မောက်ဗာနွန်သွား တောလား...

မောက်ဗာနွန်သွားတောလားကတော့ စနေနေ့နေ့လည်ကမှ last minute ဘွတ်ကင်းလုပ်၊ တနင်္ဂနွေနေ့ မနက် တက်သုတ်နှင်ရတဲ့ ခရီးဆိုပေမဲ့ တက်သုတ်မနှင်လိုက်ရဘဲ တကယ့်ကိုမှ အေးအေးဆေးဆေးနဲ့ စိတ်အပန်းပြေစေတဲ့ ခရီးလေးပါပဲ။  ဒီစီရဲ့အထင်ကရနေရာ တော်တော်များများကို ရောက်ဖူးပေမဲ့ ဒီစီကနေ နည်းနည်းလှမ်းတဲ့ မောက်ဗာနွန်ကို မရောက်ဖူးသေးဘူး။ ဝင်ကြေးအခမဲ့ မဟုတ်တာကြောင့်လည်း ပါတယ်။ တိုင်ဒယ်ဘေဆင်တဝိုက်က ချယ်ရီပွဲတော်ကို နှစ်နာရီလောက်နဲ့ နှံ့တာမို့ ဒီ့ပြင် ဘယ်နေရာကိုများ သွားလည်ရရင် ကောင်းမလဲလို့ ရှာဖွေတော့ မောက်ဗာနွန်ကို သွားတွေ့တယ်။


ဆူနမ်တို့များ လိုက်ချင်မလား၊ ကလဲရားသူငယ်ချင်းများ လိုက်ချင်မလား။ ဘယ်သူမှလည်း မလိုက်တော့ တယောက်တည်းပဲ သွားဖြစ်တယ်။ ပထမဆုံး တစ်ကိုယ်တော် ရွှက်လွှင့်ခြင်းပေါ့။ ကလဲရားက သူ မောင်းပို့ပေးမယ် ဆိုတာကိုတောင် အမြဲတမ်း ကား၊ လေယာဉ်ပျံနဲ့ သွားရတာ။ ခရူသင်္ဘော စီးချင်တာဆိုပြီး ငြင်းလိုက်တယ်။။ ၈ နာရီ ၁၅ သင်္ဘောပေါ်ရောက်ဖို့ ကလဲရားအိမ်ကနေ ရထား ၁ နာရီလောက် စီးရပါမယ်။ West Falls Church မှာ ရပ်မဲ့ မနက် ၇ နာရီ ၈ မိနစ် ရထားကိုစီးမှ မှီမှာပါ။ ကလဲရားက ဘူတာရုံကို လိုက်ပို့ပေးပြီးတော့ ရထားမမှီရင် ဖုန်းဆက်လိုက် သူ ကားနဲ့လိုက်ပို့ပေးမယ်တဲ့။ L'Enfant Plaza ဘူတာမှာ အစိမ်းရောင်းလိုင်း ပြောင်းစီးပြီး သင်္ဘောဆိပ်ရှိတဲ့ တဘူတာအဝေးက Waterfront မှာ ဆင်းရပါတယ်။  အမျိုးသမီးတယောက် အဲဒီဘူတာမှာ အရေးပေါ်မီးဖွားတဲ့သတင်းကို သတင်းကြေငြာသူက  L'Enfant ဆိုတာ ပြင်သစ်လို ကလေးလို့ အဓိပ္ဗာယ်ရပါတယ်။ နာမည်စီးတာနဲ့ တူပါရဲ့လို့ အရွှန်းဖောက်ပြီး တင်ဆက်သွားတာ ဒီစီမတ်ထရို Metro ရထားစီးနေတုန်း ကြားလိုက်ဖူးတယ်။


ဘူတာကနေထွက်ရော တောင်ကြည့်မြောက်ကြေည့်၊ မြေပုံလမ်းညွှန်ကြည့်၊ ဘေးပတ်ဝန်းကျင် ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကြည့်။ လူတော်တော်များများ သွားနေတဲ့နေရာ ဖြစ်မယ်ဆိုပြီး လိုက်တာ မှန်တယ်ဗျား သင်္ဘောဆိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တယ်။ အိုင်ဒီပြ လက်မှတ်ထုတ်၊ ဘောကွင်းကြီးနောက်မှာ ခဏရပ်ပါဦး ဓာတ်ပုံရိုက်ပေးမလို့တဲ့ လူတိုင်းကို။ သုံးထပ်သင်္ဘောရဲ့ အပေါ်ဆုံးထပ်မှာ ထိုင်ခုံနေရာဦး။ အချိန်တိကျ လေးစားတဲ့နိုင်ငံဆိုပေမဲ့ ဒီတခါတော့ ၁၀ မိနစ်တိတိ နောက်ကျပြီးမှ သင်္ဘောထွက်တယ်။ နောက်မှသိတယ် လေ့လာရေးခရီးထွက်ကြတဲ့ အလယ်တန်းကျောင်းသားအုပ်ကြီးကြောင့်ကိုး။


Washington Monument ဝါရှင်တန်မိုးနူးမတ် ကျောက်တိုင်ကြီးကို ထင်ထင်ရှားရှား မြင်ရတယ်။ ဒီစီရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း သင်္ဘောပေါ်မှာ လူဘယ်လောက် တင်ဆောင်ကြောင်း၊ သက်ကယ်ဘော၊ သက်ကယ်လှေ ဘယ်နှစ်စီးပါကြောင်း၊ သင်္ဘောသားတွေနဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဖို့၊ သိချင်တာတွေကို ယူနီဖောင်းဝတ် ဝန်ထမ်းတွေဆီမှာ မေးမြန်းနိုင်ကြောင်း ဂိုက်က ကြေငြာပါတယ်။ East Patomac Park အရှေ့ပတ်တိုးမတ်ပန်းခြံမှာ ချယ်ရီတွေ ဝေနေပေမဲ့ တိုင်တန်ဘေစင်လောက် မများဘူး။ အပြေးလေ့ကျင့်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးကြသူတွေနဲ့ သာယာတယ်။


Ronald Reagan Washington National Airport လေဆိပ်ကနေ တက်လာတဲ့ လေယာဉ်တွေ တစီးပြီးတစီး တွေ့ရတယ်။ ၂၀၁၂ ဇူလှိုင် ၄ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ ရာမားရှိတဲ့ ဘော့စတွန်ကို သွားလည်တုန်းက ဆူနမ့်လေယာဉ် ထရန်စစ်က အဲဒီလေဆိပ်။ လေဆင်နှာမောင်းဝင်မွှေလို့ လေဆိပ်မှာ တညအိပ်ရတယ်။ နောက်နေ့လေယာဉ် လက်မှတ်အတွက် တညလုံးတန်းစီ၊ လေဆိပ်မှာ ရေဘူး၊ မုန့်တွေ အကုန်ပြတ်လပ်သွားလို့ ညစာငတ်၊ ၄၅ မိနစ်အဝေးက လေဆိပ်ကို ရှယ်တယ်စီးပြီး သောကြာနေ့ ညသန်းခေါင်မှာ ဘော့စတွန်ကိုရောက်ရမဲ့ ဆူနမ်တယောက် စနေနေ့ နေ့လည်မှ မျက်နှာရှုံ့မဲ့ လူလည်း ချုန်းချုန်းချပြီး ရောက်လာတာ ထမင်းဘူးနဲ့ သွားကြိုရတဲ့အဖြစ်ကို သတိရမိသေးတယ်။ ဆူနမ်တယောက် ငိုချင်းချ ငြီးငြူတာကို ကျွန်မတို့တွေ ကိုယ်ချင်းမစာ တဟားဟား ရယ်မောလို့ပေါ့။

ယူအက်စ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး  သမ္မတအိမ်ဖြူတော်၊ Capitol ကယ်ပီတယ်လိုမျိုး Petagon ပန်တဂွန်အဆောက်အဦးက လေဆိပ်နောက်ဖက် ဗာဂျီးနီးယားပြည်နယ် Pentagon City မှာ ရှိပါတယ်။


ဘေးဖက်မှာတော့ AirForce One ဝန်ထမ်းအိမ်ယာ။ Dragon Boat လှေလှော်အဖွဲ့ ဖြတ်သွားတော့ ကြိတ်လိုက်စမ်းပါကွလို့ အော်ဟစ်အားပေးကြတယ်။


တီထွင်သူ သောမတ်အက်ဒီဆင်ကြောင့် ၁၉၂၃ မှာ ယူအက်စ်ရေတပ်၊ မရင်းတပ်ဖွဲ့အတွက် သုတသေနရုံး United States Naval Research Laboratory (NRL) ကို ဖွင့်လှစ်ခဲ့ပါတယ်။ သုတေသနလုပ်ငန်းအတွက် တစ်နှစ်ကို ခန့်မှန်းခြေ ၁.၁ ဘီလီယံသုံးတယ်လို့ ဆိုပါတယ်။


သမိုင်းဝင် Alexandria Old Town မြို့လေးပါ။ အဆောက်အဦးတွေကို မြင်လိုက်ကတည်းက ရှေးခေတ်ကမှန်း သိသာတယ်။


ရေနွေးငွေ့သင်္ဘော၊ Priates of Carribean ရုပ်ရှင်ကားထဲကလိုမျိုး သင်္ဘောတစင်းတွေ့တယ်။


မြူးကြွတဲ့ စပိန်တေးသံတွေ ပျံ့လွင့်လာတော့ ဘာပွဲရှိလဲမသိ။ ဒီတံတားကတော့  မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်ကို ပေါင်းကူးပေးထားပြီး တောင်ပိုင်းက မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါပြည်နယ်အထိ ဖောက်လုပ်ထားတဲ့ I 95  Interstate ဟိုင်းဝေးလမ်းမကြီးရဲ့ တစိတ်တပိုင်းပါ။


ညာဖက်က ဟိုအဆောက်အဦးကတော့ ဘယ်လိုဘယ်ပုံ၊ ဘယ်ဖက်ကတော့ ဘယ်လိုဘယ်ပုံလို့ ဂိုက်က ရှင်းပြရင် ဂိုက်ညွှန်ပြရာကြည့်၊ ရှင်းပြတာကို နားထောင်၊ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်။ လေတိုက်လို့ နည်းနည်းအေးလာတော့ မခံနိုင်တဲ့သူတွေ အောက်ထပ်ဆင်းကြတယ်။ ကျန်တဲ့သူတွေက အနွေးထည်တွေထုတ်ကာ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး ဘေးက ရှုခင်းတွေကို ငေးမောလို့။ ဓာတ်ပုံရိုက်စရာ ပါးသွားတော့ လူတွေလည်း ဆာလာပြီ။ အောက်ထပ်မှာ ဝယ်လို့ရပါတယ်။ မြစ်ကမ်းနဘေးက ကိုယ့်စိတ်ကြိုက်အိမ်ကလေးတွေ တွေ့ရင် I like that house ဆိုပြီး ဓာတ်ပုံရိုက်။


အဲဒီအိမ်လေးကတော့ ရေကြောင်းကပ္ဗတိန်ဘယ်သူ၊ ဘယ်တုန်းက နေသွားတာဆိုပြီး ဂိုက်က ပြောပေမဲ့ မမှတ်မိတော့ဘူး။ အိမ်ကလေးက သေးသေးချစ်စရာလေး။


Fort Washington ဆိုတဲ့ ခံတပ်ကြီး။


ပတ်တိုးမတ်မြစ်တလျှောက် မောက်ဗာနွန်ဖက်ခြမ်းက မျက်စိတဆုံး ဧက ၅၀၀ လောက်ကို ဂျော့ဝါရှင်တန်မိသားစု ပိုင်ဆိုင်တာပါ။ ဂျော့ဝါရှင်တန်ဆိုတာ အမေရိကန်တွေရဲ့သူရဲကောင်း၊ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်တဲ့ စစ်ဗိုလ်ချုပ်၊ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတ။ ဂျော့ဝါရှင်တန်ရဲ့အဘေးလက်ထက် ၁၆၇၄ လောက်က ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၂၀၀ ကျော်ပါပြီ။


ဝင်ကြေးက လူကြီး ၁၇ ကျပ်။ ကျွန်မ ဝယ်တဲ့လက်မှတ်က ၅၀ ပေးရပါတယ်။ အဲဒီထဲမှာ အသွားအပြန် သင်္ဘောလက်မှတ်၊ ဝင်ကြေး ပါပြီးသား။ ရောက်တာနဲ့ အိမ်ထဲဝင်ကြည့်ဖို့ လက်မှတ်လေးတွေ ကမ်းပါတယ်။ ဝါရှင်တန်အုတ်ဂူမှာ လူတွေ ပြည့်ကျပ်ညှပ်နေတယ်။ ဘယ်ဖက်က ဝါရှင်တန်ရဲ့ အုတ်ဂူပါတဲ့။


အဲဒီနေ့မှာ ဂါဝန်လှလှ၊ ဦးထုပ်လှလှ၊ ဂုဏ်ပြ ုစလွယ်သိုင်း ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ လူကြီး၊ လူငယ်တွေကို မြင်ရတာ ကျက်သရေ ရှိလိုက်တာ။ အိမ်ထဲဝင်ဖို့ လူတွေ တန်းစီတာတွေ့တော့ ဝင်တန်းစီတယ်။ အဲဒီနေ့မှာ လူအယောက် ၅၀၀၀ လာရောက်လည်ပတ်ဖို့ မှန်းထားတာဖို့ စောင့်ရတာ မကြာရလေအောင် ကြည့်နေတုန်း မေးခွန်းတွေ မမေးဖို့၊ ပြီးမှ မေးဖို့ တိုက်တွန်းပါတယ်။ ရှေးတုန်းက သွားလာရ ခက်ခဲတဲ့ ဗာဂျီးနီးယားပြည်နယ်က အိမ်တွေမှာ ဧည့်သည်တွေ တည်းခိုဖို့ အခန်းတွေ ရှိတာ ထုံးစံပါတဲ့။ ထိုင်ခုံ၊ ပန်းချီကား၊ ဂျော့ဝါရှင်တန်မြေး ကယ်လီ တီးတဲ့ စန္ဒရား၊ ဂျော့ဝါရှင်တန် အဲဒီမှာ သေဆုံးတာဆိုတဲ့ ခုတင်၊ ကျွှန်တွေနေတဲ့ အဆောင်၊ မီးဖိုချောင်၊ စတိုခန်း၊ မြင်းတွေ ထားတဲ့အဆောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က ပစ္စည်းတွေကို မြင်ရတော့ သေသေချာချာ စနစ်တကျ ထိန်းသိမ်းထားတာကို မချီးမွမ်းဘဲ မနေနိုင်ဘူး။


ကျွှန်မ ငယ်ငယ်တုန်းက မြင်ဖူးတဲ့ ရေနံဆီသုံး ဖန်မီးအိမ်ခွက်ကို တွေ့ရင် သိမ်းထားဖို့ မှာရဦးမယ်။ နောက် အနှစ် ၂၀ လောက်ဆို ရှေးဟောင်းပစ္စည်း ဖြစ်ချင်ဖြစ်နေမှာနော့။


ကလေးတွေက ရေးမှတ်ဖို့ လက်ကမ်းဝေထားတဲ့ စာရွက်လေးတွေမှာ ခဲတံလေးတွေနဲ့ ရေးမှတ်ကြတယ်။ လေ့လာရေးခရီးထွက်လာတဲ့ အလယ်တန်းကျောင်းသားတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ အခုရောက်နေတာက ဗာဂျီးနီးယား၊ ဟိုဖက်ခြမ်းက မေရီလန်း၊ လာခဲ့တာက ဒီစီ တနေ့တည်းနဲ့ ပြည်နယ်သုံးခု ရောက်တယ်ဆိုပါတော့။


Upper Garden အပေါ်ပန်းခြံထဲမှာ ပန်းပင်ကလေးတွေက ခုမှစိုက်ပျိုးခါစဖို့ အကုန်အစင် မပွင့်သေးဘူး။ ပန်းတွေ အကုန်ပွင့်ရင် တော်တော်လှမယ်။ Lower Garden အောက်ပန်းခြံထဲမှာ ဟင်းသီးဟင်းရွက်၊ ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးထားတယ်။ ဂိုက်က အရွက်လေးကို ခူးကာ အားလုံးကိုဝေပြီး နမ်းခိုင်း၊ ရှုခိုင်းတယ်။ ပြီးရင် ဘာအပင်လဲ၊ ဟင်းချက်တဲ့နေရာမှာ သုံးတာလား၊ ဆေးဖော်တဲ့နေရာမှာ သုံးတာလားလို့ မေးတယ်။ တလွဲတွေဖြေလည်း ကိစ္စမရှိပါဘူး။ အပန်းဖြေဖို့လာတာ စာမေးပွဲဖြေဖို့လာတာမှ မဟုတ်တာနော့။


 ရှေးဝတ်စုံ ဝတ်ထားတဲ့သူတွေ တွေ့တော့ ဓာတ်ပုံရိုက်ကြတယ်။


တောင်ပေါ်မှာ အိမ်တည်ထားလို့ Mount ၊ Vernon ဆိုတာ အင်္ဂလိပ်စစ်ဗိုလ်ချုပ် နာမည်ကို အစွဲပြုပြီး ဂျော့ဝါရှင်တန်က မောက်ဗာနွန်လို့ နာမည်ပေးခဲ့တာပါ။ ပြတိုက်မှာတော့ ဂျော့ဝါရှင်တန်ရုပ်တု၊ ချီတက်ခဲ့တဲ့လမ်းကြောင်း၊ ရုပ်ရှင်၊ သေနတ်သံတွေ တဂျိမ်းဂျိမ်း၊ မြင်းဟီသံ၊ မြင်းဒုန်းဆိုင်း စီးသံတွေနဲ့ ပြတိုက်ဆိုပေမဲ့ ပျင်းစရာ မကောင်းဘူးရယ်။

လယ်ယာတောဆီသွားတော့ တံတားလေး ဖြတ်ရတယ်။


တံတားအောက်မှာ ရေမရှိတဲ့ ချောင်းလေး။ တောင်ရိပ်တောင်စွယ်တွေမှာ သစ်ပင်တွေက အရွက်မရှိနေတာတောင် အလှမပျက်ဘူးရယ်။ သစ်ရွက်စိမ်းကလေးတွေများရှိရင် ငါးမျှားခြင်းပို့စ်ထဲက သစ်တောအုပ် ဓာတ်ပုံလေးလို အတော်လှတဲ့ ဓာတ်ပုံလေး ဖြစ်မှာလို့ မချင့်မရဲ တွေးမိသေးတယ်။ ဆယ်မိနစ်လောက် ဆင်းလိုက်ရင်ပဲ လယ်တောဆီ ရောက်တယ်။ ဟိုတုန်းက အသက် ၁၃ နှစ်ဆိုရင် လယ်တောဆင်း အလုပ်လုပ်ရတယ်။ တပတ်မှာ ၆ ရက် နေထွက်ကနေ နေဝင်ထိ အလုပ်လုပ်ကြတယ်။ ကလေးအငယ်တွေကို ကလေးကြီးတွေက ထိန်းရတယ်။ ဈေးနေ့ဆိုရင် ကျွန်တွေက အလက်စန္ဒရားမြို့တက်ခွင့် ခွင့်ပြုစာရွက်လေးကိုင်ပြီး မြို့တက်ဈေးဝယ်ကြတယ်။ ခွင့်ပြုချက်စာရွက် မပါရင် မြို့ထဲ အဝင်မခံဘူးတဲ့။


ချိုပါတဲ့ အကောင်ကြီးကို Oax လို့ ပြောနေတာ ကြားလိုက်တယ်။


ဒီအကောင်တော့ သိတယ် သိုး။


လည်ပတ်ဖို့ အချိန်ပေးထားတဲ့ ၃ နာရီအတွင်းမှာ အကုန်နီးပါး ရာက်ဖြစ်တယ်။ သတ်မှတ်ချိန် နေ့လည် ၁ ၁၅ စုရပ် ကမ်းနားဆိပ်ဆင်းတော့ လူတွေရောက်နေကြပြီ။ မကြာခင် Spirit of Mount Vernon သဘောၤ ဆိုက်လာတယ်။ လူတော်တော်များများ ပါတယ်။ ဒီလူတွေ ညနေဒီစီအပြန် မီးရှုးမီးပန်းဖောက်တာ မြင်ရမှာ။ အလယ်တန်း ကျောင်းသားတွေ၊ မိဘတွေကို အရင် တက်စေပါတယ်။ အလာတုန်းက ရေစုန်ဆိုတော့ ၄၅ မိနစ် ကြာတယ်။ အပြန်က ရေဆန်ဆိုတော့ ၁ နာရီကျော် မောင်းရတယ်။ အလယ်တန်းကျောင်းသားတွေ အပေါ်ဆုံးထပ်ကို တက်လာတော့ လက်ပံပင်ဇရက် ကျသလိုပဲ ကျွှပ်ကျွှပ်ကိုညံလို့။ ဒီကလေးတွေကို ထိန်းကျောင်းရတဲ့ ဆရာတွေကို သနားမိတယ်။ စားပြီးအမှိုက်မသိမ်းလို့ အမှိုက်ပုံးထဲပစ်ဖို့၊ ကတောက်ကဆ ဖြစ်ကြတာတွေ ညှိုပေးဖို့၊ အန္တရယ်ကင်း ဘေးကင်းစွာနဲ့ ပြန်ရောက်ဖို့ဆရာတယောက်ရဲ့ တာဝန်က မလွယ်ပါလား။


အပြန်ခရီးမှာတော့ အလာတုန်းကလောက် မတက်ကြွတော့ပါဘူး။ ပတ်တိုးမစ်မြစ်ပေါ် ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးလေးက ချော့သိပ်နေသလိုပဲ။ စာအုပ်လေးဖတ်လိုက်၊ ငိုက်လိုက်၊ ပတ်ဝန်းကျင်ကို ငေးလိုက် ရှုခင်းကောင်းရင် ဓာတ်ပုံထရိုက်လိုက်နဲ့။ ချယ်ရီပွဲတော်မှာတုန်းက လူများလို့ တယောက်တည်းမှန်း မသိသာဘူး။ မောက်ဗာနွန် ခရီးမှာတော့ မိသားစုလိုက် လာကြသူများတော့ ကျွန်မလို တစ်ကိုယ်တော် ရွက်လွှင့်သူ သိပ်မရှိဘူးရယ်။ ဒီစီကို ညနေ ၃ နာရီ ရောက်တော့ ဒီစီကနေထွက်မဲ့ကားက ည ၅ နာရီခွဲမှ ထွက်မှာ။ ၂ နာရီ အချိန်ရှိသေးတော့ ချယ်ရီပွဲတော် သွားလည်တယ်။ မောက်ဗာနွန်ခရီးက ပြန်လာတဲ့သူ တော်တော်များများ ချယ်ရီပွဲတော်ကို ချီတက်ကြတယ်။ အဲဒီနေ့က နောက်ဆုံးနေ့ကိုး။

တစ်ယောက်တည်း သွားတာမို့ စိတ်ကြိုက် ကြိုက်သလောက် လည်ဖြစ်တာထင်တယ်။ လမ်းမလျှောက်နိုင်တဲ့ ဆူနမ်တို့နဲ့ဆိုရင် ဒီလောက်နှံ့မယ် မထင်ဘူး။ တစ်ယောက်တည်း ခရီးသွားရင် အားသားချက်က စိတ်ကြိုက် လည်ပတ်နိုင်ပေမဲ့ အားနည်းချက်က ဓာတ်ပုံရိုက်ပေးမဲ့သူ မရှိဘူး။ အုပ်စုလိုက်သွားရင် အားသာချက်က တယောက်တလှည့်ရိုက်၊ ဓာတ်ပုံရိုက်ကောင်းသလို စိတ်ရှည်တဲ့ ဆူနမ်၊ အမ်းထရူးတို့နဲ့ဆို ဓာတ်ပုံတွေ အများကြီးရတယ်။ အားနည်းချက်က နေရာအနှံ့ မရောက်ဘူး။ ကျေးဇူးပြု၍ ဓာတ်ပုံရိုက်ပေးပါလို့ ရီကွက်လုပ်လို့ ခရီးအမှတ်တရ ဓာတ်ပုံတွေပါ။

ဆယ်လီဗြွတ်တီ မျက်မှန်နဲ့ စန်းထွန်းတယောက် ဂိုက်ပေးကြမ်းနေပုံ (တီတီဆွိ လေသံ)

တောတောင်၊ မြစ်၊ ပြတိုက်၊ ယာခင်း၊ ပန်းခြံ၊ တောင်တက် မောက်ဗာနွန်ခရီးကတော့ သိပ်ကိုကောင်းမွန်တဲ့ ခရီးလေးပါ။ တဆောင်းတွင်းလုံး ဂူအောင်းနေရာကနေ ဒီနှစ်မှာ ပထမဆုံး သွားဖြစ်တဲ့ခရီးမို့လား မသိဘူး။ ပင်ပန်းပေမဲ့ စိတ်ရွှင်လန်းပြီး အားအင်တွေ ပြန်ပြည့်သွားသလို ခံစားရပါတယ်။ မကြီးတို့လည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကို သွားလည်ကြတယ်။ စင်္ကာပူ၊ ဘန်ကောက်၊ အန်ကောဝတ်ကို သွားလည်ပြီးကတည်းက နိုင်ငံခြားခရီးတွေ သွားချင်တဲ့ အမေက မကြီးကို သမီးရေ ဘယ်လောက်ကုန်လဲ၊ ဘယ်လို သွားတာလဲနဲ့ စပ်စုတယ်တဲ့။ ဖေ့ဘွတ်မှာ တင်ထားတဲ့ ကျွန်မ ခရီးသွားဓာတ်ပုံတွေကို မကြီးက ဒေါင်းပြီး အဖေနဲ့ အင်တာနက်စကိုက် စကားပြောရင် ပို့ပေးတယ်။ အဖေက အဲဒီဓာတ်ပုံတွေ ဘယ်မှာရိုက်တာလဲလို့ မကြီးကို လာလာမေးတယ်တဲ့။ အရာရာ သိချင်တဲ့ အဖေ့ကို ဖိုးသိချင်လို့ ကျွန်မတို့ နာမည်ပေးထားတယ်။ ခရီးတွေသွားချင်၊ သိချင်တတ်ချင်တဲ့ အဖေနဲ့အမေကြောင့် စိတ်ချမ်းမြေ့ရတယ်။

National Cherry Blossom Festival at Tidal Basin with Thomas Jefferson Memorial
US Capitol with Senate and House

ခရီးတွေ အမြဲသွားလို့ ကျွန်မ အားကျရတဲ့ မယမင်း၊ ယူအက်စ်ရောက်တာ သုံးရက်ပဲ ရှိသေးတယ် နိုင်အာဂရာရေတံခွန်ကို တစ်ယောက်တည်း ဒိုးတာပဲဆိုပြီး  တစ်ယောက်တည်း ခရီးသွားဖြစ်ဖို့ စိတ်ဓာတ်ခွန်အားပေးတဲ့ မနန်းစံ၊ ခရီးသွားတဲ့ ပို့စ်တွေ ဘလော့မှာ တင်နော်လို့ တိုက်တွန်းတတ်တဲ့ မသိန်းအေး။ သူတို့ကြောင့် ခရီးသွား ဖြစ်တာပါ။ မေရီလန်းမှာ တစ်ယောက်တည်း ခရီးထွက်ဖို့ ခက်ပေမဲ့ နယူးယောက်မှာတော့ တိုးခရီးစဉ်တွေနဲ့ လိုက်ပါနိုင်တာမို့ နောက်ထပ်တောတွေ လားဖြစ်ဦးမယ် ထင်ပါတယ်။ အလည်လာတဲ့သူတွေလည်း ခရီးသွားလို့ စိတ်ရွှင်လန်း ကြည်နူးမှုတွေ ရရှိပြီး တောတွေလား...အဲလေ ခရီးတွေ သွားနိုင်ပါစေ။

Happy Traveling!
စန်းထွန်း
ဧပရယ် ၂၄၊ ၂၀၁၄။

Reference
Mount Vernon

Tour Package
In-the-Footsteps-of-George-Washington-Day-Cruise-to-Mount-Vernon

ချယ်ရီပွဲတော် နွှဲပျော်ပျော်...

နှစ်ပေါင်းသုံးဆယ်အတွင်း အအေးဆုံးလို့ ပြောစမှတ်ပြုရတဲ့ ဒီဆောင်းတတွင်းလုံး နှင်းအောက်မြှပ်နေတဲ့ ကားတွေကို တူးရ၊ ကားမှန်ကို ခြစ်ရ၊ ကောက်ညှင်းထုပ်တွေလို အင်္ကျီထူကြီးတွေ အထပ်ထပ်ဝတ်ရ၊ အေးခဲလွန်း ရှည်လျားလွန်းတဲ့ ဆောင်းညရှည်တွေကြောင့် နေခြည် ဖြာလင်းလက်၊ ပန်းရောင်စုံ ဖူးပွင့်တဲ့ နွေဦးကို မျှော်ကြပြီ။ နွေဦးပွဲတော်တွေထဲမှာ ဝါရှင်တန်ဒီစီမြို့တော် ချယ်ရီပွဲတော်က အထင်ရှားဆုံးဖြစ်ပြီး နှစ်စဉ် သန်းနဲ့ချီတဲ့လူတွေ လာရောက် လည်ပတ်ကြပါတယ်။

မနှစ်က သွားလည်တုန်းက ချယ်ရီက ဖူးတောင် မဖူးသေးဘူး။ ချယ်ရီတွေ မပွင့်သေးပေမဲ့လည်း စွန်လွှတ်ပွဲ၊ ဂျပန်ရိုးရာ ယဉ်ကျေးမှုပွဲတွေနဲ့ အတော်စည်ကားတယ်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်တဲ့အချိန်ကျတော့ ကျောင်းကို ပြန်သွားရနေရလို့ ချယ်ရီပွဲတော်ကို တကယ် မနွှဲလိုက်ရဘူး။ နောက်နှစ် မရောက်ရောက်အောင် သွားမယ်လို့ကြုံးဝါးခဲ့တယ်။ တဆောင်းတွင်းလုံး ဘယ်မှမသွားဖြစ်ဘဲ ချယ်ရီပွဲတော်ကိုတော့ သွားဖြစ်အောင် သွားမယ်လို့ စိတ်ကူးထားတယ်။

 ဒီနှစ်အေးလို့ ချယ်ရီပွင့်တာ နောက်ကျတယ်။ ချယ်ရီပွဲတော်က မတ်လကုန်လောက်ကနေ ဧပရယ်လလယ်လောက်အထိ ကျင်းပတယ်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်မယ်လို့ ခန့်မှန်းတာက ဧပရယ် ၈ ရက်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်တဲ့ စနေ၊ တနင်္ဂနွေ ဧပရယ် ၁၂၊ ၁၃ မှာ လူတွေ အရမ်းများမယ် ဆိုပေမဲ့ အဲဒီအချိန်မှပဲ သွားနိုင်တာကိုး။ သောကြာနေ့ ညသွား၊ တနင်္ဂနွေည ပြန်တာမို့ ဘတ်စ်ကားလက်မှတ်က ကြားရက်တွေထက် ဈေးနည်းနည်းကြီးတယ်။ ဆူနမ်တို့အိမ်မှာ တည်းလို့ရမလား မေးကြည့်တော့ ရုံးပိတ်ရက်တွေမှာ ရာမားရဲ့ ဝမ်းကွဲအမျိုးတွေ လာလည်ကြလို့  သူတို့အိမ်မှာ နေရာလွတ် မရှိဘူး။


ဝါရှင်တန်ဒီစီ ရုံးမှာတုန်းက ညီမတစ်ယောက်လို စောင့်ရှောက်တဲ့ တရုတ်မ ကလဲရားက လွန်ခဲ့တဲ့ တလလောက်ကမှ ဗာဂျီးနီးယားပြည်နယ် Tysons Corner တိုင်ဆန်ကော်နာ လျှော့ပင်းမောလ်နားမှာ အိမ်ဝယ်လိုက်လို့ သူ့အိမ်မှာ လာတည်းဆိုလို့ ဟိုတယ်ခ သက်သာသွားတယ်။ ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်ကို ည ၁၀ နာရီ ဝင်ရမဲ့ကားက နာရီဝက်တိတိ နောက်ကျပြီးမှ ဝင်တယ်။ နယူးယောက်က စထွက်ကတည်းက နာရီဝက် နောက်ကျတာကိုး။ ည ၁၁ နာရီလောက်မှ ကလဲရား လာကြိုတယ်။ ည ၁၂ နာရီ ဖီလာဒဲပီးယားကနေ ရောက်လာမဲ့ကားနဲ့ ပါလာမဲ့ သူ့သူငယ်ချင်းကို စောင့်ရဦးမှာ။

ညသန်းခေါင်ယံချိန် Tidal Basin တိုင်တန်ဘေစင် ရေလှောင်ကန် ၊ ကွန်စတီကျူးရှင်း၊ ပင်စယ်ဗေးနီးယား လမ်းတွေကို ပတ်မောင်းကြတယ်။ ဘော်တနစ်ဂါးဒင်းရှေ့မှာ ကားရပ်လို့ ကယ်ပီတယ်ရှေ့က ရီဖလပ်ရှင်းပူး ရေကန်မှာ အရိပ်ထင်နေတဲ့ ကယ်ပီတယ်ကို ငေးမောကြတယ်။ နေ့လည်ဖက်မှာ ကယ်ပီတယ်ရှေ ့ အကြိမ်ကြိမ် ဖြတ်ဖူးပေမဲ့ ညဉ့်နက်သန်းခေါင် ဒီအကြိမ် ပထမဆုံး ရာက်ဖူးတာ။ ဓာတ်ပုံဝါသနာအိုးတွေ၊ လမ်းလျှောက်ကြသူတွေ၊ ဒီစီညအလှ ခံစားကြသူတွေနဲ့ လူမပြတ်ဘူးရယ်။

နောက်နေ့ ကလဲရားက ဘူတာရုံကို လိုက်ပို့ပေးပေမဲ့ ပန်းဝတ်မှုန် အလာဂျီရှိလို့ မလိုက်တော့ဘူးတဲ့။ ဆူနမ်တို့ကို ဖုန်းဆက်တော့ အမ်းထရူးက ကားဆားဗစ်မှာ၊ ရာမားက နေသိပ်မကောင်းဘူး၊ ချယ်ရီပွဲတော်ကို လာနိုင်အောင် ကြိုးစားမယ်တဲ့။ အေး ငါ ဒီစီမှာ တနေကုန် ရှိနေမှာ။ ရောက်ရင် ဖုန်းဆက်လိုက် တွေ့ရအောင်လေ။ ဒီငပျင်းလေးတွေ လာမယ်မထင်ပါဘူး။ စမစ်ဆိုးနီးယမ်းဘူတာမှာ ဆင်းရင်ပဲ လူတွေ ဘူတာရုံမှာ အပြည့်။ ဒါတောင် မနက်ပိုင်းပဲ ရှိသေးတယ် နေ့လည်ဆို ပိုကျပ်တော့မှာ။

Thomas Jefferson Memorial

တိုင်ဒယ်ဘေစင်ကန်တလျှောက် အစီအရီ ပွင့်နေတဲ့ ချယ်ရီပင်တွေ လှလွန်းလို့ ဓာတ်ပုံကို တဖျပ်ဖျပ် မရပ်မနား ရိုက်နေမိတော့တာပဲ။ ဂျက်ဖာဆန် မယ်မိုရီယမ်မှာ ကြည်း၊ ရေ၊ လေ စစ်သားတွေ စစ်ရေးပြပွဲ ဝင်ငေးသေးတယ်။ ကျွန်မ ကြည့်ရတဲ့ အဖွဲ့က Air Force One လေတပ်အဖွဲ့။ အမေရိကန်မှာတော့ စစ်သားတွေကို ပြည်သူတွေက လေးစားကြတယ်။ ကတုံးပြောင်ကေ၊ ဘော်ဒီတောင့်တောင့်၊ လေသံကို နားထောင်ရတာနဲ့ စစ်သားမှန်း သိတယ်။  သေနတ်တွေကို လွှဲပစ်ကြ၊ ခေါင်းဆောင်ဗိုလ်ရဲ့ ရင်ဘတ်ကိုကို လှံစွပ်နဲ့ ဝိုင်းထိုးသလို ကျီစယ်ကြ၊ သေနတ်၊ ဖိနပ်ဆောင့်သံတွေနဲ့ စည်းချက်ညီညီ တင်ဆက်ကြတဲ့ စစ်သားတွေကို လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။

ချယ်ရီပင်အောက်က မြက်ခင်းပြင်၊ ထိုင်ခုံ၊ ကန်ဘောင်ပေါ်မှာ ထိုင်ပြီး ကန်ရေပြင်၊ ချယ်ရီပန်းတွေကို ငေးမောသူ၊ အိပ်တဲ့သူ၊ စာအုပ်ဖတ်တဲ့သူ၊ ပန်းချီဆွဲတဲ့သူ၊ ဓာတ်ပုံရိုက်သူ၊ စကားပြောနေသူတွေ၊ ပစ်ကနစ်ထွက်သူတွေ စုံလို့။ ဆူနမ်တို့နဲ့ လည်ဖို့မဖြစ်နိုင်ဘူး။ မနက်ဖြန် မောင့်ဗာနွန် သွားလည်ဖို့ လက်မှတ်ကို ဘွတ်ဦးမှ။ ဖုန်းနဲ့ ဘွတ်နေတုန်း လက်ခုပ်တီးသံကြားလို့ ကြည့်လိုက်တော့ လား..လား ရှေ့မှာ တရုတ်စုံတွဲ။  ကောင်လေးက ကောင်မလေးရှေ့ ဒူးထောက် လက်ထပ်လက်စွပ်လေးကိုင်ပြီး လက်ထပ်ခွင့်တောင်းနေတာ။ ဘေးကအဖြူစုံတွဲက ဓာတ်ပုံရိုက်ပေးလို့။ အနီးအနားက လူတွေက လက်ခုပ်သြဘာပေးကြလို့။ တချို့များဆို ကွန်ကရက်ကျူလေးရှင်း သွားလုပ်ကြတယ်။ူ

တိုင်ဒယ်ဘေစင် တပတ်ပတ်ပြီးတဲ့အချိန် မောလည်းမော ဆာလည်းဆာ။ ကားတွေနဲ့ရောင်းတဲ့ ဆိုင်တွေမှာ လူတန်းကြီးက အရှည်ကြီး။ စမစ်ဆိုးနီးယမ်းဘူတာမှာ လူများလို့ အထွက်ပဲရတယ် အဝင်ကို ပိတ်ထားတယ်။ တရုတ်တန်းကိုသွားဖို့ တခြားဘူတာကို သွားစီးရမဲ့ အတူတူ လမ်းပဲ လျှောက်ပါတော့မယ်လေ။ ကယ်ပီတယ်ဘေးနား အလုပ်လုပ်ဖူးတဲ့ ရုံးဟောင်းနားဖြတ်တော့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်သေးတယ်။ ရုံးတက်၊ ရုံးဆင်းချိန် ဖြတ်သွားနေကြ ဒီအိုအယ် (Department Of Labor) ရုံးဘေးနားက ပန်းခြံ၊ ရေတံခွန်ဖောင်တိန်၊ National Law Enforcement Officers Memorial တွေကို အရင်တုန်းက ဖြတ်သန်းသွားဖူးတဲ့ လမ်းအတိုင်းကပဲ သွားတယ်။ တရုတ်တန်းက စားနေကြ ဂျပန်ဆိုင်ကိုသွားတော့ မိနစ်နှစ်ဆယ် စောင့်ရမယ်ဆိုတာနဲ့ စားနေကျ Full Ke ဆိုင်က စားနေကျ ဘဲသားဆန်ပြားစွပ်ပြုတ်ကိုပဲ စားနေကျအတိုင်း စားဖြစ်တယ်။


ဗိုက်ဝတော့ နေ့လည် ၂ နာရီ ထိုးနေပြီ။ တိရစ္ဆာန်ရုံသွားပြီး ပန်ဒါကြည့်ဖို့ စိတ်ကူးထားတာ ခုနေမှ သွားရင် ည ၄ နာရီလောက်မှ ရောက်မယ်။ ၂ နာရီတည်းနဲ့ နှံ့မှာမဟုတ်ပါဘူးလေ၊ တိရစ္ဆာန်ရုံက ဘယ်အချိန်သွားသွား သွားလို့ရတယ်။ ချယ်ရီက တစ်နှစ်မှ တစ်ခါပွင့်တာ၊ မနှစ်ကလည်း မကြည့်လိုက်ရဘူး၊ အစ်မသိန်းအေး ပြောသလို ချယ်ရီတွေ ပွင့်တာကိုတော့ မြင်လိုက်ရပါရဲ့။ လေတိုက်လို့ ချယ်ရီတွေ တဖြုတ်ဖြုတ် ကြွေပါရောလား ဖြစ်သွားမှ မမြင်လိုက်ရဘဲ နေမယ်ဆိုပြီး ချယ်ရီပင်တွေ ပင်လုံးညွှတ်ပွင့်တဲ့ တိုင်ဒယ်ဘေစင်ဖက်ပဲ ခြေဦးလှည့်ပြန်တယ်။

၁၉၁၀ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဂျပန်နိုင်ငံမြို့တော် တိုကျိုကနေ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီကို ချယ်ရီပင်တွေ လက်ဆောင်ပေးခဲ့ပါတယ်။  အမေရိကန်နိင်ငံရဲ့၂၇ ယောက်မြောက် သမ္မတ ဝီလီယမ်သက်ဖ် William Thaft ဇနီး သမ္မတကတော် ဟယ်လင်သက်ဖ် Helen Thaft ကို ဂုဏ်ပြုလက်ဆောင် ပေးခဲ့တာပါ။ သမ္မတကတော် ဂျပန်ကို သွားရောက်လည်ပတ်စဉ်တုန်းက ပန်းပင်တွေ ဝေဆာနေတာကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရွှံ့ဗွက်မြေ အခု တိုင်ဒယ်ဘေစင် ဖြစ်လာမဲ့နေရာ သာယာလှပရေးကို သမ္မတကတော် ဆောင်ရွက်နေချိန်ပေါ့။ ပန်းတွေ ဖူးပွင့်နေတာကို မြင်ရတာမဟုတ်ဘဲ စိုက်ပျိုးနေတာကို မြင်ပြီးတော့ အဲဒီအချိန်တုန်းက တည်ဆောက်ဆဲဖြစ်တဲ့ ဝါရှင်တန်ဒီစီ မြို့တော်ကြီးမှာ စိုက်ပျိုးရရင် ကောင်းမှာပဲလို့ စိတ်ကူးခဲ့ပါတယ်။ သမ္မတကတော်ရဲ့အတွေး မှန်ပါတယ်။

ပန်းခြံ အလှတိုးစေဖို့ ဂျပန်က ကြီးရင့်ပြီးသား အပင်တစ်ထောင်ကျော်ကို ဝါရှင်တန်ဆီ ပို့ပေးခဲ့ပေမဲ့ အဲဒီအပင်တွေဟာ ပတ်တိုးမတ်မြစ်ကမ်းဘေးမှာ ဘယ်တော့မှ စိုက်ပျိုးခွင့် မရခဲ့ပါဘူး။ စိုက်ပျိုးရေးဋ္ဌာနက အပင်တွေကို စစ်ဆေးပြီးတဲ့အခါ အဲဒီသစ်ပင်တွေကို ဖျက်ဆီးပစ်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ မြေကြီးမှာ ရှင်သန်ပြီးသား သစ်ပင်တွေမို့ ပိုးမွှားတွေ ပါပါတယ်။ ဂျပန် လက်ဆောင်ကို မီးရှို့ဖျက်ဆီးပစ်ဖို့ နောက်ဆုံးဆုံးဖြတ်ချက်ကို သမ္မတသက်ဖ် ကိုယ်တိုင်ချခဲ့တာပါ။ နှစ်နိုင်ငံဆက်ဆံရေး သံရေးတမန်ခင်းတွေမှာ ပြသနာနည်းနည်း ရှိခဲ့ပေမဲ့ စိုက်ပျိုးရေဋ္ဌာနရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ အပင် ၃၀၀၀ ကျော်ကို ၁၉၁၂ မှာ ဂျပန်က ပေးအပ်ခဲ့ပါတယ်။ အဲဒီ ကနဦးအပင်တွေဟာ တိုင်ဒယ်ဘေစင်မှာ ယနေ့ထက်တိုင် ရှိနေပါသေးတယ်။

The Washington Monument and Air Force One 
Thomas Jefferson Memorial

၁၉၁၂  ဂျပန်ဘာသာနဲ့ စိုက်ပျိုးပုံအဆင့်ဆင့် ညွှန်ကြားထားတဲ့ လက်ဆောင်တွေကို စိုက်ပျိုးတဲ့အခါ ဘယ်သူကမှ အဲဒီညွှန်ကြားချက်ကို ဖတ်ဖို့ စိတ်အနှောင့်အယှက် မဖြစ်ကြပါဘူး။ အပင်တွေကို နီးနီးကပ်ကပ် စိုက်ပျိုးဖို့ အားပေးပေမဲ့ အဲဒီအစား တိုင်ဒယ်ဘေစင်ကန်စပ်နဲ့ နီးနီးကပ်ကပ်ကို စိုက်ပျိုးခဲ့တာပါ။ အကိုင်းအခက်တွေ ဆက်နွှယ်ပြီးတော့ ချစ်စရာ့တိမ်ဆိုင်သဏ္ဍန် ဖြစ်နေပြီး နဂိုမူရင်း အမြင့်လောက် မရှိနိုင်တော့ဘူး။ ဒါ့ကြောင့်လည်း  ဒီကချယ်ရီပင်တွေက နည်းနည်းသေးတာပေါ့။ လက်ရှိသမ္မတကတော်တွေက ချယ်ရီပင် စိုက်ပျိုး၊ ဆီးမီးတိုင် ထွန်းညှိပြီး ချယ်ရီပွဲတော်ကို အစဉ်အလာမပျက် ဖွင့်လှစ်လေ့ရှိပါတယ်။ ချယ်ရီတွေ မခူးဖို့ သတိပေးပေမဲ့လည်း နှစ်စဉ်နှစ်တိုင်း ချယ်ရီကိုင်းတွေ ချိုးဖျက်ခဲ့ရပါတယ်။

ညနေစောင်းရောက်တော့ လူတွေ ပိုစည်ပါတယ်။ တဘူတာ အဝေးက ဝါတားဖရန့်မှာ စင်တင်တေးဂီတ၊ ပျော်ပွဲရွှင်ပွဲ၊ မိသားစုဆင်နွှဲလို့ရတဲ့ ဂိမ်းတွေ၊ ပတ်တိုးမတ်မြစ်ပေါ်မှာ လှေလှော်၊ ကနူးပြိုင်ပွဲတွေ ရှိပါတယ်။ ည ၈ နာရီမှာ ဖောက်မဲ့ မီးရှုးမီးပန်းကို စောင့်မကြည့်နိုင်တော့ဘူး ခေါင်းတွေ တစစ်စစ် ကိုက်လို့။ ကန်တက်ကီဒါဘီ Kentucky Derby ပွဲပြီးရင် ကျင်းပတဲ့ မြောက်အမေရိကတိုက်မှာ အကြီးကျယ်ဆုံး မီးရှုးမီးပန်းပွဲတော်ဖြစ်တဲ့ သန်ဒါအိုဗာ လူဝီဗီလ် Thunder Over Louisville ကို နွှဲဖူးထားတဲ့သူမို့ ဒီမီးရှုးမီးပန်းဖောက်တာလေးကို စာမဖွဲ့တော့ပါဘူး ။ မနှစ်က 4th July  နယူးယောက် ဟူဆန် Hudson မြစ်ပေါ်မှာဖောက်တဲ့ မေစီ Macys မီးရှုးမီးပန်းက နာမည်ကြီးတယ်ဆိုလို့သွားတာ အရောက်နောက်ကျသွားလို့ ဟိုးအစွန်အဖျားမှာ နေရာရလို့ပဲလားမသိ။ သန်ဒါအိုဗာလူဝီဗီလ်ပွဲလောက် မလှဘူးလို့ တွေးမိတယ်။


အပြန် ဘူတာရုံကို ၁၅ မိနစ်လောက် ပတ်ရှာရတယ်။ သြော်...ဒီစီမြေကို မနင်းရတာ ငါးလလောက်ပဲ ရှိသေးတယ် ခြေရာချင်းထပ်အောင် သွားလာဖူးတယ်ဆိုတဲ့ လမ်းတွေကို မေ့ကုန်ပါရောလား။ မြန်မာပြည်မှာတော့ နှစ်သစ်ကူး သင်္ကြန်ပွဲချိန်ပေါ့။ နယူးယောက်၊ မေရီလန်းက မြန်မာဘုန်ကြီးကျောင်းတွေမှာ စတုဒီသာ ကျွှေး‌မွှေးပွဲတွေ၊ အတီးအမှုတ်၊ နိဗ္ဗာန်ဈေးပွဲတော်တွေနဲ့ စည်ကားနေမှာ။ ချယ်ရီပင်အောက်ကနေ ပိတောက်ပန်း ဝါဝါလေးတွေကို သတိရမိသား။ ချယ်ရီပွဲတော် တကယ်တကယ့်ကို စည်ပါတယ်။ ချယ်ရီပန်းတွေကလည်း တကယ်တကယ့်ကို လှပါတယ်။ အခွင့်အခါသင့်ရင် ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ကို နွှဲပျော်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်နေ့ပတ်တိုးမတ်မြစ်အတိုင်း စုန်ဆင်းပြီး အမေရိကန်တွေရဲ့ သူရဲကောင်း၊ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်တဲ့  လွတ်လပ်ရေး ဖခင်ကြီး ၊ စစ်ဗိုလ်ချုပ်၊ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်ရဲ့ စံအိမ်ရှိတဲ့ Mount Vernon မောင့်ဗာနွန်သွား တောလားကိုတော့ နောက်တပတ်မှ ဆက်ပါဦးမယ် ။

ဘိုင်သယ်ဝေး...စကားမစပ်
အလည်လာတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
မင်္ဂလာရှိတဲ့ နှစ်သစ် ဖြစ်ပါစေ။

Happy Traveling!
စန်းထွန်း
ဧပရယ် ၁၈၊ ၂၀၁၄။

ရေးခဲ့ဖူးတာ
နွေဦးတွင် ချယ်ရီဝေသောမြို့

Reference
http://news.yahoo.com/blogs/power-players-abc-news/complicated-roots-the-story-behind-washingtons-iconic-cherry-blossom-trees-214513117.html