ်ဆိုလို့ ဇွန် ၁၅ ရက်ကို ဘွတ်ထားလို့ ဇွန် ၁၆ ရက်ကို ပြန်ပြောင်းရတယ်။ ဇွန် ၁၅ ရက် တနင်္လာနေ့က အိမ်ရှင်တွေ နားရက်ဆိုတော့ အနှောင့်အယှက် မဖြစ်စေချင်လို့။ ကျွန်မ လာတုန်းကဆို ယူနိုက်တက်အဲယားလိုင်း ၁၅၀၀ တောင် ပေးရတယ် ကျောင်းတွေဖွင့်ချိန်မို့ ဈေးကြီးတယ်။
ရော်ခါဖယ်လာစင်တာ
ရော်ခါဖယ်လာ အော့ဖ်စာဗေးရှင်းဒက်ခ်က ကြည့်ရင် အဲဒါတွေ မြင်ရတယ်
မတွေ့တာ ငါးနှစ်တောင်ရှိပြီဆိုတော့ ဝမ်းသာအားရ မျက်ရည်ဝဲမိတယ် ဝမ်းသာလို့ကျတဲ့ မျက်ရည်ဆိုပါတော့။ ပတ်စ်ပို့ကို ကြည့်လိုက်တော့ ဗီဇာ ၆ လ ရတယ်။ အိမ်ရောက်တာနဲ့ နေ့လည်စာစား၊ ဧည့်ခန်းထဲမှာ အိပ်ယာပြင်၊ အဖေတို့က အနားယူ ကျွန်မက ဆေးခန်းပြေးရတယ်။ ရေချိုးပြီးခါစ ပုဝါနဲ့ အတိုက်ကြမ်းသွားရင် ပွန်းပဲ့သွားသလိုမျိုး အနီကွက်တွေ လက်မှာပေါ်လာ၊ ညာဖက်မျက်ခုံးမွှေးမှာ အနာဖြစ်၊ ညဖက်နဖူးထောင့်နားမှာ အသားအရေတွေခြောက်ပြီး အဖတ်ဖတ်ကွာလို့ လူးပက်စ်ဆရာဝန်နဲ့ သွားပြတာ လူးပက်စ်နဲ့ မဆိုင်ဘူးတဲ့ အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ အရေပြားဆရာဝန်မက လူးပက်စ်ကြောင့် ဖြစ်တာတဲ့ လိမ်းဆေးပေးလိုက်တယ်။ ပေါင်မှာ အရေကြည်ဖုလေးတွေက chicken pox တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတဲ့။ နောက်နေ့ကျတော့ မီးလောင်ဖုလိုမျိုး ဒူးနားမှာ ပျံ့လာတယ်။ အရည်ကြည်ဖုတွေပေါက်ရင် အတော်နာမှာ။ ပိန်သွားတဲ့ ကျွန်မကိုကြည့်ပြီး အဖေတို့က စိတ်မကောင်းဖြစ်တယ်။ အရင်တုန်းက ဝဝတုတ်တုတ်လေး၊ သွက်လိုက်တာမှ ပျံနေသလားတောင် ထင်ရတယ်၊ လုပ်မယ်ကိုင်မယ် ဆိုတာချည်းပဲ၊ အကုန်စားတယ်၊ ဈေးသွားရင် ဆွဲခြင်းတောင်း၊ အလေးအပင်မှန်သမျှ ကျွန်မ အကုန်သယ်တယ်။ ခုတော့ တခြားစီ ဖြစ်သွားပြီး လူကလည်း ပိန်ညောင်နေတာပဲ အရင်တုန်းကထက် တခြမ်းသာသာ၊ လမ်းလျှောက်တာနှေးနှေး၊ အလေးအပင် မ,မနိုင်၊ ဟိုဟာမစားချင်၊ ဒီဟာမစားချင်နဲ့။
တိုင်းစကွဲယား...
တိုင်းစကွဲယား...အဲဒီတိုင်ခုံအောက်က ဘုလေးမှာ ဘရော့ဝေးလက်မှတ်တွေ ရောင်းပါတယ်
အစကတော့ ခေါက်လို့ရတဲ့မွေ့ယာ၊ လေမွေ့ယာ ဝယ်မလားမှတ်တယ်။ အဖေတို့က ဖျာနဲ့ပဲ အိပ်နေကျလူတွေဆိုတော့ မွေ့ယာနဲ့ အိပ်ပါ့မလား၊ မွေ့ယာမဝယ်နဲ့၊ comforter နဲ့ အရင်အိပ်ကြည့်ဦး၊ ကျောနာတယ်ဆိုမှ မွေ့ယာဝယ်ဆိုတဲ့ မကြီးပြောတာ မှန်တယ်။ comforter နဲ့တင် လုံလောက်ပါသတဲ့ ပထမဆုံးစရောက်တဲ့နေ့က အဖေ၊ အမေတို့ကြားမှာ ဝင်အိပ်ပြီး စကားတွေပြော၊ အတူတူအိပ်မယ်လို့ စိတ်ကူးထားတာ ကျောကနာလာတာနဲ့ ကျွန်မအခန်းထဲက ကုတင်ကို ပြန်ပြေးရတယ်။ နောက်နေ့မှာ အဖေတို့ကို ရော်ခါဖယ်လာစင်တာကို ခေါ်သွားတယ်။ ခရစ်စမတ်ချိန်ဆို ခရစ်စမတ်သစ်ပင်ကြီးရှိပြီး အမြဲကြိတ်ကြိတ် တိုးနေတတ်တဲ့ နေရာတစ်ခုပေါ့။ အခုလည်း ကြိတ်ကြိတ်တိုးနေတာပါပဲ။ ၃၄ လမ်းက Skechers မှာ အဖေ့အတွက် ဖိနပ်ဝယ်၊ အင်ပါယာစတိတ်အဆောက်အဦးနဲ့ ဓာတ်ပုံရိုက်။ မြို့လယ်ခေါင်ဆိုတော့ လူတွေများလွန်းလို့ လူမကွဲအောင် တယောက်နဲ့တယောက် ကပ်ထားလို့ မှာထားရတယ်။ စတားဘာ့ခ်ကော်ဖီဆိုင်ကိုတွေ့တော့ အဖေက စင်္ကာပူက အဲဒီဆိုင်မှာ သောက်တဲ့ဘာဘယ်တီးက သိပ်ကောင်းတာပဲဆိုလို့ စတားဘာ့ခ်မှာ ဘာဘယ်တီး မရှိပါဘူး။ ကျွန်မများ မသိတာလားဆိုပြီး ရှာကြည့်ပြီး အိုက်စ်ကော်ဖီနဲ့ လီမွန်နိတ် မှာလိုက်တယ်။ လီမွန်နိတ်က မဆိုးပေမဲ့ အိုက်စ်ကော်ဖီက ခါးလွန်းလို့ ဝဲပစ်လိုက်ရတယ်။ ကျွန်မက ခါးလွန်းတဲ့ကော်ဖီကို မကြိုက်ဘူး အက်စ်ဖရက်ဆိုသောက်ပြီးရင် ရင်တုန်တတ်လို့ ကော်ဖီခါးခါးဆို ဝေးဝေးကရှောင်ရတယ်။
တိုင်းစကွဲယား
စတားဘာ့ခ်မှာ ကျွန်မသောက်နိုင်တာက ဗီနီလာလက်တေးနဲ့ မိုကာ။ မကြီးကို မေးကြည့်တော့ စင်္ကာပူမှာ Share Tea ဆိုတာ ရှိတယ် အဖေ သိပ်ကြိုက်တာပဲတဲ့။ တိုင်းစကွဲမှာ အရုပ်တွေ ဝတ်ထားတဲ့သူတွေကို သွားမကြည့်နဲ့နော်၊ သူတို့က အတင်းလာပြီး ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရတယ်။ အပေါ်ဗလာကျင်းထားပြီး အမေရိကန်အလံ ခြယ်ထားတဲ့ ကောင်မလေးတွေတွေ့တော့ အဖေ သူတို့နဲ့ ဓာတ်ပုံရိုက်မလားမေးတော့ မရိုက်ပါဘူးတဲ့။ အဖေတို့မှာ အံ့တွေသြလို့ ဒီလိုမျိုးနဲ့ ပိုက်ဆံရှာလို့ရပါလားပေါ့။ တိုင်းစကွဲယားမှာ စုစုရုံးရုံး ကြိတ်ကြိတ်တိုးနေတဲ့ တနေရာရှိတယ်။ တီဗွီမှန်သားပြင်ကြီးရှေ့မှာ ရပ်နေတဲ့လူတွေကို တီဗွီမှာ မြင်ရတယ် အားလုံးက လက်ပြနှုတ်ဆက်ကြပြီး တီဗွီဖန်သားပြင်မှာ ကိုယ့်ပုံကိုယ်ရှာကြတယ်။ ရယ်ဒီဆိုရင် ကစ်ပေးကြ အဲဒီပုံတွေကို တီဗွီဖန်သားပြင်မှာ မြင်ရတော့ တဝါးဝါး တဟားဟားနဲ့ပေါ့။ ကျွန်မတို့တောင် ဝင်ပြီး တဝါးဝါး တဟားဟားကြသေးတယ်။ ဘရော့ဝေးစ် လက်မှတ်တွေရောင်းတဲ့ ခုံအမြင့်မှာ အနားယူပြီး တိုင်းစကွဲယားကို ငေးကြတယ်။ လူတွေတန်းစီနေကြတာ ဘာအတွက်လဲလို့မေးတော့ ဘရော့ဝေးပြဇာတ်အကြောင်း ရှင်းပြရသေးတယ်။ ဘရော့ဝေးပြဇာတ်ဆိုတာ တကယ်ဆိုတီး အင်မတန် ကြည့်လို့ကောင်း၊ နာမည်ကြီး၊ နယူးယောက်မှာပဲရှိတဲ့ အရာတစ်ခုပေါ့။ ဝိုင်းတို့ရုံးက ဒစ်စကောင့်နဲ့ The longest running broadway show in history လို့ တင်စားခံရတဲ့ The Phamton of the Opera ဘရော့ဝေးပြဇာတ် ကြည့်ဖူးတယ်။
အင်ပါယာစတိတ်အဆောက်အဦး
နေရာကတော့ မကောင်းဘူးပေါ့ အပေါ်ဆုံးထပ် နောက်ဆုံးနားမှာ။ ဝိုင်းရေ မှန်ပြောင်းတို့၊ မှန်ဘီလူးတို့ ယူလာရမယ်ထင်တာ မြင်ရသားပဲ။ ဘရော့ဝေးပြဇာတ် ကောင်းလွန်းလို့ ဒစ်စကောင့်ရရင် ဘရော့ဝေးပြဇာတ် ကြည့်ချင်တယ် ဖြစ်သွားရော။ The lion king ဆိုတာ အင်မတန် နာမည်ကြီးတယ် ဘယ်တော့မှ ဒစ်စကောင့် မချဘူး။ မိုးမျှော်တိုက်တွေကို မော်ကြည့်လိုက်၊ ဓာတ်ပုံရိုက်လိုက်၊ လူတွေကြားထဲ ကြိတ်ကြိတ်တိုးလိုက်နဲ့ နယူးယောက် ပထမဆုံး အတွေ့အကြုံက မိုးမျှော်တိုက်တွေများတယ်၊ လူတွေများတယ်၊ ရထားတွေများတယ်၊ အဲ လမ်းလည်းအတော် လျှောက်ရတယ်။ လူးပက်စ်ကြောင့် ခြေထောက်နာနေလို့ ဓာတ်ပုံရိုက်ဖို့ စိတ်မပါ၊ ကျွန်မက ကင်မရာမန်းဆိုတော့ ကျွန်မပုံတွေ သိပ်မရှိဘူး။ မကြီးက ဆဲလ်ဖီစတစ် ဝယ်ပြီးရိုက်ခိုင်းပေမဲ့ ဝယ်လာတဲ့ ဆဲလ်ဖီစတစ်က မကောင်း၊ ကျွန်မကလည်း ဆဲလ်ဖီသိပ်မကြိုက်တော့ မရိုက်ဖြစ်ဘူး။ အဖေက ခုမှအိုင်ပတ်နဲ့ ရိုက်တတ်ခါစဆိုတော့ ဓာတ်ပုံတွေက သိပ်မကောင်း။ ရှုခင်းပုံတွေရိုက်တာ နည်းသွားလို့ အဖေ၊ အမေတို့ပါတဲ့ ဓာတ်ပုံတွေပဲ တင်လိုက်ပါတယ်။ ကျွန်မမိဘတွေပုံကိုဖျောက်ပြီး နောက်ကရှုခင်းကို ကြည့်ပါနော်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝါရှင်တန်ဒီစီ၊ ဖီလာဒဲပီးယား၊ နိုင်အာဂရာသွားတောလားတွေကို ရေးတင်ခဲ့ဖူးပါတယ်။ ကျွန်မမိဘတွေနဲ့ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲပီးယား၊ နိုင်အာဂရာရေတံခွန်ဆီ သွားလည်တဲ့အကြောင်းကတော့ အပိုင်း ၂ အနေနဲ့ ရေးတင်ပါဦးမယ်။
စန်းထွန်း
ဇူလှိုင် ၂၉ ၊ ၂၀၁၅။
4 comments:
Anonymous said...
အတူတူပဲကြည့်ပါတယ်။
မမအိုင်အိုရာ
mabaydar said...
San San Htun said...
San San Htun said...
Anonymous said...
မိဘတွေပုံတွဲမြင်ရတာကြည်နူးစရာပါစန်းထွန်းလေးရေ။
အတူတူပဲကြည့်ပါတယ်။
ခုတော့ပျော်နေမှာပေါ့။
ပြန်သွားခါစဆိုနေတတ်မှာမဟုတ်ဘူး။ လွမ်းနေမှာနော်။
မမအိုင်အိုရာ
July 31, 2015 at 12:49 AM
mabaydar said...
ဒီဘလော့ကို ခုမှ ပထမဆုံးရောက်ဖြစ်ပါတယ်။ ယူအက်စ်သွား တောလား ပိုစ့်ကိုတွေ့ပြီး စိတ်ဝင်တစား လာဖတ်သွားပါတယ်။ POE Visa အကြောင်း ခုမှ တစေ့တစောင်းသိရလို့ ဗဟုသုတရပါတယ်။ သိပ်နားမရှင်းတာက တကယ်လို့ ဗီဇာကုန် စတေးကျော်ရင် ဘာမှ မဖြစ်ဖူးဆိုတာ စင်္ကာပူလို ကြိမ်ဒဏ်မပေးဘူးဆိုပေမဲ့ ပြန်အထွက်ကျရင် ဘာတွေလုပ် ဘယ်လို စီစဉ်ဖို့ လိုလဲဆိုတာ မတွေးတတ်ဖြစ်မိတယ်။ မဟုတ်ရင် ဗီဇာသက်တမ်းဆိုတာကြီးရဲ့ ရည်ရွယ်ချက်က ဘာအဓိပ္ပါယ်မှ မရှိဖြစ်သွားမှာလို့ ထင်မိတယ်။
စင်္ကာပူက စတားဘာခ့်မှာလဲ ဘာဘယ်တီး မရောင်းပါဘူး။ တစ်ဆိုင်ဆိုင်နဲ့ မှားတာဖြစ်မယ်ထင်တယ်။ မဗေဒါလဲ စတားဘာခ့်မှာ မိုကာ၊ လက်တေးနဲ့ ချိုတဲ့ ဖရက်ပက်ချီနိုပဲ သောက်နိုင်တယ်။ တူတူပဲ။ ဒါနဲ့ အဲ့က စတားဘာခ့်မှာကျတော့ tips ပေးရလား? US မှာက Tips မပေးမနေရ culture ရှိတယ်ကြားဖူးလို့။
အပေါ်ဗလာကျင်းထားပြီး အမေရိကန်အလံ ခြယ်ထားတဲ့ ကောင်မလေးတွေနဲ့တော့ ဓာတ်ပုံတွဲရိုက်ချင်သား။ ပိုက်ဆံက စေတနာရှိသလလောက်လား။ ဘယ်လောက်အနည်းဆုံးပေးရလဲ မသိဘူးနော်။
အဖေနဲ့ အမေပုံတွေရော ရှုခင်းပုံတွေရော အကုန် တူတူရောကြည့်သွားပါတယ်။
August 6, 2015 at 2:00 AM
San San Htun said...
အလည်ဗီဇာ ကုန်သွားပြီး ထပ်တိုးထားတဲ့ အချိန်မှာ အိုဗာစတေး ဖြစ်မယ်မထင်ဘူး...ယူအက်စ်က စတားဘာ့ခ်တွေမှာ တစ်ဖ်မပေးရဘူး...take out လို့ခေါ်တဲ့ အပြင်ကို ယူသွားမယ်ဆိုရင်လည်း တစ်ဖ်မပေးရဘူး...ယူအက်စ်မှာတော့ တက္ကစီစီးတာ၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ အစားအသောက်တွေ လာပို့တဲ့အခါ တစ်ဖ် မပေးမနေ ပေးရပါတယ်...တစ်ဖ်ဆိုတာ သူတို့ဆားဗစ်ကို ဆုချတာတဲ့...ဝိတ်တာ ဆိုပါတော့ minimum wages အခြေခံလစာနည်းတော့ ကာစတာမာဆီက တစ်ဖ်ကသာ သူတို့အပိုဝင်ငွေ...တစ်ဖ်ကလည်း ပြည်နယ်ပေါ် မူတည်ပါတယ်...ကန်တက်ကီ၊ အိုင်အိုဝါ အလယ်ပိုင်းဒေသတွေဆိုရင် ကျသင့်ငွေရဲ့ ၁၀ ရာခိုင်နှုန်းပေးရင် ရတယ်...နယူးယောက်၊ ဘော့စတွန်ဖက်မှာတော့ ၁၅ ရာခိုင်နှုန်း ပေးရတယ်..တိုင်းစကွဲယားက body paint girl တွေနဲ့ တိုက်ရိုက်ရင် အနည်းဆုံး ၂ ကျပ်လောက်တော့ ပေးသင့်တယ်ထင်တယ်...ပထမဆုံးအကြိမ် လာဖတ်တာ ကျေးဇူးနော် မဗေဒါ...
August 6, 2015 at 9:31 PM