ဖီလာဒဲဖီးယားသွား တောလား...

မေ ၂၆  မမ်မိုရီယမ်ဒေး ခရီးသည် ၄၅ ကို တင်ဆောင်လာတဲ့ တိုးကားဟာ မနက် ၇ နာရီမှာ နယူးယောက် မက်ဟန်တန်ကနေ စတင်ထွက်ခွာပါတယ်။ ကိုယ်နဲ့အတူထိုင်တဲ့သူက ဂျူလီယာ အသက် ၈၀ စပိန်ကနေ နယူးယောက်ကို တယောက်တည်း တိုးရစ်တဲ့ အာဂအဘွား။ တိုးရစ်တွေက အမေရိကန်၊ အီတလီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ စပိန်တွေမို့ တိုးဂိုက် ၂ ယောက်က အင်္ဂလိပ်၊ အီတလျံ၊ စပိန်၊ ပေါ်တူဂီ ဘာသာလေးမျိုးနဲ့ ရှင်းပြပါတယ်။ တရုတ်တိုးကား ၃ စီးတောင်တွေ့တယ်။

တနေ့ကို ကားစီးရေသိန်းကျော်ဖြတ်ပြီး အမြဲကျပ်ညှပ်နေတတ်တဲ့ လင်ကွန်းမြေအောက်လှိုဏ်ခေါင်းမှာ ကားတွေရှင်းလို့။ မက်ဟန်တန်ကနေ နယူးဂျာဆီဖက်ကို လင်ကွန်း Lincoln ၊ ဟော်လန် Holland မြေအောက်လှိုဏ်ခေါင်း ၂ ခု၊ ကွင်းဖက်ကို ကွင်းမစ်တောင်း  Queens Midtown မြေအောက်လှိုဏ်ခေါင်းတွေ ရှိပါတယ်။ နယူးယောက်ပြည်နယ်က မက်ဟန်တန်၊ စတေးတန် Staten ၊ ဘရွှတ်ကလင်း Brooklyn ၊ ကွင်း Queens တို့ရှိတဲ့ လောင်းအိုင်းလန် Long Island ကျွန်းတွေနဲ့ ဖွဲ့စည်းထားပြီး နိုင်အာဂရာရေတံခွန်၊ Lake Erie ၊ Lake Ontario တွေကို ကနေဒါနဲ့ တခြမ်းစီ ခွဲဝေပိုင်ဆိုင်တဲ့ အရှေ့မြောက်ဖက် ပြည်နယ်တစ်ခုပါ။ နယူးယောက်ပြည်နယ် မြို့တော်က အယ်ဘနီ Albany ဆိုပေမဲ့ နယူးယောက်မြို့က ယူအက်စ်ရဲ့ လူဦးရေအထူထပ်ဆုံးမြို့။ လူဦးရေ ၈.၄ သန်းကျော်ရှိပြီး နယူးယောက်ပြည်နယ်ရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းက နယူးယောက်မြို့ကပါ။


နယူးယောက်ပြည်နယ်ကို NY လို့ အတိုကောက်ခေါ်တာမို့ ကွဲပြားအောင် နယူးယောက်မြို့ကို NYC လို့ ခေါ်ပါတယ်။ Big Apple ၊ The city that never sleep လို့လည်း တင်စားကြပါတယ်။ စီရေတယ် Seatle မြို့ရှိတဲ့ ဝါရှင်တန်ပြည်နယ်နဲ့ ကွဲပြားအောင် ယူအက်စ်မြို့တော်ကို ဝါရှင်တန်ဒီစီ Washington, D.C (District of Columbia) လို့ ခေါ်ကြပါတယ်။ အံ့သြစရာ ဟားဗတ်တက္ကသိုလ် ကျောင်းသားတွေကို ကနေဒါနိုင်ငံ မြို့တော်နာမည်ကိုမေးတော့ ဆောရီး ကနေဒါဆိုပြီး မသိကြတာများတယ်။ ကိုယ်တိုင်လည်း တိုရန်တိုလား Toronto ၊ ဗန်ကူးပါးလား Vancouver မရေရာ မသေချာ။ အဖြေမှန်ကို တယောက်က မဆိုင်းမတွ အသေအချာ ဖြေသွားတယ် အော်တိုဝါ Ottawa တဲ့။ ကနေဒါနိုင်ငံသားလားမေးတော့ ဟုတ်တယ်တဲ့။

လှိုဏ်ခေါင်းကနေ ထွက်လိုက်ရင်ပဲ နယူးဂျာဆီပြည်နယ်ကို ရောက်ပါပြီ။ နယူးဂျာဆီပြည်နယ်က ဒီစီ District of Columbia၊ ဒယ်လဲဝဲယား Delaware ပြည်နယ်တွေလို  သေးငယ်ပါတယ်။ ၁၇၄၆ ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ပရင်စတန် Princeton တက္ကသိုလ်ဟာ ဟားဗတ်၊ ရေး Yale ယူနီဗာစတီလို ထိပ်တန်းတက္ကသိုလ်တခုပါတဲ့။ ပရင်စတန် တက္ကသိုလ်ထွက်တွေက နိုဗယ်ဆုရတဲ့သူ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေတွေမှာ ထင်ရှားကျော်ကြားတဲ့သူတွေပါတဲ့။ ဖီလာဒဲဖီးယားကို နောက်ထပ် ၂ နာရီလောက် မောင်းရမှာမို့ ရောက်ခါနီးမှ နိုးပါမယ်တဲ့။ အဲဒီ ၂ နာရီအတွင်း ဂျူလီယာနဲ့ စကားတွေ ပြောကြတယ်။

စပိန်မှာမွေး အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ ဂျူလီယာဟာ အင်္ဂလိပ်လူမျိုးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရပါတယ်။ ပင်စင်ယူတော့ စပိန်တောင်ပိုင်းမှာ အိမ်ဝယ်ပြီး ခုလက်ရှိအထိ နေထိုင်တုန်းပဲ။ ဘာလို့ စပိန်မှာ ပင်စင်ယူဖို့ ဆုံးဖြတ်တာလဲမေးတော့ သူ့အမျိုးသားက စပိန်ကို ကြိုက်တယ်၊ ရာသီဥတုလည်း ကောင်းတယ်။ အင်္ဂလန်မှာဆို အမြဲမိုးရွာပြီး မှုန်မှိုင်းနေတာပဲ။ သူ့မြေးမလေး အဲဒီဒေသကို ဟန်းနီးမွန်းသွားတော့ သဘောကျလို့ သူ့အဘိုးအဘွားကို သွားလည်ဖို့ တိုက်တွန်းရာက အိမ်ဝယ်ဖြစ်သွားတယ် ဆိုပဲ။ သူ့သမီးက အင်္ဂလန်မှာ၊ သူ့သားက ဂျာမနီမှာ၊ သူက စပိန်မှာ။ သူ့ နယူးယောက်သွားမဲ့ ပိုက်ဆံတွေကို သားက ပေးတာတဲ့။ သူတို့မိသားစုတွေက တယောက်တနေရာစီ အဝေးမှာ ဆိုပေမဲ့ သိပ်ချစ်ကြတယ်ဆိုပဲ။ အမြဲ ဖုန်းဆက်ကြတယ်။


စပိန်က ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတွေ သိတယ်ဆိုတော့ ခုတော့ ရီးရဲလ်လည်း အရင်လို မကောင်းတော့ဘူးတဲ့။ ပိုက်ဆံမရှိလို့ ကစားသမားအသစ်တွေ မဝယ်နိုင်၊ မငှားနိုင်။ နွားရိုင်းသတ်ပွဲမှာ လူ သုံးယောက် သေသွားတယ်တဲ့။ မြောက်ပိုင်းနဲ့ တောင်ပိုင်း ရာသီဥတု၊ အစားအသောက်၊ ယဉ်ကျေးမှု ကွဲပြားသလို အတွေးအခေါ် အယူအဆလည်း ကွဲပြားတယ်တဲ့။ စပိန်နိုင်ငံရေးက လာဘ်စားမှုတွေနဲ့ သိပ်ရှုပ်ထွေးတယ်၊ အစိုးရက ကောင်းကောင်း မအုပ်ချုပ်တတ်တော့ စီးပွားရေးလည်း မကောင်းဘူး။ အိန်ဂျလာမာကဲလ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဂျာမနီဆို စီးပွားရေး သိပ်တောင့်တယ်။ နယူးယောက်ကနေ မက်ဒရစ်ကို ၇ နာရီ လေယာဉ်စီး၊ ပြီးမှ တောင်ဖက် ကာတာဂျီးနားကို လေယာဉ် ၁ နာရီလောက် ထပ်စီးရမှာ။ သူ့အိမ်နီးချင်းက ကားမောင်းပြီး လာကြိုမှာ။ သူ မရှိတုန်း သူ့ခွေးကို အဲဒီ အိမ်နီးချင်းကပဲ စောင့်ရှောက်တာတဲ့။ သူတို့အိမ်ပတ်ဝန်းကျင်မှာ ကမ္ဘာအနှံ့က ပင်စင်စားတွေ နေတယ်တဲ့။ တစ်ယောက်ဆို ၉၈ နှစ် တစ်ယောက်တည်း နေကြတာများတယ်။ အရေးအကြောင်းဆို ခလုပ်ကလေး တချက်နှိပ်လိုက်၊ လူနာတင်ယာဉ် ငါးမိနစ်အတွင်း ရောက်လာတယ်။

ဖီလာဒဲဖီးယားနား ရောက်ခါနီးပြီမို့က အိပ်နေသူတွေကို ဂိုက်က ဖီလာဒဲဖီးယားကို မကြာခင် ရောက်ပါတော့မယ်ပြီး နှိုးတယ်။ ဖီလာဒဲဖီးယားက ဖီလာဒဲဖီးယားကောင်တီ အစိုးရရုံးစိုက်ရာမြို့၊ ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့ အကြီးဆုံးမြို့၊ ယူအက်စ်မှာ ပဉ္ဇမမြောက် လူဦးရေအထူထပ်ဆုံး၊ လူဦးရေ ၆ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးတဲ့ ယူအက်စ်မှာ ဆဉ္ဇမမြောက်အကြီးဆုံး မက်ထရိုပိုလစ်တန် (မြေအောက်ရထားတွေရှိတဲ့) ဒေသတစ်ခု ဖြစ်ပါတယ်။ ၁၆၈၂ မှာ ဝီလီယမ်ပန် William Penn က ပန်ဆယ်ဗေးနီးယားကောင်တီရဲ့မြိ ု့တော်အဖြစ် ဖီလာဒဲပီးယားကို စတည်ခဲ့ပါတယ်။ ဝီလီယမ်ပန်က ဂရိဘာသာစကားနဲ့ "philos" (love or friendship) ၊ "adelphos" (brother)  ဖီလာဒဲဖီးယားလို့ အမည်တွင်စေခဲ့ပါတယ်။ Philly ၊ The city of brotherly love လို့လည်း နာမည်ပြောင် တွင်ပါတယ်။ ပရောဂျက်မန်နေဂျာက Philly Cheese Steak နာမည်ကြီးတယ် စားဖြစ်အောင်စားခဲ့လို့ မှာတယ်။ ၁၇၅၀ ခုနှစ်တွေမှာ ဘောစတွန်ကို သာလွန်ပြီးတော့ ဗြိတိသျှအမေရိကားရဲ့ အကြီးဆုံး၊ အစည်ကားဆုံး ဆိပ်ကမ်းမြို့၊ လန်ဒန်ပြီးရင် ဗြိတိသျှအင်ပါယာမှာ ဒုတိယအကြီးဆုံးမြို့ ဖြစ်လာပါတယ်။

အမေရိကန်တော်လှန်ရေးကာလမှာ ယူအက်စ်တည်ထောင်တဲ့ ဖခင်ကြီးတွေလို့ တင်စားကြတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အမတ်တွေဟာ လွတ်လပ်ရေးကြေညာစာတမ်း Delcaration of Independence (၁၇၇၆) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ Constitution (၁၇၈၇) တွေကို ဖီလာဒဲဖီးယားမှာ တွေ့ဆုံလက်မှတ်ထိုးခဲ့ကြတာပါ။ နယူးယောက်ကို မြို့တော်အဖြစ် တည်ဆောက်ဖို့ စိတ်ကူးခဲ့ပေမဲ့ ရေကြောင်းနဲ့ လာတိုက်မဲ့ ဗြိတိသျှရန်ကို စိုးရိမ်ရတာမို့ဝါရှင်တန်ဒီစီကို မြို့တော်အဖြစ် အိမ်ဖြူတော်၊ ကယ်ပီတယ်တွေကို တည်ဆောက်နေတဲ့အချိန်တွင်းမှာ ဖီလာဒဲဖီးယားက ခေတ္တမြို့တော်ဖြစ်လာပါတယ်။ ခေတ္တမြို့တော်ဖြစ်လို့ အဆောက်အဦးအသစ်တွေ မဆောက်ဘဲ ရှိတာကိုပဲ ငှားရမ်းသုံးစွဲပါတယ်တဲ့။

Liberty Bell

လစ်ဘာတီခေါင်းလောင်းကို မလည်ပတ်ရင် ဖီလာဒဲဖီးယားခရီးစဉ်က မပြည့်စုံဘူးလို့ ဆိုရမယ်။ ဖီလာဒဲဖီးယားမှာ ကိုယ်တို့ပထမဆုံး လည်ပတ်တဲ့နေရာက လစ်ဘာတီခေါင်းလောင်းပါ။ ဖီလာဒဲဖီးယားက မေရီလန်းနဲ့တူတယ်။ တိုက်အမြင့်ကြီးတွေ မရှိဘဲ သစ်ပင်တွေနဲ့ စိမ်းစိုတယ်၊ လူလည်း သိပ်မရှုပ်ဘူး။ နယူးယောက်ကနေ ဘတ်စ်ကား ၃ စီးနဲ့ ထွက်လာတဲ့ တရုတ်တိုးကားတွေနဲ့ ဆုံပြန်တယ်။ ကွိစိကွစိနဲ့ လက်ပင်ပံပေါ် ဇရက်အုပ်ကျသလိုပဲ။ လစ်ဘာတီ ခေါင်းလောင်းကို ကြည့်ဖို့ တန်းစီတော့ အိတ်တွေစစ်တယ် လူလည်း တပတ်လှည့်ပြရတယ်။ ဖီလာဒဲဖီးယားရောက်ပြီး ပထမဆုံး ခေါင်းလောင်းတီးလိုက်တာနဲ့ အက်ကွဲသွားလို့ John Pass ၊ John Stow က ပြုပြင်လို့ သူတို့ရဲ့ မိသားစုနာမည်ကို ခေါင်းလောင်းမှာ ရေးထိုးထားတယ်။ အရင်တုန်းကတော့ ဥပဒေကြမ်းတွေကို တွေ့ဆုံဆွေးနွေးဖို့၊ ပြည်သူတွေ အသိပေးကြေငြာမောင်းခတ်ဖို့ ဥပဒေရေးဆွဲသူတွေ၊ ပြည်သူတွေကို ခေါင်းလောင်းတီးပြီး ဆင့်ခေါ်တယ်တဲ့။ ၁၇၇၆ ဂျူလှိုင် ၈ လွတ်လပ်ရေးကြေငြာစာတမ်း ဖတ်ပြီးတော့ တီးခဲ့ကြတဲ့ ခေါင်းလောင်းတွေထဲက တစ်ခုလို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူး။

National Park Service Ranger is explaining about the history of Independence Hall.

အီတလျံတွေ လက်ထောင်ပါ ( အီတာလျံများ လက်ထောင်ကြသည်) ကျွန်တော့် အဘိုးက အီတာလီမှာ မွေးခဲ့တာပါ။ အီတာလျံတွေသာမက လူကြီးမင်းများအားလုံး Welcome to United States of America။ လွတ်လပ်ရေး ကြေငြာစာတမ်းနဲ့ ယူအက်စ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဒီ Indendence Hall မှာ ငြင်းခုံဆွေးနွေးခဲ့တာပါလို့ ၁၀ မိနစ်လောက် အမျိုးသားဥယျာဉ်ဝန်ထမ်း National Park Service Ranger က ရှင်းပြပါတယ်။ ဟိုအမြင့်က ထိုင်ခုံပေါ်မှာ ထိုင်တဲ့သူက ဘယ်သူပါလဲ။ ကယ်လီဖိုးနီးယားအဘွားက လက်ထောင်ကာ House Speaker ပါ။ မှန်ပါတယ်တဲ့။ ဟုတ်သားပဲ ရီဘာပလင်ကန်နဲ့ ဒီမိုကရက်တွေ ကွန်ဂရက်မှာ ငြင်းခုန်ကြရင် House Speaker ဂျွှန်ဘန်နာ John Boehner တူကြီး တဒုန်းဒုန်းထုတာ တီဗွီမှာ မြင်ဖူးတယ်။ အပေါ်ထပ် အစည်းအဝးခန်းမထဲမှာ ငှက်မွှေးကလောင်တံ၊ ကော်ဇောက စပိန်ပြည်ကလို့ ရှင်းပြတော့ စပိန်ဘယ်မြို့လဲလို့ ဂျူလီယာက သွားမေးနေလို့ နေရှင်နယ်ပါ့ခ်ဆားဗစ်ရိန်းဂျားခမျာ ခေါင်းကုတ်သွားတယ်။ တခြားအခန်းထဲက ဘုရင်နဲ့ ဘုရင်မ ပန်းချီပုံ တွေ့တယ် အဲဒါဘယ်သူလဲ။ အဲဒါ ပြင်သစ်ဘုရင်နဲ့ဘုရင်မ။ ဘာလို့ ချိတ်ဆွဲထားတာလဲ......နောက်ဆက်တွဲအဖြေကိုတော့ နားမထောင်လိုက်ရဘူး။ ဂိုက်က ထီးလေးမြှောက်ပြပြီး ခေါ်နေလို့။

Independence Hall, carpet is from Spain.

ဗိုက်ဆာနေပြီမို့ အနီးအနားက တရုတ်ဘူဖေးဆိုင်မှာ သွားစားတော့ ကိုယ်ယူသလောက် အလေးချိန်နဲ့ ချိန်တွယ်ပေးရပြီး နေ့လည်စာကို အမ်းမစ်ချ် Amish တွေဆီမှာ အရသာရှိလှတဲ့ Homemade နေ့လည်စာ စားမှာမို့လို့ သိပ်အဝမတီးဖို့ သတိပေးပါတယ်။ မနေ့က နယူးဂျာဆီဘုန်းကြီးကျောင်းက အလှုမှာ နင်းကန်စားထားလို့ ညနေစာ ဗိုက်မဆာ။ မနက်စာလည်း ဘာမှမစားလာတော့ တော်တော် ဝမ်းဟာနေပြီ။ ဂိုက်စကားကို နားမထောင်ဘဲ ဘရန့်ချ် ဖြစ်သွားတယ်။ ယူအက်စ်မှာ မနက်စာချိန်လွန် နေ့လည်စာ စားချိန်လည်း မကျသေးတာကို Breakfast + Lunch = Brunch လို့ ခေါ်ပါတယ်။ ယူအက်စ်က တရုတ်စာတွေကို ချိုပေမဲ့ ဒီတရုတ်စာကတော့ သိပ်မချို၊ သိပ်မငန်။ ဗိုက်ဆာလို့ပဲလားမသိ တော်တော်စားကောင်းတယ်။ ငှက်ပျောသီးကြော် တော်တော်ကောင်းတယ်။

Elfreth's Allery, nation oldest residential street
place to clean the shoe and cellar

Elfreth's Alley လို့ နာမည်တွင်တဲ့ ယူအက်စ်မှာ သက်တမ်းအရှည်ဆုံးလမ်းလေးကို ခေါ်သွားတယ်။ အဲဒီ လမ်းကြားလေးထဲက အိမ် ၃၂ လုံးက ၁၇၁၈ နဲ့ ၁၈၃၆ ကြား တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၃၀၀ ရှိပြီဖြစ်သလို နိုင်ငံ့သမိုင်းဝင်အမှတ်အသားပါတဲ့။ ၁၈ ရာစုနှစ်က ပန်းပဲဆရာ၊ အိမ်ပိုင်ရှင် Jeremiah Elfreth အစွဲပြုပြီး လမ်းနာမည် ပေးခဲ့တာပါတဲ့။ အိမ်အဝင်ဝနားမှာ ရွှံ့ပေနေတဲ့ ဖိနပ်တွေဆေးဖို့ တင်တဲ့နေရာ၊ ပစ္စည်းတွေသိုလှောင်တဲ့ Cellar ၊ ပြတင်းပေါက်မှန်အကြည်က လူလာရင် ဘယ်သူလဲဆိုတာ ကြည့်ဖို့လို့ ရှင်းပြပါတယ်။ ဗြိတိသျှအဆက်အနွှယ်တွေမို့ အိမ်ကိုလည်း ဗြိတိသျှစတိုင်ဆောက် သူတို့ဇာတိကို ရောက်နေသလို ခံစားရစေဖို့တဲ့။ အင်္ဂလန်အလံ လွှင့်ထားလိုက်သေးတယ်။ အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ ဂျူလီယာက လန်ဒန်က အိမ်တွေအတိုင်းပဲတဲ့။

Betsy Ross house
First American Flag

ပထမဆုံး အမေရိကန်အလံ ပြုလုပ်တဲ့ ဘက်စီရော့စ် Betsy Ross  အိမ်ကို သွားကြတယ်။ ပထမဆုံး အမေရိကန်အလံမှာ ဂရိတ်ဗြိတိန်ဆီကနေခွဲထွက်ပြီး လွတ်လပ်ရေးကြေငြာတဲ့ ဗြိတိသျှကိုလိုနီ ၁၃ နယ်ကို ကိုယ်စားပြုတဲ့ ကြယ် ၁၃ လုံးနဲ့ အဖြူအနီ ၁၃ လိုင်း ပါပါတယ်။ ခုလက်ရှိ အမေရိကန်အလံက ဘာမှ သိပ်မပြောင်းပါဘူး။ ကြယ် ၁၃ လုံးအစား ပြည်နယ် ၅၀ ကိုယ်စားပြုတဲ့ ကြယ် ၅၀ လုံး ဖြစ်သွားတယ်။

lady is posting as Rocky style at Philadephia Museum of Art

Rocky ရုပ်ရှင်ကြောင့် ထင်ရှားတဲ့ ဖီလာဒဲဖီးယားအနုပညာပြတိုက် Philadephia Museum of Art ရှေ့က လှေကားထစ် ၄၇ ထစ် မရပ်မနားပြေးတက်တာ ကိုယ်တို့ကားပေါ်က အမေရိကန်သားအဖ။ သမီးဖြစ်သူက တလွှားလွှား ပြေးတက်သွားတာကို အဖေဖြစ်သူက သူ့ခန္ဓာကိုယ်နဲ့မလိုက် အမှီလိုက်နိုင်တာ တွေ့ရတော့ ဂျူလီယာက ပြေးတက်ချင်ရင် တက်လေ သူက အတက်ဆို အကူအညီ မလိုဘူး အဆင်းမှသာ အကူအညီလိုတာတဲ့။ မပြေးချင်တော့ဘူး နေ့တိုင်း ရုံးတက်ရုံးဆင်းချိန်တွေမှာ ပြေးလွှားနေရတာ။ ပြတိုက်အပေါ်ကနေ ကြည့်လိုက်ရင် ဂျော့ဝါရှင်တန်ကြေးရုပ်ရှိတဲ့အဝိုင်း၊ တဖြောင့်တည်းလမ်းနဲ့ မြို့ကို စီးမိုးမြင်ရတော့ မြင်ကွင်းက သိပ်ကောင်းလို့ မမီးငယ်က ဓာတ်ပုံရိုက်ဖြစ်အောင်ရိုက်လို့ မှာတာနဲ့ ရိုက်တယ်။


ကိုယ်တို့လိုပဲ တကိုယ်တော်တိုးရစ်တဲ့ အန်ကယ်ကြီးတစ်ယောက်ကို လှမ်းနှုတ်ဆက်ပြီး ဓာတ်ပုံရိုက်ပေးတယ်။ ဂျူလီယာ ကင်မရာက ဘက်ထရီကုန်သွားလို့ သူ့ကိုရိုက်ပေးပါ ပြီးရင် စပိန်ကို ပို့ပေးပါတဲ့။ ပြေးတက်တဲ့ ကလေးမလေးကို ဓာတ်ပုံရိုက်ခိုင်းရတယ်။ ကောင်မလေးနာမည်က ဂျန်နာတဲ့ ၁၀ နှစ်လောက်ပဲ ရှိသေးတယ်။ သူ့အပြုံး၊ မျက်နှာလေးမှာ စိတ်နှလုံးကောင်းတွေ လျှံထွက်နေတယ်။ အဆောက်အဦးပေါ်မှ ပန်းပုရုပ်ထုက ခန့်ညားလှပတယ်။ ရှေ့က ရေပန်းကြီးကြောင့် အပူသက်သာတယ်။ သတ်မှတ်ထားချိန် စုရပ်ပြန်ရောက်တော့ ကားအဲယားကွန်းက အလုပ်မလုပ်လို့ နောက်ကားအလာကို မိနစ် ၂၀ လောက် စောင့်ရမယ်တဲ့။ ဂျော့ဝါရှင်တန်ရုပ်ထုကို ဓာတ်ပုံသွားရိုက်တယ်။ အမေရိကန်လွတ်လပ်ရေးဖခင်၊ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန် အမှတ်တရ ရုပ်တုတွေကို ယူအက်စ် နေရာတော်တော်များများမှာ တွေ့ရမှာပါ။

George Washington Statue

မိနစ်နှစ်ဆယ်လောက် ကြာတော့လည်း ကားကရောက်မလာ ကားကရပေမဲ့ ဒရိုင်ဘာမရှိလို့တဲ့။ တိုးကုမ္မဏီကို ဖုန်းဆက်၊ တိုးဂိုက်၊ ဒရိုင်ဘာတွေ ခေါင်းချင်းဆိုင် တိုင်ပင်ပြီးတော့ လစ်ဘာတီခေါင်းလောင်းနားမှာ ၁ နာရီလောက် အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖီလာဒဲဖီးယားစီးတီးဟောကြီးက တကယ်လှတယ်။ အားကစားပေါင်းစုံ ကျင်းပတဲ့ ဖီလာဒဲဖီးယားကွန်ဗင်းရှင်းစင်တာက ယူအက်စ်မှာ အကြီးဆုံးပါတဲ့။ မြို့ကြီးတိုင်းမှာ တရုတ်တန်း ရှိပါတယ်။ တရုတ်တန်းတွေရဲ့ အနီရောင်မုခ်ဦးကို တရုတ်အစိုးရက အကုန်အကျခံ ဆောက်လုပ်ပေးတာတဲ့။ရော့ကီးရုပ်ထုကို မတွေ့ခဲ့ဘူး ဘယ်နားမှာလဲဟင်လို့ ဂိုက်ကို သွားမေးတော့ အနုပညာပြတိုက်နားမှာ လူတွေအားလုံး အဲဒီကို သွားကြတာ၊ မင်း မတွေ့လိုက်တာ I am so sorry လို့ပြောတော့ ဂိုက်ပြောတာကို သေသေချာချာ နားမထောင်ဘဲ စကားတွေ စွတ်ပြောနေတဲ့သူ မှတ်ပြီးလား။ မနက်က အဝတီးထားတော့ ဗိုက်ကမဆာ၊ ပလာဇာမှာလည်း လူရှုပ်တာနဲ့ Independence Hall ရှေ ့ အိမ်သာနား သစ်ပင်တွေအောက်က ထိုင်ခုံမှာ သွားထိုင်မယ်ဆိုတော့ ဂျူလီယာက ကောင်းတယ်တဲ့။

တစ်ယောက်တည်းတိုးရစ်တဲ့ အန်ကယ်ကို ဖိတ်ခေါ်တော့ လိုက်မယ်တဲ့။ သူ့နာမည်က ဘာလာ အိန္ဒိယက ဒေါက်တာ။ သူ့သားရှိတဲ့ နယူးဂျာဆီကို ရောက်နေတာ တလလောက်ရှိပြီ။ ယူအက်စ်ကို အရင်ကလည်း လာလည်ဖူးတယ်။ သူ့သားက ယူအက်စ်စင်တီဇင်တဲ့။ ကိုယ်က ဘားမားကဆိုတော့ သိတယ်တဲ့ အိမ်နီးနားချင်းတွေပဲ သူ့အဘိုးက အိန္ဒိယစစ်တပ်မှာ စစ်မူထမ်းတုန်းက မြန်မာပြည်ကို ရောက်ဖူးတယ် မြို့တော်က Rangoo လေတဲ့။ အိန္ဒိယရွေးကောက်ပွဲမှာ အတိုက်အခံ ဘီဂျေဘီပါတီက အနိုင်ရတယ်နော်လို့ပြောတော့ ဒီနေ့တောင် ကျမ်းသစ္စာကျိန်ဆိုပွဲရှိတယ်တဲ့။ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တုန်းက ဖြစ်ပွားတဲ့ ဟိန္ဒူမွတ်စလင် အဓိကရိုဏ်းမှာ လူတထောင်လောက် သေဆုံးရတာ သူ့စနက်မကင်းဘူးလို့ သံသယရှိကြပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်ကြဘူး။ လက်ရှိသမ္မတ မန်မိုဟန်ဆင်းက မိုဒီသာ သမ္မတဖြစ်လာရင် အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ် မဲမပေးကြဖို့ ဆော်သြပေမဲ့ ဂူဂျာရတ်ပြည်နယ်ကို စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လို့ နှစ်ကြိမ်တိုင်တိုင် ရွေးကောက်ခံရတဲ့ မိုဒီဟာ သူ သမ္မတဖြစ်ရင် အိန္ဒိယနိုင်ငံကို စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံရေးမှာ အစဉ်အလာကြီးမားတဲ့  ဂန္ဒီမိသားစုဝင်တွေထက် ဇာတ်နိမ့်တစ်ယောက်ဖြစ်တဲ့ မိုဒီကို ရွေးချယ်လိုက်ပါပြီ။


ခုခေတ်အိန္ဒိယနိုင်ငံသားတွေ ဇာတ်နိမ့်ဇာတ်မြင့်ထက် စီးပွားရေးတိုးတက်မှုကို လိုချင်တာ။ ရာဂျာတစ်ယောက်သေရင် မယားတွေက မီးပုံထဲခုန်ဆင်းရတဲ့ စနစ်ဟာလည်း အမျိုးသမီးတွေ တောင်းဆိုမှုကြောင့် ပယ်ဖျက်ခဲ့ပါပြီ။ ဟိန္ဒူအယူဝါဒအရ ဂင်္ဂါမြစ်မှာ ရေချိုးရင် အပြစ်တွေ ပယ်ပျောက်ပြီး ကောင်းတဲ့ဘုံ ရောက်တယ်လို့ ယုံကြည်ပါသတဲ့။ ဒါကြောင့် သေခါနီးမှာ တခြားဟာတွေထက် ဂင်္ဂါမြစ်ဆီ သွားဖို့က အဓိကတဲ့။ ဂင်္ဂါမြစ်မှာ ရေစီးနဲ့မျောနေတဲ့ အလောင်းတွေ တွေ့နိုင်တယ်။ ခေတ်ပညာတတ် ဘာလာကတော့ မယုံကြည်ဘူးတဲ့။ ဘာလာက အိန္ဒိယနိုင်ငံတောင်ဖက် အရင်တုန်းက မက်ဒရပ် Madras ခု  ချန်နိုင်း Chennai လို့နာမည်တွင်တဲ့ မြို့ကပါ။ အိန္ဒိယမြောက်ပိုင်းက ကျောင်းသားနဲ့ တောင်ပိုင်းကကျောင်းသား ဆုံကြရင် ဘိုလိုပဲ မှုတ်တာမို့ ဘယ့်နှယ့်ပါလိမ့်လို့ မေးကြည့်တော့ တောင်ပိုင်းသားက တမီးလ်စကားပဲ ပြောတတ်ပြီး ရုံးသုံးစကား စတန်နီစကားကို မပြောတတ်ဘူးတဲ့။ တောင်ပိုင်းသား ဘာလာလည်း ဘာသာစကား  ၃ မျိုးတတ်တယ် တမီးလ်ရယ် တခြား ၂ မျိုး၊ အဲ စတန်နီစကားတော့ မပြောတတ်ဘူးတဲ့။ ဒါဆို စင်္ကာပူလာခဲ့ တမီးလ်ကို နိုင်ငံသားဘာသာစကားလို့ သတ်မှတ်ပြီး ဘူတာရုံမှာ အင်္ဂလိပ်၊ တရုတ်၊  မလေး၊ တမီးလ်လို ကြေငြာတယ်။ ဘာလာ စင်္ကာပူကို ရောက်ဖူးပါတယ်တဲ့။

ဂျူလီယာကို ခင်ဗျား အမျိုးသားရောလို့ ဘာလာက မေးတော့ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ညနေစာစားနေရင်း ခေါင်းဇက်ကျိုးပြီး ဆုံးသွားတာတဲ့။ ဆရာဝန် ဘာလာက Heart Attack လားမေးတော့ ဟုတ်တယ်တဲ့။ သူ့အမျိုးသားဆုံးတုန်းက သူ တော်တော် ခံစားရတာတဲ့။ ခုတော့လည်း နေသားကျပါပြီ။ အိမ်မှာ ခွေးလေးကို အဖော်ပြုလို့ တယောက်မျက်နှာ တယောက်ကြည့်။ အချိန်စေ့ပြီမို့ စုရပ်သွားတော့ နောက်ထပ် မိနစ် ၂၀ လောက် စောင့်ရဦးမယ်တဲ့။ ဒါဆိုလည်း နဂိုနေရာကို ပြန်ပြီး စကားတွေ ပြောကြပြန်တယ်။ ဂျူလီယာဆွဲကြိုးမှာ လက်ဝါးကပ်တိုင်၊ တူရကီက ဗလီပုံသဏ္ဌန်၊ ဂျူးတွေရဲ့ အထိမ်းအမှတ် သုံးခုဆွဲထားတယ်။ ဂျူလီယာက စပိန်ကမို့ ဥရောပတော်တော်များများ ရောက်ဖူးတယ်။ ဘာလာက သီရိလင်္ကာ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ သြစတေးလျ ရောက်ဖူးတယ်။ ကက်သလစ်တွေက ဗာတီကန်၊ မွတ်စလင်တွေက မက္ကာလိုပဲ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဂါယာကို တသက်မှာတခေါက် သွားဖူးချင်ကြတယ်လို့ပြောတော့ ဘာလာက ဟိန္ဒူအယူအရဆိုရင် ဂေါတမဗုဒ္ဓရဲ့ နားရွက်က အသိညာဏ်ပညာနဲ့ပြည့်စုံတယ် ညဏ်ကြီးတယ်လို့ ယူဆတယ်။


တနာရီ အချိန်စေ့လို့စုရပ်ကိုပြန်သွားတော့ နောက်ထပ် မိနစ် ၂၀ ထပ်စောင့်ပါဦးတဲ့။ ကိုယ့်ဘာသာ တစ်ကိုယ်တည်းဆိုရင် အတော်ပျင်းစရာ ကောင်းမှာ။ ခုတော့ ဘာလာ၊ ဂျူလီယာတို့ရဲ့ အတွေ့အကြုံတွေကို နားထောင်ရတာ ပျင်းဖို့တောင် အချိန်မရှိဘူး။ ဆော်ဒီအာရေဗျမှာ အလုပ်ကိစ္စအတွက် တက္ကစီနဲ့ သဲကန္တရာကိုဖြတ်ပြီး ခရီးသွားတော့ ဒရိုင်ဘာက ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးလဲ မေးတယ်။ အိန္ဒိယနိုင်ငံကဆိုတော့ မွတ်စလင်ဘာသာဝင်လားတဲ့။ မဟုတ်ဘူး ဟိန္ဒူဘာသာဝင်ဆိုတော့ မွတ်စလင်ဘာသာမဟုတ်ရင် ငါ့ကားပေါ်ဆင်းလို့ မောင်းချလို့ ကားသွားကားလာပြတ်တဲ့ သဲကန္တာရကားလမ်းမှာ ဖြတ်သွားတဲ့ ကားတစ်စီးတွေ့ဖို့ နှစ်နာရီလောက် လမ်းလျှောက်လိုက်ရတယ်ဆိုပဲ။ ဟင်...။

ကလေးမမွေးနိုင်လို့ သွေးသွန်ပြီး ရောက်လာတဲ့ လူနာအမျိုးသမီးက ရှားပါးတဲ့ သွေးအုပ်စုပိုင်ရှင်။ သွေးလိုလို့ အလှုရှင်ရှာတော့ သွေးအုပ်စုတူတဲ့ အလှုရှင် ၄ ယောက် ရတယ်။ ခင်ပွန်းဖြစ်သူက အလှုရှင်နာမည်တွေကြည့်ပြီး မွတ်စလင်ဘာသာဝင် မဟုတ်ဘူး ထင်တယ်။ မွတ်စလင်ဘာသာဝင်မဟုတ်တဲ့ သူတွေရဲ့ သွေးတွေကို ကျွန်တော့်မိန်းမ ခန္ဓာကိုယ်ထဲ မထည့်နိုင်ဘူး Let my wife die. ။ သူ့မှာ မယားလေးယောက်ရှိတော့ တစ်ယောက်သေသွားလည်း ဘာအရေးတုန်း။ အို မိုင်ဂါ့ ...( ဂျူလီယာနဲ့ ကိုယ်) ။ မကြာခင်က ဆီးရီးယားမှာ တိုက်ပွဲဖြစ်တော့ သူတာဝန်ကျနေတဲ့ ဆေးရုံကို နေတိုးက ဗုံးကျဲလို့ဗုံးခိုကျင်းမှာ နေရတယ်။ အစိုးရဖက်က ပစ်မလား၊ သူပုန်က ပစ်မလားနဲ့ အချိန်မရွေး သေနိုင်တယ်။ ပိုင်ဆိုင်မှုတွေ အကုန်ဆုံးလို့ သူ စီးလာတဲ့ကားကို သူပုန်က ကားပေါ်ကဆင်း မဆင်းရင် ပစ်ထည့်လိုက်မယ် သော့ပေးတဲ့။ ဒီလိုမျိုးတွေကြောင့် သူ့အလုပ်က တွင်တွင်ခေါ်ပေမဲ့ Middle East ဆိုရင် လုံးဝမသွားဘူးတဲ့။


မိနစ် ၂၀ အချိန်စေ့ပြီမို့ စုရပ်ကိုသွားတော့ ကားရောက်လာပါပြီ။ အမ်းမစ်ချ် Amish လူမျိုးတွေနေတဲ့ လန်ကက်စတာကောင်တီ Lancaster County ကို ၁ နာရီခွဲလောက် မောင်းရတယ်။ စိမ်းစိုနေတဲ့ တောတောင်တွေ၊ စိုက်ပျိုးဖို့ထွန်ယက်နေတဲ့ လယ်ယာတောတွေ၊ မြစ်ချောင်းတွေနဲ့ ရှုခင်းက အင်မတန် သာယာတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အလေးလံလုံးမျက်ခွံကို ပေါ့သွားအောင် မစွမ်းဆောင်နိုင်ဘူး။ အမ်းမစ်ချ်တွေဆီ ရောက်ခါနီးတော့မှ ဂိုက်က ဆွစ်အဆက်အနွယ်ဖြစ်ပြီး ဘာသာရေးအကွဲအပြဲမှာ လွတ်လပ်ချင်လို့ Freedom တိုင်းပြည်ဖြစ်တဲ့ ယူအက်စ်ကို  အခြေချလာရောက်တဲ့ Jakob Amman နောက်လိုက်တွေကို အမ်းမစ်ချ်တွေလို့ ခေါ်ပါသတဲ့။ အမ်းမစ်ချ်တွေဟာ အပွင့်အခက်အစက်တွေ မပါတဲ့ အင်္ကျီပြောင်ဝတ်၊ လျှပ်စစ်ဓာတ်အား၊ မော်တော်ကား၊ တယ်လီဖုန်း မသုံးဘဲ ရိုးရိုးစင်းစင်း နေထိုင်ကြပါတယ်။ သူတို့စကားကို Pennsylvania Dutch လို့ ခေါ်ပေမဲ့ တကယ်က ဆွစ်ဂျာမန်စကားပါတဲ့။

The Witness ရုပ်ရှင်ထဲမှာ ရာဇဝတ်မှုတစ်ခုကို အမ်းမစ်ချ်ကလေးက မျက်မြင်သက်သေမို့ မင်းသားကြီး ဟယ်ရီဆင်ဖို့က အမ်းမစ်ချ်ရွာကိုလာ ကလေးကို မေးမြန်း။ ဖုန်းဆက်ဖို့ တယ်လီဖုန်းမရှိလို့ အနီးအနားကရွာမှာ သွားဆက်ရတယ်လို့ ဂျူလီယာက ပြောပြတယ်။ မကြာပါဘူး ဂိုက်က The Witness ရုပ်ရှင်ကြည့်ဖူးလား ဟယ်ရီဆင်ဖို့လ် အမ်းမစ်ချ်ရွာမှာ ဖုန်းမရှိလို့ အနီးကရွာမှာ သွားဆက်ရတယ်လေ မှတ်မိကြပါသလားလို့ ပြောတော့တာပဲ။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ရာမှာ မြင်းကို သုံးပြီး သယ်ယူပို့ဆောင်ရေးအတွက် ဘက်ဂီ Buggy လို့ခေါ်တဲ့ မြင်းလှည်းသုံးပါတယ်။ အမ်းမစ်ချ်ရွာတပတ်ကို အမ်းမစ်ချ်မောင်းတဲ့ ဘက်ဂီမြင်းလှည်း စီးကြတယ်။

Amish Buggy 

လယ်ယာသုံးမဟုတ်ဘဲ ကတ္တရာလမ်းတွေမှာ သုံးတဲ့မြင်းမို့ခွာတပ်ပေးထားတာ။ ကလေးတွေက မေးကြတယ် မြင်းမတွေ ဒေါက်မြင့်ဖိနပ်မစီးဘူးလားတဲ့။ ဟား...ဟား..။ အမ်းမစ်ချ်တွေ ဘဝက ရိုးစင်းပါတယ်။ အနီးအနားက ကျောင်းတွေမှာ ၁၅ နှစ်အထိပဲ ကျောင်းတက်တယ်။ ဒီမှာ လာနေလို့ အမ်းမစ်ချ် မဖြစ်ပါဘူးတဲ့။ အမ်းမစ်ချ်မိသားစုမှာ မွေးဖွားမှ အမ်းမစ်ချ် ဖြစ်ပါတယ်တဲ့။ အမ်းမစ်ချ် အမျိုးသားတွေက မုတ်ဆိတ်မွေးထား၊ ခေါင်းမှာ ဦးထုပ်ဆောင်း၊ အပေါ်က waist coast တထပ်၊ ဘောင်းဘီကြိုးသိုင်း ဝတ်ကြတယ်။ အမျိုးသမီးတွေက ခေါင်းမှာ အဖြူရောင်အုပ်ဆောင်း ပလိန်းဂါဝန် ဝတ်ကြတယ်။ ကြက်တွေကိုလည်း လှောင်အိမ်ထဲမှာ မဟုတ်ဘဲ သဘာဝအတိုင်း လွှတ်ထားတယ်။

နွားနို့ညှစ်တာကို ရှင်းပြပေမဲ့ နားမလည်လိုက်ဘူး။ အမ်းမစ်ချ်တွေဟာ ပစ္စည်းမက်တဲ့ Materialistic တွေ မဟုတ်ဘူး။ အလုပ်ကြိုးစားကြတယ် လောဘနည်းတယ်။ စားဝတ်နေရေး ကျပ်တည်းလာလို့ ခရီးသွားလုပ်ငန်းတွေကို ဖိတ်ခေါ် လာလည်တဲ့သူတွေကို ဘာဂီမောင်းပို့၊ အစားအသောက်တွေ ရောင်းပြီး တဖက်တလမ်းက ဝင်ငွေရှာကြတယ်။ ဂိုက်က ကလေးတွေ အိမ်လုပ်ကွတ်ကီး လာရောင်းလိမ့်မယ် ဝယ်ချင်လည်းဝယ် သဘောပေါ့။ ကွတ်ကီး ၃ ခုကို တကျပ်၊ လီမွန်နိတ် ၂ ကျပ် အားပေးလိုက်တယ်။ လီမွန်နိတ်က မဆိုးပေမဲ့ ကွတ်ကီးကတော့ စားမကောင်းဘူး။ No TV ၊ No Video Games ဆိုပေမဲ့ ခုခေတ်ကလေးတွေက မိဘတွေ မသိအောင် တယ်လီဖုန်း ကိုင်ကြတယ်။ လျှပ်စစ်ဓာတ်အား မရှိတော့ ဆိုလာနေရောင်ခြည်သုံးပြီး အားသွင်းတယ်။ မိဘတွေသိရင် ရိုက်ခွဲ ဘုရားကျောင်းက အပြစ်ပေးတယ်တဲ့။

Amish boy is working at the farm

လယ်ကွင်းဆီကနေ ပျံ့လွင့်လာတဲ့  မိုင်လီဆိုင်ရပ်၊ လေဒီဂါဂါသီချင်းတွေကြားရင် အဲဒါ ကလေးတွေလို့သာ မှတ်လိုက်ပါတဲ့။ တခုခု အပြစ်လုပ်မိရင် ဘုရားကျောင်း၊ အသိုင်းအဝန်းကနေ ပစ်ပယ်လေ့ရှိတယ်။ အမ်းမစ်ချ်တွေဘဝမှာ လယ်ယာ၊ မိသားစု၊ ဆွေမျိုး၊ ဘာသာတရားက အရေးပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေ မသုံးလို့ မိသားစုအပေါ် အာရုံအပြည့် စိုက်နိုင်တာလားလို့။ ခုခေတ်လူတွေကတော့ (ကိုယ်တိုင်အပါအဝင်) ဖုန်းလေး တပွတ်ပွတ်၊ အပြင်မှာထက် ဖေ့ဘွတ်တို့လို ဆိုရှယ်မီဒီယာတွေမှာ တွေ့ဆုံတာ ပိုများနေသလားလို့။ အချိန်၊ လုပ်အားသက်သာအောင် မိုက်ခရိုဝေ့စ်၊ အဝတ်လျှော်စက်၊ ရယ်ဒီမိတ်တွေ သုံးပေမဲ့ အရင်ခေတ်က လူတွေလောက် အချိန်ပို မရှိသလားလို့။ ဘာဂီတပတ်စီးပြီးတော့ ဂိုက်က တစ်ဖ်ပေးဖို့ ရီကွက်လုပ်ထားတော့ အားလုံးတစ်ဖ်ပေးကြတယ်။

ညနေ ၄ နာရီ Kitchen Ketlle Village မှာ ညစာစားတော့ ဂိုက်က soup  အရမ်းကောင်းတယ်လို့ ညွှန်းတယ်။ ဟင်းသီးဟင်းရွက်အမဲသားစွပ်ပြ ုတ် Vegetable Beef Soup နဲ့ ကြက်သားဆင်းဒွစ်ချ် Chicken Salad Sandwich ၊ ချိစ်ကိတ်၊ အနုပညာပြတိုက်မှာ ရေခဲမုန့်ဝယ်ကွျှေးတဲ့ ဂျူလီယာအတွက် Pie မှာလိုက်တယ်။ အိုးမိုင်းဂါ့ စွပ်ပြ ုတ်က ကောင်းလိုက်တာ စားဖူးသမျှထဲမှာ ဒီစွပ်ပြ ုတ် အကောင်းဆုံး။ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်အောင်ကို ကောင်းတယ်။ ဘာလာက အမဲသားစွပ်ပြုတ်စားတယ်ဆိုလို့ အံ့သြလို့။ သူ့အမျိုးသမီးက မစားဘူး သူက စားတယ်တဲ့။ ဆူနမ်တို့နဲ့သွားစားရင် ကိုယ်က အမဲသားစားလို့ကတော့ သူတို့ပန်းကန်ကို အရင်လိုနှိုက်ခွင့် မပေးဘူး နင် အမဲသားစားတာ ငါတို့ပန်းကန်ကို မထိနဲ့တဲ့။

The best vegetable beef soup I had ever had

ဂျူလီယာက ရောက်တဲ့အရပ်က အမှတ်တရ မက်ကနစ် ဝယ်ပြီး ရေခဲသေတ္တာမှာ ကပ်ထားတယ်တဲ့။ သူ မက်ကနစ် ရှာပုံတော်ဖွင့်ချိန်မှာ ကိုယ်နဲ့ဘာလာက မုန့်ဆိုင်ထဲဝင်ပြီး မြည်းစမ်းတာ ကောင်းလွန်းလို့ ဝယ်ဖို့ခြင်းတောင်း ဆွဲတော့တာပဲ။ ဘာလာက ငါတို့ဆိုင်မှာစားတာ မှားတယ်ကွ ဒီမှာ လာစားရမှာလို့ နောက်တယ်။ မမီးငယ်က အမ်းမစ်ချ်တွေလုပ်တဲ့ နို့ခဲ တအားစားကောင်းတာ ဝယ်ခဲ့လို့မှာတော့ သွားရှာတာ မတွေ့ဘူး။ Peach Salsa ၊ Rasberry Jam နဲ့ ချဉ်ချဉ်စပ်စပ် Salsa သုံးဘူး ဝယ်လာတယ်။ Salsa တွေက အာလူးကြော်တို့နဲ့ စားရတာ။ အမ်းမစ်ချ်တွေက ပြင်ပကမ္ဘာကြီးနဲ့ မထိတွေ့တော့ ရိုးသားတဲ့ပုံက အထင်းသား ပေါ်နေတယ်။ လူတွေက ဝတ်တာ၊ နေတာထိုင်တာ ရိုးရိုးကြီး အစားအသောက်ကတော့ ထိပ်တန်းဗျို့။ အမ်းမစ်ချ်စာတွေကို အကြိုက်တွေ့သွားလို့ ရှာဖွေကြည့်တော့ အွန်လိုင်းကနေ မှာလို့ရတယ်တဲ့။ သတင်းကောင်းပဲ။

မုန့်တွေ မြည်းနေတုန်း အန်ကယ်ကြီးတစ်ယောက်က ကင်မရာ ဘယ်က ဝယ်တာလဲလို့ လာမေးတယ်။ တုတ်ကောက်နဲ့မို့ ဂျူလီယာက ကူတွဲပေးရမလားလို့ သွားမေးတာ နိုးလို့ အပြတ်ငြင်းလိုက်တဲ့ အဘိုးကြီး။ ယောကျ်ားလေးတွေက မိန်းကလေးတွေကို ကူတွဲပေးချင်တာ မိန်းကလေးက ကူတွဲပေးမယ်ဆိုရင် ယောကျာ်းလေးက လက်မခံချင်ဘူး။ ကင်နွန်ဆိုက်က ဝယ်တာလို့ဖြေတော့ ဘယ်လောက်လဲလို့ မေးတယ်။ Black Swan ရုပ်ရှင်ကို ဒီကင်မရာနဲ့ ရိုက်တာလို့ ဆိုကြတယ်။ ခုမှ ဈေးကြီးတာ ဝယ်တာ နောင်တရတယ် ဒီကင်မရာကနေ ပိုက်ဆံထွက်လာတာလဲမဟုတ်၊ ပရော်ဖက်ရှင်နယ်လည်းမဟုတ် ဈေးသင့်တာပဲ ဝယ်သင့်တာလို့ နောင်တစကားဆိုတော့ သူက ငါ့မှာသာ အချိန်နဲ့ ပိုက်ဆံရှိရင် ဝယ်တယ်တဲ့။ သူက ဘရာဇီးကတဲ့ သူက အပျော်ရိုက်၊ သူ့သားက ပရော်ဖက်ရှင်နယ်။ ကားဆီအသွား လမ်းမှာပြန်တွေ့တော့ မစ် ကင်မရာကို ဓာတ်ပုံရိုက်ပါစေတဲ့ (ဟင် လူကိုယ်တော့ မရိုက်ဘူး) ။ ဘရာဇီးအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲပါစေလို့ ဆုတောင်းပေးတော့ အင်း အဲဒီမှာ ပြသနာတွေ ရှိနေတယ် ပေးတဲ့ဆု တလုံးတဝတည်း ပြည့်ပါစေတဲ့။

Amish family is working at the farm. Amish woman is riding the cart and man is collecting the hail for the winter.
Child is sitting near the heap of hail and  family dog is also working together.

အမ်းမစ်ချ်တွေ အမ်းမစ်ချ် မဟုတ်တဲ့သူ အားလုံးကို အင်္ဂလိပ်လို့ ခေါ်သတဲ့။ မြန်မာတွေ နိုင်ငံခြားသားကို ကုလားဖြူ၊ ကုလားမဲ ခေါ်သလိုပေါ့။ အင်္ဂလိပ်စာသင်တန်းက ဆရာပြောပြတာ သတိရမိတယ်။ မြန်မာတွေက မသိရင် ဓာတ်တပ်ပြီး ခေါ်လိုက်တာပဲတဲ့။ ဘာမှန်းမသိတဲ့အလုံးကို ဓာတ်လုံး၊ အပြားကို ဓာတ်ပြား၊ စက်ကို ဓာတ်စက်၊ ဓာတ်ရှင်၊ ဓာတ်ခဲ။ ၂ နာရီလောက် ကားစောင့်ရတာကို နှစ်သိမ့်တဲ့အနေနဲ့ ဂိုက်က ရေခဲမုန့်ကျွှေးတယ်။ အမ်းမစ်ချ်မလေးရောင်းတဲ့ အိမ်လုပ်ရေခဲမုန့်က စားကောင်းတယ်။ ဂျူလီယာက ဘက်ကီမက်ကနစ် လက်ဆောင်ပေးတယ်။ သူ့လိပ်စာ ရေးပေးတယ် ဓာတ်ပုံတွေကို စာတိုက်နဲ့ ထည့်ပေးဖို့။ ဥရောပကို လာလည်ခဲ့ရင် သူ့ဆီလာခဲ့ဖို့ ဖိတ်ခေါ်တယ်။ ကိုယ် ဥရောပကို သွားလည်တဲ့အချိန်ထိ ဂျူလီယာ အသက်ရှင်နေပါ့ဦးမလား။ ဂျူလီယာ၊ ဘာလာတို့နဲ့ နောက်ထပ်ဆုံတွေ့ပါဦးမလား။ မမ်မိုရီယမ်ဒေးပိတ်ရက် ခရီးသွားကြတဲ့ နယူးယောက်သားတွေ နယူးယောက်ကို ပြန်လာပြီမို့ ကားလမ်းတွေ ကျပ်နေပါပြီ။ လင်ကွန်းတန်နယ်ဝင်ခါနီးမှာ ဂိုက်က ကင်မရာတွေ အသင့်ပြင် မက်ဟန်တန်ညအလှကို ရိုက်ကြမယ်လို့ ဆိုတာနဲ့ ကင်မရာမီးတွေ တဖျပ်ဖျပ်ပွင့်သွားတယ်။ နယူယောက်သီချင်းကို နားဆင်ပြီး နယူးယောက်ကို ပြန်ရောက်လာပါပြီ။ တစ်ဖ်ကိုပဲ ခံစားခွင့်ရှိတာမို့ တစ်ဖ်ပေးဖို့ ဂိုက်က ရီကွက်လုပ်တဲ့အခါ အားလုံးက တစ်ဖ်ပေးကြပါတယ်။

Amish Costumes  credit to google
Amish style Bike Scooter
There is no electricity, TV, video games and telephone. So Amish people wash the clothes by hand and hung under the sun like my hometown. It had been nearly six years I don't see this scene. It reminds me of my hometown
Julia, 80 years old from Spain and Bala, 70+ years old from India, doctor.
God will know when we will meet again.

ဂိုက်က အတော်ဝန်ဆောင်မှုကောင်းတယ်။ သိသင့်သိထိုက်တာတွေ၊ အကြံညဏ်တွေ ပေးပါတယ်။ ခရီးသည်တွေကို ဂရုတစိုက် ရှိတယ်။ ၄၅ ယောက်ကို တစုတစည်း ထိန်းကျောင်းဖို့ဆိုတာ အတော်မလွယ်။ သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ရောက်တတ်တဲ့သူ၊ ပေါက်ပေါက်ရှာရှာ မေးခွန်းမေးတဲ့သူ၊ ကွန်ပလိမ်းတဲ့သူ လူအမျိုးမျိုးကို အဆင်ပြေအောင် ညှိနှိုင်းရတာ။ သူတို့ကုမ္မဏီကနေ ဘော့စတွန်၊ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန်တိုးတွေ ရှိပါတယ်လို့ ကြေငြာတယ်။ ခရီးသည်တွေက အဖြူများတယ်။ အာရှသားဆိုလို့ ကိုယ်နဲ့ ဘာလာ နှစ်ယောက်တည်း။ ဈေးလည်း နည်းနည်းကြီးတယ်။ ဂျူလှိုင် ၄ ပိတ်ရက် ရှိသေးတာမို့ ရှာဖွေတော့ တရုတ်တိုးတွေကို သွားတွေ့တယ်။ ဈေးသက်သာသလို လိုချင်တဲ့ ရက်တွေထွက်တယ်။ နောက်ဆို ကျလစ် ကျလစ် လက်ပံပင်ပေါ်ဇရက်ကျတဲ့ ပေါက်ဖောက်တိုးကားတွေနဲ့ ခရီးသွားဖြစ်မလားဘဲ။

Happy Traveling !

စန်းထွန်း
ဇွန် ၃၊ ၂၀၁၃။
Reference : Google

5 comments:

Anonymous said...

San San!!
Amazing one.
Khine

Anonymous said...

San San!!
Amazing one.
Khine

Anonymous said...

Nice post.
Ma Ma Iora

Anonymous said...

Good job !!!

San San Htun said...

Anonymous said...
အရမ်းဖတ်လို.ကောင်းတယ်။
Good job !!!
June 7, 2014 at 7:11 PM